ယဲ့ဖန် ရှိတဲ့နေရာတိုင်းမှာ ကျွန်မ ရှိနေမယ်
Vol. 86-89 Ch. 1304
သူမ ရန်လုပ်ရန် ပြင်လိုက်ချိန်တွင် အသံတစ်သံက သူမကို ချက်ချင်း ငြိမ်ကျသွားစေသည်။
“သခင်လေးချမ် ရောက်လာပြီ”
*သခင်လေးချမ်*
စုဝမ်ချင်း၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး သူမမျက်နှာတွင် လေးစားသော အရိပ်အယောင်များ ပေါ်လာ၏။
ထိုစဉ် လူအုပ်ထဲမှနေ၍ အမျိုးသား မော်ဒယ်လ်ကဲ့သို့ ကိုယ်လုံးကိုယ်ပေါက်၊ မာနကြီးသော အသွင်အပြင်နှင့် ကိုယ်တိုင်း ဝတ်စုံတို့ ဝတ်ဆင်ထားသည့် ချောမောသော လူငယ်တစ်ယောက် လျှောက်လာနေသည်ကို ယဲ့ဖန်တို့ နှစ်ယောက် တွေ့လိုက်ရသည်။
အမျိုးသမီးများသည် သူ့ကို မြင်သည်နှင့် အရှင်လတ်လတ် ဝါးစားချင်သကဲ့သို့ ရူးသွပ်ဟန် ပြလာကြသည်။ သူသည် လူအုပ်ကို ဖြတ်ကျော်၍ ယဲ့ဖန်တို့ထံသို့ လျှောက်လာသည်။ သို့သော် သူသည် တမင်သက်သက် ယဲ့ဖန်ကို မသိကျိုးကျွန်ပြုကာ ကျုံးလီအာကိုသာ နူးညံ့စွာ စကားဆို၏။
“မင်းက ကျုံးလီအာလား၊ အန်တီစု ပြောသလိုပဲ မင်းက သိပ်လှတာပဲ”
“လီအာ သခင်လေးချမ်က နင့်ကို စကားပြောနေတယ်၊ မြန်မြန် ပြန်ဖြေလိုက်လေ”
စုဝမ်ချင်းက မျက်နှာချိုသွေးသော အပြုံးနှင့် အလျင်အမြန် တိုက်တွန်းလေသည်။ သူတို့ ဤသခင်လေးနှင့် ရင်းနှီးသွားပါက နောင်အနာဂတ်တွင် ရင်ကျိုးတစ်ခွင်၌ ခေါင်းမော့ရင်ကော့၍ သွားလာနိုင်ပေမည်။
ကျုံးလီအာက မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်သည်။
“ရှင် ဘယ်သူလဲ”
“ဒီကလေးမကတော့ ဘယ်လိုတွေ ပြောနေတာလဲ”
စုဝမ်ချင်း စိတ်ပျက်သွားပြီး ဤလူငယ်လေးကို ရန်စမိသလို ဖြစ်သွားပြီး ဒေါသထွက်လာမည်ကို စိုးရိမ်နေ၏။ ထိုသို့ဆိုလျင် သူ ငါးကြီးတစ်ကောင်ကို လက်လွှတ်ရပေတော့မည်။
သခင်လေးချမ်က ဘာမှမဖြစ်ဟန်ဖြင့် လက်ကာပြလိုက်ပြီး အေးချမ်းသော အပြုံးမျိုး ပြုံးပြလေသည်။ သူ၏ အဆင့်အတန်းအရ သူ ဟန်လုပ်နေလျင်တောင်မှ ဟန်ဆောင်ကောင်းမှ ဖြစ်ပေမည်။
ထို့နောက် သူက ကျုံးလီအာကို လက်ကမ်းပေးလိုက်သည်။
“ဟဲလို ကိုယ့်နာမည်က ချမ်ရှောက်ဖုန်း၊ ချမ်လုပ်ငန်းစုရဲ့ သခင်လေး ပြီးတော့ မင်းရဲ့ အနာဂတ် ချစ်သူ၊ အနာဂတ် ခင်ပွန်းလောင်းပါ ဖြစ်လာနိုင်တဲ့သူပေါ့”
ထိုစကားက တင်စီးလွန်းလှသည်။ ကျုံးလီအာက သူ့ကို သေချာပေါက် လက်ခံမည်ဟု ထင်နေပုံရသည်။ ချမ်လုပ်ငန်းစုသည် ကျုံးကျိုး အင်ပါယာ၌ နာမည်ကြီး လူချမ်းသာ လုပ်ငန်းစု ဖြစ်ပြီး ကြီးမားသော ဘဏ္ဍာရေး အရင်းအမြစ်များ ရှိကာ ဩဇာ ကြီးမားလေသည်။
အင်ပါယာကတောင်မှ သူတို့လုပ်ငန်းစုထံ အကြွေးတင်နေသေးသည်။ ချမ်မိသားစုသည် ပထမမင်းသမီး နန်းတက်နိုင်ရေးအတွက် အဓိက ထောက်ပံ့သူများထဲမှ တစ်ယောက် ဖြစ်ပြီး သူတို့၏ ပိုက်ဆံကို အတော်လေး မှီခိုနေရသည်။
“အာ … ဒီမိန်းကလေးက သခင်လေးချမ်ရဲ့ ချစ်သူကိုး”
ထိုအခိုက်တွင် အမျိုးသမီးများအားလုံးက ကျုံးလီအာကို မနာလိုသလို ကြည့်လာကြသည်။ ဤသို့ အဆင့်အတန်း မြင့်မား၍ ချောမောကာ ပညာတတ် သခင်လေးက အမျိုးသမီးတိုင်း၏ ရင်ထဲမှ အသည်းစွဲ ဖြစ်ပြီး သူ့အနောက်မှ ချမ်မိသားစုသည် ပို၍တောင်မှ အင်အားကြီးသေးသည်။
သူနှင့် လက်ထပ်နိုင်ပါက အင်ပါယာ၏ အင်အားအကြီးဆုံးလူများထဲမှ တစ်ယောက် ဖြစ်လာနိုင်သည်။ အဆုံးသတ်၌ ချမ်ရှောက်ဖုန်းက မိန်းကလေးတစ်ယောက်ကို ချစ်မိသွားလေသည်။
ထိုစကားကို ကြားပြီး စုဝမ်ချင်း စိတ်လှုပ်ရှားကာ မျက်နှာ နီမြန်းနေသည်။ ချမ်ရှောက်ဖုန်း၏ စကားအရ သူ ကျုံးလီအာကို လက်ခံကြောင်း ဖော်ပြနေသည် မဟုတ်ပါလော။
ထိုသို့ဆိုလျင် သူမသည်လည်း ကျော်ကြားလာပေမည်။ ကျုံးလီအာက ချမ်ရှောက်ဖုန်း၏ ပေါင်ကို ဖက်ထား နိုင်သရွေ့ သူမသည်လည်း နောင်တွင် ဒီရေနှင့်အတူ မြင့်တက်သွားပေလိမ့်မည်။
ချမ်ရှောက်ဖုန်းက ကျုံးလီအာကို သူ သဘောကျလျင် ရှုကျိုးမှ ချမ်လုပ်ငန်းစု၏ စီးပွားရေး တစ်ဝက်ခန့်ကို သူမအား လွှဲပေးမည်ဟု ကတိပေးထားသည်။
နောင်တွင် သူမသည် ရှုကျိုးမှ ချမ်လုပ်ငန်းစု၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာပေလိမ့်မည်။ သို့သော် ကျုံးလီအာ ဝမ်းသာသွားလိမ့်မည်ဟု လူတိုင်း ထင်နေချိန်တွင် ကျုံးလီအာက သုန်မှုန်နေသော မျက်နှာထားနှင့် ပြန်ပြော လိုက်သည်။
“အဓိပ္ပာယ် မရှိတာတွေ ပြောမနေနဲ့၊ ကျွန်မ ရှင့်ကို ဒီနေ့မှ ပထမဆုံးအကြိမ် မြင်ဖူးတာ၊ ဘယ်လိုလုပ် ကျွန်မက ရှင့်ချစ်သူ ဖြစ်မှာလဲ”
သူမ တကယ် စိတ်ပျက်နေ၏။ ယဲ့ဖန်ရှေ့၌ သူ့ကိုယ်သူ သူမချစ်သူပါဟု ပြောနေသဖြင့် ယဲ့ဖန်သာ အထင်လွဲ သွားလျင် မည်သို့ လုပ်ရမည်နည်း။
“ရှင်က တော်တော် ရွံစရာကောင်းပြီး အရှက်မရှိဘူး”
လူတိုင်း ထိတ်လန့်သွားကြသည်။ မျက်လုံးများစွာက ကျုံးလီအာကို မယုံနိုင်သလို ကြည့်လာ၏။
*ငြင်းလိုက်တယ်*
*သူမ ငြင်းလိုက်တာလား*
ချမ်မိသားစုရဲ့ သခင်လေးက အရင် ချစ်ရေးဆိုသော်လည်း ငြင်းပယ်ခံလိုက်ရသည်။ ထိုအခိုက်တွင် ချန်ရှောက်ဖုန်း၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။
*ရွံစရာကောင်းပြီး အရှက်မရှိဘူးတဲ့လား*
အမှန်အတိုင်း ပြောရမည်ဆိုလျင် တစ်စုံတစ်ယောက်က သူ့အား ဤသို့ ပြောလာသည်မှာ ပထမဆုံးအကြိမ်ပင်၊ ဤသည်က သူ့အား အလွန် မပျော်မရွှင် ဖြစ်စေသည်။
ချက်ချင်းဆိုသလိုပင် ချန်ရှောက်ဖုန်း မျက်နှာ မည်းမှောင်သွားသည်။ သူ့ဘက်က ဤသို့ နှိမ့်ချသော်လည်း ဤအမျိုးသမီးက မောက်မာနေဆဲ ဖြစ်ကာ သူ့အား ပေါ်တင် အရှက်ခွဲလာ၏။
လူကြားထဲ၌ မိန်းမတစ်ယောက်၏ အငြင်းခံရခြင်းကို သူ့မာနက ခွင့်မပြုနိုင်ပေ။
“ကျုံးလီအာ နင် ရူးနေလား၊ နင် ဘာပြောလိုက်ရဲရော သိရဲ့လား”
စုဝမ်ချင်း ချွေးစေးပြန်နေပြီး ကျုံးလီအာအား ဒေါသတကြီး ငေါက်ငမ်းလေသည်။
“ငါ နင့်ကို သတိပေးနေတယ်နော်၊ သခင်လေးချမ်ကို ချက်ချင်း တောင်းပန်လိုက်စမ်း”
“ကျွန်မက ဘာလို့ တောင်းပန်ရမှာလဲ၊ သူ့စကားတွေက လွန်နေတာလေ”
ကျုံးလီအာက အေးတိအေးစက် မျက်နှာနှင့် ပက်ခနဲ ပြန်ပြောလိုက်သည်။
“အဓိပ္ပာယ် မရှိတာတွေ ဆက်မပြောနဲ့တော့၊ နင် တောင်းပန်ရင် တောင်းပန်၊ မတောင်းပန်လို့ကတော့ ငါ့အိမ်ကနေ ထွက်သွား”
စုဝမ်ချင်း ဒေါသထွက်နေသည်။ မူလက ကျုံးလီအာကို မှီခို၍ အမြင့်ကို တက်လှမ်းမည်ဟု သူမ တွေးထားခဲ့ သော်လည်း ဤမိန်းမပျက်က သူမကို ဘယ်လို အမြင့်တင်ပေးရမလဲ မသိချေ။
“ကျွန်မ …”
ကျုံးလီအာ အနည်းငယ် တုံ့ဆိုင်းသွားသည်။ တစ်ဖက်လူက ယနေ့လိုနေ့မျိုးအတွက် သူမတို့ကို လက်ခံထားမှန်း သိသော်လည်း ဤအချိန်ကာလအတွင်း သူမတို့ကို လက်ခံခဲ့သူက သူမ အဒေါ်သာ ဖြစ်သည်။
သူမ တုံ့ဆိုင်းနေချိန်တွင် ယဲ့ဖန်က ရှေ့တက်ကာ ကျုံးလီအာအား ရင်ခွင်ထဲသို့ သွင်း၍ ချမ်ရှောက်ဖုန်း အား မီးတောက်နေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်သည်။
“ငါ့မိန်းမက ဘယ်သူ့ကိုမှ တောင်းပန်စရာ မလိုဘူး”
*ဘယ်သူ့ကိုမှ တောင်းပန်စရာ မလိုဘူးတဲ့လား*
*တစ်ဖက်လူက ချမ်ရှောက်ဖုန်း ဖြစ်နေရင်တောင်မှလား*
လူတိုင်း မှင်တက်သွားကြသည်။ ထိုစကားက မိုးခြိမ်းသံသဖွယ် ခန်းမတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။ လူတိုင်း ကြက်သေ သေကာ ခန်းမတစ်ခုလုံး ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်လာ၏။
ကျုံးလီအာသည် အားကိုးရမည့်သူကို ရှာတွေ့သွားပုံရပြီး မျက်နှာတစ်ပြင်လုံး နီမြန်းလာသည်။ ယဲ့ဖန်၏ စကားလုံးများက မယုံနိုင်လောက်အောင် လွှမ်းမိုးနိုင်စွမ်း ရှိပြီး သူမကို ဖမ်းစားသွားသည်။
ယဲ့ဖန်သာ အနားမှာ ရှိလျင် တစ်လောကလုံး သူမခြေဖဝါးအောက်၌ ဝပ်တွားရမည်ဟုပင် ခံစားမိနေသည်။ ထို့ကြောင့် သူမ စိတ်အေးသွားပြီး တောင်းပန်ရန် အစီအစဉ် မရှိဘဲ ဂရုမစိုက်ဟန်ဖြင့်သာ ပြန်ကြည့်နေ လိုက်သည်။
*နေရာတိုင်းမှာ ငွေနဲ့ ဘာမဆိုလုပ်နိုင်တဲ့ ချမ်ရှောက်ဖုန်းက ဘာလို့ မိန်းမတစ်ယောက်ကို လုလို့မရတာလဲ*
လူတိုင်း ကြက်သေသေသွားပြီး ထူးဆန်းသော အမူအရာဖြင့် ကြည့်နေကြသည်။
*ဒီကောင်မလေးက ဒီလောက်လှတာကို ဘာလို့ သူ့ဦးနှောက်က ကောင်းကောင်း အလုပ်မလုပ်တာလဲ*
*တကယ့် နဂါးလို အရှင်သခင်ကို စွန့်ပစ်ပြီး ဆင်းရဲသား ငမွဲဘက်မှာ နေရသလား*
ယဲ့ဖန်၏ စကားကြောင် ချမ်ရှောက်ဖုန်း၏ မျက်နှာက ပို၍ သုန်မှုန်လာသည်။ ဆင်းရဲသားတစ်ယောက်ကို သူ ရှုံးသွားရသဖြင့် မာနထိခိုက်သလို ခံစားရသည်။ သူ အတင်း ဖျစ်ညှစ်၍ ပြုံးလိုက်ရသည်။
“လီအာ မင်းရဲ့ ဒီသူငယ်ချင်းက တကယ်ကို ဟာသ ပြောရတာ ကြိုက်တဲ့ပုံပဲ”
ယဲ့ဖန်ကို ကြည့်သည့်အကြည့်တွင် အထင်သေးမှုနှင့် ခြိမ်းခြောက်ဟန်များ ပြည့်နှက်နေ၏။ ထိုအကြည့်က “ဟေ့ကောင် စကားကို သေချာပြော” ဟု သတိပေးနေသလိုပင်။
“ဟုတ်တယ် ဟုတ်တယ်၊ သူက နောက်နေတာ၊ သူ့အဆင့်အတန်းနဲ့ ဘယ်လိုလုပ် ငါ့တူမလေးရဲ့ ချစ်သူ ဖြစ်နိုင်မှာလဲ”
စုဝမ်ချင်းက အလျင်အမြန် ဝင်ကူပြောလိုက်သည်။ ချမ်ရှောက်ဖုန်းက စကားလမ်းကြောင်း ရှာနေမှန်း သူမ သိသောကြောင့် အလျင်အမြန် ဝင်ကူ၍ ပြောလိုက်ပြီးနောက် ယဲ့ဖန်ကို ဆက်တိုက် မျက်စိတစ်ဖက် မှိတ်ပြနေသည်။
သို့သော် ယဲ့ဖန်က သူမကို မမြင်ဟန်ဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။
“နောက်နေတာ ဟုတ်လား၊ မင်းက ငါ ဟာသပြောရလောက်တဲ့အထိ အဆင့်မီလို့လား”
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး ချမ်ရှောက်ဖုန်း၏ မျက်လုံးတွင် ခက်ထန်ဟန်များ ပေါ်လာသည်။
*စော်ကားတာ*
*ငါ့ကို လာစော်ကားနေတာပဲ*
*ဆင်းရဲသားကများ ငါ့ကို ထပ်ခါထပ်ခါ စိန်ခေါ်နေတယ်၊ သေချင်နေတာပဲ*
လက်ရှိတွင် ယဲ့ဖန်၏ မျက်လုံးသည်လည်း မသိမသာ အေးစက်နေသည်။ သူက ကျုံးလီအာ၏ ချစ်သူမှန်း သိနေတာတောင်မှ တစ်ဖက်လူက လူသိရှင်ကြား ချစ်ရေးဆိုရဲသေးသည်။ ဤသည်က သူ့အား ပေါ်တင် လျစ်လျူရှု၍ လူတိုင်းရှေ့၌ အရှက်ခွဲခြင်း ဖြစ်လေသည်။
ယဲ့ဖန်က လူမြင်ကွင်း၌ ဤသို့သော အဖြစ်ကို မည်သို့ သည်းခံနိုင်မည်နည်း။ မလှမ်းမကမ်းမှ အဘိုးအို တစ်ယောက်သည်လည်း သုန်မှုန်သော မျက်လုံးများဖြင့် လှမ်းကြည့်ကာ သူနှင့် ရုပ်ဆင်သော အမျိုးသားတစ်ဦးကို ပြောလိုက်သည်။
“အဲ့ကောင် အသက်ရှင်လို့ မရဘူး”
ထိုအဘိုးအိုမှာ ချမ်လုပ်ငန်းစု၏ ခေါင်းဆောင် ချမ်ဖုန်းလင်ဖြစ်ပြီး သူ့ဘေးမှာ လူမှာ သူ့သားလည်းဖြစ်၊ ချမ်ရှောက်ဖုန်း၏ ညီလည်း ဖြစ်သည့် ချမ်ရှောက်ဖန့် ရှိနေသည်။
သူတို့ ယဲ့ဖန်ကို သတိထားမိသလို ယဲ့ဖန်၏ အပြုအမူကိုလည်း သတိထားမိသည်။ သူတို့ ချမ်မိသားစုသည် မည်သို့သော စော်ကားရန်စမှုကိုမှ လက်ခံမည် မဟုတ်ပါ။ ချမ်မိသားစုကို ရန်စသည့် မည်သူမဆို သေရပေမည်။
ချမ်ရှောက်ဖန့်က သုန်မှုန်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ယဲ့ဖန်ထံသို့ ပြုံးကြည့်လိုက်သည်။ သူ လှုပ်ရှားလာသလို ချမ်မိသားစုမှ လူတိုင်းလည်း လှုပ်ရှားလာ၏။
လူတိုင်းက ခက်ထန်သော မျက်လုံးများဖြင့် ယဲ့ဖန်ကို စိုက်ကြည့်နေကြသည်။ ထိုအခိုက်တွင် လူတိုင်း ဘာဆက် ဖြစ်တော့မလဲ ရိပ်မိကာ ယဲ့ဖန်အား ဝမ်းသာအားရ ကြည့်လာလေသည်။
*ဒီအရူးကတော့ အခုထိ ဘယ်လိုလူစားမျိုးကို ရန်စမိလဲ မသိသေးဘူးနဲ့တူတယ်*
ချမ်မိသားစုသည် တော်ဝင်မျိုးနွယ်ကတောင်မှ မျက်နှာသာပေးရသည့် မိသားစု ဖြစ်ပြီး နိုင်ငံတွင်း၌ ပြိုင်ဘက် ကင်းသော စည်းစိမ်ရှိသည်။ မိသားစု ပိုင်ဆိုင်မှုကလည်း နိုင်ငံ့ဘဏ္ဍာထက် ဆယ်ဆ ပိုများသေးသည်။
ချင်မိသားစု၏ ကလေးများသည်လည်း ခြွင်းချက်မရှိ အားလုံး သန်မာကြသည်။ အထူးသဖြင့် နဂါးနှင့်ကျား ညီနောင်ဟု ခေါ်ဆိုကြသည့် ချမ်ရှောက်ဖုန်းနှင့် ချမ်ရှောက်ဖန့်တို့သည် အလွန် ထူးချွန်ကြသူများ ဖြစ်သည်။
ညီအစ်ကိုနှစ်ယောက်၏ ခြားနားချက်မှာ ချမ်ရှောက်ဖုန်း၌ တည်ငြိမ်သော ကိုယ်ရည်ကိုယ်သွေး ရှိပြီး လူသူရှေ့၌ နေရန် သင့်လျော်ပေသည်။ ချမ်ရှောက်ဖန့်ကမူ ရက်စက်ကြမ်းကြုတ်ပြီး နောက်ကွယ်မှ လှုပ်ရှားရန် သင့်တော်သည်။
ချမ်ရှောက်ဖန့်သည် ရန်သူကို အနိုင်ရပြီးတိုင်း အနှစ်သက်ဆုံး အရာမှာ ရန်သူအား ကျား၊မ မရွေးဘဲ သေသည်အထိ နှိပ်စက်ခြင်းပင်။
ချမ်ရှောက်ဖန့် ထွက်လာသည်ကိုမြင်သောအခါ လူတိုင်း ယဲ့ဖန် သေပြီဟု သိလိုက်ကြသည်။ ချမ်ရှောက်ဖန့်သည် ခွေးရူးတစ်ကောင်လိုပင်။ သူ စရူးသွပ်သည်နှင့် ချမ်ဖုန်းလင်ပင် သူ့ကို မတားနိုင်ပါ။
“ကျုံးလီအာ နင် ဒီအရူးကို ခေါ်မလာခဲ့သင့်ဘူး၊ အခုတော့ သွားပြီ၊ သူ့ကို သိကြားမင်းတောင် ဆင်းကယ်လို့ မရတော့ဘူး”
စုဝမ်ချင်းက အေးစက်စွာ ခနဲ့လိုက်ပြီး စဉ်းလဲစွာ ပြုံးနေသည်။
*ဒုတိယမင်းသားရော ပထမမင်းသမီးနဲ့ပါ လိုက်လျောညီထွေ နေနိုင်တဲ့ ချမ်ရှောက်ဖုန်းကိုမှ ဒီကောင်က သွားရန်စရတယ်လို့၊ ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ*
“လူငယ်လေး သခင်လေးချမ်ကို ဒူးထောက်ပြီး တောင်းပန်လိုက်၊ ဒါဆို မင်း အသက်ရှင်ချင်ရှင်နိုင်တယ်”
“ဟုတ်တယ်၊ ဒါ လောကမှာ ကုရာနတ္ထိ ဆေးမရှိပဲနော်၊ မင်း ဘာလို့ မိန်းမတစ်ယောက်အတွက်နဲ့ အသက်ကို စွန့်လွှတ်မှာလဲ”
“ထင်ရာစိုင်းတဲ့ လူငယ်လေး၊ မင်း မသေချင်ရင် သခင်လေးချမ်ကို မြန်မြန် တောင်းပန်လိုက်၊ မဟုတ်ရင်တော့ …”
လူတစ်ချို့ကမူ ဤလူငယ်လေးက ချမ်ရှောက်ဖုန်း၏ ခွင့်လွှတ်မှုကို မရနိုင်ဘဲ သေချာပေါက် သေလိမ့်မည်ဟု တွက်ထားကြသည်။
သို့သော် ယဲ့ဖန်က တုပ်တုပ်မှ မလှုပ်ဘဲ အထက်စီးဆန်စွာ ပြောလိုက်သည်။
“ငါ အမှန်အတိုင်း ပြောနေတာ၊ သူက တကယ်ကို ငါနဲ့ ဟာသပြောနိုင်တဲ့ အဆင့်အတန်း မရှိဘူး”
ထိုစကားအဆုံး၌ အဓိပ္ပာယ် မရှိသော စကားသံ မျိုးစုံ ထွက်ပေါ်လာသည်။ အားလုံး၏ မျက်လုံးမှ အထင်သေးဟန်များ ပိုမို ပီပြင်လာ၏။
တစ်ချိန်တည်းမှာပင် ယဲ့ဖန်အတွက် အကြံပေးသည့် လူကောင်းများကလည်း ခေါင်းခါလာကြသည်။ ယဲ့ဖန်က အလွန် မာန်တက်နေသည် မဟုတ်ပါလော။
*ဒီလိုလူမျိုးကို ရန်စမိမှတော့ လုံးဝ ဇာတ်သိမ်းပြီပဲ*
“ကျုံးလီအာ ငါ့ဆီ မြန်မြန် မလာသေးဘူးလား၊ နင် ဒီအရူးနဲ့ အတူ သေချင်နေတာလား”
ထိုစဉ် စုဝမ်ချင်းက ကျုံးလီအာကို ကြိမ်းမောင်းလေသည်။ သို့သော် ကျုံးလီအာက ရှေ့တိုး၍ ယဲ့ဖန်၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။
“ယဲ့ဖန် ရှိတဲ့နေရာတိုင်းမှာ ကျွန်မ ရှိနေမယ်”