← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း(187)

လီရှန်း၏ ဦးလေးက ဆရာဝန်တစ်ဦး ဖြစ်ကြောင်းကို ကြားလိုက်ရချိန်တွင် ရှုရှင်းလန်မှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားရသည်။

“နင့်ဦးလေးက ဘယ်လိုရောဂါတွေကို ကုသပေးတာလဲ”

“သူက သာမန်ဆရာဝန်တစ်ယောက်ပါပဲ၊ အအေးမိတာ၊ အဖျားတက်တာမျိုးတွေကို ကုပေးတာပါ”

ရှုရှင်းလန်၏ မျက်ဝန်းထဲမှ မျှော်လင့်ချက်များမှာ ထပ်မံ၍ ပျောက်ကွယ်သွားခဲ့ပြန်၏။

လီရှန်းမှာလည်း ရွေးချယ်စရာ မရှိပါချေ။ ယခုခေတ်ကာလတွင် ဆရာဝန်များနှင့် ဆရာများမှာ အရည်အချင်းများများရှိနေလျှင် ပြဿနာတက်ရန် ပို၍ လွယ်ကူလှပေသည်။

ထို့ကြောင့် အရည်အချင်းမရှိသကဲ့သို့ ဟန်ဆောင်နေခြင်းက ပြဿနာတက်ခြင်းထက် ပို၍ ကောင်းမွန်ပေလိမ့်မည်။ တစ်ခါတစ်ရံတွင် သာမန်လူတစ်ဦးဖြစ်နေခြင်းမှာလည်း မဆိုးလှပါချေ။

ရှုရှင်းလန်က လက်မလျှော့လိုသေးဘဲ သူမကို အကဲခတ်ကြည့်နေသေးလေ၏။

လီရှန်းအနေဖြင့် ဆေးပညာဗဟုသုတများကို အလွန်ပင် ကျွမ်းကျင်စွာ ပြောဆိုနိုင်သော်လည်း၊ ရောဂါကုသခြင်းနှင့် ပတ်သက်လာလျှင်တော့ “ဝါး... အံ့ဩစရာပဲနော်”၊ “တကယ်လား” နှင့် “မြို့တော်ဆိုတော့လည်း မတူဘူးပေါ့၊ ဆရာဝန်တွေက တခြားနေရာတွေထက်တောင် ပိုတော်ကြသေးတယ်” ဆိုသည့် စကားမျိုးများကိုသာ ပြောဆိုနေခဲ့ပေသည်။

ရှုရှင်းလန်မှာ သူမ၏ အကဲခတ်မှုများအပြီးတွင် ပြောစရာစကားပင် မရှိတော့ပါချေ။

ယခုအချိန်တွင် သူမအနေဖြင့် လီရှန်းက ဆေးပညာကို အမှန်တကယ် မတတ်မြောက်ခြင်းလား၊ သို့မဟုတ် အလွန်ထူးချွန်သော သရုပ်ဆောင်တစ်ဦးဖြစ်နေခြင်းလားဟုသာ တွေးနေမိခဲ့သည်။

နှစ်ခုထဲမှ တစ်ခုကတော့ သေချာပေါက်ဖြစ်နေမည်ပင်။

သို့သော် ဒုတိယအချက်က ဖြစ်နိုင်ပါမည်လား။

အသက် တစ်ဆယ့်ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးမှာ ဤမျှအထိ ကောင်းမွန်သော သရုပ်ဆောင် အရည်အချင်း ရှိနိုင်ပါ့မလား။

သူမ၏ ဘဝတွင် အဝေးဆုံးနေရာသို့ ခရီးသွားဖူးသည်မှာ သူမ၏ ယောက္ခမနှင့်အတူ ချုံကျုံးကျွန်းရှိ သူမ၏ယောက်မ မင်္ဂလာဆောင်သို့ လိုက်ခဲ့ခြင်းသာ ရှိသည်မဟုတ်ပါလား။

နောက်ဆုံးတွင် ရှုရှင်းလန်မ

အနေဖြင့် လီရှန်းမှာ ဆေးပညာကို အမှန်တကယ် မတတ်မြောက်ခြင်းသာ ဖြစ်လိမ့်မည်ဟု ဝန်ခံလိုက်ရတော့သည်။

ထိုအချက်ကို အတည်ပြုလိုက်သည့် အခိုက်အတန့်တွင် ရှုရှင်းလန်တစ်ယောက် နှလုံးသားထဲ၌ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရ၏။ သူမက မျက်ရည်မကျအောင် အတင်းအကျပ် ထိန်းထားလိုက်ရပေသည်။

လီရှန်းအနေဖြင့် သူမအတွက် စိတ်မကောင်း ဖြစ်မိသော်လည်း၊ သူမ၏ မျက်နှာကိုသာ လွှဲလိုက်မိ၏။ သူမ၏ ဆေးပညာမှာ မူလဇစ်မြစ်ကို ဖော်ပြ၍မရသည့်အတွက် ထုတ်ဖော်မပြသင့်ပါချေ။

အကယ်၍ ထုတ်ဖော်ပြနိုင်လျှင်ပင် သူမက ဝက်ရူးပြန်ရောဂါကို မကုသနိုင်ပေ။

လက်ရှိအချိန်တွင် ဝက်ရူးပြန်ရောဂါအတွက် သီးသန့်ကုသဆေးမရှိသေးပေ။ ရောဂါဝေဒနာကို သက်သာစေနိုင်မည့် ဆေးဝါးအချို့ရှိလျှင်ပင် နိုင်ငံခြားတွင်သာ ရရှိနိုင်ပေလိမ့်မည်။

ထို့ကြောင့် သူမအနေဖြင့် ကူညီနိုင်မည့်အရာ မရှိပါချေ။

ရှုရှင်းလန်မှာ ခဏမျှ ထပ်မံထိုင်နေပြီးနောက် ဖြူဖျော့သော မျက်နှာနှင့် ထွက်ခွာသွားခဲ့ပေသည်။ သူမ ထွက်သွားပြီးနောက်မှ လီရှန်းလည်း သက်ပြင်းချနိုင်တော့၏။

သို့သော်လည်း သူမအနေဖြင့် ယခုတစ်ကြိမ်တွင် လီလင်း၏ သွေးခုန်နှုန်းကို မစမ်းသပ်ပေးခဲ့ပါချေ။ လီလင်း၏ ရှေ့တွင်လည်း သူမ ဆေးကုသပေးနိုင်သည်ဟူသော ထင်မြင်ချက်ကို လျှော့ချရန် ရည်ရွယ်ထားပေသည်။

ကံကောင်းစွာဖြင့် သူမက များစွာ ထုတ်ဖော်မပြခဲ့မိပေ။

အားလပ်ရက်တွင် လီလင်းကို ဆေးရုံသို့လိုက်ပို့ရန် ချိန်းဆိုပြီးနောက် လီရှန်း အိမ်သို့ ပြန်လာခဲ့၏။

နောက်ဆုံးအဆင့်အဖြစ် အချက်အလက်များကို ထပ်မံဖြည့်စွက်ကာ ဟန်ဆောင်လိုက်နိုင်မှသာ ရှုရှင်းလန်၏ သံသယများကို ပယ်ဖျက်နိုင်လိမ့်မည်ပင်။

လီရှန်း သက်ပြင်းတစ်ချက် ချလိုက်မိလေ၏။

သို့သော်လည်း တစ်ဖက်တွင် သူမ၏ ယောက်မဖြစ်သူ ဝူလီက ယခင်ကထက် ပို၍ပင် နွမ်းလျဖြူဖျော့နေသည်ကို သတိပြုမိလိုက်ပြန်သည်။

သို့သော် စုချန်နှင့် စုကျွင့်တို့ညီအစ်ကိုနှစ်ဦးမှာ ယခင်ကထက် များစွာ ပို၍ တက်ကြွရွှင်လန်းနေကြလေ၏။

စုဝေ့ဟိုင်၏ သတိပေးချက်က ထိရောက်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။ ဝူလီသည်က ယခင်ကကဲ့သို့ ကလေးနှစ်ယောက်ကို တမင်လစ်လျူမရှုရဲတော့ဘဲ သူတို့အပေါ် ပို၍ပင် ဂရုစိုက်လာခဲ့ပေသည်။

လီရှန်းတစ်ယောက် အခွင့်အရေးကို အသုံးချကာ ဝူလီ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ခဲ့သည်။

ထို့နောက် မူရင်းဇာတ်လမ်းထဲတွင် ဖြစ်ခဲ့သကဲ့သို့ ကိုယ်ဝန်ရှိမနေကြောင်း အတည်ပြုနိုင်ခဲ့ပြီးမှ စိတ်ထဲတွင် သက်ပြင်းချလိုက်မိခဲ့ရလေ၏။

ဇာတ်ကွက်များ ပြောင်းလဲသွားခြင်းက ကောင်းသည်လား၊ ဆိုးသည်လား ပြောရန်ခက်ခဲပေသည်။

*

ပညာတတ်လူငယ်များ ကျေးလက်သို့ အလုပ်ဆင်းရမည့် ကိစ္စမှာ နှစ်လနီးပါးခန့် ကြာမြင့်ခဲ့ပြီးနောက် ပိုင်မားခရိုင်တွင်လည်း အခြေအနေများ ပြန်လည်တည်ငြိမ်သွားခဲ့လေပြီ။

အိမ်ထောင်ပြုမည့် အရွယ်ရောက်နေသော လူငယ်များမှာ သင့်တော်သောသူများနှင့်တွေ့ကာ အိမ်ထောင်ဖက်ရှာကြခြင်းသို့မဟုတ် အလုပ်အကိုင် ရှာဖွေခြင်းများ ပြုလုပ်ကြလေ၏။

အိမ်ထောင်လည်း မပြုနိုင်သေးသကဲ့သို့ အလုပ်လည်း မရှိသူများမှာတော့ နောက်ဆုံးတွင် ရွေးချယ်စရာမရှိဘဲ ကျေးလက်သို့သာ ဆင်းသွားကြရတော့သည်။

ထိုအထဲတွင် ဉာဏ်နီဉာဏ်နက်ရှိသူများလည်း ရှိကြလေ၏။ သူတို့သည်က ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင်လုပ်ခြင်း သို့မဟုတ် ပုန်းအောင်းနေခြင်းများဖြင့် တတ်နိုင်သမျှ ရှောင်လွှဲရန် ကြိုးစားကြပေသည်။

သို့သော် ကလေးများက ပုန်းနေနိုင်သော်လည်း မိဘများကတော့ ပုန်းနေ၍ မရပါချေ။ ပညာတတ်လူငယ်ရုံးက အကြောင်းကြားစာကို စက်ရုံသို့ တိုက်ရိုက် ပေးပို့လိုက်သည်။

အကယ်၍ ကလေးများက ကျေးလက်သို့သွားရန် ရှောင်လွှဲနေပါက မိဘများ၏အလုပ်အကိုင်ကိုပါ ထိခိုက်စေနိုင်ပေလိမ့်မည်။

ထို့ကြောင့် ကလေးများကို ဖုံးကွယ်ပေးထားသော မိဘများမှာလည်း နောက်ဆုံးတွင် ကလေးများကို ပြန်ခေါ်ကာ မျက်ရည်စက်လက်ဖြင့်သာ ကျေးလက်သို့ ပို့ဆောင်သည့် ရထားပေါ်သို့ တင်ပေးလိုက်ကြရတော့၏။

သူတို့မှာ ပို၍ပင် ကံဆိုးသည်ဟုဆိုရလိမ့်မည်။

နောက်ဆုံးကျန်ရစ်နေခဲ့သည့် အခက်ခဲဆုံးသော နေရာများကို သွားရတော့မည်ပင်။

နေရာကောင်းများအားလုံးက လူပြည့်သွားပြီဖြစ်၍ မိဘများအနေဖြင့် စိတ်ပူသော်လည်း ဝင်မပြောရဲကြပါချေ။ သူတို့၏ လှည့်ကွက်များကို မိသွားသည့်အတွက် ဒေါသကိုသာ မျိုသိပ်လိုက်ကြရပြီး အခွင့်အရေးရလျှင် မြို့သို့ ပြန်ခေါ်ပါမည်ဟုသာ ကလေးများကို တိုးတိုးတိတ်တိတ် ကတိပေးနိုင်ကြတော့ပေသည်။

တကယ်တမ်းတွင် ဤအရာများမှာ လီရှန်းနှင့် မသက်ဆိုင်ပါချေ။

စုမိသားစုတွင် ကျေးလက်သို့ အပို့ခံရနိုင်ခြေရှိသော တစ်ဦးတည်းသောသမီး စုဝေ့ဖင်းမှာ စစ်တပ်မှ ဒုတပ်ရင်းမှူးနှင့် လက်ထပ်ထားပြီး ဖြစ်ပေသည်။

ပညာတတ်လူငယ်ရုံးက ဤအချက်ကို အတည်ပြုပြီးနောက် စုမိသားစုထံသို့ ထပ်မံဆက်သွယ်ခြင်း မရှိတော့ပါချေ။ ကျန်းမိသားစုတွင်လည်း ထိုနည်းတူပင် ဖြစ်၏။

ကျန်းကျူးရိနှင့် ဇနီးဖြစ်သူမှာလည်း သူတို့၏ အငယ်ဆုံးသား ကျန်းချောင်ကိုသာ သူတို့နှင့်အတူ ထားရှိပေသည်။

ကျန်းရှင်းမင်နှင့် ယန်မိသားစုတို့၏ သားသမီးများမှာလည်း အကြီဆုံးပင်လျှင် ကျန်းချောင်ထက် ငယ်ကြသေးသည့်အတွက်သဖြင့် ကျေးလက်သို့ သွားရမည့်အရွယ်သို့ မရောက်ကြသေးပါချေ။

ထိုအတောအတွင်း ဘေးအိမ်မှ လုတုန်းရှန်းနှင့် လုချင်းလန်တို့ ဇနီးမောင်နှံမှာတော့ စိတ်ပူလွန်းပြီး ဆံပင်များပင် ဖြူလာခဲ့ကြရပေသည်။

သူတို့၏ သားကြီးမှာ နိုင်ငံရေးအရ စစ်ဆေးမှုများ အောင်မြင်ထားပြီး ကျန်းမာရေး စစ်ဆေးမှု အောင်မြင်သည်နှင့် ယူနန်ပြည်နယ်သို့ စစ်ထဲဝင်ရန် သွားရမည် ဖြစ်ပေသည်။

အကယ်၍ ချုံကျိုးသို့ သွားရမည်ဆိုပါက သူတို့အနေဖြင့် စုဝေ့မင်နှင့် စုဝေ့ယန်တို့ကို အားကိုးတကြီးဖြင့် ကူညီစောင့်ရှောက်ပေးရန် တောင်းဆိုနိုင်သော်လည်း၊ ယခုတွင် မရင်းနှီးသော ယူနန်ပြည်နယ် ဖြစ်နေခဲ့၏။

ဇနီးမောင်နှံနှစ်ဦးက ချုံကျိုးတွင် စစ်သားအသစ်ခေါ်ယူမှု မည်သည့်အချိန်တွင် ရှိလာမည်ကို လာရောက်မေးမြန်းရန်အတွက် ကလေးကို စုမိသားစုအိမ်သို့ ခေါ်လာခဲ့ကြလေ၏။

သူတို့သည်က သူတို့ကလေးကို မရင်းနှီးသော နေရာသို့ တစ်ယောက်တည်း လွှတ်လိုက်ရမည်ကို စိုးရိမ်နေကြရလေသည်။

နှမြောစရာကောင်းစွာဖြင့် ချုံကျိုးရှိ စစ်သားခေါ်ယူမှုကာလက ကျော်လွန်သွားခဲ့လေပြီ။

စုဝေ့မင်က အနည်းငယ် အားနာစွာဖြင့် ပြောလာသည်။

“စစ်ထဲကိုဝင်ချင်တယ်ဆိုတာကို စောစောလေးပြောခဲ့ရင် ကျွန်တော် တစ်ခွန်းလောက်တော့ ပြောပေးလို့ ရတာပေါ့”

စစ်သားခေါ်ယူခြင်းမှာ မည်သည့်နေရာတွင်ဖြစ်စေ တူညီသည့်အတွက် နာမည်စာရင်းပေးသွင်းရန် ကူညီပေးခြင်းမှာ သူ့အတွက်တော့ အရေးကြီးသည့်ကိစ္စ မဟုတ်ပါချေ။

“ဒါက ကျွန်မတို့ အမှားပါပဲ၊ ကလေးက စနောက်နေတာပဲလို့ ထင်နေတာ။ သူက တကယ်ကြီး လုပ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ”

လုချင်းလန်တစ်ယောက် စိတ်ပျက်သွားသော်လည်း အမူအရာကိုတော့ တည်ငြိမ်အောင် ထားလိုက်လေသည်။

လုတုန်းရှန်နှင့် လုချင်းလန်တို့၏ သားကြီးမှာ လုရှန်ဟု အမည်ရှိလေ၏။

သူက နှုတ်ခမ်းဆူလိုက်ကာ မကျေမနပ်ဖြင့် ညည်းတွားလိုက်သည်။

“ကျွန်တော် စစ်ထဲကိုဝင်ချင်တယ်လို့ အမြဲပြောနေတာပဲကို”

“နင်က အတန်းဖော်နဲ့ အစီအစဉ်တွေ လုပ်ထားတယ်လို့ ပြောတာလေ၊ နင့်အတန်းဖော်က အသက်ဘယ်လောက်ရှိပြီလဲ၊ သူတို့က ဒီသတင်းတွေကို ဘယ်ကရတာလဲ”

လုချင်းလန်က ပြန်ပြောလိုက်၏။ ထို့ကြောင့်လည်း သူတို့က အလေးအနက်မထားခဲ့ခြင်း ဖြစ်ပေသည်။

လုရှန်သည်လည်း သေသေချာချာ မရှင်းပြနိုင်သော်လည်း သူ၏ အတန်းဖော်ကို ယုံကြည်နေခဲ့သည်။

“ရှင့်အတန်းဖော်က သွားပြီလား”

လီရှန်းက အနည်းငယ် ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ကျွန်မရဲ့ ဝမ်းကွဲမောင်လေးနှစ်ယောက်လည်း ယူနန်ကို စစ်ထဲဝင်ဖို့ သွားကြပြီ၊ သူတို့ သွားတာ ရက်နည်းနည်းလောက်တောင်ကြာနေပြီ၊ ရှင် အခုမှ သွားရင် နောက်မကျဘူးလား”

“နောက်မကျလောက်ပါဘူး”

လုရှန်မှာ ဤအကြောင်းကို ပြောသည့်အချိန်တွင် လူကြီးတစ်ယောက်ကဲ့သို့ တည်ငြိမ်သွားလေ၏။

“စစ်သားခေါ်ယူတာကလည်း အသုတ်လိုက် ခေါ်တာလေ၊ ပိုင်မားခရိုင်ကတော့ အမြဲတမ်း နည်းနည်း နောက်ကျတတ်တယ်”

လီရှန်း ခေါင်းညိတ်ပြလိုက်သည်။

ဒါဆိုရင်တော့ တော်သေးတာပေါ့။

စစ်သားခေါ်ယူရေးရုံးကနေ တစ်ဆင့်သွားတာဆိုရင်တော့ လိမ်ညာခံရမှာ မဟုတ်လောက်ဘူး။

ယခုခေတ်ကာလတွင် မည်သည့်နေရာသို့သွားသည်ဖြစ်စေ ထောက်ခံစာ လိုအပ်သော်လည်း လိမ်လည်လှည့်ဖြားသူများမှာတော့ အမြဲတစေ ရှိနေဆဲ ဖြစ်ပေသည်။

“မင်း တကယ်ပဲ သေချာလား”

လုတုန်းရှန်က ဆေးလိပ်ကို ဖွာလိုက်ရင်း မျက်ခုံးကို တွန့်ချိုးလိုက်၏။

လုရှန်က အလေးအနက် ခေါင်းညိတ်ပြလာသည်။

“ကျွန်တော် သေသေချာချာ ဆုံးဖြတ်ပြီးပါပြီ၊ ကျွန်တော် စစ်ထဲကိုဝင်ချင်တယ်”

“နင် ဘာလို့ ဒီလောက်တောင် စကားနားမထောင်ရတာလဲ ၊ အကြီးဆုံးအဒေါ်နဲ့ ငါ ပြောထားပြီးပြီလေ၊ နင့်ရဲ့ အိမ်ထောင်စုစာရင်းကို အဲဒီမှာ အရင်သွင်း၊ ပြီးရင် ရွာကနေ ထောက်ခံစာ ယူလိုက်ပေါ့

နင် အိမ်မှာပဲနေပြီး စာသေသေချာချာ ကြိုးစားထား၊ နှစ်ကုန်ပိုင်း အလုပ်ခေါ်တဲ့ စာမေးပွဲ ဖြေတဲ့အချိန်ကျမှ အိမ်ထောင်စုစာရင်းကို ပြန်ပြောင်းလို့ ရတာပဲ”

လုချင်းလန်မှာ သူမ၏ သားကြီးအတွက် လွန်ခဲ့သော ရက်များအတွင်း နည်းလမ်းရှာနေခဲ့ခြင်း ဖြစ်၏။ ဤတစ်ခုမှာ သူမ စဉ်းစားနိုင်သမျှ အကောင်းဆုံး အဖြေပင် ဖြစ်သည်။

သူမက သူမ၏သားကို ပြည်နယ်မြို့တော်တွင်ထားရန် စိတ်ချနိုင်သော်လည်း ဝေးကွာသော နေရာသို့ လွှတ်လိုက်ရန်ကို လုံးဝ မကြည့်ရက်ပါချေ။

*

အခန်း(188)

လုရှန်၏ အကြီးဆုံးအဒေါ်မှာ ကျေးလက် အိမ်ထောင်စုစာရင်း ရှိနေဆဲဖြစ်ပေသည်။ အကယ်၍ ကလေး၏ အိမ်ထောင်စုစာရင်းကို ထိုနေရာသို့ ပြောင်းလိုက်မည်ဆိုပါက သူသည်က ကျေးလက်သို့ အလုပ်ဆင်းရန် မလိုတော့ပါချေ။

“အကြီးဆုံးအဒေါ်က ကျွန်တော်တို့ မိသားစုကိုဘာမှမပြောဘဲ ကူညီပါ့မလား”

လုရှန်က နှာခေါင်းရှုံ့လိုက်သည်။

“ကျွန်တော်တို့ မိသားစုမှာ ဒီနှစ်တွေတစ်လျှောက် ဆွေမျိုးကောင်းဆိုလို့ တစ်ယောက်မှ မရှိခဲ့ဘူး”

လုချင်းလန် အနည်းငယ် အနေရခက်သွားရသည်။ တကယ်တမ်းတွင် ထိုသို့လုပ်ပါက သူမအနေဖြင့် တစ်ခုခုတော့ ပေးဆပ်ရလိမ့်မည်ပင်။

“ဘယ်လိုပဲဖြစ်ဖြစ်ပေါ့.. အမေ ဘာမှ ထပ်မပြောနဲ့တော့၊ ကျွန်တော် အိမ်မှာ နေဖို့ အစီအစဉ် မရှိဘူး”

လုရှန် ထရပ်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

“ကျွန်တော် သေနတ်ကိုင်ပြီး အမိနိုင်ငံကို ကာကွယ်ချင်တယ်”

လုချင်းလန်မှာ သူမ၏သားက အသံကုန် အော်ဟစ်နေသည်ကို ကြားလျှင် ချက်ချင်းပင် စိုးရိမ်တကြီးဖြင့် သူ့ကို ဆွဲကာ နောက်ကျောကို ပုတ်ရန် ပြင်လိုက်၏။

သို့သော်လည်း ပြတင်းပေါက် အပြင်ဘက်တွင် ပြောင်းဖူးများပါသော ခြင်းတောင်းကို ကိုင်ကာ မည်သည့်အချိန်ကတည်းက နားထောင်နေမှန်း မသိသော အဒေါ်မာကို မြင်လိုက်ရပေသည်။

“လောင်မာ၊ နင် ငါ့ကို လန့်သေအောင် လုပ်နေတာလား”

လုချင်းလန်မှာ သူမ၏ နှလုံးသား တစ်ခုလုံး အပြင်သို့ ထွက်ကျမတတ် ထိတ်လန့်သွားရရှာသည်။

“အိုး.. နေ့ခင်းကြောင်တောင်ကြီး ဘာကို ကြောက်နေတာလဲ၊ မကောင်းတာ လုပ်ထားလို့လား”

အဒေါ်မာက ယခင်အတိုင်း လေသံခပ်စူးစူးဖြင့် ပြောဆိုလိုက်ပြီး လုချင်းလန် လုပ်သကဲ့သို့ သူမ၏ ရင်ဘတ်ကို ပုတ်လိုက်လေသည်။

“လောင်စုတို့ အိမ်ရှေ့ကနေ နင့်အသံကို ကြားလိုက်လို့ ငါ နားကြားမှားသလားဆိုပြီး နားထောင်နေတာလေ”

လုချင်းလန်၏ မျက်နှာမှာ ချက်ချင်းပင် စိမ်းဖန်သွားတော့၏။

လုတုန်းရှန်က အခြေအနေကို ကြည့်ကာ အမြန်ပင် ဝင်ပြောလိုက်သည်။

“အစ်မကြီးမာပါလား၊ တကယ့်ကို ရှားရှားပါးပါး ရောက်လာတဲ့ဧည့်သည်ပဲ”

“ရှောင်လု၊ မင်းလည်း ဒီမှာရှိနေတာကိုး”

အဒေါ်ကြီးမာက ချောင်းအသာဟန့်လိုက်ပြီး သူမ၏ လေသံမှာလည်း ချက်ချင်းပင် ပျော့ပြောင်းသွားလေသည်။

လုချင်းလန် နှာခေါင်းရှုံ့လိုက်ကာ စိတ်ထဲမှ ကျိန်ဆဲနေခဲ့ပေသည်။

‘ သတ္တိမရှိလိုက်တာ!’

“ရှောင်လု၊ နင် ဘာလို့ ဒီလောက်တောင် စိတ်ရှုပ်ထွေးနေရတာလဲ၊ ငါ့အမြင်တော့ ရှောင်ရှန့်ရဲ့ အကြံက အတော်လေး ကောင်းပါတယ်”

အဒေါ်မာက စကားလမ်းကြောင်းကို ပြန်လည်လွှဲပြောင်းလိုက်ပြီး လုချင်းလန်ကို လှောင်ပြုံးများဖြင့် ကြည့်လိုက်၏။ ထို့နောက် လုရှန်ကို လှမ်းကြည့်လိုက်လေ၏။

“ဒါပေမဲ့ နင်က ကျန်းမာရေးစစ်ဆေးတာ အောင်ပါ့မလား၊ ငါကြားတာတော့ မျက်စိမကောင်းတဲ့သူဆိုရင် စစ်တပ်က လက်မခံဘူးဆိုပဲ”

လုချင်းလန်မှာ မွေးရာပါအဝေးမှုန်ဝေဒနာ ပြင်းထန်သူဖြစ်ပြီး ငယ်စဉ်ကတည်းက မျက်မှန်တပ်ခဲ့ရပေသည်။ သူမအနေဖြင့် ထိုဝေဒနာကို သူမ၏ သားသမီးများထံ လက်ဆင့်ကမ်းမိမည်ကို အမြဲတစေ စိုးရိမ်နေခဲ့၏။

ထို့ကြောင့် အဒေါ်မာ၏ စကားကို ကြားလိုက်ရချိန်တွင် သူမက ချက်ချင်းပင် ဒေါသထွက်သွားပြီး ခါးကိုထောက်ကာ ပြန်လည်ဆဲဆိုလေတော့သည်။

“နင့်ရဲ့ ချန်ဇီကိုပဲ ပြန်ဂရုစိုက်လိုက်စမ်းပါ၊ သူ လက်ထပ်တာ ရက်ပိုင်းပဲ ရှိသေးတယ်၊ လျို့ရှောင်ဟဲဆီကို ဝက်နံရိုးတွေ နှစ်ခါတောင် သွားပို့တာကို ငါကိုယ်တိုင် မြင်လိုက်တယ်နော်”

လျို့ရှောင်ဟဲမှာ မုဆိုးမတစ်ဦး ဖြစ်ပေသည်။ သူမနှင့် သူမ၏ ခင်ပွန်းမှာ ငယ်စဉ်ကတည်းက စက်ရုံဝန်ထမ်းများ ဖြစ်ကြသော်လည်း လွန်ခဲ့သော နှစ်နှစ်ခန့်က သူမ၏ ခင်ပွန်းက ဆုံးပါးသွားခဲ့သည်။

ထို့ကြောင့် သူမတစ်ယောက်တည်း ကလေးကို ပြုစုပျိုးထောင်ကာ စက်ရုံတွင် အလုပ်လုပ်နေခြင်း ဖြစ်၏။

မုဆိုးမတစ်ဦး၏ အိမ်ရှေ့တွင် အတင်းအဖျင်းများဆိုသည်က အမြဲတစေ ရှိနေတတ်သည် မဟုတ်ပါလား။

ထို့အပြင် သူမက လှပပြီး နူးညံ့သိမ်မွေ့သော မုဆိုးမငယ်လေး ဖြစ်သည့်အတွက် လူငယ်အတော်များများက သူမကိုမျက်နှာလုပ်ရန် ရောက်ရှိလာတတ်ကြသည်။

ထိုအခြေအနေက အတင်းအဖျင်းသတင်းများကို ပို၍ပင် ဖြစ်ပေါ်စေခဲ့ပေသည်။

“နင် အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာပဲ! ငါ့ရဲ့ ချန့်ဇီက အိမ်ကနေ အပြင်မထွက်တာ ရက်ပေါင်းများစွာ ရှိနေပြီ!”

အဒေါ်မာ၏ မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့၏။

သူမ၏ အငယ်ဆုံးသားမှာ လက်ထပ်ပြီးနောက် အမေကို မေ့သွားသော အသုံးမကျသူ ဖြစ်သော်လည်း၊ သူမအနေဖြင့် သားနှင့် ချွေးမတို့ ချစ်ချစ်ခင်ခင် ရှိနေသည်ကိုသာ မြင်လိုပြီး မုဆိုးမတစ်ဦးနှင့် နာမည်ထွက်မည်ကို လုံးဝ မလိုလားပါချေ။

သို့သော် သူမ၏ စိတ်ထဲတွင်တော့ အနည်းငယ် စိုးရိမ်သွားမိရ၏။ သူမ၏ မိသားစုအတွင်း မည်သည့်အရာများဖြစ်ပျက်နေသည်ကို တခြားသူများ မသိနိုင်သော်လည်း သူမကတော့ ပို၍သိရှိနိုင်သည်။

သူမ၏ သားငယ်မှာ ဒီရက်ပိုင်းအတွင်း အမှန်တကယ်ပင် ထူးထူးဆန်းဆန်း ပြုမူနေခဲ့ခြင်း ဖြစ်ပေသည်။

သူက တကယ်ကြီးလျို့ရှောင်ဟဲနှင့် ပတ်သက်နေတာလား။

“မယုံရင်လည်း နေပေါ့”

လုချင်းလန်က မျက်လုံးလှန်လိုက်၏။

“နင်နဲ့ ငါက ဘာရန်ငြိုးမှရှိတာ မဟုတ်ဘူး ဘာလို့ မဟုတ်တာတွေပြောရမှာလဲ”

အဒေါ်မာက သူမကို တံတွေးဖြင့် ထွေးလိုက်ပြီး ခပ်စူးစူးအော်ပြောလိုက်သည်။

“ငါက နင့်စကားတွေကို တမင်တကာ ချောင်းနားထောင်နေတယ်လို့ မထင်နဲ့ဦး၊ ငါက အဲဒီလို လူစားမျိုး မဟုတ်ဘူး၊ ငါလာတာက နင့်ရဲ့ ယောက်မက စက်ရုံတံခါးဝမှာ စောင့်နေတယ်လို့ လာပြောတာ၊ သူက အထဲဝင်လို့ မရလို့ နင်သွားခေါ်ပေးရမယ်တဲ့”

ဆေးဝါးစက်ရုံမှာ လုပ်ငန်းလည်ပတ်ခြင်း မရှိချိန်တွင် လူအများက လွတ်လပ်စွာ အဝင်အထွက် ပြုလုပ်နိုင်သော်လည်း၊ အလုပ်စတင်ချိန်တွင်ဆော့ အဝင်အထွက်ကို တင်းကျပ်ထားလေ့ရှိပေသည်။

စက်ရုံအတွင်းမှ လူတစ်စုံတစ်ဦးက လာရောက်မခေါ်ဆောင်ပါက မည်သူမျှ စိတ်ကြိုက် ဝင်ထွက်၍ မရပါချေ။

ထိုစကားကို ကြားလိုက်ရလျှင် လုချင်းလန်သည်လည်း သူမအနေဖြင့် အဒေါ်မာကို အထင်လွဲခဲ့ကြောင်း ချက်ချင်း သိလိုက်ရတော့သည်။

သို့သော် အဒေါ်ကြီးမာ၏ စကားများမှာ တကယ်ကို ဆိုးရွားလွန်းပေသည်။

ပြောစရာရှားလို့ ကလေးရဲ့မျက်စိကိုမှ လာပြီး ဝေဖန်နေတာလား။

အဒေါ်မာက လျင်မြန်စွာ ထွက်ခွာသွားသောကြောင့် လုတုန်းရှန်နှင့် သူ၏ဇနီးမှာလည်း သူမကို ထပ်မံ၍ ဟန့်တားခြင်း မပြုခဲ့ကြပါချေ။

သူတို့အနေဖြင့် စုဝေ့မင်က သူတို့ကို ကူညီနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း၊ ချုံကျိုးရှိ စစ်သားခေါ်ယူမှုကာလမှာ ကျော်လွန်သွားခဲ့ပြီဖြစ်ပေ၏။

ထို့ကြောင့် ဇနီးမောင်နှံနှစ်ဦးမှာ စိတ်ပျက်လက်ပျက်ဖြင့်သာ အိမ်သို့ ပြန်သွားခဲ့ကြရတော့ပေသည်။

သူတို့ ထွက်သွားသည်နှင့် မူလက တစ်ခွန်းမျှ ဝင်မပြောခဲ့သော လော်ယွီရှို့က ချက်လျင်းပဲ နှုတ်ခမ်းစူလိုက်ပြီး ပြောလာလေ၏။

“အခုကျမှ အလောတကြီးဖြစ်နေတာလား၊ အရင်တုန်းကကျတော့ ဘာတွေလုပ်နေခဲ့တာလဲ”

“အမေ.. စကားနည်းနည်းလောက် လျှော့ပြောပါဦး”

စုဝေ့ချင်းက သူမ၏ ဘေးမှနေ၍ ချောင်းအသာဟန့်လိုက်ပြီး တံခါးဝဘက်သို့ လှမ်းကြည့်လိုက်သည်။

“ဒီရက်ပိုင်း အဒေါ်ကြီးမာရဲ့ ခြေလှမ်းတွေက တဖြည်းဖြည်းနဲ့ ပိုပြီးတော့ ပေါ့ပါးလာသလိုပဲနော်”

ပြောစရာမလိုပါချေ။ သူမရောက်နေသည်ကို မည်သူကမှ မသိရှိခဲ့ပေ။

လော်ယွီရှို့သည်လည်း အလွန်ပင် စိတ်ရှုပ်နေခဲ့၏။

“ဒီလောင်မာကတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီး လွန်လာပြီ၊ ဒီနေရာကက ဘာလဲ၊ ရွာအဝင်ဝတံခါးလား၊ လူတိုင်းရဲ့ စကားကို လိုက်ပြီး ချောင်းနားထောင်နေတာက ကောင်းတဲ့လုပ်ရပ်လား”

မတိုင်မီက အဒေါ်မာ၏ အပြုအမူကို ကြည့်ခြင်းအားဖြင့် သူမသည်က အတော်ကြာအောင် ချောင်းနားထောင်နေခဲ့ခြင်း ဖြစ်ကြောင်းသိနိုင်ပေသည်။

ခြင်းတောင်းထဲမှ ပြောင်းဖူးများပင်လျှင် နှစ်ဖူးလောက် အစေ့နွှာပြီးနေပြီွဟုတ်ပါလား။

စုဝေ့မင်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်၏။ သူ့အနေဖြင့် မည်မျှပင် ညည်းညူချင်နေသည်ဖြစ်စေ၊ ကလေးများ၏ ရှေ့တွင်တော့ အမြဲတစေတည်တည်ငြိမ်ငြိမ် နေလေ့ရှိပေသည်။

“ထားလိုက်ပါတော့၊ အခု လောင်လုတို့ လင်မယားလည်း ပြန်သွားပြီဆိုတော့ ငါတို့လည်း ထမင်းချက်ကြရအောင်”

သူတို့ အလုပ်ဆင်းသည်နှင့် လုတုန်းရှန်နှင့် လုချင်းလန်တို့က လုရှန်ကို ခေါ်ဆောင်ကာ ရောက်လာခဲ့ကြခြင်း ဖြစ်ပေသည်။ မိသားစုမှာ မူလက ကန်စွန်းဥဆန်ပြုတ် ချက်ရန် စီစဉ်ထားသော်လည်း တစ်နာရီနီးပါးခန့် ကြန့်ကြာသွားခဲ့ရ၏။

ယခုအချိန်တွင်ချက်လျှင် ရှစ်နာရီ၊ ကိုးနာရီလောက်မှသာ ဆန်ပြုတ်ကို စားနိုင်တော့မည့်အခြေအနေရှိနေလေပြီ။

လူတိုင်းက တစ်နေ့လုံး အလုပ်ရှုပ်နေခဲ့ကြသည်ဖြစ်၍ မည်သူမှ ဗိုက်မဆာဘဲ မနေပါချေ။

ထို့ကြောင့်... ခေါက်ဆွဲကိုသာ စားသောက်ဖို့ဖြစ်လာခဲ့ပြန်၏။

မီးဖိုချောင်အတွင်း၌ စားဖိုမှူး လော်ယွီရှို့၊ လက်ထောက်စားဖိုမှူး လီရှန်းတို့အပြင် စုဝေ့ချင်းမှာလည်း အဝင်အထွက် ပြုလုပ်နေကြသောကြောင့် လော်ယွီရှို့တစ်ယောက် မနေနိုင်တော့ဘဲ ခပ်ရွဲ့ရွဲ့ပြောလိုက်မိသည် ။

“မင်း မီးဖိုချောင်ထဲကို ဒီလောက်အထိ အပြေးအလွှား ဝင်တာမျိုး တစ်ခါမှ မမြင်ဖူးပါဘူး”

စုဝေ့ချင်းက ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်၏။

“ကျွန်တော်က အရင်တုန်းက ပျင်းရိတဲ့သူ တစ်ယောက်ပဲလေ၊ အဲဒီတုန်းကကျတော့ အမေ ဘာလို့ ဒါကို မပြောခဲ့တာလဲ”

“နင်ကတော့ တကယ်ကို အရှက်မရှိတာပဲ”

လော်ယွီရှို့က ဟင်းခတ်ဇွန်းကြီးကို ဝှေ့ယမ်းကာ စုဝေ့ချင်း၏ ဦးခေါင်းကို ရိုက်ရန် ပြင်လိုက်လေသည်။

စုဝေ့ချင်းသည်လည်း လည်ပင်းကျုံ့ကာ ခပ်သွက်သွက်ပင် ထွက်ပြေးသွားလေခဲ့၏။ သူက ထွက်မပြေးသေးမီ လီရှန်းကို လှမ်းဖက်ကာ နှစ်ကြိမ်မျှ လှုပ်ခါသွားခဲ့သောကြောင့် လီရှန်းတစ်ယောက် ဟင်းသီးဟင်းရွက် လှီးရန်ပင် မေ့သွားခဲ့ရသည်။

“ဒီကလေးကတော့ တကယ်ပါပဲ”

လော်ယွီရှို့တစ်ယောက် ဒေါသထွက်သွားရ၏။ ဤမျှအထိ ပြဿနာရှာတတ်သော ကလေးမျိုးကို သူမ တစ်ခါမျှ မမြင်ဖူးပါချေ။

“အမေ၊ အိုးထဲက ရေတွေဆူနေပြီ”

လီရှန်းက အိုးကို လှမ်းကြည့်၍ ပြောလိုက်လေ၏။ သူမ၏ ပါးပြင်လေးများမှာ အတန်ငယ် နီမြန်းနေဆဲပင်။

လော်ယွီရှို့သည်လည်း ငယ်ရွယ်ဖူးသူ ဖြစ်သည့်အတွက် အသစ်စက်စက်ဇနီးမောင်နှံလေးများမှာ အမြဲတစေ ချစ်ခင်တွယ်ကပ်ကြသည်ကို သေချာပေါက် သိထားခဲ့သည်။

ထို့ကြောင့် စုဝေ့ချင်း၏ လုပ်ရပ်ကို မမြင်ချင်ယောင်ဆောင်ကာ ခေါက်ဆွဲများကိုသာ အမြန်ထည့်လိုက်လေတော့သည်။

*

All Chapters