← Chapters

အခန်း (၁၈၅-၁၈၆)

Vol. 19 Ch. 185-186

အခန်း (၁၈၅-၁၈၆)

Vol. 19 Ch. 185-186

အခန်း (၁၈၅) ဆယ်မိနစ် ပြည့်သွားခဲ့ပြီ၊ ဒုတိယအလွှာသို့ ဝင်ရောက်လာခြင်း

"ဒီအရာက အလွန်တရာ အဆင့်နိမ့်တဲ့ ပုံစံမျိုး ဖြစ်နေပေမယ့်လည်း..."

"ပြည်နှင်ဒဏ်ပေးခြင်း..."

အမှန်တရားနှင့် အတုအယောင် စာအုပ်မှ စူးရှတောက်ပသော အလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။

လူတိုင်း၏ မျက်စိရှေ့မှောက်တွင် ဧရာမ နှင်းတောင်ကြီးတစ်ခု၏ အတုအယောင် ပုံရိပ်ကြီးတစ်ခုက ပေါ်လာခဲ့လေသည်။ ဤအတုအယောင် ပုံရိပ်ကြီးက ချက်ချင်း ပေါ်လာပြီး ချက်ချင်းပင် ပျောက်ကွယ်သွား၏။ ၎င်း ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သွေးစုပ်ဖုတ်ကောင် မြို့စား ဘာရယ်ရော့ကလည်း ထိုအချိန်၌ပင် ပျောက်ကွယ်သွားလေတော့သည်။

"မြို... မြို့စားကြီး"

"လူသား... မင်း ဘာလုပ်လိုက်တာလဲ"

"ကျစ်... မြို့စားကြီးအတွက် သူ့ကို သတ်ပြီး ကလဲ့စားချေကြ"

ကလဲ့စားချေမယ်တဲ့လား။

အဲဒီ မြို့စားကြီးက မသေသေးပါဘူး။

ဘာအတွက် ကလဲ့စားချေစရာ ရှိနေလို့လဲ။

ရဲချီယန်က သူ့ကို ပုံပြင်လေးတစ်ပုဒ်ထဲမှာ ပါဝင်ဖို့ လွှတ်လိုက်ရုံလေးပါပဲလေ။

ဝှစ်...

မျက်ရည်နီက သူမသခင်၏ ရှေ့တွင် ရပ်နေ၏။

သူမ၏ တောင်ပံများက ခတ်လိုက်ပြီး အတုအယောင် ကောင်းကင်ယံမှ ကျဆင်းလာသော မျက်ရည်နီ မိုးရေများက ငိုကြွေးသံများနှင့် ကြောက်ရွံ့မှုများကို ဖြစ်ပေါ်စေခဲ့လေသည်။

ဤသည်က စစ်ပွဲဖြစ်ပြီး စစ်ပွဲက သူမ၏ နယ်မြေပင် ဖြစ်ပေသည်။

ဓားဆွဲထုတ်ရန် မလိုအပ်ချေ။

နတ်ဆိုးမလေး၏ မျက်လုံးများမှ မျက်ရည်တစ်ပေါက် ကျဆင်းလာရုံမျှဖြင့်။

ချက်ချင်းဆိုသလိုပင် ရှင်းပြ၍မရနိုင်သော ကြောက်ရွံ့မှုများနှင့် နာကျင်မှုများက အပြင်ဘက်သို့ ပျံ့နှံ့သွားလေတော့သည်။

ရဲချီယန်က သူ၏ စိတ်စွမ်းအားများကို စားသုံးလိုက်သည်နှင့် အမှန်တရားနှင့် အတုအယောင် စာအုပ်မှ တစ်ပြိုင်နက်တည်း လုပ်ဆောင်ပေးသော စိတ်စွမ်းအား လျော့ကျခြင်းနှင့် ပေါင်းစပ်သွား၏။

တစ်ခဏအတွင်းမှာပင်။

ရူးသွပ်မှုများက နေရာအနှံ့သို့ ပျံ့နှံ့သွားလေတော့သည်။

"အား"

စူးစူးဝါးဝါး အော်ဟစ်သံများ၊ ဟိန်းဟောက်သံများနှင့် နာကျင်စွာ အော်ဟစ်ငိုကြွေးသံများက အဆက်မပြတ် ထွက်ပေါ်နေ၏။

"အရမ်း ဆူညံတာပဲ"

မျက်ရည်နီက သူမသခင်၏ အနီးသို့ တိတ်ဆိတ်စွာ လျှောက်သွားကာ လက်များကို ဆန့်ထုတ်လိုက်ပြီး ခြေဖျားထောက်လျက် သူ၏ နားရွက်များကို ဖုံးအုပ်ပေးလိုက်လေသည်။

ကျန်ရှိနေသည်များကို ဖြေရှင်းရန် ကျီးကန်းနတ်ဆိုးထံသို့ လွှဲပြောင်းပေးလိုက်၏။

ဆယ်မိနစ် ကြာပြီးနောက်။

ရှေ့ဆက်ရမည့်လမ်းက ရှင်းလင်းသွားခဲ့ပြီ။

လူမဆန်သော ရထားမောင်းနှင်သူ မည်သူကမျှ ရဲချီယန်၏ ရှေ့တွင် မရပ်ဝံ့ကြတော့ချေ။

ရဲရင့်သူများအားလုံး သေဆုံးသွားကြပြီ ဖြစ်သည်။

ကြောက်ရွံ့တတ်သူများမှာ မျက်ရည်နီ မိုးရေများနှင့် ကျီးကန်းနတ်ဆိုး၏ အော်ဟစ်သံများကြားတွင် အဆုံးမဲ့ ကြောက်ရွံ့မှုထဲသို့ ကျဆင်းသွားခဲ့ကြလေပြီ။

ဗဟိုဓာတ်လှေကား။

စစ်ကြောရေးမှူးများအတွက် သီးသန့် ဓာတ်လှေကား၏ အပြင်ဘက်တွင်။

ရဲချီယန်က သူ၏နောက်သို့ လိုက်ပါလာဆဲဖြစ်သော လူအုပ်ကြီးကို ပြန်ကြည့်လိုက်ကာ သူ၏ အကြည့်များက စစ်ဆေးရေးမှူး တစ်ဦးအပေါ်တွင် နောက်ဆုံး ရပ်တန့်သွား၏။ တစ်ခဏမျှ စဉ်းစားခန်း ဝင်ပြီးနောက် စစ်ကြောရေးမှူး တံဆိပ်ကို သူ ထုတ်ယူလိုက်လေသည်။

"ငါက စစ်ကြောရေးခုံရုံးက တတိယအဆင့် စစ်ကြောရေးမှူး တစ်ယောက်ပါ။ ကူညီထောက်ပံ့ပေးဖို့ အခု ငါ အပေါ်ကို တက်သွားဖို့ လိုတယ်။ ဒီနေရာကို စစ်ဆေးရေးမှူး ဌာနက သူငယ်ချင်းတွေဆီ လွှဲအပ်ခဲ့မယ်။ မင်းတို့အားလုံးကော အဆင်ပြေရဲ့လား"

စစ်ဆေးရေးမှူး ဌာန အဖွဲ့ဝင်များ၏ မျက်နှာအမူအရာများက ထပ်တလဲလဲ ပြောင်းလဲသွားကြ၏။ သို့သော် သူတို့က အလျင်စလို စကားမပြောရဲကြချေ။

"ဟင်... အချိန်ပြည့်လုနီးပြီလား"

ရဲချီယန်၏ အမှန်တရားနှင့် အတုအယောင် စာအုပ်က တုန်ခါနေလေသည်။ ဆယ်မိနစ် အချိန်ပြည့်သွားခဲ့ပြီ။ စာအုပ်ထဲရှိ လူသားစား ပုံပြင်ကလည်း အဆုံးသတ်သွားသင့်ပေပြီ။

ဖုန်း။

ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော ပုံရိပ်တစ်ခုက ရွှံ့ဗွက်အိုင်တစ်ခုထဲသို့ ကျဆင်းလာခဲ့၏။

ဘာရယ်ရော့က ပုစွန်တုပ်ကြီးတစ်ကောင်အလား ကွေးကွေးလေး ဖြစ်နေပြီး သူ၏ မာနထောင်လွှားမှုများနှင့် မြို့စားတစ်ဦး၏ မြင့်မြတ်မှုများအားလုံး လုံးဝ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူက ပါးစပ်ကို ဟကာ အသံတိတ် ငိုကြွေးနေလေ၏။

ထို့နောက် သူ အမှန်တကယ် အသံထွက်လာသည်အထိ ကောင်းကင်ယံသို့ မော့ကာ အချိန်အတော်ကြာအောင် အော်ဟစ်လိုက်လေတော့သည်။

"အား"

သူ၏ မျိုးနွယ်ကို သစ္စာဖောက်ခဲ့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သူ၏ ကံကြမ္မာက အလွန်တရာ ဆိုးရွားလွန်းလှ၏။ လေးဆယ့်ခုနစ်ကြိမ်... ထိုဆယ်မိနစ်အတွင်း သူ၏ ကိုယ်ပိုင်အသိစိတ်ဖြင့် အတုအယောင် မြူနှင်းတောင်တွင် လူဝင်စားခြင်း သံသရာ လေးဆယ့်ခုနစ်ကြိမ်တိုင်တိုင် ဖြတ်သန်းခဲ့ရလေသည်။

ထိုလေးဆယ့်ခုနစ်ကြိမ်လုံးတွင် သူက အမြဲတမ်း အစားခံရသော အဖွဲ့ဝင်တစ်ဦး၏ ဇာတ်ရုပ်အဖြစ်သာ ပါဝင်ခဲ့ရခြင်း ဖြစ်ပေသည်။

သူ့တွင် အသိစိတ်ရှိသော်လည်း သူ၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ခဲ့ချေ။ သို့တိုင်အောင် နာကျင်မှုနှင့် အချိန်ကုန်လွန်သွားမှုတို့ကို ခံစားနေရဆဲ ဖြစ်၏။ ထိုလူသား သုံးဦးက ရိုးရိုးရှင်းရှင်းပင် နတ်ဆိုးများ ဖြစ်ကြလေသည်။

လေးဆယ့်ခုနစ်ကြိမ်မြောက် သံသရာအတွင်း ထိုသုံးဦးက သူ့ကို သတ်ဖြတ်ပြီး ချက်ပြုတ်ရန် မည်မျှများပြားသော နည်းလမ်းများကို အသုံးပြုခဲ့ကြသည်ကို သူ မသိရှိတော့ချေ။ အသိစိတ် ရှိနေဆဲအချိန်၌ပင် အရှင်လတ်လတ် ဝါးမျိုခံရသည်အထိပင်။

"နတ်ဆိုး... နတ်ဆိုး... နတ်ဆိုး"

ဘာရယ်ရော့၏ အသိစိတ်များက ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။

"တကယ်ကိုပဲ နတ်ဆိုးတစ်ကောင် ဖြစ်နေတာပဲ"

ရဲချီယန်က ဘာရယ်ရော့၏ ရှေ့တွင် ရပ်ကာ အမြှုပ်များထွက်ပြီး တုန်ရီနေသော သွေးစုပ်ဖုတ်ကောင် မြို့စားကို ကြည့်ရှုလိုက်လေ၏။ စိတ်ပိုင်းဆိုင်ရာအရ ကျိုးပဲ့ပျက်စီးသွားခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်က ကျန်ရှိနေသေးသည်။ သူ့ကို သတ်ဖြတ်ရန် ထိုမျှလောက် မလွယ်ကူပေ။

ရဲချီယန်၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်ကိုမျှ မမြင်တွေ့ရချေ။

အီဘိုနီက သူ၏ လက်ထဲသို့ ကျဆင်းလာပြီး ယင်း၏ ပြောင်းဝက ဘာရယ်ရော့၏ ခေါင်းဆီသို့ ချိန်ရွယ်ထားလေ၏။

မော်ဂျူး လည်ပတ်သွားသည်။

[သေနတ်သံ တရားစီရင်ခြင်း မော်ဂျူး] [အပြစ်ကို စစ်ကြောစီရင်ခြင်း] [စားသုံးခြင်း၊ သစ္စာဖောက်ခြင်း၊ ဘုရားသခင်ကို ယုံကြည်ကိုးကွယ်ခြင်း၊ သွေးဆာခြင်း၊ သတ်ဖြတ်ခြင်း၊ ရူးသွပ်ခြင်း] [အပြစ်ရှိကြောင်း စီရင်ချက်ချသည်]

သေဒဏ် စီရင်လိုက်သည်။

ကျည်ဆန်တွင် သန့်စင်ခြင်း၊ မြင့်မြတ်သော အလင်းရောင်နှင့် နတ်ဆိုးများကို ချိုးဖျက်နိုင်သော ဂုဏ်သတ္တိများ ပါဝင်လေ၏။ အနက်နှင့် အဖြူ၊ အရောင်နှစ်မျိုးစပ် ပေါက်ကွဲစေတတ်သော သံချပ်ကာဖောက် ကျည်ဆန်က ပြောင်းဝမှ ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်များနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ခလုတ်ကို ဆွဲလိုက်၏။

ဒိုင်း။

ကမ္ဘာကြီးက ထူးခြားသော အဖြူနှင့် အနက်ရောင် အလင်းတန်းများအောက်သို့ ကျဆင်းသွားလေတော့သည်။ လူများက မသိစိတ်မှပင် မျက်လုံးများကို မှိတ်ထားလိုက်ကြ၏။ သူတို့ မျက်လုံးများ ပြန်ဖွင့်လာချိန်တွင်မူ... ရဲချီယန်က ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဘာရယ်ရော့ဟု အမည်ရသော သွေးစုပ်ဖုတ်ကောင် မြို့စားနေရာတွင် ရဲရဲနီသော သွေးအိုင်တစ်အိုင်သာ ကျန်ရှိနေခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုအောက်တွင် ရေဆေးချခံလိုက်ရလေတော့သည်။

ဂျလောက်။ ဗဟိုဓာတ်လှေကားက စတင် လည်ပတ်သွား၏။

"ဟူး... ဂုဏ်ကျက်သရေရှိတဲ့ မြို့စားတစ်ယောက်က ဒီလောက်လေးပဲ ကျန်ရစ်ခဲ့တာလား။ ဒါပေမဲ့ ဒီကောင်ရဲ့ အဆင့်က နိမ့်တော့ မနိမ့်ဘူး"

ရဲချီယန်က အနည်းငယ် မကျေမနပ်ဖြစ်စွာဖြင့် သူ၏ လက်ထဲရှိ ပွင့်လင်းမြင်သာသော စမ်းသပ်ပြွန်တစ်ခုကို လှုပ်ယမ်းလိုက်လေသည်။

[မြို့စား၏ သွေး] [ရင်းမြစ် - အဆင့် ၂၉ ရထားမောင်းနှင်သူ၊ သွေးစုပ်ဖုတ်ကောင် မြို့စား၊ ဘာရယ်ရော့] [အဆိပ်ပြင်းပါသည်။ သွေးစုပ်ဖုတ်ကောင်များကို တန်ပြန်တိုက်ခိုက်နိုင်သော အထူးလက်နက်များ ဖန်တီးရန် သို့မဟုတ် သွေးစုပ်ဖုတ်ကောင် ဆေးရည်များ ဖန်တီးရန် အသုံးပြုနိုင်ပါသည်]

"ဒီကောင်က တကယ်ကို ရထားမောင်းနှင်သူ တစ်ယောက်ပဲ။ ထာဝရ ညဉ့်ယံ မြို့တော်... ကျစ်... မြို့တော်တိုင်းက လူသားတွေ ထိန်းချုပ်ထားတာ မဟုတ်ဘူး ထင်တယ်"

"ဒါမှမဟုတ် ထာဝရ ညဉ့်ယံ မြို့တော်ကပဲ ချွင်းချက်တစ်ခု ဖြစ်နေတာများလား"

"ပြီးတော့... အပြစ်ကို စစ်ကြောစီရင်ခြင်းမှာ ဘုရားသခင်ကို ယုံကြည်ကိုးကွယ်ခြင်း ဆိုတာက ထပ်ပါလာပြန်ပြီလား"

သူက သွေးများပါဝင်သော ပြွန်ကို အမှတ်တမဲ့ သိမ်းဆည်းလိုက်လေသည်။ ရထားကို သိုလှောင်မှု မေးထရစ်ထဲတွင် သိမ်းဆည်းထားဆဲဖြစ်ပြီး ထုတ်မယူရသေးသောကြောင့် အီဗ်ကလည်း အထဲတွင်သာ ကျန်ရှိနေသေးရာ ယာယီအားဖြင့် သူ၏ ကျောပိုးအိတ်ထဲသို့သာ ထည့်ထားနိုင်ပေသည်။

ဂျလောက်

ဓာတ်လှေကားက စတုတ္ထအလွှာသို့ တိုက်ရိုက် သွားရမည် ဖြစ်သည်။

သို့သော် ဒုတိယအလွှာသို့ ရောက်ရှိချိန်တွင် အတင်းအကျပ် ရပ်တန့်ခံလိုက်ရလေ၏။ ရဲချီယန်က ခေါင်းကို ရမ်းလိုက်ကာ ပျက်စီးနေသော ဓာတ်လှေကား သံလမ်းကို ကြည့်ရှုလိုက်သည်။

"အောက်ပဲ ဆင်းလို့ရတော့မှာလား။ ထားလိုက်ပါတော့၊ ဒီလိုဖြစ်မယ်ဆိုတာ ငါ သိထားပြီးသားပါ။ တခြားလမ်းကနေပဲ သွားလိုက်တော့မယ်"

ခေါင်းကို ရမ်းလိုက်ကာ မျက်ရည်နီနှင့် ကျီးကန်းနတ်ဆိုးတို့က တစ်ဖန် ပြန်လည် ထွက်ခွာလာခဲ့ကြ၏။ ဤအလွှာရှိ မကောင်းဆိုးဝါးများက ပထမအလွှာရှိ မကောင်းဆိုးဝါးများထက် ပိုမို အစွမ်းထက်ကြပေသည်။ သို့သော် အတူတူပင် ဖြစ်လေ၏။

စစ်ပွဲ။ သေခြင်းတရား။

ဤသည်က နတ်ဆိုးများ၏ နယ်မြေ ပင်တည်း။

တစ်ဖက်သတ် တိုက်ပွဲတစ်ခုသာ ဖြစ်နေဆဲပင်။

ရဲချီယန်က ဓာတ်လှေကားထဲမှ ထွက်လာကာ ကောင်းကင်ယံတွင် တိုက်ခိုက်နေကြသော ရထားများကို အံ့ဩတကြီး ကြည့်ရှုနေလေသည်။

"အဲဒါ လွန်ပူကြီးလား။ ရထား လက်နက်ကိရိယာ လား။ အဲဒီလို အသုံးပြုရတာလား။ ဟား... ပြီးတော့ အဲဒီ ဆူးချွန်ကြီးကကော... အဲဒါလည်း ရထား လက်နက်ကိရိယာ ပဲလား"

ရထားများကြားရှိ တိုက်ပွဲများက အနည်းငယ် ရိုးရှင်းလွန်းပြီး အလှဆင်ထားမှု မရှိပေ။

အမြောက်များဖြင့် ပစ်ခတ်ခြင်း၊ ဝင်တိုက်ခြင်းနှင့် စက်ရုပ်များအဖြစ်သို့ပင် အသွင်ပြောင်းခြင်း။

သို့သော် ဤဒုတိယအလွှာတွင် ခုခံသူများ သိပ်မများသေးချေ။ သူတို့အများစုမှာလည်း ဆော်လမွန် မြို့တော်မှ မဟုတ်ကြပေ။ ဤနေရာမှ ထွက်ခွာပြီး လွင်တီးခေါင်ပြင်သို့ ပြန်သွားချင်ရုံသက်သက်ဖြင့် ထွက်ပြေးလာကြသော်လည်း မကောင်းဆိုးဝါးများ၏ ပိတ်ဆို့မှုကို ခံခဲ့ကြရခြင်းသာ ဖြစ်၏။

ဒင်... ဒင်... လူတစ်ယောက်က သတင်းစကား ပေးပို့လာခဲ့သည်။

မွန်ရိုးဂျီနာ - [မောင်လေးရဲ... ပထမထပ်မှာ ရှိနေတုန်းပဲလား။ မကောင်းဆိုးဝါးတွေက ဓာတ်လှေကားကို ဖျက်ဆီးလိုက်ကြပြီ၊ အဆင်ပြေရဲ့လား]

ရဲချီယန်က သူ၏ ခေါင်းကို ကုတ်လိုက်လေသည်။ ရိုးရိုးသားသား ပြောရလျှင် မွန်ရိုးဂျီနာက သူ့အပေါ်တွင် အကြောင်းပြချက်မရှိဘဲ လွန်ကဲစွာ စိုးရိမ်ပေးနေသည်ဟု သူ အမြဲတမ်း ခံစားနေရ၏။

[ငါ ဒုတိယထပ်ကို ရောက်နေပြီ]

[ဟုတ်လား။ ဒါဆို ဒီနေရာကို အရင်လာခဲ့မလား။ ဒီနေရာက တော်တော်လေး လုံခြုံတယ်]

သူက ဤဒုတိယအလွှာရှိ အမြင့်ဆုံး အဆောက်အအုံဆီသို့ လှမ်းကြည့်လိုက်လေသည်။ မှိန်ဖျော့ဖျော့ တောက်ပနေသော မှော်အစီအရင်တစ်ခုက မိုးမျှော်တိုက်ကြီး တစ်ခုလုံးကို လွှမ်းခြုံထား၏။ ထိုမှော်အစီအရင်ထဲမှ မှော်တိုက်ခိုက်မှု အမြောက်အမြားက အဆက်မပြတ် ထွက်ပေါ်လာနေလေသည်။

အဆောက်အအုံအနီးသို့ ချဉ်းကပ်လာသော မကောင်းဆိုးဝါးများ အားလုံးက တစ်စစီ ပေါက်ကွဲထွက်သွားကြလေ၏။

တော်တော်လေး လုံခြုံတယ် ဟုတ်လား။

အဲဒါက သိပ်တော့ မလုံလောက်သေးပါဘူး။

မွန်ရိုးဂျီနာက အဆောက်အအုံထဲတွင် ရှိနေသရွေ့ ထိုမကောင်းဆိုးဝါးများက အထဲသို့ လုံးဝ ဝင်ရောက်နိုင်မည် မဟုတ်ချေ။ ၎င်းက ဒုတိယအလွှာတွင် အလုံခြုံဆုံး နေရာတစ်ခု ဖြစ်ပေသည်။ အသက်ရှင်ကျန်ရစ်သူများ အားလုံး၊ ထွက်ပြေးနိုင်စွမ်းရှိသော ရထားမောင်းနှင်သူများမှလွဲ၍ ထိုနေရာသို့ သွားရောက်ကြလိမ့်မည်ဟု ခန့်မှန်းရ၏။

"သွားကြည့်ကြတာပေါ့။ သူမဆီမှာ စတုတ္ထအလွှာကို တက်သွားဖို့ လမ်းရှိနိုင်တယ်"

အခန်း (၁၈၆)

"မင်းပြောတာက ဘာရယ်ရော့ အသတ်ခံလိုက်ရတယ် ဟုတ်လား"

ဒုတိယအလွှာကို တိုက်ခိုက်ရန် တာဝန်ယူထားသော သွေးစုပ်ဖုတ်ကောင် မြို့စားက လက်အောက်ငယ်သား၏ သတင်းပို့ချက်ကို မယုံကြည်နိုင်သော အမူအရာဖြင့် နားထောင်နေလေ၏။

"ဘာရယ်ရော့က အဆင့် ၃၀ ကို မရောက်သေးဘူး ဆိုပေမယ့်လည်း စမတ်ခ် ပြောထားတဲ့ သဘောတူညီချက်အရ အဆင့် ၂၀ အထက် ရထားမောင်းနှင်သူတွေက လွင်တီးခေါင်ပြင်ကနေ မြို့တော်ထဲကို ဝင်လာရင်တောင် တတိယအလွှာ အထက်မှာပဲ ပေါ်လာမှာလေ"

"သူက ဘယ်လောက်ပဲ အသုံးမကျဘူးဆိုရင်တောင်မှ အဆင့် ၃၀ ကို မရောက်သေးတဲ့ လူသား ရထားမောင်းနှင်သူ တစ်ယောက်က မျိုးနွယ်ပြောင်းထားတဲ့ ငါတို့နဲ့ ရင်ဆိုင်ရချိန်မှာ ရထား မပါတဲ့ သွေးစုပ်ဖုတ်ကောင် တစ်ယောက်ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ"

"မင်း ကြားတာ မမှားဘူးဆိုတာ သေချာလား။ ပထမထပ်က ငါတို့လူတွေ နောက်ထပ် ဘာတွေပြောသေးလဲ"

လက်အောက်ငယ်သားက အလျင်စလို ဆက်ပြောလေသည်။ "သူ... သူတို့က အဲဒီလူက စစ်ကြောရေးခုံရုံးက တတိယအဆင့် စစ်ကြောရေးမှူး တစ်ယောက်လို့လည်း ပြောကြပါတယ်"

သွေးစုပ်ဖုတ်ကောင် မြို့စား၏ မျက်နှာအမူအရာက ထပ်တလဲလဲ ပြောင်းလဲသွားလေ၏။

"ကျစ်... စစ်ကြောရေးခုံရုံး... အဲဒီက လူကိုး။ ဒါကြောင့်မို့လို့ ဒီလောက် အစွမ်းထက်တဲ့ တိုက်ခိုက်ရေးစွမ်းအားတွေ ရှိနေတာပဲ။ မဖြစ်ဘူး... သွေးစုပ်ဖုတ်ကောင်တွေက မွေးရာပါ အပြစ်တွေ ရှိနေကြပြီး သူတို့ရဲ့ စစ်ကြောစီရင်မှုက ငါတို့ကို အကြီးအကျယ် ထိန်းချုပ်ထားနိုင်တယ်။ ဒါပေမဲ့ ဒီကောင့်ကို အပေါ်တက်သွားခွင့် ပြုလိုက်မယ်ဆိုရင်..."

ထိုအချိန်တွင် သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားသော အခြား ရထားမောင်းနှင်သူ တစ်ဦးက ထိတ်လန့်တကြားဖြင့် ပြေးလာခဲ့လေသည်။

"အဲဒီလူ... အဲဒီလူက သတ်ဖြတ်ပြီး ဒီဘက်ကို လာနေပြီ"

"သူ ဒီလောက်မြန်မြန် ရောက်လာတာလား"

"နောက်ဆုံးတော့ ရောက်ခါနီးပြီပေါ့လေ"

နတ်ဆိုးနှစ်ကောင်က လမ်းရှင်းပေးနေစဉ် ရဲချီယန်က CVO လမ်းသရဲကို မောင်းနှင်လာခဲ့သည်။

သူ့ရှေ့ရှိ ဧရာမ အဆောက်အအုံကြီးကို ကြည့်ရှုရင်း ရဲချီယန်က တောက်တစ်ခေါက်ခေါက်ဖြင့် အံ့ဩနေမိလေ၏။

"အင်ပါယာအမိန့်တော် အဖွဲ့အစည်းက အလိုရှိနေတဲ့ ရာဇဝတ်ကောင် တစ်ယောက်က ဆော်လမွန် မြို့တော်မှာ အဆောက်အအုံ တစ်ခုကိုတောင် ပိုင်ဆိုင်နိုင်တာပဲ... ဟက်ဟက်"

ဆော်လမွန် မြို့တော်၏ အမြင့်ဆုံး အလွှာမှလွဲ၍ ကျန်အထက်ပိုင်း အရာရှိများ အားလုံးမှာ မွန်ရိုးဂျီနာ၏ ထိုးဖောက်ဝင်ရောက်မှုကို ခံထားရပြီး ဖြစ်လောက်ပေသည်။ သူမ ဒီဇိုင်းဆွဲထားသော ဆေးတောင့်ပုံစံဥမင်လိုဏ်ခေါင်း စနစ်နှင့်ပါ ပေါင်းစပ်လိုက်လျှင် မြို့တော်အတွင်းရှိ မည်သည့်အရာကမျှ သူမကို ဖုံးကွယ်ထားနိုင်မည်ဟု စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။

ရှေ့သို့ ဆက်လက် သွားနေစဉ် မွန်ရိုးဂျီနာ ပေးပို့ထားသော ကိုသြဒီနိတ်များဆီသို့ မရောက်မီမှာပင်...

မျက်မှန်တစ်ဖက်တပ်ကာ မှော်တောင်ဝှေးကို ကိုင်ဆောင်ထားသော ဗိုက်ရွှဲရွှဲ သွေးစုပ်ဖုတ်ကောင် တစ်ကောင်က မကောင်းဆိုးဝါး အမြောက်အမြားကို ဦးဆောင်ကာ ရဲချီယန်၏ လမ်းကို ပိတ်ဆို့လာခဲ့၏။

"လူသား... မင်း အပေါ်ကို တက်လို့ရမှာ မဟုတ်ဘူး။ ငါက အသုံးမကျတဲ့ ဘာရယ်ရော့ မဟုတ်ဘူးကွ။ ငါ့ရထား အဆင့်က ၃၀ ကို ရောက်နေပြီ။ မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး"

သွေးစုပ်ဖုတ်ကောင်က အနောက်ဆုံးမှနေ၍ အော်ဟစ်လိုက်လေသည်။ ရဲချီယန်က CVO လမ်းသရဲပေါ်တွင် ထိုင်ကာ ထိုကောင်ကို ဘာပြောရမှန်းမသိတော့ဘဲ ကြည့်နေမိ၏။

"ရိုးရာ သွေးစုပ်ဖုတ်ကောင် အရင်းရှင် ပုံစံမျိုးပဲ။ အနီးအနားမှာ လမ်းမီးတိုင်တွေ မရှိတာ နှမြောစရာပဲ"

ရှေ့တွင် မကောင်းဆိုးဝါးများ ပေါ်လာသော်လည်း ရဲချီယန်က CVO လမ်းသရဲ၏ အရှိန်ကို လျှော့ချရန် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ချေ။

သံမဏိ သားရဲကြီးက ရှေ့သို့ တည့်တည့် ဝင်တိုက်ကာ ၎င်း၏ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို နင်းချေ ဖျက်ဆီးပစ်လိုက်လေသည်။ ဤသည်ကို မြင်သောအခါ သွေးစုပ်ဖုတ်ကောင် မြို့စားက အလျင်အမြန် နောက်ဆုတ်သွား၏။

"သိသိသာသာ ကြောက်နေရက်နဲ့ သေဖို့ကို ပြေးလာသေးတယ်။ မျိုးနွယ်ပြောင်းလိုက်တာက မင်းရဲ့ ဦးနှောက်ကိုပါ ဖျက်ဆီးပစ်လိုက်တာလား။ မျက်ရည်နီ... ဒီကောင့်ကို မင်းဆီပဲ လွှဲပေးလိုက်မယ်"

အမိန့်ပေးလိုက်လေပြီ။ ကိုသြဒီနိတ်များ၏ လမ်းညွှန်မှုနှင့်အတူ အဆောက်အအုံ တစ်ခုလုံးကို လွှမ်းခြုံထားသော လျှို့ဝှက်ဆန်းကြယ်သည့် မှော်အစီအရင်အတွင်းသို့ သူ ဝင်ရောက်သွားလေသည်။

အပြင်ဘက်တွင် ကျန်ရစ်ခဲ့သော မျက်ရည်နီက သူမ၏ လက်ထဲရှိ စွဲထင်နေသောမျက်ရည် ဓားကို တိတ်ဆိတ်စွာ မြှောက်လိုက်ရုံမျှပင်။

ဤအချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းလာခဲ့၏။

"မောင်လေးရဲ... မတွေ့ရတာ ကြာပြီနော်"

အဆောက်အအုံထဲသို့ ဝင်ရောက်လာပြီးနောက် မွန်ရိုးဂျီနာက ဝင်ပေါက်တွင် စောင့်ဆိုင်းနေပြီး ဖြစ်လေသည်။

သူမက ရဲချီယန်ကို ကြည့်လိုက်ရာ မျက်လုံးများက သဲ့သဲ့မျှ တောက်ပသွားပြီး အံ့ဩမှု အရိပ်အယောင်တစ်ခုက သူမ၏ မျက်လုံးများအတွင်းတွင် ဖျတ်ခနဲ ပေါ်လာခဲ့၏။ ပထမထပ်နှင့် သူ၏ ခရီးစဉ်တစ်လျှောက်လုံးတွင် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို သူမ မြင်တွေ့ခဲ့ရပြီး ဖြစ်ပေသည်။

လူသစ် တစ်ယောက်အနေဖြင့် ရဲချီယန် ပိုင်ဆိုင်ထားသော တိုက်ခိုက်ရေး စွမ်းအားမှာ အလွန်အမင်း မြင့်မားလွန်းနေလေ၏။

"သိပ်တော့ မကြာသေးပါဘူး"

"ဟီးဟီး... မောင်လေးအတွက်တော့ ဟုတ်မှာပါ"

မွန်ရိုးဂျီနာက များများစားစား ရှင်းပြမနေတော့ချေ။

"ဒီနေရာက အရမ်း လုံခြုံတယ်။ ဒီစစ်ပွဲ ပြီးဆုံးတဲ့အထိ ဒီမှာပဲ နေရင်ရော ဘယ်လိုလဲ။ ဒါမှမဟုတ်..."

သူမက မှော်တောင်ဝှေးကို လှည့်ကာ အပေါ်သို့ ညွှန်ပြလိုက်လေသည်။

"မောင်လေးက အထက်ပိုင်း အလွှာတွေကို သွားချင်တာလား"

ရဲချီယန်၏ ရွေးချယ်မှုမှာ နောက်ဆုံးတစ်ခုပင် ဖြစ်လေ၏။

"ငါက တစ်ယောက်ယောက်ကို ကတိတစ်ခု ပေးထားခဲ့လို့ပါ။ မကြိုးစားကြည့်ဘဲနဲ့ လုပ်နိုင်၊ မလုပ်နိုင် ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ပိုက်ဆံတွေကို ယူထားပြီးပြီပဲဟာကို"

ရထားဒင်္ဂါး ၁၂၀ တိတိ။ အကယ်၍ သူသာ ရတနာသေတ္တာများကို ဖွင့်ရမည်ဆိုလျှင် ထိုမျှလောက် များပြားသော ပမာဏကို စုဆောင်းနိုင်ရန် ဘူတာရုံမည်မျှမှ သေတ္တာများကို ဖွင့်ရမည်ကိုပင် သူ မသိနိုင်ချေ။ ထိုအထဲမှ ရှစ်ဆယ်မှာ အမဲလိုက် စက်ယန္တရားနဂါး၏ အကန့်အသတ်ကျော်လွန် မုဒ်ကို ဖွင့်ရန်အတွက် ဖြစ်သော်ငြား သူ့တွင် နေရာမရွေး လုပ်ငန်းစဉ် ပြုလုပ်ခြင်း မော်ဂျူး ရှိနေခြင်းကို အပြစ်တင်ရမည်သာ ဖြစ်ပေသည်။

"ဒါဆိုအထက်ပိုင်း အလွှာတွေကို သွားဖို့ လမ်းရှိလား"

ရဲချီယန်၏ စကားကို ကြားသောအခါ မွန်ရိုးဂျီနာက တစ်ခဏမျှ တွေဝေသွားလေသည်။ ရဲချီယန် အထက်ပိုင်း အလွှာများသို့ တက်သွားမည်ကို သူမက အပြည့်အဝ ထောက်ခံခြင်း မရှိချေ။

အစွမ်းထက်သော နတ်ဆိုး ကတ်ပြား နှစ်ခု ရှိနေလျှင်တောင်မှ သူက ဤကမ္ဘာကြီးထဲတွင် တစ်လခန့်သာ ရှိသေးသည် မဟုတ်ပါလော။ အကယ်၍ ပိုမို အစွမ်းထက်သော မကောင်းဆိုးဝါး တစ်ကောင်ကောင်နှင့် တွေ့ဆုံပါက ရဲချီယန် အနေဖြင့် အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်လိမ့်မည်ဟု မွန်ရိုးဂျီနာက မထင်မိချေ။

အမှန်တကယ်ပင် သူမ၏ စိုးရိမ်မှုများက မှန်ကန်ပေသည်။ အကယ်၍ ရဲချီယန်တွင် နတ်ဆိုးများကို ဆင့်ခေါ်ရန် နတ်ဆိုး ကတ်ပြား နှစ်ခုသာ ရှိခဲ့မည်ဆိုလျှင်... သူက စတုတ္ထအလွှာသို့ မည်သည့်အခါမျှ တက်သွားလိမ့်မည် မဟုတ်ချေ။

သို့သော် သူ့တွင် ထိုအရာများသာမက အခြားအရာများပါ ရှိနေခြင်းကို မည်သူက တားဆီးနိုင်မည်နည်း။

"ကြည့်ရတာ မောင်လေးက ဆုံးဖြတ်ချက် ချပြီးသွားပြီ ထင်တယ်"

သူ၏ လေးနက်သော အကြည့်ကို မြင်သောအခါ မွန်ရိုးဂျီနာက နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်ကာ သူ့ကို ဆက်လက် တားဆီးမနေတော့ချေ။

"ဗဟိုဓာတ်လှေကား ပျက်စီးသွားပြီးတဲ့နောက် အထက်ပိုင်း အလွှာတွေကို သွားဖို့က မလွယ်တော့ဘူး။ ဒါပေမဲ့ ကျွန်မဆီမှာတော့..."

ဝုန်း

မွန်ရိုးဂျီနာ၏ စကားများက ဖြတ်တောက်ခံလိုက်ရလေသည်။ အသံထွက်လာရာဘက်သို့ လှမ်းကြည့်လိုက်သောအခါ မကြာသေးမီက အသက်ရှင်နေသေးသော အခြား သွေးစုပ်ဖုတ်ကောင် မြို့စားတစ်ဦးမှာ ယခုအခါ သွေးအိုင်ထဲတွင် လဲကျနေသည်ကို မြင်တွေ့လိုက်ရ၏။

မျက်ရည်နီက ၎င်း၏ ခေါင်းကို ဖြတ်တောက်လိုက်ကာ လက်ထဲတွင် ကိုင်ဆောင်လျက် မှော်အကာအကွယ်၏ အပြင်ဘက်တွင် ရပ်နေလေသည်။

"... နတ်ဆိုး ကတ်ပြား တစ်ခုက... ဒီလောက်တောင် စွမ်းအား ရှိနိုင်တာလား"

"အဲဒီ ဓားက... သေချာ မမြင်ရဘူး။ ဒါက မာနတရားရဲ့ အစွမ်းလား"

ကတ်ပြား အစီအစဉ်များ၏ စွမ်းအားက ကွဲပြားခြားနားကြသော်လည်း ပိုင်ရှင်၏ စိတ်အခြေအနေက ဆင့်ခေါ်ခြင်း အမျိုးအစား ကတ်ပြား အစီအစဉ်များ၏ စွမ်းအားအပေါ် အတိုင်းအတာ တစ်ခုအထိ လွှမ်းမိုးနိုင်ပေသည်။

"မောင်လေးရဲ... မောင်လေးက တကယ်ကို... စူးစမ်းချင်စိတ်တွေ ပြည့်နှက်နေတာပဲ"

"ငါလား"

"ဟုတ်တယ်လေ။ မောင်လးက အရမ်းကို ထူးခြားတယ်။ ဘယ်လို ဖော်ပြရမှန်းတောင် မသိလောက်အောင်ကို ထူးခြားလွန်းတယ်။ အင်း... ဟီးဟီး... ထားလိုက်ပါတော့၊ တတိယအလွှာကို တက်သွားဖို့ ကျွန်မ ကူညီပေးပါ့မယ်။ တတိယအလွှာ အထက်မှာရှိတဲ့ ဗဟိုဓာတ်လှေကားကတော့ အကောင်းပကတိ ရှိနေလောက်ဦးမယ်။ ဒါပေမဲ့ သတိထားဖို့ လိုတယ်။ အဲဒီ လူလိမ်မ ကျူရှင်းထူကလည်း အဲဒီမှာ ရှိနေလောက်တယ်။ သူမ ရှိနေတဲ့နေရာမှာ ဘယ်တော့မှ ကောင်းတဲ့ကိစ္စ မဖြစ်တတ်ဘူး"

မျက်နှာဖုံးအောက်ရှိ မွန်ရိုးဂျီနာ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။

သူမက ရဲချီယန်အပေါ် ကံကြမ္မာကြွေး တင်နေဆဲ ဖြစ်၏။ ယနေ့တွင် ၎င်းအချို့ကို ပြန်လည်ပေးဆပ်နိုင်လောက်ပြီ ဖြစ်ပေသည်။

သူတို့နှစ်ဦးက အဆောက်အအုံ၏ အရှေ့ဘက်မျှော်စင်ရှိ ဆယ့်ရှစ်ထပ်မြောက် အလွှာသို့ ရောက်ရှိလာကြသည်။ ကျယ်ဝန်းလှသော ထိုအလွှာတွင် လူသားများ ရှိနေသည့် အရိပ်အယောင်မျှ မတွေ့ရဘဲ အဆောက်အအုံအတွင်း၌ တည်ရှိနေသော သေးငယ်သည့် ပလက်ဖောင်းလေး တစ်ခုသာ ရှိလေ၏။

မွန်ရိုးဂျီနာ၏ ရထားက ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နားထားပေသည်။

"ဗဟိုဓာတ်လှေကားက ပျက်စီးသွားပြီ ဆိုပေမယ့် ကျွန်မရဲ့ ယဇ်ပူဇော်ခြင်း ကတ်ပြားက မောင်လေးကို အဲဒီအပေါ် တည်နေရာ ရွှေ့ပြောင်းပေးနိုင်ပါတယ်"

"ဒါပေမဲ့ အဲဒါက မောင်လေးရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို သိသိသာသာ လျော့ကျသွားစေလိမ့်မယ်။ ဒါက ယဇ်ပူဇော်မှုရဲ့ တန်ဖိုးပဲ။ ဒါလေး ယူထားလိုက်"

ခရမ်းရင့်ရောင် ဆေးရည်ပုလင်း တစ်ပုလင်းကို ကမ်းပေးလာခဲ့လေသည်။

[မွန်ရိုးဂျီနာ၏ စိတ်စွမ်းအား ပြန်လည်ဖြည့်တင်းရေး ဆေးရည် (အဆင့် ၇)] [သောက်သုံးပြီးပါက စိတ်စွမ်းအား ၃၀ ကို ချက်ချင်း ပြန်လည်ဖြည့်တင်းပေးပါမည်]

"အပေါ်ကို ရောက်သွားတာနဲ့ အဲဒါကို သောက်လိုက်ပါ၊ ဒါဆိုရင် မောင်လေးရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက ပြန်ကောင်းသွားလိမ့်မယ်"

ရိုးရှင်းကြမ်းတမ်းပြီး အလွန်တရာ အစွမ်းထက်လှပေသည်။

ယခင်က ကျောက်ရှီး ပေးခဲ့သော ဆေးရည်နှင့် နှိုင်းယှဉ်ပါက ဤဆေးရည်က ပို၍ အသုံးဝင်လေ၏။

"အစ်မဂျီနာ... ကျေးဇူး..."

"ရှူး"

မွန်ရိုးဂျီနာက သူမ၏ လက်ချောင်းတစ်ချောင်းကို ရဲချီယန်၏ နှုတ်ခမ်းပေါ်သို့ တင်ကာ သူ၏ စကားကို တားဆီးလိုက်လေသည်။ သူမက မျက်နှာဖုံးကို ချွတ်လိုက်ရာ မျက်လုံးများက အရောင်လက်နေ၏။

"အစ်မကို ကျေးဇူးတင်စရာ မလိုပါဘူး"

"အစ်မကသာ အစ်ကို့ကို ကျေးဇူးတင်ရမှာပါ"

"ဒါက ကံကြမ္မာပဲ။ အဲဒါကို ပြန်ဆပ်နိုင်ဖို့ အများကြီး လိုနေပါသေးတယ်"

"မောင်လေး ကျွန်မကို အပြည့်အဝ ယုံကြည်လို့ရပါတယ်၊ အားကိုးလို့ ရပါတယ်။ စီနီယာ တစ်ယောက်အနေနဲ့တင် မဟုတ်ဘဲ သူငယ်ချင်း တစ်ယောက်အနေနဲ့ပါပေါ့။ အနည်းဆုံးတော့ ဒီကံကြမ္မာကြွေး ပြန်မဆပ်နိုင်မချင်း ကျွန်မက ယုံကြည်ရလောက်တဲ့သူ တစ်ယောက်ပါ"

သူ ဘယ်လို ပြန်ပြောရမည်နည်း။

ရဲချီယန်က ပြုံးကာ ခေါင်းကုတ်လိုက်ရုံသာ တတ်နိုင်လေသည်။

"ဟုတ်ပြီလေ၊ ဒါဆိုရင် အစ်မဂျီနာကိုပဲ အပ်လိုက်တော့မယ်"

သူက ထိုသို့ပြောလိုက်သော်လည်း ယုံကြည်တယ်... အားကိုးတယ်... ဟုတ်လား။

သူ့ကိုယ်သူ ယုံကြည်အားကိုးခြင်းက ပို၍ စိတ်ချရသည်ဟု သူ ခံစားရလေ၏။

ဒါပေမဲ့... သူငယ်ချင်း... တဲ့လား။ သူက လူတွေနဲ့ ဆက်ဆံရေး တည်ဆောက်ရတာ သိပ်မတော်သေးပါဘူးလေ။

တည်နေရာရွှေ့ပြောင်းခြင်း ယဇ်ပူဇော်မှုက စတင်သွားခဲ့ပြီ။ မွန်ရိုးဂျီနာ၏ မှော်တောင်ဝှေး ဓားဖျားတွင် ယဇ်ပူဇော်ခြင်း ကတ်ပြား နှစ်ခုက ဖြည်းညင်းစွာ လှည့်ပတ်နေကြလေ၏။

ထိုအထဲမှ ကံကြမ္မာ သံကြိုးတစ်ခုက ဤအချိန်တွင် လင်းလက်လာခဲ့သည်။

တည်နေရာရွှေ့ပြောင်းခြင်း စတင်သွားခဲ့ပြီ ဖြစ်လေတော့သည်။

All Chapters