← Chapters

ရပ်တည်ပြောဆိုခြင်း

Vol. 20 Ch. 292

ရပ်တည်ပြောဆိုခြင်း

Vol. 20 Ch. 292

ဟုန်ရှင်းစားသောက်ဆိုင်_

ချင်မင်ဟုန်သည် ဒီနွေဦးစာရင်းစာအုပ်အား လှန်လောနေလေသည်။ အရာရှိကျီမှ သူ့အား စကားပြောရန် ဖိတ်ခေါ်သည်ဟု ကြားသည့်နောက် သူ၏ အရည်ရွှမ်းနေသည့် မက်မွန်ပွင့်သဏ္ဍာန်မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားကာ သူ့မျက်လုံးထဲ၌ မြူနှင်းတစ်လွှာ ပေါ်လာလေသည်။

“သခင်လေး သွားဖို့အစီစဉ်ရှိရဲ့လားဗျ”

လက်ထောက်ဆိုင်ရှင်ယို့သည် ညင်သာစွာမေးလာလေသည်။

“သခင်လေး မသွားချင်ဘူးဆိုရင် ဝေ့လည်ကြောင်ပတ်လုပ်ဖို့ ဆင်ခြေတစ်ခု ရှာလိုက်မယ်လေဗျ”

“မလိုပါဘူး” သူ့နှုတ်ခမ်းများအား တိတ်တဆိတ် ကွေးညွှတ်လိုက်ကာ တွေးဆဆပြောလေသည်။ “သူ ဒီဘူးခွံထဲကနေ ဘာတွေရောင်းချမယ်ဆိုတာ မြင်နိုင်မဲ့ အခွင့်အရေးကောင်း တစ်ခုပဲလေ”

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ သူနဲ့ ကျီထင်အန်းမှာ အသိမိတ်ဆွေဟောင်းများ ဖြစ်ကြပေသည်။

တစ်နာရီခန့်ကြာပြီးနောက် ချင်မင်ဟုန်သည် ပင်မခန်းထဲသို့ ၀င်၀င်ချင်းမှာဘဲ ရှန်းယောင်နှင့် ကျီကျောက်တို့ ညာဘက်တွင် ထိုင်နေကြသည်ကို မြင်လိုက်ရလေသည်။

“ဒါက…..”

“ညီအစ်ကိုချင် မတွေ့တာတောင်ကြာပြီနော်ဗျ” ကျီထင်အန်းသည် သူ့အား လှိုက်လှိုက်လှဲလှဲဖြင့် နှုတ်ဆက်လာလေသည်။

ချင်မင်ဟုန်သည် သူ့ခေါက်ယပ်တောင်အား ဖွင့်လိုက်ကာ သူ့ကိုယ်သူ ခြေ‌လှမ်းနှစ်လှမ်း အကွာခန့်သို့ တိတ်တဆိတ် ဆုတ်လိုက်လေသည်။

“ပြောစရာရှိတယ်ဆို ဒီတိုင်းပြောပါ…. ကျုပ်တို့တွေ အရမ်းရင်းနှီးကြသလို မလုပ်ကြပါနဲ့”

သူ၏ အေးစက်သည့်စိတ်အနေအထားအား အသားကျနေသည့်ပုံစံဖြင့် သူ့နောက်ရှိ အစေခံအား ချက်ချင်းညွှန်ကြားလိုက်လေသည်။ “ကျူးပိုင်….အဆင့်မြင့် ပိုင်လော့ချွမ် တစ်အိုး အမြန် ယူလာစမ်းဟေ့”

“နှစ်တွေများကြီးကြာပြီးနောက် ညီအစ်ကိုချင်ရဲ့ အကြိုက်ပြောင်းသွားလားဆိုတာ သိချင်ပါရဲ့ဗျာ’

ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရသည့် ကျီကျောက်မှာ အတွေးထဲ၌ ပျောက်ဆုံးသွားလေသည်။

ဆိုတော့ အရာရှိကျီနဲ့ အစ်ကိုချင်တို့က မိတ်ဆွေဟောင်းတွေပေါ့လေ။

“စီးပွားရေးအကြောင်း ပြောကြရအောင်ပါ” ချင်မင်ဟုန်သည် သူ့မျက်ခွံများအား ပင့်လိုက်ကာ သူ့အား ကြည့်လာလေသည်။ သူ့အသံသည် နက်ရှိုင်းကာ ခံစားချက် ကင်းမဲ့နေလေသည်။

ကျီထင်အန်းသည် အပြစ်ရှိစိတ်ခံစားရဟန်ဖြင့် သူ့နှာခေါင်းအား ရှက်ရွံ့စွာထိလိုက်ရင်း ဖြည်းညင်းစွာ ပြောလာလေသည်။ “ရိုးရိုးသားသားပြောရမယ်ဆို ညီအစ်ကိုချင် ကျုပ် ခင်ဗျားရဲ့ အကူအညီ လိုအပ်နေလို့ပါဗျ”

တစ်နာရီခန့်ကြာပြီးနောက် သူ ဆိုလိုချင်သည်အား နားလည်သွားပြီးနောက် ချင်မင်ဟုန်သည် သူ့မျက်လုံးများအား သံသယဖြစ်ဖွယ် ကျဉ်းမြောင်းလိုက်မိသည်။

“ခင်ဗျားက ကျွန်တော့်ကို မရင့်မှည့်သေးတဲ့စပါးတွေကို ဈေးကြီးပေး၀ယ်ခိုင်းနေတာလား”

“ဟုတ်ပါတယ်ဗျ” ကျီထင်အန်းသည် ပိုပိုပြီး အပြစ်ရှိသလို ခံစားရသဖြင့် သူသည် ချင်မင်ဟုန်၏ မျက်၀န်းများထဲသို့ စေ့စေ့ စိုက်မကြည့်ရဲတော့ပေ။

“ကျိုင်းကောင်ကပ်ဆိုးသာ ကျရောက်လာလို့က ဖြစ်လာမဲ့အကျိုးဆက်တွေက မတွေးရဲစရာတွေပါဘဲ။ ဒါ့ကြောင့် ကျွန်တော် စိတ်ပူမိတာက တင်းယွမ်ကောင်တီတစ်ခုလုံးက စပါး အမြောက်အမြားကို ၀ယ်နိုင်တဲ့စွမ်းရည် ရှိတဲ့သူက ညီအစ်ကိုချင် တစ်ယောက်ပဲ ရှိနေလို့ပါပဲဗျ”

“အဲ့လိုဆိုရင်တောင် ကျုပ်က ခင်ဗျားကို ဘာလို့ကူညီသေးရမှာလဲ” ချင်မင်ဟုန်သည် သူ့မျက်ခုံးများအား ပင့်လိုက်ကာ သူ့အား ကြည့်လာလေသည်။ သူ၏ တည်ငြိမ်နေပုံရသည့် မျက်၀န်းများထဲ၌ သရော်ရိပ်များ သိသိသာသာ ပြည့်နှက်နေလေသည်။

“ညီအစ်ကိုချင် ဟိုးအရင်က ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ စိတ်ဆိုးနေတုန်းပဲလားဗျ” ကျီထင်အန်းသည် အလောတကြီး ရှင်းပြလာလေသည်။

“အဲ့ဒီတုန်းက ဖြစ်ခဲ့တဲ့ကိစ္စက အကြောင်းရင်းတချို့ရှိခဲ့ပါတယ်ဗျာ”

“ဘယ်လိုအကြောင်းပြချက်ပဲဖြစ်စေ၊ ဘယ်လိုဆင်ခြေပဲဖြစ်ပါစေ ဖြစ်ပါစေပေါ့… လူကြီးမင်းကျီ တစ်ယောက်ယောက်ရဲ့ ကိုယ်ပိုင်အခန်းထဲ ဇွတ်အတင်း၀င်ပြီး ဇာတ်လမ်းဆင်တာကတော့ မှားပါတယ်ဗျ” ချင်မင်ဟုန်သည် သူ့အား အေးစက်စွာ ကြည့်လိုက်လေသည်။

“ဟင်….” သူတို့နှစ်ယောက်ကြားမှ စကားဝိုင်းအား ကြားလိုက်ပြီးနောက် ကျီကျောက်၏ မျက်လုံးများမှာ အံ့ဩမှုများဖြင့် ပြူးကျယ်လာလေသည်။ “အစ်ကိုချင်…..အရာရှိကျီ….ရှင်…. ရှင်တို့နှစ်ယောက်”

တာ့ကျင်းမင်းဆက်သည် အလွန် ပွင့်လင်းမြင်သာမှု ရှိလိမ့်မည်ဟု သူမ မထင်ထားမိပါချေ။ ချင်မင်ဟုန်သည် သူ့လက်ထဲမှ ခေါက်ယပ်တောင်အား ရုတ်ခြည်း ပိတ်လိုက်လေသည်။ “အာ့ထောင်…..မင်း ၀တ္ထုတွေ အများကြီး ဖတ်နေပြန်တာလား”

“အိုး” အကြောင်းရင်းတချို့ကြောင့် သူတို့ကြားမှ ဆက်ဆံရေးသည် သူမ ထင်ထားသလို မဖြစ်နေသဖြင့် သူမ အနည်းငယ် စိတ်ပျက်သွားမိလေသည်။

“တင်းယွမ်ကောင်တီရဲ့ အနီးမှာ စုစုပေါင်းရွာ ဆယ်ရွာ ရှိတယ်။ အဲ့ဒီရွာများထဲမှာ လယ်မြေ ဧက ၁၀၀၀ ၀န်းကျင်ခန့် အနည်းဆုံး ရှိနေတယ်” ချင်မင်ဟုန်က အသံနိမ့်နိမ့်ဖြင့် ပြောလာလေသည်။ “လယ်တွေထဲက ကောက်နှံပင်အများစု မမှည့်ကြသေးတာကို ထည့်မပြောနဲ့ဦး….. အခု အဲ့ဒီကောက်နှံပင်တွေကို ကျုပ်၀ယ်လိုက်ရင် ကျုပ်အတွက် သေချာပေါက် အရှုံးပဲလေဗျ”

“အရာရှိကျီ….ကျုပ်က စီးပွားရေးသမားတစ်ယောက်ပါဗျ…. ဒီလို အကျိုးမရှိမဲ့ စီးပွားရေးကို ကျုပ် ဘာလို့ လုပ်ရမှာလဲ” ပြောစရာစကားမဲ့နေသည့် ကျီထင်အန်းသည် ကျီကျောက်၏ မျက်နှာကိုပဲ ကြည့်နိုင်လေသည်။

“အဟင်း….ကျီအာ့ထောင်…. မိန်းကလေးမြင်တဲ့အတိုင်းပဲ ကောက်နှံပင်တွေကို ကြို၀ယ်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူးပဲဗျာ”

“အာ့ထောင် ဒါက မင်းအကြံလား” ချင်မင်ဟုန်သည် အနည်းငယ် အံ့ဩသွားမိလေသည်။ သူသည် ကျီကျောက်အား စိတ်ရှုပ်ထွေးစွာ ကြည့်လာလေသည်။

“အစ်ကိုချင် ကျွန်မမှာ အစ်ကိုကြီးကို အရှုံးမရှိဖို့ သေချာစေတဲ့ နည်းလမ်းရှိပါတယ်ရှင့်” ကျီကျောက်သည် ပြုံးလိုက်ရင်း သူမအကြည့်များမှာ တည်ကြည်ကာ ယုံကြည်ချက်ရှိနေပေသည်။

ချင်မင်ဟုန်၏ သိချင်စိတ်မှာ မြင့်တက်လာလေသည်။ “မင်း အသေးစိတ် ရှင်းပြပေးနိုင်မလား”

“အစ်ကိုချင် ပြောသလိုပဲ တင်းယွမ်ကောင်တီအနီးရှိ လယ်ကွင်းများထဲမှ ကောက်နှံပင်တွေက အခုထိ အပြည့်အ၀ မမှည့်ကြသေးပါဘူး။ တကယ်က ကာလရှည်ကြာစွာ မိုးခေါင်ခြင်းကြောင့်ဖြစ်ပြီး ဒီနှစ် အထွက်နှုန်းက အရင်နှစ်တွေထက် လျော့နည်းနေမယ်ဆိုတာ အသေအချာပါပဲ”

“ဒါပေမဲ့ ရှန်းယောင်နဲ့ ကျွန်မတို့တွေ စုံစမ်းသိရှိရပြီးသလောက် တင်းယွမ်ကောင်တီအနီး၀န်းကျင်ရှိ ရွာသားအများစုမှာ နွေဦး ဂျုံစေ့နဲ့ ကြံတွေကို စိုက်ပျိုးထားကြတယ်တဲ့။ တင်းယွမ်ကောင်တီရဲ့ မြေကြီးနဲ့ မြေအနေအထားက အနည်းငယ် ထူးခြားတာမို့ ပြည်သူအများစုက အိမ်မှာတင် ဂျုံ‌စေ့ စိုက်ပျိုးနိုင်ကြတယ်လေ”

“ဂျုံတွေကို ဘီယာလုပ်တဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်”

“ဘီယာလား” ချင်မင်ဟုန်သည် ပို၍ပင် စိတ်ရှုပ်ထွေးလာလေသည်။

“အဲ့တာက ဘယ်လို သေရည်မျိုးလဲ”

“ဘီယာဆိုတာ အရက်ပါ၀င်တဲ့ အဖျော်ယမကာအမျိုးအစားကိုမှ ဂျုံမုယောကနေ ဆင့်ကဲဆင့်ကဲ ထုတ်လုပ်ရရှိနိုင်တယ်။ အရက်ပါ၀င်နှုန်းက သေရည်ဖြူထက် နည်းပါးပေမဲ့ ဘီယာက တကယ်အရသာရှိတယ်။ ပိုပြီး အရေးကြီးတာက ဘီယာကို ဟင်းပွဲတွေ စီမံချက်ပြုတ်တဲ့နေရာမှာလည်း ထည့်သွင်းပြီး အသုံးပြုနိုင်တယ်။ ဥပမာအနေနဲ့ဆို ဘီယာဘဲသားနှပ်၊ ဘီယာအမဲနှပ် အစရှိတဲ့ ဟင်းလျာတွေကို ချက်ပြုတ်နိုင်တယ်” ကျီကျောက်က အပြုံးလေးဖြင့် ရှင်းပြလာလေသည်။

“ကောင်းပါပြီ”

ကျီကျောက်သည် ချင်မင်ဟုန်အား ကောက်နှံပင်များ ၀ယ်ယူရန် အစီအစဉ်အား သက်တောင့်သက်သာဖြင့် သဘောတူစေခဲ့လေသည်။

ကျီထင်အန်းသည် အနည်းငယ် စိတ်ထိခိုက်သလို ခံစားရလေသည်။

“နောက်တောင်ကျနေပြီ….. ကျုပ်တို့နဲ့အတူ ညစာ အတူစားသွားပါလားဗျ” ကျီထင်အန်းသည် အပြုံးလေးဖြင့် ဖိတ်လေသည်။

“မစားတေ့ာပါဘူး” ချင်မင်ဟုန်သည် မျက်နှာအမူအရာကင်းမဲ့စွာ ငြင်းပယ်လာလေသည်။

“အဟမ်း” ကျီကျောက်သည် ရှန်းယောင်အား တစ်ချက်မကြည့်‌ခင် နှစ်ချက်ခန့် ချောင်းဟန့်လိုက်လေသည်။

ရှန်းယောင်သည် သူ့ဇနီးလေး ဘာကို ဆိုလိုသည်အား တဖြည်းဖြည်း နားလည်သွားပြီးနောက် အလျင်အမြန် ပြောလာလေသည်။

“အရာရှိကျီက ကျွန်တော်တို့ကို နွေးနွေးထွေးထွေး ဖိတ်လာမှတော့ ကျွန်တော်တို့ ဒုက္ခပေးရတော့မှာပဲဗျာ”

“အရာရှိကျီ…. ကျွန်မ ရှင်တို့မီးဖိုချောင် ခနငှားလို့ရမလားရှင့်” ကျီကျောက်သည် ကျိုးနွံစွာ ပြုံးကာ ပြောလာလေသည်။

“ကျွန်မကိုယ်တိုင် ဟင်းနှစ်မယ်လောက် ချက်ချင်လို့ပါ”

“ရတာပေါ့ဗျာ’ ကျီထင်အန်း၏ မျက်လုံးများမှာ ချက်ချင်းဆိုသလို တောက်ပသွားလေသည်။ “ကျုပ် မင်းရဲ့ အချက်အပြုတ်စွမ်းရည်က လက်ဖျားခေါက်လောက်တယ်လို့ကြားဖူးတယ်။ ကျုပ် တင်းယွမ်ကောင်တီကို ရောက်ကတည်းက အလုပ်တွေ အရမ်းများနေခဲ့တာကြောင့် ချွင်းဖုန့်ဆိုင်ကို လာပြီး မင်းရဲ့ ဟင်းချက်လက်ရာကို မြည်းစမ်းကြည့်ဖို့ အချိန်မရှိခဲ့ဘူးလေ။ ဒီနေ့တော့ ကျုပ်တော့ ပွတာပါပဲဗျာ”

“ကျူးပိုင် အမျိုးသမီးရှန်းကို မီးဖိုချောင်ထဲ လိုက်ပြပေးလိုက်”

အမျိုးသမီးရှန်းဆိုသည့် နာမ်စားအား သူတို့ကြားသည့်အခါ ရှန်းယောင်နဲ့ ကျီကျောက်တို့သည် တစ်ယောက်ကို တစ်ယောက် ပြောစရာမလိုဘဲ ကြည့်လိုက်မိကြပြီး သူတို့၏ မျက်လုံးများထဲ၌ ပြင်းပြသန်မာသော ချစ်မြတ်နိုးမှုများအား မြင်ရလေသည်။

“အာ…..ညီအစ်ကိုချင် အခုလေးတင် ခင်ဗျား ထွက်သွားတော့မယ်ဆိုပြီး ပြောခဲ့တယ်မလားဗျ” ကျီထင်အန်းသည် ထိုင်ခုံမှ တစ်လက်မမှ မရွေ့ဘဲ အမူအရာ ကင်းမဲ့စွာ ထိုင်နေသည့် ချင်မင်ဟုန်အား ကြည့်လိုက်လေသည်။

“အာ့ထောင်ရဲ့ ဟင်းချက်လက်ရာကို မမြည်းစမ်းရတာ အချိန်တော်တော်ကြာနေပြီ” ချင်မင်ဟုန်သည် သူ့မျက်လုံးထောင့်ကပ်ကာ သူ့အား ဖျတ်ခနဲကြည့်ပြီး တည်ငြိမ်စွာ ပြောလေသည်။ “ဘာလဲ ခင်ဗျားက ကျုပ်ကိုမကြိုဆိုဘူးလား”

“ဘယ်ဟုတ်ပါ့မလဲဗျာ….ညီအစ်ကိုချင် နေမယ်ဆိုတော့ ကျုပ်ဖြင့် ၀မ်းသာလုံးဆို့မိပါတယ်ဗျာ” ကျီထင်အန်းသည် တောင်းတောင်းပန်ပန်ဖြင့် အလျင်စလိုပြောလာလေသည်။

အကြောင်းရင်းတချို့ကြောင့် ရှန်းယောင်သည် ဒီနှစ်ယောက်ကြားမှ စကားဝိုင်းမှာ ထူးဆန်းသလို ခံစားလိုက်ရသည်။

ကျီကျောက်သည် ခရိုင်တရားရုံးရှိ မီးဖိုချောင်ထဲသို့ လျှောက်လာသည့်အခါ တခဏလောက်မှင်သက်သွားမိလေသည်။

အရင် ခရိုင်တရားသူကြီးမင်းမား၏ လက်ထက်၌ သူမ ခရိုင်တရားရုံး မီးဖိုချောင်ထဲသို့လာဖူးလေသည်။ ထိုအချိန်တုန်းက မီးဖိုချောင်ထဲရှိ ခမ်းနားကြီးကျယ်လှသည့် မြင်ကွင်းများမှာ သူမစိတ်ထဲ ပူပူနွေးနွေး အမှတ်ရမိတုန်းပင်။ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ မီးဖို အပူ အအေးများ ရှိပြီး လူတွေ သွားလိုက်လာလိုက်ဖြင့် အသက်၀င်လွန်းလှပေသည်။

ဒါပေမဲ့ အခုတော့…..

ကြောင်အိမ်ထဲ၌ လက်တစ်ဆုပ်စာ ဟင်းအမယ်များသာ ရှိနေပေသည်……

“အမျိုးသမီးရှန်းခင်ဗျ….တစ်ခုခု လိုတာရှိရင် ကျွန်တော့်ကို ပြောပါဗျ။ ကျွန်တော် ချက်ချင်း သွား၀ယ်ပေးပါ့မယ်နော်” ကျူးပိုင်သည် သူ့ခေါင်းအား ကုတ်လျက် အပြစ်ရှိစိတ်ဖြင့်ပြောလာလေသည်။

“ကျွန်တော်တို့ သခင်က အရမ်းချွေတာလွန်းတယ်လေ။ သူက အရင်တုန်းက ခရိုင်တရားရုံး မီးဖိုဆောင်ရဲ့ အသုံးစရိတ်က လက်ဖွာလွန်းတယ်ဆိုပြီး လူတွေ အများကြီး ဖြုတ်ချလိုက်တယ်လေ။ ဒါပေမဲ့ ကျွန်တော် ကြားဖူးတာတော့ ဘယ်လောက်ပဲ ဟင်းချက်ကောင်းပါစေ ဆန်မရှိရင် ထမင်းမဖြစ်လာဘူးတဲ့။ ဒါကြောင့် ဟင်းချက်စရာ တစ်ခုခုလိုတယ်ဆို ကျွန်တော့်ကို ပြောပါဗျ၊ ကျွန်တော် ချက်ချင်း ပြေး၀ယ်ပေးပါ့မယ်….”

***

All Chapters