အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
အခန်း (၁၂၉) ငါ မီးလောင်နေပြီ
မီးတောက်ကဲ့သို့ နီရဲသော ဝတ်စုံနှင့် ပုံရိပ်လေးသည် စာမေးပွဲဖြေဆိုသူများကြားဝယ် လှပစွာ ကခုန်နေသည့် လိပ်ပြာနီလေးတစ်ကောင်ပမာ ပျံသန်းလှုပ်ရှားနေသည်။
ဘေးပတ်ပတ်လည်ရှိ လက်နက်ဂိုဏ်းမှ တပည့်များမှာမူ ရမ္မက်ဇောများဖြင့် မျက်လုံးများ အရောင်တောက်နေကြပြီး ထိုလှပသော ပုံရိပ်လေးနောက်သို့သာ အကြည့်များဖြင့် လိုက်ပါနေကြတော့သည်။ သူတို့သည် ဤနေရာသို့ လာရခြင်း၏ မူလရည်ရွယ်ချက်ကိုပင် မေ့လျော့နေကြပုံရ၏။
"စိတ်ဓာတ်ကို မခိုင်မာအောင် မထားနိုင်ဘဲ ပန်းပဲပညာကို အာရုံမစိုက်နိုင်တဲ့ နောက်ထပ် အသုံးမကျတဲ့သူ တစ်ယောက်ပါလား..."
ထန်စီချီ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးလေး လှုပ်ရှားသွားတိုင်း မူးယစ်စေသော ရနံ့များ ပျံ့လွင့်သွားပြီး အောင်မြင်လိုသော ပန်းပဲပညာရှင်လောင်းများစွာ၏ စိတ်ကို တုန်လှုပ်သွားစေကာ အာရုံစူးစိုက်မှု ပျက်ပြားကုန်ကြရသည်။ ထန်စီချီသည် ထပ်ခါတလဲလဲ ခေါင်းခါယမ်းနေမိသည်။ သူမ၏ ညှို့ဓာတ်ပြင်းလှသော မျက်နှာလေးထက်ဝယ် စိတ်ပျက်မှုများ ဖုံးလွှမ်းနေ၏။
"စီချီ... မင်းသေချာ အာရုံစိုက်ကြည့်သင့်တဲ့လူ သုံးယောက်ရှိတယ်။ သူတို့က မင်းရဲ့ မျှော်မှန်းချက်ကို ပြည့်မီနိုင်လိမ့်မယ်" သူမ ထုံကျိဟွာ၏ ဘေးသို့ ပြန်ရောက်လာသောအခါ ထုံကျိဟွာက ပြုံး၍ လျန်ရှောက်ယန်၊ အိုရန်ကျင့်ကျင့်နှင့် ရီယွမ်တို့ကို လှမ်းညွှန်ပြကာ တိုးတိုးလေး ပြောလိုက်သည်။ "သူတို့ရဲ့ နောက်ခံတွေက ထူးခြားသလို လက်နက်သွန်းလုပ်တဲ့နေရာမှာလည်း အတွေ့အကြုံ အတိုင်းအတာတစ်ခုအထိ ရှိကြတယ်။ သူတို့ကတော့ စာမေးပွဲကို သေချာပေါက် အောင်မြင်ကြမှာပဲ"
လျန်ရှောက်ယန်နှင့် အခြားနှစ်ဦးမှာ ခြံဝင်း၏ အရှေ့ဘက်ပိုင်းတွင် ရှိနေကြသည်။ ထန်စီချီသည် ထိုနေရာကို တစ်ပတ်ပတ်ခဲ့ဖူးသော်လည်း ထိုသုံးဦးမှာ လူအုပ်၏ အလယ်ဗဟိုတွင် ရှိနေကြခြင်း ဖြစ်သည်။
ထုံကျိဟွာ၏ သတိပေးမှုကို ကြားသောအခါ သူမက ကျေးဇူးတင်ကြောင်း ပြုံးပြလိုက်ပြီး လျန်ရှောက်ယန်ရှိရာဘက်သို့ ရနံ့သင်းပျံ့သော လေညင်းလေးတစ်ခုပမာ လွင့်မျောသွားတော့သည်။
လျန်ရှောက်ယန်၏ ပတ်ဝန်းကျင်တွင် သိသိသာသာ လူသတ်ငွေ့အသက်များ ဖုံးလွှမ်းနေသည်။ ထန်စီချီ ဝင်ရပ်လိုက်သည်နှင့် သူမ၏ မျက်ဝန်းများ တောက်ပသွား၏။ သူမသည် မီးဖိုအနီးသို့ ရွှင်မြူးစွာ ချဉ်းကပ်သွားပြီးနောက် လျန်ရှောက်ယန်ကို စွဲလန်းရူးသွပ်စွာဖြင့် ကြည့်နေတော့သည်။
ဤသည်မှာ သူမ အမြဲသုံးနေကျ နည်းလမ်းတစ်ခုပင်။
ဝိညာဉ်ကိုပင် လောင်ကျွမ်းစေမည့် အကြည့်မျိုးနှင့် စွဲလန်းရူးသွပ်နေသည့် အမူအရာ။ ယနေ့အချိန်အထိ သူမ ဤနည်းလမ်းကို ယောင်္ကျားတစ်ယောက်အပေါ် သုံးလိုက်တိုင်း တစ်ခါမှ မအောင်မြင်ဖူးသည်ဟူ၍ မရှိချေ။ သူမ၏ ဆွဲဆောင်မှုညှို့ဓာတ်ကို ခုခံနိုင်သည့် ယောင်္ကျားမှာ အလွန်ပင် ရှားပါးလှသည်။
လက်နက်သွန်းလုပ်နေစဉ်အတွင်း လူတစ်ဦးသည် ခဏတာမျှပင် အာရုံလွင့်ပျံ့၍ မရချေ။ စိတ်ထဲတွင် အနည်းငယ်မျှ လှုပ်ခတ်သွားရုံဖြင့် ၎င်းသည် သေးငယ်သော လှုပ်ရှားမှုများမှတစ်ဆင့် ပေါ်လွင်သွားတတ်သည်။
သူမသည် လျန်ရှောက်ယန်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။
အခြားပြိုင်ဘက်များနှင့် နှိုင်းယှဉ်ပါက လျန်ရှောက်ယန်မှာ ပိုမိုတည်ငြိမ်လှသည်။ သူမ၏ စူးရှသော အကြည့်များအောက်တွင်ပင် လျန်ရှောက်ယန်သည် အရှေ့ရှိ မီးဖိုငယ်ကိုသာ အာရုံစိုက်ထားပြီး ဝိညာဉ်ကုန်ကြမ်းများအား စိတ်ရှည်လက်ရှည် ကိုင်တွယ်နေသည်။ သူသည် အရေးကြီးသော အချိန်တိုင်းတွင် မှန်ကန်သော ကုန်ကြမ်းများကို မီးဖိုထဲသို့ လိုအပ်သလို ထည့်သွင်းပေးနိုင်စွမ်း ရှိသည်။
သူ၏ နည်းစနစ်နှင့် လှုပ်ရှားမှုများတွင် အမှားအယွင်းဟူ၍ အစအနမျှပင် မတွေ့ရချေ။
ထန်စီချီသည် စိတ်ထဲမှ ခေါင်းညိတ်မိသွားပြီး အနည်းငယ် အံ့သြသွားသည်။ သူမ၏ မျက်နှာပေါ်မှ ဆွဲဆောင်မှုရှိသော အပြုံးမှာ ပိုမိုတောက်ပလာပြီး ၎င်းကို ကြည့်နေရသော လက်နက်ဂိုဏ်းမှ တပည့်များမှာမူ တစ်ကိုယ်လုံး ပူထူလာကြရသည်။
သူမသည် လျန်ရှောက်ယန်ကို မျက်နှာချင်းဆိုင်ထားဆဲဖြစ်ပြီး နှုတ်ခမ်းလေးကို စူကာ ညှို့ဓာတ်ပြင်းသော အပြုံးတစ်ခုအား ဖော်ဆောင်လိုက်သည်။ ထို့နောက် သူမသည် လျန်ရှောက်ယန်၏ ဘယ်ဘက်ဘေးသို့ ရုတ်တရက် ရောက်သွားတော့သည်။ သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်လေးမှာ မသိမသာ နီးကပ်သွားပြီး သင်းပျံ့သော အသက်ရှုသံလေးနှင့်အတူ တိုးတိုးလေး ပြောလိုက်သည်မှာ "မင်းက တခြားယောင်္ကျားတွေနဲ့ နည်းနည်းတော့ ကွာခြားသားပဲနော်..."
လျန်ရှောက်ယန်၏ မျက်ခုံးများ လှုပ်ခတ်သွားပြီး သူ၏ စိတ်ထဲတွင် လှိုင်းတစ်ခု ရိုက်ခတ်သွားသည်။ သူ၏ ဘယ်ဘက်လက်သန်းလေးမှာ မသိမသာ တုန်ယင်သွား၏။
"ခရွတ်..."
သူသည် လက်သည်းခွံခန့်ရှိသော အလင်းပြာကြေးနီတုံးလေးကို မတော်တဆ ညှစ်မိသွားသဖြင့် ၎င်းမှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတော့သည်။
ထန်စီချီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် နောက်သို့ ဆုတ်လိုက်သည်။ သူမ၏ လှပသော နှုတ်ခမ်းလွှာလေးမှာ အနည်းငယ်မဲ့သွားပြီး ခပ်ပြုံးပြုံး ပြောလိုက်သည်။ "ဒါပေမဲ့လည်း... သိပ်ပြီးတော့လည်း မကွာခြားပါဘူး" ထို့နောက် သူမသည် လျန်ရှောက်ယန်ကို လှည့်ပင်မကြည့်တော့ဘဲ ရီယွမ်ရှိရာဘက်သို့ ဦးတည်သွားတော့သည်။
"စီနီယာအစ်မ ထန်ရဲ့ ဆွဲဆောင်မှုကို သူ ခုခံနိုင်မယ် ထင်နေတာ၊ အဆုံးကျတော့လည်း ဒီလောက်ပါပဲလား။ ဒါပေမဲ့ ဒါက ပုံမှန်ပါပဲ။ လက်နက်ဂိုဏ်းမှာ သူ့ရဲ့ ညှို့ဓာတ်ကို အပြည့်အဝ ခုခံနိုင်တဲ့သူက တကယ်တော့ အများကြီး မရှိပါဘူး"
"ဒါပေါ့၊ စီနီယာအစ်မ ထန်က လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ဂိုဏ်းရဲ့ ပါရမီအရှိဆုံး တပည့်ဖြစ်သလို ဆယ်နှစ်အတွင်းမှာ အလှဆုံး တပည့်လည်း ဖြစ်တယ်လေ"
"သူသာ ဒီလောက် မငယ်သေးဘူးဆိုရင် အတွင်းစည်းမှာ နံပါတ်တစ် ဖြစ်နေမှာ သေချာတယ်။ လက်နက်သွန်းလုပ်တဲ့ နေရာမှာတော့ သူက ပါရမီရှင်တစ်ယောက်ပဲ"
"ဟူး... စီနီယာအစ်မ ထန်ကသာ ငါ့ကို ရွေးလိုက်ရင် ကောင်းမှာပဲ။ သူမအတွက် နေ့တိုင်း ဝိညာဉ်ကုန်ကြမ်းတွေ ချောမွေ့အောင် ပွတ်တိုက်ပေးရရင်တောင် ငါ ကျေနပ်ပါတယ်"
"ငါလည်း အတူတူပဲဟေ့"
ခြံဝင်းအစွန်တွင် ရပ်နေကြသော အပြင်စည်းတပည့်အချို့မှာ ထန်စီချီကို စွဲလန်းစွာ ကြည့်ရင်း တိုးတိုးတိတ်တိတ် စကားပြောနေကြသည်။
သူတို့ စကားပြောနေစဉ်မှာပင် အရပ်ရှည်ပြီး ဆွဲဆောင်မှုရှိသော ထန်စီချီသည် ရီယွမ်၏ ဘေးနားသို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။ ရီယွမ်သည် လက်နက်သွန်းလုပ်ခြင်းကို အာရုံစိုက်နေသော်လည်း ထိုအချိန်တွင် သူသည် လှုပ်ရှားမှုများအား ရုတ်တရက် ရပ်တန့်လိုက်ပြီး ခေါင်းမော့ကာ ထန်စီချီကို ပြုံးပြလိုက်သည်။ ထို့နောက် သူ၏ မျက်လုံးများကို ချက်ချင်း ပြန်မှိတ်လိုက်ပြီး အရည်ကျိုခြင်း လုပ်ငန်းစဉ်အား ယာယီ ရပ်ဆိုင်းထားလိုက်သည်။
သူသည် အရာအားလုံးကို ရပ်တန့်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ထန်စီချီသည် ရီယွမ်၏ စိတ်ဓာတ်ခိုင်မာမှုကို စမ်းသပ်ရန် အသင့်ပြင်နေစဉ်မှာပင် ရီယွမ်က မျက်လုံးမှိတ်ကာ ငြိမ်နေသည်အား တွေ့လိုက်ရသဖြင့် သူမ အံ့သြသွားရသည်။
"ဒီကောင်လေးကတော့..." အခြားတစ်ဖက်မှ ထုံကျိဟွာမှာလည်း ဤမြင်ကွင်းကို ကြည့်ပြီး ရယ်ရုံမှလွဲ၍ မည်သို့မျှ မတတ်နိုင်ချေ။
ရီယွမ်က မျက်လုံးမှိတ်ကာ အလုပ်ကို ရပ်ထားသဖြင့် ထန်စီချီအနေဖြင့် သူ့ကို သက်ရောက်မှုပေးရန် နည်းလမ်း မရှိတော့ချေ။ ထိုနေရာတွင် မည်သို့မျှ မလုပ်ဘဲ မတ်တပ်ရပ်နေပါက အချိန်ကုန်ရုံသာ ရှိမည် ဖြစ်သည်။ ထို့ကြောင့် သူမသည် ရီယွမ်ကို တစ်ချက် မျက်စောင်းထိုးလိုက်ပြီးနောက် စိတ်ပျက်စွာဖြင့် လက်လျှော့လိုက်ရတော့သည်။
ထို့နောက် သူမက အိုရန်ကျင့်ကျင့်ကို လှမ်းကြည့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ "သူက မိန်းကလေးပဲ၊ ငါ ဘာမှလုပ်လို့ မရဘူး..."
သူမ ထုံကျိဟွာ၏ ဘေးသို့ ပြန်ရောက်လာပြီး ခပ်တိုးတိုး မှတ်ချက်ပေးလိုက်သည်။ "လျန်ရှောက်ယန်ကတော့ အသုံးဝင်ဦးမှာပါ"
"ကျန်တဲ့ နှစ်ယောက်ကရော" ထုံကျိဟွာက ပြုံး၍ မေးလိုက်၏။
"သူတို့ လက်နက်သွန်းလုပ်ပြီးတဲ့အထိ စောင့်ကြည့်ရမှာပဲ" ထန်စီချီ၏ မျက်နှာပေါ်တွင် စိတ်ပျက်မှုများ ရှိနေသည်။ "အဲဒီအချိန်ကျရင် ကျန်တဲ့ စီနီယာတွေ ရောက်လာကြတော့မှာဆိုတော့ လူရွေးရတာ အရင်လောက် အဆင်မပြေတော့ဘူး"
"ဒါဆို... လျန်ရှောက်ယန်ကို မင်းအတွက် အရင် ကြိုတင်သတ်မှတ်ပေးထားရမလား"
"ခဏလောက် စောင့်ပါဦး။ ကျွန်မ နောက်ထပ် တစ်ခေါက်လောက် ထပ်ရှာကြည့်ဦးမယ်။ တကယ်လို့ သင့်တော်တဲ့သူ မရှိတော့ဘူးဆိုရင်မှ လျန်ရှောက်ယန်ကိုပဲ ရွေးလိုက်တော့မယ်"
ထန်စီချီက မျက်မှောင်လေး ကြုတ်လိုက်သည်။ သူမသည် လျန်ရှောက်ယန်အပေါ် အပြည့်အဝ စိတ်ကျေနပ်မှု မရှိသည်မှာ ထင်ရှားလှသည်။ ထုံကျိဟွာနှင့် ခဏမျှ စကားပြောပြီးနောက် သူမသည် ရာနှင့်ချီသော စာမေးပွဲဖြေဆိုသူများကြားသို့ တစ်ဖန် ပြန်လည်ဝင်ရောက်သွားပြန်သည်။ သူမ မရောက်ဖူးသေးသည့် ထောင့်အချို့သို့ သွားရောက်ကာ မမျှော်လင့်ဘဲ ပါရမီရှင်တစ်ဦးဦးနှင့် တွေ့ဆုံနိုင်မလားဟု ကံစမ်းလိုနေခြင်း ဖြစ်သည်။
သူမသည် လူငယ်တစ်ဦးချင်းစီကို စေ့စေ့စပ်စပ် လေ့လာရင်း တစ်ခါတစ်ရံတွင် အနားသို့ ကပ်ကာ စူးစိုက်ကြည့်ခြင်းဖြင့် စမ်းသပ်လေ့ရှိသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူမ၏ ပစ်မှတ်များသည် သူမ၏ အကြည့်ကို ရှောင်လွှဲကြပြီး သူတို့၏ လှုပ်ရှားမှုများမှာ နှေးကွေးသွားကာ အမှားအယွင်းများ ဖြစ်ပေါ်လာကြသည်။ သူမသည် ထိုသို့သော သူများကို ချက်ချင်းပင် စွန့်ခွာခဲ့သည်။ သို့သော် သူမ ရှာဖွေလေလေ စိတ်ပျက်စရာများနှင့်သာ ကြုံတွေ့နေရလေ ဖြစ်သည်။
ထိုစဉ် အရှေ့ဘက်ရှိ ပုံရိပ်တစ်ခုဆီမှ အေးစက်သော အငွေ့အသက်များ ပျံ့လွင့်လာပြီး ပူပြင်းလှသော ခြံဝင်းအတွင်း၌ ထိုအေးစက်မှုကြောင့် သူမ နှာချေမိမတတ် ဖြစ်သွားရသည်။
"လူနည်းနည်းပဲ ကျန်တော့တယ်။ ဒါမှ မရသေးဘူးဆိုရင်တော့ လျန်ရှောက်ယန်ကိုပဲ ရွေးရတော့မှာပေါ့" သူမ တိုးတိုးလေး ရေရွတ်ရင်း အအေးဓာတ်များ ထွက်ပေါ်နေသော လူငယ်ဆီသို့ လျှောက်သွားလိုက်သည်။ သူမသည် လူငယ်၏ ကျောဘက်မှနေ၍ ပတ်လျှောက်ကာ သူ၏ ရှေ့သို့ ရောက်သွားခဲ့သည်။
ထို့နောက် သူမသည် ခံစားချက်ကင်းမဲ့နေသော ထိုလူငယ်ကို ကြည့်လိုက်၏။
"သူ့ရုပ်ရည်ကတော့ အဆင်ပြေပါတယ်၊ ဒါပေမဲ့ သူ့ရဲ့ စိတ်နေစိတ်ထားက အရမ်းအေးစက်လွန်းတယ်။ အအေးဓာတ် ဝိညာဉ်ပညာကို ကျင့်ကြံတဲ့သူက ပန်းပဲပညာရှင် ဖြစ်ချင်နေတာကတော့ တကယ်ပဲ ထူးဆန်းတာပဲ..." ဟု သူမ စိတ်ထဲမှ တွေးမိလိုက်သည်။
ထို့နောက် သူမ၏ အကြည့်က မီးဖိုအတွင်းရှိ လက်နက်ဆီသို့ ကျရောက်သွားသည်။
"ဘောလုံးသဏ္ဍာန် လက်နက်တစ်လက်ပါလား..." သူမ၏ မျက်ဝန်းများ အနည်းငယ် တောက်ပသွား၏။
ချင်လဲ့၏ ရှေ့ရှိ မီးဖိုငယ်အတွင်း၌ မျက်နှာပြင် မညီညာသော သတ္တုဘောလုံးငယ် တစ်လုံး ပုံပေါ်နေပြီ ဖြစ်သည်။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် အပေါက်ငယ်များစွာ ပါရှိသည်။
ထိုအချိန်တွင် ချင်လဲ့သည် ဝိညာဉ်ကုန်ကြမ်းများကို အရည်ဖျော်နေပြီး ထိုအရည်များအား သတ္တုဘောလုံး၏ ခိုင်ခံ့မှုကို မြှင့်တင်ရန်အတွက် တစ်စက်ချင်းစီ ထည့်သွင်းနေသည်။
ဘောလုံးသဏ္ဍာန် လက်နက်တစ်လက်ကို သွန်းလုပ်ခြင်းမှာ ဓား၊ ခက်ရင်း သို့မဟုတ် လှံတို့ကို သွန်းလုပ်ခြင်းထက် များစွာ ခက်ခဲလှသည်။ ၎င်းသည် ပန်းပဲပညာရှင်တစ်ဦး၏ ကျွမ်းကျင်မှုကို အကြီးအကျယ် စမ်းသပ်ခြင်း ဖြစ်သည်။ ဘောလုံးသဏ္ဍာန်ကို ပုံဖော်ရန်မှာ အလွန်ခက်ခဲလှသလို နောက်ဆုံးအဆင့်များတွင်လည်း ဘောလုံး၏ မျက်နှာပြင်ကို ချောမွေ့တောက်ပလာအောင် ပြုလုပ်ရန်မှာ အချိန်နှင့် အာရုံစိုက်မှု ပိုမိုလိုအပ်သည်။
ချင်လဲ့ သွန်းလုပ်နေသည့် လက်နက်မှာ ဘောလုံးဖြစ်သည်ကို မြင်သောအခါ ထန်စီချီသည် စိတ်ထဲမှ အံ့သြသွားပြီး သူ့ကို အမြင်ကောင်းသွားတော့သည်။
ထို့နောက် သူမ၏ လှပသော မျက်နှာလေးပေါ်တွင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ပေါ်လာပြန်သည်။ သူမသည် ချင်လဲ့ကို ဝိညာဉ်ပါမတတ် စူးစိုက်ကြည့်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော ညှို့ဓာတ်များအား စတင် ထုတ်လွှတ်လိုက်တော့သည်။
ချင်လဲ့၏ အေးစက်သော မျက်ဝန်းများမှာမူ ထန်စီချီကို တစ်စက္ကန့်မျှပင် လှည့်မကြည့်ချေ။ သူ၏ အာရုံအားလုံးမှာ မီးဖိုငယ်အတွင်းရှိ ဘောလုံးပေါ်တွင်သာ ရှိနေသည်။
"ဒါတွေက စွမ်းအားပြင်း ဝိညာဉ်ဗုံးကို သွန်းလုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေ မဟုတ်ဘူး၊ ဒါကြောင့် တစ်ခုနဲ့တစ်ခု ပေါင်းစပ်ဖို့ သိပ်မလွယ်ဘူး။ တကယ်လို့ သေချာ မပေါင်းစပ်နိုင်ရင် အလွယ်တကူ ကွဲထွက်သွားလိမ့်မယ်..."
သူသည် မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်ပြီး သူ၏ လက်ချောင်းများက ဝိညာဉ်ကုန်ကြမ်းများပေါ်တွင် အလိုအလျောက် ရွေ့လျားနေသည်။ သူ၏ စိတ်ထဲတွင် အပြင်းအထန် စဉ်းစားနေမိသည်။ "ငါ့ဆီမှာရှိတဲ့ ဘယ်ကုန်ကြမ်းက ဘောလုံးသဏ္ဍာန် လက်နက်ကို အခိုင်မာဆုံး ဖြစ်စေမလဲ"
သူ၏ မျက်လုံးထဲတွင် အရှေ့၌ လှပသော အမျိုးသမီးတစ်ဦး ရှိနေသည်ကိုပင် မမြင်သကဲ့သို့ ဖြစ်နေသည်။ သူသည် ထန်စီချီ၏ အကြည့်များကို လုံးဝ လျစ်လျူရှုထားခဲ့သည်။
"စိတ်ဝင်စားစရာပဲ..."
ထန်စီချီ၏ နှုတ်ခမ်းလေးမှာ ပို၍ပင် ပြုံးသွားပြီး သူမ၏ မျက်နှာလေးမှာ ပိုမို တောက်ပလာသည်။ ကစားစရာ အသစ်တစ်ခု ရှာတွေ့သွားသည့်အလား သူမ၏ မျက်လုံးများက ချင်လဲ့ကို ကြည့်ရင်း တောက်ပနေသည်။
"လျန်ရှောက်ယန်လိုပဲ စိတ်ဝင်စားစရာကောင်းတဲ့သူ တစ်ယောက်ပါလား။ နင် ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်။ နင် ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"
ရုတ်တရက် သူမသည် တခစ်ခစ် ရယ်မောလိုက်ပြီး သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးလေးသည် ချင်လဲ့၏ ဘယ်ဘက်ဘေးသို့ ဖျတ်ခနဲ ရောက်ရှိသွားသည်။ ထို့နောက် သူမသည် ချင်လဲ့၏ အနားသို့ ကပ်လိုက်ပြီး ချိုသာစွာ ပြောလိုက်သည်။ "ဘောလုံးသဏ္ဍာန် လက်နက်တစ်ခုကို သွန်းလုပ်ရတာ အတော်ခက်တယ်နော်။ ငါ ပထမဆုံး စလုပ်တုန်းကလည်း အမှားတွေ အများကြီး လုပ်ခဲ့ဖူးပြီး ဘယ်လိုမှ မအောင်မြင်နိုင်ခဲ့ဘူး သိလား"
သူမ၏ ရင်သားအစုံမှာ ချင်လဲ့၏ ဘယ်ဘက်လက်မောင်းနှင့် လက်သုံးလုံးစာခန့်သာ ကွာဝေးတော့ပြီး ပါးလွှာသော အဝတ်အစားများကြားမှ သူမ၏ ကိုယ်ငွေ့အပူရှိန်ကိုပင် ခံစားနေရသည်။
သူမ၏ ရဲရဲနီသော နှုတ်ခမ်းလွှာများ၊ သူမ လှုပ်ရှားလိုက်တိုင်း ထွက်ပေါ်လာသော သင်းပျံ့သည့် ရနံ့များ၊ ရမ္မက်လှိုင်းများဖြင့် ပြည့်နှက်နေသော စူးရှသည့် မျက်ဝန်းများ၊ ချင်လဲ့၏ အင်္ကျီပေါ်သို့ ဖိကပ်လာသည့် ဆွဲဆောင်မှုရှိသော ကိုယ်လုံးနှင့် စိတ်ကို အရည်ပျော်စေမည့် အသံ... ထိုအချိန်တွင် သူမ၏ ညှို့ဓာတ်မှာ အကန့်အသတ်မရှိ ပြင်းထန်လှပြီး မာကျောသော ကျောက်တုံးကိုပင် အရည်ပျော်စေနိုင်မည့်အလားပင် ဖြစ်နေသည်။
"ဂလု..."
ဘေးမှ ကြည့်နေသော လက်နက်ဂိုဏ်းမှ တပည့်များမှာ ထန်စီချီ၏ ဆွဲဆောင်မှုရှိသော အမူအရာနှင့် တမင်တကာ ပြသနေသော ညှို့ဓာတ်များကို ကြည့်ပြီး တံတွေးများအား အလိုအလျောက် မျိုချနေကြရသည်။ သူတို့၏ ရင်ထဲတွင်လည်း ထိန်းချုပ်မရသော ရမ္မက်မီးများ ဟုန်းဟုန်းတောက်လာကြတော့သည်။
လူအများအပြားမှာ သူတို့၏ ခန္ဓာကိုယ်မှ မလိုလားအပ်သော ထိုးထွက်မှုများကို ဖုံးကွယ်ရန်အတွက် ခါးကို ကုန်းထားကြရလေသည်။
"အသုံးမကျတဲ့ အမှိုက်တွေ" ထုံကျိဟွာက ဘေးပတ်ပတ်လည်ရှိ အပြင်စည်းတပည့်များကို ကြည့်ပြီး စိတ်ထဲမှ ဆဲရေးလိုက်သည်။ "မင်းတို့တစ်သက်လုံး ပြင်ပစည်းမှာပဲ နေရမှာ ထိုက်တန်ပါတယ်။ စိတ်ဓာတ်ခိုင်မာမှု မရှိဘဲနဲ့တော့ လက်နက်ဂိုဏ်းရဲ့ ဆိုင်ခွဲတွေမှာ ဝိညာဉ်လက်နက် ရောင်းတဲ့အလုပ်ပဲ လုပ်ဖို့ အရည်အချင်းရှိတာပါ။ ပန်းပဲပညာရှင် ခန်းမထဲကိုတော့ မင်းတို့ ဘယ်တော့မှ ဝင်ခွင့်ရမှာ မဟုတ်ဘူး"
ဤအပြင်စည်းတပည့်များသည် အချိန်ကြာမြင့်စွာ လက်နက်သွန်းလုပ်ခြင်း ပါရမီကို မပြသနိုင်ပါက သို့မဟုတ် အတွင်းစည်း တပည့်တစ်ဦး၏ လက်ထောက်အဖြစ် ရွေးချယ်မခံရပါက တစ်နှစ်၊ နှစ်နှစ်အကြာတွင် မြို့အသီးသီးရှိ ဆိုင်ခွဲများသို့ ဝိညာဉ်ကုန်ကြမ်းများ ရောင်းချရန် စေလွှတ်ခြင်း ခံရမည်ဖြစ်သည်။ ယနေ့ရှိနေသော အပြင်စည်းတပည့် အများစုမှာလည်း ဤကံကြမ္မာနှင့် ရင်ဆိုင်ကြရမည် ဖြစ်သည်။
ချင်လဲ့မှာမူ ထန်စီချီသည် လူလာရွေးခြင်းဖြစ်သည်ကို မသိရှိချေ။ သူမသည် တမင်တကာ ပြဿနာလာရှာနေခြင်းဖြစ်သည်ဟုသာ သူ ယူဆထားသည်။ သူမသည် သူနှင့် အနီးကပ်ဆုံးသို့ ကပ်လာပြီး သူ၏ နောက်ထပ် အရေးကြီးသော အဆင့်ကို နှောင့်ယှက်နေသဖြင့် သူ၏ မျက်နှာမှာ ပို၍ပင် အေးစက်လာတော့သည်။
"နင့်ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ရတာ ပန်းပဲပညာမှာ အတွေ့အကြုံ ရှိပုံရတယ်။ နင် ဘယ်သူ့ဆီမှာ ပညာသင်ခဲ့တာလဲဆိုတာ ငါ တကယ်ပဲ သိချင်မိတယ်" ထန်စီချီ၏ အပြုံးမှာ ပန်းလေးတစ်ပွင့်ပမာ တောက်ပနေပြီး သူမ၏ ကိုယ်လုံးလေးမှာ ပို၍ပို၍ နီးကပ်လာသည်။ သူမ၏ ပုံစံမှာ ချင်လဲ့၏ အပေါ်သို့ လဲကျတော့မည့်အလားပင်။
ဘေးမှ ကြည့်နေသူအားလုံး၏ မျက်လုံးများမှာ ထိုပုံရိပ်လေးပေါ်တွင်သာ စူးစိုက်နေကြသည်။
ချင်လဲ့သည် မျက်မှောင်ကြုတ်လိုက်ပြီး စိတ်မရှည်တော့ပေ။ သူသည် ဘယ်ဘက်လက်ဖြင့် မီးဖိုအတွင်းသို့ ဝိညာဉ်ကုန်ကြမ်းများကို ထည့်သွင်းလိုက်သောအခါ လှုပ်ရှားမှုမှာ အနည်းငယ် ပြင်းထန်သွားခဲ့သည်။
"ဖောင်း..."
မီးဖိုအတွင်းမှ မီးပွားအချို့ စင်ထွက်လာပြီး ၎င်းတို့သည် အသိဉာဏ်ရှိသည့်အလား ဘေးမှ ထန်စီချီဆီသို့ ဦးတည်သွားတော့သည်။
ထိုအချိန်တွင် ထန်စီချီမှာမူ ချင်လဲ့ကို ကြည့်ရင်း စိတ်ထဲမှ တွေးနေဆဲ ဖြစ်သည်။ "ငါ့ရှေ့မှာ လူအေးကြီးလို လုပ်နေရဲတယ်ပေါ့။ နင့်ကို ငါ သေအောင် ကစားပြမယ်"
ရုတ်တရက် သူမသည် ထူးဆန်းသော အသံတစ်သံကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သောအခါ သူမ၏ မျက်နှာမှာ ထိတ်လန့်တုန်လှုပ်သွားရသည်။
သူမ၏ ခါးရှိ ပါးလွှာသော အဝတ်အစားများမှာ အမှန်တကယ်ပင် မီးစွဲလောင်နေလေပြီ။
"အား... ငါ မီးလောင်နေပြီ" ထန်စီချီသည် ပျာပျာသလဲနှင့် အော်ဟစ်လိုက်လေတော့သတည်း။
အခန်း (၁၃၀) ကျိန်ဆဲသံများအကြား...
“စီနီယာအစ်မထန်”
“စီနီယာအစ်မထန်”
ခြံဝင်းအစွန်တွင် ရပ်နေကြသော လက်နက်ဂိုဏ်းမှ ပြင်ပစည်းတပည့်များအားလုံး တညီတညွတ်တည်း အော်ဟစ်လိုက်ကြပြီး ပျာပျာသလဲ ပြေးဝင်လာကြသည်။
ထုံကျိဟွာ၏ မျက်နှာအမူအရာမှာလည်း တဖြည်းဖြည်း ပြောင်းလဲသွားပြီး တည်ကြည်စွာဖြင့် အော်ဟစ်လိုက်သည်။ “ငတုံးတွေ... ရေပုံးသွားယူကြလေ”
လျန်ရှောက်ယန်၊ အိုရန်ကျင့်ကျင့်၊ ရီယွမ်နှင့် ကျန်ရှိသော စာမေးပွဲဖြေဆိုသူများ၏ အာရုံမှာလည်း ထိုရုတ်ရုတ်သဲသဲ ဖြစ်ရပ်ဆီသို့ ရောက်ရှိသွားကြသည်။ ခြံဝင်း၏ အရှေ့ဘက်မှ အနောက်ဘက်အထိ လူတိုင်းသည် ခေါင်းများကို တစ်ဘက်တည်းသို့ လှည့်ကြည့်လိုက်ကြ၏။
ထန်စီချီ၏ လှပသော မျက်နှာလေးပေါ်တွင် ဆွဲဆောင်မှုရှိသော အပြုံးများ မရှိတော့ချေ။ ထိုအစား ထိတ်လန့်တုန်လှုပ်မှုများသာ ပြည့်နှက်နေပြီး သူမ၏ ကျောက်စိမ်းကဲ့သို့ လှပသော လက်ကလေးဖြင့် ခါးရှိ မီးတောက်များကို ရိုက်ပုတ်နေရင်း “ငါ မီးလောင်နေပြီ” ဟု ထပ်ခါတလဲလဲ အော်ဟစ်နေတော့သည်။
သူမ၏ ဝမ်းဗိုက်နှင့် ခါးကြားတွင် မီးပွားတစ်စ စတင်စွဲလောင်ခဲ့ခြင်းဖြစ်ပြီး ပူလောင်လှသော နာကျင်မှုက သူမ၏ အဆီအပိုမရှိ ချောမွေ့လှသော ဝမ်းဗိုက်လေးပေါ်သို့ ပျံ့နှံ့လာခဲ့သည်။ သူမ၏ ပါးလွှာသော ဝတ်စုံမှာ မီးစွဲလွယ်လှသဖြင့် ခဏချင်းမှာပင် မီးတောက်များက ပြင်းထန်စွာ တောက်လောင်လာခဲ့သည်။
သူမ ဝတ်ဆင်ထားသော ပန်းပဲပညာရှင် ဝတ်စုံအားလုံးမှာ အပြင်ဘက်တွင် ပွယောင်းသော်လည်း အတွင်း၌မူ သူမ၏ ကိုယ်လုံးအလှကို ပေါ်လွင်စေသည့် ကျပ်ထုတ်နေသော ပိုးသားဂါဝန်အား ဝတ်ဆင်ထားရန် သီးသန့်ချုပ်လုပ်ထားခြင်း ဖြစ်သည်။
ယခုအခါ အပြင်ဝတ်စုံ မီးလောင်သွားသဖြင့် အတွင်းမှ ပိုးသားဂါဝန်မှာ ချက်ချင်းပင် ပေါ်လာခဲ့သည်။ မီးတောက်များမှာလည်း ဆက်လက်တောက်လောင်နေပြီး မကြာမီမှာပင် သူမ၏ ခါးတစ်ပတ်လုံးသို့ ကူးစက်သွားတော့သည်။
ထန်စီချီကို လက်နက်ဂိုဏ်း၏ ပါရမီရှင် ပန်းပဲပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ထားကြပြီး သူမသည် မီးဓာတ်ဝိညာဉ်ပညာအား ကျင့်ကြံသူဖြစ်သည်။ သူမအနေဖြင့် ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်ပါက ပတ်ဝန်းကျင်ရှိ မီးဓာတ်များအား ပိုမိုအားပေးသကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး မီးကို ငြိမ်းသတ်နိုင်မည် မဟုတ်ချေ။
သူမသည် ဤအချက်ကို ကောင်းစွာ သိရှိထားသဖြင့် ဝိညာဉ်စွမ်းအားကို မသုံးရဲဘဲ အပြင်စည်းတပည့်များ ရေမြန်မြန်ယူလာပေးရန်သာ မျှော်လင့်နေရတော့သည်။
လက်နက်ဂိုဏ်း၏ စာမေးပွဲသို့ လာရောက်ဖြေဆိုသူ အများစုမှာလည်း မီးဓာတ်ဝိညာဉ်ပညာကို ကျင့်ကြံသူများ ဖြစ်ကြသဖြင့် မည်သူမျှ သူမကို မီးငြိမ်းသတ်ရန် ကူညီနိုင်စွမ်း မရှိကြချေ။
သူမအပေါ်သို့ စင်ထွက်သွားသော မီးပွားမှာ နေမီးကျောက်မှ ပေါက်ကွဲထွက်လာသော မီးတောက်များ ဖြစ်သည်။ ၎င်းသည် ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပါက ငြိမ်းသတ်ရန် အမှန်တကယ်ပင် ခက်ခဲလှသည်။
အစောပိုင်းက ထန်စီချီသည် မီးဖိုတစ်လုံးမှ တစ်လုံးသို့ လှည့်လည်သွားလာရင်း စာမေးပွဲဖြေဆိုသူများကို လိုက်လံစနောက်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမ၏ ဝတ်စုံမှာ အပူရှိန်ကြောင့် အချိန်အတော်ကြာ ကင်ထားသကဲ့သို့ ဖြစ်နေပြီး အလွန်မီးစွဲလွယ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ခါးရှိ အဝတ်အစားများ မီးစွဲသွားသည်နှင့် အခြေအနေမှာ ချက်ချင်းပင် ထိန်းချုပ်မရ ဖြစ်သွားခဲ့သည်။
မီးတောက်များ၏ လောင်မြိတ်မှုကြောင့် ထန်စီချီသည် သူမ၏ ဝမ်းဗိုက်တွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး မီးများက သူမ၏ ခါးအထက်နှင့် အောက်သို့ ပျံ့နှံ့လာသည်အား ကြည့်ကာ မျက်လုံးများ ပြူးသွားရသည်။
သူမသည် ခါးရှိ အဝတ်အစားများမှ မီးများကိုသာ ရိုက်ပုတ်နေနိုင်ပြီး ရေယူလာရန် လက်နက်ဂိုဏ်းသားများအား အော်ဟစ်တောင်းဆိုနေရတော့သည်။
သူမ၏ စိတ်သည် မီးတောက်ကဲ့သို့ပင် ပူလောင်နေပြီး အစောပိုင်းက တည်ငြိမ်မှုများမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူမသည် အရှက်တကွဲနှင့် ဟိုခုန်သည်ခုန် လုပ်နေရင်းမှ ချင်လဲ့၏ အရှက်မရှိမှုကိုလည်း အကျယ်ကြီး ကျိန်ဆဲနေမိသည်။
သူမအနေဖြင့် ထိုမီးပွားများမှာ ချင်လဲ့၏ မီးဖိုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်ကို သေချာပေါက် ရိပ်မိနေသည်။
ထိုအချိန်တွင်မှ ချင်လဲ့သည် ခေါင်းလှည့်ကြည့်လိုက်သည်။ သူ၏ အုံ့မှိုင်းအေးစက်သော မျက်နှာပေါ်တွင် အံ့သြမှုအချို့ ပေါ်လာခဲ့ပြီး ထန်စီချီ၏ ဝမ်းဗိုက်ရှိ မီးများကို ငြိမ်းသတ်ရန် လက်လှမ်းလိုက်သည်။
သူမီးပွားများ ထွက်ပေါ်အောင် ပြုလုပ်ခဲ့ခြင်းမှာ ထန်စီချီကို သူ့အနားမှ ထွက်သွားစေရန်နှင့် သူ့အား အနှောင့်အယှက် မပေးစေရန်သာ ဖြစ်သည်။ သူမကို အမှန်တကယ် ထိခိုက်စေရန် သူ လုံးဝ ရည်ရွယ်ခဲ့ခြင်း မဟုတ်ပေ။
ထို့အပြင် ထန်စီချီသည် သူ့အား စနောက်ရန် အာရုံစိုက်လွန်းနေသဖြင့် မီးပွားများ သူမနှင့် ထိတွေ့သွားသည်ကိုပင် သတိမထားမိနိုင်လောက်အောင် ဖြစ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ ထို့ကြောင့် ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
“ငါ့အနားမလာနဲ့” ချင်လဲ့ လက်လှမ်းလိုက်သည်ကို မြင်သောအခါ ထန်စီချီက အကြိမ်ကြိမ် အော်ဟစ်လိုက်သည်။ သူမ၏ လှပသော မျက်နှာလေးမှာ ဒေါသများဖြင့် ပြည့်နှက်နေ၏။
“ခင်ဗျားရဲ့ ရင်ဘတ်နဲ့ အောက်ပိုင်းက အဝတ်အစားတွေပါ မီးစွဲတော့မယ်...” ချင်လဲ့က ခပ်အေးအေး သတိပေးလိုက်သည်။
ထန်စီချီ ငုံ့ကြည့်လိုက်သောအခါ မီးများက ပိုမိုပြန့်နှံ့လာနေသည်ကို တွေ့လိုက်ရသဖြင့် သူမ၏ မျက်ဝန်းလေးများ နီမြန်းလာသည်။ “နင့်ကို ငါ သတ်ပစ်မယ်” ထိုသို့ အော်ကာ သူမသည် ချင်လဲ့ဆီသို့ အတင်းပြေးဝင်သွားတော့သည်။
ထိုအချိန်တွင် ချင်လဲ့၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော ဆောင်းရာသီ ရေခဲပြင်ကဲ့သို့ အအေးဓာတ်များ ထွက်ပေါ်လာသည်။
သူမသည် ချင်လဲ့နှင့် နီးကပ်သွားသည်နှင့် တောက်လောင်နေသော မီးတောက်များမှာ ထူးဆန်းစွာပင် ချက်ချင်း ငြိမ်ကျသွားပြီး ငြိမ်းတော့မည့်အလား ဖြစ်သွားသည်ကို တွေ့လိုက်ရ၏။
ချင်လဲ့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အအေးဓာတ်မှာ မီးများကို အမှန်တကယ်ပင် ငြိမ်းသတ်နိုင်စွမ်း ရှိနေသည်။
ထိုအချိန်တွင် သူမ၏ ခါးမှ အသားအရေများ မီးလောင်ခံရသည့် နာကျင်မှုကြောင့် သူမ၏ မျက်ရည်များပင် ထွက်လုနီးပါး ဖြစ်နေချေပြီ။ ခါးရှိ အဝတ်အစားများ လောင်ကျွမ်းသွားပြီးနောက် ရင်ဘတ်နှင့် အောက်ပိုင်းရှိ အဝတ်အစားများပါ လောင်သွားမည်ဆိုလျှင်... သူမသည် အဝတ်ဗလာနှင့် ဖြစ်သွားတော့မည် မဟုတ်လော။
ယခုအခါ ခြံဝင်းအတွင်း၌ လူပေါင်း တစ်ရာကျော်က သူမကို ကြည့်နေကြသည်။ အကယ်၍ သူမ၏ အဝတ်အစားများ အကုန် လောင်သွားပါက နောင်တွင် လူတောထဲသို့ သူမ မည်သို့ မျက်နှာပြရတော့မည်နည်း။
“ငါ... ငါ နင့်ကို လွှတ်မပေးဘူး” ထိုသို့ အော်ဟစ်ရင်း ထန်စီချီသည် သူမ၏ ခါးတွင် မီးများ တောက်နေဆဲဖြစ်သော်လည်း ချင်လဲ့၏ ရင်ခွင်ထဲသို့ အတင်းတိုးဝင်ကာ သူ့ကို တင်းကျပ်စွာ ဖက်ထားလိုက်တော့သည်။
ဘေးမှ ကြည့်နေသူအားလုံးမှာ ဆွံ့အကုန်ကြသည်။
“ဒီကိစ္စကတော့...” ထုံကျိဟွာပင်လျှင် အံ့သြသွားပြီး သူ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူသည် စိတ်ထဲမှ တွေးမိသည်။ ‘သူ့ကို လုံးဝ လွှတ်မပေးဘဲ ဖက်ထားတဲ့ ဒီနည်းလမ်းက နည်းနည်းတော့ စိတ်လှုပ်ရှားစရာ ကောင်းလွန်းမနေဘူးလား’
“အင်း...” ချင်လဲ့သည်လည်း သူမကို ပြန်လည်ဖက်ထားမိသည်။
ဆွဲဆောင်မှုရှိသော ကိုယ်လုံးလေးတစ်ခုသည် လူပေါင်း တစ်ရာကျော်ရှေ့တွင် ချင်လဲ့၏ ရင်ခွင်ထဲသို့ ရုတ်တရက် တိုးဝင်ကာ တင်းကျပ်စွာ ဖက်ထားခြင်း ဖြစ်သည်။
ချင်လဲ့သည် ထိုဆွဲဆောင်မှုရှိသော ကိုယ်လုံးလေး၏ အံ့သြဖွယ် အပူရှိန်နှင့် ရုန်းကန်လှုပ်ရှားမှုအာယ ခံစားနေရသလို... မီးလောင်ထားသည့် အနံ့ကိုလည်း ရရှိနေသည်။ သူသည် မည်သို့ လုပ်ရမှန်းမသိဘဲ ကြောင်တောင်တောင်နှင့် ရပ်နေမိသည်။
“ရှူး...”
ထန်စီချီသည် ချင်လဲ့ကို တင်းကျပ်စွာ ဖက်လိုက်သည်နှင့် သူမ၏ အဝတ်အစားများမှ မီးခိုးများ ထွက်လာပြီး မီးတောက်များမှာ အအေးဓာတ်ကြောင့် လျင်မြန်စွာ ငြိမ်းသွားသည်အား တွေ့လိုက်ရသည်။
ချင်လဲ့၏ ခန္ဓာကိုယ်တွင် ကပ်ထားခြင်းဖြင့် သူ၏ အအေးဓာတ်ကို အသုံးပြုကာ မီးများအား ငြိမ်းသတ်နိုင်မည်ဟူသော သူမ၏ ရွေးချယ်မှု မှန်ကန်ကြောင်း သူမ ချက်ချင်း သိလိုက်ရသည်။
သူမသည် ချင်လဲ့ကို ပို၍ပင် တင်းကျပ်စွာ ဖက်ထားလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အေးစိမ့်သည့် အအေးဓာတ်အား အသုံးပြုကာ ဝမ်းဗိုက်မှ အပူလောင်နာကျင်မှုကို သက်သာအောင် ပြုလုပ်နေတော့သည်။
စားပွဲပေါ်မှ နံပါတ်ကို ကြည့်ကာ သူမသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ “နံပါတ် ၂၃၀၊ နင့်ကို ငါ လွှတ်မပေးဘူး” သူမသည် ချင်လဲ့ကို ဖက်ထားဆဲဖြစ်သော်လည်း အသံကျယ်ကျယ်ဖြင့် ခြိမ်းခြောက်လိုက်သည်။ “နံပါတ် ၂၃၀၊ နင် စောင့်နေလိုက်။ ငါ့ကို လာစတဲ့အတွက် ဘာဖြစ်မလဲဆိုတာ နင် သိစေရမယ်”
“ရေလာပြီ၊ ရေလာပြီ”
လက်နက်ဂိုဏ်းမှ အပြင်စည်းတပည့် သုံးဦးမှာ ရေပုံးများကိုယ်စီဖြင့် ပြေးဝင်လာကြသည်။ အခြေအနေကို သေချာပင် မကြည့်တော့ဘဲ ရေခွက်နှင့် ခပ်ကာ ပက်လိုက်ကြတော့သည်။
“ဝုန်း ဝုန်း ဝုန်း”
ရေသုံးခွက် ပက်လိုက်သောအခါ ထန်စီချီနှင့် ချင်လဲ့တို့ နှစ်ဦးစလုံးမှာ ရေစိုရွှဲကာ ကြွက်စုတ်များ ဖြစ်သွားကြတော့သည်။
“စီနီယာအစ်မထန်... အစ်မ၊ အစ်မ ဘာလုပ်နေတာလဲ” ရေပက်ပြီးသော တပည့်တစ်ဦးမှာ အခြေအနေကို သေချာမြင်လိုက်ရသောအခါ အံ့သြတုန်လှုပ်စွာဖြင့် မေးလိုက်သည်။ “ဘာလို့ သူ့ကို ဒီလောက်တောင် တင်းတင်းကျပ်ကျပ် ဖက်ထားရတာလဲ”
ထန်စီချီသည် မြေကြီးထဲသို့သာ ငုပ်လျှိုးသွားချင်စိတ် ပေါက်သွားတော့သည်။ သူမ၏ မျက်လုံးများမှာ မီးတောက်များ ထွက်တော့မည့်အလား ဖြစ်နေပြီး အော်ဟစ်လိုက်သည်။ “သွားကြစမ်း၊ ငါနဲ့ ဝေးရာကို တတ်နိုင်သမျှ ဝေးဝေး သွားကြစမ်း”
ကျိန်ဆဲပြီးမှသာ သူမ၏ ပါးလွှာသော ဝတ်စုံမှာ ရေစိုရွှဲနေပြီး သူမ၏ ခန္ဓာကိုယ်တွင် ကပ်နေသဖြင့် သူမ၏ ကိုယ်လုံးအလှများ အားလုံး အထင်သား ပေါ်လွင်နေသည်ကို သတိထားမိလိုက်သည်။
သူမကို ပို၍ပင် အရှက်ရစေသည်မှာ သူမသည် ထိုအချိန်အထိ ချင်လဲ့အား တင်းကျပ်စွာ ဖက်ထားဆဲ ဖြစ်ခြင်းပင်။ သူမ၏ ရင်သားအစုံမှာ ချင်လဲ့၏ ရင်ဘတ်နှင့် ကပ်နေပြီး ဝမ်းဗိုက်မှာလည်း ချင်လဲ့၏ ဝမ်းဗိုက်နှင့် ထိကပ်နေသည်။
စူးရှသော အော်ဟစ်သံ တစ်သံနှင့်အတူ ထန်စီချီသည် လျှပ်စစ်ဓာတ်လိုက်ခံရသော တောကြောင်တစ်ကောင်ပမာ ချက်ချင်းပင် ထွက်ပြေးသွားတော့ရာ သူမ၏ အရိပ်ကိုပင် မမြင်လိုက်ရချေ။
ချင်လဲ့၏ မျက်နှာမှာမူ တစ်ကိုယ်လုံး ရေစိုရွှဲနေသည့်တိုင် မည်သို့မျှ မဖြစ်သကဲ့သို့ ခပ်အေးအေးပင် ရှိနေသည်။ သူ၏ နောက်ဘက်ရှိ မီးဖိုငယ်အတွင်းမှ မီးမှာမူ လေထဲက ဖယောင်းတိုင်မီးကဲ့သို့ အားနည်းနေပြီး အချိန်မရွေး ငြိမ်းသွားနိုင်သည့် အခြေအနေသို့ ရောက်နေသည်။
သူသည် မျက်မှောင်ကြုတ်ကာ ထိုနေရာတွင်ပင် ရပ်နေမိသည်။ ထန်စီချီ ထွက်ပြေးသွားသော လမ်းဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူ၏ မျက်ဝန်းများတွင် ထူးဆန်းသော အရောင်တစ်ခု ပေါ်လာခဲ့သည်။
‘ဒီမိန်းကလေးကတော့... သာမန်အသိဉာဏ် မရှိသလို စိတ်မမှန်သလို ဖြစ်နေပေမဲ့ သူက... တကယ်ကို အစစ်အမှန်ပဲ’ ထန်စီချီ သူနှင့် ကပ်ထားစဉ်က ခံစားချက်ကို ပြန်လည်တွေးတောရင်း ချင်လဲ့က စိတ်ထဲမှ မှတ်ချက်ပေးလိုက်သည်။ ထို့နောက် သူက ထုံကျိဟွာကို ကြည့်ကာ ပခုံးတွန့်ပြလိုက်ရင်း ပြောလိုက်သည်။ “ကျွန်တော် အဝတ်အစားလဲဖို့ လိုတယ်။ ပြီးတော့ မီးကျောက် အသစ်အချို့လည်း လိုသေးတယ်။ ခင်ဗျားတို့လူတွေကပဲ ကျွန်တော့်ကို ရေစိုအောင် လုပ်ခဲ့တာနော်”
ထုံကျိဟွာ၏ မျက်နှာမှာ မသိမသာ လှုပ်ခတ်သွားသည်။ ထို့နောက် သူက လက်လှမ်းပြကာ လူတစ်ဦးကို ခေါ်ယူပြီး ညွှန်ကြားလိုက်သည်။ “သူ့ကို ကူညီပေးလိုက်ပါ”
“မင်း စီနီယာအစ်မထန်ကို မီးလောင်အောင် လုပ်ထားတာတောင် အပြစ်တင်ရဲသေးတယ်ပေါ့။ မင်း သေချင်နေပြီလား” လက်နက်ဂိုဏ်းမှ တပည့်တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး လက်ပါတော့မည့်အလား ရှေ့သို့ တိုးလာသည်။
ချင်လဲ့၏ အမူအရာမှာ အေးစက်သွားပြီး ပြန်ဖြေလိုက်သည်။ “သူက ကျွန်တော့်ကို အရင်လာနှောင့်ယှက်တာ”
“လျူခယ်” ထုံကျိဟွာက တည်ကြည်စွာဖြင့် တားဆီးလိုက်ပြီး အမိန့်ပေးလိုက်သည်။ “ငါ ခိုင်းတာကိုပဲ လုပ်စမ်း”
ထိုတပည့်မှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားသော်လည်း ချင်လဲ့ကိုမူ မကျေမနပ်နှင့် စိုက်ကြည့်နေဆဲ ဖြစ်သည်။ သို့သော် သူသည် နောက်ထပ် မည်သည်မျှ မလုပ်ဝံ့တော့ချေ။ သူက ချင်လဲ့ကို ဘေးရှိ အခန်းငယ်တစ်ခန်းသို့ ဒေါသတကြီး ခေါ်ဆောင်သွားပြီး အဝတ်အစားလဲခိုင်းလိုက်သည်။
လက်နက်ဂိုဏ်းမှ အပြင်စည်းတပည့် အားလုံးမှာ ချင်လဲ့ရှိရာဘက်သို့ မျက်လုံးနီနီများဖြင့် ကြည့်နေကြသည်။ သူတို့အားလုံးမှာ ထန်စီချီအတွက် လက်စားချေပေးရန် ချင်လဲ့ကို ထိုနေရာ၌ပင် သတ်ပစ်ချင်နေပုံရ၏။
စာမေးပွဲဖြေဆိုသူများမှာမူ ထူးဆန်းသော အမူအရာများ ရှိနေကြသည်။ သူတို့အားလုံးမှာ ချင်လဲ့အား မနာလိုဖြစ်နေကြသလို အစောပိုင်းက မြင်ကွင်းကိုလည်း စိတ်ထဲမှ သဘောကျနေကြသည်။
‘တမင်တကာ ဖြစ်ဖြစ် မတော်တဆ ဖြစ်ဖြစ်... ဒီလောက်လှတဲ့ မိန်းကလေးတစ်ယောက်က ကိုယ့်ရင်ခွင်ထဲ အတင်းတိုးဝင်လာတာမျိုးဆိုရင် ခဏလေးပဲ ဖက်ခွင့်ရရင်တောင် ငါ့ဘဝက သေပျော်ပါပြီ'
လျန်ရှောက်ယန်ပင်လျှင် ချင်လဲ့ကို မနာလိုသော အကြည့်များဖြင့် ကြည့်နေခဲ့သည်။
“မင်း ဒီကနေ အကောင်းအတိုင်း ထွက်သွားနိုင်မယ်လို့ မထင်နဲ့။ စီနီယာအစ်မထန်ကို စော်ကားထားပြီးရင် မင်း လက်နက်ဂိုဏ်းထဲ ရောက်လာရင်တောင် တစ်ရက်မှ အေးအေးဆေးဆေး နေရမှာ မဟုတ်ဘူး” လျူခယ် အမည်ရှိသော တပည့်က ချင်လဲ့ကို အခန်းထဲသို့ ခေါ်လာပြီးနောက် အေးစက်စွာ ပြောလိုက်သည်။ “ငါ မင်းကို အကြံပေးမယ်။ တတ်နိုင်သမျှ အမြန်ဆုံး ဒီဂိုဏ်းကနေ ထွက်သွားပြီး လက်နက်မြို့တော်နဲ့ ဝေးရာကို ဒိုးလိုက်တော့။ မဟုတ်ရင်တော့ မင်း ခံရတော့မှာပဲ”
“စကားတွေ အပိုမပြောနဲ့” ချင်လဲ့က ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် လျူခယ်၏ ခြိမ်းခြောက်မှုများကို လုံးဝ လျစ်လျူရှုကာ အဝတ်အစားလဲရန်သာ အာရုံစိုက်နေတော့သည်။
ဤခြံဝင်း၏ နောက်ဘက် လက်နက်ဂိုဏ်း၏ အပြင်စည်း အနက်ပိုင်းရှိ ဝါးတောအတွင်း၌ ခန့်ညားသော အဆောက်အဦးငယ် အချို့ရှိသည်။
ထိုအချိန်တွင် ထန်စီချီသည် ထိုအဆောက်အဦးတစ်လုံးအတွင်း၌ ရှိနေသည်။ သူမသည် အနီရောင် ဝတ်စုံအသစ် တစ်စုံကို လဲလှယ်ပြီးပြီဖြစ်ကာ ဝမ်းဗိုက်ရှိ ဒဏ်ရာများကို အစိမ်းရောင် ဆေးရည်ဖြင့် လိမ်းကျံနေသည်။ သူမ ဆေးလိမ်းနေရင်းမှ အံကြိတ်ကာ ကျိန်ဆဲနေသည်။ “နံပါတ် ၂၃၀... ၂၃၀... နင် နောင်တရစေရမယ်။ ငါ့နာမည်သာ ထန်စီချီဖြစ်ရင် နင့်ကို အေးအေးဆေးဆေး နေခွင့် မပေးဘူး"
“စီချီ... နင် ဘယ်တုန်းက ပြန်ရောက်တာလဲ” တံခါးအပြင်ဘက်မှ ကြည်လင်နွေးထွေးသော အသံတစ်သံ ကြားလိုက်ရသည်။ ထို့နောက် လျန်ရော့သည် အခန်းထဲသို့ တိုက်ရိုက် ဝင်လာခဲ့သည်။
လျန်ရော့သည်လည်း လက်နက်ဂိုဏ်းမှ အတွင်းစည်းတပည့်တစ်ဦး ဖြစ်သည်။ ထို့အပြင် သူမသည် ထန်စီချီ၏ အခန်းဖော်လည်း ဖြစ်သည်။ သူမ၏ ရုပ်ရည်မှာ ထန်စီချီနှင့် နှိုင်းယှဉ်ပါက အလွန်ပင် သာမန်ဆန်လှသည်။ သူမသည် ဘေးအိမ်က မိန်းကလေးတစ်ယောက်ပမာ ရိုးရိုးယဉ်ယဉ်လေး ဖြစ်သော်လည်း သူမ၏ ကြည်လင်အေးဆေးသော စိတ်နေစိတ်ထားမှာမူ ထူးခြားလှသည်။
ဆိုလိုသည်မှာ သူမသည် ထန်စီချီနှင့် အတူရှိနေသည့် အခါတိုင်းတွင် ထန်စီချီဟူသော ပန်းလေးကို ပိုမိုတောက်ပအောင် ဝန်းရံပေးသည့် အရွက်စိမ်းလေး တစ်ရွက်ပမာ အမြဲတစေ တည်ရှိနေခြင်း ဖြစ်သည်။
“အစ်မရော့၊ ကျွန်မ... ကျွန်မ အရှုံးကြီး ရှုံးသွားပြီ” ထန်စီချီက သူမ၏ ဒဏ်ရာများကို ဆေးလိမ်းရင်း သနားစဖွယ် အော်ဟစ်လိုက်ပြီး ချင်လဲ့ကို ကျိန်ဆဲတော့သည်။ “အရှေ့က ခြံဝင်းထဲမှာ ကျွန်မ ယုတ်မာတဲ့ ကောင်တစ်ယောက်ရဲ့ လုပ်ကြံတာ ခံလိုက်ရတယ်။ ကျွန်မ မီးလောင်ပြီး သေတော့မလို့ပဲ။ အဲဒီကောင်က နံပါတ် ၂၃၀၊ နာမည်တော့ မသိဘူး။ ကျောက်ပြားနံပါတ်ပဲ သိတယ်။ ကျွန်မ... အခုတော့ အရှေ့ကို ပြန်သွားဖို့ မျက်နှာမရှိတော့ဘူး။ အစ်မ ဦးလေးထုံဆီ သွားပြီး အဲဒီကောင်ကို ကျွန်မရဲ့ လက်ထောက်အဖြစ် ကြိုတင်သတ်မှတ်ပေးဖို့ ပြောပေးပါဦး။ ဒါမှ သူ့ကို ကျွန်မ စိတ်ကြိုက် ပညာပေးလို့ ရမှာ”
လျန်ရော့က မျက်ခုံးလေးများ ကျုံ့ကာ ထန်စီချီ၏ ဝမ်းဗိုက်ကို ကြည့်လိုက်သည်။ ထို့နောက် သူမက တည်ကြည်စွာ ပြောလိုက်သည်။ “နင့်ရဲ့ ဒဏ်ရာတွေက မသေးဘူးပဲ။ အင်း... နင် မသေသွားတာ ကံကောင်းတာပဲ။ ဒါပေမဲ့ ဒါက နင်နဲ့ ထိုက်တန်ပါတယ်”
ပြောပြီးနောက် လျန်ရော့က ထပ်ပြီး အောင့်မထားနိုင်တော့ဘဲ ရုတ်တရက် ရယ်မောကာ စနောက်လိုက်သည်။ “မစဉ်းစားဘဲနဲ့တောင် အရှေ့မှာ ဘာဖြစ်ခဲ့လဲဆိုတာ ငါ ခန့်မှန်းလို့ ရတယ်။ နင် ဘာတွေ သွားလုပ်ခဲ့တာလဲ။ အရင်အတိုင်းပဲ မဟုတ်လား။ သူများတွေ လက်နက်သွန်းလုပ်နေတုန်း သွားပြီး နှောင့်ယှက်တာလေ။ ဟားဟား... ဒီတစ်ခါတော့ နင်ရဲ့ ဆွဲဆောင်မှုကို ဂရုမစိုက်ရုံတင်မကဘဲ နင့်လို ပန်းလေးတစ်ပွင့်ကို ဒီလောက် ရက်စက်တဲ့ နည်းလမ်းနဲ့ နှိပ်စက်ရဲတဲ့ ဝံပုလွေတစ်ကောင်နဲ့ တွေ့မယ်လို့ နင် မထင်ထားဘူး မဟုတ်လား။ အဲဒီလူကို ငါတောင် လေးစားမိသွားပြီ”
လျန်ရော့၏ စကားအဆုံးတွင် ထန်စီချီ၏ မျက်နှာမှာ ဒေါသကြောင့် စိမ်းဖန့်သွားပြီး ဆိုသည်။ “လျန်ရော့... နင်က ငါ့သူငယ်ချင်း ဟုတ်ရဲ့လား။ ဒီလိုမျိုး အားပေးစကား ပြောရလား”
“စတာပါ... ဟဲဟဲ... စတာပါ” လျန်ရော့က ချိုသာစွာ ပြုံးလိုက်ရင်း ဆိုသည်။ “ကောင်းပြီလေ၊ လက်နက်ဂိုဏ်းရဲ့ အလှဆုံး ပန်းလေးကို ဒီလောက် ရက်စက်တဲ့ နည်းလမ်းနဲ့ နှိပ်စက်ရဲတဲ့ အဲဒီသူရဲကောင်းကို ငါသွားကြည့်လိုက်ဦးမယ်”
လျန်ရော့သည် ထန်စီချီ၏ ဒေါသထွက်နေသော မျက်နှာကို လျစ်လျူရှုကာ တစ်လမ်းလုံး ရယ်မောရင်း အပြင်သို့ ထွက်သွားလေတော့သည်။