အခန်း (၁၈၁-၁၈၂)
Vol. 19 Ch. 181-182
အခန်း(181)
ဝက်သားနီချက်ကို ဖန်ချင်းကိုယ်တိုင် ချက်ထားခြင်းဖြစ်ပြီး ကျန်းမိသားစုအတွက် နှစ်သစ်ကူးကာလတွင် အမြဲရှိနေတတ်သော ဟင်းတစ်မျိုးဖြစ်ပေသည်။
ယခုနှစ်တွင်တော့ နှစ်သစ်ကူးပွဲတော်နှင့် လီရှန်း၏ လက်ထပ်ပွဲလည်းရှိနေသောကြောင့် သူမ၏ သားမက်အတွက် သိမ်းထားရန် ပို၍ များများ ချက်ထားခဲ့ခြင်း ဖြစ်လေ၏။
ယခုအချိန်တွင် သားမက်ဖြစ်သူ စုဝေ့ချင်း ရောက်လာပြီဖြစ်၍ ဝက်သားနီချက်ကို ထုတ်ကျွေးရန် အချိန်တန်ပေပြီ။
“ဒါနဲ့ အဒေါ်၊ ကျွန်မရဲ့ အတန်းဖော် လီလင်းကို မှတ်မိသေးလား”
ဖန်ချင်းက ကြွေပန်းကန်ကို ကိုင်ကာ အသားအတွက် ဟင်းအနှစ်ကို စပ်နေရင်း ခေါင်းမဖော်ဘဲ ပြန်ဖြေလိုက်သည် ။
“မှတ်မိတာပေါ့၊ သူက မင်းရဲ့ အရင်က ထိုင်ခုံဖော် မဟုတ်လား၊ မင်းတို့တွေ အရင်က ဆေးဝါးစက်ရုံကို အတူတူ ဝင်ခဲ့ကြတာလေ၊ သူလည်း လက်ထပ်သွားပြီထင်တယ်ဟုတ်တယ်မလား”
“လက်ထပ်သွားပါပြီ၊ လက်ထပ်ရုံတင် မဟုတ်ဘူး၊ အခု ကိုယ်ဝန်တောင် ရှိနေပြီ”
လီရှန်းမှာ ဤအတင်းအဖျင်းသတင်းကို ပြောချင်လွန်းသောကြောင့် အတော်လေး အောင့်ထားခဲ့ရခြင်း ဖြစ်ပေ၏။ ဤကဲ့သို့သော သတင်းထူးကို တခြားသူများနှင့် ဝေမျှရသည်မှာ အလွန်ပင် ကောင်းလွန်းသည်။
သူမအနေဖြင့် ဆေးဝါးစက်ရုံတွင် ရှိနေသရွေ့တော့ မည်သူ့ကိုမှ မပြောရဲပါချေ။ စုဝေ့ချင်းကိုပင် မပြောခဲ့ပါချေ။
သို့သော် စက်ရုံမှ ထွက်လာပြီး မိဘများ၏ အိမ်သို့ ရောက်ချိန်တွင်တော့ ဖန်ချင်းနှင့် လွတ်လွတ်လပ်လပ် စကားပြောနိုင်ပေပြီ။
ဆိုရလျှင် ဖန်ချင်းက နှုတ်လုံသူတစ်ဦး ဖြစ်ကြောင်း သူမ သိထားသောကြောင့် ဖြစ်ပေ၏။
“ဒီလောက်တောင် မြန်တာလား”
ဖန်ချင်းလည်း အမှန်တကယ်ပင် အံ့ဩသွားရသည်။ သူမက ခေါင်းကို လှည့်ကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
“မင်္ဂလာဆောင်က နှစ်သစ်ကူး ငါးရက်နေ့တုန်းကမှ မဟုတ်ဘူးလား”
“မင်္ဂလာဆောင်ကတော့ နှစ်သစ်ကူး ငါးရက်နေ့မှာ လုပ်တာ၊ ဒါပေမဲ့ သူတို့က နှစ်သစ်ကူး မတိုင်ခင်ကတည်းက လက်ထပ်စာချုပ် သွားယူခဲ့ကြတာလေ”
လီရှန်းအနေဖြင့် လီလင်းကို လက်မထပ်ခင် အတူနေသည်ဟု စွပ်စွဲခြင်း မခံရစေရန်အတွက် အမြန်ပင် ရှင်းပြလိုက်သည်။
“နိုင်ငံတော်ကတော့ သူတို့ကို တရားဝင် ဇနီးမောင်နှံအဖြစ် အသိအမှတ်ပြုထားတာပဲလေ”
သို့သော်လည်း ဖန်ချင်းကတော် အစစအရာရာတွင် အလွန်စောလွန်းနေသည်ဟု ခံစားမိနေခဲ့ပေသည်။
“သူ့ရဲ့ အချိန်ကိုက်မှုကတော့ နည်းနည်း ကံမကောင်းဘူးပဲ”
အတင်းအဖျင်း အပြောခံရဖို့ လွယ်ကူလွန်းသည်။
“လောလောဆယ်တော့ ဒါကို သူနဲ့ ကျွန်မပဲ သိသေးတာ၊ သူ ဒါကို လျှို့ဝှက်ထားပြီး ကလေးမွေးတဲ့အချိန်ကျရင် ဆယ်ရက်၊ တစ်လောက်လောက် နောက်ဆုတ်ပြီး ပြောလို့ရတာပဲ၊
အဆိုးဆုံးကတော့ ကလေးမွေးတဲ့အချိန် လမစေ့ဘဲ မွေးတယ်လို့ ပြောလိုက်ရုံပေါ့၊ အခုခေတ်မှာ အမျိုးသမီး အတော်များများက အာဟာရ မပြည့်ဝကြတော့ လမစေ့ဘဲမွေးတာ မထူးဆန်းဘူးလေ
ဒါက ဆယ်ရက်၊ ဆယ့်ငါးရက်လောက်ပဲကွာတာဆိုတော့ လျှို့ဝှက်ထားဖို့ လွယ်ပါတယ်”
ဖန်ချင်းက သက်ပြင်းချလိုက်သည်။
“အဲဒါကတော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ ကလေးက လပြည့်ပြီးမှ မွေးလာရင် လမစေ့တဲ့ပုံစံ မပေါက်မှာကို စိုးရိမ်ရတယ်”
“ဒါဆိုရင်လည်း ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ အာဟာရ ကောင်းကောင်း စားခဲ့လို့ပါလို့ ပြောလိုက်တာပေါ့”
လူတွေက ပြောချင်သလို ပြောနိုင်တာပဲလေ။ ကျန်းမာရေး မကောင်းဘူးလို့လည်း ပြောလို့ရသလို၊ အာဟာရ ပြည့်ဝတယ်လို့လည်း ပြောလို့ရတာပဲ။
မိခင်က အားနည်းပေမဲ့ အာဟာရတွေ အကုန်လုံးကို ကလေးကပဲ စုပ်ယူသွားတာလို့လည်း ပြောလို့ရတာပဲ။
ဒါက ဆရာဝန်ဘက်က ဘယ်လို ရှင်းပြမလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။
ဖန်ချင်းက သူမကို မျက်စောင်းထိုးကြည့်လိုက်သည်။
“မင်းကတော့ အကုန်လုံးကို ကြိုပြီး တွက်ချက်ထားတာပဲ”
သူမက စကားပြောရင်းနှင့် လီရှန်း၏ ဝမ်းဗိုက်အောက်ပိုင်းသို့ အကြည့်ရောက်သွားခဲ့သည်။
“လီလင်းတောင် ကိုယ်ဝန်ရှိနေပြီ၊ မင်းမှာရော အရိပ်အယောင်လေး ဘာလေး မရှိသေးဘူးလား”
“ကျွန်မ လက်ထပ်တာ တစ်လကျော်လေးပဲ ရှိသေးတာလေ၊ ဘယ်လိုလုပ် အဲဒီလောက် မြန်ပါ့မလဲ”
လီရှန်းမှာ ပြောစရာ စကားပင် မရှိတော့ပါချေ။ သူမ၏ ရာသီသွေး ပေါ်ခြင်းမှာ ယခုမှ ပြီးရုံသာရှိသေး၏။
သို့သော်လည်း ယခုခေတ်တွင် အမျိုးသမီး လစဉ်သုံးပစ္စည်းများမှာ ရှားပါးလွန်းပြီး၊ လူအတော်များများမှာ အိမ်သာသုံး စက္ကူများနှင့် ပြုလုပ်ထားသော လစဉ်သုံးပစ္စည်းများကိုသာ သုံးနေကြရဆဲ ဖြစ်ပေသည်။
ဤအကြောင်းကို ပြောရလျှင် သူမသည်က ဆေးပညာကို လေ့လာရန် မလောတော့ဘဲ အမျိုးသမီးလစဉ်သုံးပစ္စည်းများကိုသာ အမြန်ဆုံး ထုတ်လုပ်ချင်စိတ် ဖြစ်လာတော့သည်။
သို့သော်လည်း သူမ ယခင်က ဖြတ်သန်းခဲ့သော ကမ္ဘာများမှာ နည်းပညာ အလွန်မြင့်မားပြီး လစဉ်သုံးပစ္စည်းများ နေရာတိုင်းတွင် ရှိနေတတ်သော ကမ္ဘာများ သို့မဟုတ် နည်းပညာ အလွန်နိမ့်ကျပြီး ရေစိုခံပစ္စည်းကိုပင် မထုတ်လုပ်နိုင်သော ကမ္ဘာများသာ ဖြစ်နေခဲ့၏။
ထို့ကြောင့် နောက်ဆုံးတွင် သူမက လစဉ်သုံးပစ္စည်းများ၏ အရေးပါမှုကို နားလည်သော်လည်း ကိုယ်တိုင်တော့ တစ်ခါမျှ မထုတ်လုပ်ဖူးခဲ့ပါချေ။
“မင်း လည်း မြန်မြန် ကြိုးစားဦး၊ အလုပ်ကတော့ တစ်သက်လုံး လုပ်လို့ရပေမဲ့၊ ကလေးကတော့ ငယ်တုန်းရွယ်တုန်းမှာ ယူထားရမှာ.. စောစောယူထားမှ နောက်ပိုင်း အလုပ်ကို စိတ်အေးလက်အေး အာရုံစိုက်နိုင်မှာပေါ့”
ဖန်ချင်းက ဝမ်းနည်းရိပ်သန်းနေသော လေသံဖြင့် ပြောလိုက်၏။
သူမက မျက်လွှာချလိုက်ပြီး ဟင်းခတ်ပစ္စည်းများကို စပ်နေရင်း အတန်ငယ် စိတ်ပျက်နေသော လေသံဖြင့် ဆက်ပြောလာလေ၏။
“မင်းက စာမေးပွဲမှာ ပထမရပြီး အလုပ်ကောင်းကောင်းလေးရခဲ့တာ၊ ဒါပေမဲ့ အခုတော့ ကလေးယူရမှာဆိုတော့ အလုပ်တွေ ကြန့်ကြာသွားရဦးမယ်. အမျိုးသမီး ဖြစ်ရတာလည်း တကယ်ကို ခက်ခဲပါတယ်”
လီရှန်းပြောစရာမလိုပါချေ။
ဖန်ချင်းပင်လျှင် လူ့အဖွဲ့အစည်းက အမျိုးသမီးများအပေါ် မတရားကြောင်းကို ခံစားနေရသည် မဟုတ်ပါလား။
“ဒါဆို ကျွန်မ ကလေးမယူတော့ဘူးလေ”
လီရှန်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။
“ဖက်၊ ဖက်၊ ဖက်၊ မင်း ဘာတွေ လျှောက်ပြောနေတာလဲ”
ဖန်ချင်းက လီရှန်း၏ နောက်ကျောကို လှမ်းပုတ်လိုက်လေသည်။
လီရှန်းက လက်ကို အမြန်မြှောက်လိုက်ပြီး ပြောလာသည်။
“အဒေါ်၊ ကျွန်မ လက်ထဲမှာ ဓားရှိတယ်လေ!”
သူမရဲ့ လက်ကို ထိသွားမှာ မကြောက်ဘူးလား။
“ငါက သင့်တော်ရုံပဲ ပုတ်တာ၊ ဒါမှ မင်းရဲ့ဦးနှောက်ထဲမှာ မှတ်သွားပြီး တစ်နေ့လုံး အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောတော့မှာ”
ဖန်ချင်းက သူမကို ခပ်စူးစူး စိုက်ကြည့်လိုက်၏။
လီရှန်း : “...ကလေးယူရင် အလုပ်တွေ ကြန့်ကြာသွားမှာ စိုးရိမ်တယ်လို့ အဒေါ်ကိုယ်တိုင် ပြောတာ မဟုတ်ဘူးလား”
“ငါ မင်းအစ်ကိုတို့ရဲ့ ကိုယ်ဝန်ရှိနေတုန်းကဆိုရင် မွေးခါနီးအထိ အလုပ်လုပ်ခဲ့ရတာ၊ မင်းကတော့ ရုံးခန်းထဲမှာ အလုပ်လုပ်တာဆိုတော့ ပင်ပင်ပန်းပန်း လုပ်စရာ မလိုပါဘူး၊ ကိုယ်ဝန်ရှိတာက သိပ်ပြီးတော့လည်း မပင်ပန်းလောက်ပါဘူး”
တကယ်တမ်းတွင် နောက်ဆုံးစကားလုံးမှာ သိပ်ပြီး ယုံကြည်မှု ရှိပုံမရပါချေ။
ကလေးမွေးဖူးသူတိုင်း ကိုယ်ဝန်ဆောင်ရခြင်းက မည်မျှခက်ခဲသည်ကို သိကြသည်မဟုတ်ပါလား။ သူမက ကလေးမရဖူးသေးသော မိန်းကလေးကို လိမ်လည်ပြောဆိုနေခြင်းသာ ဖြစ်ပေသည်။
လီရှန်းက အပြုံးတစ်ခုဖြင့် လှမ်းကြည့်လိုက်၏။
ဖန်ချင်းက စကားလမ်းကြောင်းကို အမြန်ပြောင်းလိုက်သည်။
“မင်းအမေမှာ မင်းကိုကိုယ်ဝန်ရှိတုန်းကဆိုရင် ကိုယ်ဝန်ဆိပ်တက်ပြီး အမြဲတမ်း အန်နေခဲ့တာ၊ မင်းလည်း မင်းရဲ့အမေဆီက ဒီပြဿနာကို အမွေဆက်ခံမလား မသိဘူး”
ထိုသို့ဆိုပါက ကိုယ်ဝန်ဆောင်နေချိန်အတွင်း ဒုက္ခရောက်နေလိမ့်မည်။
လီရှန်းတွင် ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်းနှင့် ပတ်သက်၍ အတွေ့အကြုံ လုံးဝ မရှိပါချေ။
ကျန်းဟုန်ကျန်း၏အကြောင်းကို ပြောလိုက်ချိန်တွင် လီရှန်း၏ စိတ်မှာလည်း လေးလံသွားရသည်။
“ပြောရရင် ဒါက ကျွန်မရဲ့အမေဆီက ရခဲ့တဲ့ အမွေပဲလေ၊ အဲဒါက မကောင်းဘူးဆိုရင်တောင် ကျွန်မ လက်ခံနိုင်ပါတယ်”
ကျန်းကျူးရိက ဟင်း နှစ်မျိုးဝယ်ကာ ပြန်လာခဲ့လေ၏။ ထိုအတောအတွင်း စုဝေ့ချင်းကတော့ ကျန်းချောင်အား အိမ်စာနှစ်ခုကို သင်ကြားပေးခဲ့သည်။
ကျန်းချောင်၏ ယောက်ဖဖြစ်သူအပေါ် မူလကရှိခဲ့သော မကျေနပ်မှုများမှာ လက်ခံမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
မည်သို့ပင်ဖြစ်စေ စုဝေ့ချင်းတွင်လည်း မကြီးပြင်းသေးသော ကလေးစိတ် ရှိနေသေးသည့်အတွက် ကျန်းချောင်နှင့် အလွန်ပင် ကောင်းမွန်စွာ ဆော့ကစားနိုင်ခဲ့လေ၏။
ထိုနေ့ညက ညစာစားနေစဉ်အတွင်းမှာပဲ ကျန်းချောင်မှာ အတော်လေး ချင်ဖြစ်နေသေးသည်။
“အစ်မနဲ့ ယောက်ဖ၊ ဒီနေ့ပဲ ပြန်ကြတော့မှာလား”
“ပြန်ရမှာပေါ့၊ မနက်ဖြန် အလုပ်သွားရဦးမယ်လေ”
လီရှန်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်ပြီးနောက် ဟင်းရည်တစ်ပန်းကန် ခပ်လိုက်ရင်း စုဝေ့ချင်းကို တိုက်တွန်းလိုက်သည်။
“မြန်မြန်စား၊ မဟုတ်ရင် ကားမီမှာ မဟုတ်ဘူး”
“ကားလွတ်သွားရင်လည်း မပြန်နဲ့တော့ပေါ့”
ကျန်းချောင်က တိုးတိုးလေး ရေရွတ်လိုက်ပြန်၏။
သူသည်က သူ၏ယောက်ဖနှင့် စကားပြောရသည်ကို အမှန်တကယ်ပင် နှစ်သက်မိပေသည်။ ယောက်ဖဖြစ်သူမှာ စာအုပ်ထဲတွင် မပါသော ပုံပြင်များစွာကို သိသကဲ့သို့ သမိုင်းဝင်ပုဂ္ဂိုလ်များအကြောင်းကိုလည်း များစွာ သိထားပေသည်။
သူ ထိုအကြောင်းများကို ပြောပြသည့်အခါတိုင်း ပုံပြင်ပြောပြနေသကဲ့သို့ အလွန်ပင်စိတ်ဝင်စားစရာ ကောင်းလွန်းပေ၏။
“အဲဒါတော့ မရဘူးလေ၊ ငါတို့စက်ရုံမှာ အရေးကြီးတဲ့ တာဝန်တစ်ခု ရှိလာတော့မှာဆိုတော့ အလုပ်တွေ အရမ်းများတော့မယ်၊ ခဏလောက်တော့ ပြန်လာဖို့ အချိန်ရမှာ မဟုတ်ဘူး ထင်တယ်”
“အလုပ်များတာ ကောင်းတာပေါ့”
ကျန်းကျူးရိက ခေါင်းညိတ်ပြ၏။ သူသည်က ဆေးဝါးစက်ရုံ၏ လက်ရှိအခြေအနေကို အတော်လေး စိတ်ကျေနပ်နေခဲ့သည်။
“ငါတို့စက်ရုံလည်း ဒီနှစ်မှာ အလုပ်တွေ အရမ်းများမယ်ထင်တယ်”
“ဦးလေးတို့လည်း တာဝန်အသစ်တွေ ရထားလို့လားဟင်”
“ဟုတ်တယ်၊ ပြည်နယ်စက်မှုယန္တယားစက်ရုံကနေ ငါတို့ကို အော်ဒါအကြီးစားတွေ ပေးထားတယ်၊ ဒီနှစ်ရဲ့ ပထမနှစ်ဝက်အတွက် စီမံကိန်းတွေ အကုန်လုံးက ပြည့်နေပြီလေ”
ဤအကြောင်းကို ပြောလိုက်ရချိန်တွင် ကျန်းကျူးရိမှာ အားရပါးရ ရယ်မောမိတော့သည်။ စက်ရုံ၏ လုပ်ဆောင်ချက် ကောင်းမွန်ခြင်းထက် သူ့ကို ပို၍ ပျော်ရွှင်စေသော အရာမရှိပါချေ။
“ဒါဆိုရင် စက်ရုံက အလုပ်သမားအသစ်တွေ ထပ်ခေါ်ဖို့ လိုမလာဘူးလား”
“အဲဒါကတော့ လောလောဆယ် မဖြစ်နိုင်သေးဘူး”
အလုပ်သမား ခေါ်ယူရေးနှင့် ပတ်သက်လာလျှင် ကျန်းကျူးရိက ခေါင်းခါပြ၏။ စက်ရုံ၏ လက်ရှိ ထုတ်လုပ်မှုစွမ်းအားနှင့်ပင် မှီနေသေးသကဲ့သို့ ပိုလျှံနေသော အလုပ်သမားများပင် ရှိနေသေးပေသည်။
ထို့အပြင် စက်ရုံရှိ လူငယ်၊ လူရွယ် အတော်များများမှာလည်း အလုပ်ခေါ်မည်ကို စောင့်ဆိုင်းနေကြ၏။
အကယ်၍ သူ့ဘက်မှ အလုပ်ခေါ်မည်ဟု ကြေညာလိုက်လျှင် စက်ရုံအတွင်းရှိ ထိုလူငယ်များမှာ မည်ကဲ့သို့သော ပြဿနာများ ရှာကြမည်ကို မသိနိုင်ပါချေ။
ထို့ကြောင့် မည်သူ့ကိုမျှ မခေါ်ဘဲနေခြင်းကသာ ပို၍ အဆင်ပြေပေလိမ့်မည်။
*
အခန်း(182)
လီရှန်းတစ်ယောက် သူမ မတိုင်မီက တွေ့ခဲ့ရသော ကလေးများကို ကျေးလက်သို့ ပို့လိုက်ရသည့် မိဘများအကြောင်းကို တွေးမိသွား၏။
သူတို့သည်က အလုပ်ရရန် မျှော်လင့်ချက် မရှိတော့ကြောင်း သိရှိသွားပြီးမှသာ သူတို့၏ကလေးကို ပညာတတ်လူငယ်အဖြစ် ကျေးလက်သို့ ပို့လိုက်ကြခြင်း ဖြစ်ရမည်။
ထို့ပြင် ကျန်းကျူးရိ၏ သားနှစ်ဦးလုံးမှာ ပညာတတ်လူငယ်များဖြစ်သွားခဲ့ကြသော်လည်း သူတို့သွားခဲ့သည့်နေရာမှာ စစ်တပ်နယ်မြေများ ဖြစ်ပြီး စစ်ထဲဝင်သွားခဲ့ကြခြင်းသာဖြစ်ပေ၏။
ထို့ကြောင့် ကျန်းကျူးရိအား ဘက်လိုက်သည်ဟု မည်သူကမျှ စွပ်စွဲနိုင်မည် မဟုတ်ပါချေ။
ဤအကြောင်းကို ပြောရင်း ကျန်းကျူးရိက သူ၏သားကြီးနှစ်ယောက်အကြောင်းကို ထည့်ပြောလာသည်။
“ကျန်းခမ်းက ကြေးနန်းရိုက်လိုက်တယ်၊ သူတို့ဆီမှာ စစ်သားအသစ်တွေ ခေါ်နေတယ်တဲ့၊ ဒါပေမဲ့ ငါတို့ဘက်မှာတော့ မရှိဘူး၊
ဒါကြေင့် သူတို့က ယူနန်ပြည်နယ်မှာ ဝင်ကြမှာတဲ့၊ သူတို့နှစ်ယောက်လုံး ကျန်းမာရေး စစ်ဆေးတာ အောင်သွားပြီဆိုတော့ ယူနန်ကို သွားဖို့အတွက် အကြောင်းကြားစာကိုပဲ စောင့်နေကြတာ”
ယူနန်ပြည်နယ်ဟူသောစကားကိုကြားသည်နှင့် လီရှန်းတစ်ယောက် သူမ၏ အိမ်နီးချင်း လုချင်းလန်၏ သားကြီးကို သတိရသွား၏။
သူသည်လည်း စစ်ထဲဝင်ချင်သည်ဟု ပြောဖူးသော်လည်း ယခုအချိန်ထိတော့ သတင်း မရှိသေးပါချေ။
“စစ်ထဲကိုဝင်နိုင်တာကလည်း အတော်လေး ကောင်းပါတယ်”
အထူးသဖြင့် စစ်ဘက်ဌာနအတွင်းတွင် သူတို့၏အကြီးအကဲများ ရှိနေသောကြောင့် မိုင်ပေါင်းထောင်ချီဝေးကွာနေသော်လည်း တစ်ဦးနှင့်တစ်ဦး စောင့်ရှောက်ပေးနိုင်ကြသည် မဟုတ်ပါလား။
ထို့ပြင် စုမိသားစု၏ ဒုတိယအစ်ကိုလည်း စစ်တပ်ထဲတွင် ရာထူးမြင့်နေပြီဖြစ်ကာ အငယ်ဆုံးသားမက်မှာလည်း အသက်အငယ်ဆုံး ဒုတပ်ရင်းမှူး ဖြစ်ပြီး အနာဂတ် တောက်ပမည့်သူဖြစ်ကြောင်းကို ကျန်းကျူးရိ ကြားသိထားပေသည်။
စစ်တပ်အတွင်း မိသားစုဝင်များစွာ ရှိနေသောကြောင့် သူတို့နှစ်ဦးသာ ဝီရိယရှိရှိ လေ့ကျင့်ပြီး တာဝန်ထမ်းဆောင်ချိန်တွင် ဒဏ်ရာမရအောင် အတတ်နိုင်ဆုံး ကြိုးစားမည်ဆိုပါက သူတို့၏ အနာဂတ်မှာ အလွန်ပင် စိတ်ချရပေလိမ့်မည်။
ကျန်းချောင်အတွက်ကတော့ သူသည်က ယခုကတည်းက စာကြိုးစားထားပြီး အသက်အရွယ် ရောက်သည့်အချိန်တွင် ဆေးဝါးစက်ရုံအတွက် စာမေးပွဲ ဖြေဆိုနိုင်ပေသည်။
သူ၏ အစ်မနှင့် ယောက်ဖက ဆေးဝါးစက်ရုံတွင် အလုပ်လုပ်နေကြသကဲ့သို့၊ သူတို့၏ ခမည်းခမက်မှာလည်း စက်ရုံဒုတိယညွှန်ကြားရေးမှူး ဖြစ်သောကြောင့် စိတ်ပူနေစရာ မလိုပါချေ။
ကျန်းကျူးရိ၏ အတွေးမှာ အတော်လေး ကောင်းမွန်ပေသည်။
လီရှန်းနှင့် စုဝေ့ချင်းတို့ နှုတ်ဆက်ထွက်ခွာသည့်အချိန်တွင်လည်း သူက တူမဖြစ်သူအား မှာရန် မမေ့ခဲ့ပါချေ။
“အလုပ်ကိုပဲ အာရုံစိုက်လိုက်ဦး၊ ပြန်လာဖို့ကိုပဲ အမြဲ မတွေးနေနဲ့၊ တကယ်လို့ ငါနဲ့ မင်းရဲ့အဒေါ်က သတိရတယ်ဆိုရင် စက်ရုံကို လာပြီး တွေ့ပါ့မယ်”
“ကောင်းပါပြီ”
လီရှန်းက ပြုံး၍ ပြန်ပြောလိုက်၏။
ထိုအချိန်မှာပင် ကားရောက်ရှိလာသည့်အတွက် ဇနီးမောင်နှံနှစ်ဦးမှာ အမြန်ပင် ကားပေါ်သို့ တက်ခဲ့ကြလေသည်။ ကျန်းမောင်နှံမှာတော့ ကားလေး လမ်းအဆုံးတွင် ပျောက်ကွယ်သွားသည်အထိ ကြည့်နေကြပြီးမှ အိမ်ထဲသို့ ပြန်ဝင်ခဲ့ကြ၏။
လီရှန်းနှင့် စုဝေ့ချင်းတို့က အေးအေးဆေးဆေးပင် စက်ရုံဝင်းသို့ ပြန်လာခဲ့ကြပေသည်။
သူတို့ ပြန်လာသည်မှာ အတော်လေး နောက်ကျသွားခဲ့ပြီဖြစ်ကာ ဤကားမှာလည်း နောက်ဆုံးကား ဖြစ်လုနီးပါးပင်။
သူတို့က ဒုက္ခများမှ လွတ်မြောက်သွားပြီဖြစ်ကာ အိမ်သို့ပြန်ရောက်သည့်အခါ အိမ်မှာ တိတ်ဆိတ်နေလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြ၏။
သို့သော်လည်း အပေါ်ထပ်သို့ တက်လိုက်သည်နှင့် စုဝေ့ဟိုင်က အိမ်ရှေ့တံခါးဝတွင် မတ်တတ်ရပ်ကာ ဆေးလိပ်သောက်နေသည်ကို တွေ့လိုက်ရငပြီး အံ့ဩသွားကြရလေသည်။
သူ၏မျက်ဝန်းများမှာ ဝမ်းနည်းရိပ်များ ပြည့်နှက်နေသော်လည်း စုဝေ့ချင်းနှင့် သူ၏ဇနီး ပြန်လာသည်ကို မြင်သောအခိုက်တွင် သူ၏မျက်လုံးများက တောက်ပသွားခဲ့၏။
သူက စုဝေ့ချင်း၏ ပုခုံးကို လှမ်းဖက်လိုက်ပြီး ပြောလာသည်။
“ခယ်မလေး၊ ဝေ့ချင်းကို ခဏလောက် ငှားပါရစေဦး”
ထို့နောက် သူာ စုဝေ့ချင်းကို အောက်ထပ်သို့ ဆွဲခေါ်သွားလေတော့သည်။
ခြံဝင်း၏အလယ်သို့ ရောက်သည်နှင့် စုဝေ့ဟိုင်တစ်ယေောက် အောင်းအီးနိုင်တော့ဘဲ စတင်ပြောဆိုလာတော့၏။
“ဝေ့ချင်း၊ ငါ မင်းကို မေးပါရစေဦး၊ လက်ထပ်ပြီးတဲ့ အမျိုးသမီးတိုင်းက ကလေးရဖို့ကိုပဲ ဒီလောက်တောင် အသည်းအသန် ဖြစ်နေကြတာလား”
စုဝေ့ချင်း : “...”
မဖြစ်နိုင်တာ။ သူ ခုနလေးကမှ ကျန်းမိသားစုအိမ်မှာ လီရှန်းက သူမရဲ့အဒေါ်နှင့် စနောက်ရင်း ကလေးမယူချင်သေးဘူးလို့ ပြောနေတာကို ကြားခဲ့ရတာလေ။
စုဝေ့ချင်း၏ မျက်ဝန်းများမှာ ရှုပ်ထွေးနေပြီး သူအတော်လေး ရှုပ်ထွေးနေခဲ့ပုံရ၏။
သူ၏ တိတ်ဆိတ်မှုက အလွန်ပင် သိသာလွန်းသောကြောင့် စုဝေ့ဟိုင်၏ မျက်နှာမှာ အားမလိုအားမရ ဖြစ်သွားရသည်။ စုဝေ့ချင်းက စကားတစ်လုံးမျှပင် မပြောခဲ့သော်လည်း သူ၏မျက်ဝန်းများက အဖြေကို ပြောပြနေခဲ့ပြီဖြစ်၏။
စုဝေ့ဟိုင် သူ၏ဦးခေါင်းကို လက်ဖြင့်ဖုံးအုပ်လိုက်ပြီး သက်ပြင်းချကာ ပန်းခြံခုံပေါ်သို့ တက်ထိုင်လိုက်သည်။
ထို့နောက် နောက်ထပ်ဆေးလိပ်တစ်လိပ်ကို ထပ်မံညှိလိုက်ကာ မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်များဖြင့်အတူ ဆေးလိပ်ငွေ့များကို မှုတ်ထုတ်နေခဲ့ပေသည်။
သူ၏ ချောမောခန့်ညားသော ရုပ်ရည်က ဝမ်းနည်းနေသော အမူအရာတို့ဖြင့် ပေါင်းစပ်သွားခဲ့၏။
ဤအချိန်တွင် စုဝေ့ဟိုင်မှာ ရုပ်ရှင်မင်းသားတစ်ဦးထက်ပင် ပို၍ ချောမောခန့်ညားနေခဲ့သည့်အတွက် အပေါ်ထပ်မှ ကြည့်နေသော ဝူလီတစ်ယောက် အနည်းငယ် ငေးမောမိသွားရပေသည်။
သူမ၏ ဘေးတွင် ရပ်နေသော လီရှန်းကမူ နှုတ်ခမ်းသာ မဲ့လိုက်ပြီး မျက်လုံးလှန်လိုက်လေ၏။
“ယောက်မ၊ ကျွန်မ ရေနွေးဓာတ်ဘူးထဲ ရေဖြည့်ဖို့အတွက် ရေသွားကျိုရဦးမယ်”
သူမက ထိုသိုး ပြောကာ အထဲသို့ ဝင်သွားတော့၏။
သူတို့က ရန်ငြိုးရန်စတွေရှိနေတာမှ မဟုတ်တာပဲ။
စုဝေ့ချင်းကိုလည်း ခေါ်သွားပြီဆိုတော့၊ သူမကပါ လိုက်ပြီး စိတ်ပူနေစရာ မလိုတော့ဘူး။
“...မရီးက ကလေးရဖို့အတွက် အလျင်စလို ဖြစ်နေတာလား”
အောက်ထပ်ရှိ စုဝေ့ချင်းသည်လည်း ပန်းခုံပေါ်သို့ တက်လိုက်ပြီး စုဝေ့ဟိုင်၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်၏။
သူသည်က ဆေးလိပ်မသောက်သကဲ့သို့ ဆေးလိပ်နံ့ကိုလည်း မနှစ်သက်သောကြောင့် ဘေးသို့ နှစ်လှမ်းမျှ မသိမသာ တိုးလိုက်သေးလေသည်။
“သူက ငါ စီမံကိန်းအသစ်မှာ ပါဝင်တဲ့အပေါ် သိပ်ပြီးမပျော်ရွှင်ဘူးလေ”
စုဝေ့ဟိုင် သူ၏မျက်နှာကို ပွတ်သပ်လိုက်ပြီး ပြောလာသည်။
“ဒီကိစ္စအတွက် သူ့ကို မတိုင်ပင်ခဲ့မိတာက ငါ့အမှားဆိုတာ ဝန်ခံပါတယ်၊ ဒါပေမဲ့ အစည်းအဝေးတုန်းက မင်းနဲ့ ခယ်မလေးလည်း ရှိနေတာပဲလေ
ညွှန်ကြားရေးမှူးကျန်းက နာမည်စာရင်းပေးဖို့ နာရီဝက်ပဲ အချိန်ပေးတာ၊ သုတေသနပညာရှင်တွေကလည်း အရမ်းတက်ကြွနေကြတာလေ၊
ငါသာ ခဏလောက် တွန့်ဆုတ်နေခဲ့ရင် နာမည်စာရင်း ပေးသွင်းနိုင်မှာ မဟုတ်တော့ဘူး”
ဒီတော့ ဘာဖြစ်လို့လဲ။
အလုပ်နှင့် ကလေးက ဘာဆိုင်လို့လဲ။
“အလုပ်ရဲ့ သဘောသဘာဝအရ ငါ ဒီနှစ်မှာ အိမ်မှာ ရှိနိုင်မှာ မဟုတ်ဘူး၊ ဒီအတောအတွင်း ငါလည်း ရှောင်ချန်နဲ့ ရှောင်ကျွင့်တို့နဲ့ အတူရှိခဲ့တဲ့အတွက် ကလေးတွေကို ပြုစုပျိုးထောင်ရတာက ဘယ်လောက်တောင် ခက်ခဲတယ်ဆိုတာကို နားလည်သွားတယ်
ငါက သုတေသနဌာနထဲ ဝင်သွားပြီဆိုတော့ မိသားစုကို အရင်လောက် ဂရုမစိုက်နိုင်တော့ဘူးလေ၊ ဝူလီက ကလေးနှစ်ယောက်ကို တစ်ယောက်တည်း ပြုစုနေရတာ၊
တကယ်လို့ သူသာ နောက်ထပ် ကိုယ်ဝန်ရှိလာရင် ဝန်ထုပ်ဝန်ပိုးက အရမ်းလေးသွားလိမ့်မယ်၊ အဲဒါကြောင့် လောလောဆယ် ကလေးမယူဖို့ ငါ ဆုံးဖြတ်ထားတာ”
သူ့တွင် သားနှစ်ယောက် ရှိပြီးသားဖြစ်၍ ဝူလီက ကလေးမွေးသည်၊ မမွေးသည်မှာ သူ့အတွက် အရေးမကြီးတော့ပါချေ။
သို့သော် ဝူလီအတွက်တော့ ထိုကလေးနှစ်ယောက်ာ သူမ၏ သားအရင်းများ မဟုတ်နေခဲ့ပါချေ။
ထို့ကြောင့် သူမကကိုယ်ပိုင် ကလေးတစ်ယောက် လိုချင်မိသည်မှာလည်း နားလည်ပေးနိုင်စရာဖြစ်နေခဲ့သည်။
“အစ်ကိုက မရီးကို... ကလေးမယူချင်တာ မဟုတ်ဘဲ မရီးရဲ့ ကျန်းမာရေးကို စိုးရိမ်လို့ပါလို့ သေသေချာချာ ပြောခဲ့ရဲ့လား”
စုဝေ့ချင်းက သူ၏ မေးစေ့ကို လက်နှင့်ထောက်လိုက်၏။ အစ်ကိုကြီးဖြစ်၏ မျက်နှာကို ကြည့်ရုံနှင့်ပင် ထိုသူက ကြမ်းတမ်းသော ဆုံးဖြတ်ချက်ကို ချလိုက်ခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။
စုဝေ့ဟိုင်သည်က အလုပ်တွင် အောင်မြင်မှုများ ရှိနေသော်လည်း၊ မိသားစုဘဝနှင့် ပတ်သက်လာလျှင်တော့ မည်သည့်အရာကိုမှ နားမလည်သူ ဖြစ်ပေသည်။
ဤအချိန်တွင် စုဝေ့ချင်းနှင့် လီရှန်းတို့မှာ အတွေးချင်း တူညီသွားကြ၏။
စုဝေ့ချင်းကစုဝေ့ဟိုင်၏ ရှေ့တွင် မျက်လုံးလှန်လိုက်သည်။
“အစ်ကိုကြီး နားလည်ထားဖို့က ရှောင်ချန်နဲ့ ရှောင်ကျွင့်က အစ်ကို့ရဲ့ သားတွေပဲ၊ အစ်ကိုက မရီးကို သူတို့နဲ့ အဆင်ပြေအောင် နေစေချင်တယ်ဆိုရင် အစ်ကိုကြီးကိုယ်တိုင်ကရော မရီးအတွက် ဘာတွေလုပ်ပေးခဲ့ဖူးလို့လဲ”
စုဝေ့ဟိုင် : “...”
သူ စုဝေ့ချင်းကို အောက်ကို ဆွဲခေါ်လာတာ သူ့ဆီကနေ ဆုံးမခံရဖို့အတွက်လား။
“မင်းကတော့ တကယ်ပဲ... လက်ထပ်တာ ရက်ပိုင်းပဲ ရှိသေးတယ်၊ လူတွေကို ပြန်ပြီးဆုံးမနေပြီ”
သူက နှစ်ကြိမ်တောင် လက်ထပ်ခဲ့ဖူးပြီး နှစ်ပေါင်း ဆယ်နှစ်နီးပါး ကြာခဲ့ပြီဖြစ်သော်လည်း ယခုအချိန်ထိ မလုပ်နိုင်သေးပါချေ။
“အဲဒါကြောင့်လည်း အစ်ကိုကြီးနဲ့ အစ်မဝမ်ရှုတို့ ကွာရှင်းခဲ့ကြတာပေါ့၊ အဲဒီတုန်းက အစ်ကိုကြီးသာ အစ်မဝမ်ရှုကို နည်းနည်းလောက် ဂရုစိုက်ခဲ့ရင် သူက သူ့ရဲ့မောင်ဘက်ကနေ ရပ်တည်ပြီး ပြဿနာရှာခဲ့ပါ့မလား”
စုဝေ့ချင်းက ထပ်မံ၍ မျက်လုံးလှန်လိုက်ပြန်သည်။
“အစ်ကိုကြီး အလုပ်ကို သွားနေရုံပဲ လုပ်နေခဲ့တာ၊ အစ်မဝမ်ရှုကတော့ ကိုယ်ဝန်ကြီးနဲ့ အိမ်မှာကျန်ရစ်ပြီး ကလေးထိန်းရတဲ့အပြင် ကျွန်တော်တို့ အမေနဲ့လည်း အဆင်ပြေအောင် နေခဲ့ရတယ်
ကျစ်... အစ်ကို့ကို ကြည့်ပြီးတော့ ကျွန်တော်က ရှန်းရှန်းကို ဒီလို ဒုက္ခမျိုး ဘယ်တော့မှမရောက်စေရဘူးလို့ ဆုံးဖြတ်ခဲ့တာ”
ခင်ပွန်းဖြစ်သူ၏ လစ်လျူရှုမှုကြောင့် ဇနီးဖြစ်သူမှာ အိမ်တွင်ရေခဲပြင်ပေါ် လမ်းလျှောက်နေရသကဲ့သို့ ခံစားခဲ့ရသည်။ ထို့ကြောင့်လည်း သူမ၏ မိဘအရင်း၏အိမ်မှ နွေးထွေးမှုကို ပို၍ တောင့်တခဲ့ခြင်း ဖြစ်ပေသည်။
ဇနီးဟောင်း၏အကြောင်းကို ပြောလိုက်ချိန်တွင် စုဝေ့ဟိုင်မှာ တိတ်ဆိတ်သွားရလေ၏။
သူနှင့် သူ၏ ဇနီးဟောင်းတို့မှာ ထိုအချိန်က တစ်ဦးကိုတစ်ဦး ချစ်ခင်ခဲ့ကြသော်လည်း လက်ထပ်ပြီးနောက်တွင် သူမက တခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားခဲ့သည်။
သူမက စုမိသားစု၏ ပိုင်ဆိုင်မှုများကို သူမ၏ မိသားစုအား ပေးရန်အတွက် အစွမ်းကုန် ကြိုးစားခဲ့လေ၏။
ထို့အတွက် စုဝေ့ဟိုင်တစ်ယောက် အလွန်အမင်း ဒေါသထွက်ကာ သူမနှင့် ကွာရှင်းခဲ့ခြင်း ဖြစ်ပေသည်။
ယခုအချိန်တွင်လည်း ဝူလီက သူမ၏ မိဘများအိမ်မှ ဝန်ထုပ်ဝန်ပိုးများမရှိတော့သော်လည်း မိထွေးတစ်ယောက်အဖြစ်နှင့် သူ၏သားများဖြင့် ဆက်ဆံရေးတွင် ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာခဲ့ပြန်၏။
*