← Chapters

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

အခန်း(189)

“မင်းတို့တွေ ဒီလိုမျိုး ဆက်ပြီး စားလို့ မဖြစ်တော့ဘူး”

လော်ယွီရှို့က ခေါက်ဆွဲကို အရသာရှိစွာ စားသောက်နေရင်းနှင့် နှမြောစွာ ပြောလိုက်သည်။

“ဒီလိုသာ ဆက်စားနေမယ်ဆိုရင် နောက်ပိုင်းကျရင် မင်းတို့တွေ ဆန်ကြမ်းတွေနဲ့ တောရိုင်းဟင်းသီးဟင်းရွက်တွေကိုပဲ စားရတော့မှာ”

“အဆင်ပြေပါတယ် အမေ၊ ရှန်းရှန်းနဲ့ ကျွန်တော်က မကြာခင်မှာ လစာရတော့မှာပဲလေ၊ အဲဒီအချိန်ကျရင် ကျွန်တော်တို့ရဲ့ အစားအသောက်တွေကို ပိုပြီးတော့တောင် ကောင်းကောင်းချက်ပြုတ်လို့ရသေးတယ်”

စုဝေ့ချင်းက ခေါင်းပင်မဖော်ဘဲ စားနေရင်းနှင့် လော်ယွီရှို့ ပျော်ရွှင်စေရန်အတွက် စကားကောင်းကောင်းများကို ပြောရန်လည်း မမေ့ခဲ့ပါချေ။

လော်ယွီရှို့၏ နှုတ်ခမ်းများမှာ အပြုံးတစ်ခု ပေါ်လာသော်လည်း သူမ၏ လေသံမှာတော့ အပြစ်တင်သည့်အရိပာအရောင်များဖြစ်နေဆဲပင်။

“မင်းတို့တွေက ပိုက်ဆံမစုဘူးဆိုရင် နောက်ပိုင်းကျရင် ကလေးတွေကို ဘယ်လို ပြုစုပျိုးထောင်မလဲ၊ မိဘတွေကပဲ ကူညီပြီး ပြုစုပေးရမှာကို မျှော်လင့်နေတာလား”

သူမ၏ သားသုံးယောက်လုံးမှာ တရားဝင် အိမ်ခွဲမနေကြသေးသော်လည်း၊ ယခုအချိန်တွင် ကိုယ့်ကိစ္စကို ကိုယ် ကိုင်တွယ်နေကြပြီဖြစ်၍ အိမ်ခွဲနေခြင်းနှင့် တူညီပေ၏။

သူမအနေဖြင့် သူမ၏ သားငယ်ကို ကူညီချင်လျှင်ပင် ပေါ်တင် လုပ်၍ မရပါချေ။ သို့မဟုတ်ပါက တခြားသောသားများက သေချာပေါက် ကန့်ကွက်ကြပေလိမ့်မည်။

“ဘယ်လိုလုပ် အဲဒီလိုလုပ်လို့ဖြစ်မှာလဲ ၊ အမေ.. ရှန်းရှန်းနဲ့ ကျွန်တော့်မှာ ပိုက်ဆံရှိပါတယ်”

စုဝေ့ချင်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

လီရှန်း၏ ပိုက်ဆံကို ထားလိုက်ဦး။ သူကိုယ်တိုင်ပင်လျှင် စာမူခတစ်ခုတည်းနှင့်တင် ယွမ်တစ်ထောင်ကျော် ရရှိထားပြီး ဖြစ်ပေသည်။

ထို့အပြင် သူသည်က မကြာသေးမီက ဆောင်းပါးအတော်များများကို ရေးသားထားခဲ့သည်။ ထိုဆောင်းပါးများကို မည်သူကမျှ ဝေဖန်ခြင်း မပြုရသေးသော်လည်း သူ၏ အရည်အချင်းမှာ ယခင်ကထက် များစွာ မြင့်မားလာပြီဖြစ်ကြောင်း သူကိုယ်တိုင် သိရှိနေခဲ့၏။

အကယ်၍ ထိုဆောင်းပါးများကို ထုတ်ဝေရန် ပေးပို့လိုက်မည်ဆိုပါက နောက်ထပ် ဝင်ငွေများစွာ ရရှိဦးမည် ။ ထို့အပြင် သူနှင့် လီရှန်းမပင်တရားဝင်အမြဲတမ်း ဝန်ထမ်းများ ဖြစ်ကြစည့်အတွက် သူတို့နှစ်ဦး၏ လစာပေါင်းလျှင် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရန်အတွက် လုံလောက်သည်ထက်ပင် ပိုပေလိမ့်မည်။

“ပိုက်ဆံကိုတော့ ဂရုတစိုက် သုံးစွဲရမယ်လေ”

လော်ယွီရှို့က စုဝေ့ချင်းကို မျက်လုံးလှန်၍ ကြည့်လိုက်၏။

“ကောင်းပြီ... မြန်မြန်စားကြစမ်းပါ၊ ထမင်းစားပွဲပေါ်မှာ ပိုက်ဆံအကြောင်း ပြောနေရင် သီးလိမ့်မယ်”

စုဝေ့မင် ဝင်ပြောလိုက်သည်နှင့် လူတိုင်း တိတ်ဆိတ်သွားကြပြီး အစားအသောက်ကိုသာ အာရုံစိုက်၍ စားသောက်ကြတော့သည်။

ညဉ့်နက်သော အချိန်တွင် ဟင်းရည်ပူပူလေးနှင့် အဆီအနည်းငယ် ပါသော အစားအသောက်ကို စားရခြင်းထက် စိတ်ကျေနပ်စရာ ကောင်းသောအရာ မရှိပါချေ။

ထမင်းစားပြီးနောက် လူကြီးဇနီးမောင်နှံမှာ တံခါးဘက်ရှိ ထိုင်ခုံပုလေးများပေါ်တွင် ထိုင်ကာ တစ်ဦးက ပဲကြီးများကို ခွာနေပြီး၊ ကျန်တစ်ဦးက မည်သည့်အချိန်ကထုတ်ဝေသည့် သတင်းစာမှန်းမသိရသော သတင်းစာတစ်စောင်ကို ဖတ်နေခဲ့၏။

စုဝေ့ချင်းနှင့် လီရှန်းတို့မှာတေား သူတို့၏ အခန်းထဲသို့ ပြန်သွားကြပြီး တစ်ဦးက စာဖတ်ကာ နောက်တစ်ဦးက သုတေသနအတွက်ိုအပ်သည်များကိုပြုလုပ်နေခဲ့လေ၏။

စုဝေ့ချင်းက စားပွဲတွင် ခန္ဓာကိုယ်ကိုကိုင်းညွတ်ကာ စာများကို အသည်းအသန် ကူးရေးနေခဲ့သည်။ လီရှန်းကတော့ လက်ထဲမှ အသည်းရောင်အသားဝါရောဂါဆိုင်ရာ အချက်အလက်များကို ကြည့်ကာ မျက်မှောင်ကြုတ်နေမိလေ၏။

ဤသည်မှာ လွန်ခဲ့သော အချိန်တချို့က စုဝေ့ချင်း ကူးရေးပေးထားသည့် အသည်းရောင်အသားဝါ ကုသရေးဆိုင်ရာ သုတေသနစာတမ်းတစ်ခု ဖြစ်ပေသည်။

ထိုစာတမ်းတွင် အသည်းရောင်အသားဝါမှာ အမျိုးအစား (A) သာမက အမျိုးအစား (B) နှင့် (C) ဟူ၍လည်း ရှိကြောင်းကို ရှင်းလင်းစွာ ဖော်ပြထား၏။

သို့သော် လက်ရှိတွင် သုတေသနဌာနသည်က အသည်းရောင်အသားဝါ ကာကွယ်ဆေးအတွက် အားလုံးကို ခြုံငုံ၍ ယေဘုယျဆန်စွာသာ သုတေသနပြုနေခဲ့ကြသည်။

သူတို့၏ သုတေသနက လမ်းကြောင်းမှားနေသည်ကို သူမ အသေသေချာချာ သိနေသော်လည်း မည်သည့်အရာကိုမှ ထုတ်ဖော်မပြောနိုင်ဘဲ သူတို့ လမ်းမှားသို့ ဦးတည်နေကြသည်ကိုသာ ကြည့်နေရသည်။

“ဘာလို့ သက်ပြင်းတွေ ချနေတာလဲ”

လီရှန်း ကိုယ်တိုင်ပင် မသိလိုက်ဘဲ ချလိုက်မိသော သက်ပြင်းသံမှာ စုဝေ့ချင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့လေ၏။ သူသည်လည်း နောက်ဆုံးစာပိုဒ်ကို ကူးရေးပြီးစီးသွားပြီဖြစ်၍ မော့ကြည့်လိုက်သည့်အခိုက်တွင် လီရှန်း၏ စိုးရိမ်ပူပန်နေသော မျက်နှာကို မြင်လိုက်ရသည်။

သူ စိုးရိမ်တကြီးဖြင့် သူမ၏အနားသို့ တိုးကပ်လာကာ သူမ၏ လက်ထဲမှ စာရွက်စာတမ်းများပေါ်သို့ ကြည့်လိုက်မိသည်။

“ဒါကို ကြည့်ပါဦး...”

လီရှန်းက အချက်အလက်များထဲမှ အသည်းရောင်အသားဝါ အမျိုးအစားခွဲခြားမှုများကို လက်ညှိုးထိုးပြလိုက်သည်။

“ကျွန်မအထင်တော့ အစ်ကိုကြီးတို့ရဲ့ သုတေသနလမ်းကြောင်းက တစ်ခုခု မှားနေသလိုပဲ”

“မှားနေတယ်?”

စုဝေ့ချင်းလည်း လီရှန်း၏ လက်ထဲမှ စာရွက်စာတမ်းများကို လှမ်းယူလိုက်သည်။ သူသည်က ကူးရေးနေစဉ်အတွင်းက သေသေချာချာ သတိမထားမိခဲ့ပါချေ။

ယခု လီရှန်း ပြလိုက်သည့်အချိန်မှသာ သူ သတိထားမိတော့သည်။ သို့သော် သူသည်က သုတေသန၏ တိုးတက်မှု အခြေအနေများကို မသိသဖြင့် အချိန်အတော်ကြာ ကြည့်နေသော်လည်း ပြဿနာကို ရှာမတွေ့နိုင်ခဲ့ပေ။

“ဘယ်နေရာမှာ မှားနေလို့လဲ”

လီရှန်း : “...”

ဒီလူက သရုပ်ဆောင်နိုင်တဲ့ လူတစ်ယောက်တော့ မဖြစ်နိုင်ဘူး။ မဟုတ်ရင် နေ့တိုင်း လူမိနေတော့မယ်။

“ဒီမှာ... ဒီစာကြောင်းကို ကြည့်ပါဦး”

လီရှန်းက စာကြောင်းတစ်ခုကို လက်ညှိုးထိုးပြလိုက်၏။

“ကျွန်မ အစ်ကိုကြီးရဲ့ သုတေသန အချက်အလက်တွေကို ကြည့်ဖူးတယ်၊ သူတို့က အသည်းရောင်အသားဝါဆိုတဲ့ ခေါင်းစဉ်အောက်မှာ အားလုံးကို ခြုံငုံပြီးတော့ပဲ လုပ်နေကြတာ

ဆိုလိုတာက သူတို့က အသည်းရောင်အသားဝါကို ဒီလောက်အထိ အသေးစိတ်အမျိုးအစား မခွဲထားကြဘူးလေ၊ ဒါပေမဲ့ ရှင်ပေးတဲ့ ဒီစာတမ်းထဲမှာတော့ အမျိုးအစား အသီးသီးရဲ့ ကွာခြားချက်တွေကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်...”

လီရှန်းသည် စုဝေ့ချင်းကို ထူးဆန်းသော အကြည့်များဖြင့် စိုက်ကြည့်လိုက်ပြီးနောက်မေးလိုက်တော့သည်။

“ဝေ့ချင်း၊ ကျွန်မကို အမှန်အတိုင်း ပြောစမ်းပါ၊ ဒီစာတမ်းတွေကို ရှင် ဘယ်က ရခဲ့တာလဲ”

ဝုန်းခနဲ တိုးဝင်လာသော ခံစားချက်နှင့်အတူ စုဝေ့ချင်း၏ခေါင်းနှင့် ကျောပြင်တွင် ချွေးအေးများ ထွက်လာခဲ့ချေပြီ။

သူသည်က လီရှန်း၏ မျက်လုံးများကို တိုက်ရိုက် မကြည့်ရဲတော့ပါချေ။

သူ ဘယ်လိုပြောရမလဲ။

ဒီအချက်အလက်တွေကို သူ ဝယ်လာတာလို့ ပြောရမလား။ တကယ်လို့သူသာ ဒါတွေကို ဝယ်ယူနိုင်တယ်ဆိုရင် ဒီအသိပညာတွေက လူတိုင်းသိပြီးသား အခြေခံဗဟုသုတများ ဖြစ်နေကြောင်း သက်သေပြနေလိမ့်မယ်။

သာမန်လူများပင် နားလည်နေသည်ဆိုပါက ဆေးဝါးသုတေသနပညာရှင်ဖြစ်သော စုဝေ့ဟိုင်အနေဖြင့် ဤအချက်အလက်များကို သေချာပေါက် သိနေရပေမည်။

သို့သော် အကယ်၍ သူသာ ထိုစာစောင်ကို မဝယ်ခဲ့ပါက ဤအချက်အလက်များမှာ မည်သည့်နေရာမှ ရောက်လာခဲ့ပါသနည်း။

ယခုခေတ်ကာလတွင် လူတိုင်းက စကားပြောဆို ပြုမူရာ၌ အလွန်ပင် ထိရှလွယ်ကြသည်။ လီရှန်းက သူ့ကို သူလျှိုတစ်ယောက်ဟု အထင်မှားသွားမည်လား။

သို့မဟုတ် အကယ်၍ သူ့တွင် စနစ် ရှိနေသည့်အကြောင်းကို အမှန်အတိုင်း ပြောပြလိုက်လျှင်..

လီရှန်းက သူ့ကို လိမ်လည်လက်ထပ်ခဲ့သည်ဟု ထင်သွားမည်လား။

မည်သို့ပင်ဆိုစေ သူ၏ ဦးနှောက်ထဲတွင် စကားပြောတတ်သော စနစ်တစ်ခု ရှိနေသောကြောင့် သူသည်က သာမန်လူကဲ့သို့ အသက်ရှည်ရှည် နေရမည့်ပုံ မရှိပါချေ။ သူ့ထံတွင် ပြဿနာရှိနေသည်ကို သိနေလျက်နှင့် ရဲဘော်လီရှန်းကို လက်ထပ်ခဲ့မိသည် မဟုတ်ပါလား...

စုဝေ့ချင်းတစ်ယောက် ဤအကြောင်းကို တွေးမိသည်နှင့် မျက်ဝန်းများ နီရဲလာခဲ့သည်။

ရဲဘော်လီရှန်းက သူ့အပေါ် စိတ်ပျက်သွားပြီး ကွာရှင်းဖို့ တောင်းဆိုလာတော့မည်လား။

လီရှန်း : “...”

ရှင် ဘာလို့ အူကြောင်ကြောင်နဲ့ ရပ်နေတာလဲ။

စနစ်အကြောင်းနှင့်ပတ်သက်ပြီး အကုန်လုံးကို မြန်မြန် ဖွင့်ပြောလိုက်စမ်းပါ!

ထိုသို့ဖြစ်မှသာ သူမအနေဖြင့်လည်း သူ့ကို ဤကဲ့သို့ လျှောက်ပြီး ကူးခိုင်းမည့်အစား တခြားသော အချက်အလက်များကို ရှာခိုင်းနိုင်မည် မဟုတ်ပါလား။

သူမ မသိမသာ စမ်းသပ်ကြည့်ပြီးနောက် စုဝေ့ချင်းက ဤအသည်းရောင်အသားဝါ အချက်အလက်များကို သတိမပြုမိဘဲကူးပေးခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ရပေသည်။

“ရှန်းရှန်း၊ ကိုယ်...”

စုဝေ့ချင်းက အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် စနစ်အကြောင်းကို ဖွင့်ပြောရန် ဆုံးဖြတ်လိုက်လေ၏။

မည်သို့ပင်ဖြစ်စေခုပြောမှ ဖြစ်တော့မည်။ သူသည်က ယောက်ျားတစ်ယောက်ဖြစ်၍ တာဝန်ယူရပေလိမ့်မည်။

သို့သော် သူ စကားစရန် ပြင်လိုက်ချိန်မှာပင် အပြင်ဘက်မှ လော်ယွီရှို့၏ စိုးရိမ်တကြီး အော်ဟစ်သံကို ကြားလိုက်ရသည်။

“ဘယ်လိုတွေ ဖြစ်ကုန်တာလဲ အစောကြီး ရှိသေးတာကို”

ချက်ချင်းပင် ဝူလီ၏ အသံ ထွက်ပေါ်လာ၏။

“ကျွန်မလည်း မသိဘူး၊ အလုပ်က ပြန်လာတော့ ရှောင်ကျွင့်က အိပ်ချင်တယ်လို့ပြောလို့ အင်္ကျီလဲပေးပြီး သိပ်ထားလိုက်တာ၊ ထမင်းချက်ပြီးလို့ သွားကြည့်တော့မှ ရှောင်ချန်က လာပြောတယ်၊ ရှောင်ကျွင့်က ကိုယ်တွေ အရမ်းပူနေတယ်တဲ့

ကျွန်မ သွားစမ်းကြည့်တော့ တစ်ကိုယ်လုံး မီးလို ပူနေတာ၊ မျက်နှာလေးလည်း နီရဲနေတာပဲ”

ဝူလီမှာ စိုးရိမ်လွန်းသဖြင့် ငိုပင်ငိုနေခဲ့ချေပြီ။

သူမသည် အိမ်ထောင်ကျဖူးသော်လည်း ကိုယ်ပိုင်ကလေး မရှိဖူးသည့်အတွက် ကလေးများမှာ ဤမျှအထိ နုနယ်သည်ကို မသိခဲ့ပါချေ။

မွန်းလွဲပိုင်းက ကလေးထိန်းကျောင်းမှ သွားကြိုချိန်ကပင် လန်းလန်းဆန်းဆန်း ရှိနေသေးသည်။ သို့သော်လည်း ခဏအတွင်းမှာပင် အဖျားကြီးကာ မျက်လုံးပင် မဖွင့်နိုင် ဖြစ်သွားရလေပြီ။

သူမအနေဖြင့် တာဝန်မယူရဲသောကြောင့် ကလေးကို အဝတ်အစား အမြန်လဲပေးကာ လူကြီးနှစ်ယောက်ထံသို့ ပြေးလာခဲ့ခြင်း ဖြစ်ပေသည်။

“စိတ်မပူပါနဲ့၊ ကျွန်မ တစ်ချက်လောက် ကြည့်ပါရစေ”

လီရှန်းမှာ စုဝေ့ချင်းကို ဆက်လက်စစ်မေးရန်ပင် မေ့သွားခဲ့လေ၏။ သူမ အခန်းထဲမှ ထွက်လာပြီးနောက် ရှောင်ကျွင့်၏ ဦးခေါင်းကို စမ်းကြည့်လိုက်လျှင် အလွန် ပူနေခဲ့ချေသည်။

“အအေးမိတာလား မသိဘူး”

လော်ယွီရှို့က အခန်းထဲသို့ အမြန်ပြန်ဝင်ကာ ပုဝါတစ်ထည်ကို ရေစိုစေပြီး ရှောင်ကျွင့်၏ နဖူးပေါ်တွင် တင်ပေးလိုက်၏။ ထို့နောက် စုဝေ့မင်ကို အမြန်လှမ်းခေါ်လိုက်သည်။

“အခုချက်ချင်း ဆေးခန်းကို သွားကြစို့”

“ကျွန်မ အစ်မလျို့ကို သွားရှာလိုက်မယ်”

လီရှန်းအနေဖြင့် ရှောင်ကျွင့်တွင် ရေကျောက်ပေါက်တော့မည်လားဟု သံသယရှိသော်လည်း၊ သူမ၏ ဆေးပညာ အရည်အချင်းကို မဖော်ပြချင်သောကြောင်း အမြန်ပင် ပြောလိုက်သည် ။

“သူ့အိမ်က ပိုပြီး နီးတယ်လေ”

“ဟုတ်တယ်၊ ဟုတ်တယ်၊ လောင်လျို့ကို သွားရှာကြတာပေါ့”

*

အခန်း(190)

နည်းပညာဌာနမှ အစ်မလျို့က ဆေးပညာကျွမ်းကျင်သော စစ်မြေပြင် ဆရာဝန်ဟောင်း တစ်ဦးဖြစ်ကြောင်းကို လော်ယွီရှို့ ရုတ်တရက် သတိရသွား၏။

ဆေးခန်းနှင့် သူမ၏အိမ်မှာ အတော် ဝေးသော်လည်း အစ်မလျို့မှာတော့ အရှေ့ဘက် အဆောက်အအုံတွင်သာ နေထိုင်ခြင်း ဖြစ်ပေသည်။

လီရှန်းက ဖိနပ်ကို အမြန်စီးကာ အပြင်သို့ ပြေးထွက်သွားတော့၏။

သူမက အောက်ထပ်သို့ အမြန်ဆင်းကာ အရှေ့ဘက် အဆောက်အအုံသို့ ပြေးသွားပြီး၊ ထမင်းစားပြီးခါစဖြစ်၍ အိပ်ရန်ပြင်နေသော အစ်မလျို့ကို သွားရောက်ခေါ်ဆောင်ခဲ့ပေသည်။

အစ်မလျို့သည်ကား စစ်မြေပြင် ဆရာဝန်တစ်ဦး ဖြစ်သော်လည်း ဒဏ်ရာကုသခြင်း တစ်ခုတည်းကိုသာ တတ်မြောက်သည် မဟုတ်ပါချေ။

သူမက တခြားသော ဆေးပညာရပ်များတွင်လည်း အလွန် ကျွမ်းကျင်သူ ဖြစ်၏။ သူမက ကလေးအထူးကု မဟုတ်သော်လည်း ရှောင်ကျွင့်ကို စစ်ဆေးပြီးနောက် လော်ယွီရှို့အား ကလေး၏ အင်္ကျီများကို ချွတ်ခိုင်းလိုက်သည်။

သေချာပေ၏။ ဝမ်းဗိုက်ပေါ်တွင် အနီစက်လေးများ ပေါ်နေခဲ့ချေပြီ။ သို့သော် အရေကြည်ဖုများအဖြစ်သို့တော့ မပြောင်းလဲသေးပါချေ။

“ဒါ ရေကျောက် ပေါက်တာပဲ”

အစ်မလျို့က လော်ယွီရှို့ဘက်သို့ လှည့်ကာ ပြောလာသည်။

“မိသားစုထဲမှာ ကျောက်ပေါက်ဖူးတဲ့သူ ရှိလား၊ မရှိရင်တော့ အခုချက်ချင်း ရှောင်ကြတော့၊ ဒီရောဂါက ကူးစက်တတ်တယ်”

လော်ယွီရှို့လည်း အမြန်ခေါင်းညိတ်ပြလာသည်။

“ကျွန်မကတော့ ပေါက်ဖူးပါတယ်၊ ကျန်တဲ့သူတွေတော့ မပေါက်ဖူးကြဘူး”

“ဒါဆိုရင်တော့ ရှင်ပဲ တစ်ယောက်တည်း ကြည့်ရှုစောင့်ရှောက်လိုက်ပေါ့”

အစ်မလျို့က အိမ်ထဲတွင် နောက်ထပ် ကလေးတစ်ယောက် ရှိနေသည်ကို သတိပြုမိသဖြင့် ဆက်မေးလာ၏။

“ဟိုကလေးကော ဒီကလေးနဲ့ ထိတွေ့မိသေးလား”

ညီအစ်ကို နှစ်ယောက်က မထိတွေ့ဘဲ မပါချေ။

ရှောင်ကျွင့် ဖျားနေသည်ကို ရှောင်ချန်က ပထမဆုံး သိခဲ့ခြင်းဖြစ်ကြောင်း ဝူလီက ပြောလိုက်လေ၏။

အစ်မလျို့က ပို၍ မျက်မှောင်ကြုတ်သွားပြီး သက်ပြင်းချလိုက်သည် ။

“ပြင်ဆင်ထားကြပါ၊ သူလည်း သေချာပေါက် ကူးသွားလိမ့်မယ်”

လီရှန်း မျက်လုံးမှိတ်လိုက်မိသည်။

ကာကွယ်ဆေး မရှိသေးသော နောက်ထပ် ကလေးဘဝရောဂါတစ်ခုပင် ဖြစ်နေခဲ့သည်။

လော်ယွီရှို့၏ မျက်ဝန်းများမှာ ချက်ချင်းပင် နီရဲလာခဲ့သည်။ သူမသည်ကား ကလေးနှစ်ယောက်ကို သနားသဖြင့် ခုနစ်နှစ်၊ ရှစ်နှစ်လောက်ရောက်မှသာ ကျောက်ရောဂါ ကာကွယ်ဆေးထိုးရန် စီစဉ်ထားခဲ့ခြင်း ဖြစ်၏။

ယခုအချိန်တွင် ကလေးနှစ်ယောက်၏ လက်မောင်းများက ပြောင်ချောနေသည်ကို မြင်ရသောကြောင်း သူမ အလွန်ပင် နောင်တရနေခဲ့ချေပြီ။

သူမက ကိုယ့်ကိုယ်ကိုယ် ပါးနှစ်ချက် ပြန်ရိုက်လိုက်ရင်းညည်းတွားလိုက်၏။

“ငါက တကယ်ကို ငတုံးပဲ!”

“ဟေ့... ရှင်ကိုယ်တိုင် ဘာလို့ ကိုယ့်ကိုယ်ကိုပြန်ရိုက်နေတာလဲ”

အစ်မလျို့မှာ လန့်သွားပြီး လော်ယွီရှို့၏ လက်ကို အမြန်ဆွဲထားလိုက်ရသည်။

လော်ယွီရှို့က သူမ၏ ပေါင်ကို နာကျင်စွာ ရိုက်လိုက်ရင်း ဆက်ပြောလာလေ၏။

“ကလေးတွေကို သနားလို့ပါ၊ သူတို့ကို ငယ်ငယ်လေးမှာ ကျောက်ရောဂါကာကွယ်ဆေးထိုးရမှာကို မကြည့်ရက်ခဲ့မိဘူး၊ ငါသာ အဲဒီတုန်းက ရက်ရက်စက်စက် လုပ်ခဲ့ရင် သူတို့ အခုလို ခံစားရမှာ မဟုတ်ဘူး”

“ရှင် ဘာတွေ တွေးနေတာလဲ။ ကျောက်ကြီးရောဂါနဲ့ ရေကျောက်က လုံးဝ တခြားစီပဲလေ”

အစ်မလျို့က အားမလိုအားမရဖြင့် ပြောလိုက်သည်။

“ရှင်က ဆေးဝါးစက်ရုံမှာ အလုပ်လုပ်တာလေ၊ အားတဲ့အချိန်မှာ ဆေးပညာ ဗဟုသုတလေးတွေ လေ့လာထားဦးမှပေါ့၊ ကျောက်ရောဂါကာကွယ်ဆေးထိုးတာက ကျောက်ကြီးရောဂါကိုပဲ ကာကွယ်တာ၊

ရေကျောက်က ကျောက်ကြီးရောဂါ မဟုတ်ဘူး၊ ဒါကြောင့် အရမ်းကြီးစိုးရိမ်စရာတော့ မရှိပါဘူး၊ ကလေးကတော့ နည်းနည်း ခံစားရလိမ့်မယ်၊ နှစ်ပတ်လောက်တော့ ကြာလိမ့်မယ်

ရေကြည်ဖုတွေကို မကုတ်ရဘူး၊ ရေများများတိုက်ပြီး အာဟာရရှိတဲ့ အစားအစာ ပျော့ပျော့လေးတွေ ကျွေးပေးပေါ့”

သူမက တံခါးဘက်သို့ လှည့်ကြည့်လိုက်ပြီး မည်သူမျှ မရှိသည်ကို မြင်ရသည့်အခါမှ လော်ယွီရှို့၏ အနားသို့ တိုးကာ တိုးတိုးလေး ပြောလိုက်၏။

“တကယ်လို့ အဆက်အသွယ်ရှိရင် ကလေးအတွက် ဒန်ဒလီယွန်တို့၊ အိုင်ဆာတစ်မြစ်တို့လို တရုတ်တိုင်းရင်းဆေးတချို့ကို ရှာပြီး တိုက်ပေးပါ

အဲဒါတွေက ရောင်ရမ်းတာကို သက်သာစေပြီး အဖျားကျစေတယ်၊ အဖျားအများကြီး မတက်ဘူးဆိုရင်တော့ အခြေခံအားဖြင့် ဘာမှ စိုးရိမ်စရာ မရှိပါဘူး”

ဒန်ဒီလီယွန်၊ အိုင်ဆာတစ်မြစ်...

လော်ယွီရှို့က ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်ပြီး ထိုဆေးတို့ကို မည်သို့ ရှာရမည်ကို စဉ်းစားနေခဲ့၏။

“တကယ်တော့ နိုင်ငံခြားမှာတော့ ဒါအတွက် ‘ရိုင်ဘာဗိုင်းရင်း’လို့ခေါ်တဲ့ အထူးကုသဆေး ရှိတယ်၊ ဒါပေမဲ့ ကျွန်မတို့ဆီမှာတော့ မထုတ်နိုင်သေးဘူး၊

အဲဒါက ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ဖို့နဲ့ ရေယုန်ရောဂါတွေကို ကုဖို့အတွက် အထူးထုတ်ထားတာ၊ နှမြောစရာပဲ...”

အစ်မလျို့မှာ ဤအကြောင်းကို ပြောသည့်အချိန်တွင် သက်ပြင်းမချဘဲ မနေနိုင်တော့ပါချေ။

သူတို့၏ နိုင်ငံတွင် မရရှိနိုင်သော ဆေးဝါးများစွာ ရှိနေသေးပေသည်။

တစ်ခါတစ်ရံတွင် ရောဂါကုသနည်းကို သိသော်လည်း ဆေးမရှိသဖြင့် လူနာများ ခံစားနေရသည်ကိုသာ ကြည့်နေရတတ်သည် မဟုတ်ပါလား။

ရိုင်ဘာဗိုင်းရင်း...

တံခါးအပြင်ဘက်တွင် ရပ်နေသော လီရှန်းလည်း သက်ပြင်းချလိုက်မိသည်။ ဤဆေးကို ၁၉၈၀ ပြည့်လွန်နှစ်များတွင်မှ ပြည်တွင်း၌ စတင်ထုတ်လုပ်နိုင်ခဲ့သည်။

ထို့နောက်တွင်တော့... ထိုဆေးကို အလွန်အကျွံ သုံးစွဲလာကြတော့ပေသည်။ ဤဆေးနှင့် ပတ်သက်၍ တားမြစ်ချက်များစွာ ရှိနေသည် မဟုတ်ပါလား။

“ဒီလိုပါပဲလေ”

လော်ယွီရှို့သည် နိုင်ငံ၏ အခြေအနေကို သိရှိသဖြင့် မညည်းတွားတော့ပါချေ။

သူမ၏ စိတ်ထဲတွင်မူ ဒန်ဒီလီယွန်နှင့် အိုင်ဆာတစ်မြစ်များအကြောင်းသာ ပြည့်နှက်နေခဲ့၏။

သူမ ဝယ်ချင်သော်လည်း လက်ရှိ အခြေအနေအရ ဆေးရုံတွင် ရှိလျှင်ပင် လူမိမည်ကိုစိုးရိမ်သဖြင့် ရောင်းရဲကြမည် မဟုတ်ပါချေ။

ဒါဆိုရင်... ဘယ်မှာ သွားဝယ်ရပါ့မလဲ။

လော်ယွီရှို့မှာ ထပ်ပြီး ငိုချင်လာပြန်သည်။ ရေကျောက်က အသက်အန္တရာယ် မရှိသော်လည်း သူမ၏ ကလေးက အလွန်ခံစားနေရသည် မဟုတ်ပါလား။

“ဒန်ဒလီယွန် ဆိုရင်တော့ ကျွန်မရဲ့ဦးလေးဆီမှာ ရှိပါသေးတယ်”

လီရှန်းက လော်ယွီရှို့အား မျက်လုံးမှိတ်ပြလိုက်သည် ။

“ကျွန်မအန်တီက ဒန်ဒလီယွန်နဲ့ ဖက်ထုတ်လုပ်စားရတာ ဝါသနာပါတယ်လေ”

လော်ယွီရှို့မှာ ခဏမျှ ငေးမှိုင်သွားပြီးနောက် မျက်ရည်များကို အမြန်သုတ်ကာ လီရှန်းအား မှာလိုက်သည်။

“မင်း အထဲကို မဝင်လာနဲ့ဦး၊ ကူးသွားလိမ့်မယ်”

“ရပါတယ်၊ ကျွန်မ ငယ်ငယ်တုန်းက ရေကျောက် ပေါက်ဖူးတယ်”

သူမ ငယ်စဉ်က လီဟုန်ကျွင့်နှင့်အတူ နှစ်သစ်ကူးကာလတွင် ကျေးလက်သို့ ပြန်သွားခဲ့ဖူး၏။ ထိုအချိန်က ရွာထဲတွင် ရေကျောက်ရောဂါ ပျံ့နှံ့နေခဲ့ပေသည်။ သူမသာမက လီချောင်နှင့် လီကျူးတို့လည်း ပေါက်ခဲ့ကြ၏။

သို့သော် ထိုအချိန်က ရွာထဲတွင် ၎င်းကို အလေးအနက် မထားကြဘဲ နေပူစာလှုံခိုင်းကာ ရေများများတိုက်ခြင်းဖြင့်သာ ကုသခဲ့ကြသေ၏။ သူမအနေဖြင့် ကံကောင်းထောက်မစွာဖြင့် အမာရွတ်မျှ မကျန်ဘဲ သက်သာခဲ့ခြင်း ဖြစ်ပေသည်။

“ဒါဆိုရင်လည်း ဝေ့ချင်းကိုတော့ အထဲ မဝင်ခိုင်းနဲ့ဦး၊ သူက တစ်ခါမှ မပေါက်ဖူးဘူး”

သူမအနေဖြင့် သူမ၏ အချစ်ရဆုံးသော သားငယ်ကို ကူးစက်မည်ကိုလည်း စိုးရိမ်နေမိပြန်သည်။

စီစတာလျို့က တည်ငြိမ်စွာဖြင့် ထရပ်လိုက်သည်။

“အိမ်မှာ ဒန်ဒလီယွန် ရှိတယ်ဆိုရင်တော့ အဲဒါကို ရေနွေးနဲ့ ကျိုပြီး တိုက်ပေး၊ ပြီးရင် ဒန်ဒလီယွန် ကျိုထားတဲ့ရေနဲ့ပဲ ရေချိုးပေးလိုက်၊ နှစ်ပတ်လောက် သည်းခံလိုက်ရင် အနီစက်တွေ ပျောက်သွားပြီး သက်သာသွားလိမ့်မယ်”

ရေကျောက်မှာ အလွန်ပြင်းထန်သော ရောဂါမဟုတ်သော်လည်း ကူးစက်မှုက အလွန် မြန်လွန်းပေသည်။

အစ်မလျို့ နှုတ်ဆက်ထွက်ခွာသွားသည့်အချိန်တွင် စုဝေ့မင်သည်လည်း သူ၏ အင်္ကျီကို ယူကာ အပြင်သို့ ထွက်ရန် ပြင်ဆင်လိုက်သည်။

“ငါ အလုပ်သမားသမဂ္ဂကို သွားလိုက်ဦးမယ်၊ လောင်ယို မရှိတော့ ငါပဲ သွားစောင့်ကြည့်ရမယ်၊ ဒီည အိမ်မှာတော့ အလုပ်ရှုပ်နေဦးမှာပဲ

မင်း ရှောင်ကျွင့်ကိုပဲ သေချာ ကြည့်ထားလိုက်၊ အပြင် မထွက်လာနဲ့ဦး၊ လီရှန်းနဲ့ စုဝေ့ချင်း၊ မင်းတို့နှစ်ယောက်က ငါနဲ့အတူ လိုက်ခဲ့ပြီး ကူညီကြဦး”

သူက စကားပြောရင်းနှင့် သူ၏ မြေးကြီး စုချန် နှင့် စုချန်၏နောက်ကွယ်တွင် မျက်နှာဖြူဖျော့ကာ ရပ်နေသော ဝူလီကို လှမ်းကြည့်လိုက်၏။

“မင်းတို့လည်း ရှောင်ကျွင့်နဲ့ ထိတွေ့ပြီးသားဆိုတော့ အပြင်မထွက်နဲ့တော့၊ အိမ်မှာပဲနေပြီး ရေနွေးခပ်တာ၊ ကူညီတာတွေ လုပ်ပေးကြပေါ့၊ ပြီးတော့ ရှောင်ချန်ရဲ့ အခြေအနေကိုလည်း သေချာ ကြည့်ထားကြဦး”

ထိုသို့ပြောပြီးနောက် စုဝေ့မင်က သူ၏ သားနှင့် ချွေးမကို ခေါ်ဆောင်ကာ အလျင်အမြန် ထွက်ခွာသွားတော့၏။

ရှောင်ကျွင့်သည်ကား ကလေးထိန်းကျောင်းမှ ပြန်လာပြီးမှသာ ဖျားခြင်းဖြစ်၍ ကျောင်းတွင်ရှိနေသော တခြားသော ကလေးများမှာလည်း ရေကျောက် ကူးစက်ခံရနိုင်ခြေ များနေခဲ့လေပြီ။

နောက်မှ လိုက်ပါသွားသော လီရှန်းမှာတော့ အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့၏။

စာအုပ်ထဲမှာ ဘာလို့ရေကျောက်အကြောင်းနှင့်ပတ်သက်ပြီး တစ်လုံးမှမပါရတာလဲ။

ထိုညတွင် ဆေးဝါးစက်ရုံ တစ်ခုလုံးမှာ ထိတ်လန့်တုန်လှုပ်နေခဲ့ကြပြီး၊ အိမ်တွင် ကလေးရှိသော မိဘအတော်များများမှာ တစ်ညလုံး မျက်တောင်မခတ်နိုင် ဖြစ်ခဲ့ကြရသည်။

ရေကျောက်မှာ ကလေးထိန်းကျောင်းများတွင်သာ စတင်ဖြစ်ပွားခဲ့သော်လည်း၊ ကလေးထိန်းကျောင်းနှင့် မူလတန်းကျောင်းရှိ ကလေးများမှာ တစ်နေရာတည်းတွင် စုစည်းနေကြခြင်းဖြစ်ပေ၏။

ကလေးများ၏ ခုခံအားမှာလည်း မကောင်းကြသည့်အတွက် သူတို့အားလုံးမှာ ရောဂါကူးစက်နိုင်ခြေ အလွန်များသော အုပ်စုတွင် ပါဝင်နေခဲ့ကြပေသည်။

အစ်မလျို့တစ်ယောက် ရှောင်ကျွင့်ကို ရေကျောက် စစ်ဆေးပေးပြီးနောက် အိမ်သို့ ပြန်ရောက်ခဲ့သော်လည်း တစ်ခုခု မှားယွင်းနေသကဲ့သို့ ခံစားနေရဆဲပင်။

သူမသည် ထိုင်ပင်မထိုင်ရသေးဘဲ အိမ်အပြင်သို့ ပြန်ထွက်ခဲ့ပြန်သည်။

သူမ အောက်ထပ်သို့ ဆင်းလာသည့်အချိန်တွင် အလုပ်သမားသမဂ္ဂဘက်သို့ အပြေးအလွှား သွားနေကြသော စုဝေ့မင်နှင့် စုဝေ့ချင်းတို့ကို တွေ့လိုက်ရ၏။ သူမလည်း သူတို့၏နောက်မှ ခပ်သွက်သွက် လိုက်သွားကာ မေးလိုက်သည်။

“ဒုညွှန်ကြားရေးမှူးစု၊ ဘယ်ကို သွားနေတာလဲ”

“ရှောင်ကျွင့်က ကျောင်းကပြန်လာပြီးမှ ဖျားနေတာလေ၊ ကျောင်းက တခြားကလေးတွေလည်း ရေကျောက် ကူးစက်ခံရမှာကို စိုးရိမ်လို့၊ ဒါကြောင့် စက်ရုံတစ်ခုလုံးကို အသိပေးဖို့ အသံလွှင့်ခန်းသော့ သွားယူမလို့ပါ”

*

All Chapters