← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇)

မြို့တော်သို့ ကြိုတင်ပြင်ဆင်ပြီး ဟင်းလျာများ ရောင်းချခြင်း

မူလတန်းကျောင်းတစ်ကျောင်း တည်ထောင်ရန်အတွက် ပထမဆုံး ဖြေရှင်းရမည့် ပြဿနာမှာ ရန်ပုံငွေပင် ဖြစ်သည်။

ကလေးများ၏ မိသားစုများကို ထောက်ပံ့ရမည့်စရိတ် သို့မဟုတ် နောင်တွင် ခန့်အပ်မည့် ဆရာ၊ ဆရာမများ၏ လစာများအတွက်ပါ ထည့်တွက်လျှင် ၎င်းမှာ အနည်းအကျဉ်းမဟုတ်သည့် ငွေပမာဏ ဖြစ်သည်။

သို့သော် ဟွာကျွင်း အလောတကြီး မဖြစ်ပေ။ အစားအသောက်ပြိုင်ပွဲကြီးက သူမအတွက် ဤပြဿနာကြီးကို ဖြေရှင်းပေးနိုင်လိမ့်မည်။

ဤပြိုင်ပွဲမှာ အာဏာပိုင်များက တရားဝင်ပြုလုပ်ခြင်း မဟုတ်သော်လည်း ကြော်ငြာရန်အတွက် အမည်နာမတစ်ခုရှိလျှင်ပင် လုံလောက်လှပြီ ဖြစ်၏။

ဟွာကျွင်းသည် အနီရောင် စာတန်းတစ်ခုကို မှာယူကာ မုန့်ဆိုင်ဆိုင်းဘုတ်အောက်တွင် ချိတ်ဆွဲလိုက်သည်။ ထိုစာတန်းပေါ်တွင် ရေးသားထားသည်မှာ ဤသို့ပင်ဖြစ်၏။

“မြို့ပြ အစားအသောက်ပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် ဟွာကျွင်းမုန့်ဆိုင်အား ဂုဏ်ပြုပါသည်”

ထို့ပြင် သူမသည် ပန်းစည်းအချို့ကိုလည်း မှာယူကာ ဆိုင်ရှေ့တွင် ချထားလိုက်သေးသည်။

စာတန်းကို ချိတ်လိုက်သည်နှင့် လူများစွာ၏ အာရုံစိုက်မှုကို ချက်ချင်းရရှိသွားတော့သည်။ လူတိုင်းက ထိုအကြောင်းကို ဝိုင်းဝန်းဆွေးနွေးကြ၏။ ဖြတ်သွားဖြတ်လာ ခရီးသွားအချို့မှာ ဤပြိုင်ပွဲအကြောင်း မကြားဖူးကြသော်လည်း ဤသို့မြင်လိုက်ရသည့်အခါ အလွန်ပင် ခန့်ညားထည်ဝါသည့် ပွဲကြီးပွဲကောင်းတစ်ခုဟု ထင်မှတ်သွားကြသည်။

ဟွာကျွင်းသည် ဒေါ်လေးပန်းအပြင် စကားပြောကောင်းသည့် ရွာသားအချို့ကိုလည်း ခေါ်ယူကာ ဆိုင်တန်းများတွင် ဖောက်သည်များကြား ရောနှောနေစေသည်။ ခရီးသွားများက စပ်စုမေးမြန်းလာသည့်အခါ သူတို့က ကဏန်းအုန်းနို့ဟင်းနှင့် ဗုဒ္ဓနံရံပေါ်ခုန်ပျံကျော်ဟင်းလျာများ၏ အကြောင်းကို ပုံပြင်သဖွယ် ပြန်လည်ပြောပြကာ လူပြောသူပြော ပိုများလာအောင် လုပ်ဆောင်ကြ၏။

ဤသည်မှာ လမ်းမကြီးဘေးတွင် ဆိုင်ဖွင့်ထားရခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်သည်။

မကြာမီတွင်ပင် ဤဟင်းလျာနှစ်မျိုးမှာ နာမည်ကျော်ကြားလာပြီး လူများစွာက လာရောက်မေးမြန်းကြတော့သည်။

“ဒီ ဗုဒ္ဓနံရံပေါ်ခုန်ပျံကျော်နဲ့ ကဏန်းအုန်းနို့ဟင်းကို ဝယ်လို့ရပြီလား”

“စိတ်မကောင်းပါဘူးရှင်၊ သူဌေးမဟွာက ဒီဟင်းလျာနှစ်မျိုးကို အခုလောလောဆယ် ရောင်းဖို့ အစီအစဉ်မရှိသေးပါဘူး။ ဒါပေမဲ့ တစ်ခုတော့ ကြိုပြောထားပါရစေ၊ ဈေးနှုန်းကတော့ သေချာပေါက် မနည်းလှဘူးနော်။ သာမန်လူတွေ စားနိုင်တဲ့ ဟင်းမျိုး မဟုတ်ဘူးလေ”

သာမန်လူတွေ မစားနိုင်တဲ့ ဟင်းလျာ။

ဤစကားက သူဌေးသူကြွယ်များနှင့် အာဏာရှိသူများ၏ စိတ်ဝင်စားမှုကို ပို၍ပင် ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

မုန့်ဆိုင်က အစားအသောက်များသည် အရသာရှိသော်လည်း မည်သူမဆို ဝယ်စားနိုင်ကြသည်။ တန်းစီရသည်မှာ ကြာသော်လည်း အစေခံတစ်ယောက်လွှတ်လိုက်ရုံနှင့် ရနိုင်သဖြင့် ထူးထူးခြားခြား ဂုဏ်ယူစရာ မရှိလှပေ။

မျှော်လင့်ထားသည့်အတိုင်း မကြာမီမှာပင် ချမ်းသာသည့် မိသားစုတစ်ခုမှ အိမ်ထိန်းတစ်ယောက် စုံစမ်းရန် ရောက်လာတော့သည်။

ဟွာကျွင်းသည် စိတ်ထဲမှ ဝမ်းသာသွားသော်လည်း အမူအရာကိုတော့ ခက်ခဲနေဟန်ဆောင်ကာ ပြော၏။

“ဒီဟင်းလျာနှစ်မျိုးအတွက် ပါဝင်ပစ္စည်းတွေက အရမ်းကို အဖိုးတန်ပြီး ရှာရခက်ပါတယ်ရှင်။ ချက်ပြုတ်ပုံကလည်း ရှုပ်ထွေးလွန်းတော့ အရေအတွက်က အရမ်းကို အကန့်အသတ် ရှိပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ကျွန်မတို့လည်း အတတ်နိုင်ဆုံး ပြင်ဆင်နေပါတယ်၊ မကြာခင်မှာ ကြိုတင်မှာယူမှု တွေ လက်ခံပေးသွားမှာပါ။ ကြေညာချက်ကို စောင့်ကြည့်ပေးပါဦး”

“ဘာလို့ ကြိုတင်မှာယူဖို့ လိုတာလဲ”

“ဟုတ်တာပေါ့ရှင်။ ဒီတစ်ခါ ရထားတဲ့ ပစ္စည်းတွေက အရမ်းကို ရှားပါးတာပါ။ ဟင်းပွဲအနည်းငယ်စာအတွက်တောင် လုံလောက်အောင် စုဆောင်းရတာ မလွယ်ပါဘူး”

အိမ်ထိန်းက အလောတကြီးဖြင့် ပြောလိုက်သည်။

“ဒါဆိုရင် ကျွန်တော် အခုပဲ ကြိုမှာလိုက်မယ်ဗျာ”

သူ့သခင်မက ဤဟင်းလျာနှစ်မျိုးကို ချက်ချင်း မြည်းစမ်းကြည့်ချင်သည်ဟု အသေအချာ မှာထားသည်။

“အဲဒါတော့ မရဘူးရှင်။ လူအများကြီးက ကြိုမှာချင်နေကြတာ၊ ကျွန်မ အကုန်ငြင်းထားတာပါ။ အရေအတွက်က နည်းနည်းလေးပဲ ရှိတာဆိုတော့ အကုန်လုံးက ကြိုမှာထားတဲ့သူတွေပဲ ရသွားရင် စိတ်ရှည်လက်ရှည် စောင့်နေတဲ့သူတွေက မကျေမနပ် ဖြစ်ကုန်မှာပေါ့။ အဲဒီကျရင် ကျွန်မ ဘယ်လို ဈေးရောင်းရတော့မလဲ”

အိမ်ထိန်းသည် ဟွာကျွင်းအနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောသည်။

“မတူဘူးလေ၊ မတူဘူး။ ကျွန်တော်တို့က နန်းတွင်း သမိုင်းပညာရှင်ရဲ့ အိမ်တော်ကပါ။ ကျွန်တော့် သခင်မကိုယ်တိုင်က စားချင်နေတာမို့လို့။ တစ်ကြိမ်လောက်တော့ ချွင်းချက်အနေနဲ့ ခွင့်ပြုပေးလို့ မရဘူးလား။ ကျွန်တော် အခုပဲ စရန်ငွေ တစ်ဝက် ပေးထားပါ့မယ်”

ဟွာကျွင်းက သက်ပြင်းချဟန်ပြုကာ ပြော၏။

“ဆိုင်က ပုံမှန်ဖောက်သည်တွေလည်း မြည်းစမ်းခွင့်ရအောင် အရင်လုပ်ပေးရမှာပါ။ ဒါပေမဲ့ ရှင်တို့ရဲ့ စေတနာကို ကြည့်ပြီးတော့... ကောင်းပါပြီလေ”

အိမ်ထိန်းသည် သူမ စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် ငွေအိတ်ကို ချက်ချင်းဖွင့်ကာ မေးတော့သည်။

“ကောင်းပါပြီ၊ ဒါဆို စရန်ငွေ ဘယ်လောက် အရင်ပေးထားရမလဲ”

ဟွာကျွင်းသည် စိတ်ထဲတွင် ကျိတ်၍ ဝမ်းသာနေသော်လည်း အမူအရာကိုတော့ တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ထားရှိ၍ ပြောလိုက်သည်။

“ဘယ်ဟင်းကို မှာမှာလဲရှင်။ ဒီလို ရှားပါးဟင်းလျာတွေဆိုတော့ ဈေးကတော့ မနည်းဘူးနော်။ ကဏန်းအုန်းနို့ဟင်း တစ်ပွဲကို ငွေ (၈၈) တေး ကျသင့်မှာဖြစ်ပြီး ဗုဒ္ဓနံရံပေါ်ခုန်ပျံကျော် ကတော့ တစ်ပွဲကို ငွေ (၁၈၈) တေး ကျသင့်မှာပါ။ တစ်ပွဲစီအတွက် စရန်ငွေ (၅၀) တေး ပေးရမှာဖြစ်ပါတယ်”

အိမ်ထိန်းသည် မဆိုင်းမတွပင် ငွေ ကို ထုတ်ကာ ဟွာကျွင်းထံ ကမ်းပေးလိုက်သည်။

“နှစ်မျိုးစလုံးပဲ”

ငွေကို လက်ခံပြီးနောက် ဟွာကျွင်းက ပြော၏။

“စိတ်ချပါရှင်၊ ပါဝင်ပစ္စည်းတွေ အားလုံး အဆင်သင့်ဖြစ်တာနဲ့ အိမ်တော်ကို ချက်ချင်း အကြောင်းကြားလိုက်ပါ့မယ်။ လာယူရုံပါပဲ”

ဤသို့ဖြင့် “ကဏန်းအုန်းနို့ဟင်းနှင့် ဗုဒ္ဓနံရံပေါ်ခုန်ပျံကျော်”တို့မှာ ကြိုတင်မှာယူမှ ရနိုင်သည်ဟူသော သတင်းမှာ ပျံ့နှံ့သွားတော့သည်။ လူအများအပြား ရောက်လာကြပြီး “ချွင်းချက်” အနေဖြင့် စရန်ငွေကို ကြိုပေးချင်ကြ၏။ ဟွာကျွင်းကတော့ ခက်ခဲနေဟန်ဖြင့် အမြဲတမ်းပင် လက်ခံပေးလိုက်သည်။

သူတို့ ပြန်သွားပြီးနောက်တွင်လည်း သတင်းများက ပို၍ ပျံ့နှံ့သွားရာ မြို့တော်ရှိ မှူးမတ်သူဌေးကြီးများကြားတွင် ဤဟင်းလျာနှစ်မျိုးကို မှာယူနိုင်ခြင်းမှာပင် ဂုဏ်ယူစရာ တစ်ခု ဖြစ်လာတော့၏။

လူပြောများလွန်းသဖြင့် ပထမဆုံး စတင်ရောင်းချသည့်နေ့တွင် အစောပိုင်းက ကြိုမှာထားသည့် (၆) ပွဲအပြင် နောက်ထပ် အပွဲ (၂၀) ခန့်ကိုပါ ထပ်မံမှာယူကြ၏။

သူမက ပိုမရောင်းချင်၍ မဟုတ်ပေ။ ဤသို့သော အရာမျိုးကို အများကြီး ရောင်းလိုက်လျှင် ၎င်း၏ တန်ဖိုးမှာ ကျဆင်းသွားပေလိမ့်မည်။

ပို့ဆောင်ရန်အတွက် ဟွာကျွင်းသည် သစ်သားစည်ပိုင်းကြီး အချို့ကို ပြင်ဆင်လိုက်ပြီး ၎င်းထဲတွင် ရေခဲစည်ပိုင်းတစ်ဝက်ခန့် ထည့်ထားသည်။ ဟင်းလျာများကို သစ်သားသေတ္တာငယ်များဖြင့် သေချာ ပိတ်ဆို့ကာ ရေခဲပေါ်တွင် တင်လိုက်၏။ ထို့နောက် စည်ပိုင်းအဖုံးများကို လုံအောင်ပိတ်ပြီး မြင်းလှည်းဖြင့် တစ်ညလုံး ပို့ဆောင်စေရာ နောက်တစ်နေ့တွင် မြို့တော်သို့ ရောက်ရှိသွားတော့သည်။

စားသုံးသည့်အခါတွင် ရေနွေးငွေ့ဖြင့် ပြန်နွှေးလိုက်ရုံနှင့် အရသာမှာ သိပ်ပြီး ကွဲပြားသွားမည် မဟုတ်ပေ။

“ကောင်းလိုက်တာ၊ အခုတော့ မြို့တော်က လူတွေတောင် ကြိုတင်ပြင်ဆင်ပြီး ဟင်းလျာ တွေကို စားနေကြပြီ”

ထိုသို့တွေးကာ ဟွာကျွင်း ကျေနပ်နေတော့သည်။

ဤအတောအတွင်း ဟွာရှန့်သည် ရွာရှိ ကလေးဦးရေကို စာရင်းပြုစုလိုက်၏။

ရွာတွင် ကျောင်းနေအရွယ် ကလေးပေါင်း (၄၅) ယောက် ရှိသော်လည်း မူလတန်းကျောင်းသို့ တကယ်တက်နေသူမှာ (၁၅) ယောက်သာ ရှိသေးသည်။

သူတို့မှာလည်း နေ့တိုင်း မှန်မှန်တက်သူများ မဟုတ်ဘဲ အလုပ်အားမှ စာလာဖတ်ကာ အလုပ်ရှိလျှင် ပျောက်သွားတတ်ကြသူများ ဖြစ်သည်။

လီနျန် ဝယ်ယူထားသည့် ကလေးများကမူ မိသားစုတာဝန်များ မရှိကြသဖြင့် စာသင်ယူရာတွင် အလွန်ပင် ကြိုးစားကြ၏။

ဟွာကျွင်းသည် ကြေညာချက်များကို ပုံနှိပ်ကာ ရွာအဝင်နှင့် မုန့်ဆိုင်အဝင်တို့တွင် ကပ်ထားလိုက်သည်။

ထိုစာတွင် ရေးသားထားသည်မှာ ဤသို့ပင်ဖြစ်သည်။

“အိမ်တွင် အသက် (၆) နှစ်မှ (၁၄) နှစ်ဝန်းကျင် ကလေးများရှိပါက အသစ်တည်ထောင်ထားသော မူလတန်းကျောင်းတွင် အခမဲ့ ပညာသင်ကြားနိုင်ပါသည်။ ဤကျောင်းတွင် အတော်ဆုံး ဆရာများကို ငှားရမ်း သင်ကြားပေးမည်ဖြစ်ပြီး နေ့စဉ် အဟာရပြည့်ဝသော နေ့လယ်စာ တစ်နပ်ကိုလည်း ကျွေးမွေးသွားမည် ဖြစ်ပါသည်”

ကြေညာချက် ထွက်လာသည်နှင့် ရွာသားများအကြား ဆွေးနွေးမှုများ ဆူညံသွားတော့သည်။ အချို့က စိတ်ဝင်စားကြ၏။ ကလေးများ ကျောင်းတက်လျှင် စာတတ်မည့်အပြင် နောင်တွင် အရာရှိများပင် ဖြစ်လာနိုင်မည်၊ ထို့အပြင် အခမဲ့ နေ့လယ်စာလည်း ရဦးမည်။

သို့သော် ပို၍များသော မိဘများမှာမူ၊ အထူးသဖြင့် ဆင်းရဲသည့် မိသားစုများမှာ တွေဝေနေကြ၏။

အသက် (၆) နှစ်အရွယ် ကလေးတစ်ယောက်သည် အိမ်အလုပ်များကို ကူလုပ်နိုင်နေပြီဖြစ်ပြီး အချို့မှာ ညီငယ် ညီမငယ်များကို ကြည့်ရှုပေးရကာ အသက်ကြီးသူများမှာ လယ်ထဲတွင် ကူလုပ်ပေးရသည်။

ကလေးတစ်ယောက် မရှိလျှင် အိမ်တွင် အခက်အခဲများစွာ ဖြစ်ပေါ်လာနိုင်သည်။

ဟွာကျွင်းသည် ရွာသားများ၏ စိုးရိမ်မှုကို နားလည်သဖြင့် မိဘဆရာ အစည်းအဝေးတစ်ခုကို သီးသန့် ပြုလုပ်လိုက်၏။

အစည်းအဝေးတွင် သူမသည် မူလတန်းကျောင်း၏ သင်ရိုးညွှန်းတမ်းကို ရှင်းပြပြီး ပညာသင်ယူခြင်း၏ အရေးကြီးပုံကို လူတိုင်းအား ဆွေးနွေးပြောကြားသည်။

ရွာသားတစ်ယောက်က ပြော၏။

“သူဌေးမဟွာ... ခင်ဗျားရဲ့စကားတွေကို ကျွန်တော်တို့ နားမလည်ပါဘူး။ ကျွန်တော်တို့ ဘိုးဘွားတွေက သားစဉ်မြေးဆက် လယ်သမားတွေပဲလေ။ စာသင်တာက လယ်လုပ်တာထက် ဘယ်လိုလုပ် ပိုအရေးကြီးမှာလဲ”

ဤသို့ တွေးသည်မှာ တစ်ယောက်တည်း မဟုတ်ဘဲ ရွာသားအများစုက ထိုအတိုင်းပင် ထင်မြင်ကြခြင်း ဖြစ်၏။

“လယ်သမားတွေထဲက ဘယ်သူကများ စာမေးပွဲသွားဖြေဖူးလို့လဲ။ ဒါက ချမ်းသာတဲ့သူတွေပဲ လုပ်တဲ့ကိစ္စလေ။ ကျွန်တော်တို့ ကျောင်းသွားတက်နေတာက အချိန်ဖြုန်းတာ မဖြစ်ဘူးလား”

ဤအတွေးမှာ သူတို့၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီဖြစ်ရာ တစ်ညတည်းနှင့် ပြောင်းလဲရန် မလွယ်ကူကြောင်း ဟွာကျွင်း သိလိုက်သည်။

“လူတိုင်း လယ်လုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေကြတာကို ကျွန်မ သိပါတယ်။ ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ ၊ကျောင်းလာတက်တဲ့ ကလေးရှိတဲ့ မိဘတိုင်းကို၊ ကလေးက အချိန်မှန်တက်ပြီး ကျောင်းမပျက်ဘူးဆိုရင် လကုန်တဲ့အခါ ကလေးတစ်ယောက်ကို ဆန် (၅) ကတ်တီ ဆုချပါ့မယ်”

စင်အောက်တွင် တိတ်ဆိတ်သွားတော့သည်။ ရွာသားများသည် ဇဝေဇဝါဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

ဒေါ်လေးပန်းက ထရပ်ကာ စားပွဲကို ပုတ်လိုက်ပြီး အော်ပြောလိုက်သည်။

“သူဌေးမဟွာ ပြောတာက နင်တို့ကလေးတွေ တစ်လလုံး ကျောင်းမှန်မှန်တက်ရင် ဆန် (၅) ကတ်တီ ရမယ်လို့ ပြောတာဟေ့”

ပြောပြီးနောက် သူမက ဟွာကျွင်းကို ပြုံးပြရင်း မေး၏။

“သူဌေးမဟွာ... ကျွန်မ ပြောတာ မှန်တယ်မလား”

ဟွာကျွင်း စိတ်သက်သာရာရစွာ ခေါင်းညိတ်ပြပြီး ချီးကျူးလိုက်သည်။

“ဒေါ်လေးပန်းကတော့ ထုံးစံအတိုင်းပဲ၊ ကျွန်မပြောချင်တာကို သေသေချာချာ နားလည်တယ်”

ဒေါ်လေးပန်း စင်အောက်က ရွာသားများကို ဂုဏ်ယူစွာ ပြောလိုက်သည်။

“ကြည့်စမ်း၊ ကြည့်စမ်း၊ ဒီလောက်လေးတောင် နားမလည်ကြဘူး။ နင်တို့ ကလေးတွေကိုလည်း နောက်ကျရင် နင်တို့လိုပဲ ဖြစ်စေချင်တာလား”

ရွာသားတစ်ယောက်က နှာခေါင်းရှုံ့ကာ ပြန်ပြော၏။

“ဒေါ်လေးပန်း... ကျွန်တော်တို့အကြောင်း လာမပြောနဲ့ဦး။ ဒေါ်လေးကိုယ်တိုင်လည်း စာမတတ်တာပဲ မဟုတ်လား”

အခန်း (၁၄၈)

ကလေးရောင်းစားခြင်း မဟုတ်ပါ။

ဒေါ်လေးပန်းကတော့ ပြဿနာရှိသည်ဟု မထင်ပေ။

“ကျွန်မက စာမတတ်ပေမဲ့ ပညာတတ်တွေနဲ့ နေ့တိုင်း ထိတွေ့နေရတော့ တဖြည်းဖြည်းနဲ့ ဗဟုသုတတွေ ရလာတာပေါ့။ သူဌေးမဟွာသာ မရှိရင် ကျွန်မလည်း တစ်နေကုန် လယ်ထဲမှာပဲ အပင်ပန်းခံနေရပြီး ဘာမှ သိမှာမဟုတ်ဘူး”

ရွာသားတစ်ယောက်က အခြေအနေကို နားလည်သော်လည်း သဘောမတူနိုင်သေးဘဲ ပြော၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူဌေးမဟွာ... ခင်ဗျားက ကလေးတွေကို ကျောင်း အလကား တက်ခွင့်ပေးထားတာတောင် အားနာလှပါပြီ၊ အခု ဆန်ပါ ထပ်ပေးမယ်ဆိုတော့ ကျွန်တော်တို့ ဘယ်လိုလုပ် လက်ခံရဲမှာလဲ။ ဒါပေမဲ့ ကျွန်တော်တို့ကိုလည်း အခက်မတွေ့စေပါနဲ့ဦး။ ကျွန်တော့်သားအကြောင်း ကျွန်တော် သိပါတယ်၊ သူက စာသင်မဲ့ ခေါင်းမျိုး မဟုတ်ဘူး။ ကဗျာတွေဆိုတာ ဝေးလို့၊ ရိုးရိုးစာတောင် အလွတ်မရနိုင်တဲ့ကောင်ပါ”

ဟွာကျွင်းက ပြုံးလျက် ပြန်ပြောလိုက်သည်။

“ကလေးတစ်ယောက်က စာသင်ဖို့ သင့်တော်၊ မသင့်တော်ဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲရှင်။ ဆရာက ပြောပြတဲ့အထိတော့ စောင့်ကြည့်ရမှာပေါ့”

ဒေါ်လေးပန်းက စားပွဲကို ပုတ်ကာ ထိုလူကို ပြောလိုက်သည်။

“မူလတန်းကျောင်းဆိုတာ ကဗျာရွတ်တာ တစ်ခုတည်း သင်တာမဟုတ်ဘူး၊ စာတတ်အောင်လည်း သင်ပေးတာဟဲ့။ နင်တို့ကိုယ်တိုင် စာမတတ်လို့ အပြင်မှာ အလိမ်ခံနေရတာတောင် သိမှာမဟုတ်ဘူး။ နောက်မျိုးဆက်ကိုလည်း နင်တို့လိုပဲ ဖြစ်စေချင်တာလား”

သူမက ဆက်လက်၍ ငေါက်ပြန်သည်။ “နင်တို့ မုန့်ဆိုင်က မီနူးကိုတောင် ဖတ်တတ်လို့လား။ အခု ကလေးတွေကို ကျောင်းလွှတ်ဖို့ အခွင့်အရေးရနေတာတောင် အဓိပ္ပာယ်မရှိတာတွေ တွေးနေသေးတယ်။ ငါ့မှာသာ ကလေးရှိရင် အကုန်လုံးကို လွှတ်မှာပဲ”

ဟွာကျွင်းသည် ဒေါ်လေးပန်းကို ခေါ်လာမိခြင်းမှာ တကယ့်ကို မှန်ကန်သည့် ဆုံးဖြတ်ချက်ဟု ခံစားလိုက်ရ၏။

ထို့နောက် ဒေါ်လေးပန်း ပြောသည်ကို ကြားလိုက်ရပြန်သည်။

“ဒါတင်မကဘူး၊ ဆန်လည်း ရဦးမှာလေ။ ကိုယ်တိုင်မစားရင်တောင် အဲဒါကို ပြန်ရောင်းရင် ပိုက်ဆံအများကြီး ရမှာ မဟုတ်လား”

“တစ်လကို ဆန် (၅) ကတ်တီနော်။ မင်းတို့ ကလေးတွေထဲက ဘယ်သူက အဲဒီလောက် ရှာနိုင်လို့လဲ”

ဟွာကျွင်းက ချောင်းဟန့်ကာ အလျင်အမြန်ဝင်ပြောရတော့သည်။

“ကလေးရောင်းစားတာ မဟုတ်ပါဘူး။ ကလေးရောင်းစားတာ မဟုတ်ပါဘူးရှင်”

ဒေါ်လေးပန်းက ဟွာကျွင်းကို ပြုံးပြရင်း ပြောလိုက်၏။

“စကားကသာ ကြမ်းတာပါ၊ အကျိုးအကြောင်းကတော့ မှန်တယ်မလား”

ထို့နောက် ရွာသားများဘက် လှည့်ပြီး ပြောလိုက်ပြန်သည်။

“သူဌေးမဟွာ ပြောတာက သူက မင်းတို့ကလေးတွေကို ဝယ်မှာမဟုတ်ဘူး။ငှားတဲ့သဘောပဲ”

ဟွာကျွင်း “......”

နောက်ဆုံးတွင် ရွာသားများမှာ နားဝင်သွားကြပြီး ပြောကြ၏။

“ကောင်းပါပြီ သူဌေးမဟွာရယ်၊ ခင်ဗျားက ဒီလောက်တောင် ဆုံးဖြတ်ထားမှတော့ ဒီမျောက်လောင်းလေးတွေကို ကျောင်းပို့ပါ့မယ်”

သို့သော် ရွာသားအနည်းငယ်က ထရပ်ကာ ဟွာကျွင်းကို အားနာစွာ ပြောကြသည်။

“သူဌေးမဟွာ... ကျွန်တော်တို့ကတော့ မပါဝင်နိုင်တော့ဘူးထင်တယ်...”

“ဘာလို့လဲရှင်။ တစ်ခုခု အခက်အခဲ ရှိလို့လား”

“ကျွန်တော်တို့မှာ သမီးလေးတွေပဲ ရှိတာမို့ လာလို့မရပါဘူး”

“မိန်းကလေးတွေလည်း စာလာသင်လို့ ရတာပေါ့။ ယောက်ျားလေး မိန်းကလေး အကုန် တန်းတူပဲလေ”

သူတို့ ကြားလိုက်သည့်အရာကို မယုံနိုင် ဖြစ်သွားကြပြီး မေးကြ၏။

“မိန်းကလေးတွေလည်း ဆန်ရဖို့အတွက် မူလတန်းကျောင်း တက်လို့ရတယ် ဟုတ်လား”

ဟွာကျွင်း ခေါင်းညိတ် အတည်ပြုပေးလိုက်၏။

“ဒါဆို အရမ်းကောင်းတာပဲ။ ကျွန်တော့်မှာ အသက် (၃) နှစ်သမီးလေး ရှိတယ်၊ သူ (၆) နှစ်ပြည့်ရင်ရော လာလို့ရမလား”

ဟွာကျွင်း ခေါင်းညိတ်ပြကာ ပြောသည်။

“ရတာပေါ့။ (၆) နှစ်ပြည့်ရင် ကျားမ မရွေး ဘယ်သူမဆို စာလာသင်လို့ ရပါတယ်”

“ဒါက သူတို့ကို အစေခံလုပ်ဖို့ ရောင်းစားတာထက် အများကြီး ပိုတွက်ခြေကိုက်တာပဲ။ သူဌေးမဟွာကတော့ တကယ့် ကျေးဇူးရှင်ကြီးပါပဲ။ ကျွန်တော့်သမီးကို သူဌေးမဟွာကိုပဲ အပ်ပါတယ်၊ ဝယ်မယ်ဆိုရင်လည်း ဝယ်နိုင်ပါတယ်”

ဒေါ်လေးပန်းက ဝင်ပြောပြန်သည်။

“ငါ တစ်ခါထပ်ပြောမယ်နော်။ သူဌေးမဟွာက မင်းတို့ကလေးတွေကို ဝယ်မှာမဟုတ်ဘူး။ အငှားသဘောပဲ”

“ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ၊ ကျွန်တော်တို့ ကြားပါတယ်”

လုပ်ငန်းစဉ်တစ်ခုလုံးမှာ ထိန်းမရသိမ်းမရ ဖြစ်သွားသော်လည်း ရလဒ်ကတော့ မှန်ကန်သွားခဲ့သည်။ သက်ဝင်လှုပ်ရှားနေသည့် မိဘဆရာ အစည်းအဝေးကြီးမှာ ဤသို့ဖြင့် ပြီးဆုံးသွားတော့၏။

ဟွာကျွင်းသည် ဆွန်းရှို့ချိုက် ကို ရှာတွေ့ကာ မူလတန်းကျောင်း၏ နောက််ပိုင်းလုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးလိုက်သည်။

“ကျွန်တော်က ပညာအခြေခံ နည်းပါးလှပါတယ်။ ‘စာလုံးသုံးလုံးကျမ်း’ နဲ့ အခြေခံ စာဖတ်စာရေးလောက်ပဲ သင်ပေးနိုင်မှာပါ။ တခြားကိစ္စတွေမှာတော့ ကူညီနိုင်မှာ မဟုတ်ဘူးထင်တယ်”

“ရပါတယ်ရှင်။ နောင်ကျရင် ဆရာတွေ ထပ်ခေါ်ဖို့ ကျွန်မ နည်းလမ်းရှာပါ့မယ်။ အားလုံးက ကိုယ့်တာဝန်နဲ့ကိုယ် လုပ်ကြရမှာပါ။ ဆရာ့ရဲ့ အဓိကအလုပ်က စာတတ်အောင် သင်ပေးဖို့ပဲ ဖြစ်ပါလိမ့်မယ်”

ဆွန်းရှို့ချိုက်က လက်သီးဆုပ်ကာ ဟွာကျွင်းကို စနစ်တကျ အရိုအသေပြုရင်း ဆိုသည်။

“ကလေးတွေရဲ့ ကိုယ်စား ကျွန်တော် ကျေးဇူးတင်ပါတယ်။ ခင်ဗျားကို တွေ့ရတာ သူတို့အတွက်တော့ ကျွန်တော့်ထက်ရော၊ တခြားလူတွေထက်ရော အများကြီး ပိုပြီး ကံကောင်းလှပါတယ်”

ဟွာကျွင်း ဆိုင်သို့ ပြန်ရောက်သည့်အခါ လီနျန် ရောက်နေသည်နှင့် ကြုံကြိုက်သွား၏။ သူမ လီနျန်ကို မေးလိုက်သည်။

“လီနျန်... ပြီးခဲ့တဲ့တစ်ခါက ကလေးတွေကို ဝယ်တုန်းက တစ်ယောက်ကို ဘယ်လောက် ပေးရလဲဟင်”

လီနျန် ပြန်စဉ်းစားပြီး ဖြေလိုက်သည်။

“ငွေ (၅) တေးလောက် ရှိမယ်ထင်တယ်”

“ဒါဆို ဆန် (၅) ကတ်တီက ဘယ်လောက် ဈေးရှိလဲ”

“အခု ဆန်ဈေးက ကြီးတယ်လေ။ သာမန် ဆန်ကြမ်းဆိုရင် တစ်ကတ်တီကို ကြေးပြား (၂၀) ရှိတယ်။ ဆိုင်က ရောင်းတဲ့ ဆန်ချောဆိုရင်တော့ ပိုဈေးကြီးတာပေါ့၊ တစ်ကတ်တီကို ကြေးပြား (၁၀၀) လောက်အထိ ရှိနိုင်တယ်”

ဟွာကျွင်း ခဏစဉ်းစားပြီး ပြောလိုက်သည်။

“ကျွန်မကို ကလေးလေးတွေ ထပ်ဝယ်ပေးပါဦး။ ကျားမ မရွေးဘူးနော်”

“ဪ... ပြီးတော့ ကလေးတွေအတွက် ကျောင်းဝတ်စုံအနေနဲ့ သုံးဖို့ ဝတ်စုံလေးတွေလည်း ကူပြီး ချုပ်ပေးပါဦး”

နောက်တစ်နေ့တွင် ဟွာကျွင်းသည် အနီးနားရှိ စာအုပ်ဆိုင်သို့ သွားကာ စုတ်တံ၊ မှင်၊ စက္ကူနှင့် မှင်ကျောက်ပျဉ် အများအပြားကို ဝယ်ယူခဲ့သည်။ သူမသည် စာအုပ်ဆိုင်ထဲတွင် လှည့်လည်ကြည့်ရှုပြီး အခြေခံ စာတတ်မြောက်ရေး ကတ်ပြားလေး အခုပေါင်းများစွာကိုလည်း ဝယ်ခဲ့၏။

ထို့နောက် သူမသည် မြို့ထဲသို့ ထွက်လာခဲ့သည်။ လုမင်လီ၏ အဘွား မွေးနေ့နီးပြီ ဖြစ်သဖြင့် သင့်လျော်သော ကျင့်ဝတ်အတိုင်း မွေးနေ့လက်ဆောင် ပေးရန် လိုအပ်သည်။

သို့သော် ဘာလက်ဆောင်ပေးရမည်နည်းဆိုသည့် အချက်က သူမကို အကြပ်ရိုက်စေသည်။

ရှေးဟောင်းကျောက်စိမ်းထက် ကောင်းသည့် ကျောက်စိမ်းမျိုးလည်း သူမ မဝယ်နိုင်သလို၊ အိတ်ဆောင်နာရီကဲ့သို့သော အရာမျိုးမှာလည်း မင်္ဂလာမရှိသဖြင့် ပေး၍မရပေ။

သူမ မြို့ထဲတွင် လှည့်လည်ကြည့်ရှုနေမိသည်။ ရိုးရှင်းသော လက်ဝတ်ရတနာများမှာလည်း စစ်သူကြီးတစ်ဦး၏ အဘွားနှင့် မလိုက်ဖက်သလို၊ အနည်းငယ် ပိုဈေးကြီးပြီး လက်ရာမြောက်သည့် အရာမျိုးမှာလည်း ကြိုတင်မှာယူရန် လိုအပ်သည်။

သူမ ဘာလုပ်ရမှန်း မသိဖြစ်နေစဉ်မှာပင် မြို့ထဲရှိ ရှေးဟောင်းပစ္စည်းဆိုင်ကို သတိရသွား၏။

ဘာမှလုပ်စရာ မရှိသည်နှင့် ထိုဆိုင်သို့ သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

သူမ ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ဆိုင်ရှင်က သူ့အမေရင်းကို မြင်လိုက်ရသကဲ့သို့ အားတက်သရော ဆီးကြိုနှုတ်ဆက်တော့၏။

“မိန်းကလေး။ မလာတာ ကြာပြီပဲနော်။ ကျွန်တော် မနေ့ကတင် မင်းကြောင်း စဉ်းစားနေတာ။ ဆိုင်သစ်လေးများ တွေ့သွားပြီး ပစ္စည်းကောင်းတွေကို အဲဒီကိုပဲ ပို့နေတာလားလို့ စိုးရိမ်နေတာဗျာ”

“ဆိုင်ရှင်... ကျွန်မ ဒီတစ်ခါ ပစ္စည်းလာရောင်းတာ မဟုတ်ပါဘူး။ လူကြီးတစ်ယောက်အတွက် လက်ဆောင်ဝယ်ချင်လို့ သင့်တော်တာရှိမလားဆိုတာ လာကြည့်တာပါ”

အစပိုင်းတွင် ဆိုင်ရှင်မှာ အနည်းငယ် စိတ်ပျက်သွားသော်လည်း သူမ စကားကို ကြားရသည့်အခါ ပြန်လည် ဝမ်းသာသွားပြန်သည်။ ပိုက်ဆံလာသုံးခြင်းကလည်း ကောင်းသည် မဟုတ်ပါလား။

“ဒါဆို ခင်ဗျားမှာ တွေးထားတာ ရှိပြီးလား”

“အဲဒါကြောင့် ရှင့်ဆီ လာတာပေါ့၊ ကျွန်မမှာ ဘာစိတ်ကူးမှ မရှိလို့လေ”

“ဒါဆို လက်ဆောင်ပေးမဲ့ လူကြီးရဲ့ အသက်က ဘယ်လောက်လဲ။ အမျိုးသားလား၊ အမျိုးသမီးလား”

“သူငယ်ချင်းတစ်ယောက်ရဲ့ အဘွားပါ။ သူတို့အိမ်မှာ ရှေးဟောင်း ပန်းကန်ခွက်ယောက်တွေ၊ ပန်းအိုးတွေ အများကြီး ရှိပြီးသားဆိုတော့ တခြား ထူးခြားတာလေး ရှိမလားလို့ပါ”

“ခင်ဗျားက ကျွန်တော့်ကို အခက်တွေ့အောင် လုပ်ပြီ။ ဒီမှာရှိတာ အကုန်လုံးက ရှေးဟောင်းပစ္စည်းတွေချည်းပဲ၊ ခင်ဗျားကလည်း အဲဒါတွေကို မလိုချင်ဘူးဆိုတော့”

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဆိုင်ရှင်က ရုတ်တရက် ပေါင်ကိုပုတ်ကာ ပြောသည်။

“ခင်ဗျား တကယ့်ကို နေရာမှန်ကို ရောက်လာတာပဲ။ ကျွန်တော် ပြစရာ တစ်ခုရှိတယ်၊ ခင်ဗျား သေချာပေါက် ကြိုက်မှာပါ”

သူ အပေါ်ထပ်သို့ အပြေးတက်သွားပြီးနောက် အပြာရောင် ကတ္တီပါ လက်ဝတ်ရတနာသေတ္တာလေး တစ်လုံးကို ကိုင်ကာ ပြန်ဆင်းလာသည်။

သူ ဟွာကျွင်းကို လျှို့ဝှက်စွာ ဘေးသို့ ခေါ်သွားပြီး သေတ္တာကို ဖွင့်ပြလိုက်၏။

အထဲတွင် ပတ္တမြား လည်ဆွဲတစ်ခု ရှိနေသည်။

ပတ္တမြား (၁၇) လုံးကို အရွယ်အစားအလိုက် အကြီးမှ အသေး အစီအစဉ်တကျ စီထားပြီး အောက်ဆုံးရှိ အကြီးဆုံး ပတ္တမြားကို စိန်သေးသေးလေးများဖြင့် ဝန်းရံထားရာ မီးရောင်အောက်တွင် တလက်လက် တောက်ပနေသည်။

၎င်းမှာ အလွန်ပင် ခန့်ညားထည်ဝါပြီး တန်ဖိုးကြီးလှသည့် ပုံပေါ်၏။

ဟွာကျွင်း အလွန်ပင် ကျေနပ်သွားသည်။ ဤမျှ တောက်ပမှသာ သူမလိုချင်သော တန်ဖိုးကြီးလက်ဆောင်နှင့် တူလိမ့်မည်။

“ဒါက ခိုသွေးရောင် ပတ္တမြားဗျ။ ကျွန်တော့် သူငယ်ချင်းရဲ့ သူငယ်ချင်းတစ်ယောက်က လေလံဆိုင်ကို ပို့ပေးဖို့ လာအပ်ထားတာ။ ကျွန်တော့်မှာ စစ်ဆေးချက် လက်မှတ် တောင် ပါတယ်။ လိုချင်တယ်ဆိုရင် ကျွန်တော် ဈေးအသက်သာဆုံးဖြစ်အောင် ပြောပေးပါ့မယ်”

“ခိုသွေးရောင်” ဟွာကျွင်းသည် ထိုအကြောင်းကို တစ်ခါမှ မကြားဖူးသလို ဈေးကွက်အခြေအနေကိုလည်း မသိပေ။

“ကျွန်မ ဒါကို ဓာတ်ပုံရိုက်ပြီး ကျွန်မ သူငယ်ချင်းကို မေးကြည့်လို့ ရမလား”

“ရတာပေါ့။ လာ... ဒီပြတင်းပေါက်နားမှာ ရိုက်ပါ၊ ဒီမှာ အလင်းရောင် ကောင်းတယ်”

ဟွာကျွင်းသည် ဓာတ်ပုံ နှစ်ပုံ ရိုက်ကာ လုကျောက် ထံသို့ ပေးပို့လိုက်သည်။ လုကျောက်က ချက်ချင်းပင် ပြန်စာပို့လာ၏။

“ခိုသွေးရောင် ပတ္တမြား၊ အပူမပေးထားတဲ့ အစစ်ပဲ၊ ဈေးက (၄) သိန်းဝန်းကျင်လောက် ရှိမယ်”

ဟွာကျွင်းသည် အကြမ်းဖျင်း သိသွားပြီ ဖြစ်သဖြင့် ဆိုင်ရှင်ကို မေးလိုက်သည်။

“ဒါက ဘယ်လောက်လဲ”

“ခဏနေဦးနော်၊ ကျွန်တော် မေးပေးပါ့မယ်...” ထို့နောက် ဟွာကျွင်း သူ့ကို မယုံကြည်မည် စိုးသဖြင့် သူက ဆက်ပြောသည်။ “ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ၊ ကျွန်တော် စပီကာ ဖွင့်ပေးမယ်၊ ခင်ဗျားတို့နှစ်ယောက် တိုက်ရိုက်ပြောကြလေ၊ ကျွန်တော်ကတော့ ကြားက ကော်မရှင် ခ လေးပဲ ယူတော့မယ်”

“ကောင်းပြီလေ”

All Chapters