← Chapters

နောက်ထပ် စားဖွယ်ရာတချို့လား။

Vol. 20 Ch. 293

နောက်ထပ် စားဖွယ်ရာတချို့လား။

Vol. 20 Ch. 293

ကျီကျောက်သည် တခဏလောက် စဉ်းစားပြီးနောက် သူမ လိုချင်သည့် ပါ၀င်ပစ္စည်းအမည်များအား အလျင်အမြန် ချရေးလိုက်ကာ ကျူးပိုင်အား ကမ်းပေးလိုက်လေသည်။

“ဒါ အကုန်ပါပဲရှင့်”

“ကောင်းပါပြီ‌…..ခဏလောက် စောင့်ပေးပါဗျ၊ ကျွန်တော် ချက်ချင်း ပြင်ပေးပါ့မယ်။”

“ဟုတ်ကဲ့…..အလျင်စလို လုပ်စရာ မလိုပါဘူးရှင့်” ကျီကျောက်သည် စင်ထောင့်ရှိ ကြက်ဟင်းခါးသီးအား ရိပ်ခနဲ မြင်လိုက်ရရာ အကြံတစ်ခု ရသွားသဖြင့် အထူးရှယ်ဟင်းပွဲတစ်မျိုးအား ချက်ရန် ပြင်ဆင်လိုက်လေသည်။

သူမသည် ကြက်ဟင်းခါးသီးတချို့နဲ့ ပုစွန်ခြောက်အချို့အား တွေ့လိုက်သဖြင့် သူမ အင်္ကျီလက်အား ခေါက်လိုက်ကာ လက်ဆေးပြီး ဟင်းရည်စချက်ဖို့ ပြင်ဆင်လေသည်။

ကြက်ဟင်းခါးသီး၏ အခါးဆုံးအပိုင်းမှာ အလယ်အူတိုင်ဖြစ်သဖြင့် ကြက်ဟင်းခါးသီး၏ အူနှင့် အစေ့များအား အရင်ဖယ်ရှားလိုက်သည်။

ကြက်ဟင်းခါးသီး အခွံအား ဖယ်ရှားပြီးနောက် ပါးပါးလှီးလိုက်ကာ ရေညှိတချို့နှင့် ပုစွန်ခြောက်အား ပြင်ထားလိုက်‌လေသည်။

ဤသို့ဖြင့် ကျီကျောက်သည် ဟင်းချက်ခြင်း၌ ဈာန်၀င်နေခိုက် ခရိုင်တရားရုံးဧည့်ခန်းတွင်းရှိ လေထုမှာ အနည်းငယ်ထူးဆန်းနေလေသည်။

“မဟုတ်…..မဟုတ်သေးပါဘူးဗျာ….ဒါ အလုပ်ဖြစ်မှာ မဟုတ်လောက်ပါဘူး” ကျီထင်အန်းသည် ချင်မင်ဟုန်၏ ၀တ်ရုံလက်အား ဆွဲ၍ စိုးရိမ်တကြီး ပြောလာလေသည်။ “အဲ့ဒီမှာ ကျောက်တုံးကိုထားလိုက်မယ်ဆို ထောင်ချောက်ထဲ လျှောက်သွားသလို ဖြစ်မနေဘူးလား”

“ကျီထင်အန်း…” ချင်မင်ဟုန်သည် သူ့နှလုံးသားထဲမှ ဒေါသအား ဖိနှိပ်ရန် အကောင်းဆုံး ကြိုးစားလေသည်။ သူ့မျက်၀န်းများမှာ မည်းမှောင်လာကာ ပြောလိုက်သည်။ “စစ်မှန်တဲ့ လူကြီးလူကောင်းဆိုတာ သူများ ဂိုကစားနေတာကို ကြည့်နေချိန် စကားမပြောတာပဲဗျ”

“ညီအစ်ကိုချင် စိတ်မဆိုးလိုက်ပါနဲ့နော်” ကျီထင်အန်းသည် ရှက်ရွံစွာဖြင့် သူ့လက်အား ပြန်ရုပ်လိုက်ပြီး သူ့လေသံထဲ၌ မကျေနပ်သည့် အရိပ်ယောင် တစ်စွန်းတစ်စဖြင့် ပြောလေသည်။

“ကျုပ်….ကျုပ်က ခင်ဗျားကို မရှုံးစေချင်လို့ပါဗျာ”

“ဒီကစားပွဲရဲ့ ပျော်စရာကောင်းတဲ့ အချက်က ကစားသမား နှစ်ဖက်ကြားမှာရှိတဲ့ ကစားပွဲ အခြေအနေပေါ် ထိန်းချုပ်နိုင်စွမ်းနဲ့ပဲ ဆိုင်တာပါ။ ခင်ဗျားသာ အနိုင်၊ အရှုံးကိုပဲ တွေးနေမယ်ဆိုရင် ဒီဂိမ်းရဲ့ မူလအရသာကို ပျောက်ဆုံးမှာပဲဗျ” ရှန်းယောင်က ညင်သာစွာ ရှင်းပြလာလေသည်။

“အိုး….” ကျီထင်အန်းသည် မပျော်မရွှင်ဖြင့် ပြန်ဖြေလာလေသည်။ ထို့နောက် သူသည် ဆင်ခြေတစ်ခုရှာတွေ့သွားကာ ပြောလာလေသည်။

“ကျုပ် ရုံးကိစ္စ ပြဿနာတချို့ ဖြေရှင်းစရာ ရှိသေးတာ ရုတ်တရက် သတိရသွားလို့ အရင်ဖြေရှင်းလိုက်ပါဦးမယ်…. နောက်မှ ပြန်လာခဲ့ပါမယ်ခင်ဗျ”

ကျီထင်အန်း ထွက်ခွာသွားပြီးနောက် ချင်မင်ဟုန်သည် သူ့လက်ထဲမှ ကျောက်တုံးအား ချလိုက်ကာ ခွက်ထဲပြန်ထည့်လိုက်လေသည်။

“ကျွန်တော် ထပ်ပြီး မကစားချင်တော့ဘူး”

“အစ်ကိုချင်နဲ့ အရာရှိကျီတို့မှာ ဇာတ်လမ်းရှိခဲ့ပုံ ပေါ်တယ်နော်” ရှန်းယောင်သည် မျက်မှောင်ကြုတ်ကာ တိုးတိုးလေး မေးလေသည်။

“ကျွန်တော်တို့က မိတ်ဟောင်းဆွေဟောင်း သက်သက်ပါပဲကွာ”

ချင်မင်ဟုန်က ထိုအကြောင်းကို ပြောချင်ပုံမရသဖြင့် ရှန်းယောင်သည်လည်း ဘာမှ ထပ်မမေးတော့ချေ။

“မင်းနဲ့ အာ့ထောင်တို့က ကျီထင်အန်းကို ကောက်နှံပင်တွေ ကြိုတင်ရိတ်သိမ်းဖို့ ဘာဖြစ်လို့ အကြံပြုခဲ့ကြတာလဲ” ချင်မင်ဟုန်သည် အနားရှိ လက်ဖက်ရည်ခွက်အား ကောက်မော့လိုက်ပြီး ရှန်းယောင်အား ကြည့်ကာ အသံနိမ့်နိမ့်ဖြင့် မေးလာလေသည်။

“ရှည်လျားတဲ့ မိုးခေါင်ခြင်း ပြီးသွားရင် ကျိုင်းကောင်ကပ်ဆိုးက သေချာပေါက် ရှိလာမှာမလို့လေ” ရှန်းယောင်က တိုးတိုးလေး ရှင်းပြပေးလိုက်သည်။ “ကျွန်တော်နဲ့ အာ့ထောင်တို့ တာ့ကျင်းကျီစာအုပ်ကို ဖတ်ပြီးကြတဲ့နောက် ဒါကို စိတ်ပူလာမိတယ်လေ။ ကျိုင်းကောင်ကပ်ဆိုးသာ တစ်ကြိမ်လောက် ရောက်လာတာနဲ့ ဖြစ်လာမဲ့ အကျိုးဆက်တွေက တွေးကြည့်လို့တောင် မရဘူး။ ဒါကြောင့် ကျွန်တော်တို့တွေ စဉ်းစားချင့်ချိန်မှုတချို့ ပြုလုပ်ပြီးနောက်မှာ အရာရှိကျီဆီ လာတွေ့ပြီး အကြုံပြုကြဖို့ ဆုံးဖြတ်လိုက်ကြတာပါပဲ။”

“ဒါပေမဲ့……ဒါတွေက ခန့်မှန်းချက်‌ သက်သက်ပဲ မဟုတ်လား” ချင်မင်ဟုန်သည် သူ့မျက်လုံးများအား ကျဉ်းမြောင်းလိုက်ကာ သူ့စကားလုံးများထဲ၌ စိုးရိမ်မှု အထင်းသား ပေါ်နေလေသည်။

“ဟုတ်ပါတယ်” ရှန်းယောင်က အေးဆေးတည်ငြိမ်စွာ ခေါင်းငြိမ့်ပြလာလေသည်။

“အာ့ထောင် ပြောတာက ဒီလိုဖြစ်ရပ်က တစ်ထောင်ပုံမှာ တစ်ပုံပဲ ရှိတယ်ဆိုရင်တောင် သူမက ရွာသားတွေ ၀မ်းနည်းငိုယိုနေရမှာကို မကြည့်နိုင်ဘူးတဲ့လေ။ မိုးခေါင်တာနဲ့ပင် အတော်လေး အန္တရာယ်ကြီးနေပြီ… ကျိုင်းကောင်ကပ်ဆိုးသာ ကျရောက်လာမယ်ဆို လယ်ယာလုပ်ငန်းကို ကြိုးကြိုးစားစား လုပ်နေကြတဲ့ ပြည်သူတွေအတွက် သေစေလောက်တဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာမှာ အမှန်ပဲ။”

“ဒီဖြစ်ရပ်က ပြဿနာတွေကို ပို‌ဆိုးလာစေနိုင်ပြီး နေရာတိုင်းမှာ အလောင်းတွေနဲ့ ပြည့်နေမှာ သေချာပေါက်ဘဲ။ အဲ့အချိန်ကျရင် တင်းယွမ်ကောင်တီနဲ့ တာ့ကျင်းမင်းဆက် တစ်ခုလုံးကိုတောင် ဖရိုဖရဲဖြစ်လာစေမှာ အသေချာပါဘဲ”

“သမိုင်းမှတ်တမ်းစာအုပ်တွေမှာ လူထုအုံကြွသောင်းကျန်းမှုရဲ့ မတော်တဆဖြစ်ရပ်များစွာကို မှတ်တမ်းတင်ထားကြပေမဲ့ ထိုလူတွေ ဘာကြောင့်ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကိုတော့ ဘယ်သူကမှ စုံစမ်းစစ်ဆေးမှု မရှိကြဘူး။ တော်ဝင်နန်းတော်ရဲ့ အမတ်တွေနဲ့ အရာရှိတွေထက်စာရင် တိုင်းပြည်ရဲ့ ကြွယ်ဝချမ်းသာမှုကို မျှော်လင့်‌နေကြတာက သာမန်လူတန်းစားတွေပဲ မဟုတ်ပါလား”

ချင်မင်ဟုန်သည် သူ့ခေါင်းအား ငုံ့ရင်း သူ့လက်ထဲရှိ လက်ဖက်ရည်ခွက်အား ပွတ်သပ်နေမိသည်။ ထို့နောက် ချင်မင်ဟုန်သည် စိတ်ပျက်နေပုံရသည့်လေသံဖြင့် ပြောလာလေသည်။ “အာ့ထောင်က ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့တဲ့ ပင်ကိုစရိုက်ရှိတဲ့ သူတစ်ယောက်ပဲ။ မင်း သူ့ကို လက်ထပ်နိုင်ခဲ့တာ ကံကောင်းခြင်းပါပဲကွာ”

“ဟုတ်ကဲ့…. ကျွန်တော်လဲ အဲ့လိုပဲ ထင်မိပါတယ်” အာ့ထောင်၏ အကြောင်း ပြောလိုက်သည်နှင့် ရှန်းယောင်၏ အကြည့်များမှာ နူးညံ့လာလေသည်။

“မင်း အခု ပြောလိုက်တဲ့အရာတွေကို ကိုယ့်ရင်ထဲ ထိစေလိုက်တာပဲ” ချင်မင်ဟုန်သည် ခပ်ဖွဖွ ရယ်မောလိုက်လေသည်။ သူ့စကားသံထဲမှ ခံစားချက်တွေကတော့ မတွေးတတ်နိုင်စွာ ဖြစ်နေပေသည်။

“နှစ်ရက်အတွင်း ကိုယ် စီရင်စုမြို့တော်ဆီ ပြန်ပြီးတော့ ဒီဆောင်းဦး တော်ဝင်အရည်အချင်းစစ် စာမေးပွဲအတွက် ပြင်ဆင်တော့မယ်”

“ဒါဆိုရင်…. အစ်ကိုချင်ရဲ့ အောင်မြင်မှုအတွက် ကြိုပြီး ဆုတောင်းပေးပါတယ်ဗျ”

“ကျေးဇူးအများကြီးပါကွာ”

မီးဖိုချောင်ထဲမှာတော့ ကျီကျောက်သည် ဟင်းလျာငါးမျိုးအား တစ်ပြိုင်တည်း ချက်ပြုတ်ပြီးစီးသွားပြီဖြစ်ရာ သူမ၏ လက်ကောက်၀တ်မှ ရုတ်တရက် နာကျင်လာသလို ခံစားလိုက်ရလေသည်။

ကျီထင်အန်း ၀င်လာသည့်အခိုက်တွင် သူမသည် ထိုင်ခုံပုလေးအား တွေ့သဖြင့် အနားယူဖို့ရာ ထိုင်ဖို့ လုပ်နေပြီ ဖြစ်ပေသည်။

“ကျုပ် ကျူးပိုင်ကို အထူးတလည်အနေနဲ့ ကြက်ကင်တစ်ကောင် ၀ယ်ခိုင်းထားတယ်။ အမျိုးသမီးရှန်း ကူလှီးပေးနိုင်မလားဗျ”

“ကောင်းပါပြီရှင့်”ကျီကျောက်သည် သဘောတူသည့်အနေနှင့် ခေါင်းညိမ့်ကာ ပြုံးလာလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာဘဲ ကြက်ကင်သည် ကျီကျောက်၏ လက်ဖြင့် လှီးဖြတ်ပြီးသား ဖြစ်နေပေသည်။

စိတ်၀င်စားစရာ အကောင်းဆုံး အရာမှာ အပြင်ဖက်ပိုင်းကို လှီးဖြတ်ပြီးဖြစ်ပေမဲ့ ကြက်ကင်မှာ ပုံမပျက်သေးပေ။

“ခင်ဗျားရဲ့ ဓားစွမ်းရည်ကတော့ အံ့မခန်းပါပဲဗျာ” ကျီထင်အန်းသည် ဒီမြင်ကွင်းအား မြင်လိုက်ရသည့်အခိုက် မှင်သက်သွားလေသည်။

“အရာရှိကျီ…..မြှောက်ပင့်လွန်းနေပါပြီရှင်”

ကျီကျောက်သည် အပြုံးဖျော့ဖျော့ပြုံးကာ မြှောက်ပင့်လာသည်အား မထူးခြားစွာ လက်ခံလိုက်လေသည်။

“စကားမစပ်…. အမျိုးသမီးရှန်း ကျွန်တော်မေးခွန်းတစ်ခုလောက် မေးချင်လို့ စိတ်မရှိပါနဲ့ဗျ”

ကျီထင်အန်းသည် သူမဆီမှ ခွင့်ပြုချက်အား ရရှိပြီးနောက် စိတ်၀င်တစား မေးလာလေသည်။

“ကျုပ်ကြားရသလောက် အမျိုးသမီးရှန်းက ရှီလျို့ကျေးရွာက အဖိုးအိုတစ်ယောက် မွေးစားတာ ခံခဲ့ရတာဆို….. အမျိုးသမီးရှန်းရဲ့ နောက်ကြောင်းဇစ်မြစ်ကို စုံစမ်းရှာဖွေဖို့ မတွေးဖူးဘူးလားဗျ”

ကျီကျောက်သည် တခဏလောက် တိတ်‌ဆိတ်သွားပြီးနောက် သူမ၏ ခေါင်းလေးအား ခါယမ်းလိုက်လေသည်။

“ဘာလို့လဲဗျ”

“ကျွန်မအတွက်တော့ နောက်ကြောင်းရာဇ၀င်ဆိုတာ အရေးမကြီးတော့ပါဘူး။ ဒါ့အပြင် ရှန်းယောင်နဲ့ လက်ထပ်ထားရတာကိုပဲ ကျွန်မ ပျော်ရွှင်နေပါပြီ”

တကယ်တော့ ဒါက မူလကိုယ်ရဲ့ အကြံပဲ ဖြစ်ပေသည်။ မူလကိုယ်သည် သူမ၏ မိဘရင်းများအား သွားရောက်ရှာဖွေရန် တစ်ခါမှ မတွေးခဲ့ဖူးချေ။

တစ်ခါတစ်ရံ၌ မျှော်လင့်ချက် မြင့်မားလေလေ ပိုပြီး စိတ်ပျက်ရလေလေ ဖြစ်တတ်ပေသည်။

“တကယ်တော့လေ ခင်ဗျားရဲ့ ပုံပန်းသွင်ပြင်က ကျုပ် သိတဲ့ လူတစ်ယောက်နဲ့ အရမ်းတူတယ်ဗျ” ကျီထင်အန်းသည် အချိန်အတော်ကြာ တုံ့ဆိုင်းပြီးမှ ဒီစကားအား ပြောလာလေသည်။

“အရာရှိကျီရှင့်….ဒီကမ္ဘာမှာ နာမည်တူမရှား လူတူမရှား များလှတယ် မဟုတ်ပါလား”

ကျီကျောက်သည် ဂရုမစိုက်ဟန်ဖြင့် ပုခုံးတွန့်ကာ ပြောလာလေသည်။

သူမ ဒီအကြောင်းရာအား ဆက်ပြောချင်စိတ် မရှိသည်အား မြင်ရသဖြင့် ကျီထင်အန်းမှ နောက်ထပ် မပြောလာတော့ပေ။ သို့ပေမယ့် သူတစ်ခုခုအား အမှတ်ရမိကယ ပြောလေသည်။

“စကားမစပ် အမျိုးသမီးရှန်း ကျွန်တော့်ကို တစ်ခုလောက် အကြံပေးနိုင်မလားဗျ”

“ပြောကြည့်ပါ အရာရှိရှင့်”

“အရင်တစ်ခါကပေါ့ဗျာ ကျွန်တော် ညီအစ်ကိုချင်ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တာကြောင့် အမြဲတမ်း အပြစ်ရှိသလို ခံစားနေရပါတယ်ဗျ” ကျီထင်အန်းသည် တခဏလောက်တွေးကာ ဖြည်းဖြည်းချင်း ပြောလာခဲ့လေသည်။

“လွန်ခဲ့တဲ့ တစ်နှစ်က မီးပုံးပွဲတော်နေ့မှာပေါ့ဗျာ… ကျုပ်အမေက ကျုပ်ကို ကြင်ဖက်အတင်းတွေ့ခိုင်းတယ်လေ။ ကျုပ်လည်း အခြေအမြစ်မရှိတဲ့ ဆင်ခြေတစ်ခုရှာပြီး ဒီမင်္ဂလာပွဲကို ငြင်းလိုက်တာပေါ့ဗျာ”

“အခြေအမြစ် မရှိတဲ့ ဆင်ခြေဆိုတာက….” ကျီကျောက်သည် ပိုပိုပြီးသိချင်လာလေသည်။

“အဟမ်း” ကျီထင်အန်းသည် စိတ်မသက်မသာဖြင့် ချောင်းဟန့်လိုက်ကာ ဖြစ်ကြောင်းကုန်စင်အား ပြောပြလာလေသည်။

“ကျုပ်က လိင်တူနှစ်သက်သဘောကျတဲ့သူ ဖြစ်ပြီး အမျိုးသမီးတွေကို သဘောမကျပါဘူးဆိုပြီး အဲ့ဒီမိန်းကလေးကို တိုက်ရိုက်တွေ့ကာ ပြောလိုက်ပေမဲ့ အဲ့ဒီမိန်းကလေးက ဇွဲကောင်းကောင်းနဲ့ပဲ အတည်ပြုပေးဖို့ အတွန်းတောင်းဆိုတာနဲ့ ကျုပ်လည်း ဘေးခန်းရှိ အစ်ကိုချင်ရဲ့ အခန်းထဲ အပြေး၀င်လိုက်ပြီး အစ်ကိုချင်ကို လူမြင်ကွင်းမှာ ပွေ့ဖက်လိုက်မိတာပဲ”

ကျီကျောက်သည် ထိုအဖြစ်အပျက်အား ကြားလိုက်သည့်နောက် သူမ၏ နှုတ်ခမ်းများ ကွေးညွှတ်သွားမိလေသည်။

“ဟင်း….ဒီကိစ္စက ကျုပ်ရဲ့ မဟာအမှားပါပဲဗျာ” ကျီထင်အန်းသည် သူ့မျက်ခုံးကြားရှိ နေရာလွတ်အား ပွတ်လိုက်ရင်း ခံပြင်းစွာ ပြောလာလေသည်။

“အမျိုးသမီးရှန်း….ခင်ဗျားနဲ့ ခင်ဗျားခင်ပွန်းတို့က ညီအစ်ကိုချင်နဲ့ ဆက်ဆံရေးကောင်း ရှိကြတယ်မလားဗျ။ ကျုပ်ရဲ့တောင်းပန်မှုကို ဖော်ပြဖို့ ဘာလုပ်သင့်တယ်ဆိုတာ ကူ‌စဉ်းစားပေးပါဦးဗျ”

“ဒါ…ဒါက… ကျွန်မလည်း မပြောတတ်တော့ပါဘူးရှင်”

ယောက်ျားတစ်ယောက်က နောက်ယောက်ျားတစ်ယောက်ကို နူးညံ့လာအောင် ဘယ်လိုလုပ်သင့်လဲ။

ဒီအကြောင်းရာက သူမ လုပ်နိုင်သည်ထက် ကျော်လွန်နေပေသည်။

ဂလူး…ဂလူး*

မီးဖိုပူပေါ်ရှိ ကိုင်းနှစ်ဖက်အိုးဆီမှ ရုတ်တရက် မြည်သံထွက်ပေါ်လာကာ အဖြူရောင် အခိုးငွေ့များ ထွက်ပေါ်လာလေသည်။

“ဟင်းရည်ကျက်ပြီရှင်….ကျွန်မတို့တွေ အရင်စားနှင့်ကြရအောင်လား”

ကျီကျောက် ခံစားရသည်မှာ အစားအသောက်မှတဆင့် မဖြေရှင်းနိုင်သည့် အရာဟူသည် မရှိပေ။

အကယ်၍ မဖြေရှင်းနိုင်ဘူးဆိုလည်း….နောက်ထပ် စားစရာတွေ ထပ်ကျွေးလိုက်ရုံပေါ့။

***

All Chapters