← Chapters

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅)

တစ်လုတ်ချင်း စားပါ

လုမင်လီသည် ပန်ကိတ်ကို အလွန်နှစ်သက်သွားပြီး တစ်ခုကုန်သွားတောင် အားမရသေးဘဲ ဖြစ်နေ၏။ ဤပန်ကိတ်လေးကပင် သူ့စကားဖောင်ကူးခြင်းတံခါးကို ဖွင့်ပေးလိုက်သကဲ့သို့ ရှိတော့သည်။

သူ အတိတ်ကို ပြန်သတိရသွားကာ ပြော၏။

“ကိုယ် ငယ်ငယ်က ဆရာနဲ့အတူ သိုင်းသင်ခဲ့တုန်းက အိမ်ရှေ့ဝင်းတံခါးအပြင်မှာ စားသောက်ဆိုင်တန်းလေးတွေ ရှိခဲ့တယ်။ ဖက်ထုပ် တို့၊ မုန့်ချောင်းကြော်တို့၊ ပန်ကိတ်တို့ပေါ့။ အဲဒီပန်ကိတ်တွေက မင်းလုပ်တဲ့ဟာကို ဘယ်မီပါ့မလဲ၊ ဒါပေမဲ့ သိုင်းကျင့်ပြီးလို့ ဗိုက်အရမ်းဆာနေတဲ့အချိန်တိုင်း အဲဒီမှာ ပန်ကိတ်တစ်ချပ်ဝယ်ပြီး ဘေးဆိုင်က ဖက်ထုပ်တစ်ပန်းကန်နဲ့ တွဲစားလိုက်ရင် တကယ်ကို စိတ်ကျေနပ်ဖို့ ကောင်းခဲ့တာ”

“ကိုယ်အမေကတော့ လမ်းဘေးစာတွေက ညစ်ပတ်တယ်ဆိုပြီး မစားခိုင်းဘူး။ နေ့တိုင်း အစားအသောက်မျိုးစုံ လာပို့ပေးတတ်ပေမဲ့ ကိုယ်ကတော့ ပန်ကိတ်နဲ့ ဖက်ထုပ်တွဲစားရတာကိုပဲ စွဲလမ်းခဲ့တာ။ အဲဒါကြောင့် ကိုယ့်ဆရာတူအကိုကြီးနဲ့ အစားအသောက်တွေ လဲစားပြီး အမေ့ကို အကြာကြီး ညာခဲ့ဖူးတယ်”

ဤသည်ကို တွေးမိရင်း သူ ပြုံးလိုက်ကာ ခဏနားပြီးနောက် ဆက်ပြော၏။

“နောက်တော့ အမေက သိသွားပြီး ကိုယ်စားပြီးတဲ့အထိ စောင့်ကြည့်ဖို့ အစေခံကောင်လေးတစ်ယောက်ကို ထည့်ပေးထားတော့တာပဲ”

“နောက်ပိုင်း ကိုယ့်ဆရာနောက်လိုက်ပြီး စစ်ထွက်ရတဲ့အခါ လမ်းဘေးက ပန်ကိတ်တွေကို မစားရတော့ဘူး။ တစ်ခါတော့ မြို့ပြန်ရောက်လို့ သွားရှာကြည့်သေးတယ်။ ဒါပေမဲ့ ပန်ကိတ်လုပ်တဲ့ လင်မယားနှစ်ယောက်လည်း မရှိတော့ဘူး။ အမှန်တော့ ကိုယ်လွမ်းနေတာက ပန်ကိတ်အရသာတင် မဟုတ်ဘဲ အဲဒီတုန်းက ဘာပူပင်ကြောင့်ကြမှမရှိခဲ့တဲ့ အချိန်တွေကိုပါ”

မိဘနှစ်ပါးစလုံး ရှိနေသေးသလို စစ်ပွဲတွေလည်း မရှိဘဲ ဆရာ့နောက်မှာ သိုင်းသင်ဖို့ ပူဆာနေခဲ့သည့် အချိန်များဖြစ်၏။ နှမြောစရာကောင်းသည်မှာ အချိန်များ ပြောင်းလဲသွားသလို အရာရာ မတူတော့ခြင်းပင်။

ဟွာကျွင်းသည် သူ့လွမ်းဆွတ်မှုကို ခံစားမိသော်လည်း ပူပန်မှုများကို အသေးစိတ် မသိသဖြင့် ရိုးရိုးသာ နှစ်သိမ့်လိုက်သည်။

“ရပါတယ်၊ ဒါက ဘဝပဲလေ။ အမှတ်တရတွေကို သိမ်းဆည်းရင်း ရှေ့ဆက်ကြရတာပေါ့”

လုမင်လီ နားထောင်ပြီး ခဏတာ ပြန်လည်တွေးတောကာ ပြုံးလိုက်ရင်း ပြော၏။

“စကားက တိုတိုနဲ့ လိုရင်းရောက်တယ်”

ဘဝဆိုသည်မှာ ခရီးတစ်ခုကဲ့သို့ပင်။ အချို့လူများက လမ်းတစ်ဝက်အထိသာ အဖော်ပြုနိုင်ကြသည်။ သူတို့ကို အမှတ်တရထဲမှာ ကောင်းကောင်းသိမ်းဆည်းထားပြီး ကျန်ရှိသည့် ဘဝခရီးကိုတော့ ကိုယ့်ဘာသာကိုယ် ဆက်လျှောက်ကြရဦးမည်။

လုမင်လီက ခဲခဲယဉ်ယဉ် ရောက်လာခဲ့ခြင်းဖြစ်သဖြင့် ဟွာကျွင်း သူ့ကို အလွယ်တကူ ပြန်မလွှတ်ချင်သေးပေ။

“ဪ... စစ်သူကြီးလု၊ ကျွန်မ ရှင့်ကို မေးစရာလေး တစ်ခုရှိသေးတယ်”

“သိပ်ပြီး အားနာမနေပါနဲ့၊ ကိုယ့်နာမည်ကိုပဲ ခေါ်ပါ”

ဦးလေးကျန်းကတော့ ပစ္စည်းများသိမ်းပြီး အိမ်ပြန်သွားပြီဖြစ်ရာ မနက်ဖြန်တွင် သူ လက်စွမ်းပြရန် ပြင်ဆင်နေတော့သည်။

မော့ချွမ်းနှင့် တခြားသူများလည်း မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေကြသဖြင့် ဆိုင်ထဲ၌ သူတို့နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။

ဟွာကျွင်းသည် သူ့ကို စနောက်ချင်စိတ် ပေါ်လာသဖြင့် ခေါင်းညိတ်ကာ ပြောလိုက်၏။

“ကောင်းပါပြီ၊ စစ်သူကြီး ယွမ်ကျိုး... ကျွန်မမှာ မေးစရာရှိလို့ပါ...”

ထိုအခါ လုမင်လီ၏ မျက်နှာတွင် အံ့ဩသွားသည့် အရိပ်အယောင်များ ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ဟွာကျွင်း ရယ်ချင်စိတ်ကို အောင့်ထားရင်း ပြောလိုက်သည်။

“ရှင်ပဲ နာမည်ခေါ်ပါဆိုလို့ ကျွန်မ ခေါ်လိုက်တာလေ၊ မှားသွားလို့လား။ ရှင် နောင်တရနေတာတော့ မဟုတ်ပါဘူးနော်”

ထို့နောက် သက်ပြင်းချဟန်ပြုကာ ဆက်ပြော၏။

“ဒါဆိုလည်း စစ်သူကြီးလု လို့ပဲ ပြန်ခေါ်ပါ့မယ်”

လုမင်လီက အလျင်အမြန်ပင် မေးလိုက်၏။

“မဟုတ်ပါဘူး၊ ကိုယ် နောင်တမရပါဘူး။ ထူးဆန်းလို့ပါ... မင်း ကိုယ့်ရဲ့ ငယ်နာမည် ကို ဘယ်လိုလုပ် သိတာလဲ”

“ကျွန်မက နတ်သမီးပဲလေ၊ နတ်သမီးဆိုတာ အကုန်သိတာပေါ့”

လုမင်လီကတော့ ထိုစကားကို မယုံကြည်သည်မှာ သေချာလှသည်။ သူ ချက်ချင်းပင် ခန့်မှန်းလိုက်ကာ မေးလိုက်၏။

“ကိုယ့်ဆရာက မင်းကို ပြောပြတာလား”

ဟွာကျွင်းက ပြုံးလျက် ခေါင်းညိတ်ပြကာ ပြောသည်။

“ဒါဆိုရင် ရှင့်အနေနဲ့လည်း နောက်ဆိုရင် ကျွန်မနာမည်ကိုပဲ တိုက်ရိုက်ခေါ်လို့ ရပါတယ်”

လုမင်လီသည် သူ့အတွေးများကို အကဲခတ်မိသွားသည်ဟု ခံစားလိုက်ရ၏။ သူ သူမကို ‘ဟွာကျွင်း’ ဟု မခေါ်ဖြစ်သည်မှာ ကြာပြီဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းလာသည်မှာ ကြာပြီဖြစ်သလို ကိစ္စရပ်များစွာကိုလည်း အတူတကွ ကြုံတွေ့ခဲ့ကြပြီးဖြစ်ရာ ထိုသို့ခေါ်ခြင်းက အနည်းငယ် စိမ်းသက်သလို ခံစားရသည်။ သို့သော် ‘ဟွာကျွင်း’ ဟု တိုက်ရိုက်ခေါ်လိုက်လျှင်လည်း ရင်းနှီးလွန်းရာကျပြီး သူမ စိတ်အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။

သူ အပိုတွေ စိုးရိမ်နေခဲ့ခြင်း ဖြစ်ပုံရသည်။

သို့သော်လည်း ဟွာကျွင်းက သူ့ငယ်အမည် ‘ယွမ်ကျိုး’ ဟု ခေါ်လိုက်သည့် ခဏ၌ လုမင်လီ၏ နှလုံးသားလေးကို ငှက်မွှေးလေးတစ်ချောင်းနှင့် ယားအောင် လာတို့လိုက်သကဲ့သို့ ခံစားရ၏။

သူ့အရင်းနှီးဆုံး ဆွေမျိုးများမှလွဲ၍ ကျန်သည့်သူများမှာ ထိုသို့ မခေါ်ဖူးကြပေ။

အကယ်၍ တခြားအမျိုးသမီးတစ်ယောက်ကသာ ထိုသို့ခေါ်လျှင် သူ စိတ်တိုမိမည်ဖြစ်သော်လည်း ဟွာကျွင်းကတော့ ကွဲပြားသည်။

သူ့ စိတ်ကို ပြန်ထိန်းကာ မေးလိုက်သည်။

“ဒါနဲ့ ဟွာကျွင်း... ခုနက ဘာမေးမလို့လဲ”

“ဒီမြို့ထဲက ကျောင်းတွေမှာ ဒါမှမဟုတ် မြို့တော်က ကျောင်းတွေမှာ ဘာတွေ သင်ပေးလဲဆိုတာ သိချင်လို့ပါ။ ကျွန်မမှာ မူလတန်းကျောင်းလေး တစ်ကျောင်း ရှိတယ်လေ။ ဒါပေမဲ့ နေ့တိုင်း စာတတ်ဖို့ သင်ပေးတာနဲ့ ‘စာလုံးသုံးလုံးကျမ်း’ ရွတ်တာလောက်ပဲ ရှိတာဆိုတော့ နည်းနည်းတော့ ငြီးငွေ့စရာ ကောင်းနေသလားလို့”

လုမင်လီ ခဏစဉ်းစားပြီးနောက် ပြောပြသည်။

“မြို့ထဲက ကျောင်းတွေကတော့ သိပ်မထူးခြားလှပါဘူး။ နေ့တိုင်း သင်နေတာတွေက စာမေးပွဲဖြေဖို့လောက်ပဲ။ ဒါပေမဲ့ မြို့တော်က ကျောင်းတွေမှာတော့ ဘာသာရပ်စုံ သင်ပေးတယ်။ စာရေးစာဖတ်အပြင် သင်္ချာ၊ နက္ခတ်ဗေဒ၊ ပထဝီနဲ့ ရိုးရှင်းတဲ့ စစ်ဗျူဟာတွေကိုပါ သင်ပေးကြတယ်”

ဟွာကျွင်း မျက်လုံးများ တောက်ပသွားကာ အလျင်အမြန်မေးလိုက်၏။

“ဒါ တကယ်ကောင်းတာပဲ။ ဒါပေမဲ့ အဲဒီလို ဘာသာရပ်တွေ သင်ပေးဖို့ ဘယ်လို ဆရာမျိုးကို ရှာရမလဲ”

“ဒါ မခက်ပါဘူး။ ကြေညာစာကပ်ပြီး လူခေါ်လို့ ရတာပဲ။ မြို့တော်ကဝန်ထမ်းဟောင်းတွေ ဒါမှမဟုတ် စာမေးပွဲမအောင်တဲ့ ပညာတတ်တွေထဲက သင်ပေးချင်တဲ့သူရှိရင် တကယ်ကို ကောင်းမှာပေါ့”

ဟွာကျွင်းက ခေါင်းကုတ်ရင်း ပြော၏။

“ကျွန်မတို့ နေရာလေးက ဝေးလံခေါင်ဖျားလွန်းတော့ လူတွေ လာချင်ပါ့မလားလို့ စိုးရိမ်မိတယ်”

လုမင်လီ ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။

“မင်းရဲ့ ကြေညာချက်ထဲမှာ အခကြေးငွေ ကောင်းကောင်းပေးမယ်၊ နေစရိတ် စားစရိတ် ငြိမ်းမယ်လို့ ရေးထားလိုက်ပေါ့။ ဒါ့အပြင် ဒီနေရာလေးက ရှုခင်းတွေလည်း လှတယ်၊ ရွာသားတွေကလည်း ရိုးသားကြတယ်၊ အရေးကြီးဆုံးက အရသာရှိတဲ့ အစားအသောက်တွေ အများကြီး ရှိတာပဲ။ လာချင်တဲ့သူ သေချာပေါက် ရှိမှာပါ”

ဟွာကျွင်း ခေါင်းညိတ်လိုက်၏။ ဤနည်းလမ်းကို စမ်းကြည့်သင့်သည်။

“ပြီးခဲ့တဲ့တစ်ခါက မင်းပြောခဲ့တာ ကိုယ်မှတ်မိသေးတယ်။ မင်းတို့ခေတ်မှာ ကလေးတိုင်း ကျောင်းတက်နိုင်ပြီး အားလုံးက တန်းတူညီမျှ ရှိကြတယ်ဆို”

“ဟုတ်တယ်၊ အခုလည်း ရွာထဲက ကလေးအားလုံး ကျောင်းတက်နိုင်ဖို့ ကျွန်မ မျှော်လင့်နေတာ”

“မင်းပြောခဲ့ပြီးကတည်းက ကိုယ့်ခေတ်မှာ ကလေးတိုင်း ကျောင်းတက်နိုင်ဖို့ ဖြစ်နိုင်မလားဆိုတာ ကိုယ် အကြာကြီး စဉ်းစားခဲ့တယ်။ ဒါပေမဲ့ ဒီစိတ်ကူးက ကောင်းပေမဲ့ တကယ်တမ်း လက်တွေ့လုပ်ဖို့ကတော့ တကယ့်ကို ခက်ခဲတယ်။ ဒါပေမဲ့ ဒီနေ့ မင်းပြောတာက ကိုယ့်ကို သတိရသွားစေတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဖို့ ခက်ပေမဲ့ မင်းရဲ့ မူလတန်းကျောင်းကနေ စပြီးတော့ တဖြည်းဖြည်း ချဲ့ထွင်သွားလို့ ရတာပဲ”

ထိုသို့ ဆိုကာ လေသံပြောင်းလိုက်ပြီး ထပ်မံပြော၏။

“ဒါကြောင့် ကိုယ် မင်းကို ကူညီချင်တယ်။ အခု နယ်စပ်မှာ စစ်ရေးက တင်းမာနေပြီး နန်းတွင်းမှာလည်း စစ်တိုက်ချင်တဲ့သူနဲ့ ငြိမ်းချမ်းရေးလိုချင်တဲ့သူတွေကြား အခြေအတင် ဖြစ်နေကြတယ်။ ဧကရာဇ်မင်းမြတ်ကလည်း ဆုံးဖြတ်ချက် မချနိုင်သေးဘူးဆိုတော့ နောက်နှစ်အနည်းငယ် ဒါမှမဟုတ် ဆယ်နှစ်လောက်အထိ အေးချမ်းမှာ မဟုတ်ဘူး။ အဲဒါကြောင့် မင်းရဲ့ကျောင်းက ကလေးတွေကို စာအပြင် ကိုယ်လွှတ်ပေးမယ့်သူတွေဆီကနေ သိုင်းပညာကိုပါ သင်ယူစေချင်တယ်။ တစ်နေ့နေ့မှာ လိုအပ်လာရင် သူတို့ရဲ့ အိမ်နဲ့ တိုင်းပြည်ကို ကာကွယ်နိုင်အောင်လို့ပေါ့”

ဟွာကျွင်း မျက်လုံးများ တောက်ပသွားကာ ပြောလိုက်သည်။

“ဒါ တကယ်ကောင်းတာပဲ စစ်သူကြီး ယွမ်ကျိုး။ ကျွန်မလည်း အဲဒါကို စဉ်းစားနေတာ”

ဟွာကျွင်းက သူ့ငယ်နာမည်ကို ထပ်ခေါ်လိုက်သဖြင့် လုမင်လီမှာ စိတ်ထဲတွင် အလွန်ဝမ်းသာသွားရ၏။

ထို့နောက် ဟွာကျွင်းက ပြန်၍ စိတ်အားငယ်သွားဟန်ဖြင့် ပြောသည်။

“ဒါပေမဲ့ အခက်အခဲက လူမလောက်တာပဲ။ အခုခေတ်မှာ အသက်နည်းနည်းကြီးတဲ့ ကလေးတွေက မိဘတွေကို လယ်လုပ်ကူရတာ၊ အိမ်အလုပ်ကူရတာတွေ ရှိတော့ ကျောင်းလွှတ်ဖို့ ပြောရတာ တကယ်ခက်တယ်။ ကလေးတစ်ယောက် ကျောင်းသွားရင် အိမ်အတွက် လုပ်သားတစ်ယောက် လျော့သွားတာကိုး”

လုမင်လီ မျက်မှောင်ကြုတ်ကာ စဉ်းစားပြီးမှ ပြောလိုက်၏။

“ဒါဆိုရင် ကလေးကို ကျောင်းလွှတ်တဲ့ မိဘတွေကို ထောက်ပံ့ကြေးတစ်ခုခု ပေးရင်ရော။ ဥပမာ အစားအသောက် ထောက်ပံ့တာ ဒါမှမဟုတ် အခွန်လျှော့ပေါ့ပေးတာမျိုးပေါ့။ သူတို့ရဲ့ ဆုံးရှုံးမှုကို ကာမိသွားအောင်ပေါ့”

သူက ဆက်လက်၍ ပြော၏။

“ရန်ပုံငွေ တချို့ကို ကိုယ် စိုက်ထုတ်ပေးမယ်။ မင်း စိတ်မပူနဲ့။ အခွန်ကိစ္စကိုတော့ ကိုယ် တခြားနည်းလမ်းနဲ့ စဉ်းစားပေးမယ်။ မင်းကတော့ ရှေ့ဆက်လုပ်ဖို့သာ ပြင်ထားပါ”

ဟွာကျွင်းသည် အစက အနည်းငယ် ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်၏။ ကလေးပေါင်းများစွာ၏ အနာဂတ်နှင့်ဆိုင်သည့် ဤမျှကြီးမားသော ကိစ္စမျိုးကို သူမ တစ်ခါမှ မလုပ်ဖူးသဖြင့် ခြေလှမ်းတိုင်းမှာ သတိထားနေရသည်။ သို့သော် ယခု လုမင်လီက နောက်ကွယ်ကနေ ဝန်းရံပေးထားပြီဖြစ်ရာ သူမ ယုံကြည်မှုများ အပြည့်အဝ ရှိသွားတော့သည်။

ထမင်းဆိုတာ တစ်လုတ်ချင်း စားရသလို၊ လမ်းဆိုတာလည်း တစ်လှမ်းချင်း လျှောက်ရသည်။ လောလို့တော့ မရပေ။ အဓိကက စတင်လိုက်ဖို့သာ ဖြစ်ပြီး စတင်လိုက်နိုင်ခြင်းကပင် ကြီးမားသည့် တိုးတက်မှုကြီးတစ်ခု ဖြစ်နေပေပြီ။

အခန်း (၁၄၆)

ပန်ကိတ်ဆိုင်ပိုင်ရှင်သည် အတော်ကြောက်စရာကောင်း၏။

ယနေ့ လုမင်လီတွင် ကိုယ်ပိုင်ကိစ္စတစ်ခု ရှိနေသေး၏။ ဤသည်မှာ သူ့အဘွားဖြစ်သူ အဘွားလု၏ မွေးနေ့ဧည့်ခံပွဲပင် ဖြစ်သည်။

အဘွားလု၏ မွေးနေ့နီးကပ်လာပြီဖြစ်ရာ ထိုဧည့်ခံပွဲအတွက် စီစဉ်မှုအားလုံးကို ဟွာကျွင်းအား ကိုယ်တိုင်ဦးစီးစေချင်သည်။

ပထမအချက်မှာ အမြဲတမ်းပုံစံခွက်ထဲရှိနေသည့် မွေးနေ့ပွဲကို ထူးခြားဆန်းသစ်မှုများဖြင့် ဖြည့်ဆည်းပေးချင်၍ဖြစ်ပြီး၊ ဒုတိယအချက်မှာ သူ့အဘွားကို ဟွာကျွင်းနှင့် မိတ်ဆက်ပေးရန် ဖြစ်သည်။ ၎င်းမှာ အဘွားဖြစ်သူ အကြာကြီးကတည်းက ဖြစ်ချင်နေသည့် ဆန္ဒတစ်ခုလည်း ဖြစ်သည်။

ဟွာကျွင်း အနည်းငယ် စိုးရိမ်နေသည်ကို မြင်သောအခါ လုမင်လီ ထုံးစံအတိုင်း နှစ်သိမ့်ပေးသည်။

“စိတ်မပူပါနဲ့။ ကိုယ် တစ်လျှောက်လုံး ကူညီပေးမှာပါ။ ကိုယ့်အဘွားက စိတ်ထားကောင်းတော့ မင်းကို အခက်တွေ့အောင် လုပ်မှာမဟုတ်ဘူး။ မင်ယွဲ့ စားသောက်ဆိုင် တစ်ဆိုင်လုံးကိုလည်း မင်း စိတ်ကြိုက် သုံးနိုင်ပါတယ်”

ထိုစကားကို ကြားမှ ဟွာကျွင်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူမတွင် ဧည့်ခံပွဲအတွက် စိတ်ကူးအချို့ ရှိနှင့်နေပြီးဖြစ်ရာ ယနေ့ညတွင်ပင် လုမင်လီနှင့် ဆွေးနွေးရန် ဆုံးဖြတ်လိုက်၏။

“ဒီမှာ ရေစီးဧည့်ခံပွဲဆိုတဲ့ ပုံစံမျိုး ရှိလားဟင်”

လုမင်လီ ခဏစဉ်းစားပြီး ပြန်ဖြေသည်။

“ရေစီးဧည့်ခံပွဲ... ကိုယ် တစ်ခါမှ မကြားဖူးဘူး။ အဲဒါက ဘယ်လိုမျိုးလဲ”

“အလယ်မှာ ရေမြောင်းလေး ထည့်လို့ရအောင် ထွင်းထားတဲ့ သစ်သားစားပွဲကို သုံးတာပေါ့။ အဲဒီမြောင်းထဲမှာ ရေတွေ ဖြည့်ထားမယ်။ စားပွဲတစ်ဖက်မှာ ရေစီးအောင် တစ်ယောက်ယောက်က လှည့်ပေးရမဲ့ ရေဒိုင်ခွက် လေးတစ်ခု ထားမယ်။ ဟင်းပွဲအမျိုးမျိုးကို ပန်းကန်ငယ်လေးတွေနဲ့ ထည့်ပြီး ရေပေါ်မှာ အစီအစဉ်အတိုင်း မျှောထားမှာ။ အဲဒီပန်းကန်လေးတွေက ရေစီးကြောင်းအတိုင်း လှည့်ပတ်ပြီး ဧည့်သည်တွေရဲ့ ရှေ့ကို ဖြတ်သွားတဲ့အခါ ကိုယ်စားချင်တာကို ရွေးယူလို့ ရတာပေါ့”

“မင်းပြောတာကို ကိုယ် ကြားဖူးသလိုရှိတယ်၊ ဒါပေမဲ့ နည်းနည်းတော့ ကွဲပြားတယ်။ ရှေးမင်းဆက်တွေတုန်းက ချင်းရွှေလျိုရှန်းဆိုတဲ့ ဧည့်ခံပွဲမျိုး ရှိခဲ့ဖူးတယ်။ ပညာရှိတွေက မြစ်ကမ်းနားမှာ စုဝေးပြီး ဝိုင်ခွက်တွေကို ရေပေါ်မှာ မျှောကြတာ။ ဝိုင်ခွက်က ဘယ်သူ့ရှေ့မှာ ရပ်သွားလဲ၊ အဲဒီလူက ဝိုင်သောက်ပြီး ကဗျာတစ်ပုဒ် စပ်ပေးရတယ်”

ဟွာကျွင်း ခေါင်းညိတ်ကာ ပြော၏။

“ဟုတ်တယ်။ အဲဒါနဲ့ ဆင်တူတယ်။ ဒါပေမဲ့ ကျွန်မတို့က စားပွဲပေါ်မှာ လူလုပ်ရေမြောင်းလေး လုပ်မှာ၊ ဝိုင်တင်မကဘဲ တခြား ဟင်းပွဲလေးတွေပါ အစုံအလင် ထားမှာပေါ့”

လုမင်လီ မျက်လုံးများ တောက်ပသွားကာ ဤစိတ်ကူးကို အလွန်ဆန်းသစ်သည်ဟု ထင်မိ၏။

“တကယ် စိတ်ဝင်စားစရာပဲ။ အဘွားလည်း ဒီပုံစံသစ်ကို သဘောကျမှာ သေချာတယ်။ ဒါပေမဲ့ ဝိုင်ပုလင်းတွေလို မဟုတ်ဘဲ ဟင်းပွဲတွေကို ရေပေါ်မှာ တင်ထားရင် ရေစိုပြီး အရသာ ပျက်မသွားဘူးလား”

“ပေါ့ပါးတဲ့ ပန်းကန်လေးတွေ သုံးပြီး အောက်ကနေ ရေပေါ်ပေါ်အောင် ဖော့ လေးတွေ ခံပေးထားလို့ ရပါတယ်”

လုမင်လီက သဘောတူ ခေါင်းညိတ်ပြ၏။

ထို့နောက် သူတို့နှစ်ဦးသည် ရေမြောင်းလေးကို ဖဲကြိုးနီလေးများဖြင့် အလှဆင်ရန်နှင့် စားပွဲပေါ်တွင် ပန်းအစစ်များ ထားရန် စသည့် အသေးစိတ်အချက်အလက်များကို ဆက်လက် ဆွေးနွေးကြသည်။

ဟင်းပွဲများအကြောင်း ပြောသည့်အခါတွင်လည်း ဟွာကျွင်းက မွေးနေ့ပွဲနှင့် သင့်တော်သည့် လက်ရာမြောက်သော ဟင်းပွဲများအကြောင်းကို စိတ်အားထက်သန်စွာ ပြောပြနေ၏။

လုမင်လီက သူမကို တိတ်တဆိတ် စိုက်ကြည့်နေရင်း ရင်ထဲတွင် လေးစားမှုများဖြင့် ပြည့်နှက်နေသည်။

ကမ္ဘာပေါ်တွင် ဤမျှ ထူးဆန်းပြီး အံ့ဩစရာကောင်းသည့် စိတ်ကူးစိတ်သန်းတွေ ရှိသည့်သူ မည်သူ ရှိနိုင်ဦးမည်နည်း။

နောက်ဆုံးတွင် သူတို့နှစ်ဦး အသေးစိတ်အချက်အလက် အတော်များများကို အတည်ပြုလိုက်ကြသည်။ ဟွာကျွင်းက ထိုကဲ့သို့ စားပွဲပုံစံများကို ပုံဆွဲပြပြီး လုမင်လီက အနည်းငယ် ပြင်ဆင်ကာ လက်သမားကောင်းများ ရှာဖွေ၍ စားပွဲနှစ်လုံး ပြုလုပ်ရန် ပုံစံထုတ်ပေးလိုက်၏။

အမျိုးသားဧည့်သည်များအတွက် တစ်လုံးနှင့် အမျိုးသမီးဧည့်သည်များအတွက် တစ်လုံးဖြစ်သည်။

နောက်တစ်ဆင့်အနေဖြင့် လုမင်လီ ဧည့်သည်အရေအတွက်ကို အတည်ပြုပေးရန်သာ လိုတော့ပြီး ထိုအခါမှ ဟင်းပွဲများကို စတင်ပြင်ဆင်နိုင်မည်။

ဦးလေးကျန်း၏ ပန်ကိတ်ဆိုင်လေးမှာလည်း ဒုတိယမြောက်ညနေခင်းတွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။

ဦးလေးကျန်းမှာ ပုံမှန်အတိုင်းပင် စကားနည်းသူ ဖြစ်၏။ ယခု အရောင်းအဝယ် လုပ်နေသည့်တိုင် အော်ဟစ်မရောင်းဘဲ ဆိုင်ရှေ့တွင် ဆိုင်းဘုတ်လေးတစ်ခုသာ ချိတ်ထားကာ ဘေးတွင် အေးစက်စက် မတ်တပ်ရပ်နေ၏။

အစပိုင်းတွင် ဖြတ်သွားဖြတ်လာ ဖောက်သည်များမှာ ဆိုင်သစ်လေးကို မြင်သဖြင့် စပ်စုချင်ကြသော်လည်း သူ၏ အမူအရာကို မြင်သည်နှင့် ကြောက်ပြီး ပြန်ထွက်သွားကြသည်။

ဘေးချင်းကပ်လျက်ရှိသော အသားကင်ဆိုင်မှ ဒေါ်လေးပန်းမှာ ဦးလေးကျန်း၏ ပုံစံကိုကြည့်ကာ တကယ်ပင် စိတ်ပူနေရ၏။

“ဦးလေးကျန်း... အော်ရမယ်လေ၊ လူခေါ်ရမယ်။ ပြီးတော့ မျက်နှာကြီးကိုလည်း တင်းမထားပါနဲ့။ ဦးလေးက ဈေးရောင်းနေတာလေ၊ ဖောက်သည်တွေကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ရမှာပေါ့”

ဦးလေးကျန်းက ဒေါ်လေးပန်း၏ စကားကို ကြားသဖြင့် ဖြည်းဖြည်းချင်း လှည့်ကြည့်ကာ အတင်းပြုံးပြလိုက်သည်။

ဒေါ်လေးပန်းက လက်ကို အမြန်ဝှေ့ယမ်းကာ တားလိုက်သည်။

“တော်ပြီ၊ တော်ပြီ၊ မပြုံးပါနဲ့တော့။ ဦးလေး ပြုံးတာက ငိုတာထက်တောင် ပိုကြည့်ရဆိုးနေသေးတယ်။ ဒါပေမဲ့ လူတော့ အော်ခေါ်ရမယ် သိလား။ အမလေး... ကျွန်မတော့ ရူးတော့မှာပဲ”

ဒေါ်လေးပန်းသည် အသားချောင်းများကို အမြန်စီလိုက်ပြီး အားမောက်ကို ပြောလိုက်သည်။

“ဆိုင်ကို ခဏကြည့်ထားဦး၊ ကျွန်မ သွားကူလိုက်ဦးမယ်”

ထို့နောက် သူမသည် ဦးလေးကျန်းဘေးသို့ ပြေးသွားကာ လူအော်ခေါ်ပေးတော့သည်။

“လာကြည့်ကြပါဦးရှင်။ ပန်ကိတ်ဆိုင်လေး ဖွင့်နေပြီနော်။ လက်ရာကောင်းပြီး ဈေးလည်း သက်သာတယ်၊ အရမ်းမွှေးတာပဲ။ အစ်ကို... ပန်ကိတ် မြည်းကြည့်မလား။ ရိုးရိုးဆိုရင် ကြေးပြားငါးပြားပဲ ကျသင့်မယ်။ ကြက်ဥလည်း ပါတယ်၊ အချိုရော အစပ်ရော ရတယ်နော်။ အဘိုး... မသွားပါနဲ့ဦး၊ လာစားကြည့်ပါဦးလား”

ဒေါ်လေးပန်း တကယ်ကို အားကိုးရသူ ဖြစ်သည်။ သူမ၏ ရိုးသားသော အပြုံးနှင့် ဝီရိယရှိရှိ လူခေါ်ပေးမှုကြောင့် နောက်ဆုံးတွင် တစ်ယောက်က ဦးလေးကျန်း၏ အေးစက်စက်မျက်နှာကို ဂရုမစိုက်ဘဲ အနားသို့ တိုးလာခဲ့၏။

“ဒါက ကိတ်မုန့်ပြား ရောင်းတာလား”

“အို... ဒါက ကိတ်မုန့်ပြား မဟုတ်ပါဘူး၊ ပန်ကိတ်လေ။ အထဲမှာ အရာမျိုးစုံ ထည့်လိပ်လို့ ရတယ်။ ဈေးနှုန်းတွေကိုတော့ ဒီဆိုင်းဘုတ်မှာ ရေးထားတယ်၊ ကြည့်လိုက်ပါဦး။ ကိုယ့်တတ်နိုင်တာနဲ့ ကိုက်ညီတာကို ရွေးလို့ရတယ်”

ထို့နောက် သူသည် ဘေးက ဦးလေးကျန်းကို လက်ညှိုးထိုးပြကာ မေး၏။

“ဒါနဲ့... ဟိုမှာ ဖောက်သည်တွေကို မောင်းထုတ်နေတဲ့သူက မင်းဆီက အကြွေးတောင်းနေတဲ့သူလား”

ဒေါ်လေးပန်း လှည့်ကြည့်လိုက်သည့်အခါ ဦးလေးကျန်းက လက်ရှည်ယောက်မကြီးကို ကိုင်ကာ ဖောက်သည်ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး” ဒေါ်လေးပန်းက အလျင်အမြန် ငြင်းလိုက်သည်။

“သူက စားဖိုမှူးလေ၊ ပန်ကိတ်လုပ်တာ တကယ်ကျွမ်းကျင်တာ။ သူက ဒီလိုပဲ၊ လူတိုင်းအပေါ် ဒီလိုပဲ နေတတ်တာပါ။ အပြင်ပန်းသာ အေးစက်တာ၊ စိတ်ရင်းကတော့ နွေးထွေးတဲ့ လူကောင်းကြီးပါ”

ဦးလေးကျန်းသည် ဒေါ်လေးပန်း၏ မှတ်ချက်ကို ကြားသဖြင့် အနည်းငယ် စိတ်လှုပ်ရှားသွား၏။ သူ အတတ်နိုင်ဆုံး ဖော်ရွေသည့်ပုံစံ ဖြစ်အောင် ကိုယ်ဟန်အနေအထားကို ပြင်လိုက်ပြီး ပြုံးရန် ပြင်လိုက်သည်။

“မပြုံးနဲ့” ဒေါ်လေးပန်းက တစ်ခုခုကို ရိပ်မိသွားသကဲ့သို့ သူ့ကို တိုးတိုးလေး သတိပေးလိုက်သည်။

ဦးလေးကျန်း အပြုံးကို အမြန် ပြန်ရုပ်သိမ်းလိုက်၏။

ဖောက်သည်က သူတို့နှစ်ယောက်ကို ကြည့်ကာ စမ်းစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

“ကောင်းပြီလေ၊ ကျွန်တော့်ကို ဝက်အူချောင်းနဲ့ အစပ်ဆော့စ် တစ်ခု ပေးပါ”

ဦးလေးကျန်း၏ လက်မှာ လှုပ်ရှားသွားပြီး ဂျုံအနှစ်ဖြူဖြူတစ်ဇွန်းကို သံဒယ်အိုးပြားပေါ် လောင်းချလိုက်၏။ သူ၏ လှုပ်ရှားမှုများမှာ သွက်လက်ပြီး အနုပညာဆန်လှရာ သူ့မျက်နှာအမူအရာထက် အများကြီး ပို၍ ကြည့်ကောင်းလှသည်။

အနှစ်ကို အညီအမျှ ဖြန့်သည်၊ ကြက်ဥတစ်လုံး ထည့်သည်၊ တစ်ဖက်လှန်သည်၊ ဝက်အူချောင်း ထည့်သည်၊ ကြက်သွန်မြိတ်နှင့် နံနံပင် ဖြူးသည်၊ အစပ်ဆော့စ် သုတ်သည်။ သူ လုပ်ဆောင်ချက်များကို အပြီးသတ်လိုက်သည့်အခါ လူများစွာက ဝိုင်းအုံကြည့်နေကြပြီ ဖြစ်၏။

“ဒီလက်ရာက တော်တော်လေး ကောင်းတာပဲ”

ပန်ကိတ်၏ အရသာမှာလည်း ပို၍ပင် ကောင်းမွန်လှ၏။ ဤတစ်ကြိမ်တွင်တော့ လူတိုင်းက စိုးရိမ်စိတ်များကို ဘေးချိတ်ကာ ပန်ကိတ်ဝယ်ရန် တန်းစီကြတော့သည်။

ဆိုင်ရှင်၏ အေးစက်စက် မျက်နှာထားကိုတော့ လျစ်လျူရှုလိုက်ကြရုံသာ။ မည်သို့ပင်ဆိုစေ ဆိုင်တစ်ခုမှာ ရိုးရှင်းပြီး စားကောင်းသည့် အစားအစာမျိုး ရှိဖို့က ခဲယဉ်းသည်။

ဦးလေးကျန်း အမှန်တွင် ဖောက်သည်များကို မောင်းထုတ်ချင်နေခြင်း မဟုတ်ဘဲ သူ့မျက်နှာက ထိုအတိုင်း ဖြစ်နေခြင်းသာ ဖြစ်သည်။ သို့သော် ဤအချက်ကလည်း အပိုစကားများ ပြောနေရခြင်းမှ သက်သာစေသဖြင့် ကောင်းသည့်အချက် ဖြစ်နေပြန်၏။

ဂျုံအနှစ်မှာ နူးညံ့အိစက်နေပြီး ဆော့စ်မှာလည်း အရသာရှိကာ ဈေးနှုန်းမှာလည်း မကြီးပေ။ အမူအရာ အနည်းငယ် အေးစက်နေခြင်းက လူတိုင်းအတွက် ပြဿနာ မဟုတ်တော့ပေ။

သူတို့ ဦးလေးကျန်းဘက်ကနေတောင် စဉ်းစားပေးလာကြသည်။

‘ကျွမ်းကျင်သူတွေက အကျင့်စရိုက်လေးတွေ နည်းနည်း ထူးခြားတတ်ကြတာပဲ’

အတတ်နိုင်ဆုံးတော့ သူ့ကို စကားမပြောဘဲ ဝယ်စရာရှိတာဝယ်ပြီး ထွက်သွားကြရုံသာ ဖြစ်၏။

ထို့ကြောင့် ပန်ကိတ်ဆိုင်၏ အော်ဒါမှာသည့် အရှိန်မှာ အလွန်ပင် မြန်ဆန်လှသည်။ အခြေခံအားဖြင့် လူတိုင်း ရောက်လာလျှင် သူတို့လိုချင်သည်ကို တန်းပြောပြီး ဘေးမှာ တိတ်တဆိတ် စောင့်နေကြရုံသာ ဖြစ်၏။

စကားကိုလည်း သေသေချာချာ ပြတ်ပြတ်သားသား ပြောကြရ၏။ အကယ်၍ ဆိုင်ရှင်က မကြားသဖြင့် ပြန်မေးလိုက်လျှင် နောက်တစ်စက္ကန့်မှာ သူ ဒေါသတကြီး အော်ငေါက်တော့မည့်အတိုင်း ခံစားရသောကြောင့် ဖြစ်သည်။

ကံကောင်းသည်မှာ ဦးလေးကျန်းက မှတ်ဉာဏ်ကောင်းပြီး တွက်ချက်မှုလည်း မြန်ဆန်သဖြင့် ဖောက်သည်များမှာ သူနှင့် စကားအများကြီး ပြောနေရန် မလိုခြင်းပင်။

ထို့ကြောင့် ပန်ကိတ်ဆိုင်လေးမှာ အခြားဆိုင်များနှင့် လုံးဝမတူသည့် အငွေ့အသက်တစ်ခု ရှိနေ၏။

အသားကင်ဆိုင်မှ ဒေါ်လေးပန်းမှာ ဖော်ရွေပျူငှါလှပြီး နံစော်တို့ဟူးဆိုင်မှ လျိုမိသားစု လင်မယားမှာလည်း စိတ်ရှည်ကြင်နာကြသည်။

သို့သော် မလှမ်းမကမ်းရှိ ပန်ကိတ်ဆိုင်လေးမှာ ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခု ရှိနေ၏။

ဟွာကျွင်း အပြင်ထွက်ကြည့်သည့်အခါ သူမပင် ကြည့်မနေနိုင်တော့ပေ။ ပန်ကိတ်ဆိုင်မှာ ဘေးဘက်သို့ အနည်းငယ် ရောက်နေပြီး မီးအိမ်နှစ်လုံးကြားတွင် ရှိနေသဖြင့် သိပ်ပြီး မလင်းလှပေ။

ထို့ကြောင့် သူမ မြင်လိုက်ရသည်မှ မီးခိုးဖြူဖြူတွေ ထွက်နေသည့် ဆိုင်လေး၊ အမူအရာမရှိသည့် ဆိုင်ရှင်နှင့် ခေါင်းငုံ့ပြီး တိတ်ဆိတ်စွာ စောင့်နေကြသော ဖောက်သည်များပင်။

“ဟိုဘက်မှာ မီးအိမ်တစ်လုံး ထပ်ချိတ်လိုက်ဦး...”

ဟွာကျွင်း အမူအရာကင်းမဲ့စွာပြောလိုက်သည်။

All Chapters