← Chapters

အခန်း (၃၂၅-၃၂၆)

Vol. 18 Ch. 325-326

အခန်း (၃၂၅-၃၂၆)

Vol. 18 Ch. 325-326

အခန်း (၃၂၅)- ချစ်ခြင်းဟူသည် စွန့်လွှတ်ခြင်း (အပိုင်း ၂)

နဂါးလက်သည်းများမှာ ထက်မြက်လှပြီး လိုသလိုပုံစံပြောင်းလဲနိုင်ကာ နဂါးကိုယ်ထည်အတွင်းသို့ အကုန်အစင် ပြန်လည်ရုပ်သိမ်းထားနိုင်ချေသည်။

နဂါးအမြီးမှာလည်း သက်ဝင်လှုပ်ရှားနေပြီး လွင့်မျောနေသော အမျှင်တန်းကလေးများထဲတွင် မီးလျှံများကို ဖုံးကွယ်ထားရာ အမြီးကိုတစ်ချက် ခါယမ်းလိုက်တိုင်း လေထုထဲတွင် မီးဟုန်များ ကျန်ရစ်ခဲ့တတ်၏။

ယင်းကား 'ဝိဇ္ဇာမိုင်တစ်ထောင်ခရီးသွားနဂါး' စက်မှုလက်ရာပင် ဖြစ်ချေသည်။

ကျူးရွှမ်းကျိမှာ ထိုအရာကို ချက်ချင်းပင် မှတ်မိသွား၏။ ယင်းသည် အလွန်ပင် ထင်ရှားကျော်ကြားလှသော စက်မှုရတနာတစ်ခု ဖြစ်ပေသည်။

လူ့လောကအဆင့်တွင် တစ်စင်တီမီတာခန့်ရှိသော ငြိမ်သက်နေသည့် ပိုးကောင်ကလေးအဖြစ်မှသည် ဝိညာဉ်စွမ်းအားသန့်စင်ခြင်းအဆင့်တွင် ဆယ်လက်မခန့်ရှိသော လန့်ဖျန့်နေသည့် မြွေကလေးအဖြစ်လည်းကောင်း၊

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တွင် ပေတစ်ရာရှိသော ခွေပတ်နေသည့် မြွေဟောက်ကြီးအဖြစ်လည်းကောင်း၊

ရွှေအမြုတေအဆင့်တွင် ပေတစ်ထောင်ရှိသော ခွေပတ်နေသည့် ကျောက်နဂါးအဖြစ်လည်းကောင်း ရှိတတ်ရာမှ ယခုကဲ့သို့ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်တွင်မူ ဝိဇ္ဇာမိုင်တစ်ထောင်ခရီးသွားနဂါးအဖြစ်သို့ ရောက်ရှိလာခြင်းပင်။

ဤဝိဇ္ဇာမိုင်တစ်ထောင်ခရီးသွားနဂါးသည် လိုသလို ကျုံ့နိုင်ဆန့်နိုင်ပြီး အရှိန်အဟုန်ပြင်းစွာ ရွေ့လျားနိုင်သလို စွမ်းအားကြီးမားသော အဟုန်ကိုလည်း ထိန်းသိမ်းထားနိုင်သဖြင့် ခရီးသွားလာရေးအတွက် အထူးကောင်းမွန်လှသော စက်မှုရတနာတစ်ပါး ဖြစ်ပေသည်။

အတိတ်က ပုံရိပ်လွှာများသည် ရုတ်ချည်းပင် ရပ်တန့်သွားသော်လည်း ကျူးရွှမ်းကျိမှာမူ တစ်စုံတစ်ခုကို သဘောပေါက်သွားလေပြီ။

"နင်းကျော့ ပေးခဲ့တဲ့ အရိပ်အမြွက်က တကယ်ကို တန်ဖိုးဖြတ်လို့ မရဘူးပဲ။"

"ငါ အခုမှ နားလည်တော့တယ်။"

"နဂါးလိပ် မီးလျှံဝိညာဉ်မှာ ပြဿနာရှိနေတာပဲ။"

ကျူးရွှမ်းကျိသည် အမြောက်ဒဏ်ကြောင့် ပျက်စီးယိုယွင်းသွားရသော တတိယနှင့် စတုတ္ထမြောက် ရွှေမီးဖိုပျက်များကို စိတ်မကောင်းစွာဖြင့် ကြည့်ရှုလိုက်မိသည်။

ကျူးရွှမ်းကျိအနေဖြင့် ထိုနေရာတွင် ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်တော့သဖြင့် ယာယီအားဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရလေသည်။

"သူ တစ်ခုခုများ ရှာတွေ့သွားတာလား။" ဟု နဂါးလိပ် မီးလျှံဝိညာဉ်က စိုးရိမ်တကြီး ရေရွတ်နေမိ၏။ အမြောက်ဒဏ်မှာ အလွန်ပင် ပြင်းထန်လှသဖြင့် အတွင်းပိုင်းအခြေအနေကို ၎င်းအနေဖြင့် မမြင်နိုင်ခဲ့ပေ။

ကျူးရွှမ်းကျိ အတွင်းထဲတွင် ဘာတွေလုပ်နေသည်ကိုလည်း လုံးဝမသိရှိခဲ့ချေ။

အမြောက်ဖြင့် အပြင်းအထန်ပစ်ခတ်မှုမှာ ခေတ္တမျှကြာပြီးနောက်မှ ငြိမ်သက်သွားတော့သည်။

မူလက ရွှေမီးဖိုပျက်များရှိခဲ့သည့် နေရာမှာ ယခုအခါ ပျက်စီးခြင်းများနှင့် ဝန်းရံထားသော နက်ရှိုင်းသည့် ကျင်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားချေပြီ။

ကျူးရွှမ်းကျိ ခန့်မှန်းထားသည့်အတိုင်းပင် ကျူးကျန်းမှာလည်း ဘာမှမယ်မယ်ရရ မတွေ့ရှိဘဲ ပြန်လည်ရောက်ရှိလာခဲ့သည်။

ထို့နောက်တွင် ကျူးရွှမ်းကျိသည် မိမိစုံစမ်းသိရှိခဲ့သည့် အချက်အလက်များနှင့် နန်းတော်ဝိညာဉ်အပေါ် ၎င်း၏ ကောက်ချက်ချမှုများကို ကျူးကျန်းအား သီးသန့်ပြောပြလိုက်၏။

ကျူးကျန်းမှာ ဇဝေဇဝါဖြစ်သွားရပြီး ကျူးရွှမ်းကျိအနေဖြင့် ဤအချက်ကို မည်ကဲ့သို့ တွက်ဆခဲ့သနည်းဟု တိုက်ရိုက်ပင် မေးမြန်းလိုက်လေသည်။

ကျူးရွှမ်းကျိက သက်ပြင်းတစ်ချက်ချလိုက်ပြီး "မင်းက ချော်ရည်နန်းတော်ရဲ့ အတိတ်က အကြောင်းအရာတွေနဲ့ ပထမဆုံး ရွှေမီးဖိုရဲ့ အခြေအနေကို မသိလို့ပါ" ဟု ပြောကြားလိုက်သည်။

၎င်းသည် မြို့တော်တွင် တွေ့မြင်ခဲ့ရသော နန်းတွင်းလျှို့ဝှက်ချက်များကို ကျူးကျန်းအား ရှင်းပြပြောဆိုလေတော့သည်။

လွန်ခဲ့သော နှစ်ပေါင်းရာချီသည့် အချိန်ကာလတစ်ခုဆီသို့...

မီးလျှံတောင်တန်းမှာ ပေါက်ကွဲကာ စတင်နိုးထလာခဲ့ပြီး ချော်ရည်များမှာ မြေပြင်တစ်ခုလုံးကို လွှမ်းခြုံထားကာ အဆိပ်ငွေ့များကလည်း ကောင်းကင်ယံကို ပိတ်ဆို့ထားသဖြင့် သတ္တဝါတို့မှာ မနေသာမထိုင်သာအောင် ဖြစ်ခဲ့ရပြီး သေကျေပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့ရပေသည်။

ထိုစဉ်တွင် ကျောင်းတော်သုံးခုမှ ဆရာတစ်ဦးသည် ဆီးနှင်းကဲ့သို့ ဖြူစင်သော ဗုဒ္ဓဘာသာဝတ်ရုံကို ဝတ်ဆင်ကာ ဝတ်ရုံစများ လေထဲတွင် လွင့်မျောလျက် ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။

သူ၏ မျက်နှာမှာ ရှေးဟောင်းထင်းရှူးပင်ကဲ့သို့ တည်ငြိမ်လှပြီး မျက်ခုံးတန်းများတွင်လည်း ကရုဏာတရားနှင့် နက်ရှိုင်းမှုတို့ ပြည့်နှက်နေကာ ထူးခြားသော တည်ငြိမ်ရင့်ကျက်မှုရှိလှသည်။

ထို့နောက်တွင် အံ့သြဖွယ်ကောင်းလှသော ရွှေရောင်သက်တံတစ်ခု ကောင်းကင်ယံကို ဖြတ်သန်းလာပြီး အနီးအနားသို့ ဆင်းသက်ကာ လှပလွန်းသော အမျိုးသမီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွား၏။

သူမသည် တောက်ပလှသော ရွှေဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး တဖျတ်ဖျတ်လက်နေသော ပုလဲရတနာများဖြင့် ဆင်ယင်ထားရာ ဂုဏ်သရေရှိပြီး အာဏာစက်ရှိသည့် အရှိန်အဝါတို့ ထွက်ပေါ်နေပေသည်။

သူမ၏ ဖီးနစ်မျက်ဝန်းများတွင် သတ်ဖြတ်လိုစိတ်များ ပါရှိနေပြီး ဆရာတော်အား စိုက်ကြည့်ကာ နာကျည်းမှုနှင့် အပြစ်တင်မှုတို့ ပြည့်နှက်နေသော စကားများကို ပြောလိုက်လေသည်။

"သစ္စာမရှိတဲ့လူ၊ ရှင် နောက်ဆုံးတော့ ပြန်လာခဲ့ပြီပေါ့။ ရှင့်ခြေဖဝါးအောက်က ကျွန်မရဲ့ နယ်မြေထဲကို ရောက်နေပါလျက်နဲ့ ဘာလို့ ကျွန်မကို လာမတွေ့တာလဲ။ ကျွန်မ ရှင့်ကို ဘယ်လောက်တောင် မျှော်လင့်တကြီး စောင့်နေခဲ့ရလဲဆိုတာ ရှင်သိရဲ့လား။"

ဆရာတော်မှာ ခေါင်းကိုပင် လှည့်မကြည့်ဘဲ သူ၏အောက်ရှိ ပူပြင်းလှသော တောင်တန်းမြေပြင်ကိုသာ ကြည့်ရှုနေပြီး အေးဆေးတည်ငြိမ်လှသော လေသံဖြင့် "တောင်ပိုင်းဧကရာဇ်မင်းမြတ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသားပါ။ ကျွန်တော်တို့ကြားက သံယောဇဉ်တွေ ပြတ်တောက်သွားခဲ့ပါပြီ။

အချင်းချင်း နှစ်သိမ့်နေရတာထက်စာရင် ဒီကောင်းကင်နဲ့ မြေကြီးကြားမှာ တစ်ယောက်ကိုတစ်ယောက် မေ့ပစ်လိုက်တာက ပိုကောင်းပါလိမ့်မယ်" ဟု ဆိုလိုက်သည်။

ထိုအမျိုးသမီးမှာ တမ်းတခြင်းပြည်၏ တည်ထောင်သူ ဘုရင်မကြီးမှတစ်ပါး အခြားသူမဟုတ်ပေ။ သူမက "ရှင်က ပြီးပြီဆိုတိုင်း ပြီးရမှာလား။ ကျွန်မ သဘောမတူဘူး" ဟု ခက်ထန်စွာ ပြန်လည်တုံ့ပြန်လိုက်သည်။

"ဒီလောက်နှစ်တွေအကြာကြီး ကျွန်မ ရှင့်ကို ဘယ်လောက် လွမ်းနေခဲ့ရလဲ သိရဲ့လား။ ကျွန်မရဲ့ တိုင်းပြည်နာမည်ကိုတောင် 'တမ်းတခြင်းပြည်' လို့ အမည်ပြောင်းခဲ့တာ။"

"တမ်းတခြင်းပြည်ရဲ့ တောင်ပိုင်းမှာ ပဲစေ့လေးတွေ ပေါက်နေကြပြီ၊ နွေဦးမှာ အခက်အလက်တွေ ဝေဆာလို့ပေါ့။ ရှင်လည်း အဲဒါတွေကို အများကြီး ခူးဆွတ်စေချင်တယ်၊ ဘာလို့လဲဆိုတော့ အဲဒီပဲစေ့လေးတွေက နက်ရှိုင်းတဲ့ လွမ်းဆွတ်မှုကို ကိုယ်စားပြုနေလို့ပဲ..."

"ဆန်းလန်... ဒီနှစ်တွေမှာ ရှင် ကျွန်မကို တစ်ချက်ကလေးမှ မလွမ်းဘူးဆိုတာ ကျွန်မ မယုံဘူး။"

ထိုသို့ပြောရင်း တမ်းတခြင်းပြည် ဘုရင်မကြီး၏ အသံမှာ တုန်ယင်လာပြီး မျက်ရည်များ ဝဲတက်လာတော့သည်။

ဆရာတော်မှာ ခေါင်းကိုခါယမ်းလျက် သက်ပြင်းအရှည်ကြီးချလိုက်ပြီး သူ၏ရင်ခွင်ထဲမှ စက်မှုပုံစံငယ်တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းကို လေထဲသို့ ခပ်ဖွဖွပစ်တင်လိုက်ရာ ထိုပုံစံငယ်မှာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး နေရောင်ခြည်ကို ပိတ်ဆို့ကာ မြေပြင်ပေါ်သို့ အရိပ်ကြီးကျသွားစေလောက်အောင် ကြီးမားလှသော မသေမျိုးနန်းတော်ကြီးအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားလေတော့သည်။

နီရဲသော အုတ်ချပ်များနှင့် ရွှေရောင်တိုင်လုံးများဖြင့် ခန့်ညားထည်ဝါလှသော ထိုနန်းတော်ကား 'ချော်ရည်နန်းတော်' ပင် ဖြစ်ပေသည်။

ယင်းကို မြင်လိုက်ရသောအခါ တမ်းတခြင်းပြည် ဘုရင်မကြီးမှာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားပြီး အသံမှာလည်း ပို၍ နူးညံ့သွားတော့သည်။

"ဆန်းလန်၊ ရှင် တကယ်ပဲ ကျွန်မတို့ရဲ့ အတိတ်ကို မှတ်မိနေတာပဲ။"

"အစတုန်းက ကျွန်မတို့နှစ်ယောက်ဟာ စောင်းညှို့ချင်း ထပ်တူကျသလို တစ်သားတည်း ရှိခဲ့ကြတာပဲ။ နေ့နေ့ညည အတူတူနေထိုင်ပြီး ဒီစက်မှုခရီးသွားနန်းတော်ကြီးကို အတူတူ တည်ဆောက်ခဲ့ကြတာလေ။"

"ရှင်က ပုံစံထုတ်ပြီး အခြေခံတွေကို ချပေးခဲ့တာ။ အဲဒီအချိန်မှာ ကျွန်မက ရုပ်တုတွေကို အသေးစိတ် ဂရုတစိုက် ထုဆစ်ခဲ့တယ်။"

"ဒီခရီးသွားနန်းတော်ထဲမှာ ကျွန်မတို့ သိပ်လှပတဲ့ အချိန်တွေကို ကုန်ဆုံးခဲ့ကြတယ်နော်။"

"ကျွန်မတို့ ခုထိ ဆက်ပြီးတော့လည်း အတူရှိနေလို့ ရပါသေးတယ်။"

"ဆန်းလန်၊ ကျွန်မ အခုဆိုရင် တိုင်းပြည်တစ်ခုကို တည်ထောင်နိုင်ပြီ၊ ကျွန်မရဲ့ ဆန္ဒတွေလည်း ပြည့်ဝနေပြီ။ ပြန်လာခဲ့ပါ၊ အရင်တုန်းကလိုပဲ ကျွန်မတို့ အတူတူ နေကြရအောင်။"

ဆရာတော်မှာမူ တမ်းတခြင်းပြည် ဘုရင်မကြီးအား အမြဲတမ်း ကျောခိုင်းထားလျက် မည်သည့်စကားမှ ပြန်မပြောဘဲ သူ၏ တာအိုမျက်စိဖြင့် အောက်ဘက်ရှိ မီးလျှံတောင်တန်းကိုသာ အသေအချာ ကြည့်ရှုနေလေသည်။

တမ်းတခြင်းပြည် ဘုရင်မကြီးမှာ ဖြည်းဖြည်းချင်း လွင့်မျောလာပြီး အနားသို့ တိုးကပ်ရန် ကြိုးစားသော်လည်း မမြင်နိုင်သော စွမ်းအင်အတားအဆီးတစ်ခုကြောင့် ပိတ်ဆို့ခြင်း ခံလိုက်ရသည်။

"ဆန်းလန်" ဟု ဘုရင်မကြီးက အရင်းခံစိတ်ရင်းဖြင့် အားကိုးတကြီး ခေါ်လိုက်ပြန်သည်။

ဆရာတော်မှာ မကြားချင်ယောင်ဆောင်နေပြီး သူ၏ အကြည့်များမှာ ရုတ်ချည်းပင် တည်ငြိမ်သွားကာ စိတ်အာရုံမှာ တစ်စုံတစ်ခုကြောင့် လှုပ်ရှားသွားပုံရသည်။

ချက်ချင်းဆိုသလိုပင် ချော်ရည်နန်းတော်မှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး တောင်တန်းကို ထိုးဖောက်ကာ ချော်ရည်များအတွင်းသို့ နက်ရှိုင်းစွာ နစ်မြုပ်သွားလေသည်။

ထိုအခါ နဂါးတစ်ကောင်၏ နာကျင်စွာ အော်ဟစ်သံမှာ ပဲ့တင်ထပ်သွားပြီး ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိသော မီးလျှံနတ်ဆိုး သားရဲတစ်ကောင်သည် မီးလျှံတောင်တန်းထဲမှ ဒေါသတကြီး ပြေးထွက်လာလေတော့သည်။

တမ်းတခြင်းပြည် ဘုရင်မကြီး၏ ကရုဏာသက်နေသော အကြည့်များအောက်တွင် ထိုသားရဲသည် ချော်ရည်နန်းတော်ဆီသို့ ရဲရဲဝံ့ဝံ့ ပြေးဝင်တိုက်ခိုက်လေသည်။ ၎င်းသည် နန်းတော်ကြီးကို တစ်ချက်တည်းနှင့် ပြိုလဲပျက်စီးသွားစေရန် ရည်ရွယ်ထားပုံရ၏။

ဆရာတော်မှာ သူ၏လက်များကို ခပ်ဖွဖွလေး ဖြန့်လိုက်သည်။

ထိုအခါ လေထဲရှိ သားရဲကြီး၏ ကိုယ်ထည်မှာ လျင်မြန်စွာ ကျုံ့ဝင်သွားပြီး နောက်ဆုံးတွင် ဆရာတော်၏ လက်ထဲ၌ သုံးလက်မပင်မပြည့်သော မြွေကလေးတစ်ကောင်အဖြစ် အဖမ်းခံလိုက်ရလေသည်။

သားရဲမှာ အပြင်းအထန် ရုန်းကန်သော်လည်း ဆရာတော်၏ လက်ဆုပ်လက်ကိုင်အတွင်းမှ လွတ်မြောက်နိုင်ခြင်း မရှိချေ။

ချော်ရည်နန်းတော်မှာ တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ မိုးခြိမ်းသံကဲ့သို့သော အသံကြီးနှင့်အတူ လေထုကို ဖိနှိပ်လျက် ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။

ဆရာတော်မှာ ကောင်းကင်ယံတွင် တင်ပျဉ်ခွေထိုင်ကာ ချော်ရည်နန်းတော်ကြီးကို ငုံ့ကြည့်နေတော့သည်။

သူသည် သားရဲ၏ လည်ပင်းကို ခပ်ဖွဖွ ညှစ်လိုက်ပြီး ၎င်း၏ ဝိညာဉ်ကို ထုတ်ယူလိုက်လေသည်။

"သွားတော့" ဟု ဆရာတော်က ပြောရင်း လက်ချောင်းကို ခပ်ဖွဖွလေး လှုပ်ရှားလိုက်ရာ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိသော ထိုသားရဲ၏ ဝိညာဉ်သည် လကွယ်ညတွင် ကြယ်တံခွန်တစ်ခု ပျံသန်းသွားသကဲ့သို့ ပထမဆုံး ရွှေမီးဖိုအတွင်းသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားလေတော့သည်။

ယင်းကား 'ပညာမီးလျှံဖြင့် ဝိညာဉ်ချေဖျက် လွတ်မြောက်ရာကျမ်း' ပင် ဖြစ်ပေတော့သည်။

အခန်း (၃၂၆) - ချစ်ခြင်းဟူသည် စွန့်လွှတ်ခြင်း (အပိုင်း ၃)

ဟုန်းဟုန်းတောက်လောင်နေသော မီးလျှံကြီးများက ခဏချင်းအတွင်းမှာပင် ခပ်သိမ်းသောအရာတို့ကို ဝါးမြိုသွားကြရာ ရွှေမီးဖိုကြီးမှာလည်း ပြိုလဲပျက်စီးသွားရချေသည်။ ထိုအခါ ရွှေမီးဖိုအတွင်းမှ နဂါးလိပ် မီးလျှံဝိညာဉ် ထွက်ပေါ်လာလေသည်။

တမ်းတခြင်းပြည် ဘုရင်မကြီးမှာ ဘေးမှနေ၍ ကြည့်ရှုနေရင်း ထိုနဂါးလိပ် မီးလျှံဝိညာဉ်ကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားပြီး “အစကတော့ မြွေနဂါးတစ်ကောင်အဖြစ် စတင်ခဲ့တာပဲ၊ ဘာဖြစ်လို့ သူ့ရဲ့ ဝိညာဉ်သဘာဝက နဂါးလိပ်နဲ့ ဆင်တူနေရတာလဲ” ဟု ရေရွတ်မိသည်။

နဂါးလိပ် မီးလျှံဝိညာဉ်မှာ ဦးစွာပထမ ကြောင်တောင်တောင် ဖြစ်နေသော်လည်း မကြာမီမှာပင် ဆရာတော်သုံးပါးကို ဦးတည်၍ ဒေါသတကြီး ဟိန်းဟောက်လေတော့သည်။

ဆရာတော်တစ်ပါးက လက်ကို ဆန့်ထုတ်လိုက်ပြီး နဂါးလိပ် မီးလျှံဝိညာဉ်ကို ဖမ်းယူကာ မိမိ၏ လက်ဝါးထဲသို့ ဆွဲသွင်းလိုက်သည်။

နဂါးလိပ် မီးလျှံဝိညာဉ်မှာ သေးငယ်သော အရွယ်အစားသို့ အဖိသိပ်ခံလိုက်ရပြီးနောက် လူသားတစ်ယောက်က မြင့်မားသော တိုင်လုံးကြီးများ သို့မဟုတ် မြတ်စွာဘုရားကို မော်ဖူးနေရသကဲ့သို့ ထိုဆရာတော်သုံးပါးကို မော့ကြည့်နေရရှာသည်။

ဆရာတော်တော်များက ဖြည်းညှင်းစွာ မိန့်ကြားသည်မှာ “နောင်နှစ်ပေါင်း ရှစ်ရာကြာတဲ့အခါ ကောင်းကင်နဲ့ မြေကမ္ဘာကြားမှာ သတ်ဖြတ်မှုတွေ ပေါ်ပေါက်လာလိမ့်မယ်။ အဲဒီဘေးက စကြဝဠာတစ်ခုလုံးကို လွှမ်းမိုးသွားပြီး သွေးတွေက ချိန်သီးတွေလို လှုပ်ခါနေလိမ့်မယ်၊ အလောင်းတွေကလည်း နေရာအနှံ့မှာ ပြန့်ကျဲနေလိမ့်မယ်။”

“နဂါးတွေ မြွေတွေ ထကြွလာတဲ့ နေရာကနေ ဘုရင်တွေ အဆက်မပြတ် ပေါ်ထွက်လာလိမ့်မယ်။ သူတော်စင်တွေကလည်း လောကကြီးကို သန့်စင်ဖို့ ဆင်းသက်လာကြလိမ့်မယ်။”

“မီးလျှံနင်း မြွေနဂါးဖြစ်တဲ့ မင်းဟာ ဝိညာဉ်စွမ်းအား သောင်းခြောက်ထောင်ရဲ့ အနှစ်သာရဖြစ်ပြီး တောင်တန်းရဲ့ အဆုံးမရှိတဲ့ မီးလျှံအဆိပ်တွေကြားမှာ မြေကမ္ဘာစွမ်းအင်တွေနဲ့ ပုံဖော်ခံထားရတာ ဖြစ်တယ်။”

“မင်းမှာ မွေးရာပါ အပြစ်ဒဏ်တွေ အကြီးအကျယ် ပါလာခဲ့တယ်။”

“တကယ်လို့ မင်းကို သဘာဝအတိုင်းပဲ ကြီးထွားခွင့်ပြုလိုက်မယ်ဆိုရင် အသစ်ပေါ်ထွက်လာမယ့် ဘုရင်တစ်ပါးရဲ့ သတ်ဖြတ်ခြင်းကို ခံရလိမ့်မယ်။ မင်းရဲ့ မွေးရာပါ အနှစ်သာရတွေက အဲဒီဘုရင်ရဲ့ လက်နက်ပစ္စည်းတွေ ဖြစ်သွားပြီး သူ့ရဲ့ နယ်မြေသိမ်းပိုက်မှုတွေအတွက် အထောက်အပံ့ ဖြစ်သွားလိမ့်မယ်။”

“ဒီနေ့မှာတော့ ငါက မင်းကို တစ်ကြိမ်တစ်ခါ ကယ်တင်ခြင်း ပေးသနားလိုက်မယ်။”

“ဒီနေ့ကစပြီး မင်းဟာ နန်းတော်ဝိညာဉ်အဖြစ် တာဝန်ယူရမယ်၊ မသေမျိုးနန်းတော်ကို ထိန်းချုပ်ပြီး မီးလျှံတောင်ကို စောင့်ရှောက်ရမယ်။”

“ဒီနေ့ကစလို့ မီးလျှံတောင်ကြီး ငြိမ်းချမ်းနေသရွေ့၊ အပြစ်မဲ့သူတွေ ပရမ်းပတာ ဘေးဒုက္ခတွေကနေ ကင်းဝေးနေသရွေ့ပေါ့။ နောက်ထပ် နှစ်ပေါင်း ခုနစ်ရာ့နှစ်ဆယ် စောင့်ဆိုင်းလိုက်မယ်ဆိုရင် မင်းရဲ့ မွေးရာပါ အပြစ်တွေ ကျေအေးသွားလိမ့်မယ်။ အဲဒီအခါမှာ မင်းရဲ့ လိပ်ခွံကို ချွတ်ခွာပြီး စစ်မှန်တဲ့ မြွေနဂါးဝိညာဉ်ကို ပိုင်ဆိုင်နိုင်လိမ့်မယ်။”

“ကြည့်လိုက်စမ်း။”

ဆရာတော်က သူ၏ လက်ဝါးကို အနည်းငယ် မြှင့်လိုက်ပြီး နဂါးဝိညာဉ်အား ၎င်း၏ ယခင်မြွေခန္ဓာကိုယ်ကို ကြည့်ရှုစေသည်။

၎င်းမှာ မီးလျှံနင်း မြွေနဂါး ဖြစ်သော်လည်း မသေမျိုး ပါရမီကို ပိုင်ဆိုင်ထားသည်။

၎င်း၏ အသက်ဇီဝသည် ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်သို့ ရောက်ရှိသောအခါ ထိုမသေမျိုး ပါရမီသည် နတ်ဘုရား ပညာရပ်တစ်ခုဖြစ်သော ‘ဝိညာဉ်စုစည်း၍ ကျောက်စိမ်းဖြစ်စေခြင်း’ အဖြစ်သို့ သဘာဝအလျောက် ပြောင်းလဲသွားပေလိမ့်မည်။

ထိုနတ်ဘုရား ပညာရပ်သည် ဝိညာဉ်စွမ်းအားများကို စုစည်းပေးနိုင်ပြီး အထွတ်အထိပ်သို့ ရောက်သည်အထိ အစဉ်တစိုက် ဖိသိပ်ကာ မာကျောသော ကျောက်စိမ်းတုံးများ၊ ထိုမှတစ်ဆင့် ဝိညာဉ်ကျောက်စိမ်းများအဖြစ် ပြောင်းလဲပေးနိုင်သည်။

မီးလျှံမြွေများ၏ မျိုးရိုးခန္ဓာကိုယ်မှာ မူလကပင် ဒြပ်မဲ့မီးလျှံများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သို့သော် ၎င်းမှာ သာမန်မဟုတ်ဘဲ မိမိ၏ မီးဓာတ်ဆိုင်ရာ ဝိညာဉ်စွမ်းအားကို အစဉ်တစိုက် ဖိသိပ်ကာ ဝိညာဉ်စုစည်း၍ ကျောက်စိမ်းဖြစ်စေခြင်း ပညာဖြင့် ခိုင်မာသော မြွေနဂါးခန္ဓာကိုယ်အဖြစ် ပြောင်းလဲထားခြင်း ဖြစ်သည်။

ဆရာတော်က ဆက်လက်၍ “မင်းအတွက် သီးသန့်ထားရှိတဲ့ မင်းရဲ့ ခန္ဓာကိုယ်ကို မင်းတစ်ယောက်တည်းပဲ အသုံးပြုနိုင်လိမ့်မယ်။”

“နှစ်ပေါင်း ခုနစ်ရာ့နှစ်ဆယ် ပြည့်မြောက်တဲ့အခါ ချော်ရည်နန်းတော်ကို အသုံးပြုပြီး အဲဒီခန္ဓာကိုယ်နဲ့ စက်မှုကိုယ်ထည်တစ်ခု တည်ဆောက်နိုင်လိမ့်မယ်။ အဲဒီအခါမှာ ဒီလှောင်အိမ်ထဲကနေ လွတ်မြောက်ပြီး ကောင်းကင်နဲ့ မြေကမ္ဘာကြားမှာ လွတ်လပ်စွာ လှည့်လည်သွားလာနိုင်လိမ့်မယ်” ဟု မိန့်ကြားလေသည်။

ရှင်းပြပြီးနောက် ဆရာတော်သည် နဂါးလိပ် မီးလျှံဝိညာဉ်ကို မသေမျိုးနန်းတော်၏ ခန်းမဆောင်ကြီးအတွင်းသို့ ညင်သာစွာ ပစ်ထည့်လိုက်ပြီး မီးလျှံကျောက်စိမ်း မြွေနဂါးခန္ဓာကိုယ်ကိုမူ နန်းတော်၏ ဘဏ္ဍာတိုက်အတွင်း၌ ထားရှိလိုက်သည်။

ထို့နောက် ဆရာတော်သည် မီးလျှံတောင်ဘက်သို့ သူ၏ လက်ညှိုးဖြင့် ညွှန်ပြလိုက်သည်။

ထိုသို့ ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ချော်ရည်နန်းတော်မှာ လျင်မြန်စွာ ငုပ်လျှိုးဆင်းသွားလေတော့သည်။

မိမိနှင့် ဆရာတော်ကြားရှိ အချစ်၏ သက်သေပစ္စည်းမှာ မီးတောင်ကို ဖိနှိပ်ရန် တောင်ကြီးအတွင်းသို့ နစ်မြုပ်တော့မည်ကို မြင်သောအခါ တမ်းတခြင်းပြည် ဘုရင်မကြီးမှာ မနေနိုင်တော့ဘဲ “ဆန်းလန်၊ ရှင် တကယ်ပဲ ဒီလိုလုပ်ရမှာလား။ တကယ်ပဲ ရက်စက်လွန်းတယ်” ဟု အော်ဟစ်လိုက်သည်။

“ အချစ်တွေက ဘယ်မှာလဲ။”

“ရှင် တစ်ခါတုန်းက ပြောခဲ့ဖူးတယ် မဟုတ်လား၊ ဗုဒ္ဓဘာသာဂိုဏ်းထဲ ဝင်သွားရင်တောင် မင်းမှာ အချစ်တွေ ရှိနေဦးမှာပါဆိုတာ။”

ဆရာတော်က လက်ဝါးနှစ်ဖက်ကို စုလိုက်ပြီး “ငါသည် ဤသို့ ကြားနာခဲ့ရ၏။ မြတ်စွာဘုရားသည် ကရုဏာတော် ကြီးမားလှပေ၏၊ မဟာကရုဏာတော်ကို ဖြန့်ကျက်၍ အတိုင်းအဆမဲ့သော နယ်ပယ်တို့သို့ ရောက်ရှိစေတော်မူ၏။

ဘုရားရှင်၏ စိတ်နှလုံးမှ မြစ်ဖျားခံသော မဟာကရုဏာတော်သည် ခပ်သိမ်းသော သတ္တဝါတို့၏ အကျိုးစီးပွား ဖြစ်ပေသည်... အကယ်၍ ဗောဓိသတ်သည် မဟာကရုဏာတော်ကို ဆောင်ထားပါက ကောင်းကင်နှင့် မြေကမ္ဘာအောက်ရှိ ခပ်သိမ်းသော အရာတို့သည် ဆွေးမျိုးသားချင်းများသာ ဖြစ်ကြကုန်၏။

မြင့်မြတ်ခြင်း၊ နိမ့်ကျခြင်း မရှိဘဲ ခပ်သိမ်းသော သတ္တဝါတို့ကို တန်းတူရည်တူ စောင့်ရှောက်ကာ အတ္တကင်းစွာ ပေးဆပ်တော်မူ၏... ထို့ကြောင့် ဗောဓိသတ်သည် သတ္တဝါတို့၏ ဆင်းရဲဒုက္ခကို မိမိ၏ ဒုက္ခကဲ့သို့ ရှုမြင်ကာ စိတ်နှလုံးကို သမုဒ္ဒရာကဲ့သို့ ကျယ်ပြောစေလျက် အတိုင်းအဆမဲ့သော ကရုဏာတော်ကို...” ဟု ရွတ်ဆိုလေသည်။

ဒေါသအဟုန် ပြင်းပြနေသော ဘုရင်မကြီးက “ဆန်းလန်၊ ရွတ်မနေနဲ့တော့” ဟု ကြားဖြတ် ပြောဆိုလိုက်သည်။

ဆရာတော်က သက်ပြင်းတစ်ချက် ချလိုက်ပြီး “ဒါက ဗုဒ္ဓဘာသာရဲ့ မဟာကရုဏာတော်ပါ၊ လောကီအာရုံတွေအပေါ် ထားတဲ့ အချစ် မဟုတ်ပါဘူး” ဟု ဆိုသည်။

ဘုရင်မကြီးက “ငါ နားမလည်ဘူး” ဟု ဟောက်လိုက်သည်။

ဆရာတော်က ခေတ္တမျှ ဆိုင်းငံ့သွားပြီး “အချစ်ဆိုတာ ကရုဏာတရားပဲ” ဟု မိန့်သည်။

ထို့နောက် ခဏမျှ တွန့်ဆုတ်နေပြီးမှ “အချစ်ဆိုတာ စွန့်လွှတ်ခြင်းပဲ” ဟု ထပ်လောင်း ပြောကြားလိုက်သည်။

သူ စကားပြောနေစဉ်မှာပင် ချော်ရည်နန်းတော်မှာ မီးလျှံတောင်၏ ထိပ်ဝသို့ ဆင်းသက်သွားပြီ ဖြစ်သည်။

“ဆန်းလန်” ဘုရင်မကြီးသည် ရဟန်းတော်ကို ဝမ်းနည်းပူဆွေးစွာ စိုက်ကြည့်နေရင်း “ငါတော့ မစွန့်လွှတ်နိုင်ဘူး” ဟု ငိုယိုကာ ပြောရှာသည်။

သို့သော် ရဟန်းတော်မှာမူ လက်ဝါးနှစ်ဖက်ကို စုထားဆဲပင် ဖြစ်ပြီး မှေးစင်းထားသော မျက်ခွံများအောက်ရှိ သူ၏ အကြည့်မှာ နှစ်ပေါင်း တစ်ထောင်ကို ထိုးဖောက် မြင်နေရသကဲ့သို့ ရှိသည်။

သူက ညင်သာစွာ ရွတ်ဆိုသည်မှာ -

“ရွှေမီးဖိုထဲက မီးနီနီက ဝိညာဉ်ကို သန့်စင်ပေးတယ်၊ မသေမျိုးနန်းတော်က တောင်ကြီးထဲမှာ မြုပ်နှံပြီး လောကကြီးကို ကယ်တင်တယ်”

“တောင်ပိုင်းဧကရာဇ်ကို အစွဲအလမ်းတွေ စွန့်လွှတ်ဖို့ ငါ တိုက်တွန်းချင်ပါတယ်၊ အချစ်ဟောင်းတွေဟာ မီးခိုးတွေလို လွင့်မျောသွားပြီး အတိတ်က ဖုန်မှုန့်တွေကို သန့်စင်ပေးလိမ့်မယ်”

“သတ္တဝါတွေဟာ ပြင်းပြတဲ့ လောဘဇောတွေကြောင့် ဆင်းရဲဒုက္ခရောက်ကြရတယ်၊ ရုပ်သေးခန္ဓာကိုယ်ထဲမှာ သူတို့ကိုယ်သူတို့ သခင်လို့ မှားယွင်းစွာ ထင်မှတ်နေကြတယ်”

“ဘုရားရှင်ရဲ့ ကရုဏာတရားဟာ မဟာကရုဏာတော် ဖြစ်တယ်၊ အတားအဆီးတွေကို စွန့်လွှတ်နိုင်မှ တာအိုလမ်းစဉ်က ပြည့်စုံလိမ့်မယ်”

ဘုရင်မကြီးမှာ အလွန်အမင်း နှလုံးကြေကွဲရသဖြင့် စိတ်ပျက်အားလျော့ကာ မျက်ရည်များ ကျဆင်းလာချေသည်။ သို့သော် ဘုရင်မတစ်ပါး၏ မာနကြောင့် သူမမှာ ထွက်မပြေးဘဲ တောင့်ခံထားသည်။

သူမက သွားကို တင်းတင်းစေ့လျက် ဝိညာဉ်စွမ်းအားကို အားစိုက် ထုတ်ယူလိုက်ပြီး နန်းတော်အတွင်းမှ ရတနာတစ်ခုကို ဆွဲထုတ်လိုက်သည်။

ထိုရတနာသည် သူမ၏ လက်ထဲသို့ ကျရောက်လာသောအခါ ၎င်း၏ ပုံသဏ္ဌာန်မှာ ပေါ်လွင်လာသည်။ ၎င်းမှာ အသက်ဝင်လှပသော ရွှေဖီးနစ်ငှက်က ဝန်းရံထားသည့် အလွန်တရာ လှပသော မှန်တစ်ချပ် ဖြစ်သည်။

၎င်းမှာ အမှန်တကယ်ပင် ရွှေဖီးနစ်မှန် ဖြစ်ပေသည်။

ဆရာတော်၏ စိတ်ထဲတွင် တစ်ခုခု လှုပ်ခတ်သွားပြီး ပထမဆုံးအကြိမ်အဖြစ် သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် လှည့်၍ ဘုရင်မကြီးထံသို့ ကြည့်လိုက်သည်။

ဘုရင်မကြီးက ခက်ထန်သော လေသံဖြင့် “ဒါက ငါ့ပိုင်ဆိုင်မှုပဲ၊ ရှင်ရဲ့ ကရုဏာတရားအတွက် ငါ ပေးလှူဖို့ အစီအစဉ် မရှိဘူး” ဟု ဆိုသည်။

သို့သော် ရဟန်းတော်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး “တောင်ပိုင်းဧကရာဇ်၊ မင်းဟာ အုပ်ချုပ်သူ ဖြစ်လာဖို့ ကံမပါခဲ့ပါဘူး၊ ဒါပေမဲ့ ငါ့ရဲ့ ဝိညာဉ်ခေါ်ယူခြင်းပညာရပ်ကို အမှီပြုပြီး နယ်မြေတစ်ခုကို တည်ထောင်နိုင်ခဲ့တယ်”

“တကယ်လို့ မင်း ရွှေဖီးနစ်မှန်ကို ချန်ထားခဲ့မယ်ဆိုရင် အဲဒါက အကြောင်းနဲ့ အကျိုးကို ပေးဆပ်ရာ ရောက်လိမ့်မယ်။ ဒါဟာ မင်းအတွက်တော့ နောက်ဆုံးမှာ ကောင်းကျိုးဖြစ်စေမှာပါ” ဟု မိန့်သည်။

ဘုရင်မကြီးမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် “တကယ်ပဲ၊ ဆန်းလန်၊ ရှင်ရဲ့ ရင်ထဲမှာ ငါ တကယ်ရှိနေတာပဲ” ဟု တုံ့ပြန်သည်။

ဆရာတော်သည် စိတ်လှုပ်ရှားသွားဟန်ရှိပြီး သူ၏ မျက်ဝန်းများမှာ တောက်ပလာကာ “အဲဒီလိုပဲ ဖြစ်ရမယ်၊ အဲဒီလိုပဲ ဖြစ်ရမယ်” ဟု ဆိုသည်။

ထိုသို့ ဆိုပြီးနောက် သူ၏ ရင်ဘတ်ထဲမှ ရတနာတံဆိပ်တစ်ခုကို ထုတ်ယူလိုက်သည်။

ထိုမှော်ရတနာတံဆိပ်မှာ ရွှေနှင့် ကျောက်စိမ်း ရောစပ်ထားသကဲ့သို့ ရှိပြီး နှစ်ဖက်စလုံးတွင် ဗုဒ္ဓနှင့် မိစ္ဆာတို့၏ ပုံရိပ်များ ပါရှိသည်။

ဗုဒ္ဓဘက်ခြမ်းမှာ ကရုဏာတရား အပြည့်ရှိပြီး မိစ္ဆာဦးခေါင်းဘက်မှာမူ ခက်ထန်လှပေရာ ၎င်းမှာ အမှန်တကယ်ပင် ထူးခြားလှသည်။

၎င်းမှာ ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်ပင် ဖြစ်ချေသည်။

ဆရာတော်သည် ထိုရတနာတံဆိပ်ကို မသေမျိုးနန်းတော်အတွင်းသို့ တိုက်ရိုက် ပစ်ထည့်လိုက်သည်။

ဘုရင်မကြီးမှာ အံ့အားသင့်သွားပြီး “ဆန်းလန်၊ ဒီလောက် အဖိုးတန်တဲ့ ရတနာကို ရှင် ဘယ်လိုဖြစ်လို့ စွန့်ပစ်လိုက်တာလဲ။ နောက်ကျရင် ဘယ်လို ကာကွယ်မလဲ။”

“ငါ ဒီလောက်ထိ အလျင်စလို မလုပ်ခဲ့သင့်ဘူး၊ ရွှေဖီးနစ်မှန်ကို ငါ အခုပဲ ပြန်ပေးပါ့မယ်၊ ရတနာတံဆိပ်ကို အမြန်ဆုံး ပြန်ယူလိုက်ပါဦး” ဟု ဆိုရှာသည်။

သို့သော် ဆရာတော်မှာမူ ထိုင်နေရာမှ ထရပ်လိုက်ပြီး မထွက်ခွာမီမှာပင် အနည်းငယ် လှည့်ကြည့်ကာ “အကြောင်းနဲ့ အကျိုးတွေ ပြီးဆုံးသွားပါပြီ။ မင်း ဒီရွှေဖီးနစ်မှန်ကို ယူသွားပြီဆိုမှတော့ နောက်ပိုင်းမှာ ငါ့ကိုယ်စား မသေမျိုးနန်းတော်ရဲ့ အမွေအနှစ်တွေကို စောင့်ရှောက်ပေးပါ” ဟု မိန့်ကြားသည်။

ထိုစကားများ ပြောပြီးနောက် သူ၏ ပုံရိပ်မှာ လွင့်မျောနေသော ငှက်မွေးများကဲ့သို့ ဖြစ်သွားပြီး သူ၏ အရိပ်မှာ ပေါ့ပါးသော်လည်း လျှပ်စီးကဲ့သို့ လျင်မြန်လှရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ယံ၏ နက်ရှိုင်းရာသို့ ပျောက်ကွယ်သွားလေတော့သည်။

၎င်းမှာ ကောင်းကင်ပေါ်သို့ ပျံတက်သွားသော အပြာရောင် မီးခိုးငွေ့တစ်စနှင့်ပင် ဆင်တူလှပေသည်။

ဘုရင်မကြီးမှာ မမြင်ရသော အားတစ်ခု၏ ဖိနှိပ်ခြင်းကို ခံထားရသဖြင့် မလှုပ်မယှက်နိုင်ဘဲ ဟိုးအဝေး တစ်နေရာသို့ ပျောက်ကွယ်သွားသော ရဟန်းတော်၏ ပုံရိပ်ကို စိတ်ပျက်အားငယ်စွာ ကြည့်နေရုံသာ တတ်နိုင်ရှာသည်။

သူမ၏ နှလုံးသားမှာ ကြေကွဲပျက်စီးသွားပြီး အသံကုန် အော်ဟစ်လိုက်သည်မှာ “ဆန်းလန်”

သူမ၏ ဝမ်းနည်းပူဆွေးလှသော အော်ဟစ်သံမှာ သွေးမျက်ရည်ကျနေသည့် ဥဩငှက်၏ အော်မြည်သံကဲ့သို့ ကောင်းကင်နှင့် မြေကမ္ဘာကြားတွင် ဟိန်းထွက်သွားပြီး လူတို့၏ နှလုံးသားနှင့် ဝိညာဉ်များကို ဆွဲဆုတ်သွားလေတော့သတည်း။

All Chapters