← Chapters

အခန်း (၃၄၅-၃၄၆)

Vol. 18 Ch. 345-346

အခန်း (၃၄၅-၃၄၆)

Vol. 18 Ch. 345-346

အခန်း (၃၄၅)အစုလိုက်အပြုံလိုက် တိုက်ပွဲကြီး (အပိုင်း ၂)

ကျူးရွှမ်းကျိသည် မျက်မှောင်ကို အထပ်ထပ်ကြုတ်လျက် "ချော်ရည်နန်းတော်ထဲမှာ ရွှေအမြုတေအဆင့် စက်မှုရုပ်သေး သုံးရုပ်ရှိတာ အသေအချာပဲ။ အဲဒါတွေကတော့ မိစ္ဆာစစ်သူကြီး၊ တာအိုဆရာနဲ့ ဗုဒ္ဓဘာသာသမားတော်တို့ ဖြစ်ကြတယ်" ဟု ရေရွတ်လိုက်လေသည်။

တာအိုဆရာသည် မသေမျိုးနန်းတော်အတွင်း၌သာ အမြဲကိန်းဝပ်နေလေ့ရှိ၏။ မိစ္ဆာစစ်သူကြီးမှာမူ ပျက်စီးယိုယွင်းလျက် အပြင်လောကတွင် စွန့်ပစ်ခြင်းခံထားရရာမှ ကျူးရွှမ်းကျိ၏ လက်သို့ရောက်ရှိခဲ့ပြီး ပြန်လည်ပြင်ဆင်ပြီးနောက် ချော်ရည်နန်းတော်သို့ တစ်ဖန်ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပေသည်။

သို့သော်လည်း ဗုဒ္ဓဘာသာသမားတော်၏ သတင်းအစအနမှာမူ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မည်သူမျှ မသိရှိကြချေ။

ယခုအခါတွင်မူ ကျူးရွှမ်းကျိသည် ထိုဗုဒ္ဓဘာသာသမားတော်နှင့် ပတ်သက်သည့် သဲလွန်စအချို့ကို ရှာဖွေတွေ့ရှိသွားပြီ ဖြစ်သည်။

"တစ်စုံတစ်ယောက်က လက်ဦးမှုယူပြီး သိမ်းပိုက်ထားတာပဲ"

"ဘယ်သူ ဖြစ်နိုင်မလဲ"

ထိုသို့သော ပဟေဠိမှာ ပိုမိုနက်ရှိုင်းလာတော့သည်။

ကျူးရွှမ်းကျိသည် နံပါတ်လေး ရွှေမီးဖိုမှတစ်ဆင့် ဝိညာဉ်ရိုက်စူးနှင့် ပတ်သက်သော သဲလွန်စများကို ဆက်လက်ရှာဖွေနိုင်မည်ဟု ထင်မှတ်ခဲ့မိ၏။

အကယ်၍ ၎င်း၏ အားနည်းချက်ကိုသာ ရှာတွေ့ခဲ့ပါက ပို၍ပင် အဆင်ပြေမည် ဖြစ်သော်လည်း သူသည် မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ပေ။

လက်ရှိအခြေအနေမှာ အလွန်တရာ တင်းမာလှသဖြင့် သူသည် အချိန်ယူ၍ စဉ်းစားမနေနိုင်တော့ချေ။

ကျူးရွှမ်းကျိသည် ထိုသဲလွန်စကို စိတ်ထဲ၌ မှတ်သားထားလိုက်ပြီး အစွမ်းကုန် ရှေ့သို့ တိုးဝင်သွားလေတော့သည်။

ကြားစခန်းဆောင် လျှို့ဝှက်ခန်းမမှာ နောက်တစ်ကြိမ် ထပ်မံတုန်ခါလာပြန်သည်။

လျှပ်စစ်စီးကြောင်းများ၏ ဟိန်းဟောက်သံများမှာလည်း ပတ်ဝန်းကျင်၌ ပျံ့လွင့်လာ၏။

ဒုတိယအကြိမ်မြောက် အပြောင်းအလဲမှာ ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်ရာ ယခုအပြောင်းအလဲမှာ ‘အပြောင်းအလဲကြီး’ ပင် ဖြစ်ပေတော့သည်။

အပြောင်းအလဲငယ်များမှာ စမ်းသပ်မှုတွင် ယှဉ်ပြိုင်နေကြသော ကျင့်ကြံသူများအကြား အလှမ်းဝေးသွားစေသော်လည်း အပြောင်းအလဲကြီးများမှာမူ ဆန့်ကျင်ဘက်ဖြစ်ပြီး ကျင့်ကြံသူများအကြား တစ်ဦးနှင့်တစ်ဦး ထိပ်တိုက်တွေ့ဆုံနိုင်ခြေကို ပိုမိုများပြားစေလေသည်။

"ကျူးရွှမ်းကျိ" ဟု မုန့်မျိုးနွယ်စုမှ ရွှေအမြုတေအဆင့် ကိုယ်ခံပညာကျင့်ကြံသူက ဟိန်းဟောက်လိုက်ပြီး "မင်း ဘယ်ကို ပြေးနိုင်ဦးမှာလဲ" ဟု မေးလိုက်သည်။

ကျန်းတန်လျန်ကလည်း ရက်စက်သော အပြုံးဖြင့် "ဘာဖြစ်လို့ တိုက်ပွဲကနေ ရှောင်နေတာလဲ" ဟု ဆိုလာ၏။

ကျူးရွှမ်းကျိကမူ နှာခေါင်းတစ်ချက် ရှုံ့လိုက်ရုံသာ ပြုသည်။

သူသည် တိုက်ပွဲကို ကြောက်ရွံ့နေခြင်းမဟုတ်ဘဲ မြို့စားမင်းဂေဟာ၏ အကြံအစည်ကို ကြိုတင်မြင်နေခြင်း ဖြစ်သည်။ တစ်ဖက်တွင် ကျန်းတန်လျန်နှင့် မုန့်မျိုးနွယ်စုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူကို အသုံးချကာ ကျူးရွှမ်းကျိကို အချိန်ဆွဲထားစေပြီး အခြားတစ်ဖက်တွင်မူ မုန့်ချုံကို ကြားစခန်းဆောင်မှ ထွက်ခွာနိုင်ရန် လမ်းစများ ပိုမိုရှာဖွေပေးရန် ရည်ရွယ်ထားခြင်းပင်။

ထို့ကြောင့် အပြောင်းအလဲတစ်ခုစီ တိုင်းတွင် လူတိုင်းအတွက် ခြေလှမ်းသုံးဆယ့်ခြောက်လှမ်းစီသာ ကျန်ရှိတော့သည်။

ကျူးရွှမ်းကျိသည် ယခင်ကအတိုင်း နောက်သို့ဆုတ်ကာ စစ်ဗျူဟာကို အသုံးပြုနေသော်လည်း သူ၏နောက်မှ လိုက်ပါလာသော မုန့်နှင့်ကျန်း နှစ်ဦးကြောင့် သူ၏အရှိန်မှာ များစွာနှေးကွေးသွားရသည်။

"ကောင်းပြီလေ။ မင်းတို့နှစ်ယောက်ကို အရင်ဆုံး ရှင်းပစ်လိုက်တာက ပိုကောင်းမယ်ထင်တယ်"

ကျူးရွှမ်းကျိသည် မျက်နှာသေဖြင့် လှည့်ကြည့်ကာ မုန့်နှင့်ကျန်းတို့ကို စတင်တိုက်ခိုက်လိုက်တော့သည်။

ကျန်းတန်လျန်ကမူ "ဒီလိုမှပေါ့ အကြီးအကဲကျူးရဲ့။ ဒါမှ ပိုပြီး အဆင်ပြေမှာပါ" ဟု ခပ်နောက်နောက် ဆိုလိုက်၏။

သူသည် သူ၏တံစဉ်ကို ဝှေ့ယမ်းကာ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်လေသည်။

တစ်ချိန်တည်းမှာပင် မုန့်မျိုးနွယ်စုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူသည်လည်း လက်ဝဲဘက်မှနေ၍ တိုက်ခိုက်လာရာ သူ၏လက်သီးချက်မှာ လေထုကို ဖြတ်သန်းကာ အားအင်အပြည့်ဖြင့် လေးလံလှသော ဖိအားကို ဖြစ်ပေါ်စေသည်။

ဝုန်း။

ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုအပြီးတွင် ကျန်းတန်လျန်နှင့် မုန့်မျိုးနွယ်စု ကျင့်ကြံသူတို့မှာ သွေးအန်လျက် နောက်သို့ လွင့်စဉ်သွားကြတော့သည်။

၎င်းတို့နှစ်ဦးမှာ အနေအထားကို အမြန်ဆုံးပြန်လည်ပြင်ဆင်ကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြ၏။

ထိုအခါ ကျူးရွှမ်းကျိ၏ ကိုယ်ပေါ်တွင် ရွှေတောင်ပမာ ကျင့်စဉ်၏ နက်ရှိုင်းသော အလင်းတန်းများ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရပေသည်။

ထိုရွှေတောင်ပေါ်တွင်လည်း ရွှေခက်ကျောက်စိမ်းရွက်များမှာ လှပစွာ လှုပ်ခါလျက် သာယာသော အသံများကို မြည်ဟီးနေ၏။

"နတ်ဘုရားပညာရပ် သုံးမျိုးတောင်လား"

"ရွှေတောင်ပမာကျင့်စဉ်၊ ကျောက်စိမ်းတိုင်သဖွယ်ကျင့်စဉ်... ဒါက မဖြစ်နိုင်တာ။ မင်းက နတ်ဘုရားမုဆိုး တစ်ယောက် မဟုတ်ဘူးလား"

ကျန်းတန်လျန်နှင့် မုန့်မျိုးနွယ်စု ကျင့်ကြံသူတို့မှာ အံ့အားသင့်စွာဖြင့် တစ်ယောက်တစ်လှည့် အော်ဟစ်လိုက်ကြကုန်သည်။

ကျူးရွှမ်းကျိမှာမူ မည်သည့်စကားမျှ မဆိုဘဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် တိုက်ခိုက်မှုကို စတင်လိုက်တော့သည်။

ဝုန်း... ဝုန်း... ဝုန်း...

ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲကြောင့် စစ်တလင်းဖြစ်နေသော အဆောင်မှာလည်း အဆက်မပြတ် တုန်ခါနေကာ ပြင်းအားမှာလည်း တဖြည်းဖြည်း ပိုမိုကြီးမားလာလေတော့သည်။

နဂါးလိပ် မီးလျှံဝိညာဉ်မှာ မုန့်ချုံကို လမ်းညွှန်ပြသနေ၏။

အပြောင်းအလဲကြီး ဖြစ်ပေါ်ပြီးနောက်တွင် မုန့်ချုံသည် ထွက်ပေါက်နှင့် မလှမ်းမကမ်းသို့ ရောက်ရှိနေသည်ကို သူက စိတ်လှုပ်ရှားစွာ တွေ့ရှိလိုက်ရသည်။

"ဘယ်ဘက်က တံခါးပဲ"

"တည့်တည့်က တံခါးကို သွား"

"မင်း ခေါင်းပေါ်က တံခါးပဲ"

နဂါးလိပ် မီးလျှံဝိညာဉ်၏ လမ်းညွှန်မှုအောက်တွင် မုန့်ချုံသည် နောက်ဆုံး၌ လျှို့ဝှက်အခန်းဆောင် တစ်ခုသို့ ရောက်ရှိသွားတော့သည်။

မုန့်ချုံ ဝင်လာသည့် တံခါးမှအပ အခြားတံခါးတစ်ချပ်သာ ကျန်ရှိတော့၏။

၎င်းမှာ ကြီးမားလှသော တံခါးကြီးတစ်ချပ်ပင် ဖြစ်သည်။

ထိုတံခါးပေါ်တွင် သစ်သားတုံးများစွာကို တစ်ခုနှင့်တစ်ခု ဆက်စပ်လျက် တပ်ဆင်ထားပြီး ထိုသစ်သားတုံးများပေါ်တွင်လည်း စာလုံးများကို ထွင်းထုထားပေသည်။

နဂါးလိပ် မီးလျှံဝိညာဉ်က "ဒီစာလုံးတွေကို အသုံးပြုပြီး 'ဓာတ်ငါးပါးညှိနှိုင်းခြင်းပညာရပ်' ကို မှန်ကန်အောင် စီစဉ်လိုက်ရင် မင်း ဒီတံခါးကြီးကို ဖွင့်ပြီး ကြားစခန်းဆောင်ကနေ ထွက်သွားနိုင်လိမ့်မယ်" ဟု ဆက်လက်ပြောကြားလိုက်သည်။

မုန့်ချုံမှာ များစွာဝမ်းမြောက်သွားပြီး တံခါးဆီသို့ အားတက်သရော ပြေးသွားလေတော့သည်။

ထိုခဏ၌ပင် နဂါးလိပ် မီးလျှံဝိညာဉ်ထံမှ "သတိထားဦး။ ရန်သူ ရောက်လာပြီ" ဟူသော သတိပေးချက် ထွက်ပေါ်လာ၏။

မုန့်ချုံသည် ချက်ချင်းပင် အာရုံရသွားပြီး အနောက်သို့ လှည့်ကြည့်လိုက်ရာ သူ ဝင်လာခဲ့သော တံခါးငယ်လေးမှာ ပွင့်လာပြီး ပြန်ပိတ်သွားသည်ကို တွေ့လိုက်ရသည်။

"ဘယ်သူလဲ"

"ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်နေတဲ့ လူသူမရှိတဲ့ ကြောက်တတ်တဲ့သူပဲ ဖြစ်ရမယ်"

မုန့်ချုံသည် ကျင့်စဉ်တစ်ခုကို အသုံးပြုကာ တံခါးပတ်ဝန်းကျင်သို့ တိုက်ခိုက်လိုက်၏။

သာမန်အားဖြင့်ဆိုလျှင် နင်းကျော့သည် ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်မည် ဖြစ်သော်လည်း မုန့်ချုံသည် ထိုကျင့်စဉ်ကို ပင်ကိုပါရမီဖြစ်သော ပြင်းထန်သော လျှပ်စီးအဟုန်နှင့် ပေါင်းစပ်အသုံးပြုလိုက်သဖြင့် နင်းကျော့မှာ မမျှော်လင့်ဘဲ အတိုက်ခံလိုက်ရတော့သည်။

နင်းကျော့သည် ခပ်တိုးတိုး ရယ်မောလိုက်ရင်း ထိုတိုက်ခိုက်မှုကို ခံယူကာ ကိုယ်ထင်ပြလိုက်၏။

"နင်းကျော့လား" မုန့်ချုံမှာ များစွာအံ့အားသင့်သွားပြီး သူသည် စွန်းလင်ထုံ ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့မိခြင်းပင်။

"မင်း ဒီကို ပြန်လာတာပဲ။ လက်မခံနိုင်ဘူးပေါ့ ဟုတ်လား။ ငါသာ မင်းနေရာမှာဆိုရင်လည်း ဒီလိုပဲ လုပ်မှာပါ" ဟု မုန့်ချုံက ခေါင်းငြိမ့်ပြလိုက်သည်။

ထို့နောက်တွင် သူ၏မျက်လုံးများ၌ ရက်စက်သော အလင်းတန်းများ ပေါ်ထွက်လာပြီး "ဒါပေမဲ့ မင်းက ငါ့ကို တားနိုင်မယ်လို့ ထင်နေရင်တော့ အိမ်မက်မက်နေတာပဲ ဖြစ်လိမ့်မယ်" ဟု ဆို၏။

"ငြိမ်ငြိမ်လေးပဲ ဘေးဖယ်နေစမ်းပါ။ ဒါက မင်းအတွက် ကပြရမယ့် စင်မြင့်မဟုတ်ဘူး"

စကားပြောနေစဉ်မှာပင် သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် နင်းကျော့ဆီသို့ ချိန်ရွယ်လိုက်သည်။

သူ၏လက်သီးတွင် လျှပ်စစ်စီးကြောင်းများ ရစ်ပတ်နေပြီး ပြင်းထန်သော လျှပ်စီးအဟုန်ကို အသုံးပြုရန် အဆင်သင့်ဖြစ်နေပေပြီ။

နင်းကျော့က ပြုံးလိုက်ပြီး သူ၏အစွမ်းဖြင့် ရှေ့သို့ တိုးဝင်လာကာ "တိုက်ကြတာပေါ့" ဟု ရိုးရိုးရှင်းရှင်းပင် ဆိုလိုက်၏။

မုန့်ချုံက "ဟား... ဒါဆိုရင်တော့ မင်းကို ဆယ်ချက်လောက် အသက်ရှူရုံအတွင်းမှာပဲ အပြတ်ရှင်းပေးလိုက်မယ်" ဟု အားရပါးရ ရယ်မောလိုက်လေသည်။

လျှပ်စီးတန်းတစ်ခုသဖွယ် သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် နင်းကျော့၏ ရှေ့သို့ ရောက်ရှိလာ၏။

သို့သော်လည်း သူ၏လက်သီးမှာ နင်းကျော့၏ ပါးပြင်သို့ မထိမှန်မီမှာပင် သူ၏ခန္ဓာကိုယ်ပေါ်တွင် နှင်းပွင့်များ ဖုံးလွှမ်းသွားကာ အထူးသဖြင့် သူ၏လက်သီးမှာ ရေခဲလွှာများဖြင့် ဖုံးအုပ်ခြင်း ခံလိုက်ရတော့သည်။

၎င်းမှာ စက်မှုပညာရပ်ဖြစ်သော 'ရေခဲကျောက်စိမ်းနှင်းခဲ' ပင် ဖြစ်ပေသည်။

"ဒါက စိတ်ဝင်စားစရာပဲ" မုန့်ချုံသည် ခဏတာ နောက်သို့ ဆုတ်လိုက်၏။

"မီးလျှံနှစ်ခြင်းပညာရပ်"

သူ၏ခန္ဓာကိုယ်မှာ မီးတောက်များအတွင်း ရေချိုးနေသကဲ့သို့ ဖြစ်သွားပြီး နှင်းခဲများကို ဖယ်ရှားလိုက်ကာ တစ်ဖန်ပြန်လည် သွက်လက်လာပြန်သည်။

ပင်ကိုပါရမီ - ပြင်းထန်သော လျှပ်စီးအဟုန်။

သူသည် ရှေ့သို့ တိုးဝင်လာသော်လည်း နောက်သို့ ပြန်လည်လွင့်စဉ်သွားရပြန်၏။

နင်းကျော့၏ ဘေးတွင် ကြီးမားလှသော စက်မှုမျောက်တစ်ကောင် ပေါ်ထွက်လာပေပြီ။

၎င်းကို ရွှေအမြုတေအဆင့် ကုန်ကြမ်းများဖြင့် တည်ဆောက်ထားခြင်းပင်။

နင်းကျော့က သူ၏ဘေးရှိ စက်မှုမျောက်ကို ပုတ်ကာ "ဒီကောင်လေးကို 'သွေးနီမျောက်ကြီး' လို့ ငါ နာမည်ပေးထားတယ်၊ မုန့်အစ်ကိုကြီး... အားရပါးရ တိုက်ခိုက်ကြည့်ပါဦး" ဟု ဆိုလိုက်သည်။

မုန့်ချုံသည် နင်းကျော့ကို အရင်ကနှင့်မတူသော အကြည့်မျိုးဖြင့် ပြန်လည်ကြည့်လိုက်၏။

"မင်းက ငါနဲ့ ထိုက်တန်တဲ့ ပြိုင်ဘက်တစ်ယောက်ပါပဲ၊ လာစမ်း... တိုက်ကြတာပေါ့" မုန့်ချုံသည် နောက်တစ်ကြိမ် တိုးဝင်တိုက်ခိုက်ပြန်သည်။

ချော်ရည်နန်းတော်၏ အတွင်းပိုင်းတွင်မူ-

ကျန်းရွှမ်းကောမှာ သွေးအန်လျက် အသည်းအသန် ထွက်ပြေးနေရပြီး နင်းကျိုဖန်ထံသို့ "နင်းမျိုးနွယ်စု ဘိုးဘေးကြီး... ညီနောင်နင်း။ ကျွန်တော့်ရဲ့ လိပ်ပြာတောင်ပံဓားကို ပြန်ပေးပါ၊ မင်း ဘာတောင်းတောင်း ကျွန်တော် သဘောတူပါ့မယ်" ဟု အဆက်မပြတ် သတင်းပို့နေပေသည်။

နင်းကျိုဖန်ကမူ နှာခေါင်းတစ်ချက် ရှုံ့ကာ "မင်းလို ယုတ်မာတဲ့ ကောင်က ငါ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့ပြီးမှ ဘယ်မျက်နှာနဲ့ လာပြီး ညှိနှိုင်းနေတာလဲ၊ ငါ ပြန်မပေးနိုင်ဘူး" ဟု ပြတ်ပြတ်သားသား ငြင်းဆိုလိုက်၏။

ထိုသို့ ငြင်းဆိုခြင်းမှာ ကျန်းရွှမ်းကောကို လုံးဝ မျှော်လင့်ချက် ကုန်ဆုံးသွားစေတော့သည်။

လက်နက်မရှိဘဲ သူသည် ထျန်းချင်နန်းတော်မှ ရွှေအမြုတေအဆင့် ကျင့်ကြံသူ နှစ်ဦးကို ယှဉ်နိုင်စွမ်း မရှိချေ။

သူသည် အမှန်တကယ်ပင် ဘေးကျပ်နံကျပ် ဖြစ်နေရပေပြီ။

"ငါ သေရရင်တောင် မင်းတို့ကို အလွယ်တကူ အသေခံမှာ မဟုတ်ဘူး" ကျန်းရွှမ်းကောသည် စိတ်ပျက်လက်ပျက်ဖြင့် နင်းကျိုဖန်ဆီသို့ တိုးဝင်သွားလေသည်။

နင်းကျိုဖန်က ဒေါသတကြီး ရယ်မောလိုက်ပြီး တိုက်ခိုက်ရေးမှော်ပညာကို အသုံးပြုကာ ကျန်းရွှမ်းကောကို အတိအကျ တိုက်ခိုက်လိုက်၏။

ကျန်းရွှမ်းကောမှာ ခန္ဓာကိုယ် တောင့်တင်းသွားပြီး ဟာကွက်ကြီးတစ်ခု ပေါ်လာတော့သည်။

ထိုအခါ အတွေ့အကြုံရှိလှသော ထျန်းချင်နန်းတော်မှ ကျင့်ကြံသူများက နောက်မှ လိုက်လာကာ အသေအလဲ တိုက်ခိုက်လိုက်ကြပေရာ ကျန်းရွှမ်းကောမှာ အသည်းအသန် အော်ဟစ်လျက် မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားတော့သည်။

သူသည် ဤအုတ်အော်သောင်းနင်း တိုက်ပွဲကြီးအတွင်း၌ ပထမဆုံး ကျဆုံးသွားရသော ရွှေအမြုတေအဆင့် ကျင့်ကြံသူပင် ဖြစ်ပေတော့သည်။

သူသည် ပထမဆုံးသာ ဖြစ်ပြီး နောက်ဆုံးတော့ မဟုတ်နိုင်ချေ။

သူ၏နောက်တွင်လည်း ရွှေအမြုတေအဆင့် ကျင့်ကြံသူများစွာမှာ သေဆုံးခြင်း သို့မဟုတ် ထွက်ပြေးခြင်းများ ရှိလာပေဦးမည်။

တိုက်ပွဲမှာ အလွန်တရာ ပြင်းထန်လှပြီး စစ်တလင်းမှာလည်း ရှုပ်ထွေးလှပေသည်။

ယခင်က ဘိုးဘေးများဟု အလေးအမြတ် ထားခြင်းခံရသူများမှာ ယခုအခါတွင်မူ တိုက်ပွဲ၏ သားကောင်များသာ ဖြစ်နေကြရ၏။

မီးလျှံသားရဲ ဒီရေမှာလည်း အဆက်မပြတ် တိုးဝင်လာနေပေသည်။

မျိုးနွယ်စု သုံးခုနှင့် မြို့စားမင်းဂေဟာတို့မှ အဆင့်နိမ့် ပါရမီရှင်များမှာ ကြားစခန်းဆောင်အတွင်းသို့ ရောက်ရှိနေကြသဖြင့် အတွင်းပိုင်း ကာကွယ်ရေးမှာ အားနည်းနေပြီး သားရဲဒီရေကို မခုခံနိုင်တော့ဘဲ တစ်ခုပြီးတစ်ခု ပြိုလဲပျက်စီးကုန်တော့သည်။

ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိသော မီးလျှံနတ်ဆိုး သားရဲ သုံးကောင်ကိုမူ မုန့်ခွေက ဆက်လက် ထိန်းချုပ်ထားနိုင်ဆဲပင်။

သို့သော် နောက်တစ်ခဏမှာပင် ထျန်းချင်နန်းတော်မှ အမြီးငါးချောင်းမီးလျှံမြေခွေးမှာ ပေါ်လာပြန်ပြီး မီးလျှံတန်း ငါးခုကို လွှတ်ထုတ်လိုက်ပြန်သည်။

ထိုမီးလျှံတန်းများမှာ ကြယ်တံခွန်များသဖွယ် လျင်မြန်လှသဖြင့် မုန့်ခွေ၏ ဝိညာဉ်စွမ်းအား လက်ဝါးဖြင့် တားဆီးထားသော်လည်း မီးလျှံနှစ်ခုမှာ မသေမျိုးနန်းတော်၏ အတွင်းပိုင်းသို့ ရောက်ရှိသွားပေသည်။

မီးလျှံတန်း တစ်ခုမှာ ဆေးဝါးခန်းမပေါ်သို့ ကျရောက်သွားရာ ထိုနေရာအနီးတွင် နင်းကျိုဖန် ရှိနေပေသည်။ ထိုပေါက်ကွဲမှုကြောင့် မီးလျှံများမှာ ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။

ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိသော မီးပင်လယ်အတွင်း၌ ပိတ်မိနေသော နင်းကျိုဖန်မှာ မိမိကိုယ်ကို ကယ်တင်ရန် အသည်းအသန် ကြိုးပမ်းနေရသည်။ သူ၏ နှင်းခဲများမှာလည်း မီးလျှံများရှေ့တွင် အရည်ပျော်သွားရပြီး မည်သို့မျှ မခုခံနိုင်တော့ချေ။

"ငါ့အချိန် ရောက်ပြီထင်ပါရဲ့" ဟု နင်းကျိုဖန်က ညည်းတွားနေစဉ်မှာပင် မျောက်မကြီးတစ်ကောင်က သူ့ကို ပွေ့ချီကာ ထိုမီးပင်လယ်အတွင်းမှ လျင်မြန်စွာ ကယ်ထုတ်သွားလေတော့သည်။

နင်းကျိုဖန်မှာ မိမိကို ကယ်တင်လိုက်သော ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိ ချော်ရည်နတ်ဆိုးမျောက်ကို ကြည့်ရင်း စိတ်ထဲ၌ ဝေခွဲမရ ဖြစ်နေရပေတော့သည်။

အခြားသော မီးလျှံတန်းတစ်ခုမှာမူ ပင်မဆောင်သို့ ကျရောက်သွားသော်လည်း ကြားစခန်းဆောင်၏ အစီအရင်များက စုပ်ယူလိုက်သဖြင့် အန္တရာယ်မှ ကင်းဝေးသွားရ၏။

ဝုန်း။

ထိုပေါက်ကွဲမှုနှင့်အတူ မီးလျှံများမှာ ခရမ်းရောင်နှင့် အပြာရောင် လျှပ်စီးကြောင်းများကို ဝါးမြိုသွားပြီး ဟင်းလင်းပြင်တစ်ခုကို ပေါ်ထွက်လာစေသည်။

လျှို့ဝှက်ခန်းမများစွာမှာ မီးလောင်ကျွမ်းသွားပြီး အတွင်းရှိ ကျင့်ကြံသူများစွာမှာလည်း သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရရှိခြင်းများ ဖြစ်ပေါ်ကုန်တော့သည်။

ထို့ကြောင့်ပင် သက်ဆိုင်ရာ တားမြစ်ချက်များမှာလည်း များစွာ အားနည်းသွားရပေတော့သည်။

"အထဲကို ဝင်လို့ရပြီဟေ့" ဟု ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးက တွေ့ရှိသွားပြီး ထိုလျှို့ဝှက်ခန်းမအတွင်းသို့ ချက်ချင်းပင် တိုးဝင်သွားလေသည်။

သူ၏ အောင်မြင်မှုကြောင့် အခြားသူများကလည်း လိုက်လံလုပ်ဆောင်ကြတော့၏။

ရှုကျုံးကျွင်း၊ ခရမ်းရောင် အာရုဏ်ဆောင်မှ ရွှေအမြုတေအဆင့် တပည့် ၊ လော့ရှန်၊ ယန်ချန်ယွီနှင့် မုန့်မျိုးနွယ်စုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၊ အခြားသော အရိပ်နက် မိစ္ဆာကျင့်ကြံသူများ အားလုံးမှာ ထိုအခန်းဆောင်အတွင်းသို့ တိုးဝင်သွားကြတော့သည်။

ရွှေအမြုတေအဆင့် စစ်ကူများ ရောက်ရှိလာခြင်းကြောင့် မုန့်မျိုးနွယ်စုမှ ကျင့်ကြံသူနှင့် ကျန်းတန်လျန်တို့မှာ ကယ်တင်ခြင်း ခံလိုက်ရ၏။

ကျူးရွှမ်းကျိမှာမူ နတ်ဘုရားပညာရပ် သုံးမျိုးစလုံးကို ပိုင်ဆိုင်ထားသဖြင့် ဤတိုက်ပွဲတွင် အသာစီး ရရှိနေဆဲပင် ဖြစ်သည်။

ဝိညာဉ်ရိုက်စူးမှာ ထက်မြက်လှသော်လည်း ကျူးရွှမ်းကျိမှာမူ ၎င်း၏ တိုက်ခိုက်မှုကို မကြာခဏ အထိမခံဘဲ ရှောင်တိမ်းနေ၏။

ကျန်းတန်လျန်မှာမူ အလွန်အမင်း အားနည်းနေပြီး သူ၏ ကိုယ်ခံပညာမှာလည်း ကျူးရွှမ်းကျိထက် များစွာ နိမ့်ပါးလှပေရာ လက်နက်ကောင်း ရှိသော်လည်း ကောင်းစွာ အသုံးမချနိုင်ဘဲ ဖြစ်နေရသည်။

မုန့်မျိုးနွယ်စုမှ ကျင့်ကြံသူ၏ အခြေအနေမှာမူ ပို၍ပင် ဆိုးရွားလှ၏။ သူ၏ အရိုးများမှာ နေရာအနှံ့ ကျိုးပဲ့နေပြီး တစ်ကိုယ်လုံးတွင်လည်း ဒဏ်ရာများဖြင့် ပြည့်နှက်နေကာ အသက်ကိုပင် အနိုင်နိုင် လုနေရရှာသည်။

"ကျူးရွှမ်းကျိ၊ အရမ်းလည်း ဘဝင်မမြင့်ပါနဲ့ဦး"

"အားလုံး အတူတူ တိုက်ကြစို့၊ တွေဝေမနေနဲ့တော့"

ရွှေအမြုတေအဆင့် ကျင့်ကြံသူ အများအပြားက မှော်ကျင့်စဉ်များနှင့် မူလသန့်စင်ရတနာများကို အသုံးပြုကာ အရှိန်အဟုန်ဖြင့် ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြတော့သည်။

ကျူးရွှမ်းကျိသည် သူ၏ နတ်ဘုရားပညာရပ် သုံးမျိုးစလုံးကို အစွမ်းကုန် အသုံးပြုလိုက်၏။ ရွှေတောင်ပမာကျင့်စဉ်၏ အလင်းတန်းများ ပေါ်ထွက်လာကာ ရွှေခက်ကျောက်စိမ်းရွက်များ၏ မြည်သံများမှာလည်း ကျယ်လောင်လာပြီး ကျောက်စိမ်းတိုင်သဖွယ်ကျင့်စဉ်မှာလည်း ခိုင်ခံ့စွာ ရပ်တည်နေပေသည်။

သူသည် ရန်သူများ၏ တိုက်ခိုက်မှုများကို ခံယူရင်း သူ၏ ပင်ကိုပါရမီကို အသုံးပြုလိုက်၏။

ပင်ကိုပါရမီ - ရွှေမျက်စိ။

နတ်ဘုရားပညာရပ် - ကန်ကော။

ပင်ကိုပါရမီ နတ်ဘုရားပညာရပ် - ထက်မြက်သော ရွှေလှံ။

ရွှေလှံများမှာ ဒီရေကို ဆန့်ကျင်ကာ ရှေ့သို့ တိုးဝင်သွားပြီး အတားအဆီးများကို အတိအကျ ဖြတ်သန်းသွားတော့သည်။ ၎င်းတို့သည် ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို ထိမှန်သွားသဖြင့် ၎င်းတို့မှာ ပြင်းထန်သော ဒဏ်ရာများကို ရရှိကုန်ကြတော့၏။

ကျူးရွှမ်းကျိအပေါ် တိုက်ခိုက်နေသော ပြင်းထန်မှုများမှာလည်း များစွာ လျော့ပါးသွားရလေသည်။

"ဟဲဟဲ... မင်းတို့အားလုံး သေရမှာပဲ" ကျန်းတန်လျန်၏ မျက်လုံးများမှာ သွေးကဲ့သို့ နီမြန်းလာပြီး သူ၏ ဝိညာဉ်ရိုက်စူးကို ရုတ်တရက် ပစ်လွှတ်လိုက်လေသည်။

ထိုတံစဉ်မှာ လေထဲ၌ အသွင်ပြောင်းသွားကာ စက်မှုမြွေနက်ကြီး တစ်ကောင် ဖြစ်သွားပြီး မုန့်မျိုးနွယ်စုမှ ကျင့်ကြံသူကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်တော့၏။

၎င်းသည် ပါးစပ်ကို ဖြဲလျက် ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ဦးကို တစ်ကိုယ်လုံး ဝါးမြိုပစ်လိုက်လေသည်။

ထို့နောက်တွင်မူ အခြားသူများဆီသို့ ရက်စက်စွာ ဦးလှည့်လာပြန်၏။

မုန့်မျိုးနွယ်စုမှ ကျင့်ကြံသူများမှာ ကျန်းတန်လျန်က သူတို့၏ လူများကို ပြန်လည်တိုက်ခိုက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။ ၎င်းတို့ သတိပြုမိချိန်တွင်မူ ဒုတိယမြောက် သားကောင်၏ ပေါင်မှာ စက်မှုမြွေနက်ကြီး၏ အကိုက်ခံလိုက်ရပေပြီ။

မုန့်မျိုးနွယ်စု ကျင့်ကြံသူများမှာ ဒေါသတကြီးဖြင့် စက်မှုမြွေနက်ကြီးကို ဝိုင်းဝန်းတိုက်ခိုက်ကြသော်လည်း ထိုညဉ့်မိုးစက် မိစ္ဆာလက်နက်မှာမူ ထိုတိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိပြီး ဒုတိယမြောက် သားကောင်ကိုလည်း ဝါးမြိုသတ်ဖြတ်လိုက်ပြန်သည်။

၎င်းသည် တတိယမြောက် ကျင့်ကြံသူဆီသို့ ဆက်လက် တိုးဝင်လာပြန်၏။

မုန့်မျိုးနွယ်စု ကျင့်ကြံသူများမှာလည်း ကြောက်ရွံ့စွာဖြင့် ဖရိုဖရဲ ထွက်ပြေးကြတော့သည်။

ကျန်းတန်လျန်မှာမူ ရက်စက်သော အပြုံးဖြင့် စက်မှုမြွေနက်ကြီးနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာတော့၏။

သူ၏ ရူးသွပ်နေသော အကြည့်များမှာ ကျူးရွှမ်းကျိကိုပင် ကျောချမ်းသွားစေတော့ပေသတည်း။

အခန်း (၃၄၆) ငါ့ကို ဒုက္ခပေးသူမှာ နင်းကျော့ပဲ

ကြားစခန်းဆောင် လျှို့ဝှက်ခန်းမအတွင်းဝယ်။

"သေစမ်း။ အပြင်ထွက်ပေါက်အစစ်က ဘယ်လိုပုံစံမျိုးလဲ။ တကယ်ကို စိတ်ပျက်ဖို့ကောင်းလှချေရဲ့။" ချီတွန်းသည် ဒေါသတကြီး ရေရွတ်ရင်း လမ်းတစ်လျှောက်ရှိ တံခါးအမျိုးမျိုးကို အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်နေလေသည်။

သို့ရာတွင် တံခါးတစ်ခုကို ဖြတ်ကျော်လိုက်တိုင်း အခြားသော လျှို့ဝှက်ခန်းမတစ်ခုသို့သာ ရောက်ရှိသွားပေရာ ချီတွန်းမှာ သူသည် အဆုံးမရှိသော သံသရာစက်ဝန်းအတွင်း ပိတ်မိနေပြီဟု သံသယဝင်လာမိသည်။

"ဒီလိုဖြစ်မယ်မှန်း သိရင် မီးလျှံတောင် မသေမျိုးမြို့တော်မှာပဲ ဆက်နေပြီးတော့ မီးလျှံနတ်ဆိုးသားရဲတွေကို တိုက်ခိုက်နေတာကမှ ပိုကောင်းဦးမယ်။"

သို့သော်လည်း ပြန်လှည့်ရန် လမ်းမရှိပေ။ ယင်းမှာ မုန့်ခွေကိုယ်တိုင် ထုတ်ပြန်ထားသည့် အမိန့်တော် ဖြစ်ပေသည်။

"ဟင်။"

လျှို့ဝှက်ခန်းမတစ်ခုအတွင်းသို့ အတင်းဝင်ရောက်လိုက်ပြီးနောက် ချီတွန်းသည် အရိပ်နက်မိစ္ဆာကျင့်ကြံသူတစ်ဦးကို မြင်တွေ့လိုက်ရသဖြင့် မျက်ဝန်းများ ဝင်းလက်သွားချေသည်။

ထိုမိစ္ဆာကျင့်ကြံသူသည် တံခါးတစ်ခုကို ချက်ချင်းဖွင့်၍ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွား၏။

"မင်း ဘယ်ကို ပြေးနိုင်မှာလဲ။" ချီတွန်းသည် ဝမ်းသာအားရဖြင့် ၎င်းနောက်သို့ အပြေးအလွှား လိုက်လံလေတော့သည်။

လျှို့ဝှက်ခန်းမ သုံးခုခန့်အထိ လိုက်လံပြီးနောက် ထိုအရိပ်နက်မိစ္ဆာကျင့်ကြံသူတွင် တိကျသော ဦးတည်ချက်ရှိကြောင်း ချီတွန်း သတိပြုမိလာသည်။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် တံခါးများကို ရွေးချယ်ရာတွင် တုံ့ဆိုင်းခြင်းမရှိဘဲ တစ်စုံတစ်ရာသော နည်းလမ်းအတိုင်း လိုက်နာနေသောကြောင့်ပင် ဖြစ်သည်။

၎င်းတို့နှစ်ဦးကြားရှိ အကွာအဝေးမှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်။ နောက်ဆုံးတွင်မူ ချီတွန်းသည် အရိပ်နက်မိစ္ဆာကျင့်ကြံသူကို မှီသွားလေတော့သည်။

သူသည် ရှိသမျှ ခွန်အားကို စုစည်းကာ လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်ရာ လေထုမှာပင် တဝီဝီမြည်ဟီးလျက် ပေါက်ကွဲထွက်မတတ် ရှိတော့သည်။

အရိပ်နက်မိစ္ဆာကျင့်ကြံသူသည်လည်း ပြေးလွှားနေရင်းမှ ခန္ဓာကိုယ်ကို လှည့်ကာ ကာကွယ်ရန် လက်တစ်ဖက်ကို မြှောက်လိုက်၏။

ဝုန်း။

ပြင်းထန်သော အသံကြီးနှင့်အတူ မိစ္ဆာကျင့်ကြံသူမှာ နောက်သို့ အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားသည်။ ထိုအချိန်တွင် ချီတွန်းမှာမူ သွားကို တင်းတင်းစေ့လျက် တစ်နေရာတည်း၌ ရပ်တန့်နေရသည်။

သူ၏ ရင်ဘတ်ပေါ်တွင် လိမ္မော်ရောင် အဆောင်လက်ဖွဲ့ကြီးတစ်ခု ကပ်ငြိနေပြီး ယင်းမှ ပြင်းထန်သော ချိပ်ပိတ်အစွမ်းများ ပျံ့နှံ့လာသောကြောင့် ဖြစ်ပေသည်။

ချီတွန်း၏ မျက်ဝန်းများတွင် သွေးအပြည့်နှင့် ဒေါသမာန်များ ဟုန်းဟုန်းတောက်လာသည်။ သူသည် သူ၏ ရွှေအမြုတေအဆင့် ဝိညာဉ်စွမ်းအားကို အစွမ်းကုန် လှုံ့ဆော်လိုက်ရာ ကြွက်သားများ ဖောင်းကားလာပြီး ခန္ဓာကိုယ်မှ အငွေ့များ ထွက်လာကာ သွေးကြောများမှာလည်း နဂါးများအလား ရုန်းကြွလာလေသည်။

သူသည် ခေါင်းကို ဖြည်းညင်းစွာ မော့ကြည့်လိုက်ရာ ချိပ်ပိတ်ခံထားရသဖြင့် ထိုအပြုအမူလေးမှာပင် တောင်တစ်လုံးကို မတင်နေရသကဲ့သို့ ခက်ခဲလှသည်။

သို့သော် ချီတွန်းကမူ ဂရုမစိုက်ပေ။ သူသည် မိစ္ဆာကျင့်ကြံသူ ထွက်ပြေးသွားရာ လမ်းဘက်သို့ စူးစိုက်ကြည့်ရင်း စိတ်ထဲမှ ကြွေးကြော်လိုက်မိသည်။

"သူပဲ။"

တိုက်ကွက်တစ်ခုတည်းနှင့်ပင် ထိုသူမှာ ယခင်က မီးလျှံသီးတောအုပ်အတွင်း သူလိုက်လံတိုက်ခိုက်ခဲ့သည့် အရိပ်နက်မိစ္ဆာကျင့်ကြံသူနှင့် တစ်ဦးတည်းဖြစ်ကြောင်း ချီတွန်း ချက်ချင်း နားလည်သွားသည်။

"မင်းကို ဒီမှာ ပြန်တွေ့မယ်လို့ မထင်ထားဘူး။ အား။" ချီတွန်းသည် ရုတ်တရက် အော်ဟစ်လိုက်ပြီး လက်မောင်းများကို အစွမ်းကုန် လှုပ်ရှားကာ ခန္ဓာကိုယ်ပေါ်ရှိ ချိပ်ပိတ်အဆောင်ကို အပိုင်းပိုင်းအစစ ဖြစ်အောင် ရိုက်ခွဲပစ်လိုက်သည်။

သူ၏ ပါးစပ်နှင့် နှာခေါင်းမှ သွေးများ ချက်ချင်း ပန်းထွက်လာသော်လည်း သူကမူ လျစ်လျူရှုထား၏။

ဒေါသမာန် အပြည့်ဖြင့် ထိုမိစ္ဆာကျင့်ကြံသူ ပျောက်ကွယ်သွားသည့်ဘက်သို့ အဟုန်ပြင်းစွာ ပြေးဝင်သွားလေတော့သည်။

ဒုန်း ဒုန်း ဒုန်း။

တံခါးများကို ရိုက်ချိုးသံနှင့် ပြန်ပိတ်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေသည်။

"ဘယ်သူလဲ။" ခရမ်းရောင် အာရုဏ်ဆောင်မှ ရွှေအမြုတေအဆင့် တပည့်ရင်းဖြစ်သူ ရှုကျုံးကျွင်းသည်လည်း လျှို့ဝှက်ခန်းမအတွင်း ရှာဖွေစူးစမ်းနေဆဲ ဖြစ်သည်။

သူ၏ အာရုံခံနိုင်စွမ်းအတွင်းသို့ ရွှေအမြုတေအဆင့်ရှိ ကျင့်ကြံသူတစ်ဦး ရုတ်တရက် ကျူးကျော်ဝင်ရောက်လာ၏။

"အရိပ်နက်မိစ္ဆာကျင့်ကြံသူလား။ ဟက်ဟက်။ ငါလည်း အတူတူပဲလေ။" ရှုကျုံးကျွင်းသည် တစ်ဖက်လူက မိမိထံသို့ တိုက်ရိုက် ဦးတည်လာနေသည်ကို သတိပြုမိလိုက်သည်နှင့် မျက်နှာထက်ရှိ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားပြီး အလွန်အမင်း သတိထားလျက် အသင့်ပြင်လိုက်တော့သည်။

နောက်တစ်ခဏတွင် အရိပ်နက်မိစ္ဆာကျင့်ကြံသူသည် ခန်းမအတွင်းသို့ ပြေးဝင်လာပြီး ၎င်းတို့နှစ်ဦး မျက်လုံးချင်း ဆုံသွားကြသည်။ သို့သော် မိစ္ဆာကျင့်ကြံသူက မရပ်တန့်ဘဲ ဘယ်ဘက်တံခါးကို တွန်းဖွင့်ကာ ဝင်သွားလေသည်။

ရှုကျုံးကျွင်း စိတ်အနည်းငယ် လျော့သွားစဉ်မှာပင် အခြားသော ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး၏ အငွေ့အသက်ကို ထပ်မံ အာရုံခံမိပြန်သည်။ ယင်းမှာ ချီတွန်းပင် ဖြစ်သည်။

သူသည် တစ်ဖန် ပြန်လည် သတိထားလိုက်ရပြန်သည်။ အဘယ်ကြောင့်ဆိုသော် ယခုတစ်ကြိမ်တွင် သူကိုယ်တိုင်မှာလည်း အရိပ်နက်မိစ္ဆာကျင့်ကြံသူအဖြစ် အယောင်ဆောင်ထားသောကြောင့် ဖြစ်ပေသည်။

ချီတွန်းသည် ခရမ်းရောင်အာရုဏ်ဆောင်မှ ကျင့်ကြံသူကို မြင်တွေ့သော်လည်း ဂရုမစိုက်ဘဲ ဘယ်ဘက်တံခါးဆီသို့သာ တန်းတန်းမတ်မတ် သွားလေသည်။

ချီတွန်း၏ အာရုံခံနိုင်စွမ်းသည် ရှုကျုံးကျွင်း၏ ရှိနေမှုကို ကြိုတင် သိရှိထားသော်လည်း သူ၏ မျက်လုံးများကမူ ရှေ့က အရိပ်နက်မိစ္ဆာကျင့်ကြံသူအပေါ်၌သာ စူးစိုက်ထားသည်။

ချီတွန်း အလျင်အမြန် ထွက်ခွာသွားသည်ကို မြင်သောအခါမှ ရှုကျုံးကျွင်း စိတ်အေးသွားရသည်။ သူသည် ဆက်လက်ရှာဖွေရန် ပြင်လိုက်သော်လည်း စိတ်ကူး ချက်ချင်း ပြောင်းသွား၏။

သူကိုယ်တိုင်မှာလည်း မည်သည့်သဲလွန်စမျှ မရှိသေးပေရာ ချီတွန်း၏ အသည်းအသန် လိုက်လံနေပုံကို ကြည့်၍ ၎င်းနောက်သို့ လိုက်ကြည့်ရန် ဆုံးဖြတ်လိုက်လေတော့သည်။

ရှုကျုံးကျွင်းသည်လည်း ပြတ်ပြတ်သားသားပင် ချီတွန်း၏ နောက်သို့ လိုက်ပါသွား၏။ လိုက်လံတိုက်ခိုက်မှုကြီးမှာ ပို၍ ကျယ်ပြန့်လာလေသည်။

"မြန်မြန်။ ရှေ့က အရိပ်နက်မိစ္ဆာကျင့်ကြံသူကို ဝိုင်းတားပေးကြစမ်း။" ချီတွန်း၏ အာရုံခံနိုင်စွမ်းအတွင်း မုန့်မျိုးနွယ်စုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူအချို့ ပေါ်လာသဖြင့် သူသည် ချက်ချင်း အကူအညီတောင်းခံလိုက်သည်။

မုန့်မျိုးနွယ်စုမှ ကျင့်ကြံသူသည် ကျန်းတန်လျန်၏ သစ္စာဖောက်မှုကြောင့် ရှုံးနိမ့်ကာ ထွက်ပြေးနေရသူဖြစ်ပြီး အနာဂတ်အတွက် ဝိညာဉ်ဆေးလုံးများ သုံးစွဲ၍ အားယူနေချိန် ဖြစ်သည်။

ချီတွန်း၏ အချက်ပေးမှုကို ရသည်နှင့် သူသည်လည်း ချက်ချင်းပင် ပူးပေါင်းဆောင်ရွက်လေတော့သည်။

အရိပ်နက်မိစ္ဆာကျင့်ကြံသူမှာ မုန့်မျိုးနွယ်စု ကျင့်ကြံသူ၏ ကြားဖြတ်ဟန့်တားမှုကို ခံလိုက်ရသဖြင့် နောက်ဆုံးတွင် ချီတွန်းမှာ ထပ်မံ မှီသွားပြန်သည်။

၎င်းတို့ သုံးဦးသည် လျှို့ဝှက်ခန်းမအတွင်း၌ တိုက်ပွဲစတင်လေတော့သည်။

ဒုန်း ဒုန်း ဒုန်း။

အာရုံခံနိုင်စွမ်းကို ထိခိုက်စေနိုင်သည့် အဆိပ်အတောက်ဖြစ်စေသော အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်လာသည်။

ထိုအခိုးအငွေ့များကြားမှ အနက်ရောင် မြွေဟောက်ကြီးများစွာ ထွက်ပေါ်လာပြီး တိုက်ပွဲအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသဖြင့် ချီတွန်းနှင့် မုန့်မျိုးနွယ်စု ကျင့်ကြံသူတို့မှာ နောက်သို့ ဆုတ်ခွာလိုက်ရသည်။

ထိုတိုက်ခိုက်မှုမှာ အလွန်ပြင်းထန်လှသဖြင့် အနီးသို့ ရောက်ရှိလာသော ရှုကျုံးကျွင်းပင်လျှင် သူ၏ ခြေလှမ်းများကို လျှော့ချလိုက်ရသည်။ အရိပ်နက်မိစ္ဆာကျင့်ကြံသူသည် ရန်သူနှစ်ဦးကို ခေတ္တမျှ တားဆီးလိုက်ပြီးနောက် အမြန် ဆုတ်ခွာသွား၏။

ချီတွန်းနှင့် မုန့်မျိုးနွယ်စု ကျင့်ကြံသူတို့သည်လည်း အနက်ရောင်အခိုးအငွေ့များ လွင့်စင်သွားသည်နှင့် မနားတမ်း ဆက်လက် လိုက်လံကြပြန်သည်။ ထိုစဉ် ၎င်းတို့၏ အာရုံခံနိုင်စွမ်းအတွင်း ကျူးရွှမ်းကျိ ပေါ်လာချေသည်။

မုန့်မျိုးနွယ်စု ကျင့်ကြံသူမှာမူ မဝေခွဲနိုင်ဘဲ ရှိနေသည်။ သို့ရာတွင် ကိုယ်ခံပညာကျင့်ကြံသူဖြစ်သည့် ချီတွန်းမှာမူ များများစားစား စဉ်းစားမနေတော့ဘဲ "အကြီးအကဲကျူး။ မီးလျှံသီးတောအုပ်ထဲ ထွက်ပြေးသွားတဲ့ အရိပ်နက်မိစ္ဆာကျင့်ကြံသူက ရှေ့တင်ရှိနေပြီ။" ဟု အော်ဟစ်ပြောဆိုလိုက်သည်။

"အော်။" ကျူးရွှမ်းကျိ၏ မျက်ဝန်းများတွင် ထက်မြက်သော အရောင်အဝါများ လျှပ်တစ်ပြက် ဝင်းလက်သွားပြီး သူသည်လည်း ချက်ချင်းပင် လိုက်လံလေတော့သည်။

သူသည်လည်း ထိုလိုက်လံမှုကြီးတွင် ပါဝင်လာခဲ့ချေပြီ။

ထိုစဉ် အခြားသော အရိပ်နက်မိစ္ဆာကျင့်ကြံသူ တစ်ဦးလည်း လူတိုင်း၏ အာရုံခံနိုင်စွမ်းအတွင်း ပေါ်လာပြန်သည်။

ချီတွန်းနှင့် မုန့်မျိုးနွယ်စု ကျင့်ကြံသူတို့ကမူ ထိုသူကို မသိကြသော်လည်း ကျူးရွှမ်းကျိကမူ မည်သူမည်ဝါဖြစ်ကြောင်း ကောင်းစွာ သိရှိလေသည်။

"ညီနောင်ကျိုး။ ဟိုလူကို အမြန် ကြားဖြတ်တားဆီးလိုက်ပါ။" ကျူးရွှမ်းကျိက စိတ်ချင်းဆက်သွယ်၍ အကြောင်းကြားလိုက်သည်။

ကျိုးနုန်းယင်းသည်လည်း အရိပ်နက်မိစ္ဆာကျင့်ကြံသူအဖြစ် အယောင်ဆောင်ထားသူ ဖြစ်ပေရာ မိမိလူချင်း အချင်းချင်း ပြန်လည်သတ်ဖြတ်မိခြင်းမျိုး မဖြစ်စေရန် ကျူးရွှမ်းကျိကဲ့သို့သော မိမိလူများကို ကြိုတင်အသိပေးထားရန် လိုအပ်ပေသည်။

ကျိုးနုန်းယင်းသည် သတင်းစကားကို ရသည်နှင့် အစီအရင်ချပ်တစ်ခုကို ချက်ချင်းပစ်လွှတ်လိုက်ရာ တံခါးနောက်ကွယ်၌ လျှပ်တစ်ပြက်အတွင်း အစီအရင်တစ်ခု ပေါ်ပေါက်လာသည်။

အရိပ်နက်မိစ္ဆာကျင့်ကြံသူ တံခါးဖွင့်လိုက်သည်နှင့် အစီအရင်အတွင်းသို့ ကျရောက်သွားလေတော့သည်။

သို့ရာတွင် ကျိုးနုန်းယင်း၏ မျက်နှာထက်မှ အပြုံးမှာ နောက်တစ်ခဏ၌ပင် အေးခဲသွားရသည်။ အစီအရင်မှာ ဖောင်းကြွလာပြီး အင်းကွက်များမှာလည်း ပုံပျက်ပန်းပျက် ဖြစ်ကုန်ကာ ကောင်းကင်ယံမှာ လှိုင်းထသကဲ့သို့ ဖြစ်ပေါ်လာသည်။

အရိပ်နက်မိစ္ဆာကျင့်ကြံသူသည် ထိုလှိုင်းများကို အလွယ်တကူ ဖြတ်ကျော်ကာ အစီအရင်ကို ရိုက်ခွဲ၍ ထွက်သွားလေသည်။

"နတ်ဘုရားပညာရပ် — တိုက်ပွဲအလယ် တိမ်းရှောင်ခြင်း ပညာရပ်လား။" ကျိုးနုန်းယင်းမှာ များစွာ တုန်လှုပ်သွားရသည်။

သူ၏ ကျွမ်းကျင်မှုအားလုံးမှာ အစီအရင်ပညာရပ်အပေါ်၌သာ အခြေခံထားခြင်း ဖြစ်သည်။

ထိုမိစ္ဆာကျင့်ကြံသူ၏ နတ်ဘုရားပညာရပ်မှာ သူကဲ့သို့သော အစီအရင်သမားများအတွက် ကံကြမ္မာဆိုးပင် ဖြစ်ပေတော့သည်။

မိစ္ဆာကျင့်ကြံသူမှာ သူ၏ထံသို့ တိုက်ရိုက် ဦးတည်လာလေသည်။ ကျိုးနုန်းယင်း၏ နှလုံးသားမှာ ထိတ်လန့်တုန်လှုပ်မှုကြောင့် တဒိန်းဒိန်း ခုန်လာပြီး တိုက်ခိုက်လိုစိတ်များ လျော့ပါးကာ အကွာအဝေးရရန် နောက်သို့ အလိုအလျောက် ဆုတ်ခွာလိုက်မိသည်။

ရလဒ်အနေဖြင့် သူသည် မိမိနောက်ကွယ်ရှိ တံခါးကို လမ်းဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး မိစ္ဆာကျင့်ကြံသူမှာ ၎င်းတံခါးကို တွန်းဖွင့်၍ ဝင်သွားနိုင်ခဲ့သည်။

ကျိုးနုန်းယင်း သတိဝင်လာချိန်တွင်မူ နောက်သို့ လိုက်ရန် မဝံ့တော့ဘဲ မိမိလူများကို မပိတ်ဆို့မိစေရန် အစီအရင်ကိုသာ အလျင်အမြန် ပြန်လည်ဖျက်သိမ်းနေရတော့သည်။

အစီအရင်ကို ခင်းကျင်းရန် လွယ်ကူသလောက် ပြန်လည်ဖျက်သိမ်းရန်မှာမူ ခက်ခဲလှပေရာ သူသည် အချိန်နှင့်အပြိုင် အသည်းအသန် ကြိုးစားနေရသည်။

ထိုမိစ္ဆာကျင့်ကြံသူတွင် တိုက်ပွဲအလယ် တိမ်းရှောင်နိုင်သည့် နတ်ဘုရားပညာရပ် ရှိကြောင်း သိလိုက်ရသောအခါ ကျူးရွှမ်းကျိ၏ စိတ်မှာ လေးလံသွားရသည်။

သူ၏ စိတ်ထဲရှိ သဲလွန်စများစွာမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်မိသွားသကဲ့သို့ ဖြစ်လာချေသည်။

ထိုစဉ် အရိပ်နက်မိစ္ဆာကျင့်ကြံသူထံမှ ကျူးရွှမ်းကျိထံသို့ စိတ်ချင်းဆက်သွယ်သည့် သတင်းစကားတစ်ခု ရောက်ရှိလာသည်။

"အကြီးအကဲကျူး။ ကျွန်ုပ်နောက်ကို လိုက်နေမယ့်အစား နဂါးလိပ် မီးလျှံဝိညာဉ်ကို စုံစမ်းစစ်ဆေးကြည့်တာက ပိုကောင်းမယ် မဟုတ်လား။"

"ခင်ဗျားကို အသိပေးလိုက်မယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ နန်းတော်ဝိညာဉ်ဟာ လုပ်ပိုင်ခွင့်တွေရဲ့ ဟာကွက်လေးတွေကို အသုံးချပြီး ချော်ရည်နန်းတော်ကို ပြန်လည်ပြုပြင်ခဲ့တယ်။ ဝိညာဉ်စွမ်းအား သိုလှောင်ကန်ကနေ လမ်းကြောင်းအချို့ကို ဖောက်လုပ်ထားပြီး ဝိညာဉ်စွမ်းအားတွေကို တဖြည်းဖြည်း ခိုးယူစုဆောင်းနေတာပါ။ ဘာရည်ရွယ်ချက်နဲ့လဲဆိုတာတော့ မသိရဘူးပေါ့။"

ကျူးရွှမ်းကျိမှာ များစွာ ထိတ်လန့်သွားပြီး ဝိဇ္ဇာမိုင်တစ်ထောင်ခရီးသွားနဂါးကို ချက်ချင်း သတိရလိုက်သည်။ သို့ရာတွင် သူသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မနားတမ်း ဆက်လက် လိုက်လံလေသည်။

တစ်ဖက်တွင်လည်း ကျူးရွှမ်းကျိသည် မိစ္ဆာကျင့်ကြံသူကို ရပ်တန့်၍ အစစ်ဆေးခံရန် တိုက်တွန်းနေသကဲ့သို့ ကျူးကျန်းကိုလည်း ထိုအရေးကြီးသော သဲလွန်စအား အသိပေးလိုက်သည်။

ကျူးကျန်းသည် ထိုသဲလွန်စကို ရသည်နှင့် ဝမ်းသာအားရ ဖြစ်သွားသည်။ "အစ်ကိုကြီး။ ကျွန်တော့်ရဲ့ အရင်က စုံစမ်းစစ်ဆေးမှုတွေမှာလည်း တစ်နေရာတည်းမှာတင် အပိုဆောင်းထားတဲ့ အဆောက်အအုံအချို့ကို တွေ့ခဲ့ဖူးတယ်။ ဒီလမ်းစအတိုင်းသာ လိုက်သွားရင် ဝှက်ထားတဲ့ ဝိဇ္ဇာမိုင်တစ်ထောင်ခရီးသွားနဂါးကို ရှာတွေ့ဖို့ အခွင့်အလမ်းကောင်းပဲ။"

သူသည် ချက်ချင်းပင် စတင် လှုပ်ရှားလေတော့သည်။

ထိုလှုပ်ရှားမှုမှာ နဂါးလိပ် မီးလျှံဝိညာဉ်ကို အလွန်အမင်း ထိတ်လန့်သွားစေသည်။

"ကျူးကျန်း ဘာကို ရှာနေတာလဲ။"

"ဘာဖြစ်လို့ နတ်ဆိုးသားရဲတွေ ဒါမှမဟုတ် တခြား ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေနဲ့ မတိုက်ခိုက်ဘဲ ဒါကို လိုက်ရှာနေရတာလဲ။"

ကျူးကျန်း၏ ရည်ရွယ်ချက်မှာ အလွန်ပင် ရှင်းလင်းလှသည်။ သူသည် ဝိညာဉ်စွမ်းအား လမ်းကြောင်းများအတိုင်း လိုက်လံ ရှာဖွေနေခြင်း ဖြစ်သည်။

နဂါးလိပ် မီးလျှံဝိညာဉ်မှာ အလွန်ပင် ပူပန်လာရသည်။

"ပေါ်သွားပြီ။"

"ဝိဇ္ဇာမိုင်တစ်ထောင်ခရီးသွားနဂါးလည်း ပေါ်သွားပြီ။"

"ကျိန်စာသင့်စမ်း။ ကျူးမျိုးနွယ်စုက ဒီလျှို့ဝှက်ချက်ကို ဘယ်တုန်းက သိသွားတာလဲ။"

၎င်းသည် ထိုနေရာမှ ချက်ချင်း ထွက်ပြေးချင်သော်လည်း ချော်ရည်နန်းတော်၏ ချုပ်နှောင်မှုကို ခံထားရသဖြင့် ထွက်ပြေးရန် မဖြစ်နိုင်ပေ။

"မုန့်ချုံ။ မင်းကတော့ တကယ်ကို အသုံးမကျတဲ့ လူဖျင်းပဲ။" ၎င်းသည် ဒေါသတကြီး ကြွေးကြော်လိုက်သည်။

နင်းကျော့နှင့် တိုက်ခိုက်နေသည့် မုန့်ချုံမှာလည်း လုံးဝ အရေးနိမ့်နေပြီ ဖြစ်သည်။ နင်းကျော့သည် စက်မှုရုပ်သေး အမြောက်အမြားကို ထုတ်လွှတ်၍ မိမိကိုယ်ကို ကာကွယ်ထားပြီး မုန့်ချုံ၏ တိုက်ခိုက်မှုများကို ခုခံရင်း တံခါးဝတွင် ရပ်ကာ သစ်သားပြားများကို စတင် ဆက်စပ်နေလေသည်။

ထိုအခြေအနေသည် နဂါးလိပ် မီးလျှံဝိညာဉ်ကို စိတ်ပျက်အားငယ်စေသည်။ မုန့်ချုံ ရှုံးနိမ့်တော့မည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ကြောင်း ၎င်းကောင်းစွာ သိရှိပေသည်။

ဤအကျပ်အတည်းမှ လွတ်မြောက်ရန်အတွက် အခြားသော နည်းလမ်းကို ရှာရမည် ဖြစ်သည်။

နဂါးလိပ် မီးလျှံဝိညာဉ်သည် အခြားရွေးချယ်စရာ မရှိတော့သဖြင့် သတ္တိကို မွေး၍ မိမိ၏ အကန့်အသတ်များကို ကျော်လွန်ကာ မုန့်ခွေကို တိုက်ရိုက် ဆက်သွယ်လိုက်လေတော့သည်။

"မုန့်ခွေ။ မင်း အခုချက်ချင်း အရေးမယူရင် အရာအားလုံး နောက်ကျသွားလိမ့်မယ်။"

"ဘယ်သူလဲ။" မုန့်ခွေမှာ အံ့အားသင့်သွားရသည်။

နောက်တစ်ခဏတွင်မူ သူသည် ခပ်ပြုံးပြုံးဖြင့် "နဂါးလိပ် မီးလျှံဝိညာဉ်။ နောက်ဆုံးတော့ မင်းက လူသေလို ဟန်မဆောင်တော့ဘဲ ငါ့ကို ဆက်သွယ်လာပြီပေါ့။ စိတ်ချပါ။ အရာအားလုံးက ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိတယ်..."

နဂါးလိပ် မီးလျှံဝိညာဉ်သည် ဒေါသတကြီးဖြင့် စကားကို ဖြတ်ပြောလိုက်သည်။ "လူအ။ မင်း ဘာမှ မသိဘူး။ ဟို နင်းကျော့ ဆိုတဲ့ လူက..."

၎င်း၏ စကား မဆုံးမီမှာပင် မီးလျှံများ ဝန်းရံနေသည့် ဓားမကြီးတစ်လက်မှာ ရုတ်တရက် ပေါ်ပေါက်လာသည်။ နဂါးလိပ်သည် မလှုပ်ရှားနိုင်ဘဲ ခေါင်းဖြတ်ခံရမည့် ဘေးကိုသာ ရင်ဆိုင်လိုက်ရတော့သည်။

ဓားမကြီးသည် ပြင်းထန်စွာ ကျဆင်းလာပြီး နဂါးလိပ်၏ ခေါင်းကို ကိုယ်ထည်မှ တစ်ဖန် ပြန်လည် ခွဲထုတ်ပစ်လိုက်ပြန်သည်။

မျက်လုံးအပြူးသားနှင့် နဂါးခေါင်းကြီးမှာ မြေပြင်ပေါ်သို့ လိမ့်ကျသွားပြီးနောက် ဝိညာဉ်အလင်းတန်းလေးများအဖြစ် ပြောင်းလဲကာ လွင့်ပျယ်သွားလေတော့သည်။

ချော်ရည်နန်းတော်သည် ကျင့်ကြံသူများ၏ အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်းကို တင်းကျပ်စွာ တားမြစ်ထားရာ နဂါးလိပ်မှာ အသည်းအသန် ဖြစ်နေသဖြင့် ထိုစည်းကမ်းကို ချိုးဖောက်မိပြီး စကားမဆုံးမီမှာပင် ပြင်းထန်သော ဒဏ်ရာကို ရရှိသွားခြင်း ဖြစ်ပေသည်။

၎င်း ထုတ်ဖော်ပြောဆိုမည့် သတင်းအချက်အလက်များမှာလည်း ထိုသို့ဖြင့် ပျောက်ကွယ်သွားရသည်။

"နဂါးလိပ်။ နဂါးလိပ်။" မုန့်ခွေ၏ ခေါ်ဆိုသံများမှာ မည်သည့် တုံ့ပြန်မှုမျှ မရရှိတော့ပေ။

ထိုအချိန်တွင် မုန့်ခွေ၏ စိတ်ထဲ၌ ထိတ်လန့်တုန်လှုပ်မှုတစ်ခု ဖြစ်ပေါ်လာသည်။

"ငါကတော့ ကံကြမ္မာရဲ့ အလင်းအောက်မှာ အရာအားလုံး ငါ့လက်ထဲမှာပဲ ရှိတယ်လို့ ထင်နေခဲ့တာ။"

နဂါးလိပ် စကားမဆုံးခဲ့သော်လည်း မုန့်ခွေကဲ့သို့ ပါးနပ်သူတစ်ဦးအတွက်မူ ယင်းမှာ လုံလောက်လှပြီ ဖြစ်သည်။ သူသည် ထိုအခွင့်အရေးကို အသုံးချ၍ ကံကြမ္မာ၏ မြူခိုးများကို ဖယ်ရှားကာ စိတ်ကို ရှင်းလင်းစေလိုက်သည်။

သူသည် သက်တမ်းအစီအရင်ကို ကြည့်ရှုရန် နတ်ဘုရားပညာရပ်ကို အသုံးပြုလိုက်၏။

အချိန်က မမှန်ပေ။

အောင်ပွဲမှာ သူ၏ လက်ထဲမှ လျှောကျနေပြီ ဖြစ်ကြောင်း မုန့်ခွေ ခံစားလိုက်ရသည်။ သူသည် အသည်းအသန် တွက်ချက်လိုက်ရာ မျက်ခုံးများမှာလည်း ပို၍ ကြုတ်လာလေတော့သည်။

ချော်ရည်နန်းတော် အတွင်း၌မူ။

နဂါးလိပ် မီးလျှံဝိညာဉ်သည် အမောတကော အသက်ရှူရင်း အာရုံများ ပြန်လည် ကြည်လင်လာသည်။

၎င်း၏ ပုံသဏ္ဌာန်မှာ ယခင်ကထက် သုံးပုံတစ်ပုံခန့်ပင် မကျန်တော့ဘဲ မှေးမှိန်နေကာ စိတ်ဓာတ်မှာလည်း အလွန်အမင်း ထိတ်လန့်နေရသည်။

မုန့်ခွေက စိတ်ချင်းဆက်သွယ်၍ အဆက်မပြတ် ခေါ်ဆိုနေသည်။ "နဂါးလိပ်။ မင်း လွတ်မြောက်မှုကို လိုချင်ရင် ငါနဲ့ ပူးပေါင်းရလိမ့်မယ်။ ကျူးရွှမ်းကျိက မင်းရဲ့ သစ္စာဖောက်မှုကို သိနေတာ ကြာပြီဆိုတာ မင်း သိရဲ့လား။"

"ငါ့ကို ဒုက္ခပေးတာ နင်းကျော့ ပဲ။" ထိုအချိန်တွင် နဂါးလိပ်သည် နင်းကျော့က ကျူးရွှမ်းကျိထံ ပေးအပ်ခဲ့သည့် ကဗျာစာရွက်ကိုသာ တွေးမိနေတော့သည်။ ယင်းမှာ နင်းကျော့၏ လှည့်ကွက်ဖြစ်ကြောင်း ၎င်း ယခုမှ ကောင်းစွာ နားလည်သွားရသည်။

"ငါ့မှာ စာပေဗဟုသုတ မရှိတာကို အခွင့်ကောင်းယူပြီးတော့ ငါ့မျက်စိရှေ့မှာတင် ငါ့ကို လှည့်စားသွားတာလား။ နာကျည်းစရာ ကောင်းလိုက်တာ။ တကယ်ကို နာကျည်းစရာ ကောင်းလိုက်တာ။"

မုန့်ခွေသည် အသက်ကို ပြင်းပြင်းရှူကာ သူ၏ အစွမ်းရှိသမျှကို ထုတ်ဖော်လိုက်သည်။ ဝိညာဉ်စွမ်းအား လက်ကြီးနှစ်ဖက်မှာ အစီအရင် လမ်းကြောင်းများမှ ထွက်ခွာ၍ ကြားစခန်းဆောင်၏ လျှပ်စီးအတားအဆီးများဆီသို့ ပျံသန်းသွားကာ အခန်းဆောင်ကို စတင် တိုက်စားလေတော့သည်။

ကံကြမ္မာပညာရပ် — လက်ငင်း ဝဋ်လည်ခြင်း။

လောကကြီး၏ အကျိုးအကြောင်း တရားတို့မှာ ဝဋ်မလည်သည် မဟုတ်။ အချိန်မတန်သေးခြင်းသာ ဖြစ်ပေသတည်း။

All Chapters