မယုံကြည်နိုင်စရာ အမှန်တရား
Vol. 78 Ch. 817
"ဒါက မဖြစ်နိုင်ဘူး"
ကျွင်းချန်ချင်း၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်နေသည့် အရိပ်အယောင်များ ပြည့်နှက်နေပြီး ပြောလိုက်သည်။ "မင်းမှာ ဒီလောက်အထိ အသက်စွမ်းအား ရှိနေဖို့ မဖြစ်နိုင်ဘူး"
"ဒီလိုကိစ္စမျိုးက နေနတ်ဘုရားတို့ တောင်မှ မလုပ်နိုင်ကြဘူး"
"မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ"
ယခုအချိန်တွင် ဟင်းလင်းပြင်အတွင်း ပျံ့နှံ့နေသော အဆင့်မြင့်ဆုံး စွမ်းအားများမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ကျွင်းချန်ချင်းက စွမ်းအားကို ပြန်ရုပ်သိမ်းလိုက်ခြင်းလား သို့မဟုတ် ကုန်ခမ်းသွားခြင်းလား ဆိုသည်မှာမူ မသိရပေ။
သူ၏ မေးခွန်းကို ထန်ထျန်းက ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်သည်။
"မင်း ပိုင်ဆိုင်ထားတဲ့ အဲဒီစွမ်းအားကလည်း ယုတ္တိအရဆိုရင် မဖြစ်နိုင်တဲ့ ကိစ္စပဲလေ"
"ဒါပေမဲ့ မင်းလည်း ပိုင်ဆိုင်ထားတာပဲ မဟုတ်လား"
"ဒါဆို ငါ့မှာကော ဘာလို့ ဒီလောက် အသက်စွမ်းအားတွေ အများကြီး မရှိနိုင်ရမှာလဲ"
သူက ဤမေးခွန်းကို ကျွင်းချန်ချင်းအား သေချာပေါက် ရှင်းပြမည် မဟုတ်ပေ။
ကျွင်းချန်ချင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ငါ့ရဲ့ စွမ်းအားက ဖန်ဆင်းခြင်း ကောင်းကင် တိုင်က လာတာ၊ အရင်းအမြစ် ရှိတယ်"
" ဒါပေမဲ့ မင်းရဲ့ အဆုံးမဲ့နေတဲ့ အသက်စွမ်းအားကတော့ ဘာအကြောင်းရင်းမှ မရှိဘူး"
"မင်းသာ စကြာဝဠာ တစ်ခုလုံးရဲ့ ကမ္ဘာ့ဘိုးဘေး ကုန်းမြေကို ကိုယ်ပိုင်အဖြစ် သိမ်းပိုက်ထားတာမျိုး မဟုတ်ရင်ပေါ့..."
ထိုသို့ ပြောရင်း ကျွင်းချန်ချင်းမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။
ခဏအကြာတွင် သူက တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်နှယ် ပြောလိုက်သည်။ "တကယ်ကို မထင်ထားခဲ့ဘူးပဲ"
"ကမ္ဘာ့အရှင်နဲ့ သဘာဝမိခင်တို့ နှစ်ယောက်က ပေးဆပ်မှုတွေ အများကြီးလုပ်၊ အားထုတ်မှုတွေ အများကြီး စိုက်ထုတ်ပြီးမှ လုပ်နိုင်ခဲ့တဲ့ ကိစ္စကို မင်းက ဒီလောက် လွယ်လွယ်ကူကူနဲ့ လုပ်နိုင်ခဲ့တာပဲ"
"မင်းက တကယ်ကို ထူးခြားတာပဲ"
"ဒါကြောင့်လည်း ကမ္ဘာ့အရှင်က မင်းကို ကပ်ဘေးရိပ်သိမ်းသူအဖြစ် ရွေးချယ်ခဲ့တာကိုး"
ထန်ထျန်းမှာ ကြောင်အ သွားသည်။
ကျွင်းချန်ချင်းက တကယ်ပဲ သဘောပေါက်သွားခြင်းလား သို့မဟုတ် အခြားတစ်မျိုး ထင်သွားခြင်းလား ဆိုသည်ကို သူ မသိပေ။
သို့သော် မည်သို့ပင်ဖြစ်စေ၊ သူက ကျွင်းချန်ချင်းနှင့် စကားတွေ အများကြီး ဆက်ပြောမနေချင်တော့ပေ။
အချေအတင် တိုက်ပွဲက မပြီးသေးပေ၊ ကျွင်းချန်ချင်းကို ဤစကားဝိုင်းထဲ၌ အချိန်ဆွဲပြီး ပြန်လည် နိုးထလာခွင့် မပေးနိုင်ပေ။
"ပြီးပြီ"
"မင်းရဲ့ အလှည့် ပြီးသွားပြီဆိုတော့ အခု ငါ့အလှည့်ပဲ"
စကားအဆုံးတွင် ထန်ထျန်း၏ ပုံရိပ်ယောင် ပေါင်းများစွာမှာ ဟင်းလင်းပြင် တစ်ခုလုံးကို ပြည့်နှက်သွားပြီး ကျွင်းချန်ချင်းကို ဝိုင်းရံလိုက်ကြသည်။
ပေါ်လာသမျှ ထန်ထျန်းတိုင်းမှာ ပင်ကိုယ်ကိုယ်ထည်နှင့် ထပ်တူညီသော အော်ရာနှင့် စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။
ထို့နောက် ထန်ထျန်း အားလုံးက သူတို့၏ အစွမ်းအထက်ဆုံး နည်းလမ်းများကို ထုတ်သုံးကာ ကျွင်းချန်ချင်းကို တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြတော့သည်။
ဤစွမ်းအားများမှာ ခုနက အဆင့်မြင့်ဆုံး စွမ်းအားကို မယှဉ်နိုင်သေးသော်လည်း ကျွင်းချန်ချင်း၏ အင်အားများကို ဆက်လက် ကုန်ခမ်းစေရန်အတွက် လုံလောက်လှသည်။
သို့သော် ယခုတစ်ကြိမ်တွင် ကျွင်းချန်ချင်းမှာ ထိုစွမ်းအားများကို အမှန်တကယ် ကုန်ခမ်းသွားခြင်းလား သို့မဟုတ် လက်လျှော့လိုက်ခြင်းလား မသိရပေ။
သူက ဖန်ဆင်းရှင် နတ်စွမ်းအားကို ထပ်မံ ထုတ်မသုံးတော့ပေ။
ထန်ထျန်း၏ ပြင်းထန်လှသော တိုက်ခိုက်မှုများ၏ ရှေ့တွင် ခြေသုံးချောင်းနှင့် လက်ကိုင် နှစ်ဖက် ပါသော ကြေးနီ ဒယ်ဆောက် အိုး တစ်လုံးမှာ သူ၏ ခြေရင်း၌ ပေါ်လာသည်။
"ဘုန်း"
စကြာဝဠာ တစ်ခုလုံးကို တုန်ခါသွားစေသော လှိုင်းလုံးကြီးတစ်ခုမှာ အချိန်မြစ် အထက်၌ ဟုန်းခနဲ ပေါ်ပေါက်လာပြန်သည်။
ဖန်ဆင်းရှင် ရတနာဖြစ်သော ကြေးနီ ဒယ်ဆောက် အိုးမှာ ပြောနေစရာပင် မလိုတော့ပေ၊ ၎င်း၏ ကိုယ်ပေါ်တွင် ဖန်ဆင်းရှင် နတ်စွမ်းအားများ ကိန်းဝပ်နေသည်။
သို့သော် ထန်ထျန်း၏ တိုက်ခိုက်မှုအောက်တွင် ၎င်းမှာ သိသိသာသာ တုန်ခါသွားရသည်။
ကြေးနီ ဒယ်ဆောက် အိုးဆီမှ မြည်ဟည်းသံကြီး ထွက်ပေါ်လာပြီး ပြင်းထန်စွာ တုန်ယင်နေကာ မျက်နှာပြင်ပေါ်ရှိ တောက်ပမှုများမှာလည်း အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့် ပုံစံမျိုး ဖြစ်နေသည်။
နုနယ်သော အက်ကြောင်းလေးများမှာလည်း ကြေးနီ ဒယ်ဆောက် အိုးပေါ်တွင် ထင်ထင်ရှားရှား ပေါ်လာပြီး အချိန်မရွေး ကွဲအက်သွားနိုင်မည့်နှယ် ရှိနေသည်။
၎င်းမှာ တကယ်ပင် ပြန်လည် ကောင်းမွန်မနေခဲ့ပေ
ကျွင်းချန်ချင်းမှာ ၎င်းကို တည်ငြိမ်အောင် ထိန်းထားနိုင်ရန်အတွက် သူ၏ ကိုယ်ပိုင် စွမ်းအားများကို အတင်း ထည့်သွင်းပေးနေရသည်။
ထန်ထျန်းကလည်း ထိုအချက်ကို သတိထားမိလိုက်သဖြင့် တိုက်ခိုက်မှုကို ပို၍ တိုးမြှင့်လိုက်သည်။
ကြီးမားလှသော စွမ်းအားများက ကျွင်းချန်ချင်းရှိရာ အရပ်သို့ ရူးသွပ်စွာ တိုးဝင်သွားတော့သည်။
သူတို့နှစ်ဦးကြား တိုက်ခိုက်မှုနှင့် ခုခံမှုမှာ နောက်တစ်ကြိမ် ပြောင်းပြန် ဖြစ်သွားပြန်ပြီ
ထျန်းတိ ကျင့်ကြံခြင်းကွင်းပြင် အတွင်း၌
ထန်ထျန်းက အသာစီးကို နောက်တစ်ကြိမ် ပြန်လည် သိမ်းပိုက်လိုက်သည်ကို မြင်သောအခါ လူတိုင်းမှာ အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။
"ကောင်းတယ်"
"ဒီ အချေအတင် တိုက်ပွဲကို ထန်ထျန်းက တကယ်ပဲ နိုင်သွားတာပဲ"
"ပြီးတော့ နေနတ်ဘုရား ပြောတာ မှန်တယ်၊ ကြေးနီ ဒယ်ဆောက် အိုးက တကယ်ကို ပြန်မကောင်းသေးဘူးပဲ"
"အောင်ပွဲ က နောက်ဆုံးတော့ ငါတို့ဘက်ကို ယိမ်းလာပြီ"
ဟုန်းမန်ကျိကျွင်းက အော်ဟစ် ပြောလိုက်သည်။
အခြားသူများလည်း အားတက်သွားကြသည်။
ထန်ထျန်းမှာ တကယ်ပင် သူ၏ ကြောက်မက်ဖွယ်ကောင်းသော အသက်စွမ်းအားဖြင့် ကျွင်းချန်ချင်း၏ ဖန်ဆင်းရှင် နတ်စွမ်းအားများကို ကုန်ခမ်းသွားအောင် လုပ်နိုင်ခဲ့သည်။
နတ်ဘုရားအချစ်တော်၏ အခန်းကဏ္ဍက နောက်ဆုံးတော့ ထင်ရှားလာခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ဤကဲ့သို့သော အဆင့်ရှိသည့် တိုက်ပွဲမျိုးမှာ နောက်ဆုံးအချိန်အထိ မည်သူက အောင်နိုင်မည်ကို မည်သူမျှ အာမခံချက် မပေးနိုင်ကြပေ။
"ကျွင်းချန်ချင်းမှာ..."
"တခြား နည်းလမ်းတွေ ကျန်ဦးမှာလား"
ချီလင်မိန်းကလေးက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း မေးလိုက်သည်။
"ကြည့်ရတာတော့... မရှိတော့ဘူးထင်တယ်"
ယခုအချိန်တွင် အမြဲတမ်း တည်ငြိမ်နေခဲ့သော နေနတ်ဘုရားသည်လည်း စိတ်လျှော့လိုက်ပုံရသည်။
"ထန်ထျန်းက ကျွင်းချန်ချင်းရဲ့ အဆင့်မြင့်ဆုံး စွမ်းအားကို ဖြိုခွင်းနိုင်သရွေ့တော့ အောင်ပွဲက လက်တစ်ကမ်းမှာပဲ"
"ငါ အရင်က ပြောခဲ့သလိုပဲ၊ ကြေးနီ ဒယ်ဆောက် အိုးက ကျွင်းချန်ချင်းကို ကာကွယ်ပေးနိုင်ရုံပဲ ရှိတာ၊ သူ တိုက်ခိုက်ဖို့အတွက် အကူအညီ မပေးနိုင်ဘူး"
"သူ ကြေးနီ ဒယ်ဆောက် အိုးကို ထုတ်သုံးလိုက်ပြီဆိုကတည်းက ထန်ထျန်းကို ရင်ဆိုင်ဖို့ တခြား နည်းလမ်း မရှိတော့ဘူးဆိုတဲ့ သဘောပဲ"
"ဒါကြောင့် ထန်ထျန်း အနေနဲ့ ကြေးနီ ဒယ်ဆောက် အိုးရဲ့ ကာကွယ်မှုကို မဖောက်နိုင်ရင်တောင် ကိစ္စမရှိဘူး"
"ကျွင်းချန်ချင်းက ထန်ထျန်းကို မနိုင်သရွေ့တော့ စကြာဝဠာကြီးကို ခြိမ်းခြောက်နိုင်မှာ မဟုတ်တော့ဘူး"
ပြောပြီးနောက် သူက သက်ပြင်းအရှည်ကြီး ချလိုက်သည်။
အခြားသူများလည်း ထို့အတူပင် ဖြစ်ကြသည်။
အခက်အခဲ ပေါင်းများစွာကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးတွင် သူတို့သည် အောင်ပွဲ၏ အလင်းရောင်ကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
"နောက်ထပ် အချက်တစ်ခုလည်း ရှိသေးတယ်"
"ထန်ထျန်းရဲ့ ခွန်အားက အခုထိ အဆက်မပြတ် တိုးတက်နေတုန်းပဲလေ"
လုံကျိုကျိုးကလည်း ပြုံးလျက် ပြောလိုက်သည်။
အားလုံး ခေါင်းညိတ်လိုက်ကြသည်။
မှန်ပါသည်၊ ကမ္ဘာ့ဘိုးဘေး ကုန်းမြေကို မရရှိထားသော အခြေအနေမျိုးတွင် ကျွင်းချန်ချင်း၏ ခွန်အားမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော် ထန်ထျန်း၏ ခွန်အားမှာမူ လူတိုင်း နားမလည်နိုင်သော အရှိန်နှုန်းဖြင့် ဆက်လက် တိုးတက်နေဆဲ ဖြစ်သည်။
တစ်ယောက်က ရပ်တန့်နေပြီး တစ်ယောက်က ဆက်လက် သန်မာနေသည်ဖြစ်ရာ တစ်နေ့တွင် ထန်ထျန်းမှာ ကျွင်းချန်ချင်းကို အပြတ်အသတ် အနိုင်ယူ နိုင်လိမ့်မည်မှာ သေချာလှသည်။
"ဟားဟား"
"ငါတော့ ထန်ထျန်းအတွက် အောင်ပွဲခံ ပွဲလေး လုပ်ပေးဖို့တောင် မစောင့်နိုင်တော့ဘူး၊ ဟားဟားဟား..."
ဟုန်းမန်ကျိကျွင်းက ကျယ်လောင်စွာ ရယ်မောလျက် ပြောလိုက်သည်။
အချိန်မြစ် အတွင်း၌
ထန်ထျန်း၏ ပြင်းထန်လှသော တိုက်ခိုက်မှုအောက်တွင် ကြေးနီ ဒယ်ဆောက် အိုးမှာ အဆက်မပြတ် တုန်ခါနေကာ အချိန်မရွေး ကွဲအက်တော့မည့်နှယ် ရှိနေသည်။
သို့သော် ခဏအကြာတွင် ထန်ထျန်းက ထိုအရာမှာ အပေါ်ယံသာ ဖြစ်ကြောင်း သတိထားမိလိုက်သည်။ သူ၏ လက်ရှိ စွမ်းအားနှင့်မူ ကြေးနီ ဒယ်ဆောက် အိုး၏ ကာကွယ်မှုကို အမှန်တကယ် ဖောက်ရန် မဖြစ်နိုင်သေးပေ။
သို့သော်လည်း ၎င်းက အရေးမကြီးတော့ပေ။
ဤတိုက်ပွဲတွင် အမှန်တကယ် ကာကွယ်နေရသူမှာ သူသာ ဖြစ်သည်။
ကျွင်းချန်ချင်းက သူ့ကို မဖောက် နိုင်သရွေ့တော့ ဤကမ္ဘာကြီးမှာ ဘေးကင်းနေမည် ဖြစ်သည်။
"အခုကော မင်း အောင်မြင်မယ်လို့ ယုံကြည်နေသေးလား"
ထန်ထျန်းက တိုက်ခိုက်မှုကို ရပ်တန့်လိုက်သော်လည်း အဆုံးမဲ့သော စွမ်းအားများဖြင့် ကျွင်းချန်ချင်းကို ဟင်းလင်းပြင်ထဲ၌ ပိတ်ဆို့ထားလိုက်သည်။
ကျွင်းချန်ချင်းက ဖန်ဆင်းရှင် နတ်စွမ်းအားကို နောက်တစ်ကြိမ် ထုတ်မသုံးနိုင်သရွေ့တော့ လုံးဝ ထွက်သွားနိုင်မည် မဟုတ်ပေ။
သို့သော်လည်း ထိုသို့လုပ်ခြင်းမှာ ဘာအဓိပ္ပာယ်မှ ရှိမည်မဟုတ်ပေ။
ကျွင်းချန်ချင်းကလည်း ဤအချက်ကို သဘောပေါက်ပုံရသဖြင့် အဓိပ္ပာယ်မရှိသော ကိစ္စများကို ဆက်မလုပ်တော့ပေ။
သို့သော်ငြားလည်း သူ၏ မျက်နှာမှာ အမြဲတမ်းကဲ့သို့ပင် တည်ငြိမ်နေဆဲ ဖြစ်သည်။
"သေချာပေါက်ပေါ့"
ကျွင်းချန်ချင်းက ထန်ထျန်းကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။ "ငါ မင်းကို ပြောခဲ့သလိုပဲ၊ ဒီတိုက်ပွဲက အရင်တုန်းက အချိန်တွေကို လွမ်းဆွတ်နေရုံသက်သက်ပါပဲ"
"ငါ အောင်မြင်မှာနဲ့ကတော့ ဘာမှ မဆိုင်ဘူး"
"ငါ တကယ် ဝမ်းသာပါတယ်၊ ဒီတိုက်ပွဲက ငါ့ကို အစွမ်းကုန် ကြိုးစားခွင့် ရစေခဲ့တယ်လေ"
ထန်ထျန်း မျက်မှောင်ကြုတ်သွားပြီး "မင်းရဲ့ ယုံကြည်မှုက ဘယ်ကလာတာလဲဆိုတာ ငါ တကယ် မသိဘူး"
"မင်း ငါ့ကို မနိုင်ရင် မဟာပျက်သုဉ်း မြို့ဟောင်း ကို ရမှာ မဟုတ်ဘူး"
"မဟာပျက်သုဉ်း မြို့ဟောင်းကို မရရင် မင်းရဲ့ ခွန်အား အပြည့် ကို ပြန်ရမှာ မဟုတ်သလို ထာဝရ အဆင့်ကိုလည်း ရောက်မှာ မဟုတ်ဘူး"
"ပြီးတော့ ငါ မင်းကို အချက်တစ်ခု ပြောပြရဦးမယ်၊ အမှန်တကယ်တော့ ဒီနေ့ မင်း ငါ့ကို နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ မဟာပျက်သုဉ်း မြို့ဟောင်းကို မင်း ရနိုင်မှာ မဟုတ်ဘူး"
"ငါတို့ကြားက တိုက်ပွဲ ရလဒ်က ကမ္ဘာကြီး ဆက်ပြီး တည်ရှိနိုင်မလားဆိုတာပဲ ဆုံးဖြတ်ပေးမှာ"
"မင်းက သေချာပေါက် အောင်မြင်မှာ မဟုတ်ဘူး၊ သေချာပေါက် ရှုံးနိမ့်မှာ"
ထန်ထျန်း၏ စကားကို ကြားသော်လည်း ကျွင်းချန်ချင်း၏ မျက်နှာတွင် အံ့အားသင့်သည့် အရိပ်အယောင် လုံးဝ မရှိပေ။
"မင်းက နေနတ်ဘုရားက မဟာပျက်သုဉ်း မြို့ဟောင်းကို စုပ်ယူလိုက်တဲ့ ကိစ္စကို ပြောချင်တာ မဟုတ်လား"
ထိုစကားတစ်ခွန်းကြောင့် ထန်ထျန်းမှာ မှင်တက်သွားရသည်။
သူက... ဒီကိစ္စကို သိနေတာလား
"ဒါပေမဲ့ ဘယ်သူက ပြောလို့လဲ၊ ငါက မဟာပျက်သုဉ်း မြို့ဟောင်းကို ရမှ ဖြစ်မယ်လို့"
ကျွင်းချန်ချင်းက ထန်ထျန်းကို ကြည့်ကာ ခပ်ပြုံးပြုံး လုပ်လိုက်သည်။
"ငါ အရင်က ပြောခဲ့သလိုပဲ၊ ဒီကမ္ဘာကြီးကို အမှန်တရားကို ပြဖို့ အချိန်တန်ပြီ"
"အခု... အချိန်ရောက်ပြီ"
သူ၏ အကြည့်များမှာ ထန်ထျန်းအပေါ်တွင် ရှိနေသည်။
သို့သော် ထန်ထျန်းကမူ သူ ကြည့်နေသည်မှာ သူ့ကို မဟုတ်ကြောင်း ခံစားလိုက်ရသည်။
ကျွင်းချန်ချင်းက ခွန်အား ပြန်လည်ရရှိရန်အတွက် ကမ္ဘာ့ဘိုးဘေး ကုန်းမြေကို လိုအပ်သည်။
ဒါပေမဲ့ သူက မဟာပျက်သုဉ်း မြို့ဟောင်းကို မလိုအပ်ဘူးလို့ ပြောနေပြန်သည်။
ဒါဆိုရင်...
ထန်ထျန်း၏ အတွေးများမှာ တရိပ်ရိပ် လည်ပတ်သွားပြီးနောက် ခဏအကြာတွင် သူ၏ မျက်လုံးများမှာ ဝိုင်းစက်သွားတော့သည်။ မယုံကြည်နိုင်စရာ ကောင်းသော ခန့်မှန်းချက်တစ်ခုမှာ သူ၏ စိတ်ထဲတွင် ဟုန်းခနဲ ပေါ်လာခဲ့သည်။
ကျွင်းချန်ချင်းက အေးဆေးစွာ ပြုံးလိုက်သည်။ "ကြည့်ရတာ... နောက်ဆုံးတော့ မင်း စဉ်းစားမိသွားပြီထင်တယ်"
ထို့နောက် သူက အသံကို မြှင့်ကာ ပြောလိုက်သည်။
"မင်းရဲ့ တာဝန်ကို အဆုံးသတ်ဖို့ အချိန်တန်ပြီ"
"ကြောင်လေး "