အခါးတွေပြီးနောက် အချိုလာ
Vol. 20 Ch. 295
လက်ဖက်ရည်သောက်နေသည့် ရှန်းယောင်တစ်ယောက် ထိုစကားကြားသည့်အခါ သူ့မျက်လုံးများအား ကျဉ်းမြောင်းလိုက်ကာ ချင်မင်ဟုန်အား အေးစက်စက် အရိပ်အယောင်ဖြင့် ကြည့်လာလေသည်။
“အဟမ်း” ချင်မင်ဟုန်သည် ရှို့တို့ရှန်းတန်းရယ်လိုက်ကာ ပြောလေသည်။
“အာ့ထောင် နောက်တောင်ကျနေပြီ မင်းနဲ့ ရှန်းယောင်တို့ ဒီည ဆိုင်မှာ တည်းခိုသွားကြဦးမလား”
“မတည်းခိုတော့ပါဘူး” ကျီကျောက်သည် ပြုံးလိုက်ကာ ကြင်နာမှုကို ငြင်းပယ်လိုက်လေသည်။
“ဒါဆို ကိုယ် တစ်ယောက်ယောက်ကို မြင်းလှည်းပြင်ခိုင်းပေးရမလား”
“ရပါတယ်။ မလိုတော့ပါဘူး” ကျီကျောက်က ထပ်ငြင်းလိုက်ပြန်သည်။
“ကျွန်မနဲ့ ရှန်းယောင်တို့ လမ်းလျှောက်ပြန်ဖို့ စီစဉ်ထားလို့လေ။ ကောင်းကင်ကလည်း နည်းနည်း လင်းနေသေးတယ်ဆိုတော့ လမ်းတစ်လျှောက်မှာရှိတဲ့ လယ်ကွင်းတွေရဲ့ ရှုခင်းတွေကို ကျွန်မတို့ကြည့်ချင်သေးလို့ပါ”
“ဒါဆိုလဲ ကောင်းပါပြီ”
အချိန်လင့်နေပြီဆိုသော်ငြား ရာသီဥတုမှာ လင်းနေသေးသည်လေ။
မြို့တော် ဂိတ်တံခါးအား ဖြတ်လာကြပြီးနောက် ကျီကျောက် စိတ်အခြေအနေမှာ ပို၍ပင် လေးလံလာလေသည်။
လမ်းမကြီးရဲ့ တစ်ဖက်တစ်ချက်ရှိ သီးနှံပင်များမှာ အခြေအနေမကောင်းကြပေ။
“ဒီနှစ်ကတော့ ကြွယ်၀ချမ်းသာမှု မရှိတော့တဲ့ နှစ်ဖြစ်တော့မှာဘဲ”
ရှန်းယောင်က သူမ၏ လက်ဖဝါးလေးအား အသာဆုပ်ကိုင်ကာ ညင်ညင်သာသာ နှစ်သိမ့်ပေးလေသည်။
“ကျောက်ကျောက် ၀မ်းမနည်းပါနဲ့နော်… သဘာ၀ဘေးအန္တရာယ်နဲ့ လူလုပ်ဘေးအန္တရာယ်ဆိုတာ မရှောင်ရှားနိုင်တဲ့ ကပ်ဘေးတွေပါဘဲ”
“ကျွန်မ ခံစားရတယ်……” ကျီကျောက်သည် အနည်းငယ် စိတ်မသက်မသာ ခံစားနေရကာ သူမ၏ လေသံထဲ၌ အနည်းငယ် ချဉ်စူးနေပေသည်။ “လူတိုင်းက အများကြီး ခံစားရပြီးပြီလို့ ကျွန်မ ထင်တယ်”
လက်ရှိ တာ့ကျင်းမင်းဆက်သည် အတိတ်ကလောက် မကြီးမြတ်နိုင်တော့ပေ။ ပြည်နယ်အများအပြားနှင့် မြို့တော်များတွင် ကလေးများ ရောင်းစားခြင်းသည် သာမန်ဖြစ်ရိုးဖြစ်စဉ်လို့ပင် ပြောလို့ရသည်။
လူတစ်ယောက်သည် သာမန်လက်လုပ်လက်စားဘ၀ဖြင့် မရှင်သန်နိုင်တော့ပါက ရည်ရွယ်ချက်ရှိရှိဖြင့် အကန့်အသတ်မဲ့ မွေးဖွားခြင်းအား ပြုကြပေသည်။
“အခါးတွေ ခံစားဖူးပြီးမှ အချိုတွေလာတယ် ဆိုတဲ့အတိုင်းပဲပေါ့” ရှန်းယောင်က ညင်သာစွာ အကြံပြုလေသည်။
“ကျောက်ကျောက် အရမ်းတွေးမနေနဲ့တော့”
“ရှန်းယောင် ကျွန်မ နည်းနည်း ပင်ပန်းလာပြီ”
“ကိုယ် မင်းကို ကျောပိုးပေးမယ်”
ရှန်းယောင် သူမအား ကျောပိုးလာသည်အား ကျီကျောက် မငြင်းလိုက်ချေ။ ရှန်းယောင်၏ ကျောပြင်ကျယ်ပေါ်၌ အလိုက်သင့်မှီလျက် တဖြည်းဖြည်း အိပ်ပျော်သွားလေသည်။
ရှန်းယောင်သည် သူမ၏ ဟောက်သံမျှင်မျှင်လေးအား ကြားရသည့်အချိန် ရုတ်ခြည်း အရှိန်လျှော့လိုက်လေသည်။
ရှန်းမိသားစု အိမ်ခြံ၀င်း_
ကျောက်လန်ဟွာသည် အလေးအနက်ရှိပုံရသည့် ကျီချန်အား ကြည့်လျက် အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။
“ချန်ချန်….သားအစ်မကို အပြစ်တင်မနေပါနဲ့နော်….ဒါ ဒေါ်လေးတို့အမှားပါကွယ်။ ကြင်စဦးဇနီးမောင်နှံ အိမ်ပြန်ရမယ်ဆိုတာ ဒေါ်လေးတို့ မေ့သွားသလို မင်း သူ့ကို ကျီအိမ်တော်မှာ စောင့်နေတာကိုလည်း မေ့သွားမိပါတယ်ကွယ်” ကျောက်လန်ဟွာက အပြစ်အားလုံးကို သူမကိုယ်တိုင် တာဝန်ခံပြီး ရှင်းပြလေသည်။ “မင်းအစ်မနဲ့ ယောက်ဖတို့က အရေးကြီးသွားစရာရှိတယ်ဆိုပြီး ခရိုင်တရားရုံးကို သွားကြတယ်ကွယ့်”
“အွန်း” ကျီချန်က နာခံစွာဖြင့် ပြန်ဖြေလာလေသည်။
“ဒေါ်လေး ကျွန်တော် စိတ်မဆိုးပါဘူးဗျ”
“တကယ်လားဟင်”
“တကယ်ပါဗျ”
ကျီချန်၏ နူးညံ့လာသည့် အမူအရာအား မြင်ရ၍ ကျောက်လန်ဟွာ စိတ်သက်သာရာရသွားလေသည်။
“ချန်ချန် စားချင်တာရှိလားကွယ့်။ ဒေါ်လေး မင်းအတွက် လုပ်ပေးမယ်လေ”
”ကျွန်တော် ဗိုက်မဆာပါဘူးဗျ” ကျီချန်က ပြုံးလိုက်ကာ ခေါင်းခါလာပြလေသည်။
“ကျွန်တော် ဒီကနေပဲ အစ်မ ပြန်လာတာကို စောင့်နေချင်လို့ပါ”
“ကောင်းပြီလေ။ ဒါဆို ဒေါ်လေး မင်းစားဖို့ ဖရဲသီးစိတ်လှီးထားပေးမယ်နော်”
”ကျေးဇူးပါ ဒေါ်လေး” ကျီချန်က ပြုံးပြလိုက်ပြီး ဧည့်ခန်းထဲ၌ နာခံစွာ ထိုင်နေရင်း ကျီကျောက် ပြန်အလာအား တိတ်တဆိတ် စောင့်ဆိုင်းနေလေသည်။
ညလယ်ပိုင်းလောက်မှာတော့ ကျီကျောက်အား သူ့ကျောပေါ်၌ ကျောပိုးလာသည့် ရှန်းယောင်သည် နောက်ဆုံးတော့ ရှန်းမိသားစု အိမ်ခြံ၀င်းထဲသို့ ပြန်ရောက်လာပေသည်။
သို့ပေမယ့် သူ့ကျောပေါ်ရှိ ကျီကျောက်မှာ နှစ်ခြိုက်စွာ အိပ်နေဆဲ ရှိပေသည်။
“ရှူး”
ကျီချန်က ဆူညံသံကြားပြီးနောက် အလျင်စအိုပြေးလာ၍ စကားပြောမည်အပြု ရှန်းယောင်သည် သူ့အား တိုးတိုးနေဖို့ လက်အမူအရာ လုပ်ပြလာလေသည်။
ကျီချန်က ရုတ်ခြည်း အရှိန်တန့်လိုက်ပြီး နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်လေသည်။
ခဏအကြာတွင် ရှန်းယောင်သည် သူ့ကျောပေါ်ရှိ ကိုယ်လေးအား နူးညံ့သည့် မွေ့ရာပေါ်သို့ ချသည့်အခိုက်၌ ကျီကျောက် နိုးလာလေသည်။
“ကျွန်မတို့ အိမ်ပြန်ရောက်ပြီလားဟင်” ကျီကျောက်သည် အိပ်ချင်မူးတူး မျက်လုံးများဖြင့် နူးညံ့စွာ မေးလေသည်။
“အင်း ကိုယ်တို့ အိမ်ပြန်ရောက်ပြီ” ရှန်းယောင်သည်လည်း ညင်သာစွာ ပြန်ဖြေလေသည်။
“မင်း ဗိုက်ဆာနေပြီလား”
“အင်း” ကျီကျောက်သည် ရိုးရိုးသားသားဖြင့် ခေါင်းငြိမ့်ပြလေသည်။
“ကျွန်မ ခေါက်ဆွဲအေး စားချင်တယ်”
“ကောင်းပါပြီဗျ”
ကျီကျောက်သည် သူမ၏ ခါးလေးအား အပျင်းကြောဆန့်လိုက်ကာ မျက်နှာသစ်လိုက်ပြီးနောက် သူမ လုံးလုံးလျားလျား နိုးလာလေသည်။
သူမသည် အခန်းတံခါးအား ဖွင့်လိုက်ချိန်၌ ကျီချန်အား တွေ့လိုက်ရသဖြင့် သူမ၏ မျက်လုံးထဲ၌ အံ့ဩမှုများ ပြည့်နှက်လာလေသည်။
“ချန်ချန် မင်း ဘာလို့ ဒီကိုရောက်နေတာလဲဟင်”
“အစ်မ….. ဒီနေ့က အစ်မ အိမ်ပြန်လာရမယ့်နေ့လေ။ အစ်မ မေ့သွားတာလား”
ကျီချန်သည် သူ့အား ကူကယ်ရာမဲ့စွာ ကြည့်လိုက်မိလေသည်။
ဒီမနက်စောစောက ကျီချန်သည် ဒေါ်လေးကွေ့ဟွားအား ကြက်၊ ဘဲ၊ ငါးတွေ ၀ယ်ပေးရန် မေးခဲ့ပြီး သူ့အစ်မက သူ့ယောက်ဖအား ခေါ်၍ ကျီမိသားစုအိမ်သို့ ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့လေသည်။
အဆုံးမှာတော့ တစ်ချိန်လုံး သူ့အစ်မမှ သတိရသည့်ပုံမပေါ်ချေ။
“အိမ်ပြန်လာဖို့လား” ကျီကျောက်သည် ပို၍ အပြစ်ရှိသလို ခံစားရလေသည်။
“အစ်…အစ်မ ဒီအကြောင်းကို မတွေးခဲ့မိဘူး”
“ရပါတယ်ဗျ” ကျီချန်သည် သူမအား ညင်သာစွာ နှစ်သိမ့်ပေးလိုက်လေသည်။ ထို့နောက် ကျီချန်သည် သူကြိုတင်ပြင်ထားသည့် စာအိတ်အနီအကြီး နှစ်အိတ်အား ထုတ်၍ ကျီကျောက်ဆီသို့ ကမ်းပေးလာလေသည်။
“ဒါက……”
“ကျွန်တော် အဖိုးနာမည်အောက်ကနေ ပြင်ဆင်ထားခဲ့တာလေ”
ကျီချန်သည် အပြုံးဖျော့ဖျော့ ပြုံးပြလျက် သူ၏ ကြည်လင်နေသည့် မျက်လုံးလေးများမှာ ကြယ်လေးများကဲ့သို့ တဖိတ်ဖိတ် တောက်ပနေပေသည်။
“အမ လူကောင်းတစ်ယောက်နဲ့ လက်ထပ်သွားတာကို အဖိုးသာ မြေအောက်ကမ္ဘာကနေ သိရင် သူအရမ်းပျော်နေလောက်မယ်ထင်လို့ ကျွန်တော် ပြင်ဆင်လာခဲ့တာပါဗျ”
ကျီကျောက်သည် အလွန်အမင်း ရင်ထဲထိသွားရလေသည်။ သူမ တစ်ခုခု ပြောချင်ခဲ့ပေမဲ့ တစ်ဆို့နေခဲ့လေသည်။
“အစ်မ ဘာကိစ္စမှ အထွေအထူး မရှိတော့ဘူးဆိုရင် မနက်ဖြန်ကျ ကျွန်တော် ထွက်ခွာသင့်ပြီဗျ” ကျီချန်သည် ရုတ်တရက် သူမအနားသို့ကပ်၍ သူမ၏ မျက်နှာပေါ်မှ မျက်ရည်များအား သုတ်ပေးကာ ညင်ညင်သာသာ ပြောလာလေသည်။
“မနက်ဖြန် မနက်ကျရင် မြို့တော်ကို ဆရာနဲ့ တွေ့ဖို့ သွားရမယ်ဗျ။ ဦးလေးဝေ့ကို အိမ်တော်ကို သေချာဂရုစိုက်ပေးဖို့ မှာခဲ့ပါသေးတယ်”
“မင်း ဘာဖြစ်လို့ ဒီလောက် မြန်မြန် ထွက်သွားမှာလဲဟင်” ကျီကျောက်သည် အနည်းငယ် အင်တင်တင်ဖြစ်နေခဲ့ပေသည်။
“ကျွန်တော် စီစဉ်ပြီးသွားပြီမလို့ပါ…. ဒါ့အပြင် ဆရာက သူ ခရီးတစ်လျှောက်မှာ အတန်းဖော်တချို့ဆီကို ၀င်လည်စရာ ရှိသေးတယ်တဲ့လေ။ ကျွန်တော်တို့တွေ ထပ်ပြီးသာ နှောင့်နှေးနေရင် နှစ်သစ်ကူး အမှီတောင် ပြန်လာနိုင်ပါ့မလားလို့ စိုးရိမ်မိတယ်”
ကျီချန်သည် ပြုံးရင်း နာခံစွာ ရှင်းပြလေသည်။
“ဒါကြောင့်လေ မနက်ဖြန်မနက်ကျရင် ကျွန်တော့်ကို အစ်မလက်ရာ ဖက်ထုပ်စွပ်ပြုတ် လုပ်ပေးဖို့ ရမလားဟင်”
“ရတာပေါ့ကွယ်” ကျီကျောက်သည် အလျင်အမြန် သဘောတူလိုက်ပေမဲ့ သူမ၏ နှလုံးသားထဲ၌ ၀န်လေးနေသည့်စိတ်ဖြင့် ပြည့်နှက်နေလေသည်။
“ချန်ချန် အစ်မနဲ့ အခန်းထဲ လိုက်ခဲ့ပါဦး”
ကျီကျောက်သည် အဝတ်ဗီဒိုထဲရှိ အပြာဖျော့ရောင် အိတ်လေးအား ယူလိုက်ကာ ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ဂရုတစိုက် ပြောလာလေသည်။
“အစ်မ မင်းအတွက် ငွေစက္ကူတချို့ ပြင်ဆင်ပေးထားတာပါ။ အကြီးဆုံးမရီးရှန်းနဲ့ ဒုတိယမရီးရှန်းကိုမေးပြီးတော့ ငွေစက္ကူတွေကို ဒီအတွင်း၀တ်အင်္ကျီနှစ်ထပ်ထဲမှာ တွဲချုပ်ထားတာ။ ဟုတ်သားပဲ၊ ဒီပုလင်းနဲ့ အိုးလေးတွေလည်း ရှိသေးတယ်။ ဒါက ရွှေရောင်အနာလိမ်းဆေး၊ ဒါက အဆိပ်ဖြေဆေး၊ အိုး ဒီဓားမြှောင်လေးကတော့ အစ်မ မင်းယောက်ဖကို ကူညီပြီး ၀ယ်ခိုင်းထားတာ။ ကောင်းကောင်း ဖွက်ထားရမယ်နော်”
ကျီချန် ကြက်သေသေသွားမိလေသည်။ သူသည် ရင်ထဲထိသွားသလို အံ့ဩသွားမိလေသည်။
“အစ်မ ဘယ်အချိန်ထဲက ဒါတွေ ပြင်ဆင်ပေးထားခဲ့တာလဲဗျ”
“တကယ်တော့ ဆရာစုန့်က ကျင်းနန်တစ်မြို့လုံး လှည့်လည်သွားမဲ့အကြောင်းကို မင်းယောက်ဖကို ပြောခဲ့တယ်လေ။ အဲ့တုန်းက အစ်မ တွေးနေခဲ့တာက ဆရာစုန့်သာ မင်းကို ခေါ်သွားချင်ရင် တားသင့်လား မတားသင့်ဘူးဆိုတာကိုပဲလေ။”
ကျီကျောက်သည် သူ့မျက်နှာချင်းဆိုင်၌ ထိုင်လိုက်လေသည်။ ဖယောင်းတိုင်မီး မှိန်မှိန်အောက်၌ သူမ မောင်ငယ်လေး၏ မျက်နှာအား သူမ မြင်နိုင်ပေသည်။
“တကယ်တော့ အစက အစ်မ မင်းကို ပေးမသွားချင်ခဲ့ဘူး။ ဒါပေမယ့် မင်းယောက်ဖက မင်းက ကြီးပြင်းလာပြီဖြစ်တာကြောင့် အစ်မတို့တွေက မင်းကို ရွေးချယ်ခွင့်ပေးပြီး မင်းရဲ့ ရွေးချယ်မှုကို လေးစားရမယ်တဲ့လေ”
သိန်းငှက်ပေါက်လေးဟာ ကြီးပြင်းလာသည့်အခါ ပျံသန်းတတ်ဖို့ကို သင်ယူသလိုမျိုးပေါ့။
“အစ်မ”
ကျီချန်တစ်ယောက် ထပ်ပြီး မထိန်းထားနိုင်တော့ပေ။ သူသည် ကျီကျောက်၏ လက်မောင်းထဲသို့ ပြေး၀င်လိုက်ကာ ငိုမိလေသည်။
“ကျွန်တော် အစ်မနဲ့ မခွဲချင်ဘူးဗျာ”
ရှန်းယောင်တစ်ယောက် ခေါက်ဆွဲအေးတစ်ပွဲဖြင့် အခန်းထဲ ၀င်လာချိန်၌ မောင်နှမနှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ဖက်ငိုနေကြသည်အား တွေ့လိုက်ရလေသည်။
“ဘာဖြစ်ကြတာလဲ”
“ဝူး…..ဝူး….ရှန်းယောင် ကျွန်မ ချန်ချန်နဲ့ မခွဲနိုင်ဘူးရှင်” ကျီကျောက်သည် မကျေမနပ် တိုင်တန်းလာလေသည်။
“ကျွန်မ ချန်ချန်နဲ့အတူ လိုက်သွားချင်တယ်”
ရှန်းယောင်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်လေသည်။ ထို့နောက် သူသည် ခေါက်ဆွဲအေး ပန်းကန်အား စားပွဲပေါ်တင်၍ ရေနွေး တစ်ဇလုံ ယူရန် လှည့်ထွက်သွားလေသည်။
“မျက်နှာအရင်သစ်လိုက်ပါဦးကွာ။ ညစ်ပတ်ပေကျံနေတဲ့ ကြောင်ရုပ်လေး ဖြစ်နေပြီ” ရှန်းယောင်သည် သူမ၏ မျက်နှာမှ မျက်ရည်များအား ညင်သာစွာ သုတ်ပေးရင်း သူ့အကြည့်များမှာ နူးညံ့လွန်းလှပေသည်။
***