← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

​အခန်း (၁၂၃) ခြေဆယ်လှမ်း ဆုတ်မလား သေမလား

လီမူသည် တည်ငြိမ်လှသော ခြေလှမ်းများဖြင့် တစ်လှမ်းချင်း တိုးကပ်လာသည်။ သူ၏ မျက်ဝန်းအစုံမှာ အေးစက်နေသော်လည်း အမူအရာမှာမူ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေ၏။

​သူ၏ လမ်းကို ပိတ်ဆို့ထားသော အမှောင်အသူရာခန်းမ၏ ပထမ နန်းတော်သခင် ယွမ်ထျန်ယ၏ မျက်နှာမှာမူ တစ်စထက်တစ်စ ရုပ်ဆိုးကြည့်ရဆိုးလာတော့သည်။ သူ၏ နဖူးထက်တွင် ချွေးစေးများ တိတ်တဆိတ် စိမ့်ထွက်လာ၏။

​ယခုအချိန်တွင် နောက်သို့ ဆုတ်ရမည်လော သို့တည်းမဟုတ် ရှေ့သို့ ဆက်တိုးရမည်လောဟူသော မေးခွန်းသည် သူ၏ ဘဝတွင် အဖြေရခက်ဆုံး ပုစ္ဆာကြီးတစ်ခု ဖြစ်လာတော့သည်။ သူသည် အလွန်ပင် အကျပ်ရိုက်နေရလေပြီ။

​ဟူချီ သေဆုံးသွားခဲ့ပြီ၊ ပုကျောက်လည်း သေဆုံးသွားခဲ့ပြီ။ ပို၍ ဆိုးသည်မှာ သူတို့အားလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ လီမူ မည်သို့ လုပ်ဆောင်လိုက်သည်ကိုလည်းကောင်း လီမူ၏ ထံမှ ထွက်ပေါ်လာမည့် ပြင်းထန်သော စွမ်းအားလှိုင်းများကိုလည်းကောင်း သူ တစ်စုံတစ်ရာမျှ မခံစားလိုက်ရချေ။

​သူသည် လီမူ၏ ကျင့်ကြံခြင်းအဆင့်ကို ယခုထက်တိုင် ခန့်မှန်း၍ မရသေးပေ။ ထို့ကြောင့်ပင် သူသည် မဆင်မခြင် မလုပ်ဝံ့ဘဲ ဖြစ်နေရခြင်း ဖြစ်သည်။

​အကယ်၍ သူ နောက်သို့ မဆုတ်ခဲ့လျှင် လီမူ၏ မမြင်ရသော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပြီး အသက်ပျောက်သွားနိုင်သကဲ့သို့ အကယ်၍ သူ နောက်သို့ ဆုတ်ပေးလိုက်လျှင်လည်း ရေခဲကျောက်မြို့တော်သည် သူ၏ ဘဝတွင် ဖျောက်ဖျက်၍ မရနိုင်သော အမည်းစက်ကြီးတစ်ခု ဖြစ်ကျန်ရစ်ပေတော့မည်။

​ဤသည်မှာ သူ၏ ဘဝတွင် အရှက်ရဆုံး မှတ်တမ်းတစ်ခု ဖြစ်သွားနိုင်ရုံမျှမက နောင်တစ်ချိန်တွင် သူ၏ နှလုံးသားကို ဝါးမြိုပြီး ကျင့်ကြံခြင်းလမ်းစဉ်၌ ရှေ့သို့ ဆက်မတက်နိုင်အောင် တားဆီးပိတ်ပင်မည့် စိတ်နတ်ဆိုး တစ်ခုပင် ဖြစ်သွားနိုင်ပေသည်။

​သူ၏ ရင်ထဲတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေရ၏။

​ပတ်ဝန်းကျင်ရှိ လူအပေါင်းတို့၏ အကြည့်မှာ ယွမ်ထျန်ယထံသို့ စုပြုံရောက်ရှိနေကြသည်။ လီမူ၏ အစွမ်းမှာ လူတိုင်း၏ ရင်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်သွားခဲ့ပြီ ဖြစ်ရာ မည်သူမျှ သူ၏ လမ်းကို မပိတ်ဆို့ဝံ့ဘဲ တတ်နိုင်သမျှ ဝေးဝေးသို့သာ ရှောင်ဖယ်နေကြတော့သည်။

​အမှောင်အသူရာခန်းမ၏ ပထမ နန်းတော်သခင် ဖြစ်သူ ယွမ်ထျန်ယသည် ဂိုဏ်းချုပ်ကြီး၏ ရာထူးကို ဆက်ခံရန် အလားအလာ အရှိဆုံးသူ ဖြစ်သည်။ သူ၏ အစွမ်းမှာလည်း ခန့်မှန်းရ ခက်ခဲလှပေရာ အဆင့်မြင့် ပုဂ္ဂိုလ်ကြီးနှစ်ဦး၏ ထိပ်တိုက်ရင်ဆိုင်မှုကို တွေ့မြင်ရတော့မည်ဟု ထင်မှတ်ကာ လူတိုင်းက စိတ်လှုပ်ရှားနေကြ၏။

​ချင်လဲ့မှာမူ လီမူ၏ နောက်မှ လိုက်ပါလာရင်း လူအုပ်ကြီး၏ အံ့သြမှင်သက်နေသော အမူအရာများကို အေးဆေးစွာ စောင့်ကြည့်နေမိသည်။ အရေးကြီးသော အချိန်တွင် အရာခပ်သိမ်းကို ဖိနှိပ်နိုင်သည့် စွမ်းအားမျိုး ရှိရန် မည်မျှအထိ အရေးကြီးသည်ကို သူ ကောင်းကောင်းကြီး နားလည်သွားခဲ့ပြီ ဖြစ်သည်။ ပြင်းထန်လှသော အဟန့်အတားနှင့် စည်းကမ်းချက် အားလုံးကို အကြွင်းမဲ့ အစွမ်းဖြင့် ရိုက်ချိုးပစ်နိုင်သည်ကိုလည်း သူ သဘောပေါက်သွားခဲ့လေပြီ။

​လီမူသည် ယွမ်ထျန်ယကို လှောင်ပြုံးကလေးဖြင့် ကြည့်ကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေ၏။ သူ၏ တည်ငြိမ်လွန်းလှသော အမူအရာက လူအုပ်ကြီးကို တောင်ကြီးတစ်လုံး ဖိထားသကဲ့သို့ ခံစားရစေသည်။ သူ၏ အကြည့်တွင် ယွမ်ထျန်ယသည် ပြိုင်ဘက်ကောင်း တစ်ယောက်ပင် မဟုတ်သကဲ့သို့ ရှိနေတော့သည်။

​ယွမ်ထျန်ယကိုယ်တိုင်လည်း ထိုသို့ပင် ခံစားနေရသည်။ သူသည် အခြားသူများထက် ပိုမို သိရှိနားလည်နေသဖြင့် သူ၏ ရင်ထဲတွင် ခါးသီးမှုတို့ ပြည့်နှက်နေရ၏။

​“မင်းမှာ ခြေလှမ်းဆယ်လှမ်းပဲ ရှိမယ်။ နောက်ကို ဆုတ်မလား သေမလား”

​လီမူက ရုတ်တရက် ပြုံးလိုက်ရင်း ခြေလှမ်းကို အနည်းငယ် လျှော့လိုက်သည်။ သူ၏ အမူအရာမှာ ပိုမို အေးဆေး လွတ်လပ်နေသကဲ့သို့ ရှိနေ၏။ ယွမ်ထျန်ယ၏ မျက်နှာထက်မှ ချွေးစေးများမှာ ပိုမို ထင်ရှားလာတော့သည်။ လူတိုင်းက သူ၏ တင်းမာမှုကို မြင်တွေ့နေရပြီး သူ၏ ကိုယ်စား အကျပ်ရိုက်နေကြရသည်။

​နောက်သို့ ဆုတ်ပေးရမည်လော၊ သို့တည်းမဟုတ် ဆက်လက် ရင်ဆိုင်ရမည်လော။ ရွေးချယ်ရ ခက်ခဲလှသော လမ်းဆုံလမ်းခွပင် ဖြစ်သည်။

​ထိုအချိန်တွင် ယွမ်ထျန်ယသည် လီမူ၏ နောက်ရှိ ခွေးကြီး၏ မျက်ဝန်းများကို မြင်လိုက်ရသည်။ လူသားဆန်မှု အလျင်းမရှိဘဲ အေးစက်လှသော၊ ရက်စက်ကြမ်းကြုတ်လှသော ထိုမျက်ဝန်းများကို မြင်လိုက်ရသည့် ခဏ၌ ယွမ်ထျန်ယသည် တစ်ကိုယ်လုံး တုန်တက်သွားရတော့သည်။ သူ တစ်စုံတစ်ခုကို သတိရသွားပုံရ၏။

​“ဖယ်ကြစမ်း၊ အားလုံး လမ်းဖယ်ပေးကြ”

​ယွမ်ထျန်ယ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး ချွေးများမှာ မိုးပေါက်ပမာ ကျဆင်းလာတော့သည်။ သူသည် သူ၏ လက်အောက်ငယ်သားများကို အော်ဟစ် ဖယ်ရှားခိုင်းရင်း သူကိုယ်တိုင်လည်း လမ်းဘေးသို့ အမြန်ဆုံး ရှောင်ဖယ်ပေးလိုက်တော့သည်။ လီမူကမူ တစ်လှမ်းချင်း ဆက်လက် လျှောက်လှမ်းသွား၏။

​သူသည် တိုက်ပင်မတိုက်ရသေးဘဲ အရှုံးပေးလိုက်လေပြီ။

​“ဟဲဟဲ”

​လီမူက ပြုံးလိုက်ရင်း ယွမ်ထျန်ယတို့ အဖွဲ့ ဖွင့်ပေးလိုက်သော လမ်းကြားအတွင်းမှနေ၍ ချင်လဲ့၊ ခွေးကြီးတို့နှင့်အတူ မြို့တံခါးဆီသို့ ဦးတည်သွားတော့သည်။

​“မြို့တံခါးကို ဖွင့်ပေးလိုက်။ သူတို့ကို သွားခွင့်ပြုလိုက်ကြ” ယွမ်ထျန်ယက အံကြိတ်ကာ အမိန့်ပေးလိုက်၏။

​ယန်ဝမ်ယန်နှင့် လျိုယွန်ထောင်တို့မှာ ရင်ထဲတွင် အေးခဲသွားကြရသည်။ ထို့နောက် သူတို့သည် မြို့တံခါးရှိ လူများကို ချက်ချင်း အမိန့်ပေးကာ လီမူ၏ လမ်းအား မည်သူမျှ မပိတ်ဆို့ရန် တားမြစ်လိုက်တော့သည်။

​ဤသို့ဖြင့် လီမူသည် လူတစ်ယောက်၊ ခွေးတစ်ကောင်နှင့်အတူ လူအုပ်ကြီး၏ အလယ်မှနေ၍ အေးအေးလူလူပင် မြို့တံခါးဆီသို့ လျှောက်လှမ်းသွားလေတော့သည်။

​“နန်းတော်... နန်းတော်သခင်...” လျိုယွန်ထောင်၏ အသံမှာ ခါးသီးလှသည်။

​ယွမ်ထျန်ယ၏ မျက်နှာမှာလည်း ကြည့်မကောင်းလှပေ။ လီမူ၏ ကျောပြင်ကို လှမ်းကြည့်ရင်း ခေတ္တအကြာတွင် သူက တိုးတိုးလေး ဆိုလိုက်သည်မှာ -

​“အဲဒီခွေးကြီးက အာတိတ်တောင်တန်းရဲ့ တကယ့်သားရဲဘုရင်... ရေခဲကျောက် နှင်းဝံပုလွေ ဘုရင်ပဲ”

​ထိုစကားကို ကြားလိုက်ရသည့်ခဏ၌ လူတိုင်း၏ မျက်နှာများမှာ ပြောင်းလဲသွားကြရတော့သည်။

​“ဝုန်း...”

​ထိုအချိန်မှာပင် လီဈေးဆိုင်ကလေးသည် ရုတ်တရက် ပေါက်ကွဲသွားပြီး တစ်စစီ ဖြစ်သွားကာ အုတ်ပုံအတိ ဖြစ်သွားတော့သည်။

​ပတ်ဝန်းကျင် မီတာ ၃၀ အတွင်းကို အေးခဲစေခဲ့သော ထူထဲလှသည့် ရေခဲပြင်ကြီးမှာလည်း နှင်းမှုန်ဖြူဖြူများအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ယံသို့ လွင့်ပျံသွားကြကုန်၏။ ထိုရေခဲတို့သည် အရည်ပျော်ပြီး ရေဖြစ်သွားခြင်း မဟုတ်ဘဲ ထူးဆန်းစွာပင် ပါးလွှာသွားပြီးနောက် လုံးဝ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

​“ရေခဲကျောက် နှင်းဝံပုလွေဘုရင်” လုလီ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားပြီး သူမ၏ လှပသော မျက်ဝန်းများတွင် ထူးဆန်းသော အလင်းတန်းများ ပေါ်လာ၏။

​“သခင်မလေး...” လျန်ကျုံးက မဝံ့မရဲဖြင့် မေးလိုက်သည်။ “ပထမ နန်းတော်သခင် ပြောသလို တကယ်ပဲလား။ အဲဒီခွေးကြီးက အာတိတ်တောင်တန်းကနေ ရုတ်တရက် ပျောက်ကွယ်သွားတဲ့ ရေခဲကျောက် နှင်းဝံပုလွေဘုရင် တကယ်ပဲလား”

​“ဟုတ်တယ်” ရှဲ့ကျင့်ရွှမ်က ခေါင်းညိတ်ပြ၏။

​“ဘုရားရေ...” လျန်ကျုံးမှာ မှင်သက်သွားရသည်။ “ဒါဆိုရင် လီမူဆိုတဲ့သူက တကယ်တော့ ဘယ်သူလဲ”

​“ဘုရားပဲ သိလိမ့်မယ်” ရှဲ့ကျင့်ရွှမ်သည် ထိုလူနှစ်ယောက်နှင့် ခွေးကြီး ပျောက်ကွယ်သွားရာ လမ်းဘက်သို့ ငေးကြည့်ရင်း ဆိုလိုက်၏။

​“မင်းတို့နဲ့ ပတ်သက်နေတဲ့ ချင်လဲ့ဆိုတဲ့ ကောင်လေးကတော့ တကယ့်ကို နောက်ခံအင်အား မသေးတဲ့သူပဲ” တုမိုက ခေတ္တအကြာတွင် ဝင်ပြောလိုက်သည်။

​တုကျဲ၊ ကျောက်ချန်း၊ ခမ်းကျိတို့မှာမူ ထိတ်လန့်တုန်လှုပ်မှုများမှ မနိုးထနိုင်သေးပေ။ သူတို့အားလုံးသည် လီမူ၏ အရှိန်အဝါအောက်တွင် ဖိနှိပ်ခြင်း ခံထားရသကဲ့သို့ ရှိနေဆဲ ဖြစ်သည်။

​...ရေခဲကျောက်နှင်းဝံပုလွေ ဘုရင်ရဲ့ သခင်တဲ့လား။ လီမူဆိုတာ တကယ်တော့ ဘယ်သူလဲ။

​မည်သူမျှ ထိုမေးခွန်းကို အဖြေမပေးနိုင်ကြချေ။ ရောက်ရှိလာသူ အားလုံးမှာ လီမူ၏ အထောက်အထားကို အမျိုးမျိုး ခန့်မှန်းနေကြသော်လည်း မည်သည့် အရိပ်အယောင်မျှ ရှာမတွေ့ကြပေ။

​“နန်းတော်သခင်... ကျွန်တော်တို့ သူတို့ကို ဒီအတိုင်း လွှတ်ပေးလိုက်တော့မှာလား။ ကျွန်တော့်လူတွေ အများကြီး သေသွားတာတောင်မှလား” မြူတိမ်ဆောင်မှ ဝေရှင်းက မချင့်မရဲ မေးလိုက်သည်။

​“မင်း ဘာပြောလိုက်တာလဲ” ယွမ်ထျန်ယက သူ့ကို လှည့်ကြည့်လိုက်၏။ “ငါ့ရဲ့ တပ်မှူးနဲ့ စစ်သည်လည်း သေသွားတာပဲ။ ငါတောင် သည်းခံနေရတာကို မင်းက ဘာဖြစ်ချင်သေးတာလဲ”

​“ခွင့်လွှတ်ပါ နန်းတော်သခင်။ ကျွန်တော် မှားသွားပါတယ်” ဝေရှင်းမှာ ကြောက်ရွံ့သွားရသည်။

​“ဒီကိစ္စကို ဒီမှာတင် ရပ်ထားလိုက်ကြစို့” ယွမ်ထျန်ယက မျက်မှောင်ကြုတ်လျက် ဆို၏။ “အမှောင်အသူရာခန်းမကို အရင် ပြန်ကြမယ်။ အဲဒီရောက်ရင် လီမူရဲ့ အကြောင်းကို စုံစမ်းပြီး သူက ဘယ်လိုလူလဲဆိုတာ ငါ ရှာဖွေရလိမ့်မယ်”

​ထိုသို့ပြောပြီးနောက် ယွမ်ထျန်ယသည် သူ၏ စစ်သည်များကို ဦးဆောင်ကာ မြူတိမ်ဆောင်ဘက်သို့ ထွက်ခွာသွားတော့သည်။ သူသည် လီမူနှင့် လမ်းတွင် ထပ်တွေ့မည်ကိုပင် ကြောက်နေပုံရ၏။ သူ ထွက်သွားသည်နှင့် လျိုယွန်ထောင်နှင့် ယန်ဝမ်ယန်တို့အဖွဲ့လည်း လူစုခွဲလိုက်ကြတော့သည်။ ပေါက်ကွဲပျက်စီးသွားသော ဆိုင်အုတ်ပုံအတွင်း၌ မည်သည့်အရာများ ရှိသည်ကိုပင် မည်သူမျှ မကြည့်ဝံ့ကြတော့ပေ။

​“သခင်မလေး...” လျန်ကျုံးက ဦးညွှတ်လိုက်သည်။

​“လီမူလို ဩဇာကြီးတဲ့သူက ချင်လဲ့ကို စောင့်ရှောက်နေမှတော့ သူ့ရဲ့ ရှေ့ရေးအတွက် စိတ်ပူစရာ မရှိတော့ပါဘူး” ရှဲ့ကျင့်ရွှမ်က မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။ “ငါတို့လည်း အမှောင်အသူရာခန်းမကို ပြန်ကြတာပေါ့” ထိုသို့ ဆိုကာ သူမ ထွက်ခွာသွားတော့သည်။

​“စီနီယာလု... ကျွန်မတို့လည်း အခု ထွက်သွားကြမလား” လီကျုံးကျန်း၏ မျက်နှာထက်မှ မာန်မာနတို့မှာ များစွာ လျော့ပါးသွားခဲ့ပြီ ဖြစ်သည်။

​“လင်မိသားစုဆီကို အရင်သွားပြီး သူတို့ကို ခေါ်သွားရမယ်။ ဒီအခွင့်အရေးကို သုံးပြီး မြို့ကနေ ထွက်ကြတာပေါ့” လုလီ၏ စိတ်မှာ ကြည်လင်နေ၏။ “အခုအချိန်မှာ လျိုယွန်ထောင်တို့ အဖွဲ့ဟာ ဆိုင်ရှင်ကြောင့် သတ္တိတွေ ပျောက်နေကြပြီ။ သူတို့ ပြဿနာ ရှာရဲမှာ မဟုတ်ဘူး။ လီမူရဲ့ အရှိန်အဝါကို သုံးပြီး ငါတို့ မြို့ထဲကနေ အေးအေးဆေးဆေး ထွက်သွားလို့ ရတယ်”

​“စီနီယာလုက တကယ့်ကို ပညာရှိပါတယ်” တစ်စုံတစ်ယောက်က ချီးကျူးလိုက်၏။

​လုလီသည် စကား ထပ်မပြောတော့ဘဲ အေးစက်သော အမူအရာဖြင့် လင်မိသားစုရှိရာဘက်သို့ ဦးတည်သွားတော့သည်။

​သူမ၏ ရင်ထဲတွင်မူ ပြင်းထန်သော တုန်လှုပ်မှုများကို ခံစားနေရဆဲ ဖြစ်သည်။ ပြီးခဲ့သော နှစ်နှစ်က လင်မြို့ကလေးမှာတုန်းက သူမသည် ချင်လဲ့ကို လင်ယွီရှီးအား မေ့သွားစေရန် ဆေးလုံး တစ်လုံး ပေးခဲ့ဖူးသည်။ သူတို့နှစ်ဦးသည် တစ်ကမ္ဘာတည်းသား မဟုတ်တော့ဟုလည်း ဆိုခဲ့ဖူး၏။

​ထိုစဉ်က ချင်လဲ့၏ ပြင်းထန်သော တုံ့ပြန်မှုများကို သူမ မှတ်မိနေဆဲ ဖြစ်သည်။ ထို့ပြင် သူ ဆေးလုံးအား သူမထံသို့ ဒေါသတကြီး ပြန်ပေါက်ထည့်ခဲ့သော မာနကိုလည်း သူမ မှတ်မိနေသေး၏။ ချင်လဲ့ကို ပြန်တွေ့သောအခါ သူ ဝိညာဉ် ပေါက်ဖွားခြင်း အဆင့်သို့ ရောက်နေသည်မှာ လင်ယွီရှီး ခိုးဝှက်ပေးထားသော ဆေးလုံးများကြောင့်ဟုသာ သူမ ထင်မှတ်ခဲ့သည်။

​ထို့ကြောင့်ပင် သူမသည် ချင်လဲ့ကို အထင်သေးခဲ့မိသည်။ သူသည် အပြင်ပန်းတွင်သာ မာနကြီးနေပြီး စင်စစ်မူ မိန်းမတစ်ယောက်၏ အကူအညီကို ယူနေရသည်လ အသုံးမကျသော သူဟု ယူဆခဲ့မိသည်။

​သို့သော်လည်း လမ်းမပေါ်တွင် ချင်လဲ့သည် ပြတင်းပေါက်မှ ခုန်ချကာ အဆင့်ချင်း အလွန်ကွာခြားနေသည့် တုဟိုင်ထျန်ကို စိန်ခေါ်ခဲ့သည့် မြင်ကွင်းကို မြင်လိုက်ရသည့်အခါမှသာ သူမသည် ချင်လဲ့အား အသိအမှတ်ပြုခဲ့မိခြင်း ဖြစ်သည်။

​ထို့နောက်တွင် သူသည် တုကျောက်လန်နှင့် တုဖေး သားအမိအား သတ်နိုင်ခဲ့သလို တုဟန်ကိုပါ သတ်နိုင်ခဲ့၏။ လမ်းတစ်လျှောက်တွင်လည်း မြူတိမ်ဆောင်က ကျင့်ကြံသူ ၂၀ ကျော်ကို ရှင်းပစ်ခဲ့သည်။ ချင်လဲ့၏ ထိုကဲ့သို့ ရူးသွပ်လှသည့် လုပ်ရပ်များက ရေခဲကျောက်မြို့တော်က လူများပင် မကဘဲ သူမကိုပါ တုန်လှုပ်သွားစေခဲ့ခြင်း ဖြစ်သည်။

​ယခုမှသာ သူမ သဘောပေါက် သွားတော့သည်။ ချင်လဲ့သည် လင်ယွီရှီးပေးသော ဆေးလုံးများကြောင့် ယခုအဆင့်ကို ရောက်ရှိလာခြင်း မဟုတ်ကြောင်း၊ လင်ယွီရှီး တစ်သက်လုံး မေ့မရဖြစ်နေရသည့် လူမှာ ဤမျှအထိ ဆွဲဆောင်မှုရှိပြီး စိတ်ဓာတ်ပြင်းပြသူ ဖြစ်ကြောင်းကို သူမ မြင်တွေ့သွားခဲ့ရပြီ ဖြစ်သည်။

​“သူ ပြောတာ မှန်ခဲ့တာပဲ” သူမသည် မိမိကိုယ်ကိုယ် တိုးတိုးလေး ရေရွတ်လိုက်မိ၏။ “ဒီချင်လဲ့ဆိုတဲ့ လူက... တကယ့်ကို ထူးခြားတဲ့သူပဲ”

​ရေခဲကျောက်မြို့တော်၏ မြို့တံခါးဝတွင်...

​လီမူ ရောက်ရှိလာသောအခါ မြို့တံခါးမှာ အလိုလို ပွင့်နေပြီး အစောင့်များမှာလည်း ဝေးဝေးမှသာ ရှောင်ဖယ်နေကြသည်။ လီမူက ပြုံးလိုက်ရင်း ခွေးကြီးနှင့် ချင်လဲ့တို့ကို ဦးဆောင်ကာ ရေခဲကျောက်မြို့တော်အတွင်းမှ အေးဆေးစွာ ထွက်ခွာလာခဲ့တော့သည်။

​မြို့ပြင်သို့ ရောက်သောအခါ လီမူသည် သူသွားမည့်လမ်းကို အတည်ပြုပြီးနောက် ချင်လဲ့တို့အား ဦးဆောင်ကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေ၏။

​“ဦးလေးလီ... ဦးလေးက ဘာဖြစ်လို့ ရေခဲကျောက်မြို့တော်ထဲမှာ ရောက်နေတာလဲ” ချင်လဲ့က ရင်ထဲက သံသယများကို မအောင့်နိုင်တော့ဘဲ မေးလိုက်တော့သည်။

​“ငါက သူ့အတွက် လာခဲ့တာပါ” လီမူက ဘေးက ခွေးကြီးကို တစ်ချက် ကြည့်လိုက်၏။

​ချင်လဲ့မှာ ပို၍ အံ့သြသွားရသည်။ “သူ့အတွက် ဟုတ်လား”

​“အင်း” လီမူက ခေါင်းညိတ်လိုက်ရင်း အေးအေးလူလူပင် ရှင်းပြလေသည်။ “ငါ ငယ်ငယ်တုန်းက အာတိတ်တောင်တန်းထဲမှာ ကျင့်ကြံခဲ့ဖူးတယ်။ အဲဒီတုန်းက သူက သာမန်နှင်းဝံပုလွေလေး တစ်ကောင်ပဲ ရှိသေးတာ။ သူက အဲဒီတုန်းက ငါ့ရဲ့... သူငယ်ချင်းပေါ့”

​“အဲဒီနောက် ငါ အာတိတ်တောင်တန်းကနေ ထွက်သွားတော့ သူက ဒီမှာပဲ ကျန်ရစ်ပြီး ဆက်လက် ကျင့်ကြံနေခဲ့တယ်။ နှစ်တွေ အများကြီး ကုန်ဆုံးသွားခဲ့တယ်၊ ငါလည်း တိုက်ကြီးတွေ အများကြီးကို လှည့်လည်သွားလာခဲ့ပြီး ဘဝအတွေ့အကြုံတွေ အများကြီး ရခဲ့တယ်။ ဒါပေမဲ့ ငါ ပြန်လာခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါ အောင်မြင်တဲ့နေ့ကျရင် သူ့ဆီကို ပြန်လာခဲ့ပါ့မယ်လို့ ကတိပေးခဲ့ဖူးလို့ပဲ”

​“ဒါကြောင့် နှစ်ပေါင်းများစွာ ကြာတဲ့အခါ ငါ့ရဲ့ ကတိကို တည်ဖို့ ပြန်လာခဲ့တာပေါ့”

​“ဒါပေမဲ့ ငါ မထင်မှတ်ထားတာကတော့ နှစ်တွေအကြာမှာ ငါတစ်ယောက်တည်း အောင်မြင်ခဲ့တာ မဟုတ်ဘူး။ သူကိုယ်တိုင်လည်း အာတိတ်တောင်တန်းရဲ့ ငြင်းမရနိုင်တဲ့ သားရဲဘုရင် ဖြစ်နေခဲ့ပြီလေ...”

​“သူက ငါနဲ့အတူ လိုက်လာဖို့ နည်းနည်း တွေဝေနေပြီး စဉ်းစားဖို့ အချိန်လိုတယ်လို့ ပြောတာနဲ့ ငါလည်း ကုန်သွယ်ရေး လမ်းမပေါ်မှာ ဆိုင်ဖွင့်ပြီး သူ့ကို စောင့်နေခဲ့တာပေါ့”

​လီမူက ပြုံးလိုက်ရင်း သူ၏ နောက်က ခွေးကြီးကို ကြည့်လိုက်သည်။ “အခုတော့ သူ ဆုံးဖြတ်ချက် ချနိုင်သွားပြီဆိုတော့ ငါလည်း ကုန်သွယ်ရေး လမ်းမပေါ်မှာ ဆက်နေဖို့ မလိုတော့ဘူးပေါ့”

​ခွေးကြီး၏ မျက်ဝန်းအတွင်း၌ သံယောဇဉ် အရိပ်အယောင်များ ပေါ်လာပြီး ဝံပုလွေ၏ မျက်နှာထက်တွင် အပြုံးတစ်ခုပင် ရှိနေသကဲ့သို့ ခံစားရ၏။

​“...အာတိတ်တောင်တန်းရဲ့ ငြင်းမရနိုင်တဲ့ သားရဲဘုရင်၊ ရေခဲကျောက် နှင်းဝံပုလွေဘုရင်” ချင်လဲ့မှာ မှင်သက်သွားရပြီး ခွေးကြီးကို အသေအချာ ပြန်ကြည့်လိုက်မိသည်။ ဆိုင်အပြင်ဘက်က ထူထဲလှသည့် ရေခဲပြင်ကြီးနှင့် ဆက်စပ်ကြည့်လိုက်သောအခါမှ သူ သဘောပေါက်သွားတော့သည်။ “သူက တကယ်ပဲ ရေခဲကျောက် နှင်းဝံပုလွေဘုရင်လား”

​လီမူက ခေါင်းညိတ်ပြ၏။ “အတိအကျပဲ”

​ချင်လဲ့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဆိုင်ထဲတွင် အမြဲတမ်း လူတစ်ယောက်လို သေရည်သောက်နေတတ်သည့် ခွေးကြီးသည် အာတိတ်တောင်တန်း၏ တကယ့်ဘုရင် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့မိပေ။

​“ဒါဆိုရင် သူ ရုတ်တရက် ပျောက်ကွယ်သွားရတာက သူ့ရဲ့ သခင်ကို ရှာတွေ့သွားလို့ပေါ့။ သူ ထွက်သွားတာကြောင့် အာတိတ်တောင်တန်းမှာ သားရဲဘုရင်အသစ် တစ်ကောင် ပေါ်လာဖို့ ကြိုးစားကြရင်းနဲ့ ကျင့်ကြံသူတွေနဲ့ သားရဲတွေ တစ်နှစ်ကျော်ကြာအောင် တိုက်ခိုက်ခဲ့ကြတာပေါ့” ချင်လဲ့က မချင့်မရဲ ခေါင်းခါလိုက်မိသည်။ “ဒီလို အပြောင်းအလဲကြီးတွေရဲ့ တကယ့်တရားခံက ကျွန်တော့်ရဲ့ နှာခေါင်းအောက်က ဆိုင်ဝင်းထဲမှာ ရှိနေလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့မိဘူး”

​“မဟုတ်ဘူး၊ မင်း ပြောတဲ့ တကယ့်တရားခံက တခြားတစ်ယောက်ရှိသေးတယ်” လီမူက ဆို၏။

​“ဘယ်သူလဲ”

​“မင်းရဲ့ လက်ထဲမှာ ကိုင်ထားတဲ့သူပေါ့” လီမူက လှည့်ကြည့်လိုက်ရင်း ချင်လဲ့ လက်ထဲက သစ်သားရုပ်ထုကလေးကို ညွှန်ပြလိုက်သည်။ “အဲဒီသစ်သားရုပ်ထုကို မင်းကို ပေးခဲ့တဲ့သူဟာ အာတိတ်တောင်တန်းကို အကြီးအကျယ် ပြောင်းလဲစေခဲ့တဲ့ တကယ့်တရားခံပဲ။ သူကပဲ ရေခဲကလေးကို ငါနဲ့အတူ လိုက်ခဲ့ဖို့ တကယ့် ဆုံးဖြတ်ချက်ကို ပေးခဲ့တာပေါ့”

​အခန်း (၁၂၄) ရေခဲသလင်းကမ္ဘာ

"သစ်သားရုပ်တု... အဘိုး..."

​ချင်လဲ့၏ မျက်နှာအမူအရာတို့ သိသိသာသာ လှုပ်ခတ်သွားပြီး သူ၏ လက်တွင်းရှိ ရုပ်တုကလေးကို ငေးမောကြည့်လိုက်မိသည်။ သူ၏ အသက်ရှူသံတို့က ရုတ်ခြည်း မြန်ဆန်လာ၏။ "ဦးလေးလီ... သူက ကျွန်တော့်အဘိုးပါ။ ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ ကျွန်တော် သိချင်ပါတယ်"

​"မင်းရဲ့ အဘိုး ဟုတ်လား..." လီမူ၏ မျက်ဝန်းတို့ အရောင်လက်သွားသည်။ "မင်းရဲ့ အဘိုးက တကယ့်ကို အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်ကြီးပဲ..." သူက တိုးတိုးလေး ရေရွတ်လိုက်သည်။

​ချင်လဲ့၏ ရင်တွင်း၌ ပိုမို သိရှိလိုစိတ်တို့ ပြင်းပြစွာ တောက်လောင်လာစဉ်မှာပင် လီမူက ရေခဲကျောက်နှင်းဝံပုလွေမင်းကြီးဘက်သို့ လှည့်ကာ ဆိုလိုက်၏။ "ငါတို့ ရေခဲကျောက်မြို့တော်ကနေ အတော်လေး ဝေးဝေးကို ရောက်လာခဲ့ကြပြီ။ ကဲ... စကြရအောင်"

​ခွေးကြီးတစ်ကောင်အသွင် ဖန်ဆင်းထားသော ဝံပုလွေဘုရင်သည် လူတစ်ယောက်ပမာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ငွေရောင် နှင်းမြူခိုးများကို ဟပ်ထုတ်လိုက်လေသည်။

​အေးစက်လှသော မြူခိုးတို့သည် တဲအိမ်ကလေး တစ်လုံးပမာ ချင်လဲ့နှင့် လီမူတို့ကို ရစ်ပတ်လွှမ်းခြုံသွား၏။ တောက်ပသော နေရောင်ခြည်အောက်တွင် ချင်လဲ့၊ လီမူနှင့် ခွေးကြီးတို့ သုံးဦးသားသည် ရေခဲပြင်အောက်သို့ လျင်မြန်စွာ ရောက်ရှိသွားကြတော့သည်။

​ခဏအကြာတွင် ရေခဲတို့သည် အရည်ပျော်ကျခြင်း မရှိဘဲ အငွေ့ပျံကာ မြူခိုးများပမာ လွင့်စင်ပျောက်ကွယ်သွားလေသည်။ ထိုနေရာတွင် ချင်လဲ့၊ လီမူနှင့် ခွေးကြီးတို့ သုံးဦးသားသည် အရိပ်အယောင်မျှပင် မကျန်ရစ်တော့ဘဲ ပျောက်ကွယ်သွားကြလေပြီ။

​……

​ချင်လဲ့သည် အေးစက်တိတ်ဆိတ်လှသော မြေအောက်ချောက်ကမ်းပါး တစ်ခုအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ မျက်စိဖွင့်ကြည့်လိုက်သောအခါ အံ့ဩထိတ်လန့်သွားပြီး အော်ဟစ်လိုက်မိသည်။ "ဒါ ဘယ်နေရာကြီးလဲ"

​သူ၏ မျက်စိရှေ့တွင် မြင်တွေ့နေရသည်မှာ ထူထဲလှသော ရေခဲတုံးကြီးများပင် ဖြစ်သည်။ သူသည် ရေခဲကမ္ဘာကြီးတစ်ခု၏ အောက်ခြေကြမ်းပြင်သို့ ရောက်ရှိနေသည့်အလား ထင်မှတ်ရပြီး ဆယ်မီတာမှ ရာနှင့်ချီ၍ မြင့်မားသော ရေခဲတောင်ကြီးများ မားမားမတ်မတ် ရပ်တည်နေကြသည်။ ထို့ပြင် ထိုရေခဲတောင်ကြီးများ အတွင်း၌ တစ်စုံတစ်ရာကို ချိပ်ပိတ်လှောင်နှောင်ထားကြောင်းကိုလည်း မှန်းဆသိရှိနိုင်ပေသည်။

​သူ၏ ခြေအောက်ရှိ အေးစက်နေသော ကျောက်တုံးများနှင့် မာကျောလှသော ရေခဲများကို နေရာအနှံ့အပြားတွင် တွေ့မြင်နေရ၏။ သူသည် ဤကျဉ်းမြောင်းလှသော ရေခဲလမ်းကျဉ်းလေးထဲတွင် ချုပ်နှောင်ခံထားရသကဲ့သို့ ရှိနေပြီး လှုပ်ရှားသွားလာရန်ပင် ခက်ခဲလှပေသည်။

​"ဒီဘက်ကို လာခဲ့" ရှေ့မှ လီမူ၏ အသံ ထွက်ပေါ်လာသည်။ သူနှင့် ဝံပုလွေဘုရင်တို့သည် ရေခဲလမ်းကျဉ်းလေးတစ်လျှောက် အေးအေးလူလူ လျှောက်လှမ်းသွားနေကြ၏။

​ချင်လဲ့ ရှေ့သို့ တစ်လှမ်း တက်လှမ်းလိုက်သည်နှင့် ရုတ်တရက် အေးခဲတောင့်တင်းသွားရသည်။ သူ၏ ပတ်ဝန်းကျင်၌ မမြင်ရသော စွမ်းအားလှိုင်းများ အလွှာလိုက် ရစ်ပတ်နေပြီး ထိုစွမ်းအားများက ပတ်ဝန်းကျင်၏ အေးစက်မှုကို ကာကွယ်ပေးထားကြောင်း သူ သတိပြုမိလိုက်သည်။

​အံ့သြမှုကြောင့် ချင်လဲ့ မျက်မှောင်ကြုတ်သွားရသော်လည်း လီမူနှင့် ခွေးကြီးတို့၏ နောက်သို့ ကမန်းကတန်း လိုက်ပါသွားလေသည်။

​ထိုသို့ လျှောက်လှမ်းလာကြရင်း သူတို့သည် ရေခဲတောင် တစ်တောင်ပေါ်သို့ တဖြည်းဖြည်း တက်ရောက်လာခဲ့ကြသည်။ တစ်နာရီကျော်ခန့် ခရီးနှင်ပြီးနောက် ချင်လဲ့သည် လီမူတို့နှင့်အတူ တောက်ပနေသော ရေခဲမြစ်ကြီး တစ်စင်းထက်သို့ ရောက်ရှိလာပြီး ထိပ်ဖျားသို့ ခြေချလိုက်မိသည်။

​"ဟိုးဘက်ကို သေသေချာချာ ကြည့်စမ်း" လီမူက လေးနက်သော ဟန်ပန်ဖြင့် လက်ညှိုးထိုးပြလိုက်၏။

​ချင်လဲ့သည် အနီးရှိ ရေခဲတောင်ငယ်လေး တစ်လုံးကို အသေအချာ အကဲခတ်ကြည့်လိုက်ရာ အတွင်းဘက်၌...

​ရွှေရောင်ကျောက်ဆောင်သားရဲနှင့် ခပ်ဆင်ဆင်တူသော်လည်း ထိုရေခဲတောင်အတွင်း ချိပ်ပိတ်ခံထားရသော သားရဲကြီးမှာ အဆငါးဆယ်မက ပိုမို ကြီးမားနေသည့် ကြောက်မက်ဖွယ် ဝိညာဉ်သားရဲကြီး တစ်ကောင် ဖြစ်နေပေသည်။ ပုံမှန်ထက် အဆငါးဆယ်ခန့် ကြီးမားသော ထိုရွှေရောင်ကျောက်ဆောင်သားရဲကြီးသည် ဆယ်မီတာခန့် မြင့်မားပြီး တောင်တန်းကြီးတစ်လုံးပမာ ကြီးမားကျယ်ပြန့်လှသည်။ ၎င်း၏ ခန္ဓာကိုယ်ထက်တွင် ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပြီး ထူထဲလှသော ရေခဲများက လုံးဝ ဖုံးလွှမ်းထားလေသည်။ ထိုသားရဲကြီး၏ ကိုယ်နေဟန်ထားမှာ မကျေနပ်ချက်များဖြင့် ကောင်းကင်ယံသို့ မော်ကြည့်ကာ ဟိန်းဟောင်နေသည့်နှယ် ရှိလေသည်။

​"တခြား ရေခဲတောင်တွေကိုလည်း ကြည့်လိုက်ဦး" လီမူက သတိပေးလိုက်သည်။

​ချင်လဲ့၏ ရင်တွင်း၌ တုန်လှုပ်သွားရပြီး ပတ်ဝန်းကျင်ရှိ အခြားရေခဲတောင်များကို လိုက်လံကြည့်ရှုလိုက်သောအခါ သူ၏ မျက်နှာနှင့် မျက်ဝန်းများတွင် ထိတ်လန့်အံ့သြမှုတို့ ပိုမို ထင်ရှားလာတော့သည်။

​နဂါးတစ်ကောင်ပမာ ကြီးမားလှသော ရေခဲဝိညာဉ်စပါးအုံးမြွေကြီး တစ်ကောင်။ ခွေလိပ်နေသော ၎င်း၏ ခန္ဓာကိုယ်ကြီးမှာ သုံးဆယ်မီတာခန့် မြင့်မားပြီး ရေခဲအလွှာများက မြွေကြီး၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသဖြင့် တိမ်တိုက်များပေါ်တွင် ပေါလောပေါ်နေသကဲ့သို့ ထင်မှတ်ရပေသည်။ ထိုစပါးအုံးမြွေကြီးမှာလည်း ရေခဲတောင်များအတွင်း အေးခဲနေပြီး အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ချေ။

​အခြားတစ်ဖက်ရှိ ရေခဲတောင် တစ်လုံးအတွင်း၌မူ အလွန် ကြီးမားလှသော ခြင်္သေ့ကြီးတစ်ကောင်သည် မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေသည်ကို တွေ့ရသည်။ ၎င်း၏ မျက်ဝန်းများမှ ခရမ်းပြာရောင် အလင်းတန်းများ တောက်ပနေဆဲ ဖြစ်၏။

​ချင်လဲ့ တစ်ချက် လှမ်းကြည့်လိုက်မိချိန်တွင် သူ၏ နှလုံးခုန်သံများ ရပ်တန့်သွားမတတ် ခံစားလိုက်ရသည်။ ကြီးမားလှသော ဘီလူးသတ္တဝါကြီးတစ်ကောင်၏ လိုက်လံဖမ်းဆီးခြင်း ခံရသည့်နှယ် ကြောက်ရွံ့တုန်လှုပ်ဖွယ် ကောင်းလှပေသည်။

​"ဒီဝိညာဉ်သားရဲကြီး သုံးကောင်ရဲ့ နာမည်တွေကိုတော့ ငါလည်း မသိဘူး။ ရွှေရောင်ကျောက်ဆောင်သားရဲ၊ ရေခဲဝိညာဉ်စပါးအုံးမြွေနဲ့ လက်ရှိ သားရဲဘုရင်ဖြစ်တဲ့ ခရမ်းရောင်မျက်လုံး မီးတောက်ခြင်္သေ့မင်းတို့ဟာ သူတို့ဆီကနေ ဆင်းသက်လာတဲ့ မျိုးဆက်တွေ ဖြစ်ဖို့ များတယ်" လီမူက ခပ်လှမ်းလှမ်းရှိ ရေခဲတောင်များကို လက်ညှိုးထိုးပြရင်း မှတ်ချက်ချလိုက်သည်။ "အဲဒီ ရေခဲတောင်တွေထဲမှာလည်း ဒီလိုမျိုး ကြီးမားလှတဲ့ ဝိညာဉ်သားရဲကြီးတွေ အေးခဲနေကြသေးတယ်..."

​"ဒါတွေက အာတိတ်တောင်တန်းကြီးရဲ့ နက်ရှိုင်းတဲ့ နေရာက ရေခဲတောင်ကြီးတွေလား" ချင်လဲ့က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ "ဒါက ရေခဲကျောက် နှင်းဝံပုလွေဘုရင်နဲ့ ခရမ်းရောင်မျက်လုံး မီးတောက်ခြင်္သေ့မင်းတို့ ကျင့်ကြံတဲ့ နေရာလား။ ဒီက ရေခဲတောင်တွေက ကောလာဟလတွေထဲကလောက် မမြင့်မားပါလား" သူက အော်ဟစ်မေးမြန်းလိုက်သည်။

​"မင်းပြောတာ မှန်သလို မှားလည်း မှားတယ်" လီမူက ပြုံးလိုက်၏။ "ငါတို့က အာတိတ်တောင်တန်းကြီးရဲ့ နက်ရှိုင်းတဲ့ နေရာမှာ ရှိနေတာ မှန်ပေမယ့် ဒါတွေက အပြင်ဘက်က ရေခဲတောင်တွေ မဟုတ်ဘူး။ မြေအောက် မီတာရာနဲ့ချီ နက်တဲ့ နေရာမှာ ရှိနေတဲ့ ကမ္ဘာသစ်တစ်ခုပဲ"

​"ဗျာ... ကျွန်တော်တို့က မြေအောက်ကို ရောက်နေတာလား။ အာတိတ်တောင်တန်းရဲ့ မြေအောက် မီတာရာနဲ့ချီ နက်တဲ့ နေရာကိုလား" ချင်လဲ့မှာ အံ့သြမှင်သက်သွားရသည်။

​"ဟုတ်တယ်" လီမူက သူ၏ ခေါင်းပေါ်သို့ လက်ညှိုးထိုးပြလိုက်သည်။ "မင်းဘာသာမင်း ကြည့်လိုက်ပါလား"

​ချင်လဲ့ ရုတ်တရက် မော့ကြည့်လိုက်၏။ သူ၏ အထက် မီတာရာနှင့်ချီ မြင့်သော နေရာတွင် တွဲလောင်းကျနေသော ကျောက်စက်ပန်းဆွဲကြီးများကို မြင်တွေ့လိုက်ရသည်။

​အထက်တွင် ကောင်းကင်ယံဟူ၍ မရှိချေ။ ထက်မြက်လှသော ရေခဲချွန်ကြီးများကိုသာ မြင်တွေ့ရပေသည်။ သက်ရှိဟူ၍ အရိပ်အယောင်မျှ မတွေ့ရဘဲ အဆုံးအစမထင်သော ရေခဲတောင်များနှင့် ရေခဲပြင်ကြီးများကိုသာ မြင်တွေ့ရပေသည်။

​ဤသည်မှာ အာတိတ်တောင်တန်းကြီး၏ အောက်ခြေရှိ ကမ္ဘာမြေပင် ဖြစ်တော့သည်။

​"အတိတ်က ငါ အာတိတ်တောင်တန်းထဲမှာ နေခဲ့ဖူးတယ်။ အဲဒီတုန်းက ဒီမြေအောက်က အံ့ဖွယ်ရာတွေကို ငါ မသိခဲ့ရတာ နှမြောစရာပဲ" လီမူက တိုးတိုးလေး ဆိုလိုက်သည်။ "ငါ ထွက်သွားပြီးတဲ့နောက်ပိုင်း ရေခဲလေးဟာ ကံကောင်းထောက်မစွာနဲ့ ဒီနေရာကို ရောက်လာခဲ့တယ်။ အဲဒီတုန်းက သူက သာမန်နှင်းဝံပုလွေလေး တစ်ကောင်ပဲ ရှိသေးပေမယ့် ဒီနေရာက အအေးဓာတ်ကို အသုံးချပြီး ကျင့်ကြံနိုင်ခဲ့တယ်။ ဒါကြောင့် နှစ်ပေါင်းများစွာ ကြာတဲ့အခါ ငါ ပြန်လာချိန်မှာ သူဟာ အာတိတ်တောင်တန်းရဲ့ သားရဲဘုရင်၊ ရေခဲကျောက် နှင်းဝံပုလွေဘုရင် ဖြစ်နေခဲ့တာပေါ့"

​လီမူသည် ချင်လဲ့ကို ကြည့်လိုက်ပြီး ဆိုလိုက်သည်။ "ရေခဲလေး ရရှိခဲ့တဲ့ အောင်မြင်မှုတွေ အားလုံးဟာ အလွန်အမင်း အေးခဲနေတဲ့ ဒီအံ့ဖွယ်နေရာလေးကြောင့်ပါပဲ"

​ချင်လဲ့သည် ရေခဲကျောက် နှင်းဝံပုလွေဘုရင်ကို အံ့ဩတကြီး ငေးကြည့်နေမိသည်။

​"မင်းရဲ့ အဘိုးလည်း ဒီနေရာကို ရောက်ခဲ့ဖူးတယ်" လီမူက စကားလမ်းကြောင်း လွှဲလိုက်သည်။ "သူက အာတိတ်တောင်တန်းထဲမှာ နှစ်အတော်ကြာ နေခဲ့တယ်။ နောက်ပြီး သူက ဒီလိုနေရာမျိုး ရှိတယ်ဆိုတာကို ကြိုသိနေပုံရပြီး နှစ်နဲ့ချီပြီး လိုက်ရှာနေခဲ့တာ။ ရေခဲလေး ပြောပြချက်အရဆိုရင် မင်းရဲ့အဘိုးဟာ တကယ့်ကို ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ ပုဂ္ဂိုလ်ကြီးပဲ။ ဒီနေရာကို ရှာတွေ့တဲ့အခါ သူဟာ အာတိတ်တောင်တန်းက ဝိညာဉ်သားရဲတွေကို မဆင်မခြင် သတ်ဖြတ်တာမျိုး မလုပ်ခဲ့သလို အာတိတ်တောင်တန်းရဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း မဖျက်ဆီးခဲ့ဘူး..."

​ချင်လဲ့သည် အာရုံစိုက်ကာ နားထောင်နေမိ၏။

​"နောက်ဆုံးတော့ မင်းရဲ့အဘိုးဟာ ငါတို့အထက်က ရေခဲတောင်ဆီ ရောက်လာခဲ့တယ်။ သူ အဝင်ပေါက်ကို ရှာတွေ့သွားခဲ့တယ်။ အဲဒီ အဝင်ပေါက်ကို... ရေခဲလေးက အမြဲ စောင့်ကြပ်နေခဲ့တာလေ" လီမူ၏ မျက်ဝန်းတို့တွင် အံ့ဩချီးကျူးရိပ်တို့ ဖြတ်ပြေးသွားသည်။ "သူက အဝင်ပေါက်မှာ ရေခဲလေးကို အနိုင်ယူပြီး ဒီထဲကို ဝင်လာခဲ့တာ။ သူဟာ မြေကြီးထဲ နက်ရှိုင်းစွာ တည်ရှိနေတဲ့ ဒီရေခဲကမ္ဘာကြီးထဲကို ရောက်လာခဲ့ပြီး ချိပ်ပိတ်ခံထားရတဲ့ ဒီဝိညာဉ်သားရဲကြီးတွေကိုလည်း တွေ့မြင်ခဲ့ရတယ်"

​ဤအချိန်တွင် ဝံပုလွေမင်းကြီး၏ မျက်ဝန်းများတွင်လည်း ရိုသေလေးစားမှုများ ပေါ်လွင်နေပေသည်။

​"မင်းရဲ့အဘိုးဟာ ဒီနေရာကို လှည့်လည်ကြည့်ရှုခဲ့တယ်။ သူ ဘာကိုမှ မရွှေ့ပြောင်းခဲ့သလို ဘာကိုမှလည်း မယူငင်ခဲ့ဘူး။ သူ ပြန်ထွက်လာတဲ့အခါ ဒီနေရာဟာ သူ ရှာဖွေနေတဲ့ နေရာ မဟုတ်ဘူးဆိုတဲ့ အမူအရာနဲ့ အတော်လေး စိတ်ပျက်နေပုံရတယ်။ သူ နေရာမှား ရှာမိသွားတယ်ထင်လို့... သူ လက်ဗလာနဲ့ပဲ ပြန်ထွက်လာခဲ့တယ်" လီမူက ချင်လဲ့ကို စူးစိုက်ကြည့်လိုက်သည်။ "သူ ရေခဲလေးနဲ့ ခဏလောက် စကားပြောပြီး အာတိတ်တောင်တန်းကနေ ထွက်သွားခဲ့တယ်။ အဲဒီအချိန်ကစပြီး သူ ဘယ်တော့မှ ပြန်မလာတော့ဘူး"

​"သူ ဘယ်ကို သွားခဲ့တာလဲဟင်" ချင်လဲ့က ကမန်းကတန်း မေးလိုက်၏။

​"ဟားဟား... အဲဒါကိုတော့ ငါတို့လည်း မသိဘူးကွ" လီမူက ခေါင်းခါပြလိုက်သည်။ "သူ့အကြောင်း အားလုံးကို ရေခဲလေးက ငါ့ကို ပြောပြခဲ့တာ"

​"အတိတ်တုန်းက ရေခဲလေးဟာ သူ့ကိုယ်သူ အာတိတ်တောင်တန်းရဲ့ သားရဲဘုရင်လို့ ထင်မှတ်ပြီး လုံလောက်တဲ့ အစွမ်းအစ ရှိပြီလို့ ယုံကြည်ခဲ့တယ်။ သူဟာ မြေအောက်က အအေးဓာတ်ကို ဆက်သုံးပြီး ကျင့်ကြံနိုင်သေးတာမို့ ငါနဲ့ လိုက်လာဖို့ ဝေခွဲမရ ဖြစ်နေခဲ့တာ။ ဒါပေမဲ့ မင်းရဲ့အဘိုးဆီမှာ ရှုံးနိမ့်သွားပြီးတဲ့နောက် သူ ထင်ထားသလောက် မစွမ်းဆောင်နိုင်ဘူးဆိုတာကို သဘောပေါက်သွားပြီး ငါနဲ့ လိုက်ဖို့ ဆုံးဖြတ်လိုက်တာပဲ။ သူ ထွက်သွားပြီးတဲ့နောက် ခရမ်းရောင်မျက်လုံး မီးတောက်ခြင်္သေ့မင်းက သားရဲဘုရင်အသစ် ဖြစ်လာပြီး ဝိညာဉ်သားရဲတွေနဲ့ ကျင့်ကြံသူတွေကြားမှာ အခုလို တိုက်ပွဲတွေ ဖြစ်လာရတာပေါ့"

​လီမူက လွတ်လပ်ပေါ့ပါးစွာ ပြုံးလိုက်ပြီး ဆိုသည်။ "ဒါကြောင့် တရားခံကို ရှာရမယ်ဆိုရင် မင်းရဲ့အဘိုးက ပင်မ တရားခံပဲ။ သူက ရေခဲလေးကို ထွက်သွားဖို့ တွန်းအားပေးလိုက်တာကိုး"

​"အဘိုးက ဘာကို ရှာနေခဲ့တာလဲ။ နှစ်နဲ့ချီပြီး လိုက်ရှာနေခဲ့တာဆိုတော့..."

​ချင်လဲ့၏ မျက်မှောင်များ တင်းကျပ်စွာ စုထုံးသွားရသည်။ အဘိုး ချင်ရှန်က သူ့ကို လင်မြို့ကလေးဆီ ခေါ်လာပြီး လင်မိသားစုတွင် အခြေချခဲ့ရခြင်းမှာ အာတိတ်တောင်တန်းထဲသို့ ဝင်ရောက်ကာ တစ်စုံတစ်ရာကို ရှာဖွေနိုင်ရန်အတွက် ဖြစ်ကြောင်းအား သူ ရုတ်တရက် သဘောပေါက်သွားလေသည်။

​သို့သော် ဤကဲ့သို့ အံ့ဖွယ်ကောင်းလှသော ရေခဲကမ္ဘာကြီးပင်လျှင် အဘိုးရှာဖွေနေသည့် အရာ မဟုတ်ခဲ့ပေ။ အဘိုးက တကယ်တမ်း မည်သည်ကို လိုချင်ခဲ့သနည်း။ ထိုနေရာမှ ထွက်သွားပြီးနောက် အဘိုး မည်သည့်နေရာသို့ သွားခဲ့သနည်း။

​ပဟေဠိတစ်ခု ပြေလည်သွားခဲ့သော်လည်း နောက်ထပ် ပဟေဠိများစွာ ထပ်မံ ပေါ်ပေါက်လာခဲ့လေပြီ။ ယခုအခါ ချင်လဲ့၏ ရင်တွင်း၌ မေးခွန်းပေါင်းများစွာ ပြည့်နှက်နေ၏။ သူသည် အဘိုးချင်ရှန်အား ဖမ်းဆွဲပြီး သူ၏ မေးခွန်းများ အားလုံးကို တစ်ပြိုင်နက်တည်း မေးမြန်းပစ်လိုက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေတော့သည်။

​"မင်းရဲ့အဘိုးဟာ အာတိတ်တောင်တန်းက ဝိညာဉ်သားရဲ အများအပြားကို တစ်ချိန်က ကူညီခဲ့ဖူးတယ်။ အဲဒီ သစ်သားရုပ်တုက... သူ့ရဲ့ သရုပ်မှန်ကို ဖော်ပြတဲ့ အမှတ်အသားပဲ။ အာတိတ်တောင်တန်းက ဝိညာဉ်သားရဲ အများအပြားဟာ အဲဒီရုပ်တုကို မှတ်မိကြတယ်။ သေချာတာကတော့ အဲဒီရုပ်တုကို မှတ်မိတဲ့ ဝိညာဉ်သားရဲတွေဟာ ဉာဏ်ရည်မြင့်မားတဲ့ အဆင့်မြင့် သားရဲတွေပဲ" လီမူက အနည်းငယ် နှမြောတသ ဖြစ်ဟန်ဖြင့် ဆို၏။ "ငါ ရေခဲလေးဆီကနေ မင်းရဲ့အဘိုးအကြောင်း ကြားပြီးတဲ့နောက် သူ့ကိုများ တွေ့ရမလားဆိုပြီး တောင်ပေါ်ကို သွားခဲ့သေးတယ်။ ငါ့မှာ အဲဒီအခွင့်အရေး မရှိခဲ့တာ နှမြောစရာပဲ"

​ချင်လဲ့ တိတ်ဆိတ်သွားသည်။ အတော်ကြာမှ သူက မေးလိုက်သည်။ "ဦးလေးလီ... ကျွန်တော့်ကို ဒီနေရာကို ဘာလို့ ခေါ်လာခဲ့တာလဲ။ ကျွန်တော့်ကို အူလည်လည် ဖြစ်စေတဲ့ ကိစ္စတစ်ခု ရှင်းပြရုံသက်သက်လား"

​လီမူက ပြုံးစိစိ လုပ်လိုက်ပြီး ဆိုသည်။ "မင်းရဲ့အဘိုးက ဒီနေရာကို မဖျက်ဆီးခဲ့ဘူး။ သူက ရေခဲလေးကို အလွယ်တကူ သတ်ပစ်နိုင်ပေမယ့် မသတ်ဖို့ ရွေးချယ်ခဲ့တယ်။ ပြီးတော့ သူက ရေခဲလေးနဲ့ ကျင့်ကြံခြင်းအကြောင်းတွေ ဆွေးနွေးခဲ့သေးတယ်... ရေခဲလေးက သူ့ကျေးဇူးကို သိတတ်ပါတယ်။ ဒါကြောင့် မင်းကို ကျေးဇူးဆပ်ချင်နေတာ။ ဒီတော့ ငါက မင်းကို အအေးဓာတ် သဘောတရားတွေကို နားလည်သဘောပေါက်စေဖို့ ဒီကို ခေါ်လာခဲ့တာပေါ့"

​"အအေးဓာတ် သဘောတရား ဟုတ်လား" ချင်လဲ့မှာ မှင်သက်သွားရသည်။

​"ဟုတ်တယ်... အအေးဓာတ် သဘောတရား" လီမူ၏ အမူအရာမှာ လေးနက်သွား၏။ "လွန်ခဲ့တဲ့ အချိန်ကာလ အတော်ကြာတုန်းက အာတိတ်တောင်တန်းဟာ ရှေးဟောင်း ဝိညာဉ်သားရဲတွေ အများအပြား နေထိုင်ကျက်စားရာ သစ်တောအုပ်ကြီးတစ်တော ဖြစ်ခဲ့ရမယ်။ ဒီနေရာကြီးဟာ အခုလို အာတိတ်တောင်တန်းကြီး ဖြစ်လာရတဲ့ အကြောင်းရင်း၊ မြေအောက်မှာ ဒီလောက်များပြားတဲ့ ရေခဲတောင်ကြီးတွေ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်း၊ ရှေးဟောင်းခေတ်က ဝိညာဉ်သားရဲတွေ ဒီမှာ အေးခဲနေရတဲ့ အကြောင်းရင်းတွေ အားလုံးဟာ... အထက်ကောင်းကင်ယံ အဝေးဆီကနေ လူတစ်ယောက်က လက်ဝါးတစ်ချက် ရိုက်ချလိုက်လို့ပဲ..."

​"လက်ဝါးတစ်ချက် ရိုက်ချလိုက်တယ် ဟုတ်လား" ချင်လဲ့က ထိတ်လန့်တကြီး အော်ဟစ်လိုက်မိသည်။

​"အင်း... အထက် အဝေးဆီကနေ လက်ဝါးတစ်ချက် ရိုက်ချလိုက်တာ။ တောင်တန်းကြီးရဲ့ ပတ်လည် မိုင်တစ်ရာလောက်ရှိတဲ့ မြေပြင်ကြီးဟာ မြေအောက် မီတာရာနဲ့ချီပြီး နစ်ဝင်သွားခဲ့တယ်။ အအေးဓာတ်တွေ ပျံ့နှံ့သွားပြီး ဝိညာဉ်သားရဲ အားလုံးကို အေးခဲသွားစေခဲ့တယ်။ ရေခဲတွေက မြေအောက်ကမ္ဘာကြီးကို ချိပ်ပိတ်လိုက်ပြီး တောင်တွေကို ရေခဲတောင်တွေ ဖြစ်သွားစေခဲ့တယ်။ ဒါကြောင့် ဒီနေရာဟာ အာတိတ်တောင်တန်းကြီးအဖြစ် ကျန်ရစ်ခဲ့တာပဲ" လီမူ၏ မျက်နှာတွင် ရိုသေလေးစားမှုများ ပေါ်လွင်လာ၏။ "ဒီလက်ဝါး တစ်ချက်ဟာ တကယ့်ကို ကမ္ဘာမြေကို ပြောင်းပြန်လှန်ပစ်နိုင်ပြီး ကောင်းကင်ရဲ့ အရောင်ကိုတောင် ပြောင်းလဲသွားစေနိုင်တယ်။ ဒီလက်ဝါးထဲမှာ ပါဝင်နေတဲ့ အအေးဓာတ် သဘောတရားဟာ ထာဝရ တည်တံ့နေပြီး ဒီရေခဲသလင်းကမ္ဘာကြီးထဲမှာ စွဲကျန်ရစ်နေခဲ့တာပဲ"

​သူက ချင်လဲ့ကို ကြည့်ကာ ဆိုသည်။ "ရေခဲလေးက မင်းကို ဒီနေရာက အအေးဓာတ် သဘောတရားကို ခံစားစေချင်နေတာ။ မင်း နားလည်သဘောပေါက်နိုင်မလား၊ မပေါက်နိုင်ဘူးလား ဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်"

​စကားများကို နားထောင်ရင်း ချင်လဲ့၏ ဦးနှောက်ထဲတွင် အတွေးများ ချာချာလည်နေတော့သည်။ လီမူ၏ စကားများ မှန် မမှန်ကို သူ မသိသော်လည်း ထိုမြင်ကွင်းအား တွေးကြည့်လိုက်ရုံမျှဖြင့် သူ၏ ရင်တွင်း၌ စိတ်လှုပ်ရှားမှုတို့ ဆူပွက်လာတော့သည်။

​လောကကြီး၏ နိယာမများကို ပြောင်းပြန်လှန်ပစ်နိုင်သော၊ တောင်များကို ရေခဲများ ဖုံးလွှမ်းသွားစေနိုင်သော၊ မိုင်တစ်ရာအတွင်းက မြေပြင်ကို မြေကြီးထဲ နက်ရှိုင်းစွာ နစ်ဝင်သွားစေနိုင်သော လက်ဝါးတစ်ချက်သည်လော။ မည်သည့်အခါမှ မကွယ်ပျောက်ဘဲ ထာဝရ တည်တံ့နေသော အအေးဓာတ် သဘောတရားသည်လော။ လူတစ်ယောက်က တကယ်ပင် ဤသို့ လုပ်နိုင်ပါ့မည်လော။

​"ဦး... ဦးလေးလီ... ဒါက လက်ဝါးတစ်ချက်ကြောင့် ဖြစ်လာတာလို့ ဘယ်လိုလုပ်... သိတာလဲဟင်" ချင်လဲ့က အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်သည်။

​"ဘာလို့လဲဆိုတော့ လက်ဝါးရာကြီးက ဒီမှာ ရှိနေသေးလို့ပဲ" လီမူက ဖြည်းညင်းစွာ ဆို၏။ "လက်ဝါးရာကြီးကို ထူထဲတဲ့ ရေခဲတွေ၊ နှင်းတွေက ဖုံးလွှမ်းထားတယ်။ အခုတော့ မင်း မြင်ရမှာ မဟုတ်ဘူး။ မင်းရဲ့ စိတ်ကို စုစည်းပြီး ဒီနေရာက အအေးဓာတ် သဘောတရားကို နားလည်သဘောပေါက်အောင် နှလုံးသားနဲ့ ခံစားကြည့်ပါ"

​"ကျွန်တော့်မှာ အချိန် ဘယ်လောက်ရမလဲ" ချင်လဲ့က မေးလိုက်သည်။

​"သုံးလ" လီမူက ပြန်ဖြေ၏။ "နောက်သုံးလ ကြာရင် ရေခဲလေးနဲ့ ငါ အာတိတ်တောင်တန်းကနေ ထွက်ခွာတော့မယ်။ မင်းအတွက် အခြား စီစဉ်ထားတာတွေ ရှိတယ်"

​"ဒီက အအေးဓာတ် သဘောတရားကို ဘယ်လို နားလည်အောင် လုပ်ရမလဲ"

​"ရိုးရိုးလေးပါကွာ" လီမူက ခပ်ဟဟ ရယ်မောလိုက်သည်။

​နောက်တစ်ခဏတွင် ချင်လဲ့ကို ရစ်ပတ်ထားသော မမြင်ရသည့် ကာကွယ်မှု အလွှာများ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။

​အရိုးခိုက်မတတ် အေးစက်လှသော အအေးဓာတ်သည် အရပ်မျက်နှာ အသီးသီးမှ ချက်ချင်း ဝင်ရောက်လာ၏။ ချင်လဲ့သည် ရေခဲတုံးကြီး တစ်တုံးအတွင်းသို့ ရုတ်တရက် ဆွဲသွင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ခန္ဓာကိုယ်အတွင်းရှိ အရိုးများ ကျိုးကြေမတတ် အေးခဲမှုကြောင့် သူ၏ တစ်ကိုယ်လုံး ထုံကျင်သွားတော့သည်။

All Chapters