အဆုံးအဖြတ် တိုက်ပွဲ
Vol. 78 Ch. 812
ထျန်းတိ ကျင့်ကြံခြင်းကွင်းပြင် အတွင်း
ထန်ထျန်း အချိန်မြစ်ထဲသို့ မဝင်ရောက်မီ ထိုက်ချန်ကျိကျွင်း တို့အုပ်စု၏ ဝိညာဉ်များကို ချန်ထားရစ်ခဲ့သည်။
နေနတ်ဘုရားက သူတို့ကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း ထူးခြားသော သဲလွန်စ တစ်စုံတစ်ရာ မရရှိခဲ့ပေ။
ယခုအချိန်တွင် တစ်ခုတည်းသော မေးခွန်း မှာ ထန်ထျန်းတစ်ယောက် ကျွင်းချန်ချင်းကို အောင်မြင်စွာ ရှာဖွေနိုင်မလားနှင့် သူ့ကို အနိုင်ယူနိုင်မလား ဆိုသည်ပင် ဖြစ်သည်။
"မဖြစ်နိုင်ဘူး..."
"ကျွင်းချန်ချင်းက ဒီဘဝမှာ တစ်ဦးတည်းသော ပြိုင်ဘက်ကင်း တည်ရှိမှုပဲ"
ထိုက်ချန်ကျိကျွင်း က ပြောလိုက်သည်။
ထိုစဉ် ဝိညာဉ်များကို စောင့်ကြည့်နေသူများမှာ နေနတ်ဘုရား၊ ချီလင်မိန်းကလေး ၊ ဟုန်းမုန့် ဝိညာဉ်အကြွင်းအကျန်၊ လုံကျိုကျိုး၊ ဟုန်းမန်ကျိကျွင်း နှင့် ဝူချန်းကျိကျွင်း တို့သာ ကျန်တော့သည်။
ချန်တာအိုကျိကျွင်း နှင့် ထိုက်ချန်ကျိကျွင်းတို့မှာ နက်ရှိုင်းသော ရန်ငြိုးများ ရှိကြသော်လည်း တစ်ဂိုဏ်းတည်းသားများ ဖြစ်ကြသဖြင့် ထိုက်ချန်၏ ယခုကဲ့သို့ အဆုံးသတ်မျိုးကို မကြည့်ရက်သောကြောင့် ခဏတာ ထွက်သွားကြသည်။
"အလကား စကားတွေ"
ဟုန်းမန် ကျိကျွင်းက မထီမဲ့မြင် ပြုလိုက်သည်။ "ဒီလို အခြေအနေမျိုး ရောက်နေတာတောင် အာကျယ် နေတုန်းပဲ။ ဘယ်သူမှ ထာဝရ ပြိုင်ဘက်ကင်း မဖြစ်နိုင်ဘူး"
"အခု ထန်ထျန်းမှာ ကျွင်းချန်ချင်းကို အနိုင်ယူ နိုင်တဲ့ အစွမ်း အသေအချာ ရှိနေပြီ"
ထိုက်ချန်ကျိကျွင်းက တိုးညှင်းစွာ ရယ်မောလိုက်သည်။ "မင်းတို့က တကယ်ပဲ မျှော်လင့်ချက်အားလုံးကို သူ့အပေါ်မှာ ပုံအောထားကြတာပဲ"
"ဒါပေမဲ့ သူက... "
"တကယ်ပဲ လုပ်နိုင်မှာလား"
"ဒါမှမဟုတ် တကယ်ပဲ ယုံကြည်လို့ရရဲ့လား"
ဟုန်းမန်ကျိကျွင်းက မျက်လုံးများ မှေးစပြုလာသည်။ "စကားနာ လာထိုးမနေနဲ့"
" ထန်ထျန်းရဲ့ နာမည် ကို မေ့နေပြီလား"
"ကပ်ဘေးရိပ်သိမ်းသူ... ကမ္ဘာ့အရှင်ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ ကပ်ဘေးရိပ်သိမ်းသူပဲ"
"သူက ဒီကမ္ဘာကြီးရဲ့ နတ်ဆိုး ကျွင်းချန်ချင်းကို ရင်ဆိုင်ဖို့အတွက် မွေးဖွားလာတာ"
"ယခင်ဘဝတုန်းက ကျွင်းချန်ချင်းကို ကမ္ဘာ့အရှင်က အနိုင်ယူ ခဲ့တယ်။ ဒီဘဝမှာတော့ ကမ္ဘာ့အရှင် ရွေးချယ်ထားတဲ့ ကပ်ဘေးရိပ်သိမ်းသူက သူ့ကို အနိုင်ယူ လိမ့်မယ်"
" ဒါကို ကောင်းကင်ဆန္ဒ လို့ ခေါ်တယ်၊ နားလည်လား"
ထိုက်ချန်ကျိကျွင်း၏ ဝိညာဉ်က ခေါင်းငုံ့လျက် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာ သည်။
"ဟားဟား... "
"ဒါပေမဲ့ မင်းတို့ တစ်ခု စဉ်းစားဖူးလား"
" ကမ္ဘာ့အရှင်ကရော... "
"တကယ်ပဲ ယုံကြည်လို့ရရဲ့လား"
ထိုစကားကြောင့် ပတ်ဝန်းကျင်ရှိ လူအားလုံး မျက်မှောင်ကြုတ်သွားကြသည်။
"မင်း ဘာကို ဆိုလိုတာလဲ"
နေနတ်ဘုရားက လေးနက်သော အသံဖြင့် မေးလိုက်သည်။
သို့သော် ထိုက်ချန်ကျိကျွင်းက ရယ်မြဲရယ်နေပြီး ဆက် ဖြေရန် အစီအစဉ် မရှိပုံရပေ။
ဟုန်းမန်ကျိကျွင်းက "သူ့စကား နားမယောင်နဲ့"
"ဒီကောင်က ငါတို့ကြားမှာ သွေးခွဲဖို့ ကြိုးစားနေတာ"
" သေခါနီးတောင် ဒီလိုတွေ လုပ်နေသေးတာပဲ၊ စောစောက နှိပ်စက်တာ နည်းနေသေးပုံရတယ်"
သူပြော ကာ ထိုက်ချန်ကျိကျွင်းကို ထပ်မံ နှိပ်စက်ရန် ပြင်လိုက်သည်။
သို့သော် ထိုစဉ်မှာပင် အရပ်မျက်နှာ အသီးသီးမှ အာမေဍိတ်သံများ ထွက်ပေါ်လာသည်။
"အဲဒါ ဘာကြီးလဲ"
လူတိုင်း ရပ်တန့်သွားကြပြီး ဝေးလံသော ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။
ဟုန်းမန်ကျိကျွင်းလည်း အံ့အားသင့်ကာ လိုက်ကြည့်မိရာ ကြောင်စီစီ ဖြစ်သွားတော့သည်။
ဖရိုဖရဲ ဖြစ်နေသော ဟင်းလင်းပြင်ကြီးထဲတွင် ရုတ်တရက်ဆိုသလို ဖြူဖွေးသော အလင်းတန်းများ ဖြာထွက်နေသည့် မြစ်ကြီးတစ်စင်း ပေါ်လာသည်။
မြစ်၏ အထက်တွင် အမည်းနှင့် အဖြူရောင်စပ်ထားသော နားနေဆောင်လေး တစ်ခု ရှိနေသည်။
နားနေဆောင် အတွင်း၌မူ လူရိပ်နှစ်ခုမှာ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ရပ်နေကြသည်။
ထိုသူတို့မှာ ထန်ထျန်းနှင့် တစ်လကျော်ကြာ ပျောက်ကွယ်နေခဲ့သော ကျွင်းချန်ချင်းတို့ပင် ဖြစ်သည်။
ဒါက ဘယ်လို အခြေအနေမျိုးလဲ။
သူတို့က ဘာလို့ ဒီကို ရောက်နေရတာလဲ။
အားလုံးမှာ တင်းမာသွားကြပြီး တစ်ခုခုဖြစ်လာလျှင် ရင်ဆိုင်ရန် အသင့်ပြင်လိုက်ကြသည်။
သို့သော် မကြာမီမှာပင် ၎င်းတို့မှာ အစစ်အမှန် မဟုတ်ဘဲ ပုံရိပ်ယောင်သာ ဖြစ်ကြောင်း သတိပြုမိသွားကြသည်။
"ဒါ ထာဝရကြေးမုံ ရဲ့ ပုံရိပ်ယောင် ထုတ်လွှင့်မှုပဲ"
နေနတ်ဘုရားက အခြေအနေကို ချက်ချင်း ရိပ်မိလိုက်သည်။
"သူတို့က အချိန်မြစ်ထဲမှာ ရှိနေသေးတာ။ ဒါပေမဲ့ တစ်စုံတစ်ယောက်က ထာဝရကြေးမုံရဲ့ စွမ်းအားတစ်စိတ်တစ်ပိုင်းကို သုံးပြီး သူတို့ရဲ့ အခြေအနေကို ဒီကို ပုံရိပ်ယောင်အဖြစ် ထုတ်လွှင့်လိုက်တာပဲ"
"မဟုတ်ဘူး... "
"တစ်ကမ္ဘာလုံးရဲ့ ထောင့်အသီးသီးကို ထုတ်လွှင့်လိုက်တာ"
နေနတ်ဘုရားက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဘာ"
ဘေးပတ်ဝန်းကျင်ရှိ လူများ မှင်တက်သွားကြသည်။
ဤကဲ့သို့ ဘာကြောင့် လုပ်ရသလဲဆိုသည်ကို သူတို့ နားမလည်ကြပေ။
"ထန်ထျန်း လုပ်တာလား"
" ကျွင်းချန်ချင်းကို အနိုင်ယူတဲ့ ဖြစ်စဉ်ကို တစ်ကမ္ဘာလုံး သိအောင် ကြေညာချင်လို့လား"
ဟုန်းမန်ကျိကျွင်းက ခန့်မှန်းလိုက်သည်။
သို့သော် ထိုက်ချန်ကျိကျွင်းက ရယ်မောကာ "ဒါ ကျွင်းချန်ချင်းရဲ့ လက်ချက်ပဲ ဖြစ်ရမယ်"
" သူက မင်းတို့ရဲ့ ခုခံမှုတွေ အားလုံးက အဓိပ္ပာယ် မရှိဘူးဆိုတာ သိအောင်... အားးးး!!!"
စကားမဆုံးမီ ဟုန်းမန်ကျိကျွင်းက သူ့ကို ပညာပေးလိုက်သဖြင့် အော်ဟစ်သွားရသည်။
"စကားတွေ များနေတာ စိတ်ရှုပ်ဖို့ ကောင်းတယ်"
သူ ပြော ကာ ဟုန်းမန်ကျိကျွင်းက ထိုက်ချန်ကျိကျွင်း၏ ဝိညာဉ်ကို အသံမထွက်နိုင်အောင် ချိပ်ပိတ်လိုက်သည်။
သို့သော် အခြားသူများမှာမူ ထိုကိစ္စကို အာရုံမစိုက်နိုင်တော့ပေ။ အားလုံးက ကောင်းကင်ယံရှိ ပုံရိပ်ယောင်ကို ကြည့်ကာ ရင်တထိတ်ထိတ် ဖြစ်နေကြသည်။
ထန်ထျန်း အောင်မြင်ပါ့မလား။
တစ်ချိန်တည်းမှာပင် အချိန်မြစ်အတွင်း၌
ကျွင်းချန်ချင်း၏ လုပ်ရပ် ကို မြင်သောအခါ ထန်ထျန်းလည်း အနည်းငယ် အံ့အားသင့်သွားသည်။
တစ်ကမ္ဘာလုံးသို့ ပုံရိပ်ယောင် ထုတ်လွှင့်ခြင်း။
ကျွင်းချန်ချင်းက ဘယ်လို ယုံကြည်ချက်မျိုးရှိလို့ ဒီလောက်အထိ ရဲတင်းနေရတာလဲ။
မည်သို့ပင်ဖြစ်စေ၊ ဤတိုက်ပွဲမှာ ရှောင်လွှဲ၍ မရတော့ပေ။
ကမ္ဘာကြီးကို ကျွင်းချန်ချင်း၏ လက်ထဲတွင် အပျက်စီး မခံနိုင်ပေ။
"မင်းရဲ့ ရည်မှန်းချက်ကို ငါ လေးစားပါတယ် ကျွင်းချန်ချင်း"
ထန်ထျန်းက အေးဆေးစွာ ပြောလိုက်သည်။ "ဒါပေမဲ့... "
"ငါ့မှာလည်း မင်းကို တားရမယ့် အကြောင်းရင်း ရှိနေတယ်"
ပြောပြီးသည်နှင့် သူက တုံ့ဆိုင်းမနေတော့ဘဲ ကျွင်းချန်ချင်းကို လက်သီးဖြင့် လှမ်းထိုးလိုက်သည်။
တစ်လကျော်မျှသာ ကြာမြင့်ခဲ့သော်လည်း ထန်ထျန်း၏ အစွမ်းမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ကျွင်းချန်ချင်းသည်လည်း ယခင်ကကဲ့သို့ အေးအေးလူလူ မနေနိုင်တော့ပေ။ သူက လက်ကြီးကို ဆန့်ထုတ်ကာ ထန်ထျန်း၏ လက်သီးကို တုံ့ပြန်လိုက်ရာ နှစ်ဦးသား စစ်တုရင် နားနေဆောင် အောက်တွင် ထိပ်တိုက် တွေ့ဆုံသွားကြသည်။
"ဘုန်းးး"
ခဏချင်းမှာပင် မဟာတာအို များ ပျက်စီးသွားရသည်။
ဟင်းလင်းပြင်အလွှာများမှာ ဖော်ပြ၍မရသော ကြောက်မက်ဖွယ် စွမ်းအားအောက်တွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြေမွသွားခဲ့ရသည်။
ကံကောင်းသည်မှာ သူတို့နှစ်ဦးစလုံးက စွမ်းအားကို ထိန်းချုပ်ထားသဖြင့် နားနေဆောင်ကို မထိခိုက်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက ကမ္ဘာ့အရှင် ချန်ထားခဲ့သော ဤနေရာမှာ ခဏချင်း မြူမှုန်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
အတိုင်းအဆမဲ့သော စွမ်းအားများက အချိန်မြစ် တစ်ခုလုံးကို လွှမ်းမိုးသွားသည်။
အကယ်၍ အချိန်မြစ်သာ အစစ်အမှန် တည်ရှိမှု ဖြစ်ပါက ပျက်စီးသွားပေလိမ့်မည်။
ဟုန်းမန်ကျိကျွင်းတို့ အုပ်စုမှာ ကမ္ဘာပျက်မတတ် မြင်ကွင်းကို ကြည့်ကာ ကျောချမ်းသွားကြသည်။
ဒါက ထန်ထျန်းနဲ့ ကျွင်းချန်ချင်းတို့ရဲ့ အစစ်အမှန် စွမ်းအားလား။
ဒီလို တိုက်ပွဲမျိုးသာ အပြင်ကမ္ဘာမှာ ဖြစ်ခဲ့မယ်ဆိုရင် အနန္တစကြာဝဠာ တစ်ခုလုံး ပျက်စီးသွားမှာ အသေအချာပင်။ သူတို့တွေက တကယ်ကို အစွမ်းထက်လွန်းလှသည်။
ထိုသို့ တိုက်ခိုက်မှုမှာ ခဏတာအတွင်းသာ ဖြစ်ပျက်သွားခြင်း ဖြစ်သည်။
နောက်တစ်ခဏတွင် ကျွင်းချန်ချင်း၏ ပုံရိပ်မှာ အမြောက်ဆန်သဖွယ် နားနေဆောင်မှ လွင့်ထွက်သွားပြီး အချိန်မြစ်ထဲသို့ ကျဆင်းသွားသည်။
ထန်ထျန်းကမူ နေရာမှ အနည်းငယ်မျှပင် ရွေ့လျားခြင်း မရှိပေ။
"လှလိုက်တာ"
ဟုန်းမန်ကျိကျွင်းက လက်သီးကျစ်ကျစ်ဆုပ်ကာ အော်ဟစ်လိုက်သည်။
အခြားသူများလည်း စိတ်လှုပ်ရှားသွားကြသည်။
ကျွင်းချန်ချင်း၏ အစွမ်းမှာ သူတို့အတွက် ကျော်ဖြတ်မရသော တောင်ကြီးသဖွယ် ဖြစ်နေခဲ့သော်လည်း ယခုအခါတွင်မူ သူ့ကို အနိုင်ယူ နိုင်မယ့်သူ ပေါ်လာခဲ့ပြီ ဖြစ်သည်။
အချိန်မြစ်မှာ ထိတွေ့၍ မရသဖြင့် ကျွင်းချန်ချင်း မည်မျှအထိ လွင့်ထွက်သွားသည်ကို မည်သူမှ မသိနိုင်ပေ။
သို့သော် မကြာမီမှာပင် သူက ထန်ထျန်း၏ ရှေ့သို့ ပြန်လည် ရောက်ရှိလာသည်။
"မင်းက နောက်ဆုံးတော့... "
"အဲ့လူနဲ့ နည်းနည်း တူလာပြီပဲ"
ကျွင်းချန်ချင်းက အေးစက်စွာ ပြောလိုက်သည်။
ပထမအကြိမ် ထိပ်တိုက်တွေ့မှုတွင် ရှုံးနိမ့်ခဲ့သော်လည်း သူ၏ မျက်နှာမှာ တည်ငြိမ်မြဲ တည်ငြိမ်နေဆဲ ဖြစ်သည်။