← Chapters

အခန်း (၃၆၉-၃၇၀)

Vol. 37 Ch. 369-370

အခန်း (၃၆၉-၃၇၀)

Vol. 37 Ch. 369-370

အခန်း။ ၃၆၉

သခင်နှင့်ကျွန် ကတိစာချုပ်ဆိုသည်မှာ အမည်နှင့်အညီ ကျွန်၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို သခင်ဖြစ်သူ၏ လက်ထဲသို့ အပြည့်အဝ ပုံအပ်လိုက်ရခြင်းပင်။

သခင်ဖြစ်သူက စိတ်တိုင်းကျ စီရင်ပိုင်ခွင့်ရှိပြီး အနိမ့်ကျဆုံးသော ကျေးကျွန်ဘဝထက်ပင် ပို၍ ဆိုးရွားလှသည်။ ကျင့်ကြံခြင်းလောကတွင် မိမိ၏ မိတ်ဆွေ သို့မဟုတ် မိသားစုဝင်တစ်ဦးဦးက ထိုကဲ့သို့သော ကတိစာချုပ်မျိုး အခြားသူနှင့် ချုပ်ဆိုထားသည်ကို သိရှိပါက ၎င်းသည် မပြေလည်နိုင်သော ရန်ငြိုးအဖြစ် သတ်မှတ်ကြသည်။

သို့သော် ငွေရောင်ဆံပင်နှင့် လူငယ်၏ မောက်မာသောအမူအရာကို ကြည့်ရသည်မှာ လုံယီကို ဤစာချုပ်ချုပ်ဆိုခွင့် ပေးခြင်းမှာပင် ကြီးမားသော လက်ဆောင်တစ်ခု ပေးသကဲ့သို့ ဖြစ်နေသည်။ သူက လုံယီကို ပြောနေခြင်း ဖြစ်သော်လည်း အလောင်းထိန်းချုပ်ရေးဂိုဏ်းမှ တပည့်အများစုမှာ ဒေါသထွက်နေကြပြီ ဖြစ်သည်။

အထူးသဖြင့် ပိယောင်ယောင်မှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေပြီး အံတင်းတင်းကြိတ်ကာ ထိုစက်ဆုပ်ဖွယ်ကောင်းသော လူထံသို့ အဆောင်စာရွက်များ အထပ်လိုက် ပစ်ပေါက်လိုက်ချင်စိတ် ပေါက်နေတော့သည်။

မမျှော်လင့်ဘဲ လုံယီ၏ အမူအရာမှာ များစွာပြောင်းလဲခြင်းမရှိဘဲ “ကောင်းပြီလေ” ဟု ပြန်ဖြေလိုက်သည်။

ထိုစကားကြောင့် အလောင်းထိန်းချုပ်ရေးဂိုဏ်းသားများသာမက ငွေရောင်ဆံပင်နှင့် လူငယ်ပင်လျှင် အံ့အားသင့်သွားရသည်။ လုံယီက ဤမျှအလွယ်တကူ သဘောတူလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

ထို့နောက် လုံယီက ဆက်ပြောသည်။

“မင်းက ငါ့ရဲ့ကျွန်ဖြစ်ဖို့ ဒီလောက်တောင် တက်ကြွနေမှတော့ ငါလည်း မတတ်သာဘဲ အခွင့်အရေး တစ်ကြိမ် ပေးလိုက်ပါ့မယ်။ စာချုပ်ကို မြန်မြန်ယူခဲ့စမ်း "

ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ပေါ်လာတော့သည်။ အချို့မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ၏ ရှေ့တွင် မရယ်ရဲသဖြင့် မျက်နှာကြွက်သားများ တုန်ရီနေအောင် အောင့်အည်းထားကြရသည်။

“စကားပဲ တတ်နေလိုက် မကြာခင် မင်း ငိုရတော့မှာပါ”

ငွေရောင်ဆံပင်နှင့် လူငယ်၏ မျက်ဝန်းများ အေးစက်သွားပြီး သူ၏ ဝိညာဉ်စွမ်းအားများမှာ တစ်ကိုယ်လုံးတွင် လှည့်ပတ်လာကာ လက်နှစ်ဖက်ကလည်း ခါးနားတွင် အဆက်မပြတ် လှုပ်ရှားနေသည်။

ထို့နောက်တွင် တစ်ပေခန့်ရှိသော အပြာရောင် မီးငှက်တစ်ကောင်မှာ သူ၏ရှေ့ရှိ ဟင်းလင်းပြင်တွင် ပေါ်ထွက်လာသည်။ ထိုမီးငှက်၏ အသေးစိတ် ပုံသဏ္ဌာန်မှာ သာမန်ကျင့်ကြံသူများ ထုတ်လွှတ်သော မှော်အတတ်များနှင့် မတူဘဲ အမွှေးအမျှင်များ၏ အနုစိတ်ပုံစံအထိ မြင်တွေ့နေရသည်။

အရွယ်အစားမှာ သေးငယ်သော်လည်း ၎င်းမှ ထွက်ပေါ်လာသော အပူလှိုင်းများမှာ လျင်မြန်စွာ ပျံ့နှံ့လာသည်။ အသက်ရှူရုံမျှ အချိန်အတွင်းမှာပင် မြေအောက်နေရာတစ်ခုလုံး၏ အပူချိန်မှာ သိသိသာသာ မြင့်တက်လာပြီး လူအချို့မှာ ချွေးများပင် ထွက်လာကြသည်။

“ဒီမီးငှက်အတတ်က မြေကမ္ဘာမီးလျှံတိုင်ထက်တောင် ပိုပူနေသလိုပဲ”

အလောင်းထိန်းချုပ်ရေးဂိုဏ်း တပည့်တစ်ဦးက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

မီးငှက်အတတ်မှာ မီးဓာတ်မှော်အတတ်များထဲတွင် အခြေခံကျပြီး အစွမ်းမှာလည်း ပုံမှန်သာ ရှိတတ်သည်။ မြေကမ္ဘာမီးလျှံတိုင်မှာမူ ချီသန့်စင်ခြင်းအဆင့်တွင် အားအကောင်းဆုံး မီးဓာတ်အတတ်ဟု အသိအမှတ်ပြုထားကြသည်။

“အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ မှော်အတတ် ထိန်းချုပ်နိုင်စွမ်းက ငါတို့ထက် အများကြီး သာလွန်တယ်။ အရိုးရှင်းဆုံး အခြေခံအတတ်တွေတောင် သူတို့လက်ထဲမှာဆိုရင် အံ့ဖွယ်အတတ်တွေ ဖြစ်ကုန်တာပဲ”

ရှဲ့ကျိယွီက တည်ငြိမ်စွာ သုံးသပ်ပြရင်း “ဂိုဏ်းတူညီလေးလုံ အထူးသတိထားမှ ဖြစ်မယ်။ မဟုတ်ရင်တော့ အကြီးအကျယ် ဒုက္ခရောက်သွားလိမ့်မယ်” ဟု ပြောလိုက်သည်။

အလောင်းထိန်းချုပ်ရေးဂိုဏ်းသားများ၏ စိုးရိမ်သော မျက်ဝန်းများအောက်တွင် ငွေရောင်ဆံပင်နှင့် လူငယ် ဖန်တီးလိုက်သော မီးငှက်မှာ ဝူး ခနဲ ပျောက်ကွယ်သွားပြီး နောက်တစ်ခဏတွင် လုံယီ၏ အပေါ်တည့်တည့်တွင် ပေါ်လာတော့သည်။

လုံယီသည် သူ၏မျက်လုံးများကို မှေးလိုက်သည်။ ဤမျှ နီးကပ်သော အကွာအဝေးတွင် မီးငှက်အတွင်း၌ ပါဝင်သော ကြောက်မက်ဖွယ် အပူရှိန်ကို သူ အပြည့်အဝ ခံစားနေရသည်။ သူ၏ တစ်ကိုယ်လုံးမှ အမွှေးအမျှင်များမှာ လိပ်တက်လာပြီး အရေပြားမှာလည်း အရည်ပျော်တော့မည့်အလား ခံစားနေရသည်။

ဝုန်း

လုံယီသည် သူ၏ အလျင်အမြန် စွမ်းရည်ကို အသုံးပြုကာ ညာဘက်ခြေထောက်ဖြင့် မြေပြင်ကို ပြင်းထန်စွာ နင်းလိုက်ရာ ကျင်းကြီးတစ်ခု ဖြစ်သွားပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ပေပေါင်း သုံးရာခန့်အကွာသို့ လွင့်ပျံသွားသည်။

သို့သော် မီးငှက်မှာ လုံယီ၏ အရိပ်အလား အမြဲတစေ ကပ်ပါလာပြီး သူ နေရာမည်မျှ ပြောင်းစေကာမူ သူ၏ အပေါ်တည့်တည့်တွင်သာ ရှိနေခဲ့သည်။

လုံယီ၏ လှုပ်ရှားမှုတိုင်းမှာ ငွေရောင်ဆံပင်နှင့် လူငယ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ပင်။ ၎င်းကို မြင်သောအခါ လုံယီ၏ စိတ်နှလုံးမှာ လေးလံသွားတော့သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများတွင် စိတ်အာရုံသိမှု ရှိကြသဖြင့် သူတို့၏ အာရုံခံနိုင်စွမ်းမှာ လုံယီထက် များစွာ သာလွန်နေပြီး လုံယီ၏ လှုပ်ရှားမှုများကို ကြိုတင်ခန့်မှန်းနိုင်ကြခြင်းပင်။

“လောင်ကျွမ်းစမ်း”

ငွေရောင်ဆံပင်နှင့် လူငယ်၏ အော်ဟစ်သံနှင့်အတူ မီးငှက်မှာ လုံယီ၏ အပေါ်သို့ ဖျတ် ခနဲ ကျဆင်းသွားပြီးနောက် ဝုန်း ခနဲ ပေါက်ကွဲသွားတော့သည်။ ပြာလွင်သော မီးလျှံများမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး လုံယီကို အပြည့်အဝ ဝါးမြိုလိုက်တော့သည်။

လုံယီ ရပ်နေခဲ့သော နေရာရှိ ကျောက်တုံးကြီးများမှာပင် နီရဲနေသော ချော်ရည်များအဖြစ် အရည်ပျော်သွားကြရာ ၎င်းမီးလျှံ၏ အပူချိန်မှာ မည်မျှ မြင့်မားကြောင်း သက်သေပြနေသည်။

“ကတုံးကြီးလုံ”

လုံယီမှာ အလွယ်တကူ သေဆုံးမည်မဟုတ်မှန်း သိထားသော်လည်း ပိယောင်ယောင်၏ စိတ်နှလုံးမှာ စိုးရိမ်မှုကြောင့် တင်းကြပ်သွားရသည်။ အခြားသော အလောင်းထိန်းချုပ်ရေးဂိုဏ်း တပည့်များမှာလည်း လုံယီ ဤဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ပါ့မလားဟူသော စိုးရိမ်စိတ်ဖြင့် တည်ငြိမ်စွာ စောင့်ကြည့်နေကြတော့သည်။

နောက်တစ်ခဏတွင် မီးလျှံများကြားမှ ရွှေရောင်အလင်းတန်းများ တောက်ပလျက်ရှိသော လူရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူသည် မည်သည့်ဒဏ်ရာမျှ မရရှိဘဲ ဘေးကင်းလျက်ရှိသည်။

အလောင်းထိန်းချုပ်ရေးဂိုဏ်းသားများအားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

ငွေရောင်ဆံပင်နှင့် လူငယ်မှာမူ အံ့အားသင့်ခြင်းမရှိဘဲ တည်ငြိမ်စွာပင် “မင်းအပေါ်မှာ မီးဓာတ်မှော်အတတ်တွေက အရာမထင်ဘူးပဲ။ ဒါကလည်း ဒီခန္ဓာကိုယ်ရဲ့ ကျင့်ကြံမှုစွမ်းအားက အားနည်းလွန်းလို့ပါ။ ဒါပေမဲ့ မင်း အထင်မမှားနဲ့ဦး ငါက ဓာတ်ကြီးငါးပါး မှော်ပညာအားလုံးကို ကျွမ်းကျင်တဲ့သူပဲ” ဟု ပြောလိုက်သည်။

“ရွှေအပ်အတတ်”

ချက်ချင်းဆိုသလိုပင် လုံယီ၏ရှေ့၌ အပ်ကလေးများအရွယ်အစားရှိသော ရွှေရောင်အလင်းတန်းများ အမြောက်အမြား ပေါ်ထွက်လာသည်။ ၎င်းတို့သည် ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ ရှိနေပုံပင်။ သူ့ကို အရပ်မျက်နှာအနှံ့မှ ဝိုင်းရံထားသဖြင့် သူ မည်သို့ပင် လှုပ်ရှားစေကာမူ တိုက်ခိုက်မှုများကို မလွဲမသွေ ရင်ဆိုင်ရတော့မည်ပင်။

“ဒီရွှေရောင်အလင်းတန်းတွေက ရွှေဓာတ်အရှိန်အဝါကနေ ပြောင်းလဲလာတာပဲ။ တစ်ခုချင်းစီရဲ့ ဖျက်ဆီးအားက သာမန်ပျံသန်းဓားတွေရဲ့ တိုက်ခိုက်မှုထက် အများကြီး သာလွန်တယ်”

ရှဲ့ကျိယွီ၏ မျက်နှာမှာ ပိုမိုညိုမှောင်သွားတော့သည်။

သူ၏ သုံးသပ်ချက်ကို ကြားရသောအခါ လူတိုင်း၏ စိတ်နှလုံးမှာ လေးလံသွားရသည်။

ရှုး ရှုး ရှုး

ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားသော ရွှေရောင်အလင်းတန်းများမှာ လုံယီထံသို့ တဟုန်ထိုး ပစ်ဝင်သွားတော့သည်။

“အသားမာအတတ် "

“ကျောက်သားအသွင်ပြောင်းအတတ် "

“ရွှေချပ်ဝတ်အတတ် "

လုံယီသည် မပေါ့ဆရဲဘဲ ပြင်ပစွမ်းအားများအပါအဝင် သူ၏ ခုခံကာကွယ်ရေးအတတ်အားလုံးကို အစွမ်းကုန် ထုတ်သုံးလိုက်သည်။

ချလွမ်း ချလွမ်း

ရွှေရောင်အလင်းတန်းများမှာ သူ၏ကိုယ်ပေါ်သို့ ထိမှန်တိုင်း တောက်ပသော မီးပွားများ လွင့်စင်သွားသည်။ ထိုမီးပွားများမှာ အလွန်ထူထပ်လှသဖြင့် နောက်ဆုံးတွင် လုံယီကို ဝါးမြိုသွားသော ဖြူဖွေးသည့် မီးလျှံကြီးတစ်ခုအလား ဖြစ်သွားတော့သည်။

ထက်မြက်လှသော ရွှေဓာတ်အရှိန်အဝါနှင့် ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသော အလွန်မြင့်မားသည့် အပူရှိန်တို့မှာ လုံယီကို အဆက်မပြတ် ဖိအားပေးနေတော့သည်။

“ဖယ်စမ်း”

လုံယီက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ခရမ်းရောင်စွမ်းအားများ ဖုံးလွှမ်းနေသော လက်သီးဖြင့် အပေါ်သို့ ထိုးနှက်လိုက်ရာ ရွှေရောင်အလင်းတန်းအများအပြားမှာ ပြန့်ကျဲသွားတော့သည်။ တစ်ချိန်တည်းမှာပင် သူ၏ပုံရိပ်မှာ ငွေရောင်ဆံပင်နှင့် လူငယ်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။

အရိုက်ခံနေရုံသက်သက်မှာ လုံယီ၏ စတိုင်မဟုတ်ပေ။

တစ်ဖက်လူမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ဖြစ်သော်လည်း လက်ရှိအသုံးပြုနေသော ခန္ဓာကိုယ်နှင့် ဝိညာဉ်စွမ်းအားမှာ ချီသန့်စင်ခြင်း အလယ်ပိုင်းအဆင့်သာ ဖြစ်သည်။ ထို့ကြောင့် သူ အနိုင်ရရန် အခွင့်အရေး မရှိသည်တော့ မဟုတ်ပေ။

လုံယီသည် သူ့ထံသို့ ပြေးဝင်လာသည်ကို မြင်သောအခါ ငွေရောင်ဆံပင်နှင့် ကျင့်ကြံသူက လှောင်ပြုံး ပြုံးလိုက်သည်။

“မင်းရဲ့ လှုပ်ရှားမှုတိုင်းက ငါ့ရဲ့ တွက်ချက်မှုအောက်မှာပဲ ရှိတယ် "

ပြောပြီးသည်နှင့် မြေပြင်မှ တစ်လက်မခန့် ထူထဲသော မြေတံတိုင်းအလွှာများမှာ ရုတ်တရက် ပေါ်ထွက်လာသည်။ တစ်ခုချင်းစီမှာ အချိန်ကိုက် ပေါ်လာခြင်းဖြစ်ပြီး လုံယီ၏ လမ်းကြောင်းကို အတိအကျ ပိတ်ဆို့ထားသည်။

လုံယီသည် ထိုမြေတံတိုင်းများကို လက်သီးတစ်ချက်တည်းဖြင့် ဖြိုခွဲနိုင်သော်လည်း ၎င်းတို့က သူ၏အရှိန်ကို နှေးကွေးစေပြီး အဟုန်ကို နှောင့်ယှက်နေသည်။ ထို့ကြောင့် ငွေရောင်ဆံပင်နှင့် လူငယ်မှာ လုံယီနှင့် ဘေးကင်းသော အကွာအဝေးကို ဆက်လက် ထိန်းထားနိုင်ခဲ့သည်။

“လေ”

ငွေရောင်ဆံပင်နှင့် လူငယ်က လေဓာတ်မှော်အတတ်ကို ဆက်လက် အသုံးပြုလိုက်ပြန်သည်။

ဤအတတ်သည် အပုပ်နံ့များ၊ အဆိပ်များ၊ နာကျည်းမှုများ ပါဝင်နေသော သွေးနီရောင် ယင်လေပြင်းများကို ဆင့်ခေါ်လိုက်ခြင်းပင်။ အဝေးမှ အနံ့ရုံရုံနှင့်ပင် ခေါင်းမူးကာ အော့အန်ချင်စိတ် ပေါက်လာစေသည်။

အခြားသူများမှာမူ ထိုလေနှင့် အနည်းငယ်မျှ ထိတွေ့မိရုံနှင့်ပင် ခဏချင်းအတွင်း အရိုးစုဘဝ ရောက်သွားနိုင်ကြောင်း အာရုံခံမိကြသည်။

ဝမ်းနည်းစရာမှာ ထိုသွေးနီရောင် ယင်လေပြင်းမှာ လုံယီကို ဝန်းရံထားသော်လည်း အရာမထင်ဘဲ ဖြစ်နေသည်။ သူသည် ဖျက်ဆီး၍မရသော လိပ်ခွံကြီးတစ်ခုအလား တောက်ပသော ရွှေရောင်အခြေအနေကို ဆက်လက် ထိန်းထားနိုင်သဖြင့် ငွေရောင်ဆံပင်နှင့် လူငယ်၏ မျက်နှာမှာ ညိုမှောင်သွားတော့သည်။

သူသည် လုံယီကို အမြဲတမ်း ဖိနှိပ်ထားနိုင်သော်လည်း လုံယီမှာမူ ဆူးများပါသော အကြမ်းခံလိပ်ကြီးတစ်ကောင်ကဲ့သို့ မည်သို့မျှ မထိခိုက်သည်ကို သတိပြုမိသွားသည်။ သူ ထုတ်သုံးခဲ့သော အတတ်များမှာ ကြည့်ကောင်းသလောက် ရလဒ်မှာမူ ဘာမှမရှိသလောက်ပင်။

“မင်းမှာ ဝိညာဉ်စွမ်းအား ဘယ်လောက်တောင် ကျန်သေးလို့လဲ”

လုံယီက အေးစက်စွာ ပြောလိုက်သည်။

သူသည် ငွေရောင်ဆံပင်နှင့် ကျင့်ကြံသူအနားသို့ ချဉ်းကပ်ရန် မည်သည့်အခါမျှ လက်မလျှော့ပေ။ တိုးတက်မှုမှာ အနည်းငယ်သာ ရှိသော်လည်း ဤကြိုးစားမှုက တစ်ဖက်လူ၏ ဝိညာဉ်စွမ်းအားများကို တဖြည်းဖြည်း ကုန်ခမ်းစေသည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဖြစ်နေလည်း ဘာထူးမည်နည်း။ အဆုံးတွင်မူ လက်ရှိခန္ဓာကိုယ်မှာ ဝိညာဉ်စွမ်းအား ကန့်သတ်ချက်ရှိသော ချီသန့်စင်ခြင်း အလယ်ပိုင်းအဆင့်သာ ဖြစ်သည်။ ဝိညာဉ်စွမ်းအား ကုန်သွားသည်နှင့် ထိုသူ၏ အဆုံးသတ်ပင်။

“မင်းပြောတာ မှန်တယ်၊ ဒါကြောင့် ငါ အချိန်မဆွဲတော့ဖို့ ဆုံးဖြတ်လိုက်ပြီ "

ငွေရောင်ဆံပင်နှင့် ကျင့်ကြံသူက ခေါင်းညိတ်လိုက်ပြီးနောက် သူ၏လက်အင်္ကျီအတွင်းမှ အနက်ရောင်အလင်းတန်းတစ်ခု ပျံထွက်လာသည်။

သေးငယ်ပြီး လက်ရာမြောက်သော အနက်ရောင် ပေတံကလေးတစ်ခုမှာ လုံယီ၏ အပေါ်တွင် ပေါ်လာပြီး ထူးဆန်းစွာ ဝင်းလက်နေသည်။ ထို့နောက် သူက လုံယီထံသို့ လက်ညှိုးညွှန်လိုက်ရာ အနက်ရောင်အလင်းတန်းမှာ ရေလိုစီးဆင်းလာပြီး လုံယီ၏ ခန္ဓာကိုယ်ပေါ်သို့ ပျံ့နှံ့သွားတော့သည်။

လုံယီသည် ရှောင်တိမ်းရန် ကြိုးစားသော်လည်း လုံးဝမအောင်မြင်ပေ။ ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်ပေါ်တွင် ပေါင်ချိန် တစ်သောင်းခန့်ရှိသော ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းထားရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ လှုပ်ရှားမှုများမှာ သိသိသာသာ နှေးကွေးသွားတော့သည်။

အခန်း။ ၃၇၀

“ဒါက ဝိညာဉ်ကိရိယာပဲ”

တစ်စုံတစ်ယောက်က အာမေဍိတ်သံဖြင့် အော်ဟစ်လိုက်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးတွင် ဝိညာဉ်ကိရိယာတစ်ခု ရှိနေခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ သို့သော် သူတို့၏လက်ထဲရှိ ဝိညာဉ်ကိရိယာ၏ စွမ်းရည်မှာ ပိယောင်ယောင်၏ လက်ထဲတွင်ရှိစဉ်ကထက် များစွာ သာလွန်ထက်မြက်နေသည်။

“ငါ့ရဲ့ ဒီဝိညာဉ်ပေတံကို ဝိညာဉ်မြစ်ပေတံ လို့ ခေါ်တယ်။ ဒါကို ကောင်းကင်ဘုံက နတ်မြစ်ပေတံ ကို အတုယူပြီး သွန်းလုပ်ထားတာ။ ဒဏ္ဍာရီတွေအရ နတ်မြစ်ပေတံကို ကောင်းကင်မြစ်ထဲက သဲပွင့်ပေါင်း ထောင်နဲ့ချီပြီး လုပ်ထားတာ။ သဲတစ်ပွင့်ချင်းစီကတင် ပေါင်ချိန် ထောင်နဲ့ချီ လေးလံတယ်။ အဲဒီသဲပွင့်တွေ အကုန်လုံး ကျဆင်းလာရင် တောင်တန်းကြီးတွေတောင် ချက်ချင်း ဖုန်မှုန့်ဘဝ ရောက်သွားရတယ်။ ငါ့ရဲ့ ဝိညာဉ်မြစ်ပေတံက နတ်မြစ်ပေတံရဲ့ ဆယ်ပုံတစ်ပုံ အစွမ်းကိုတောင် မမှီပေမဲ့ မင်းကို တစ်ချက်တည်းနဲ့ သတ်ဖို့ကတော့ မခက်ပါဘူး။ ဒါပေမဲ့ ငါက ဒါကို မျက်လုံးတစ်ထောင် သရဲမိစ္ဆာ ရဲ့ မျက်လုံးတွေနဲ့ ပေါင်းစပ်ထားသေးတယ်...”

ငွေရောင်ဆံပင်နှင့် လူငယ်၏ စကားအဆုံးတွင် အနက်ရောင် ဝိညာဉ်ပေတံပေါ်၌ ရွံရှာဖွယ်ကောင်းသော အကျိအချွဲများ ထွက်နေသည့် အနီရောင်မျက်လုံးပေါင်းများစွာမှာ သိပ်သည်းစွာ ပေါ်ထွက်လာသည်။

ထူးဆန်းသည်မှာ ထိုမျက်လုံးတစ်လုံးစီတိုင်းက စကားပြောနိုင်ပုံပင်။ မျက်ခွံများ ပွင့်လိုက် ပိတ်လိုက် ဖြစ်နေစဉ်အတွင်း ဟိန်းဟောင်သံများ၊ ကျိန်ဆဲသံများနှင့် အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေတော့သည်။

“ဟီးဟီး... ဟီးဟီး...”

“သေစမ်း... မင်းတို့အားလုံး သေကြစမ်း”

“အား အား”

ရှိနေသော ကျင့်ကြံသူအများစုမှာ ထိုပေတံကို တစ်ချက်ကြည့်ရုံမျှဖြင့် ရင်ဘတ်ထဲတွင် မွန်းကြပ်လာပြီး ခေါင်းများ မူးဝေလာကြသည်။ ထိုထူးဆန်းသော အသံများကို ကြားရသောအခါ အချို့မှာ ခါးကိုကိုင်၍ ပြင်းထန်စွာ အော့အန်ကြတော့သည်။

ထိုမျှများပြားသော ထူးဆန်းသည့် မျက်လုံးများ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသောအခါ လုံယီ၏ စိတ်ထဲတွင် ချမ်းစိမ့်သွားသည်။ သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားရန် ကြိုးစားသော်လည်း တစ်ဖက်လူ၏ ဝိညာဉ်ကိရိယာမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ အလွန်လေးလံလှသဖြင့် သူ၏လှုပ်ရှားမှုများမှာ သာမန်လူတစ်ယောက်ကဲ့သို့ပင် အလွန်အမင်း နှေးကွေးသွားတော့သည်။

ထို့နောက် ထိုသွေးရောင်မျက်လုံးများမှ ယုတ်မာသော အနီရောင်မျဉ်းတန်းများ ထွက်ပေါ်လာပြီး လုံယီ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်ကာ ပျောက်ကွယ်သွားသည်။

ဝူး

လုံယီသည် သူ၏ဦးနှောက်ကို အလေးအပင်တစ်ခုဖြင့် အားပြင်းစွာ အရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်မှာ တောင့်တင်းသွားကာ မျက်ဝန်းများမှာလည်း အသက်မဲ့သွားတော့သည်။

“မကောင်းတော့ဘူး။ သူက ဂိုဏ်းတူညီလေးလုံရဲ့ ဝိညာဉ်ကို တိုက်ခိုက်နေတာပဲ”

ရှဲ့ကျိယွီက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ဝိညာဉ်ကို တိုက်ခိုက်နိုင်သော မှော်လက်နက်များမှာ ကျင့်ကြံခြင်းလောကတွင် အလွန်ရှားပါးပြီး ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများအတွက်မူ လက်လှမ်းမမီနိုင်သော အရာများ ဖြစ်သည်။ လုံယီ၏ ခန္ဓာကိုယ်မှာ သန်မာသော်လည်း သူ၏ ဝိညာဉ်ကျင့်ကြံမှုမှာ ချီသန့်စင်ခြင်း တတိယအဆင့်မျှသာ ရှိပြီး စိတ်အာရုံသိမှုလည်း မရှိသေးသဖြင့် ၎င်းမှာ သူ၏ အကြီးမားဆုံးသော အားနည်းချက်ပင်။

“မြန်မြန်... ဂိုဏ်းတူညီလေးလုံကို ကူညီကြ”

အလောင်းထိန်းချုပ်ရေးဂိုဏ်း တပည့်များမှာ ဆက်၍ကြည့်မနေနိုင်တော့ဘဲ ငွေရောင်ဆံပင်နှင့် လူငယ်ထံသို့ ပြေးဝင်ကြတော့သည်။ အချို့က ယင်ချီမြားများဖြင့် ပစ်ခတ်ကြပြီး အချို့က ပျံသန်းဓားများကို စေခိုင်းကာ အချို့မှာလည်း အဆောင်စာရွက်များကို ပစ်ပေါက်၍ ရန်သူကို အနှောင့်အယှက်ပေးရန် အစွမ်းကုန် ကြိုးစားကြသည်။

“ခြင်လေးတွေရဲ့ အချည်းနှီး ကြိုးစားမှုပဲ”

ငွေရောင်ဆံပင်နှင့် လူငယ်က မထီမဲ့မြင် ပြောလိုက်သည်။

သူ၏ပတ်ဝန်းကျင်တွင် ဝိညာဉ်စွမ်းအားများ ဟိန်းထွက်လာပြီး မှော်အတတ်များမှာ သူ၏ရှေ့၌ ချက်ချင်း ပေါ်ထွက်လာကာ တိုက်ခိုက်မှုတိုင်းကို တိကျစွာ ပိတ်ဆို့လိုက်သဖြင့် သူသည် တစ်စုံတစ်ရာ ထိခိုက်မှု မရှိပေ။

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကြီးမှာ မှော်အတတ် ထိန်းချုပ်မှုကို အဆင့်မြင့်ဆုံးအထိ ကျွမ်းကျင်နေသည်။ သူ၏ လှုပ်ရှားမှုတိုင်းမှာ အနုပညာတစ်ခုအလား ဖြစ်နေပြီး ဝိညာဉ်စွမ်းအား တစ်စက်မျှပင် အလဟဿ မဖြစ်စေဘဲ အခြေအနေအရပ်ရပ်ကို အပြည့်အဝ ထိန်းချုပ်ထားသည်။

ဝူး

သူ၏ အမိန့်ပေးမှုအောက်တွင် ဝိညာဉ်ပေတံသည် အနီးနားရှိ ခြင် များထံသို့ ဖိအားအချို့ကို ထုတ်လွှတ်လိုက်သည်။ ပြေးဝင်လာသော တပည့်တိုင်းမှာ အနီရောင်မျဉ်းတန်း တစ်ခုစီ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ အားလုံးနီးပါးမှာ မျက်ဝန်းများ အသက်မဲ့သွားကာ သတိလစ်လျက် မြေပြင်ပေါ်သို့ လဲကျကုန်ကြတော့သည်။

ဝိညာဉ်ပေတံ၏ တိုက်ခိုက်မှု ဗဟိုချက်တွင်မူ လုံယီသည် မခန့်မှန်းနိုင်သော ဖိအားများကို ခံစားနေရသည်။ သူသည် ဆယ်ဂဏန်းမှ ရာဂဏန်းအထိ ရှိသော အနီရောင်မျဉ်းတန်းများ၏ အဆက်မပြတ် တိုက်ခိုက်မှုကို ခံနေရပြီး သူ၏ခန္ဓာကိုယ်မှာ တုန်ရီနေကာ နား၊ မျက်စိ၊ နှာခေါင်းစသည့် အပေါက်ခုနစ်ပေါက်မှ သွေးများ ဖြည်းဖြည်းချင်း စီးကျလာတော့သည်။

နောက်ဆုံးတွင် လုံယီမှာ မလှုပ်မယှက် ဖြစ်သွားပြီး သူ၏ အသက်ဓာတ်မှာလည်း လျင်မြန်စွာ မှိန်ဖျော့သွားကာ လူ့လောကမှ ပျောက်ကွယ်တော့မည့်အလား ဖြစ်နေသည်။

“ကောင်းတယ်... ဒီလောက် သန်မာတဲ့ ခန္ဓာကိုယ်မျိုးက ငါ့အတွက်ပဲ ဖြစ်ရမယ် "

ငွေရောင်ဆံပင်နှင့် လူငယ်က ပြုံးလိုက်ပြီး လုံယီ၏ အနားသို့ အေးအေးဆေးဆေး လျှောက်လှမ်းသွားတော့သည်။

ထို့နောက် လူသားပုံသဏ္ဌာန် အစိမ်းရောင်အလင်းတန်းတစ်ခုမှာ ခန္ဓာကိုယ်ထဲမှ ခုန်ထွက်လာပြီး လုံယီ၏ စိတ်အာရုံအတွင်းသို့ ဝူး ခနဲ တိုးဝင်သွားတော့သည်။

ထိုအလင်းတန်းသည် မှောင်မိုက်တိတ်ဆိတ်ပြီး အေးစက်ကျယ်ပြောလှသော လုံယီ၏ စိတ်ကမ္ဘာအတွင်းသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ ထိုနေရာ၏ ဗဟိုချက်တွင် မှိန်ဖျော့ဖျော့ အစိမ်းရောင်အလင်းတစ်ခုကို မြင်လိုက်ရသဖြင့် ၎င်းထံသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။

အနားသို့ ရောက်ရှိသွားချိန်တွင်မူ ထိုအစိမ်းရောင်အလင်းတန်းများမှာ စုစည်းမှုမရှိဘဲ လေထဲတွင် ဟိုမှသည်မှ လွင့်မျောနေသည်ကို တွေ့လိုက်ရသဖြင့် သူ မျှော်လင့်ထားသည်နှင့် ကွဲပြားနေသည်။

သူ့ရဲ့ ဝိညာဉ်က လုံးဝ ကြေမွပျက်စီးသွားပြီလား။

လူသားပုံသဏ္ဌာန် အလင်းတန်းက တွေးတောလိုက်မိသည်။

ဒါလည်း ဟုတ်မှာပါလေ။ ချီသန့်စင်ခြင်း တတိယအဆင့်ပဲ ရှိတဲ့သူရဲ့ ဝိညာဉ်က သာမန်လူထက် သိပ်ပြီး ထူးထူးခြားခြား သန်မာနေမှာ မဟုတ်ဘူး။

ဝူး...

စူးရှသော ဟစ်ကြွေးသံတစ်ခုက သူ၏ အတွေးကို ဖြတ်တောက်လိုက်သည်။

ပေ ၂၀ ကျော် မြင့်မားသော လင်းယုန်ငှက်ကြီးတစ်ကောင်မှာ သူ၏ ပတ်ဝန်းကျင်တွင် ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်း၏ အမွှေးအတောင်များမှာ ညိုမှောင်ပြောင်လက်နေပြီး ရွှေရောင်မျက်ဝန်းများဖြင့် သူ့ကို အေးစက်စွာ စိုက်ကြည့်နေကာ သတ်ဖြတ်လိုစိတ်များကိုလည်း အထင်အရှား ဖော်ပြနေသည်။

ထိုလင်းယုန်ကြီး၏ ဘေးတွင် ခုနစ်ပေခန့်ရှိသော မြွေနက်ကြီးတစ်ကောင်လည်း ရှိနေပြီး ဤမဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်ကို ခုခံရန် ပြင်ဆင်နေကြသည်။

“စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ချီသန့်စင်ခြင်း တတိယအဆင့်မှာတင် စိတ်အာရုံသိမှုက ပေါ်နေပြီလား။ ချီသန့်စင်ခြင်း အထွတ်အထိပ်ကလူတွေထက်တောင် ပိုပြီး သန်မာနေသေးတယ်။ ငါ မင်းကို ပိုပြီး စိတ်ဝင်စားလာပြီ”

အစိမ်းရောင် အလင်းတန်းက တိုးညင်းကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။

သူ၏ လက်ရှိအရွယ်အစားမှာ လင်းယုန်ကြီးထက် သုံးဆခန့် ပိုမိုကြီးမားနေသည်။ သူတို့နှစ်ဦး၏ ကွာခြားချက်မှာ လူကြီးတစ်ဦးနှင့် ကလေးတစ်ဦးကဲ့သို့ပင် အလွန်သိသာလှသည်။

ထိုအလင်းတန်းက လင်းယုန်နှင့် မြွေနက်ကြီးထံသို့ တဟုန်ထိုး ပြေးဝင်သွားသည်။

လက်သီးဖြင့် တစ်ချက်ထိုးလိုက်ရာ လင်းယုန်ကြီး၏ အမွှေးအတောင်များမှာ ဝဲ ခနဲ လွင့်စင်သွားပြီး မြွေနက်ကြီးမှာလည်း ရိုက်ထုတ်ခြင်း ခံလိုက်ရသဖြင့် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

ဒုတိယအကြိမ် တိုက်ခိုက်မှုတွင်မူ လင်းယုန်ကြီး၏ အတောင်ပံတစ်ဖက်မှာ အတင်းအဓမ္မ ချိုးဖဲ့ခြင်းကို ခံလိုက်ရသဖြင့် နာကျင်စွာ အော်ဟစ်လိုက်ရသည်။

“ငြိမ်ငြိမ်လေးပဲ မင်းရဲ့စိတ်ကို ငါ့လက်ထဲ အပ်လိုက်စမ်းပါ။ ငါနဲ့ တစ်သားတည်း ဖြစ်သွားအောင်...”

မကြုံစဖူး သန်မာလှသော ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်တော့မည့် အောင်ပွဲမှာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထို့ပြင် လုံယီ၏ ကျင့်ကြံခြင်းအခြေခံမှာလည်း သူ မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်ပြီး အလယ်အလတ်အဆင့်အထိ ရှိနေသည်။ နှစ်ပေါင်းရာချီအောင် တည်ငြိမ်ခဲ့သော ငွေရောင်ဆံပင်နှင့် လူငယ်ပင်လျှင် အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။

သို့သော် ဤနေရာသည် လုံယီ၏ နယ်မြေဖြစ်သည်ကို သူ မေ့လျော့နေခဲ့သည်။ အစပိုင်းတွင် မလှုပ်မယှက် ရပ်နေခဲ့သော်လည်း လုံယီ၏ ညာဘက်လက်သီးမှာ ရုတ်တရက် တင်းကြပ်သွားသည်။ သူသည် သူ၏ ဦးခေါင်းဆီသို့ လက်သီးဖြင့် အပြင်းအထန် လွှဲရိုက်လိုက်ရာ အရေပြားနှင့် ထိလုနီးပါးတွင်မှ ရပ်တန့်လိုက်သည်။

“ချပ်ဝတ်ဖောက်ထွင်းခြင်း”

တိုးညင်းသော ရေရွတ်သံတစ်ခု ထွက်ပေါ်လာသည်။

ပုံသဏ္ဌာန်မရှိသော ထက်မြက်သည့် စွမ်းအားတစ်ခုမှာ လုံယီ၏ စိတ်အာရုံအတွင်းသို့ စီးဝင်သွားတော့သည်။

“အား... ဒါ ဘာကြီးလဲ”

လူသားပုံသဏ္ဌာန် အလင်းတန်းမှာ ပြင်းထန်သော ရိုက်ခတ်မှုကို ခံလိုက်ရသကဲ့သို့ တုန်ခါသွားပြီး နာကျင်စွာ အော်ဟစ်လိုက်ရသည်။

လင်းယုန်နှင့် မြွေနက်ကြီးမှာမူ ကြိုတင်၍ အဝေးသို့ ရှောင်တိမ်းသွားခဲ့ကြသဖြင့် ချပ်ဝတ်ဖောက်ထွင်းခြင်း ဟူသော အဆင့်မြင့် ကိုယ်ခံပညာ၏ ရိုက်ခတ်မှုကို မခံလိုက်ရပေ။ စစ်မှန်သော ခွန်အားသည် ဝိညာဉ်ကို ပြုစုပျိုးထောင်ပေးနိုင်သကဲ့သို့ ဖျက်ဆီးပစ်နိုင်စွမ်းလည်း ရှိသည်။

လုံယီ၏ လက်ရှိ သွေးသားခွန်အားဖြင့်ဆိုလျှင် ဤပညာရပ်၏ စွမ်းရည်မှာ သူကိုယ်တိုင်ပင် မခန့်မှန်းနိုင်လောက်အောင် မြင့်မားနေသည်။

“ချပ်ဝတ်ဖောက်ထွင်းခြင်း”

“ချပ်ဝတ်ဖောက်ထွင်းခြင်း”

“ချပ်ဝတ်ဖောက်ထွင်းခြင်း”

လုံယီသည် သူ၏ ဦးခေါင်းကို လက်သီးဖြင့် အကြိမ်ကြိမ် ထိုးနှက်နေပြီး နား၊ မျက်စိ၊ နှာခေါင်းစသည့် အပေါက်ခုနစ်ပေါက်မှ သွေးများ ပန်းထွက်လာသည်။ မြွေနက်ကြီးမှာ သူ၏ပုခုံးပေါ်မှ အကျိတ်တစ်ခုအဖြစ် ရှုံ့ဝင်သွားပြီး လင်းယုန်ကြီးမှာလည်း ရွှေရောင်မျက်ဝန်းများ မှေးမှိန်လျက် အားအင်ကုန်ခမ်းနေပုံပင်။

သူ၏ စိတ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော အလင်းတန်းမှာမူ မကြုံစဖူး ဆိုးရွားလှသော ရိုက်ခတ်မှုများကို ခံနေရသဖြင့် အဆက်မပြတ် အော်ဟစ်နေတော့သည်။ နောက်ဆုံးတွင် သူ ဆက်လက်၍ မခံနိုင်တော့ချေ။ လုံယီ၏ စိတ်အတွင်းမှ ရုန်းထွက်ကာ သူ၏ မူလခန္ဓာကိုယ်ထံသို့ ပြန်သွားရန် ကြိုးစားတော့သည်။

“ချပ်ဝတ်ဖောက်ထွင်းခြင်း”

လုံယီ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ သူ၏ သွေးသားခွန်အားအားလုံးမှာ ထိုအခိုက်အတန့်တွင် အစွမ်းကုန် နိုးကြားလာခဲ့သည်။ တစ်ချိန်တည်းမှာပင် ရန်သူကို သေစေရမည်ဟူသော ပြတ်သားသည့် စိတ်ဓာတ်မှာ သူ၏ရင်ထဲတွင် ဖြစ်ပေါ်လာပြီး ပြင်းထန်သော လက်သီးချက်ကို လွှဲလိုက်တော့သည်။

ချပ်ဝတ်ဖောက်ထွင်းခြင်း၏ စွမ်းအားမှာ အသုံးပြုသူ၏ ခွန်အားနှင့် ယုံကြည်ချက်အပေါ်တွင် မူတည်သည်။ ထို့ကြောင့် ဤလက်သီးချက်မှ ထွက်ပေါ်လာသော ထက်မြက်သည့် စွမ်းအားမှာ မကြုံစဖူး အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

“အား”

အစိမ်းရောင် အလင်းတန်းမှာ လေထဲတွင် ပြင်းထန်စွာ တုန်ခါသွားပြီး လေပြင်းတိုက်ခတ်ခံရသော မီးလျှံတစ်ခုအလား လှုပ်ခါနေကာ ဖျောက် ဟူသော အသံနှင့်အတူ ပေါက်ကွဲကာ ပျက်စီးသွားတော့သည်။

All Chapters