← Chapters

လုံးဝ ဥဿုံ မျှော်လင့်ချက်မဲ့ခြင်း

Vol. 78 Ch. 819

လုံးဝ ဥဿုံ မျှော်လင့်ချက်မဲ့ခြင်း

Vol. 78 Ch. 819

​ကျွင်းချန်ချင်း ပြောနေသည်မှာ အမှန်တရား ဟုတ်၊ မဟုတ်ကို ထန်ထျန်း မသိပေ။ ယခုအချိန်တွင် သူ၏ အတွေးများမှာ အလွန် ရှုပ်ထွေးနေပြီး တိကျသော ဆုံးဖြတ်ချက် တစ်ခုကို မချနိုင်တော့ပေ။

​သူ၏ လက်ရှိ ရပ်တည်မှုမှာပင် သူကိုယ်တိုင် မသေချာတော့ပေ။

​ကမ္ဘာသစ် တစ်ခု ဖန်တီးရန်အတွက် လနှလုံးသား ၊ နေ နှလုံးသား၊ သဘာဝ မျိုးစေ့ ဆိုသည့် အရာသုံးခု လိုအပ်သေးသည်။

​ထိုအထဲမှ နှစ်မျိုးမှာ သူ၏ ကိုယ်ပေါ်တွင် ရှိနေသည်။

​"အမှန်တော့ ကမ္ဘာသစ် တစ်ခု ဖန်တီးဖို့အတွက် ငါ့မှာ အဲဒီလောက်ကြီးတဲ့ တွန်းအား မရှိပါဘူး၊ ငါက ထာဝရအဆင့်ကိုပဲ ရောက်ချင်တာ"

​ကျွင်းချန်ချင်းက ဆက်ပြောသည်။ "ဒါကြောင့် ဒီရွေးချယ်ခွင့်ကို မင်းဆီ ငါ လွှဲပေးမယ်၊ မင်းဘာသာ မင်း ဆုံးဖြတ်ပါ"

​"အကယ်၍ ကြောင်လေး ကို ဆက်ပြီး ရှင်သန်စေချင်တယ်ဆိုရင် အဲဒီအရာတွေကို ထုတ်ပေးလိုက်"

​"အကယ်၍ စိုးရိမ်တာမျိုး ရှိရင်လည်း ကိစ္စမရှိပါဘူး"

​"ငါက ကြောင်လေး ရှိနေတဲ့ အဲဒီကမ္ဘာကို ရရင် ရပြီ"

​ထန်ထျန်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။ "ဒါက အကြံအစည် တစ်ခုခု ရှိနေတယ်လို့ ငါ ဘာလို့ ခံစားနေရတာလဲ"

​ကျွင်းချန်ချင်းက ခေါင်းအသာ ခါယမ်းလိုက်သည်။

​"ငါ ပြောပြီးပြီလေ၊ မင်းမှာ စိုးရိမ်စိတ် ရှိနေရင် ထားလိုက်ပါ"

​"မင်းဘာသာ မင်း ရွေးချယ်"

​ထန်ထျန်း နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။

​ဤကိစ္စတွင် လျှို့ဝှက်အကြံအစည် မရှိသည်မှာ အမှန်ပင်။

​အကယ်၍ ရှိခဲ့လျှင်လည်း ၎င်းမှာ ပေါ်တင်ကြီး လုပ်နေသော အကြံအစည် သာ ဖြစ်လိမ့်မည်။

​သူက ကြောင်လေးကို အသက်ရှင် စေ ချင်သည်ဆိုလျှင် လ နှလုံးသား နှင့် သဘာဝ မျိုးစေ့ ကို ကျွင်းချန်ချင်းထံ သူ့ဘာသာ လိုလိုလားလား ပေးအပ်ရမည် ဖြစ်သည်။

​ခဏအကြာတွင် ထန်ထျန်းက မေးလိုက်သည်။ "ကမ္ဘာသစ်က..."

​"ဘယ်လို ပုံစံမျိုး ဖြစ်မှာလဲ"

​ကျွင်းချန်ချင်းက ခေါင်းခါပြလိုက်သည်။ "ငါလည်း မသိဘူး"

​"ဘယ်သူမှ ဒီလိုမျိုး မစမ်းသပ်ဖူးဘူးလေ"

​"တကယ် အောင်မြင်မလား ဆိုတာတောင် မသိနိုင်တဲ့ ကိစ္စပဲ"

​"ဒါပေမဲ့ အရာအားလုံး စုံလင်သွားပြီဆိုရင်တော့ ငါ အဲဒီကမ္ဘာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး တည်ဆောက်ပေးမှာပါ"

​ထန်ထျန်းက ခေါင်းညိတ်လိုက်ပြီး ထပ်မေးလိုက်သည်။ "ဒါဆို အခုရှိနေတဲ့ ကမ္ဘာကြီးကော"

​ကျွင်းချန်ချင်းက ခနဲ့ ပြုံးပြုံးလိုက်သည်။

​"ထာဝရ လမ်းစဉ်အတွက် သူ့ကို လိုအပ်တယ်"

​အဖြေက ရှင်းနေပါသည်။

​ကျွင်းချန်ချင်း ထာဝရအဆင့်သို့ တက်လှမ်းမည့် နည်းလမ်းမှာ တစ်ကမ္ဘာလုံးကို ဝါးမြိုပစ်ခြင်း ဖြစ်သည်။

​သူ အသုံးချမည့် ပစ္စည်း မှာ ထိုသေစေနိုင်သော လက်နက်ကြီးပင် ဖြစ်သည်။

​လွန်ခဲ့သော နှစ်ပေါင်း သန်းချီကတည်းက သူသည် အရာအားလုံးကို ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။

​"ဒါပေမဲ့ သက်ရှိတချို့တော့ အသက်ရှင်နိုင်ဦးမှာပါ"

​ကျွင်းချန်ချင်းက ဆက်ပြောသည်။ "အဲဒီအချိန်ကျရင် ကမ္ဘာသစ်က သက်ရှိ ဘယ်လောက်ကို လက်ခံနိုင်မလဲဆိုတာ ကြည့်ရမှာပေါ့"

​"ငါက စံနှုန်းတစ်ခု သတ်မှတ်ပေးမယ်၊ အရည်အချင်း ပြည့်မီတဲ့ သက်ရှိတွေကိုပဲ ကမ္ဘာသစ်ထဲ ပေးဝင်မယ်"

​ထန်ထျန်း ဘာမှ မပြောတော့ပေ။

​စကြာဝဠာကြီးမှာ အလွန်ပင် ကျယ်ပြောလှသည်။

​ကမ္ဘာသစ်တစ်ခုက လက်ခံနိုင်မည့် သက်ရှိဦးရေမှာ အလွန်ပင် နည်းပါးလှသည်။

​အတိုင်းအတာ တစ်ခုအထိ ကြီးထွားနေပြီဖြစ်သော ဂျင်ဂိုကမ္ဘာ ပင်လျှင် စကြာဝဠာထဲက သက်ရှိများ၏ ဘီလီယံ တစ်သန်း ပုံ တစ်ပုံကိုပင် ဆံ့လိမ့်မည် မဟုတ်ပေ။

​အခုမှ စတင်မွေးဖွားမည့် ကမ္ဘာသစ်ဆိုလျှင် ပို၍ ပြောနေစရာပင် မလိုတော့ပေ။

​ခြုံငုံကြည့်ရမည်ဆိုလျှင် ဤလုပ်ရပ်မှာ ကမ္ဘာကြီးကို လုံးဝ ဖျက်ဆီးပစ်ခြင်းနှင့် အနှစ်သာရအားဖြင့် သိပ်မကွာခြားလှပေ။

​"ဒီကိစ္စက မလောပါဘူး၊ မင်း သေချာ စဉ်းစားပါ"

​"ရွေးချယ်ဖို့ အချိန်ရောက်လာပြီဆိုရင် ငါ မင်းကို လာရှာမယ်"

​ကျွင်းချန်ချင်းက ပြောလိုက်သည်။

​ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ခုနကကဲ့သို့ပင် တားဆီး၍ မရသော ဖန်ဆင်းရှင် နတ်စွမ်းအားများကို ထုတ်လွှတ်ကာ ထန်ထျန်း၏ ပိတ်ဆို့မှုကို ဖျက်ဆီးလိုက်သည်။

​ထန်ထျန်းလည်း ဆက်ပြီး မတားနေတော့ပေ၊ အဘယ်ကြောင့်ဆိုသော် ထိုသို့လုပ်ခြင်းမှာ ဘာအဓိပ္ပာယ်မှ ရှိတော့မည် မဟုတ်သောကြောင့် ဖြစ်သည်။

​"သွားရအောင်၊ ကြောင်လေး "

​ကျွင်းချန်ချင်းက အေးဆေးစွာ ပြောလိုက်သည်။

​ကြောင်လေးမှာ မျက်ရည်များ မရပ်မနား ကျဆင်းနေဆဲ ဖြစ်ကာ ထန်ထျန်းကို ကြည့်နေသည့် သူ၏ အကြည့်များမှာ အဆုံးမဲ့သော အားငယ်မှု၊ အကူအညီမဲ့မှုနှင့် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေတော့သည်။

​"ထန်ထျန်း..."

​"တကယ်ကို တောင်းပန်ပါတယ်..."

​သူ၏ အသံမှာ အက်ကွဲနေသည်။

​ပင်ပန်းနွမ်းနယ်နေသော ကြောင်လေးကို ကြည့်ကာ ထန်ထျန်းက ခပ်ဖွဖွ ပြုံးလိုက်သည်။

​"ရပါတယ်"

​"ဒါ မင်းအပြစ် မဟုတ်ဘူး"

​"အခြေအနေတွေ ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့က သူငယ်ချင်းတွေ ဖြစ်နေတုန်းပဲ"

​"မင်းကို ပြန်လာနိုင်အောင် ငါ နည်းလမ်းရှာမှာပါ"

​ကြောင်လေးမှာ ရှိုက်ကြီးတငင် ငိုကြွေးနေဆဲ ဖြစ်ကာ မျက်ရည်များကြောင့် သူ၏ အမွှေးများမှာ စိုရွှဲပြီး ပေရေနေတော့သည်။

​ထိုစဉ် စိမ်းပြာရောင် အလင်းတန်းတစ်ခု ပျံ့နှံ့လာပြီး ကြောင်လေးကို ဝန်းရံလိုက်သည်။

​၎င်းမှာ ကြေးနီ ဒယ်ဆောက် အိုး၏ စွမ်းအားပင် ဖြစ်သည်။

​ထို့နောက် ကျွင်းချန်ချင်းနှင့် ကြောင်လေးတို့၏ ပုံရိပ်မှာ တဖြည်းဖြည်း မှိန်ဖျော့သွားတော့သည်။

​"ခဏလေး"

​သူတို့ လုံးဝ ပျောက်ကွယ်သွားတော့မည့် အချိန်တွင် ထန်ထျန်းက လှမ်းခေါ်လိုက်သည်။

​ကျွင်းချန်ချင်းက လှည့်ကြည့်ကာ မေးလိုက်သည်။ "ဘာကိစ္စ ရှိသေးလို့လဲ"

​ထန်ထျန်း ခဏစဉ်းစားပြီး မေးလိုက်သည်။ "ကမ္ဘာ့အရှင်ရဲ့ ရပ်တည်မှုက တကယ်ပဲ ဘယ်လိုမျိုးလဲဆိုတာ ငါ သိချင်တယ်"

​"သူကလည်း သဘာဝမိခင်လိုပဲ စကြာဝဠာကြီးရဲ့ ဆန့်ကျင်ဘက်မှာ ရပ်နေတာလား"

​ဒါဟာ ထန်ထျန်း သိချင်နေတဲ့ ကိစ္စဖြစ်သည်။

​အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့အရှင်၏ ရပ်တည်မှုမှာ သူကိုယ်တိုင်နှင့် တိုက်ရိုက် ပတ်သက်နေသောကြောင့် ဖြစ်သည်။

​သို့သော် ကျွင်းချန်ချင်းက ထိုမေးခွန်းကို တိုက်ရိုက် မဖြေဘဲ ဖြည်းည်းချင်း ပြောလိုက်သည်။ "ကမ္ဘာ့အရှင်မှာ သူ့ရဲ့ ကိုယ်ပိုင် အကြံအစည် ရှိတယ်"

​"ငါတို့ နောက်တစ်ကြိမ် ထပ်တွေ့ကြဦးမှာပါ"

​"အဲဒီအချိန်ကျရင် အရာအားလုံးကို ငါ မင်းကို ပြောပြမယ်"

​ပြောပြီးနောက် သူ၏ ပုံရိပ်မှာ ဆက်လက် မှိန်ဖျော့သွားသည်။

​နောက်ဆုံးတွင် ကြောင်လေးနှင့်အတူ ထန်ထျန်း၏ ရှေ့မှ လုံးဝ ပျောက်ကွယ်သွားတော့သည်။

​အချိန်မြစ် တစ်ခုလုံးတွင် ထန်ထျန်း တစ်ဦးတည်းသာ ဟင်းလင်းပြင်ထဲ၌ အထီးကျန်စွာ ကျန်ရစ်ခဲ့တော့သည်။

​ရုတ်တရက် ပေါ်ပေါက်လာသော ဤအပြောင်းအလဲမှာ သူ့ကို အကြီးအကျယ် အထိနာစေခဲ့သည်။

​ကြောင်လေး အမြဲတမ်း စောင့်နေခဲ့သော လူမှာ ကျွင်းချန်ချင်း ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

​ကမ္ဘာကြီး၏ သဘာဝမိခင် တစ်ယောက်ကပင် ကမ္ဘာကြီးကို သစ္စာဖောက်လိမ့်မည်ဟုလည်း မထင်ခဲ့ပေ။

​နောက်ပြီး ကမ္ဘာ့အရှင်

​သူ၏ အကြံအစည်များ၊ သူ၏ စီစဉ်မှုများမှာ အမှန်တကယ်က ဘာတွေလဲ။

​ယခုအချိန်တွင် သူကိုယ်တိုင်ကော မည်သည့် ရပ်တည်မှုတွင် ရှိနေရမည်နည်း။

​မလှမ်းမကမ်းတွင် ငြိမ်သက်စွာ ရှိနေသော စစ်တုရင် ကစားသည့် နားနေဆောင် လေးကို ကြည့်ရင်း ထန်ထျန်းမှာ အချိန်အတော်ကြာ အတွေးထဲ နစ်မြုပ်နေတော့သည်။

​တစ်ချိန်တည်းမှာပင် ထျန်းတိ ကျင့်ကြံခြင်းကွင်းပြင် ၌

​ဤအပြောင်းအလဲမှာ ထန်ထျန်းကိုသာမက ကျင့်ကြံခြင်းကွင်းပြင်ထဲရှိ ကျိကျွင်း အားလုံးကိုပါ မှင်တက်သွားစေခဲ့သည်။

​ကျွင်းချန်ချင်းနှင့် ထန်ထျန်းတို့ ဘာတွေ ပြောခဲ့ကြသည်ကို မကြားရသော်လည်း ထိုဖြူဖွေးသော ကြောင်လေးမှာ သဘာဝမိခင်၏ နတ်ဘုရားအချစ်တော် ကြောင်လေး ဖြစ်ကြောင်း သူတို့ သိကြသည်။

​သို့သော် ကြောင်လေး က ကျွင်းချန်ချင်းထံသို့ လိုလိုလားလား ရောက်ရှိသွားခဲ့သည်။

​ဒါက ဘာကို ဆိုလိုတာလဲ။

​ဒီနေရာမှာ ရှိနေတဲ့ သူတွေ အားလုံးက ထိပ်တန်း ပုဂ္ဂိုလ် တွေ ဖြစ်ကြရာ ဒီပတ်သက်မှုကို အလွယ်တကူ ခွဲခြားသိမြင်နိုင်ကြသည်။

​ကြောင်လေး က ကျွင်းချန်ချင်းထံသို့ သွားလိုက်ခြင်းမှာ ဤကမ္ဘာကြီးကို သစ္စာဖောက်လိုက်ခြင်းပင် ဖြစ်သည်။

​သူက သစ္စာဖောက်လိုက်ပြီ ဆိုကတည်းက သဘာဝမိခင်မှာလည်း သစ္စာဖောက်လိုက်ပြီ ဆိုသည့် သဘောပင်။

​ဒါဆိုလျှင် သဘာဝမိခင်နှင့် ဆက်ဆံရေး နက်ရှိုင်းလှသော၊ သူမနှင့်အတူ ကမ္ဘာကြီးမှ ထွက်သွားသော ကမ္ဘာ့အရှင်မှာလည်း သစ္စာဖောက်ဖြစ်နေဖို့ ရာခိုင်နှုန်း အလွန်ပင် မြင့်မားနေသည်။

​အကယ်၍ ကမ္ဘာ့အရှင် ကိုယ်တိုင်က သစ္စာဖောက်ခဲ့မည်ဆိုလျှင် သူတို့ အားကိုးတကြီး မျှော်လင့်နေရသော၊ တစ်ဦးတည်းသော မျှော်လင့်ချက်ဟု သတ်မှတ်ထားသော ထန်ထျန်းမှာကော မည်သည့်ဘက်က ဖြစ်သွားမည်နည်း။

​မျှော်လင့်ချက်...

ဟားဟားဟား.....

​ဘယ်မှာ မျှော်လင့်ချက် ရှိတော့မှာလဲ။

​ပတ်ဝန်းကျင် တစ်ခုလုံးကို ကြည့်လိုက်လျှင် အရာအားလုံးမှာ မှောင်မိုက်နေတော့သည်။

​"ဟားဟားဟားဟားဟား..."

​ရုတ်တရက်၊ ထျန်းတိ ယဇ်ပလ္လင် အထက်မှနေ၍ ကျယ်လောင်သော ရယ်သံကြီးတစ်ခုမှာ ကွင်းပြင်တစ်ခုလုံး ပျံ့နှံ့သွားသည်။

​"တကယ်ကို ရယ်စရာ ကောင်းတာပဲ"

​"တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ"

​"လနတ်သမီး က သစ္စာဖောက်တယ်၊ သဘာဝမိခင် က သစ္စာဖောက်တယ်၊ ကမ္ဘာ့အရှင် ကလည်း သစ္စာဖောက်တယ်၊ တကယ်ကို ပျော်စရာ ကောင်းတယ်ဟေ့"

​"သူတို့တွေဟာ တစ်ချိန်က ငါတို့ အယုံကြည်ရဆုံး လူတွေ ဖြစ်ခဲ့ကြတယ်၊ ဒီကမ္ဘာကြီးကို ကာကွယ်ဖို့အတွက် ကြီးမားတဲ့ ကြိုးပမ်းမှုတွေနဲ့ ပေးဆပ်မှုတွေ လုပ်ခဲ့ကြတယ်"

​"ဒါဆို ဘယ်သူက တကယ် သစ္စာဖောက်လိုက်တာလဲ"

​"ထိုက်ချန် ဆိုတဲ့ အဘိုးကြီး ပြောတာ မှန်နေတာပဲ၊ သူတို့ကသာ မှန်ကန်နေပြီး ငါတို့က မှားယွင်းတဲ့ဘက်မှာ ရပ်နေခဲ့ကြတာ"

​"ငါတို့တွေ အားလုံး ကစားခံလိုက်ရပြီ၊ ဟားဟားဟားဟား..."

​"အားလုံးဟာ လူပြက်တွေပဲ လူပြက် တစ်အုပ်ကြီးပဲ"

​"ငါလည်း လူပြက်ပဲ၊ လူတွေကို ပျော်အောင် ကပြရတဲ့ လူပြက် တစ်ယောက်ပဲ၊ အား..."

​ဟုန်းမန်ကျိကျွင်းမှာ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျဆင်းနေသော်လည်း ပုံမှန်မဟုတ်သော ရယ်သံကြီးကိုသာ အဆက်မပြတ် ထုတ်ဖော်နေတော့သည်။ သူ၏ ခြေလက်များကိုလည်း ရူးသွပ်စွာ လှုပ်ရှားနေမိသည်။

​မျက်လုံးများမှာ နီရဲနေပြီး စိတ်အခြေအနေမှာ လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

​နောက်ဆုံးတွင် သူက တကယ်ပင် ပြေးလျက် ဝေးလံလှသော ကမ္ဘာဦး ဟင်းလင်းပြင် ထဲသို့ ပြေးဝင်သွားတော့သည်။

​သို့သော် သူ၏ ရူးသွပ်လှသော ရယ်သံကြီးမှာ ကမ္ဘာမြေနှင့် ကောင်းကင်ကြားတွင် ဟိန်းထွက်နေဆဲ ဖြစ်သည်။

​ထိုရယ်သံကြီး ပျံ့နှံ့သွားသည်နှင့်အမျှ ထျန်းတိ ကျင့်ကြံခြင်းကွင်းပြင် အတွင်းရှိ လူတိုင်း၏ နှလုံးသားထဲတွင် ထူထပ်လှသော အမှောင်တိမ်တိုက်ကြီးများ ဖုံးလွှမ်းသွားတော့သည်။

​အလင်းရောင် အစအနလေးကိုပင် ရှာမတွေ့နိုင်တော့ပေ။

All Chapters