← Chapters

အခန်း (၁၈၃-၁၈၄)

Vol. 19 Ch. 183-184

အခန်း (၁၈၃-၁၈၄)

Vol. 19 Ch. 183-184

အခန်း(183)

“ငါက အိမ်ထောင်ပြုဖို့ မသင့်တော်ဘူး ထင်ပါရဲ့”

စုဝေ့ဟိုင် သက်ပြင်းချလိုက်ရင်း ဆေးလိပ်ကို တစ်ချက် ဖွာလိုက်လေသည်။

စုဝေ့ချင်းလည်း တိတ်ဆိတ်သွားရ၏။

သူ၏ အစ်ကိုကြီးမှာ ပေါ့ဆတတ်သူဖြစ်ကြောင်း၊ သူ၏ ဇနီးနှင့် သားသမီးများအပေါ် ပို၍ဂရုစိုက်မည်ဆိုပါက အရာအားလုံးမှာ ယခုကဲ့သို့ ဖြစ်လာမည်မဟုတ်ကြောင်းကို သူ ခံစားမိနေခဲ့ရသည်။

သူ စုဝေ့ဟိုင်၏ ပုခုံးကို ပုတ်လိုက်ပြီး ထရပ်ကာ အိမ်ထဲသို့ တိုက်ရိုက် ဝင်သွားတော့၏။

သူ့အနေဖြင့် ဤခေါင်းမာသော မြည်းကြီးကို အကြိမ်ကြိမ် ပြောခဲ့ဖူးသော်လည်း၊ ထိုသူက တစ်ခါမျှ အလေးအနက် မထားခဲ့ပါချေ။

ထို့ကြောင့် သူ၏ အချိန်များကို အလဟဿအဖြုန်းမခံနိုင်တော့ပါချေ။

ထိုအချိန်ကို ‘မျိုးရိုးအမည် တစ်ရာ’ အကြောင်းကို နားထောင်ခြင်းဖြင့်သာ ကုန်ဆုံးစေချင်တော့သည်။

တစ်ဖက်တွင်တော့ လီရှန်းက မီးဖိုချောင်ထဲတွင်သာ ထိုင်နေပြီး အပြင်သို့ မထွက်တော့ပါချေ။

သူမက စုဝေ့ချင်း ပြန်လာသည်အထိ မီးဖိုဘေးရှိ ထိုင်ခုံပုလေးပေါ်တွင်သာ ထိုင်နေခဲ့၏။

စုဝေ့ချင်း အိမ်ထဲသို့ ပြန်ဝင်လာသည့်အချိန်တွင် လီရှန်းကို မတွေ့ရသောကြောင့် လော်ယွီရှို့အား မေးလိုက်လေသည်။

“အမေ၊ ရှန်းရှန်း ဘယ်မှာလဲ”

“မီးဖိုချောင်ထဲမှာလေ”

လော်ယွီရှို့က မီးဖိုချောင်ဘက်သို့ လက်ညှိုးထိုးပြလိုက်ပြီး၊ တံခါးအပြင်ဘက်မှ ဝူလီကို တစ်ချက်ကြည့်ကာ တီးတိုးလေး ပြောလိုက်၏။

“ရေနွေးကျိုပြီးရင် မင်းတို့ရဲ့အခန်းထဲကိုပဲ ပြန်သွားကြတော့၊ မင်းရဲ့အစ်ကိုနဲ့ မရီးကို ဂရုမစိုက်နဲ့၊ သူတို့ကတော့ တကယ့်ကို ငတုံးတွေပဲ”

“ကျွန်တော်လည်း ဝင်မပါချင်ပါဘူး၊ ဒါပေမဲ့ သူတို့ အခြေအနေက ရှောင်ချန်နဲ့ ရှောင်ကျွင့်အတွက် မကောင်းဘူးလေ၊ ရှောင်ကျွင့်က ငယ်သေးလို့ ဘာမှမသိသေးဘူးဆိုပေမဲ့ ရှောင်ချန်ကတော့ အတော်လေးသိတတ်နေပြီ

တကယ်လို့ ကျွန်တော့်ရဲ့အစ်ကိုနဲ့ မရီးက ဒီအတိုင်းသာ ဆက်လုပ်နေကြမယ်ဆိုရင် ကလေးတွေကို ဖျက်ဆီးသလိုဖြစ်သွားတော့မှာ မဟုတ်ဘူးလား”

စုဝေ့ချင်းအနေဖြင့် စုဝေ့ဟိုင်၏ ပြုမူပုံကို အထင်သေးနေဆဲဖြစ်ပေသည်။ အထူးသဖြင့် သူ၏ တူနှစ်ယောက်လုံးမှာ လိမ်မာလွန်းသောကလေးများဖြစ်ကြပြီး ထိုကလေးများ ပျက်စီးသွားမည်ကို သူ မကြည့်ရက်ပါချေ။

လော်ယွီရှို့လည်း သက်ပြင်းချလိုက်မိသည်။

“ငါ သိပါတယ်၊ မင်းလည်း အများကြီး မတွေးနေနဲ့တော့၊ ငါ လမ်းမှားကိုမရောက်အောင် ထိန်းလိုက်ပါ့မယ်”

လမ်းမှားမရောက်အောင် ထိန်းရုံနှင့် လုံလောက်ပါ့မလား။

စုချန်မှာ အလွန်ပင် ဉာဏ်ကောင်းသူဖြစ်ပြီး စာမေးပွဲတွင် အမြဲတစေ ပထမရသကဲ့သို့ သိတတ်နားလည်သူလည်း ဖြစ်ပေသည်။

ထိုကဲ့သို့သော ကလေးကို သေသေချာချာ ပြုစုပျိုးထောင်ပေးသင့်သည် မဟုတ်ပါလား။

“ထားလိုက်ပါတော့၊ ကျွန်တော်က ဘာလို့ စိတ်ပူနေရမှာလဲ၊ သူက ကျွန်တော့်သားမှ မဟုတ်တာပဲ”

လော်ယွီရှို့အနေဖြင့် ကိစ္စ၏ကြီးလေးမှုကို နားမလည်ကြောင်း သိလိုက်ရလျှင် စုဝေ့ချင်းက စိတ်ပျက်လက်ပျက်ဖြင့် လက်ခါပြလိုက်သည်။

“ကျွန်တော် ရှန်းရှန်းဆီကို သွားလိုက်ဦးမယ်”

လော်ယွီရှို့မှာ စုဝေ့ချင်း၏ လေသံကို နားမလည်နိုင်ဖြစ်သွားရပြီး စုဝေ့မင်ကို အံ့ဩတကြီးဖြင့် လှည့်ကြည့်လိုက်၏။

“ဒါက ကျွန်မတို့ရဲ့ ပျင်းရိတဲ့သားလေး ဟုတ်ရဲ့လား”

စုဝေ့မင်ကတော့ လက်ထဲမှ စာရွက်စာတမ်းများကို ကြည့်နေရင်း ခေါင်းပင်မဖော်ဘဲ ပြန်ဖြေခဲ့သည်။

“သူက လက်ထပ်လိုက်ပြီဆိုတော့ ပိုပြီး သိတတ်လာပြီလေ”

“သိတတ်လာတာက ဘာထူးမှာလဲ၊ ဒီဘက်ခေတ်မှာ စာဘယ်လောက်တော်တော် တက္ကသိုလ်တက်လို့မှ မရတာပဲ”

သူမက ပြောနေရင်းဖြင့် စုချန်၏ ဦးခေါင်းလေးကို ပွတ်သပ်လိုက်၏။

“ရှောင်ချန်၊ စာကြိုးစားနော်၊ မင်း ကြီးလာရင် ဆေးဝါးစက်ရုံမှာ တရားဝင်ဝန်ထမ်းတစ်ယောက် ဖြစ်လာနိုင်တယ်”

“ကျွန်တော် ဝန်ထမ်းမလုပ်ချင်ဘူး၊ ကျွန်တော်က သုတေသနဌာနမှာ သုတေသနပညာရှင် လုပ်မှာ!”

စုချန်သည်ကား စုဝေ့ဟိုင်ကို သူ၏ ဘဝရည်မှန်းချက်အဖြစ် ထားရှိဆဲ ဖြစ်ပေသည်။

“သွားစမ်းပါ၊ သုတေသနပညာရှင် ရာထူးရဖို့က အဲဒီလောက် မလွယ်ဘူး”

စုဝေ့ဟိုင်မှာ ကံကောင်းလွန်းသောပြောင့်သာ တက္ကသိုလ်တက်ခွင့်ရခဲ့ပြီး ဆရာကောင်းနှင့် ဆုံခဲ့ရခြင်းဖြစ်ပေသည်။

ဒီလိုသာမဟုတ်ရင် သူက ဘယ်လိုလုပ် သုတေသနပညာရှင် ဖြစ်လာပါ့မလဲ။

စုချန်က နှုတ်ခမ်းဆူလိုက်၏။

သူကတော့ သုတေသနပညာရှင်ပဲ ဖြစ်ချင်တာ။

စုဝေ့မင်ကတော့ အလွန်ပင် သဘောကျနေခဲ့သည် ။

“ကောင်းတယ်၊ ကောင်းတယ်၊ နောက်ပိုင်းကျရင် မင်းတို့ သုံးယောက်လုံး သုတေသနပညာရှင်တွေ လုပ်ကြပေါ့၊ သားအဖတွေ အကုန်လုံး သုတေသနဌာနမှာ အလုပ်လုပ်ကြတာ မကောင်းဘူးလား”

ဝူလီ အိမ်ထဲသို့ ဝင်လာသည်နှင့် ဤစကားများကို ကြားလိုက်ရကာ သူမ၏ရင်ထဲတွင် အလွန်ပင်ခံစားလိုက်ရလေသည်။

ကောင်းပြီလေ။ တစ်မိသားစုလုံး သားအဖတွေ အကုန်သုတေသနဌာနကို သွားကြတော့မယ်ဆိုတော့ သူမတစ်ယောက်တည်းကပဲ လူပိုဖြစ်နေတာပေါ့ ဟုတ်လား။

စုဝေ့ချင်းက မီးဖိုချောင်ထဲသို့ ဝင်လာပြီး ထိုင်ခုံပုလေးတစ်လုံးကို ယူကာ လီရှန်း၏ ဘေးတွင် ထိုင်လိုက်၏။ လီရှန်းက ဘေးသို့ အနည်းငယ် တိုးပေးလိုက်သည်။

“ဒီဘက်ကို တိုးလာလေ၊ ဒီမှာ ပိုနွေးတယ်”

“ခဏလောက် ထပ်ထိုင်ကြရအောင်၊ အပြင်ဘက်မှာ မကြာခင် တိတ်ဆိတ်သွားပါလိမ့်မယ်”

စုဝေ့ချင်းက လီရှန်းအား နှစ်သိမ့်လိုက်သည်။

သူမ၏ မျက်ဝန်းထဲမှ စိတ်ပျက်နေသော အရိပ်အယောင်များကို သူ မြင်နေရပေသည်။

လီရှန်းက သက်ပြင်းချလိုက်သည်။

“ကျွန်မတို့ စက်ရုံက ဘယ်တော့များမှ အိမ်ရာတွေ ခွဲပေးမှာလဲ၊ ဒီမှာ ဆက်နေနေသရွေ့တော့ အေးအေးဆေးဆေး နေရမှာ မဟုတ်ဘူး”

စုဝေ့ချင်းမှာ ခဏမျှ မှိုင်တွေသွားရ၏။

လီရှန်းက အိမ်ခွဲနေရန် စဉ်းစားနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပါချေ။ သို့သော် လီရှန်း၏ အမူအရာမှာ ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းသာ ဖြစ်ပုံရပေသည်။

သူက မနေနိုင်တော့ဘဲ လီရှန်း၏ အနားသို့ တိုးကပ်လိုက်ပြီး လေသံတိုးတိုးဖြင့် မေးလိုက်၏။

“မင်း အိမ်ခွဲနေချင်လို့လား”

“မဟုတ်ပါဘူး၊ ဒါပေမဲ့ သူတို့နှစ်ယောက်က တစ်ခုခုဆိုရင် ဒီကိုပဲရောက်လာပြီး ရန်ဖြစ်နေကြတာလေ၊ သူတို့တွေ တံခါးပိတ်ပြီး ကိုယ့်ဘာသာကိုယ် ဖြေရှင်းလို့ မရကြဘူးလား”

လီရှန်းက သူမ၏ခေါင်းကို ငုံ့ချလိုက်ပြီး လက်ထဲမှ မီးညှပ်ဖြင့် မြေပြင်ကို ထိုးဆွနေခဲ့သည်။

“ဒါ့အပြင် အိမ်မှာရှိတဲ့သူတိုင်းက အလုပ်သွားကြရတာပဲ မဟုတ်ဘူးလား၊ တစ်နေ့လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး ပြန်လာတဲ့အချိန် ဒီလို ပြဿနာတွေကို ထပ်ပြီး ရင်ဆိုင်နေရတာက တကယ်ကို စိတ်ပျက်စရာ ကောင်းလွန်းတယ်”

စုဝေ့ချင်းတစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ခဲ့၏။ လီရှန်းက သူ၏မိဘများကို မကြိုက်တော့၍ အိမ်ခွဲချင်သည်လားဟု သူ တွေးနေခဲ့ခြင်း ဖြစ်ပေသည်။

တကယ်တမ်းတွင် သူမက သူမ၏ အစ်ကိုကြီးနှင့် ယောက်မကိုသာ စိတ်ပျက်နေခြင်း ဖြစ်ပေသည်။

“ပြီးတော့ ရှင် မသိလောက်ဘူး၊ ပြီးခဲ့တဲ့အပတ်က ယောက်မရဲ့ အမေ လာပြီး ပြဿနာရှာတုန်းက သူက ကျွန်မကို ကူညီပေးဖို့ တောင်းဆိုခဲ့တာလေ

ဒါပေမဲ့ အမေဆီ ရောက်သွားတော့ ကျွန်မကပဲ ဦးဆောင်ပြီး ကူညီခဲ့တာလို့ ပြောလိုက်သေးတယ်၊ ဒါက နည်းနည်းတော့ စိတ်ထားဆိုးတယ်လို့ ရှင် မထင်ဘူးလား”

စုဝေ့ချင်းသည် နှုတ်ခမ်းကို တင်းတင်းစေ့ပြီး မျက်မှောင်အနည်းငယ် ကြုတ်သွား၏။

ဤအကြောင်းကို သူ ယခုမှသာ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပေသည်။

“ဒီအကြောင်းတွေကို ဘာလို့ ကိုယ့်ကို အရင်က မပြောခဲ့တာလဲ”

“ရှင်နဲ့ ရှင့်အစ်ကို ရန်ဖြစ်ကြမှာ စိုးလို့ပေါ့”

စုဝေ့ချင်းသည် ရုတ်တရက် ထရပ်လိုက်သည်။

“ကိုယ် အောက်ကိုဆင်းပြီး အစ်ကိုကြီးကို ထပ်ဖျောင်းဖျဦးမယ်”

“ဟမ်”

လီရှန်းက ဇဝေဇဝါဖြင့် မော့ကြည့်လိုက်လေ၏။

“ဘာကို ဖျောင်းဖျမှာလဲ”

“ဘာမှမဟုတ်ပါဘူး၊ မင်း ရေနွေးပဲ ဆက်ကျိုထားလိုက်ပါ၊ ကိုယ် ချက်ချင်း ပြန်လာခဲ့မယ်”

စုဝေ့ချင်းသည် မီးဖိုချောင်မှ ထွက်ကာ အောက်ထပ်သို့ တန်းတန်းမတ်မတ် ဆင်းသွားလ၏။ ဝူလီက ကလေးအမြန်ရချင်နေသည်မှာ သူမ၏ အစ်ကိုကြီး၏ အာရုံစိုက်မှုက သူမနှင့် သူမကလေးအပေါ်မှာသာ ရှိနေစေချင်သောကြောင့် ဖြစ်ပေလိမ့်မည်။

သူက သူမကို ထိုဆန္ဒမပြည့်စေရအောင်လုပ်ရလိမ့်မည်။

သူ၏ တူနှစ်ယောက်အတွက်အပြင် လီရှန်းအတွက်ပါ ဤကိစ္စကို သူ ဟန့်တားရပေမည်။

ထို့အပြင် စုဝေ့ဟိုင်သည်က စီမံကိန်းအသစ်တွင် ပါဝင်ရတော့မည်ဖြစ်ပေ၏။

ယခုအချိန်တွင် သူမက ကိုယ်ဝန်ရပြီး ကလေးမွေးမည်ဆိုပါက ယခင်က တူနှစ်ယောက်ကိုမွေးခဲ့စဉ်က ဇနီးဟောင်းကို ပစ်ထားသည်နှင့် ကွာခြားခြင်းရှိမည်မဟုတ်ပါချေ။

အမှားဟောင်းကို ထပ်ကျော့ကြဦးမည်လား။

သို့နှင့် ဝူလီ မသိလိုက်ဘဲ စုဝေ့ချင်းက သူမ၏ ကလေးရလိုသော မျှော်လင့်ချက်ကို တိုက်ရိုက်ပင် ရိုက်ချိုးလိုက်တော့၏။

‘စာလုံးသုံးလုံးကျမ်း’ကို လေ့လာထားသောသူဖြစ်၍ စုဝေ့ချင်းက လက်တွေ့ကျကျ အကျိုးအကြောင်းပြကာ စုဝေ့ဟိုင်အား စွပ်စွဲချက်အမျိုးမျိုးဖြင့် ပြောဆိုခဲ့ပြီး စုဝေ့ဟိုင်မှာလည်း လုံးလုံးလျားလျား ယုံကြည်သွားခဲ့လေသည်။

အိမ်ငို့ပြန်ရောက်ချိန်တွင် ဝူလီ၏ ကန့်ကွက်မှုများမှာလည်း အချည်းနှီးသာ ဖြစ်ခဲ့ရ၏။

သူမသည်က စုဝေ့ဟိုင် မရှိဘဲ မနေနိုင်ပါချေ။ သို့ဖြစ်၍ စုဝေ့ဟိုင်၏ မျက်နှာက အမှန်တကယ်ပင် အေးစက်နေသည်ကို မြင်ချိန်တွင် သူမက အလွန်အကျွံ မလုပ်ရဲတော့ဘဲ ခါးသီးမှုကိုသာ မျိုသိပ်လိုက်ရတော့သည်။

စုဝေ့ချင်းက ကွဲပြားသော အမူအရာဖြင့် ပြန်ဝင်လာသည်ကို မြင်လျှင် လီရှန်းက အနားသို့အမြန်သွားကာ မေးလိုက်၏။

“ရှင် အစ်ကိုကြီးကို ဘာတွေ ပြောခဲ့တာလဲ”

“ဘာမှမဟုတ်ပါဘူး”

စုဝေ့ချင်းက ချက်ချင်း ခေါင်းခါလိုက်ပြီးနောက် လော်ယွီရှို့နှင့် စုဝေ့မင်တို့ကို တစ်ချက်ကြည့်ကာ လီရှန်း၏ နားအနီးသို့ ကပ်၍ တီးတိုးပြောခဲ့သည်။

“အခန်းထဲရောက်မှ ပြောပြမယ်”

လူကြီးနှစ်ယောက်မှာ ဝူလီနှင့် လီရှန်းတို့ကို ကလေးအမြန်ရစေချင်နေကြသူများ ဖြစ်ပေသည်။ အကယ်၍ စုဝေ့ချင်းက စုဝေ့ဟိုင်အား လက်တလောတွင် ကလေးမယူရန် တိုက်တွန်းခဲ့သည်ကို သိသွားပါက သူ့ကို အသားကုန် ရိုက်နှက်ကြပေလိမ့်မည်။

ထို့ကြောင့် သူ့အနေဖြင့် နောက်ရက်အနည်းငယ်အတွင်း ငြိမ်သက်နေသင့်ပေသည်။

လီရှန်းက မျက်ခုံးပင့်ကာ သူ ကြည့်သည့်ဘက်သို့ လိုက်ကြည့်လိုက်မိ၏။

လူကြီးနှစ်ယောက် အခန်းထဲသို့ ပြန်ဝင်သွားပြီးနောက် ဇနီးမောင်နှံနှစ်ဦးသည်လည်း ကိုယ်လက်သန့်စင်ရန် ရေနွေးအိုးကိုယူကာ အခန်းထဲသို့ ဝင်ခဲ့ကြပေသည်။

ဂွမ်းစောင်ထဲတွင် ရေနွေးအိတ် ထည့်ထားပြီးဖြစ်၍ ယခုအချိန်တွင် အတော်လေး နွေးနေခဲ့ပြီဖြစ်၏။

စုဝေ့ချင်းက လီရှန်း ခြေဆေးရန်အတွက် ရေနွေးစပ်ပေးပြီးနောက် သူမ ခြေဆေးကာ အင်္ကျီလဲပြီး အိပ်ရာထဲဝင်သည်ကို ကြည့်နေခဲ့သည်။

ထို့နောက်မှသာ သူကိုယ်တိုင် ဆေးကြောရန်အတွက် ရေနွေးအနည်းငယ် ထပ်ထည့်လိုက်လေ၏။

ကိုယ်လက်သန့်စင်ပြီးနောက် သူက အင်္ကျီများကို အမြန်ချွတ်ကာ အိပ်ရာထဲသို့ ဝင်လိုက်ပြီး နူးညံ့၍ချစ်စရာကောင်းသော ဇနီးဖြစ်သူ၏ အနားသို့ တိုးကပ်လိုက်လေသည်။

လီရှန်းက သူမ၏မျက်နှာကို သူ၏မျက်နှာနှင့် ကပ်လိုက်ရင်း မေးလာသည်။

“ရှင် အစ်ကိုကြီးကို ဘာပြောခဲ့တာလဲ”

“ဘာမှမဟုတ်ပါဘူး”

စုဝေ့ချင်းသည် လီရှန်း၏ လည်ပင်းကြားတွင် မျက်နှာဝှက်လိုက်ရင်း ပြောခဲ့လေ၏။

“အစ်ကိုကြီးက အောက်မှာ ကိုယ့်ကို ဘာပြောခဲ့လဲဆိုတာ မင်းသိလား”

လီရှန်း : “...ဘာတဲ့လဲ”

*

အခန်း(184)

စုဝေ့ချင်းက စုဝေ့ဟိုင်၏ ဝေခွဲမရဖြစ်နေမှုများကို လီရှန်းထံတွင် ပြောပြလိုက်ပေသည်။

လီရှန်းလည်း အတော်လေး ရှုပ်ထွေးသွားရ၏။ စာအုပ်ထဲတွင်တော့ စုဝေ့ဟိုင်က ဝူလီ၏ စကားကို တစ်ခါမျှ မပယ်ချခဲ့ပါချေ။ ဝူလီ ကလေးလိုချင်နေချိန်တွင် သူ ချက်ချင်းပင် လုပ်ဆောင်ခဲ့၏။

စာအုပ်ထဲရှိ ထိုအပိုင်းမှာ အတော်လေး ချိုမြိန်လှသကဲ့သို့ ဖော်ပြချက်တချို့မှာလည်း အတော်လေး ရင်ခုန်စရာ ကောင်းလွန်းပေသည်။

သို့သော် လက်တွေ့ကမ္ဘာမှ စုဝေ့ဟိုင်မှာ အမှန်တကယ်ပင် ဤမျှအထိ ဝေခွဲမရ ဖြစ်နေခဲ့သည်လား။

“ဒါဆိုရင်... အခု အခြေအနေက ဘယ်လိုလဲ”

“အစ်ကိုကြီးက သူမနဲ့ သေသေချာချာ စကားပြောဖို့ ဆုံးဖြတ်လိုက်တယ်၊ စီမံကိန်းပြီးမှပဲ ကလေးယူမယ်တဲ့”

ဤသည်မှာ အချိန်အတော်ကြာအောင် စောင့်ရဦးမည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။

မူရင်းစာအုပ်ထဲတွင်တော့ စုဝေ့ဟိုင်မှာ ဇာတ်လိုက်အရှိန်အဝါ ရရှိထားသူဖြစ်၍ သုတေသနအတွက် နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့သည်။

စမ်းသပ်မှုများ ပြုလုပ်ရန်အတွက် သူသည်က သူ၏ အငယ်ဆုံးသားကိုပင် စမ်းသပ်ထိုးဆေးများ ထိုးရန် အသုံးပြုခဲ့၏။

ဝူလီမှာ ထိုကိစ္စအတွက် အလွန်စိုးရိမ်ရသောကြောင့် ကိုယ်ဝန်ပျက်ကျခဲ့ရသေးသည်။ ထိုအချိန်က မိသားစုစီမံကိန်းအရ ကလေးတစ်ယောက်ထပ်ပို၍ မယူသင့်သည့် အချိန်ဖြစ်သော်လည်း၊ ကလေးမလိုချင်ခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းက မတူညီပါချေ။

ဤဖြစ်ရပ်ကြောင့် စုဝေ့ဟိုင်က သူတို့သားငယ်နှစ်ဦးကို ပို၍ အလိုလိုက်ခဲ့သည်။ ဤသို့ဖြင့် သားကြီးနှစ်ယောက်က ပို၍ပင် တိတ်ဆိတ်သွားကြပြီး မိသားစုနှင့် ဝေးကွာသွားခဲ့ကြရသည်။

“အနည်းဆုံးတော့ ကျောင်းသားလေးတွေနဲ့ စစ်သားလေးတွေရဲ့ ဘဝကို မဖျက်ဆီးလိုက်တာပဲ တော်သေးတာပေါ့”

စုဝေ့ချင်းက စိတ်ရင်းဖြင့် ပြောလိုက်လေ၏။

လီရှန်းမှာတော့ မူရင်းစာအုပ်ထဲတွင် စုဝေ့ချင်း၏အကြောင်း အဘယ်ကြောင့် တစ်လုံးမျှ မပါခဲ့ရသနည်းဟူ၍ ရှူပ်ထွေးမိနေခဲ့သည်။

ဆိုရလျှင် တစ်ခါမျှပင် ထည့်မပြောခဲ့ပါချေ။

အကယ်၍ စာအုပ်ထဲတွင် စုဝေ့ချင်းကဲ့သို့ ဖျောင်းဖျမည့်သူ ရှိခဲ့မည်ဆိုပါက ထိုကလေးနှစ်ယောက်က တိတ်ဆိတ်သွားရကာ သာမန်လူများ ဖြစ်သွားကြလိမ့်မည်မဟုတ်ပေ။

ထို့အတူ ဝူလီ၏သားများ၏ အောင်မြင်မှုကို ဖော်ပြရန်အတွက် နှိုင်းယှဉ်စရာ ခြေနင်းတုံးသက်သက်သာ ဖြစ်သွားကြလိမ့်မည်မဟုတ်ပါချေ။

လီရှန်း တစ်ဖက်သို့ လှည့်လိုက်ပြီး စုဝေ့ချင်းကို လှမ်းဖက်လိုက်၏။

“ရှင်က ဦးလေးကောင်း တစ်ယောက်ပဲ”

စုဝေ့ချင်းလည်း သူမကို ပြန်လည်ဖက်ထားလိုက်ပေသည်။

သူ အများကြီး မတောင်းဆိုပါချေ။

သူ၏ မိသားစုလေး အဆင်ပြေနေလျှင်ပင် လုံလောက်ပေပြီ။

လီရှန်း ဝူလီကို ပြန်တွေ့ရသည့်အချိန်မှာ သုံးရက်မြောက်နေ့ မနက်ပိုင်းတွင် ဖြစ်ပေသည်။

စုဝေ့ဟိုင်က သုတေသနဌာနရှိ အဆောင်သို့ ပြောင်းရမည်ဖြစ်သောကြောင့် သူ၏ အဝတ်အစားနှင့် ဂွမ်းစောင်များကို လာသိမ်းခြင်းဖြစ်လေ၏။

ဝူလီက ပစ္စည်းများ သယ်ရာတွင် ကူညီပေးကာ နောက်မှ လိုက်ပါလာခဲ့ပေသည်။ သူမ၏ မျက်လုံးများမှာ နီရဲနေပြီး မျက်ကွင်းလည်းညိုနေခဲ့၏။ သူမ၏ မျက်နှာတွင် ခွဲခွာရမည်ကို မလိုလားသော အရိပ်အယောင်များ ပြည့်နှက်နေကာ ယမန်နေ့ညက ကောင်းကောင်း မအိပ်ခဲ့ရသည်မှာ ထင်ရှားပေသည်။

“အစ်ကို၊ ကျွန်တော် ကူသယ်ပေးမယ်”

စုဝေ့ချင်းက အမြန်သွားကာ ဝူလီ၏ လက်ထဲမှ ပစ္စည်းများကို လှမ်းယူလိုက်၏။

“မရီး၊ ရှောင်ချန်နဲ့ ရှောင်ကျွင့်ကိုပဲ ကြည့်ထားလိုက်ပါ၊ အစ်ကိုကြီးကို ကျွန်တော်ပဲသုတေသနဌာနအထိ လိုက်ပို့ပေးပါ့မယ်”

“ဟုတ်ပြီ၊ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဝူလီသည်လည်း သူမအနေဖြင့် သုတေသနဌာနထဲသို့ ဝင်၍မရကြောင်း သိထားပေသည်။ စုဝေ့ချင်းမှာတော့ စက်ရုံဝန်ထမ်းဖြစ်သည့်အတွက် သူမထက်စာလျှင် ပို၍ အဝင်အထွက် လွယ်ကူပေသည်။

လီရှန်းသည်လည်း ဘေးမှ ကြည့်မနေနိုင်ဘဲ ရေနွေးဓာတ်ဘူးကို ကူသယ်ပေးလိုက်၏။

“ဒါက လေးတဲ့ပစ္စည်းတွေမဟုတ်ဘူး၊ ကျွန်မ သယ်ပေးပါ့မယ်”

စုဝေ့ဟိုင်: “ကျေးဇူးတင်ပါတယ်”

ထို့နောက် သူက ဝူလီဘက်သို့ လှည့်ကာ ပြောလာလေ၏။

“အိမ်မှာပဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဦး၊ တစ်ခုခုဆိုရင် အမေ့ဆီသွားပေါ့၊ ပြီးတော့...”

သူက သက်ပြင်းချလိုက်ပြီး မျက်လုံးများ စူးရှသွားကာမှာလိုက်လေ၏။

“ရှောင်ချန်နဲ့ ရှောင်ကျွင့်ကိုတော့ မင်းကိုပဲ အပ်ပါတယ်”

“ကျွန်မ သိပါပြီ”

ဝူလီက ကလေးနှစ်ယောက်၏ လက်ကို ဆုပ်ကိုင်ထားရင်း မျက်လုံးများ ထပ်မံ နီရဲလာပြန်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က စုဝေ့ဟိုင်က ထိုကလေးနှစ်ယောက်ကို မည်မျှအထိ တန်ဖိုးထားကြောင်း သူမ ထပ်မံခံစားလိုက်ရ၏။

ယခင်က သူမအနေဖြင့် ကိုယ်ပိုင်ကလေးတစ်ယောက် ယူလိုက်လျှင် စုဝေ့ဟိုင်၏ စိတ်က သူမနှင့် သူမကလေးအပေါ်သို့သာ ရောက်လာလိမ့်မည်ဟု ထင်ခဲ့လေ၏။

သို့သော်လည်း စုဝေ့ဟိုင်၏ သဘောထားမှာ အလွန်ပင် ခိုင်မာနေခဲ့ပေသည်။

စုဝေ့ဟိုင်သည်က သူ၏ ဇနီးဟောင်းအပေါ် သံယောဇဉ် ရှိနေဆဲလားဟုပင် သူမ တစ်ခါတစ်ရံ သံသယ ဖြစ်မိသေး၏။

သို့သော်လည်း ဤသည်မှာ မဖြစ်နိုင်ဟု သူမ ခံစားမိပြန်သည်။ မည်သို့ပင်ဖြစ်စေ ဇနီးဟောင်းက ပြန်ပေါင်းချင်လဲ့သည်ကို စုဝေ့ဟိုင်ကိုယ်တိုင် ငြင်းပယ်ခဲ့သည် မဟုတ်ပါလား။

သူတို့ ပထမဆုံးတွေ့ဆုံချိန်ကလည်း ဇနီးဟောင်းအပေါ် စုဝေ့ဟိုင်၏ အေးစက်မှုကို သူမ မြင်တွေ့ခဲ့ရဖူးပေသည်။

ထိုအေးစက်မှုကြောင့်ပင် ဝူလီ အတော်လေး ကြောက်ရွံ့နေမိခြင်း ဖြစ်၏။

ကွာရှင်းခြင်းဆိုသည်မှာ သူမအတွက်တော့ ကြောက်စရာကောင်းသော အရာဖြစ်သော်လည်း၊ တစ်ကြိမ် ကွာရှင်းဖူးသော စုဝေ့ဟိုင်အတွက်တော့ အရေးကြီးကိစ္စမဟုတ်လောက်ပါချေ။

စုဝေ့ဟိုင်က သူမကို သတိပေးနေခြင်းဖြစ်ကြောင်း သူမ သိလိုက်သည်။

အကယ်၍ ကွာရှင်းခြင်းကို မလိုလားပါက ကလေးနှစ်ယောက်အပေါ် ကောင်းမွန်စွာ ဆက်ဆံရပေမည်။

စုဝေ့ဟိုင်က သူမကို ကလေးမမွေးခိုင်းဘဲ စမ်းသပ်နေခြင်းလားဟုပင် သူမ တွေးမိတော့သည်။ အကယ်၍ သူမကသာ မိထွေးကောင်းတစ်ယောက် မဖြစ်နိုင်ပါက သူ့ဘက်မှ သူမနှင့် အလွယ်တကူ ကွာရှင်းနိုင်ရန်အတွက် ဖြစ်ပေလိမ့်မည်။

သူမ အမှန်တကယ် သိရှိနားလည်သွားသည်ကို မြင်ရလျှင် စုဝေ့ဟိုင်က သူမ၏ ပုခုံးကို ပုတ်လိုက်ပြီး လေသံကို လျှော့ကာ ပြောလာသည်။

“အိမ်မှာ လိမ်လိမ်မာမာနေဦးနော်၊ ငါပြန်မလာနိုင်တဲ့အချိန် ကလေးတွေကို အရမ်း အလိုမလိုက်ထားနဲ့ဦး”

“အင်း”

ဝူလီက မျက်ရည်မကျအောင် ထိန်းထားရင်း ခေါင်းအမြန်ညိတ်ပြလိုက်သည်။

ထို့နောက် စုဝေ့ဟိုင်က ပစ္စည်းများ တင်ထားသော စက်ဘီးကို တွန်းကာ သုတေသနဌာနဘက်သို့ ထွက်ခွာသွားပြီး၊ လီရှန်းနှင့် စုဝေ့ချင်းတို့ကလည်း နောက်မှ လိုက်ပါသွားကြပေသည်။

လီရှန်းက စုဝေ့ချင်းကို တံတောင်နှင့် တွန်းကာ ပြောလာ၏။

“ခုနက မရီးရဲ့အမူအရာက တကယ်ကို စိတ်မသက်မသာ ဖြစ်စရာပဲ” ဟု

တကယ်တမ်းတွင် စုဝေ့ဟိုင်ကလည်း ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့ခြင်း မဟုတ်ပါချေ။

အကယ်၍ စုဝေ့ဟိုင်ကသာ ဝူလီကို ယုံကြည်မှုတချို့ ပေးနိုင်ခဲ့မည်ဆိုပါက ဝူလီမှာ ဤမျှအထိ ကလေးရဖို့ အသည်းအသန် ဖြစ်နေမည် မဟုတ်ပါချေ။

“ကျွန်မ ကြည့်တောင် မကြည့်ရက်ဘူး”

စုဝေ့ချင်း : “...”

သူမက ဆန့်ကျင်ဘက် အမြင်နှစ်ခုကြားတွင် ဝေခွဲမရ ဖြစ်နေပုံရ၏။

စုဝေ့ဟိုင်က လျှို့ဝှက်စီမံကိန်း စတင်ရန်အတွက် သုတေသနဌာနထဲသို့ ဝင်သွားခဲ့ပေသည်။

ဝူလီသည်လည်း အေးအေးဆေးဆေး ပြန်ဖြစ်သွားခဲ့ပြီး နေ့တိုင်း အလုပ်ဆင်းပြီး၊ အိမ်သို့ပြန်ကာ ကလေးနှစ်ယောက်အပေါ်တွင်လည်း အလွန်ပင် ကောင်းမွန်စွာ ဆက်ဆံနေခဲ့၏။

လော်ယွီရှို့ပင်လျှင် သူမ၏ အကြီးဆုံးချွေးမမှာ လူစားလဲသွားသကဲ့သို့ ခံစားရသည်။ လူတိုင်းမှာလည်း သက်ပြင်းချနိုင်ခဲ့ကြပေသည်။

ရက်အနည်းငယ်အကြာတွင် လီလင်းက လီရှန်းကို လာရှာခဲ့၏။

“နင့်မျက်နှာက ဘာလို့ ဒီလောက် ဖြူဖျော့နေတာလဲ”

လီရှန်းက လီလင်း၏ အခြေအနေ မကောင်းသည်ကို ချက်ချင်းသတိပြုမိလိုက်မိသည်။

“ဟင်း... မပြောပါနဲ့တော့၊ ငါ ကိုယ်ဝန်ဆိပ်တက်တာ အရမ်းဆိုးနေတာ၊ ပျို့အန်ချင်သလို ဖြစ်နေပြီး ရင်ဘတ်ကလည်း တင်းကျပ်နေတာပဲ၊ ဒီရက်ပိုင်းဆိုရင် မျက်နှာကိုသွေးရောင် တက်လာအောင် နင်ပေးထားတဲ့ နှုတ်ခမ်းနီကို မနက်တိုင်း ဆိုးနေရတယ်

မဟုတ်ရင် အလုပ်ရုံက လူတွေ ငါ ကိုယ်ဝန်ရှိနေတာကို သေချာပေါက် သိသွားကြမှာ”

လီလင်းမှာ ဤကလေး၏အကြောင်းကို ပြောရသည့်အခိုက်တွင် ဝမ်းသာပျော်ရွှင်သကဲ့သို့ စိတ်ပျက်မှုလည်း ဖြစ်မိနေခဲ့၏။

သူမသည်က တခြားသော ကိုယ်ဝန်ဆောင် အမျိုးသမီးများကို မြင်ဖူးပေသည်။ အလုပ်ရုံတွင် ဗိုက်ကြီးနှင့် အလုပ်လုပ်နေသူများ အများကြီးရှိသည်။

သို့သော်လည်း သူတို့မှာ ဖျတ်လတ်နေကြသည် မဟုတ်ပါလား။ သူမကတော့ မတူပါချေ။ လှုပ်ရှားလိုက်သည်နှင့် အားမရှိသကဲ့သို့ ဖြစ်နေပြီး၊ ဤရက်ပိုင်း၌ အလုပ်တွင် အမီလိုက်နိုင်ရန်ပင် ခက်ခဲနေခဲ့ပေသည်။

သူမ ထပ်ပြီး သတိလစ်သွားမည်ကို အမှန်တကယ်ပင် ကြောက်ရွံ့မိနေရ၏။ ထိုအချိန်မှဆိုလျှင် သူမ ကိုယ်ဝန်ရှိနေသည်ကို ဖုံးကွယ်ထားနိုင်တော့မည် မဟုတ်ပါချေ။

“ရှန်းရှန်း၊ အုပ်စုခေါင်းဆောင် ပြောတာတော့ နင် အရင်က ငါ့ရဲ့ သွေးခုန်နှုန်းကို စမ်းပေးခဲ့တယ်ဆို”

လီလင်းက လီရှန်း၏ လက်မောင်းကို ဆွဲကာ အားနာဟန်ဖြင့် ပြောလာသည်။

“ပြီးတော့ နင် ငါ့ကို ကိုယ်ဝန်ရှိနေတယ်လို့ပြောခဲ့တာဆိုတော့ နင် ဆေးပညာ တတ်မှာပဲ၊ ငါ့ကို ကူညီပါဦးဟယ်၊ ငါ တကယ်ကို အန်တာ မရပ်နိုင်တော့လို့ပါ”

အုပ်စုခေါင်းဆောင် ဟုတ်လား။

လီရှန်းက အမြန်မေးလိုက်သည် ။

“နင် အုပ်စုခေါင်းဆောင်ကို ကိုယ်ဝန်အကြောင်း ပြောပြလိုက်တာလား”

“မပြောပါဘူး၊ လုံးဝ မပြောပါဘူး”

လီလင်းက ခေါင်းအမြန်ခါပြလိုက်၏။

သူမ ဘယ်လိုလုပ်ပြောရဲပါ့မလဲ။

သူတို့၏ ခေါင်းဆောင်မှာ သူမအပေါ် ကောင်းသော်လည်း တခြားသူများအပေါ်တွင်လည်း ထိုနည်းတူပင် ဖြစ်ပေသည်။

ကျန်းရှင်းမင်၏ကိစ္စနှင့် အတွေ့အကြုံရှိပြီးကတည်းက သူမအနေဖြင့် တခြားသူများကို လူကောင်းဟု မသတ်မှတ်ရဲတော့ပါချေ။

သူတို့က နောက်ကွယ်မှာ မည်သို့သောလူမျိုးဖြစ်နေကြောင်းကို မည်သူမှ မသိနိုင်သည် မဟုတ်ပါလား။

“ဒါဆိုရင်တော့ တော်သေးတာပေါ့”

လီရှန်းက သက်ပြင်းချလိုက်ပြီးနောက် သူမကို မျက်စောင်းထိုးလိုက်၏။

“တခြားသူတွေကို အကုန်လျှောက်ပြောနေတာက နင့်ကိုပဲ ထိခိုက်စေမှာ”

“ဒါပေမဲ့ ငါ ဒါကို ဆက်ပြီး ဖုံးကွယ်ထားနိုင်တော့မယ် မထင်ဘူး”

သူမသည်ကား ပျို့အန်ရုံသာမက အမြဲတစေ အိပ်ချင်နေသကဲ့သို့ ဆီးခဏခဏ သွားချင်နေခြင်းနှင့် အမျိုးမျိုးသော ဝေဒနာများကို ခံစားနေရခြင်း ဖြစ်ပေသည်။

“ဒီနေ့ည သွားကြရအောင်၊နင် ဒီနေ့ညနေ အလုပ်ဆင်းရင် အိမ်မပြန်နဲ့ဦး၊ ငါ့အိမ်ကို လိုက်ခဲ့၊ ငါ နင့်ကို ကြည့်ပေးမယ်”

လီလင်း စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားရသည်။

“ကောင်းပြီ”

သူမအနေဖြင့် ဤလက္ခဏာများကြောင့် အမှန်တကယ်ပင် ထိတ်လန့်နေခဲ့ခြင်း ဖြစ်ပေသည်။

*

All Chapters