အခန်း (၁၈၅-၁၈၆)
Vol. 19 Ch. 185-186
အခန်း(185)
လီလင်းတစ်ယောက် လီရှန်းနှင့် နှုတ်ဆက်ပြီးနောက် အလုပ်ရုံသို့ ပြန်လာခဲ့လေ၏။ သူမ အလုပ်စလုပ်ရန် ပြင်လိုက်သည်နှင့် အုပ်စုခေါင်းဆောင် ရောက်လာပြီး မေးလာခဲ့သည်။
“နင် သူ့ကို မေးကြည့်တော့ ဘာပြောလဲ၊ နင့်သူငယ်ချင်းမှာ တစ်ခုခု အဖြေရှိလား၊ တကယ်လို့ မရှိရင်လည်း ခွင့်ယူပြီး အိမ်မှာ ရက်အနည်းငယ်လောက် နားလိုက်ပါဦး၊ နင် ဒီလိုပုံစံနဲ့ နှစ်ရက်ဆက်တိုက် အလုပ်လုပ်လို့ မရဘူးလေ”
လီလင်းမှာ ချက်ချင်းပင် မျက်နှာနီရဲသွားရသည်။
သူမအနေဖြင့်ည ကိုယ်ဝန်ဆောင်စဉ် ဆီးခဏခဏ သွားရခြင်းကို ဝမ်းလျှောနေသည်ဟု အကြောင်းပြခဲ့ပြီး သူမ၏ ဖြူဖျော့နေသော မျက်နှာနှင့်လည်း တိုက်ဆိုင်သွားခဲ့လေ၏။
အုပ်စုခေါင်းဆောင်က သူမကို ဤမျှအထိ ဂရုစိုက်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားကြမည် မဟုတ်ပါချေ။
“သူ ဘာမှမပြောပါဘူး၊ ဆေးရုံကိုသွားပြီး ဝမ်းပိတ်ဆေး တချို့ သွားဝယ်ခိုင်းခဲ့တာ”
အုပ်စုခေါင်းဆောင်မှာ ခဏမျှ တိတ်ဆိတ်သွား၏။ လီလင်းက ဤသို့ပြောလိမ့်မည်ဟု မထင်ထားပုံရပေသည်။ သူမ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ဆက်ပြောလာလေ၏။
“ဒီဘက်ခေတ် ဆေးရုံတွေက ဆရာဝန်တွေက သိပ်ပြီးတော့ မကောင်းကြဘူး၊ နင် အိမ်ပြန်ပြီး ဆန်ပြုတ်များများ သောက်ပြီး နားလိုက်တာက ပိုကောင်းလိမ့်မယ်၊ လောလောဆယ် ဆေးတွေ လျှောက်မသောက်နဲ့ဦး”
လီလင်းက ဟန်ဆောင်၍ရယ်ပြလိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။
သူမက ဝမ်းပိတ်ဆေးကို ဘယ်လိုလုပ် သောက်နိုင်ပါ့မလဲ။
သူမက ဂရုမစိုက်သကဲ့သို့ အမူအရာမျိုး ရှိနေသည်ကို မြင်ရလျှင် အုပ်စုခေါင်းဆောင်က အမြန်ပင် ထပ်ပြောလိုက်လေသည်။
“နင်က အိမ်ထောင်ကျတာ မကြာသေးတော့ ဘာမှမသိတာ ဖြစ်မယ်၊ တစ်ခါတစ်လေမှာ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေက နေမကောင်းတာ မဟုတ်ဘဲ ကိုယ်ဝန်ရှိနေတာလည်း ဖြစ်နိုင်တယ်၊ ဆရာဝန်နဲ့ သေချာမတိုင်ပင်ဘဲ ဆေးတွေ လျှောက်မသောက်နဲ့ဦး”
ထိုစကားကို ကြားလိုက်လျှင် လီလင်းမှာ ချွေးအေးများ ထွက်လာတော့သည်။
“မဟုတ်ပါဘူး၊ အဲဒီလောက်ကြီး မမြန်နိုင်ပါဘူး၊ ကျွန်မ လက်ထပ်တာ တစ်လကျော်လေးပဲ ရှိသေးတာလေ”
သူမသည်က တစ်လကျော်ရှိနေပြီဖြစ်ကြောင်း တမင်အလေးပေးပြောလိုက်လေ၏။ ဤသည်က သူမအနေဖြင့် နှစ်သစ်ကူး မတိုင်ခင်ကတည်းက လက်ထပ်စာချုပ် ယူထားခဲ့ကြောင်း တခြားသူများကို ပြောပြနေခြင်းသာဖြစ်ပေသည်။
“ ငါ့ကို ယုံကြည်လိုက်စမ်းပါ၊ နင့်သူငယ်ချင်းကတော့ တကယ် ဘာမှမသိဘူး ထင်ပါရဲ့၊ ငါကတော့ ထင်နေတာ...”
နောက်ဆုံး စကားလုံးအချို့ကိုတော့ သူက မကြားတကြားလေးသာ ရေရွတ်လိုက်၏။
သို့သော်လည်း လီလင်းမှာ နားအလွန်ပါးသူဖြစ်သဖြင့် တစ်ခုခု မှားယွင်းနေသည်ကို အာရုံခံလိုက်မိ၏။
ဒါက လီရှန်းကို တမင်တကာ ဦးတည်နေသလိုမျိုး ဘာလို့ ခံစားနေရတာလဲ။
လီလင်း၏ရင်ထဲတွင် ရုတ်တရက် လေးလံသွားရသည်။ သူမအနေဖြင့် လီရှန်းအတွက် ပြဿနာများ ရှာပေးမိပြီလားဟုပင် တွေးမိနေခဲ့လေ၏။ သူမက မွန်းလွဲပိုင်း တစ်လျှောက်လုံး စိတ်မအေးနိုင် ဖြစ်နေခဲ့ပြီး အလုပ်ဆင်းသည့်အချိန်တွင် အိမ်သို့မပြန်သေးဘဲ ဝန်ထမ်းအိမ်ရာဘက်သို့ တိုက်ရိုက် ဦးတည်ခဲ့လေတော့သည်။
လီရှန်းက အိမ်တွင် အဆင်သင့် စောင့်နေခဲ့၏။ လူကြီးနှစ်ယောက်မှာ အလုပ်မှ မပြန်လာကြသေးသကဲ့သို့ စုဝေ့ချင်းသည်လည်း သူ၏အခန်းထဲတွင် စာဖတ်နေခဲ့ပေသည်။
သို့နှင့် သူငယ်ချင်းနှစ်ဦးမှာ ဧည့်ခန်းရှိ ထမင်းစားပွဲတွင်ထိုင်ကာ သွေးခုန်နှုန်း စမ်းသပ်ကြလေတော့သည်။
“အခုအချိန်က ဆေးဝယ်ဖို့ ခက်တယ်၊ မဟုတ်ရင် ဆေးလုံးတွေ ဝယ်တိုက်လို့ ရမှာ”
လီရှန်းက သွေးခုန်နှုန်း စမ်းသပ်ပြီးနောက် သက်ပြင်းချလိုက်၏။
“နင့်ရဲ့ ခန္ဓာကိုယ်က အစကတည်းက အားနည်းနေတာလေ၊ ပြီးတော့ သေချာမပြင်ဆင်ဘဲ ကိုယ်ဝန်ရသွားတာဆိုတော့ လက္ခဏာတွေက ဒီလောက်အထိဆိုးနေတာ မထူးဆန်းပါဘူး”
“ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ”
လီလင်းက စိုးရိမ်တကြီး မေးလိုက်၏။
“အယ်လ်ကာလီပါတဲ့ ခေါက်ဆွဲတွေ၊ ပေါက်စီတွေ၊ နှမ်းကိတ်တွေ ဒါမှမဟုတ် အဲဒီလိုမျိုး အရာတွေကို စားပေးရမယ်၊ ဆန်ပြုတ်ချက်ရင်လည်း ကန်စွန်းဥတွေ ထည့်ချက်ပေါ့၊ အစားအသောက်ကို မချွေတာပါနဲ့၊ အာဟာရရှိတာတွေကို ပိုပြီး စားပေးဦး”
လီရှန်းတွင်လည်း ပို၍ကောင်းသော အဖြေ မရှိပါချေ။ မည်သို့ပင်ဆိုစေ ကိုယ်ဝန်ဆောင်နေချိန်အတွင်း ကန့်သတ်ချက်များစွာရှိနေပြီး တချို့သောစားစရာများကို စား၍မရနိုင်ပါချေ။
အဖြေတစ်ခုရှိနေသည်ကို ကြားရမှသာ လီလင်းလည်း သက်ပြင်းချနိုင်တော့သည်။
“အခုပဲ ထမင်းစားဆောင်ကိုသွားပြီး ပေါက်စီ သွားဝယ်လိုက်မယ်”
“အင်း”
သူမ၏စိတ်ဓာတ်များ ပြန်လည်တက်ကြွလာသည်ကို မြင်ရလျှင် ထမင်းကို သေသေချာချာ စားပြီး အာဟာရ ပြည့်ဝအောင် နေထိုင်မည်ဆိုပါက လီလင်း၏ လက္ခဏာများမှာ များစွာ သက်သာသွားလိမ့်မည်ပင်။
“ဒါနဲ့ ငါတို့အုပ်စုခေါင်းဆောင်က တစ်မျိုးပဲ”
လီလင်းအနေဖြင့် ထိုနေ့မွန်းလွဲပိုင်းက အုပ်စုခေါင်းဆောင်၏ ထူးဆန်းသော အပြုအမူကို မမေ့သေးဘဲ လီရှန်းအား အမြန်ပြောပြလေသည်။
လီရှန်းသည်လည်း ထိုအခြေအနေကို ထူးဆန်းသည်ဟု ထင်မြင်မိ၏။
အမှန်အတိုင်းပြောရလျှင် သွေးခုန်နှုန်းစမ်းသပ်ခြင်းမှာ သူမအတွက်တော့ ထူးဆန်းသောအရာမဟုတ်ပါချေ။ ထို့အပြင် သူမသည်က သွေးခုန်နှုန်းကို စမ်းသပ်ရုံသာဖြစ်ပြီး အထူးတလည် တစ်စုံတစ်ရာကိုလည်း ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့ပေ။
ထိုအုပ်စုခေါင်းဆောင်က သူမကို အဘယ်ကြောင့် ပစ်မှတ်ထားနေရသည်လဲ။
သူမ မျက်မှောင်ကြုတ်လိုက်မိသည်။
“နင် ဘယ်လိုပြန်ပြောလိုက်လဲ”
လီလင်းက သူမ ပြန်ဖြေခဲ့သည့်စကားများကို အမြန်ပင် ပြန်ပြောပြ၏။
ဤသည်က ပို၍ပင် ထူးဆန်းနေပေသည်။
အဘယ်ကြောင့်ဆိုသော် ဆေးပညာဗဟုသုတအနည်းငယ်ရှိပြီး လီလင်းတွင် ကိုယ်ဝန်ရှိနေသည်ကို ရိပ်မိသူတစ်ဦး၏အမြင်တွင် လီလင်း၏အဖြေမှာ လုံးဝကို အဓိပ္ပာယ်မရှိသော စကားသာဖြစ်ပေလိမ့်မည်။
“နင်တို့ အုပ်စုခေါင်းဆောင် နာမည်က ဘယ်သူလဲ”
“မျိုးရိုးက ရှုတဲ့၊ နာမည်က ရှုရှင်းလန်”
ရှုရှင်းလန်?
စာအုပ်ထဲတွင် ထိုကဲ့သို့သောသူမျိုး ပါဝင်ခြင်းမရှိပါချေ။
လီရှန်းတစ်ယောက် လီလင်းကို လေးလံသောစိတ်ဖြင့် ပြန်လွှတ်ပေးလိုက်ပြီးနောက် ထိုည အိပ်ရာဝင်ချိန်တွင် စုဝေ့ချင်းအား မေးမြန်းကြည့်လိုက်၏ ။
“ရှုရှင်းလန်ဆိုတဲ့တစ်ယောက်ကို ရှင်သိလား၊ ဒုတိယအလုပ်ရုံက အုပ်စုခေါင်းဆောင်လေ”
စုဝေ့ချင်းသည်ကား ဆေးဝါးစက်ရုံတွင် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုအချိန်တွင် အတွင်းရေးမှူးရုံးတွင် ရှိနေသောကြောင့် စက်ရုံ၏ ဝန်ထမ်းစာရင်းကို အတော်လေး ရင်းနှီးကျွမ်းကျင်ပေသည်။
ရှုရှင်းလန်နှင့် ပတ်သက်လျှင်တော့..
သူ အမှန်တကယ် သိထားပေသည်။
“သိတာပေါ့၊ သူက သုတေသနဌာန ဒါရိုက်တာကျန်းရိကော်ရဲ့ ဇနီးလေ၊ သူမက ကျန်းရိကော်နဲ့အတူ ဆေးဝါးစက်ရုံကို လိုက်လာပြီးကတည်းက သာမန်အလုပ်သမားအဖြစ်ပဲ လုပ်ကိုင်ခဲ့တာ
ဒီနှစ်တွေမှာ ဝီရိယရှိရှိ အလုပ်လုပ်ခဲ့လို့ အခုတော့ အုပ်စုခေါင်းဆောင် ဖြစ်နေပြီ”
ကျန်းရိကော်ရဲ့ ဇနီး ဟုတ်လား?
သူမက ဘာကြောင့် သူမရဲ့အကြောင်းကို မေးနေရတာလဲ။
“သူတို့မိသားစုထဲမှာ တစ်ယောက်ယောက် နေမကောင်းလို့လား”
လီလင်း ပြောပြခဲ့သော စကားများကို လီရှန်း ပြန်လည်တွေးတောမိပြီး ထိုအုပ်စုခေါင်းဆောင် ရှုသည်က သူမ ဆေးပညာတတ်၊ မတတ်ကို အထူးစိတ်ဝင်စားနေပုံရကြောင်း ရိပ်မိလိုက်သည်။
စုဝေ့ချင်းက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခဏမျှ စဉ်းစားလိုက်ပြီးမှ ပြတ်သားသော အဖြေတစ်ခုကို ပေးလိုက်၏။
“သူ့ရဲ့ မြေးလေးမှာ ဝက်ရူးပြန်ရောဂါ ရှိနေတယ်လေ”
“ဝက်ရူးပြန်ရောဂါ ဟုတ်လား”
လီရှန်း မသိစိတ်ဖြင့် မေးလိုက်မိ၏။
“အင်း”
လီရှန်းအနေဖြင့် ဝက်ရူးပြန်ရောဂါဆိုသည်ကို မသိလောက်ဟု စုဝေ့ချင်းထင်သွားပြီး ရှင်းပြပေးလိုက်သည် ။
“လူတွေကတော့ ပုံမှန်အားဖြင့် ‘သိုးဝက်ရူးပြန်’ လို့ ခေါ်ကြတာ”
ဝက်ရူးပြန်ရောဂါဆိုသည်မှာ ပညာရပ်ဆိုင်ရာ အမည်ဖြစ်သော်လည်း သာမန်ပြည်သူများမှာမူ ‘သိုးဝက်ရူးပြန်’ ဟု ခေါ်ဝေါ်ခြင်းကို ပို၍ ကျင့်သားရနေခဲ့ကြပေသည်။
ရောဂါလက္ခဏာများမှာ ပြင်းထန်မှုအလိုက် ကွဲပြားသော်လည်း၊ အခြေအနေအားလုံးတွင် “တက်ခြင်း”အချို့ ပါဝင်တတ်ပေသည်။
ပြင်းထန်သော အခြေအနေများတွင် လူနာက တစ်ကိုယ်လုံး တောင့်တင်းတက်ခြင်း၊ ပါးစပ်မှ အမြှုပ်များထွက်ခြင်းနှင့် သတိလစ်ခြင်းတို့ကို ခံစားရနိုင်၏။
ဤသည်မှာ အာရုံကြောစနစ်ဆိုင်ရာ ချို့ယွင်းချက်တစ်ခုဖြစ်ပြီး မျိုးရိုးလိုက်နိုင်ခြေတော့ နည်းပါးလွန်းပေသည်။
သို့သော်လည်း သာမန်လူများအတွက်တော့ ဤကဲ့သို့သော ဝေဒနာမျိုးမှာ အမှန်တကယ်ပင် ထိတ်လန့်စရာ ကောင်းလွန်းသည်။
ကျန်းရိကော်က သုတေသနဌာန၏ ဒါရိုက်တာဖြစ်နေသော်လည်း သူ၏မြေးလေးမှာ ဤဝေဒနာကို ခံစားနေခဲ့ရသည်။
ယခုကဲ့သို့သော ခေတ်ကာလတွင် ထိုရောဂါကို ထိန်းချုပ်ရန် ဆေးဝါးများ မရှိသကဲ့သို့ ခွဲစိတ်ကုသပေးနိုင်မည့်သူလည်း မရှိပါချေ။ ထို့ကြောင့် အခြေခံအားဖြင့် ဤရောဂါ ရရှိခြင်းမှာ ဘဝတစ်ခုလုံး ပျက်စီးသွားရခြင်းပင် ဖြစ်ပေသည်။
ရှုရှင်းလန်က သူမ ဆေးပညာတတ်သည်ဟု ထင်မှတ်ပြီး သူမ၏ မြေးလေးကို ကုသပေးစေချင်နေခြင်း ဖြစ်ရမည်။
“ဒါက တကယ့်ကို မကောင်းတဲ့ ရောဂါပဲ”
လီရှန်းက သက်ပြင်းမချဘဲ မနေနိုင်တော့ပါချေ။ ထို့နောက် သူမက မေးလိုက်သည်။
“ဒါရိုက်တာကျန်းကတောင် ဘာမှတတ်နိုင်ဘူးလား”
စုဝေ့ချင်းက လီရှန်း၏ စကားကြောင့် ရယ်မောမိသွားပြီး သူမကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။
“သူက အသိပညာ ကြွယ်ဝပြီး လူ့အသက်ကို ကယ်နိုင်တဲ့ ဆေးတွေကိုတောင် ထုတ်လုပ်နိုင်တယ်ဆိုပေမဲ့၊ ရှန်းရှန်း... သူကလည်း ဘုရားသခင်တော့ မဟုတ်ဘူးလေ”
ဤစကားကို သူက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သော်လည်း၊ ထိုစကားထဲ၌ အားမလိုအားမရဖြစ်မှုများ ကိန်းအောင်းနေခဲ့ပေသည်။
ဆေးဝါးသုတေသနဌာန၏ ဒါရိုက်တာပင်လျှင် သူ၏မြေးအရင်းကို မကယ်နိုင်ပါက ရှုရှင်းလန်အနေဖြင့် မျှော်လင့်ချက်မဲ့နေကာ ရနိုင်သမျှသော ကုသနည်းများကို ရှာဖွေနေမိသည်မှာ မထူးဆန်းပါချေ။
“ဒါရိုက်တာကျန်းနဲ့ သူ၏ဇနီး ဆက်ဆံရေးက ဘယ်လိုမျိုးလဲ”
“ဒါကတော့...”
စုဝေ့ချင်းက သေသေချာချာ စဉ်းစားလိုက်၏။ သူ၏ မှတ်ဉာဏ်ထဲတွင်မူ ဒါရိုက်တာကျန်းနှင့် သူ၏ဇနီး အတူရှိနေသည့် မြင်ကွင်းမျိုး အမှန်တကယ်ပင် မရှိပါချေ။
သူသည်က တစ်နှစ်ပတ်လုံး သုတေသနဌာနအတွင်း၌သာ နေထိုင်ပြီး ရှုရှင်းလန်မှာတော့ နေ့တိုင်း အလုပ်ရုံတွင် အလုပ်လုပ်နေခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် သူတို့နှစ်ဦး၏ ပုဂ္ဂိုလ်ရေး ဆက်ဆံရေးမှာ မည်သို့ရှိသည်ကို မည်သူမျှ မသိနိုင်ပါချေ။ ထို့ကြောင့် သူက ရိုးရိုးသားသားပင် ခေါင်းခါပြလိုက်သည်
“ကိုယ်တကယ် မသိဘူး၊ သူတို့ဇနီးမောင်နှံနှစ်ဦးကြားမှာ အိမ်တွ်းရေးက ဘာတွေဖြစ်ပျက်နေလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ”
လီရှန်း : “...”
မှန်ပေသည်။ သူမကသာ အလွန်အကျွံ တွေးနေမိခြင်း ဖြစ်ပေလိမ့်မည်။
“ဒါဆိုရင် ညွှန်ကြားရေးမှူး ကျန်းရဲ့ သားကရော၊ သူလည်း စက်ရုံမှာပဲ အလုပ်လုပ်တာလား”
“သူ့မှာ သားမရှိဘူးလေ၊ သမီးတစ်ယောက်ပဲ ရှိတာ၊ အဲဒီသမီးကလည်း ကလေးမွေးရင်းနဲ့ ဝေဒနာတွေ ခံစားရပြီး ဆုံးသွားရှာတယ်”
ထိုအချက်မှာ လျှို့ဝှက်ချက်မဟုတ်ပါချေ။ ထို့ကြောင့်လည်း ရှုရှင်းလန်သည် ထိုကလေးကို သူမ၏ အသက်သခင်သဖွယ် တန်ဖိုးထားနေခြင်း ဖြစ်ပေသည်။
ဘုရားရေ။
ဒါက တကယ့်ကို ဝမ်းနည်းစရာပဲ။
“ဒီရောဂါက မျိုးရိုးလိုက်တာလည်း ဖြစ်နိုင်သလို၊ နောက်မှ ဖြစ်တာလည်း ဖြစ်နိုင်တာပဲ၊ အန်တီရှုကတော့ အဲဒီတုန်းက သူတို့ ပြဿနာတွေ ကြုံနေရချိန်မှာရခဲ့တဲ့ ဒဏ်ရာကြောင့်လို့ အမြဲတမ်း ခံစားနေရတာလေ”
မည်သည့်မိသားစုက သူတို့၏ကလေးကို ရောဂါနှင့်အတူမွေးလာသည်ဟု ဝန်ခံချင်ပါမည်နည်း။
လီရှန်းမှာ ပြောစရာစကားပင် မရှိတော့ပါချေ။
*
အခန်း(186)
ရှုရှင်းလန်၏ ဘဝဇာတ်ကြောင်းမှာ ဝမ်းနည်းဖွယ်ရာ ဇာတ်ကားတစ်ကားတွင် ပါသင့်သည့်အရာအားလုံး ပါဝင်နေခဲ့ပေသည်။
လူကြီးနှစ်ယောက်မှာ တစ်ဘဝလုံး ရုန်းကန်ခဲ့ရသော်လည်း တစ်ဦးတည်းသောသမီးကမီးဖွားရင်း ဆုံးပါးသွားခဲ့ရပြီး မြေးလေးမှာလည်း ဝက်ရူးပြန်ဝေဒနာကို ခံစားနေရသေးသည်။
သူမအနေဖြင့် သေးငယ်သော မျှော်လင့်ချက်တိုင်းကို ဆုပ်ကိုင်ထားချင်ရသည့်အကြောင်းပြချက်အှာ ရိုးရှင်းလွန်းပေ၏။
သို့သော် ပြဿနာမှာ...
ဝက်ရူးပြန်ဝေဒနာကို ကုသရန်အတွက် အမှန်တကယ်ပင် နည်းလမ်းမရှိသေးပါချေ။
အထူးသဖြင့် ယခုကဲ့သို့ ထိရှလွယ်သော အချိန်ကာလတွင် အစိုးရက အနောက်တိုင်းဆေးပညာကိုသာ အလေးပေးပြီး တရုတ်တိုင်းရင်းဆေးပညာကို ‘ရှေးရိုးစွဲ အယူသီးမှု’ အဖြစ် သတ်မှတ်ထားခဲ့သည်။
ဤအချိန်တွင် လီရှန်းအနေဖြင့် အလွန်အကျွံ ထုတ်ဖော်ပြောဆိုရန် မဝံ့ရဲပါချေ။ သူမသည်က နောက်ဆုံးတွင်မှသာ ယခုလက်ရှိတည်ငြိမ်သောဘဝကို ရရှိထားခြင်းဖြစ်သည့်အတွက် မည်သည့် စွန့်စားမှုကိုမျှ ပြုလုပ်မည်မဟုတ်ပါချေ။
လီလင်းက ရှုရှင်းလန်၏ ရည်ရွယ်ချက်ကို မသိသော်လည်း တိရစ္ဆာန်လေးတစ်ကောင်ကဲ့သို့ အလိုလိုသိမြင်နေသည့် အာရုံခံစားမှုမျိုးရှိနေခဲ့ကာ လီရှန်း၏ စကားကို အမြဲတမ်း နားထောင်လေ့ရှိပေသည်။
နောက်တစ်နေ့တွင် သူမက ထမင်းစားဆောင်သို့သွားကာ စားရန်အတွက် ပေါက်စီများကို ဝယ်ယူခဲ့၏။ ထမင်းစားဆောင်မှ ပေးသော အသားနှင့် ဟင်းသီးဟင်းရွက်များကိုလည်း အနပ်တိုင်း စားပေးခဲ့ပေသည်။ ကြက်ဥနှင့် ပတ်သက်လျှင်တော့ သူမက ဂရုမစိုက်ပါချေ။
ကိုယ်ဝန်ရှိလာကတည်းက သူမအနေဖြင့် ကြက်ဥ၏ ညှီစို့စို့အနံ့ကို ရနေသကဲ့သို့ ခံစားရပြီး အထူးသဖြင့် ကြက်ဥအနှစ်ကိုပင် ဖြစ်ပေသည်။
သူမ စားရန်ပင် မလိုပါချေ။ ကြည့်ရုံမျှနှင့်ပင် ရင်တုန်လာတတ်သည်။
ရှုရှင်းလန်မှာ လီလင်းကို ရက်အနည်းငယ်မျှ စောင့်ကြည့်နေခဲ့ပြီးနောက် သူမတွင် ကိုယ်ဝန်ရှိနေသည်မှာ သေချာကြောင်း ပို၍ပင် ယုံကြည်သွားခဲ့၏။
သို့သော် သူမ နားမလည်နိုင်သည်မှာ...
လွန်ခဲ့သော ရက်အနည်းငယ်က လီလင်းတွင် ကိုယ်ဝန်ဆောင်လက္ခဏာများ ရှိနေခဲ့သော်လည်း အဘယ်ကြောင့် ယခုရက်ပိုင်းအတွင်း အလွန်ကောင်းမွန်စွာ စားသောက်နေနိုင်ရသနည်း ဆိုသည်ပင် ဖြစ်သည်။
အမှန်တကယ်ပင် သူမ၏ကျန်းမာရေးကြောင့်ဖြစ်နေသည်လား။
ထိုအခြေအနေကို မြင်ရလျှင် သူမအနေဖြင့် အလွန်အမင်း မတရားသကဲ့သို့ ခံစားလိုက်ရလေ၏။
သူမ၏ သမီး ကိုယ်ဝန်ရှိစဉ်က ခုနစ်လနီးပါးခန့် အမြဲတမ်း အန်နေခဲ့ပြီး အဆုံးတွင် မီးဖွားရင်း ဆုံးပါးသွားခဲ့ရပေသည်။
လီလင်းကရော?
သူမမှာ ရက်အနည်းငယ်မျှသာ ခံစားလိုက်ရပြီး ပြန်လည်သက်သာသွားခဲ့၏။
သူမ၏ ခင်ပွန်းပြောဖူးပေသည်။ သမီးဖြစ်သူ၏ ပြင်းထန်သော ကိုယ်ဝန်ဆိပ်တက်ခြင်းမှာ အသားစားခြင်းဖြင့်သာ ရရှိနိုင်သည့် အာဟာရဓာတ်ဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်ရမည်ဟု ဆို၏။
နှမြောစရာကောင်းစွာဖြင့် ဇနီးမောင်နှံနှစ်ဦးက အလုပ်များနေသည့်အတွက် သမီးဖြစ်သူကို မွေးပြီးမကြာမီမှာပင် သူမ၏အမေထံသို့ ပို့ကာ ပြုစုပျိုးထောင်ခိုင်းခဲ့မိပေသည်။
သူမ၏အမေမှာ ဗုဒ္ဓဘာသာဝင်ဖြစ်သဖြင့် သမီးဖြစ်သူကို ငယ်စဉ်ကတည်းက သတ်သတ်လွတ်သာ ကျွေးမွေးခဲ့သည်။ ရလဒ်အနေဖြင့် ဇနီးမောင်နှံနှစ်ဦးက သူတို့ကလေး၏ ဖွံ့ဖြိုးမှု နှေးကွေးနေသည်ကို သိရှိသွားချိန်တွင် သူမကို အသားပြန်ကျွေးရန် ကြိုးစားခဲ့သော်လည်း သူမမှာ အသားကို လုံးဝ လက်မခံနိုင်တော့ပါချေ။
ထို့နောက် အသားဟင်းရည်များကို တစ်ငုံချင်းစီ အားရပါးရ သောက်နေသော လီလင်းကို ကြည့်လိုက်မိ၏။
တကယ်ပဲ ငါ့သမီးက အသားမစားလို့ ဖြစ်ခဲ့ရတာလား။
ရှုရှင်းလန် အတော်လေး ဇဝေဇဝါ ဖြစ်သွားရသော်လည်း လီလင်းကို ဆက်လက်အကဲခတ်နေခဲ့ပေသည်။
သို့မဟုတ်လျှင်လည်း လီလင်း၏ သူငယ်ချင်းဖြစ်သူ၏ တုံ့ပြန်မှုကို မြင်ချင်နေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ထိုနေ့က ထိုမိန်းကလေးမှ လီလင်း၏ သွေးခုန်နှုန်းကို အလွန်ပင် ကျွမ်းကျင်စွာ စမ်းသပ်ပေးခဲ့သည့် ပုံစံကြောင့် သူမ ဆေးပညာမတတ်ဟု ရှုရှင်းလန် လုံးဝ မယုံကြည်ပါချေ။
သို့သော် သူမ၏ ဆေးပညာ မည်မျှအထိ နက်နဲသနည်း ဆိုသည်ကိုတော့ ရှုရှင်းလန် မတွေးချင်တော့ပါချေ။
သူမအနေဖြင့် မြေးဖြစ်သူ၏ ကျန်းမာရေးအတွက် အလွန်ပင် စိုးရိမ်ပူပန်နေရသဖြင့် အားကိုးရာမဲ့နေခဲ့လေပြီ။ မျှော်လင့်ချက်ကလေး အနည်းငယ်မျှသာ ရှိလျှင်ပင် သူမအတွက်တော့ မျှော်လင့်ချက် ရှိနေဆဲသာ ဖြစ်ပေသည်။
သို့သော် လီရှန်းကတော့ အတန်ငယ် ကြောက်ရွံ့နေဆဲဖြစ်၍ ထိုကိစ္စပြီးနောက် လီလင်းထံသို့ ခဏမျှ လာမတွေ့ဖြစ်ခဲ့ပါချေ။
နှစ်လခန့် ကြာပြီးနောက် လီလင်းကိုယ်တိုင် သူမတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည့် အချိန်မှသာ လီရှန်းက ယခုမှ သိလိုက်ရသကဲ့သို့ ဟန်ဆောင်ကာ ကြက်ဥအချို့ကို ယူဆောင်ပြီး သူမထံ သွားရောက်တွေ့ဆုံခဲ့ပေသည်။
သူမ ရောက်သွားသည့်အခိုက်တွင် ရှုရှင်းလန်သည်လည်း ထိုနေရာ၌ ရှိနေခဲ့၏။
“လီလင်း၊ နင် နေရတာဘယ်လိုနေလဲ၊ ဘာတွေများ ထူးထူးခြားခြား ခံစားရလဲ”
လီရှန်းက အခန်းထဲသို့ ဝင်ပြီးနောက် ရှုရှင်းလန်ကို ပြုံး၍ ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီးနောက် လီလင်းကို ကြည့်ရန် အပြေးအလွှား သွားခဲ့သည်။ သူမက သက်ပြင်းချရင်းပင် ဆက်ပြောလိုက်၏ ။
“နင်ကတော့ တကယ်ကို ကျန်းမာရေး ကောင်းတာပဲ၊ လက်ထပ်တာ ရက်ပိုင်းပဲ ရှိသေးတာ ကိုယ်ဝန်ရသွားပြီ၊ ငါဆို နင့်ထက်တောင် လက်ထပ်တာစောသေးတယ်၊ အခုထိ ဘာအရိပ်အယောင်မှ မရှိသေးဘူး”
“နင်က အရမ်းပိန်လွန်းလို့ပါ”
လီရှန်းက ထိုသို့ပြောသည်ကို ကြားလျှင် လီလင်းက လီရှန်းအနေဖြင့် ကိုယ်ဝန်မရမည်ကို အမှန်တကယ် စိုးရိမ်နေသည်ဟု ထင်မှတ်သွားပြီး စားပွဲပေါ်ရှိ ရေနွေးဓာတ်ဘူးကို လက်ညှိုးထိုးပြလိုက်၏။
“ငါ့ယောက်ျား ပြောတာတော့ မိခင်တွေက ကျန်းမာမှ ကလေးကလည်း ကျန်းမာမှာတဲ့၊ ငါ့အထင်တော့ မိခင်က ကျန်းမာနေရင် ကလေးကလည်း လာချင်မှာပေါ့”
ယခုဆိုလျှင် လက်ထပ်ပြီးနောက်နှစ်လရှိပြီဖြစ်ကာ ကိုယ်ဝန်ကိစ္စကိုလည်း လျှို့ဝှက်ထားနိုင်ခဲ့ပြီဖြစ်သဖြင့် လီလင်းမှာ အလွန်ပင် စိတ်ကြည်လင်နေခဲ့ပေသည်။
ထို့ကြောင့်ပင် လီရှန်း၏ အခြေအနေကိုလည်း စိုးရိမ်ပေးလာမိ၏။ သူမသည်က လီရှန်းနှင့် တစ်ချိန်တည်းမှာပင် ကိုယ်ဝန်ရှိပြီး ကလေးအတူမွေးရန်ပင် စဉ်းစားမိနေခဲ့သည်။
နောင်တစ်ချိန်တွင် သူတို့၏ ကလေးများကပါ အတန်းဖော်များ ဖြစ်လာကြလျှင်မည်မျှ ကောင်းလိမ့်မည်နည်း။
“ဟုတ်တယ်၊ အဲဒါကြောင့်လည်း ဒီရက်ပိုင်း ငါ များများစားဖို့ ကြိုးစားနေတာပေါ့”
လီရှန်းသည်လည်း စိတ်ဆိုးခြင်း လုံးဝမရှိဘဲ ပြုံး၍ ခေါင်းညိတ်ပြလိုက်လေ၏။ ရှုရှင်းလန်က သူမကို မသိမသာ လှမ်းကြည့်လိုက်မိ၏။
မည်သို့ပင်ဆိုစေ ထိုစကားကို ကြားရသည့် မည်သူမဆို ၎င်းမှာ ကြွားဝါနေခြင်းဟုသာ ထင်မြင်ကြမည် ဖြစ်ပေသည်။
သို့သော် လီရှန်းမှာတော့ လီလင်းက ရိုးသားသူဖြစ်ကြောင်း သိထားသဖြင့် သူမအပေါ် အငြိုးအတေး ထားမည် မဟုတ်ပါချေ။
လီရှန်းသည် ရှုရှင်းလန်ကိုလည်း လစ်လျူမရှုဘဲ အလွန်ပင် ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်၏။
“အုပ်စုခေါင်းဆောင်ရှု၊ ပြီးခဲ့တဲ့အပတ်က တွေ့တုန်းက အလောတကြီး ဖြစ်နေတာနဲ့ နှုတ်တောင် မဆက်လိုက်ရဘူး၊ လီလင်းနဲ့ ကျွန်မက သူငယ်ချင်းဖြစ်လာတာ နှစ်ပေါင်းများစွာ ရှိပြီလေ၊ အခုဆိုရင် နှစ်ယောက်လုံး ဆေးဝါးစက်ရုံမှာ အတူတူ အလုပ်ဝင်ခွင့် ရခဲ့ကြတယ်
အခု သူ့မှာ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ နောက်ပိုင်းကျရင် အုပ်စုခေါင်းဆောင်ရှုကပဲ သူ့ကို ကူညီစောင့်ရှောက်ပေးပါဦးနော်”
“အို... ဒါက ဘာမှမဟုတ်ပါဘူး၊ ကိုယ်ဝန်ဆောင်တာနဲ့ ကလေးမွေးတာက အမျိုးသမီးတွေအတွက် ခက်ခဲတဲ့အရာပဲလေ၊ ငါတို့အားလုံးက အမျိုးသမီးတွေပဲဆိုတော့ နားလည်ပေးနိုင်ပါတယ်”
ရှုရှင်းလန်မှာ ထိုစကားကို အလွန်ပင် အလေးအနက်ဖြင့် ပြောဆိုခဲ့ခြင်း ဖြစ်ပေသည်။
သူမ၏ သမီးဖြစ်သူ မီးဖွားစဉ်က ခက်ခဲခဲ့သည်ကို မြင်တွေ့ခဲ့ရဖူးသဖြင့် ဤနှစ်များအတွင်း သူမ၏ လက်အောက်ရှိ ကိုယ်ဝန်ဆောင် အမျိုးသမီး ဝန်ထမ်းများကို သူမ အမြဲတမ်း အထူးတလည်ဂရုစိုက်ပေးခဲ့သည်။
ထို့ကြောင့် သူမ၏ ထုတ်လုပ်မှုလိုင်းမှ အမျိုးသမီး ဝန်ထမ်းများမှာ သူမအား အုပ်စုခေါင်းဆောင် တစ်ဦးအနေဖြင့် လေးစားကြသည်။
တစ်ခါတစ်ရံ သူမ၏ မြေးလေး နေမကောင်းဖြစ်သည့်အချိန်တွင်လည်း ထိုဝန်ထမ်းများက သူမ၏ အဆိုင်းများကို ကူညီတာဝန်ယူပေးလေ့ရှိကြ၏။
ဤနှစ်များတစ်လျှောက်တွင် သူတို့သည်က အလွန်ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ထားနိုင်ခဲ့ကြပေသည်။
“ဒါကြောင့်လည်း အမျိုးသမီး ခေါင်းဆောင်တစ်ယောက်ရဲ့ နောက်မှာနေရတာက ပိုကောင်းတာပေါ့၊ အတွေ့အကြုံရှိပြီးသားဆိုတော့ ကျွန်မတို့ကို ပိုပြီး နားလည်ပေးနိုင်တယ်လေ”
လီရှန်းသည် ထိုသို့ပြောရင်း အစ်မလျို့ကိုလည်း ထပ်မံ၍ ချီးကျူးလိုက်ပြန်သည်။
“ကျွန်မတို့ရုံးက အစ်မလျို့ကလည်း အတူတူပါပဲ၊ သူက ကျွန်မတို့ အမျိုးသမီးတွေကို အရမ်းဂရုစိုက်တာ
ကျွန်မ ဌာနကို အသစ်ရောက်ခါစတုန်းက အရမ်းကို စိတ်လှုပ်ရှားနေခဲ့တာလေ၊ အဲဒီတုန်းက အစ်မလျို့ကပဲ ဆေးကျမ်းတွေနဲ့ ကျွန်မကို နေ့တိုင်း သင်ပေးခဲ့တာ၊ ကျွန်မ တကယ်ကို စိတ်လှုပ်ရှားခဲ့ရတယ်”
အစ်မလျို့ ဟုတ်လား?
ရှုရှင်းလန် ထိုတစ်ယောက်ကို သိထားပေသည်။
သူမသည်က စစ်မြေပြင် ဆရာဝန်တစ်ဦး ဖြစ်ခဲ့ဖူးသော်လည်း၊ ဒဏ်ရာရပြီး အငြိမ်းစားယူချိန်တွင် ဆေးဝါးစက်ရုံသို့ ဝင်ရောက်လာကာ နည်းပညာဌာန၏ ဒါရိုက်တာတစ်ဦး ဖြစ်လာသည်အထိ ကြိုးစားခဲ့သူ ဖြစ်၏။
သူမက ဒါရိုက်တာဝမ်၏ လက်ရုံးတစ်ဦးဖြစ်ပြီး တစ်ခါတစ်ရံ ဒါရိုက်တာဝမ်ပင်လျှင် သူမကို ပြန်မပြောရဲပါချေ။
ဤသို့ စဉ်းစားကြည့်မည်ဆိုပါက အစ်မလျို့က လီရှန်းကို တစ်ဆင့်ချင်း သင်ကြားပေးခဲ့သည်ဆိုလျှင် လီရှန်း ဆေးပညာအချို့ တတ်မြောက်နေသည်မှာ မထူးဆန်းတော့ပါချေ။
“ဒါနဲ့ ရှန်းရှန်း၊ နင့်အဒေါ်ရဲ့ မောင်က ခရိုင်ဆေးရုံမှာ မဟုတ်လား၊ ငါ သူ့ကို တစ်ချက်လောက် ကြည့်ခိုင်းချင်လို့၊ ငါ့မှာ ကိုယ်ဝန်ရှိနေပေမဲ့ အခုထိ ကိုယ်ဝန်ဆောင် စစ်ဆေးတာတွေ မလုပ်ရသေးဘူးလေ၊ အဲဒါကြောင့် နည်းနည်း စိုးရိမ်နေမိတယ်”
လီလင်းသည်ကား ရှုရှင်းလန်၏ စိတ်ထဲမှ ရှုပ်ထွေးမှုများကို မသိဘဲ လီရှန်း၏ ဆေးပညာဗဟုသုတများအတွက် နောက်ထပ် အရင်းအမြစ်တစ်ခုကို အလွယ်တကူပင် ထပ်မံပေးလိုက်ပြန်သည်။
“ငိုက်နေတုန်း ခေါင်းအုံးလာပေးသလိုပဲ” ဟူ၍ ပြောရမည်။
ဤမေးခွန်းမှာ လီရှန်း အကြားချင်ဆုံးသော မေးခွန်းပင် ဖြစ်ပေသည်။
ထို့ကြောင့် သူမက ချက်ချင်းပင် ဖြေလိုက်သည်။
“ရတာပေါ့၊ ဒါပေမဲ့ ငါ့ဦးလေးက သားဖွားမီးယပ် ဆရာဝန်တော့ မဟုတ်ဘူး၊ ငါ သူ့ကို အကူအညီတောင်းပြီး နင့်ကို သေသေချာချာ စစ်ဆေးပေးနိုင်မဲ့ သားဖွားမီးယပ် ဆရာဝန်တစ်ယောက်လောက် ရှာပေးခိုင်းလိုက်ပါ့မယ်”
“ဒါဆို အရမ်းကောင်းတာပေါ့”
လီလင်းမှာ ချက်ချင်းပင် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားရလေ၏။
*