အခန်း (၁၄၁-၁၄၂)
Vol. 15 Ch. 141-142
အခန်း (၁၄၁)
လီနျန်၏ စိုးရိမ်ပူပန်မှု
သူမ နှုတ်ဆိတ်နေသည်ကို မြင်သောအခါ ဟွာကျွင်း ဆက်၍ အတင်းအကျပ် မမေးတော့ဘဲ မှာကြားလိုက်၏။
“ရှင် ကောင်းကောင်းအနားယူလိုက်ပါဦး”
ထို့နောက် မုန့်ဆိုင်သို့ ပြန်သွားခဲ့သည်။
လီနျန်သည် ပန်းထိုးအလုပ်ရုံ၏ ပြတင်းပေါက်ဘောင်ဘေးတွင် တစ်ယောက်တည်း အကြာကြီး ထိုင်နေမိ၏။ အပြင်ဘက်မှ ဆူညံသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားချိန်တွင် သေတ္တာထဲမှ အဝတ်အိတ်တစ်အိတ်ကို ယူကာ မုန့်ဆိုင်သို့ ထွက်လာလိုက်သည်။
ဆိုင်ထဲသို့ ဝင်သွားချိန်တွင် ဟွာကျွင်းနှင့် အားမန်တို့ကိုသာ တွေ့ရသည်။ သူမ အိတ်ကို ဟွာကျွင်းထံ ကမ်းပေးလိုက်၏။
“ဒါက ဘာလဲဟင်”
ဟွာကျွင်း စပ်စုလိုစိတ်ဖြင့် အိတ်ကို ဖွင့်ကြည့်လိုက်သည်။
“ဒါတွေက ကျွန်မ သူဌေးမဟွာ အတွက်ရော၊ အားမန်နဲ့ ဟွာရှန့်တို့အတွက်ပါ ပန်းထိုးပေးထားတဲ့ စကတ်လေးတွေပါ။ ပေးဖို့ အခွင့်အရေး မကြုံတာနဲ့ မပေးဖြစ်သေးတာ။ လက်ရာက သိပ်မကောင်းဘူး၊ ဒါကြောင့် စိတ်မရှိပါနဲ့နော်”
ဟွာကျွင်း တစ်ထည်ကို ဖြန့်ကြည့်လိုက်ရာ စကတ်တစ်ခုလုံးတွင် ပန်းထိုးပုံစံများဖြင့် ပြည့်နှက်နေသည်။ အရောင်စုံလင်ပြီး တောက်ပသည့် ပီယွန်နီပန်းများ နှင့် ထိုပန်းများအပေါ်တွင် ပျံသန်းနေသော လိပ်ပြာလေးများသည် အသက်ဝင်နေသကဲ့သို့ လှပလွန်း၏။
“ဝေါင်း။ အရမ်းလှတာပဲ။ ကျွန်မ တကယ်သဘောကျတယ်၊ ကျေးဇူးအများကြီးတင်ပါတယ်နော်”
အားမန်သည်လည်း သူမအတွက် ရည်ရွယ်သည့် စကတ်ကို ကောက်ကိုင်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် အံ့ဩဝမ်းသာမှုများ ပြည့်လျှံသွားပြီး လက်ထဲမှ မချရက် ဖြစ်နေ၏။
“ပြီးတော့...” လီနျန်သည် အိတ်ထဲမှ မှတ်စုစာအုပ်တစ်အုပ်နှင့် သော့တွဲတစ်ခုကို ထုတ်ကာ ဟွာကျွင်းထံ ကမ်းပေးလိုက်သည်။
“ဒါတွေက ပန်းထိုးအလုပ်ရုံရဲ့ သော့တွေနဲ့ စာရင်းစာအုပ်ချုပ်ပါ၊ ကျေးဇူးပြုပြီး ဒါတွေကို ယူထားပေးပါ”
ဟွာကျွင်း မှင်တက်သွား၏။
“ဒါတွေ ကျွန်မကို ဘာလို့ လာပေးတာလဲ”
လီနျန် တွေဝေသွားပြီး သူမ၏ မျက်လုံးထဲတွင် မျက်ရည်များ ဝဲတက်လာသည်။ သူမ တုန်ရီနေသောအသံဖြင့် ပြော၏။
“သူဌေးမဟွာ၊ တောင်းပန်ပါတယ်... ကျွန်မ... ကျွန်မက လူသတ်သမားတစ်ယောက်ပါ... ကျေးဇူးပြုပြီး ကျွန်မကို အာဏာပိုင်တွေဆီ အပ်နှံပေးပါ...”
“ဘာ” ဟွာကျွင်း သူမကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။
ထိုစဉ် ဘေးနားက ကောင်တာအောက်မှ “ဒုန်း” ခနဲ အသံတစ်သံ ထွက်ပေါ်လာသဖြင့် သူတို့ သုံးယောက်စလုံး လှမ်းကြည့်လိုက်ကြသည်။
မော့ချွမ်းသည် ကောင်တာအောက်မှ ခေါင်းကိုပွတ်ရင်း ထလာ၏။
“အား... နာလိုက်တာ...” ထို့နောက် သူက ခေါင်းလှည့်ကြည့်လိုက်ရာ သူတို့၏ အံ့ဩနေသော အကြည့်များနှင့် ဆုံသွားတော့သည်။
သူ့ကို မြင်လိုက်ရသဖြင့် လီနျန်သည် ခေါင်းကို အမြန်ငုံ့ကာ မျက်ရည်များကို သုတ်လိုက်၏။
“ရှင် ဘာလို့ ဒီမှာ ရှိနေတာလဲ”
မော့ချွမ်း ဇဝေဇဝါဖြင့် ဖြေလိုက်သည်။
“ကျွန်တော်က ဘာလို့ ဒီမှာ ရှိနေလို့ မရတာလဲ။ ဒီစားပွဲက နည်းနည်း လှုပ်နေတာ မြင်လို့ ပြင်လို့ရမလား ကြည့်နေတာလေ”
ထို့နောက် သူက အခြားလက်တစ်ဖက်ကို မြှောက်ပြရာ လက်ထဲတွင် တူတစ်လုံး ပါလာသည်။
ဟွာကျွင်းက ထပ်မေး၏။
“ရှင် ဘယ်လောက်အထိ ကြားသွားလဲ”
“ကျွန်တော် ဒီအောက်မှာ အလုပ်ရှုပ်နေတာ၊ ခင်ဗျားတို့ စကားပြောတာကို နားထောင်ဖို့ အချိန်မရှိပါဘူး...”
ဟွာကျွင်း သက်ပြင်းချလိုက်နိုင်သည်။
“လူသတ်တာပဲဥစ္စာ၊ ဘာကိစ္စ အကြီးကြီးမို့လို့လဲ”
“ဟမ်” ဟွာကျွင်း မော့ကြည့်လိုက်၏။
“ရှင်က ကျွန်မတို့ စကားပြောတာကို နားထောင်ဖို့ အချိန်မရှိဘူး ဆို”
“နားထောင်ဖို့ အချိန်မရှိပေမဲ့ ခင်ဗျားတို့က အကျယ်ကြီး ပြောနေတာကိုး၊ အသံတွေက နားထဲကို ဖောက်ဝင်လာတာပဲ... နေပါဦး... ခင်ဗျား... ခင်ဗျား ကျွန်တော့်ကို နှုတ်ပိတ်ဖို့အတွက် သတ်မှာတော့ မဟုတ်ပါဘူးနော်”
ဟွာကျွင်း သူမ၏လက်ဘေးကို ဝေ့ဝဲကြည့်လိုက်ရာ စကတ်တစ်ထည်သာ ရှိပြီး သူ့ကို ရိုက်စရာ ဘာမှမရှိပေ။
“ရှင် ဘာတွေ လျှောက်ပြောနေတာလဲ။ မြန်မြန် ထွက်သွားပြီး ဆိုင်တံခါး ပိတ်လိုက်”
“ဪ”
မော့ချွမ်း တံခါးဆီသို့ အပြေးသွားကာ ခေါင်းလေးကို ဟိုဘက်ဒီဘက် ထွက်ကြည့်ပြီး ဆိုင်တံခါးကို အမြန် သော့ခတ်လိုက်၏။
ဟွာကျွင်း လီနျန်ကို ထိုင်ခိုင်းလိုက်ပြီး မေးသည်။ “ဘာတွေ ဖြစ်ကုန်တာလဲ။ ဘာဖြစ်ခဲ့တာလဲ။ ဘယ်တုန်းက လူသတ်ခဲ့တာလဲ။ ပြီးတော့ ဘယ်သူ့ကို သတ်ခဲ့တာလဲ”
လီနျန်သည် ဖြစ်ပျက်သမျှကို ငိုယိုရင်း ပြောပြခဲ့ပြီး အဆုံးတွင် သူမက ထပ်မံပြော၏။
“သူဌေးမဟွာ၊ ကျေးဇူးပြုပြီး ကျွန်မကို အာဏာပိုင်တွေဆီ အပ်နှံပေးပါ၊ ကျွန်မ အပြစ်ခံယူပါ့မယ်”
“ကျွန်မက ရှင့်ကို ဘာလို့ အပ်နှံရမှာလဲ။ ဒါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာပဲလေ၊ ရှင် ဘာမှမမှားဘူးဆိုတာ မသိဘူးလား”
လီနျန် ဟွာကျွင်းကို ကြည့်ကာ တွေဝေစွာ မေးမိသည်။
“တကယ်လားဟင်”
အားမန်မှာတော့ သူမ ဇာတ်လမ်းကို နားထောင်ရင်း အစကတည်းက မျက်ရည်များ ကျနေခဲ့ပြီး ဝမ်းနည်းမှုရော စိုးရိမ်မှုပါ ခံစားနေရသည်။
နူးညံ့သိမ်မွေ့လှသော လီနျန်သည် ဤကဲ့သို့သော လူမဆန်သည့် နှိပ်စက်မှုများကို ခံစားခဲ့ရသည့်အတွက် ဝမ်းနည်းမိ၏။
တရားဥပဒေ၏ ကွန်ရက်က တစ်နေ့တွင် လိုက်မီလာပြီး အစောင့်အကြပ်များ လီနျန်ကို လာရောက် ဖမ်းဆီးသွားမည်ကို စိုးရိမ်မိသည်။
ဟွာကျွင်းက ဤသို့ ပြောလိုက်သည်ကို ကြားမှ လီနျန်အတွက် မျှော်လင့်ချက် ပြန်ရှိလာသလို အသက်ဖြင့် ပြန်မပေးဆပ်ရနိုင်တော့ဘူးဟု ခံစားရသဖြင့် သူမ မျှော်လင့်ချက်အပြည့်ဖြင့် ဟွာကျွင်းကို ကြည့်နေမိ၏။
“ဟုတ်တယ်၊ အဲဒီလူက တကယ့်ကို ယုတ်မာလွန်းတာ။ သူ မသေရင် ရှင်ပဲ သေရမှာ။ အကယ်၍ သူသာ ရှင့်နောက်ကို လိုက်ပြေးလာခဲ့ပြီး လမ်းမှာ စားစရာ မရှိတော့ရင် ရှင့်ကိုရော ပေါင်လေးကိုပါ မရောင်းစားဘူးလို့ မပြောနိုင်ဘူးလေ”
လီနျန်က စိုးရိမ်နေဆဲပင်။
“ဒါပေမဲ့... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျွန်မ... ကျွန်မ လူသတ်ခဲ့မိတာပဲ”
“ဒါပေမဲ့တွေ လုပ်မနေနဲ့တော့၊ အလောင်းလည်း မရှိတော့ဘူး၊ ရှင် သွားပြောရင်တောင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး”
“ဒါပေမဲ့...”
“ကဲပါ၊ ဒါပေမဲ့တွေ မလုပ်နဲ့တော့။ သော့တွေနဲ့ စာရင်းစာအုပ်ကို မြန်မြန် ပြန်ယူသွားလိုက်။ ရှင်သာ ထွက်သွားရင် ကျွန်မ တကယ် ခေါင်းကိုက်ရလိမ့်မယ်”
လီနျန်က သူမ၏ အကြီးမားဆုံး စိုးရိမ်မှုကို တုန်တုန်ယင်ယင်နှင့် မေးလိုက်၏။
“ကျွန်မ ဒါကို ဖုံးကွယ်ထားတဲ့အတွက် သူဌေးမဟွာ ကျွန်မကို အပြစ်မတင်ဘူးလား။ ကျွန်မကို ယုံကြည်နေတုန်းပဲလား”
ဟွာကျွင်း သေချာသလို အော်ပြောလိုက်၏။
“အို... အမလေး။ ဘယ်သူက ဒီလိုကိစ္စမျိုးကို လျှောက်ပြောနေမှာလဲ။ ပြီးတော့ ကျွန်မက ရှင့်ကို ဘာလို့ အပြစ်တင်ရမှာလဲ။ ရှင် ပန်းထိုးအလုပ်ရုံမှာ ရှိနေတာ ဒီလောက်ကြာပြီ၊ တစ်ခါမှ အမှားမလုပ်ခဲ့ဘူးပဲ၊ ကျွန်မ ရှင့်ကို သေချာပေါက် ယုံတာပေါ့”
အားမန် လီနျန်၏လက်ကို ဆုပ်ကိုင်ကာ သူမကို အားပေးသည့်အနေဖြင့် ပြတ်ပြတ်သားသား ခေါင်းညိတ်ပြလိုက်သည်။
မော့ချွမ်း ကြားဖြတ်ပြော၏။
“အတိအကျပဲ၊ ဒါက ဘာထူးဆန်းလို့လဲ။ ဘယ်သူက လူမသတ်ဖူးလို့လဲ။ ဘယ်သူမှ အပြင်မှာ ဒီအကြောင်း လျှောက်မပြောတာဘဲ ရှိတာ...”
ထိုအကြောင်းကို ကြားပြီးနောက် လူတိုင်း သူ့ကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။
“မဟုတ်ဘူးလေ၊ ဘာလို့ အားလုံးက ကျွန်တော့်ကို ကြည့်နေကြတာလဲ”
မော့ချွမ်းက ဟွာကျွင်းကို ကြည့်လိုက်သည်။
“ခင်ဗျားရော မသတ်ဖူးဘူးလား”
ဟွာကျွင်းက ခေါင်းခါပြလိုက်၏။
သူက အားမန်ကို ကြည့်ရာ အားမန်ကလည်း အမြန် ခေါင်းခါပြလိုက်သည်။
မော့ချွမ်းက ရယ်မောလိုက်ပြီး ပြော၏။
“ကျွန်တော် နောက်တာပါ”
မော့ချွမ်း၏ စကားကြောင့် လူတိုင်း ရယ်မောသွားကြသည်။
အားမန်သည် လီနျန်ကို အသာအယာ ဖက်လိုက်ပြီး သူမကို သူငယ်ချင်းအဖြစ် အမြဲသတ်မှတ်ထားမည်ဖြစ်ကြောင်း ကိုယ်အမူအရာဖြင့် ဖော်ပြလိုက်၏။
ဟွာကျွင်း စနောက်ရင်း ပြောလိုက်သည်။
“ရှင် ပေးတဲ့ ဒီစကတ်ကို ကျွန်မ ပြန်မပေးတော့ဘူးနော်။ ရမလား”
လီနျန်သည် မျက်ရည်များကြားမှ ပြုံးလိုက်မိသည်။
“ပြန်မပေးပါနဲ့၊ ပြန်မပေးပါနဲ့။ ဒါတွေက ရာသီဥတု ပူလာရင် ဝတ်ဖို့ ကျွန်မ ရည်ရွယ်ထားတာပါ”
ရင်ထဲက အလုံးကြီး ကျသွားပြီဖြစ်ရာ လီနျန်သည် အိမ်သို့ ပျော်ပျော်ရွှင်ရွှင် ပြန်သွားခဲ့သည်။
ဟွာကျွင်း ခဏစဉ်းစားပြီး ပြောလိုက်၏။
“လီနျန်က စိတ်လှုပ်ရှားသွားရှာတာ။ အဲဒီအချိန်မှာ အဲဒီလူက အမူးလွန်ပြီး အိပ်နေတာပဲ။ သူ ဘာမှမလုပ်ဘဲ နေလိုက်ရင်တောင် ရေကြီးတဲ့အချိန်မှာ အဲဒီလူက သေမှာ သေချာတယ်”
မော့ချွမ်းက သဘောမတူပေ။
“မမေ့နဲ့လေ၊ သူက အကြာကြီး နှိပ်စက်ခံထားရတာ၊ ပြီးတော့ အဲဒီနေ့က သတိလစ်သွားတဲ့အထိ အရိုက်ခံထားရတာ။ ဘယ်လိုလုပ် အေးအေးဆေးဆေး စဉ်းစားနိုင်မှာလဲ”
“ဒါ့အပြင် သူက စာလည်း မဖတ်ဖူးဘူး၊ ခင်ပွန်းက အိမ်ထောင်ဦးစီးပဲလို့ ငယ်ငယ်ကတည်းက အသင်ခံထားရတာ။ ပုံမှန်ဆိုရင်လည်း အပြင်သိပ်မထွက်ဖူးဘဲ သူ့လို အမျိုးသမီးတွေနဲ့ပဲ ထိတွေ့ဖူးတာ။ သူ အခုလို ခြေလှမ်းလှမ်းနိုင်တာကိုက သူရဲကောင်းဆန်နေပါပြီ”
ဤသည်က ဟွာကျွင်းကို သတိရသွားစေ၏။
“အခု လမ်းထိပ်က မူလတန်းကျောင်းမှာ ကျောင်းသား ဘယ်လောက်ရှိပြီလဲ”
မော့ချွမ်း စဉ်းစားလိုက်သည်။
“သုံးဆယ်၊ လေးဆယ်လောက် ရှိမလား။ တချို့က ရွာသားတွေ၊ တချို့က လီနျန် ဝယ်ထားတဲ့သူတွေလေ”
“ရွာထဲက ကလေးအားလုံး ကျောင်းတက်ကြရဲ့လား”
“ဒါကတော့... ဖြစ်နိုင်တာပေါ့... ဟုတ်မှာပါ... ဘာပဲဖြစ်ဖြစ် ဝယ်ထားတဲ့ ကလေးတွေအားလုံးတော့ မူလတန်းကျောင်းမှာ ရှိတယ်။ ရွာထဲက လူတွေကျတော့ သူတို့မိဘတွေက ကလေးတွေကို အလုပ်လုပ်စေချင်တုန်းပဲဆိုတော့ အကုန်လုံးတော့ ကျောင်းမလာကြဘူး”
“စွန်းရှို့ချိုက် တစ်ယောက်တည်းပဲ သင်နေတာလား”
“ဟုတ်တယ်၊ သူက စာသုံးလုံးကျမ်းလိုမျိုး အခြေခံတွေကိုပဲ သင်ပေးတာလေ”
“အဲဒါနဲ့ မလုံလောက်ဘူး။ အခုက သူတို့တွေ ပိုပြီး သင်ယူရမဲ့ အချိန်ကောင်းပဲ”
“သူတို့ကို ဘယ်လိုမျိုး ပိုပြီး စုံစုံလင်လင် သင်ပေးလို့ ရမလဲ”
မော့ချွမ်း စိတ်ပူသွား၏။
“ကျွန်တော့်ကိုတော့ မမေးနဲ့၊ ကျွန်တော် ကျောင်းမတက်ဖူးဘူး။ စစ်သူကြီးလုကိုပဲ သွားမေးပါ၊ ကျွန်တော့်ကို မေးရင် ဘာဖြေရမှန်း မသိဘူး။ဒါနဲ့ ကျွန်တော်က ပြန်မေးချင်တာ၊ ခင်ဗျား ဟင်းအသစ်တွေ စမ်းကြည့်ချင်တယ် ဆို။ ဘယ်တော့ စားကြမှာလဲ၊ ကျွန်တော် ဗိုက်ဆာနေပြီ”
ဟွာကျွင်း စိတ်ပျက်လက်ပျက်ဖြင့် ပြော၏။
“ရှင်က တစ်နေ့ကို ငါးနပ်စားတာတောင် ဗိုက်ဆာနေတုန်းလား။ မီးဖိုချောင်ထဲမှာ ခိုးစားတာတွေကိုတောင် မတွက်ရသေးဘူးနော်”
“ဒါပေမဲ့ ကျွန်တော် အလုပ်တွေ အများကြီး လုပ်တာပဲလေ၊ ကျွန်တော်က သန်မာတော့ အများကြီး စားဖို့ လိုတယ်”
“ဒါလည်း ဟုတ်တာပါပဲ။ ကဲ၊ ရှင် သိမ်းဆည်းစရာရှိတာ သိမ်း၊ ဟွာရှန့်ကို ခေါ်လိုက်၊ ပြီးရင် ဟင်းတွေ မြည်းဖို့ ပြင်ကြရအောင်”
အခန်း (၁၄၂)
ပန်ကိတ်ဆိုင်လေး ဖွင့်ကြစို့
အားမန်နှင့် လီနျန်တို့ ရွာထဲသို့ အတူတူ လမ်းလျှောက်ပြန်လာကြပြီး အားမန် အိမ်ရှေ့ ရောက်မှသာ မခွဲချင်ခွဲချင်ဖြင့် လမ်းခွဲလိုက်ကြ၏။
လီနျန် အိမ်ပြန်ရောက်သော် ကြမ်းပြင်ပေါ်တွင် ထုပ်ပိုးထားသည့် အထုပ်အပိုးများကို စမ်းတဝါးဝါးဖြင့် သိမ်းဆည်းနေသည့် အဘွားကျန်းကို တွေ့ရသဖြင့် မေးလိုက်သည်။
“အမေ... ဘာတွေလုပ်နေတာလဲဟင်”
“သမီး ပြန်လာပြီလား။ အမေတို့ အထုပ်အပိုးတွေ ပြင်ပြီးပြီ၊ အချိန်မရွေး ထွက်သွားလို့ ရတယ်”
လီနျန် အံ့ဩသွားကာ ပြန်မေး၏။
“ထွက်သွားမယ်။ ဘယ်ကိုလဲအမေ။ ဘာလို့ အမေတို့ ထွက်သွားရမှာလဲ”
“ထွက်ပြေးကြမလို့လေ။ သမီး သူဌေးမဟွာဆီ သွားတာ မဟုတ်လား။ သူ သမီးကို မောင်းထုတ်လိုက်ပြီလား”
“အမေ... ကျွန်မ အမေ့ကို တစ်ခါမှ မမေးဖူးပေမဲ့ အမေ တစ်ခုခု သိနေတာလားဟင်”
အဘွားကျန်းက သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပြောလိုက်၏။
“အဲဒီညက... အမေ တံခါးဝမှာ ရှိနေခဲ့တာ။ အားလုံးကို မြင်ခဲ့ရတယ်”
လီနျန် အလွန်အမင်း ထိတ်လန့်သွားကာ စားပွဲကို အားပြုကိုင်ရင်း နောက်သို့ တစ်လှမ်းဆုတ်လိုက်မိ၏။ “အမေ... အမေ အားလုံးကို မြင်ခဲ့တာလား”
သူမသည် အဘွား၏သားကို သတ်ခဲ့သူ ဖြစ်သည်။ သို့သော် အဘွားကျန်းသည် ထိုကိစ္စကို အကြာကြီး ဖုံးကွယ်ပေးထားခဲ့၏။
အဘွားကျန်း ခေါင်းညိတ်ကာ ပြောသည်။
“အမေက မျက်စိမကောင်းပေမဲ့ နှလုံးသားတော့ မကန်းပါဘူးသမီးရယ်။ သမီးက သနားစရာလေးပါ။ အဲဒီလိုလူနဲ့ တွေ့ရတာ သမီးကံဆိုးတာပဲ။ သူက အမေ့သားဆိုပေမဲ့ သူ သေတာ ထိုက်တန်တယ်လို့ပဲ အမေ ပြောမှာပါ”
လီနျန် မျက်ရည်များ ဝဲတက်လာပြီး အဘွားကျန်း၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်၏။
“အမေ... အစကတော့ အားနာစိတ်နဲ့ အမေ့ကို ခေါ်လာခဲ့တာပါ။ ဒါပေမဲ့ အခုတော့ အမေ့ကို ကျွန်မရဲ့ အမေအရင်းလိုပဲ သတ်မှတ်ထားပါတယ်”
အဘွားကျန်း လီနျန်၏ ဆံပင်များကို အသာအယာ ပွတ်သပ်ပေးကာ ပြောလိုက်သည်။
“အမေလည်း သမီးကို သမီးအရင်းလိုပဲ သတ်မှတ်ထားတာပါ။ နောက်ဆိုရင် အမေတို့ သုံးယောက် ကောင်းကောင်းမွန်မွန် နေကြတာပေါ့။ ရွာထဲက မောင်းထုတ်ခံရရင်တောင် အမေ မကြောက်ဘူး။ သမီးသာ အဖမ်းခံရရင် အမေ နေ့တိုင်း ထမင်းလာပို့ပေးမယ်။ အကယ်၍ သမီးသာ... သမီးသာ အသတ်ခံရရင်လည်း ပေါင်လေးကို လူလားမြောက်တဲ့အထိ အမေ ပြုစုပျိုးထောင်ပေးပါ့မယ်”
လီနျန် မျက်ရည်များကို သုတ်ကာ ပြုံးလိုက်ပြီး ပြော၏။
“အမေ... သူဌေးမဟွာက ကျွန်မကို မမောင်းထုတ်တဲ့အပြင် အာဏာပိုင်တွေကိုလည်း တိုင်မှာ မဟုတ်ဘူးတဲ့။ အမေ ဒီမှာပဲ စိတ်အေးအေးထားပြီး နေလို့ရပါတယ်”
“တကယ်လား။ ဒါပေမဲ့ သူက ဘာလို့ အဲဒီလို လုပ်ပေးတာလဲ”
“ကျွန်မ ဘာမှမမှားဘူးလို့ သူက ပြောတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့တာတဲ့”
အဘွားကျန်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဟုတ်တယ်၊ သူ ဖြစ်သမျှဟာ ထိုက်တန်ပါတယ်”
လီနျန်သည် ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားသကဲ့သို့ ခံစားရပြီး ရင်ထဲက အလုံးကြီးလည်း ကျသွား၏။ ဘေးနားက လူတိုင်းမှာ အလွန်ကြင်နာကြပြီး သူမ ဝါသနာပါရာကိုလည်း လုပ်ခွင့်ရကာ ကိုယ်ပိုင်အိမ်လေးလည်း ရှိနေပြီ ဖြစ်သည်။
“အမေ ကျွန်မ အိပ်မက်မက်နေတာလားဆိုတာ ဆိတ်ကြည့်ပါဦး”
အဘွားကျန်းက ရယ်မောရင်း ပြောလိုက်၏။
“သမီး အဆိတ်ခံရတာ မဝသေးဘူးလား။ နောက်ဆိုရင် ဘယ်သူမှ သမီးကို ဆိတ်မှာ မဟုတ်တော့ဘူး။ ဒါ အိပ်မက် မဟုတ်ဘူး”
ထို့နောက် သူမ ဆက်ပြော၏။
“လူဆိုတာ ကျေးဇူးသိရတယ်သမီး။ နောက်ဆိုရင် သူဌေးမဟွာရဲ့ ပန်းထိုးအလုပ်ရုံကို စိတ်ရောကိုယ်ပါ နှစ်ပြီး အစွမ်းကုန် ကြိုးစားပေးရမယ်၊ နားလည်လား”
လီနျန် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“နားလည်ပါပြီ အမေ”
သူမ ထိုအတိုင်း အမြဲတွေးထားခဲ့၏။ အခုလို ပျော်ရွှင်ရသည့် နေ့ရက်များက ခက်ခက်ခဲခဲ ရယူထားရ၍ သူမ တန်ဖိုးထားရပေမည်။
မော့ချွမ်းနှင့် ဟွာရှန့်တို့ စိုက်ကြည့်နေစဉ် ဟွာကျွင်း လက်ဆေးဇလုံထက်ပင် ကြီးမားသည့် သံဒယ်အိုးပြားကြီးကို ထုတ်ကာ မီးဖိုပေါ် တင်လိုက်၏။
သူမ မီးမွှေးလိုက်ပြီး သံဒယ်အိုး ပူလာသည်အထိ စောင့်ဆိုင်းနေသည်။
“ဒီနေ့ ဆိုင်ရှေ့မှာ ကြည့်နေတုန်းက ကျွန်မ စဉ်းစားမိတယ်။ အခုဆို ကျွန်မတို့ဆီမှာ နံစော်တို့ဟူး၊ အသားကင်နဲ့ ဟော့ပေါ့တွေ ရှိပေမဲ့ ခရီးသွားတွေ ဗိုက် မြန်မြန်ဖြည့်ဖို့အတွက်တော့ အဆင်မပြေလှဘူး”
ယခုဆိုလျှင် လမ်းမကြီးကို မသုံးတော့ဘဲ မုန့်ဆိုင်ရှေ့က လမ်းကိုဖြတ်ပြီး မြို့ထဲဝင်သည့် ခရီးသွားများ ပို၍ များလာသည်။ ထိုလူများထဲက ထက်ဝက်ကျော်မှာ သိပ်မချမ်းသာကြကြောင်း ဟွာကျွင်း သတိထားမိ၏။
အသားကင်နှင့် နံစော်တို့ဟူးကို မဝယ်နိုင်ကြသည် မဟုတ်သော်လည်း ပေါက်စီများနှင့်နှိုင်းယှဉ်လျှင် ဗိုက်မဝနိုင်သောကြောင့် ဖြစ်သည်။
ခရီးဝေး သွားလာနေသူများအတွက် အသားကင် နှစ်ချောင်းလောက် ဝယ်စားရုံဖြင့် ဗိုက်မဝရုံသာမက ပိုတောင် ဗိုက်ဆာလာနိုင်သေးသည်။
ထို့ကြောင့် သူတို့ ဆိုင်ရှေ့တွင် ရပ်ကာ ဈေးမေးပြီးမှ နှမြောတသဖြင့် မြို့ထဲရောက်မှ စားတော့မည်ဟု တွေးကာ ထွက်သွားတတ်ကြ၏။
သူတို့အတွက်တော့ ဈေးသက်သက်သာသာနှင့် ဗိုက်မြန်မြန် ပြည့်ဖို့က အရေးကြီးဆုံး ဖြစ်သည်။
ထို့ကြောင့် ဤလူများအားလုံးမှာ အလားအလာရှိသော ဖောက်သည်များပင် ဖြစ်၏။
“အဲဒါကြောင့် သူတို့တွေ ကျွန်မတို့ဆိုင်ရှေ့က ဖြတ်သွားပါရက်နဲ့ ဒီပိုက်ဆံကို မရှာလိုက်ရရင် ဆုံးရှုံးမှုကြီးပဲလို့ ကျွန်မ တွေးမိတယ်”
ဟွာကျွင်းသည် နောင်တွင် ဆိုင်ရှေ့၌ ပန်ကိတ်ဆိုင်လေးတစ်ခု တွဲဖွင့်ရန် ဆုံးဖြတ်လိုက်သည်။
သံဒယ်အိုး ပူလာသောအခါ ဟွာကျွင်း မီးလျှော့လိုက်ပြီး နို့နှစ်ရောင်အနှစ်များ ထည့်ထားသော ပန်းကန်လုံးကြီးကို ထုတ်လိုက်၏။
သူမ ဇွန်းကြီးကြီးဖြင့် တစ်ဇွန်းအပြည့် ခပ်ကာ ဒယ်အိုးပေါ် လောင်းချလိုက်ပြီး သစ်သားပြားလေးဖြင့် အဝိုင်းလိုက် ဖြန့်လိုက်သည်။
“ကြက်ဥတစ်လုံးပါတဲ့ ပန်ကိတ်ကို ကြေးပြားငါးပြားနဲ့ ရောင်းရင် ရမလား”
ကြက်ဥတစ်လုံးကို ဖောက်ကာ အနှစ်ပေါ် တင်လိုက်ပြီး သစ်သားပြားလေးဖြင့် အနှံ့ ဖြန့်လိုက်၏။
ဟွာကျွင်း ပန်ကိတ်ပေါ်သို့ နှမ်းနက်လေးများ ဖြူးလိုက်သည်။ ပန်ကိတ် ပုံစံပေါ်လာသောအခါ သူမ လက်တစ်ဖက်က သစ်သားပြားကို ကိုင်ကာ ကျန်တစ်ဖက်ဖြင့် ပန်ကိတ်ကို တစ်ဖက်သို့ လှန်လိုက်၏။
“ဗိုက်မဝသေးရင် ဝက်အူချောင်း၊ အသားလွှာ၊ ဟင်းသီးဟင်းရွက်တွေ ထပ်ထည့်လို့ ရတယ်။ ထည့်တဲ့ အရာပေါ်မူတည်ပြီး ဈေးနှုန်းတွေက ကွာသွားမှာပေါ့။ လူတိုင်းရဲ့ ငွေကြေးအင်အားနဲ့ ကိုက်ညီအောင် လုပ်ပေးလို့ ရတယ်”
သူမသည် အတွင်း၌ စုတ်တံလေး ပါသည့် အနှစ်ပုလင်းကို ထုတ်လိုက်၏။ စုတ်တံလေးကို ကိုင်ကာ မေးမြန်းလိုက်သည်။
“ပဲအနှစ်ချိုလေး ထည့်မလား”
မော့ချွမ်းနှင့် ဟွာရှန့်တို့က ခေါင်းညိတ်ပြကြသည်။
သူမ အမြန် သုတ်ပေးလိုက်ရာ ရွှေအိုရောင် ပန်ကိတ်မှာ အရောင်ပြောင်းသွားပြီး ပဲနံ့သင်းသင်းလေး ထွက်ပေါ်လာ၏။
“စပ်တာ စားလား”
ဟွာကျွင်းက ထပ်မေးသည်။
“စားတယ်၊ စားတယ်၊ စားတယ်”
မော့ချွမ်းက အလောတကြီး ပြန်ဖြေ၏။ ဟွာကျွင်း ပန်ကိတ်လုပ်နေသည်ကို ကြည့်ပြီး ရှင်းပြနေသည်ကို နားထောင်နေရသဖြင့် သူ သွားရည်တောင် ကျနေပြီ ဖြစ်သော်လည်း ဟွာကျွင်းကတော့ မလောပေ။
ဟွာကျွင်း ငရုတ်ဆီပုလင်းကို ထုတ်ကာ ထပ်မံ သုတ်ပေးလိုက်ပြန်သည်။
“ဆလတ်ရွက်၊ ကြက်သွန်မြိတ်နဲ့ မုန်ညင်းချဉ်တွေကိုတော့ အလကား ထည့်ပေးမယ်။ မုန့်ကြွပ် ထည့်ရင်တော့ တစ်ပြား ထပ်ပေးရမယ်”
သူမသည် ထိုအရာများကို ထည့်ပေးရင်း ပြောပြနေခြင်း ဖြစ်သည်။
ထို့နောက် အစာသွတ် ဝက်အူချောင်းကို ထုတ်ကာ အခွံခွာပြီး ထက်ဝက်ပိုင်း၍ ပန်ကိတ်ပေါ် တင်လိုက်၏။
“ဒါပေမဲ့ ဝက်အူချောင်း ထည့်ရင်တော့ နှစ်ပြား ပိုကျသင့်မယ်”
ဝက်အူချောင်းပါလား။
မော့ချွမ်း မနေနိုင်ဘဲ မတ်တပ်ရပ်မိသွားသည်။
“အသားလွှာ ထပ်ထည့်ချင်ရင်တော့ ပိုဈေးကြီးမယ်၊ သုံးပြား ကျသင့်မယ်”
“အသားလွှာ”
မော့ချွမ်း ပို၍ စိတ်လှုပ်ရှားသွားသော်လည်း ဟွာကျွင်း ဘာမှ ဆက်မလုပ်သဖြင့် မေးလိုက်၏။
“အသားလွှာက ဘယ်မှာလဲ”
“အဆင်သင့် မဖြစ်သေးဘူး။ ဒီနေ့တော့ ဒီအတိုင်းပဲ စားလိုက်ကြဦး”
သူမ ပန်ကိတ်ကို ဖြည်းဖြည်းချင်း လိပ်ကာ သစ်သားပြားဖြင့် အလယ်မှ ပိုင်းလိုက်ပြီး နှစ်ပုံ အညီအမျှ ခွဲလိုက်၏။
ထို့နောက် ဆီစိမ်စက္ကူဖြင့် တစ်ပုံစီ ထုပ်ပေးကာ သူတို့ နှစ်ယောက်ထံ ကမ်းပေးလိုက်သည်။
“မြည်းကြည့်ကြဦး”
ဟွာရှန့် ပန်ကိတ်ကို ယူလိုက်ပြီး မော့ချွမ်းကတော့ သူများ လုမှာ စိုးသည့်အလား ဆွဲယူလိုက်၏။
သူ အားရပါးရ တစ်ကိုက် ကိုက်လိုက်ရာ ပန်ကိတ်၏ နူးညံ့သော အပြင်လွှာကို အရင်ဝါးလိုက်မိပြီး အနည်းငယ် မာသော မုန့်ကြွပ်ပြားဆီ ရောက်သွားသည်။ ထို့နောက် အားအနည်းငယ် စိုက်ဝါးလိုက်သည်နှင့် မုန့်ကြွပ်ပြားလေး ကျိုးသွား၏။
အတွင်း၌ ဝက်အူချောင်းနှင့် ဆလတ်ရွက်များ ပါဝင်သည်။ လတ်ဆတ်သော ဆလတ်ရွက်ကြောင့် ပန်ကိတ်တစ်ခုလုံးမှာ လတ်ဆတ်သော အရသာ ဖြစ်နေပြီး ဝက်အူချောင်းမှာ တကယ့်ကို အရသာ ရှိလှ၏။
“ကောင်းလိုက်တာ၊ တကယ်ကောင်းတာ”
မော့ချွမ်းက ဆိုသည်။ သူ စကားပြောလိုက်ချိန်တွင် မုန့်ကြွပ်ပြား အစအနလေးများ ထွက်လာသဖြင့် လက်ဖြင့် အမြန်ဖမ်းကာ ပါးစပ်ထဲ ပြန်ထည့်လိုက်၏။
ဘေးနားရှိ ဟွာရှန့် လိမ္မာပါးနပ်စွာ ပြောလိုက်သည်။
“ညီမလည်း အရသာရှိတယ်လို့ ထင်တယ်။ ပဲအနှစ်အချို အရသာကို ကြိုက်တယ်”
မော့ချွမ်း မုန့်ကြွပ်ပြား၏ အထိအတွေ့ကို ပိုကြိုက်၏။ ဟွာကျွင်း အတွေးထဲ မျောနေစဉ် သူ အိတ်ထဲမှ မုန့်ကြွပ်ပြား နှစ်ခုကို နှိုက်စားလိုက်သေးသည်။
ဟွာကျွင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“ရှင်တို့ နှစ်ယောက်စလုံး ကောင်းတယ်လို့ ထင်ရင်တော့ မနက်ဖြန်ကစပြီး တရားဝင် ရောင်းလို့ ရပြီ။ ကဲ... အားလုံး မျက်နှာသစ်ပြီး အိပ်ကြတော့”
“ဒါပဲလား။ဒီလောက် ကြိုးစားပမ်းစား လုပ်ပြီးတော့ ပန်ကိတ် တစ်ဝက်ပဲ ရတာလား”
ထို့နောက် မော့ချွမ်း ဟွာရှန့်လက်ထဲက ကျန်နေသည့် ပန်ကိတ်ကို ကြည့်ကာ ပြုံးရွှင်သော မျက်နှာဖြင့် မေးလိုက်၏။
“ညီမလေး... ဒါ ကုန်အောင် စားနိုင်ပါ့မလား။ အစ်ကိုကြီး ကူစားပေးရမလား”
ဟွာရှန့် ကျောခိုင်းလိုက်ကာ ဖြေလိုက်သည်။
“ညီမ ကုန်အောင် စားနိုင်ပါတယ်။ အစ်ကိုကြီး မော့ချွမ်းရဲ့ အကူအညီ မလိုပါဘူး”