မင်း နားထောင်ချင်လို့လား
Vol. 20 Ch. 297
ခြောက်လပိုင်းတစ်နေ့ရဲ့နေ၀င်ရီတရော၌ အလွန်လှပသည့် နေ၀င်ဆည်းဆာသည် ကောင်းကင်တစ်ခွင်တွင် ပြည့်နေလေသည်။
နေသည် အနောက်ရပ်သို့ ၀င်သွားပြီးနောက် ထွက်ပေါ်လာသည့် နေ၀င်ဆည်းဆာအလင်းတန်းများမှာ ရှန်းဟယ်တစ်ရွာလုံးအား ငြိမ်သက်အေးချမ်းမှုဖြင့် လွှမ်းခြုံထားပေသည်။
ရှန်းမိသားစု အိမ်၀င်းထဲရှိ ကန္တာရပင်အိုကြီးအောက်၌ ဝါးကြိမ်ကုလားထိုင်ခုံပေါ်တွင် လဲလျောင်းနေသည့် ကျီကျောက်သည် သူမ၏ မျက်လုံးများအား ကျဉ်းမြောင်းလိုက်ကာ ကောင်းကင်ပေါ်ရှိ တိမ်များအား ကြည့်နေလျက် သူမ၏ နှုတ်ခမ်းလေးအား စိတ်ပျက်မှုဖြင့် ကွေးလိုက်လေသည်။
“အချိန်တောင် အတော်လင့်နေပြီ။ အခုချိန် ချန်ချန် ဘယ်များရောက်နေပြီလဲနော်”
“ဆရာစုန့်ဆီက ကိုယ်ကြားရသလောက်တော့ ကွေ့ချွမ်စီရင်စုကို အရင်သွားပြီးမှ လှေဆိပ်ကို ပြန်သွားပြီး တောင်ဘက်ကို လှေလှော်သွားမယ်တဲ့လေ”
သူမဘေး၌ မတ်တပ်ရပ်နေသည့် ရှန်းယောင်သည် သူ့ကိုယ်သူ ယပ်ခတ်နေရင်း ညင်သာစွာ ပြောလာလေသည်။
“ကျွန်မ နည်းနည်း နောင်တရမိတယ်” ကျီကျောက်သည် သူမမျက်၀န်းထဲမှ ၀န်လေးမှု အရိပ်ယောင်များအား ဖုံးကွယ်ရန် အောက်စိုက်ကြည့်လိုက်ကာ သူမကိုယ်သူမ သရော်ရိပ်စွတ်ကာ ပြောလေသည်။
“အစောထဲကသာ သိခဲ့ရရင် ချန်ချန်ကို လိုက်ပို့ပေးဖို့ ရှင်နဲ့အတူ မြို့တော်ကို လိုက်ခဲ့ပါတယ်”
“ချန်ချန် ပြန်ရောက်တဲ့အချိန်ကျရင် သူ့ကို သွားကြိုဖို့ ကိုယ် မင်းနဲ့ လိုက်ခဲ့ပေးမယ်လေ” ရှန်းယောင်သည် သူမ၏ ပါးပြင်လေးအား ပွတ်သက်ကာ နှစ်သိမ့်လေသည်။
“စိတ်မပူပါနဲ့။ ချန်ချန်က နာခံမှုရှိပြီး ချင့်ချိန်တတ်တဲ့ ကလေးတစ်ယောက်ပါ။ သူ ခရီးလမ်းတစ်လျှောက်မှာ သေချာပေါက် ဘေးကင်းမှာပါကွာ”
“ကောင်းပါပြီ” ကျီကျောက်သည် အတင်းပြုံးလိုက်ရင်း သူ၏ ကြွက်သားတောင့်တင်းသည့် ပုခုံးအား မှီလိုက်ကာ ကျေနပ်စွာဖြင့် သူမ၏ မျက်လုံးအား ပိတ်လိုက်လေသည်။
ဒီမြင်ကွင်းအား အဝေးမှ လှမ်းကြည့်နေသည့် ကျောက်လန်ဟွာ၏ မျက်၀န်းများထဲ၌ စိတ်သက်သာရာရမှုများ ပြည့်နေလေသည်။
ခြောက်လပိုင်းရဲ့ နှစ်ဆယ့်တစ်ရက်မြောက်နေ့၌ ကျီကျောက်သည် အပူဒဏ်ကြောင့် နိုးလာခဲ့လေသည်။ လေထုသည် လှောင်အိုက်လွန်းတာကြောင့် အထိတ်အလန့် ဖြစ်စေသည်။ အသက်ရှူရသည်မှာတောင် မွန်းကြပ်လွန်းလှပေသည်။
“ကျောက်ကျောက်….”
“ရှန်းယောင် ကျွန်မ ထပ်ပြီး အိပ်လို့ မရတော့ဘူး” ကျီကျောက်သည် အသံတိုးတိုးဖြင့် ပြောလေသည်။ “ကျွန်မ ရေချိုးချင်တယ်”
“ဟုတ်ပါပြီ…. ကိုယ် မင်းအတွက် ရေပူပြင်ပေးထားမယ်နော်”
တစ်နာရီခန့်ကြာသည့်နောက် ရေချိုးပြီးပြီဖြစ်သည့် ကျီကျောက်တစ်ယောက် မွန်းကြပ်သလို ခံစားနေရသေးပေသည်။
“အာ့ထောင် မြည်းကြည့်ပါဦး….အမေ အထူးတလည် လုပ်ပေးထားတဲ့ ကန်စွန်းဥဇီးသီးယာဂုလေ” ကျောက်လန်ဟွာသည် ယာဂုတစ်ပန်းကန် ထည့်လိုက်ပြီး မျက်မှောင်ကြုတ်နေသည့် ကျီကျောက်အား လှမ်းပေးလိုက်လေသည်။ ကျောက်လန်ဟွာက ကျီကျောက်ကို စူးစမ်းလိုစိတ်ဖြင့် မေးလေသည်။ “သမီးကြည့်ရတာ နည်းနည်းဖျော့တော့နေသလိုပဲ။ နေမကောင်းဘူးလားဟင်”
“အမေ…..သမီး အဆင်ပြေပါတယ်” ကျီကျောက်သည် ပြုံးပြလိုက်ရင်း သူမ၏ ခေါင်းအား ညင်သာစွာ ခါပြလိုက်လေသည်။ “ရာသီဥတုက အရမ်းလှောင်အိုက်နေတာကြောင့် သမီး မသက်မသာ ခံစားနေရတာ ဖြစ်ပါလိမ့်မယ်”
“သမီး မပြောနဲ့။ အမေတောင် ဒီရာသီဥတုက တကယ့်ကို အနည်းငယ် ထူးဆန်းနေတယ်လို့ထင်မိတယ်” ကျောက်လန်ဟွာသည် အလျင်အမြန် သံယောင်လိုက်ကာ ပြောလေသည်။ “သမီး အဖေနဲ့ အမေလည်း ဒီမနက် အိပ်ရာက နိုးတော့ ချွေးတွေ အရမ်းထွက်တယ်လေ… ဟင်း… မိုးကလဲ ဘယ်ချိန်မှရွာမယ် မသိပါဘူး”
“အမေ….. သမီးတို့လယ်ထဲက ကောက်နှံပင်တွေ ကြိုပြီး ရိတ်သိမ်းထားပြီးပြီမလားဟင်” ကျီကျောက်က ရုတ်တရက် ထမေးလေသည်။
“စိတ်မပူနဲ့…..မနေ့ကတင် သမီးအဖေက လူတချို့ခေါ်ပြီး ကူသိမ်းခိုင်းထားတယ်လေ။ ဒါပေမယ့် ဒီနှစ် ရာသီဥတုက တကယ်ကို ဆိုးရွားလွန်းပါတယ်လေ။ အမေတို့ စိုက်ထားတဲ့ ဂျုံစေ့တွေက ထင်သလောက် အထွက်နှုန်း မကောင်းဘူး။ ကံကောင်းစွာနဲ့ ကြံတွေတော့ အများကြီး ရိတ်သိမ်းရလိုက်တယ်လေ”
“ဒါပေမယ့် အာ့ထောင်….. ညီမပြောတာ ကြံတွေကနေ သကြားဖြူအသန့် စစ်ထုတ်ယူနိုင်တယ်ဆို… တကယ်ပဲလား” ရှန်းတာ့လန်သည် ပေါက်ဆီစားရင်းမှ ရုတ်တရက် အတွေးတစ်ခု ပေါ်လာကာ သိချင်စိတ်ဖြင့် မေးလေသည်။
“အမှန်ပါပဲ” ကျီကျောက်သည် အခိုင်အမာ ပြန်ဖြေသည်။
“ ကြံက အရမ်းချိုနေရတဲ့အကြောင်းရင်းက ကြံထဲမှာ ပါ၀င်တဲ့ သကြားဓာတ် အရမ်းများနေတာကြောင့်ပါ။ ဒါ့အပြင် ကြံထဲကနေ စစ်ထုတ်တဲ့ သကြားဖြူဟာ အရမ်းအရသာရှိတယ်”
“ကောင်းတာပေါ့” ရှန်းတာ့လန်၏ မျက်လုံးများ ရုတ်ခြည်း လင်းလက်သွားလေသည်။ “တကယ်လို့ တို့တွေ မုန့်တွေထဲကို သကြားဖြူများများ ထည့်လုပ်မယ်ဆို မုန့်တွေလဲ အရမ်းအရသာရှိလာမယ်… ပိုအရေးကြီးတာက ကုန်ကြမ်းအတွက် ကုန်ကျစရိတ်လဲ သက်သာလာမယ်”
“အစ်ကိုကြီး….ကျွန်တော့်မှာ အကြံရှိတယ်။ အစ်ကိုကြီး နားထောင်ချင်လား။”
ရှန်းယောင်သည် အခွံခွာပြီးသည့် ကြက်ဥပြုတ်အား ကျီကျောက်ရှေ့ရှိ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်ရင်း ရှန်းတာ့လန်အား ကြည့်ကာ အပြုံးလေးဖြင့် အကြံပြုလေသည်။ “အစ်ကိုကြီး…. ကျောက်ဆန်ဆိုင်ကို အရင်လို ၀ယ်ချင်စိတ် ရှိသေးလားဗျ”
“အမှန်တိုင်းပြောရမယ်ဆိုရင် ကျောက်ဆန်ဆိုင်ရဲ့ တည်နေရာ အနေအထားက ရှန်းကျီထက် ပိုကောင်းတာတော့ အမှန်ပဲဗျာ” ရှန်းတာ့လန်က ဒီအကြောင်းကို ခဏလောက် အလေးအနက် စဉ်းစားလိုက်ပြီးနောက်
ခေါင်းခါလာလေသည်။
“ဆိုင်၀ယ်ဖို့အကြောင်း မေ့ထားရအောင်ပါ။ လူတိုင်းကို တစ်လုတ်ထဲနဲ့ ၀အောင် တို့တွေ မလုပ်နိုင်ဘူးလေ။ ဒါ့အပြင် အရင်က အစ်ကို အရမ်းဆန္ဒစောလွန်းတယ်။ အဲ့လိုမှမဟုတ်ရင် ကျောက်ရွှီရဲ့ အရူးလုပ်တာကို ဘယ်ခံရပါ့မလဲ”
“မင်းတို့လင်မယားကြောင့်သာ မဟုတ်ရင် အစ်ကို ဘယ်လောက်ကြာအောင် အချုပ်ကျနေဦးမလဲမသိဘူး…..”
“အစ်ကိုကြီး…. ပြောနေကြ စကားတစ်ခု ရှိတယ်မလား…. လဲကျတဲ့နေရာကနေ ထသင့်တယ် ဆိုတာလေ” ကျီကျောက်က အပြုံးတစ်ပွင့်ဖြင့် ဖျောင်းဖျလာလေသည်။
“ဒါ့အပြင် အစာသွပ်မုန့်ဆိုင်ရဲ့ စီးပွားရေးကလည်း ကောင်းသထက် ကောင်းနေတာမလား။ အစ်ကိုကြီးရဲ့ စီးပွားရေးကို နောက်ထပ် အဆင့်မြင့်အောင် မလုပ်ချင်ဘူးလား”
“ပိုက်ဆံများများ ပိုစုပြီးတော့ ဟောင်ဟောင် ကြီးလာရင် စာသင်ကျောင်းကို မပို့ပေးချင်ဘူးလား”
ရှန်းယောင်၏ သာမန်စကားလုံးများမှာ ရှန်းတာ့လန်အား အလွယ်တကူ လှုပ်ရှားသွားစေလေသည်။
“အကယ်၍ ကျောက်ဆန်ဆိုင်ကို အစ်ကိုကြီး ၀ယ်ယူချင်တယ်ဆိုရင်တောင် အစ်ကိုကြီးမှာ အာဏာမရှိဘူးလေ”
ရှန်းတာ့လန်သည် ကူကယ်ရာမဲ့စွာ ပုခုံးတွန့်ပြလေသည်။
“ကျောက်ဆန်ဆိုင်က လူတွေနဲ့ ပြောဆိုဆက်ဆံရတာ ဘယ်လောက်ခက်တယ်ဆိုတာ မင်းတို့ မေ့သွားကြပြီလား”
“ဖြစ်မြောက်အောင် လုပ်မယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့ လူတစ်ယောက်အတွက် လောကမှာ ခက်ခဲတဲ့အရာဆိုတာ မရှိဘူး။ လူတစ်ယောက်က ဘယ်လောက်ပဲ ပြောရခက်နေပါစေ သူတို့မှာ အားနည်းချက် အမြဲရှိနေလိမ့်မယ်” ရှန်းယောင်က ခပ်ဖွဖွ ပြုံးကာ တိုးတိုးလေး ရှင်းပြပေးသည်။ “အစ်ကိုကြီး…. ကျောက်ဆန်ဆိုင်က အလုပ်သမားတွေ ဘာလို့ အဲ့လောက် ဆက်ဆံရခက်တယ် ထင်လဲဗျ”
“ဘာလို့လဲဆိုတော့ အဲ့ခွေးသား ကျောက်ရွှီက သူတို့အပေါ် အကြွေးတင်ထားလို့လေ”
“အဲ့တာပဲ မဟုတ်လားဗျ။ သူတို့ အစ်ကိုကြီးကို ရှန်းကျီးအစာသွပ်မုန့်ဆိုင်မှာ ရန်လာရှာရတဲ့ ပထမအချက်ကတော့ ကျောက်ဆန်ဆိုင်က သူတို့နှစ်များစွာ အလုပ်လုပ်ခဲ့ရတဲ့ နေရာ ဖြစ်နေလို့ပဲ။ နောက်တစ်ချက်ကတော့ ဆိုင်ကို ကာကွယ်တာက သူတို့အတွက် မျှော်လင့်ချက်ရှိမယ်လို့ သူတို့ ထင်နေကြလို့ပဲ”
ရှန်းယောင်က တည်ငြိမ်စွာဖြင့် ခွဲခြမ်းစိတ်ဖြာပြလိုက်လေသည်။
“အဆုံးသတ်မှာ သူတို့ရဲ့ အားနည်းချက်က သူတို့မိသားစုတွေကို ထောက်ပံ့နေရတဲ့ အလုပ်လေး ဆုံးရှုံးရမှာကို စိုးရိမ်နေတဲ့အပြင် ကျောက်ရွှီ သူတို့အပေါ် တင်ထားတဲ့ ငွေတွေ ပြန်မရမှာကို ကြောက်နေလို့ပဲ”
ရှန်းတာ့လန်က ထပ်ခါတလဲလဲ ခေါင်းညိမ့်ပြလေသည်။ “စန်းလန် မင်းရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်း မဆိုးဘူးပဲ။ ဒါပေမဲ့ မုန့်ဆိုင်က အလုပ်သမားတွေ အများကြီး မလိုဘူးလေ”
တကယ်တော့ ရှန်းတာ့လန်သည် ဆန်ဆိုင်မှ အလုပ်သမားများအား သူ့ဆိုင်တွင် သုံးရန် မတွေးမိခဲ့သည်တော့ မဟုတ်ချေ။ သို့ပေမယ့် အစာသွပ်မုန့်ဆိုင်သည် ဆန်ဆိုင်နှင့် ခြားနားပေသည်။ မုန့်ဆိုင်တွင် မုန့်လုပ်နည်း အများဆုံး သိသည့် မုန့်လုပ်ဆရာတစ်ယောက်သာ လိုအပ်သည်။ ထို့အပြင် ဆန်ဆိုင်မှ အလုပ်သမားများသည် အားသုံးရန်သာ သိပေသည်။
“အစ်ကိုကြီး….. ကိုယ်ပိုင် သကြားစက်ရုံ ဖွင့်ဖို့ တွေးကြည့်ဖူးလားရှင့်” ဗိုက်ပြည့်အောင် စားသောက်ပြီးပြီဖြစ်သည့် ကျီကျောက်သည် ပြုံးလိုက်ကာ စကားဝိုင်းထဲ ၀င်ရောက်လာလေသည်။
“အစ်ကိုကြီး တွေးကြည့်ပါလား…. အချိုမုန့်တွေလုပ်တဲ့အခါ သကြားသုံးရတာကို ရှောင်လို့ မရဘူးမလား။ တင်းယွမ်ကောင်တီမှာရှိတဲ့ မိသားစု တော်တော်များများက ကြံစိုက်ပျိုးကြတယ်လေ။ အစ်ကိုကြီး သကြားစက်ရုံဖွင့်ဖို့ နေရာ တစ်နေရာ ရွေးချယ်နိုင်သလို ကြံတွေကို ဈေးနည်းနည်းနဲ့ ၀ယ်ယူပြီး သကြားထုတ်လုပ်မယ်ဆိုရင် ဒီနည်းနဲ့ မုန့်ဆိုင်ရဲ့ အသုံးစရိတ်ကို ခြွေတာနိုင်ရုံသာမက လူအများကြီးကို တည်ငြိမ်တဲ့အလုပ် တစ်ခုလည်း ပေးနိုင်မယ်လေ။”
“ကျောက်ဆန်ဆိုင်ကိုလည်း ၀ယ်နိုင်မှာဖြစ်သလို ဆန်ဆိုင်က အလုပ်သမားတွေကိုလည်း အလုပ်ကောင်းတစ်ခု ပေးနိုင်မယ်ဆို အချိန်တန်ရင် သူတို့က အစ်ကိုကြီးကို သေချာပေါက် ကျေးဇူးတင်ကြလိမ့်မယ်။ ဒီလိုဆိုရင် ရှန်းကျီမုန့်ဆိုင်ကိုလည်း တိုးချဲ့နိုင်မယ်မလား။”
ရှန်းတာ့လန်သည် ကျီကျောက်နှင့် ရှန်းယောင်တို့၏ အနာဂတ်အတွက် အသေးစိတ် အစီအစဉ်များကြောင့် လှုပ်ရှားသွားရကာ အနည်းငယ် တုံ့ဆိုင်းနေမိသည်။
“ဒါပေမယ့် စန်းလန်….အာ့ထောင်… သကြားစက်ရုံဖွင့်တာ မလွယ်ဘူးမလား။ အစ်ကိုကြီးကို ကုန်ကျစရိတ် ခန့်မှန်းခြေ ကူတွက်ပေးပါလား။ ဒါ့အပြင် ကြံကနေ စစ်ထုတ်ရရှိတဲ့ သကြားတွေကို အချိုမုန့်ထဲမှာ ထည့်သုံးနိုင်မလားဆိုတာကလည်း ကိစ္စ တစ်ခုပဲ။”
“ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ အစ်ကိုကြီးသာ လေးလေးနက်နက်နဲ့ စိတ်အားထက်သန်မှု ရှိနေသမျှ ကာလပတ်လုံး ဘယ်အရာကမှ ပြဿနာ ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။” ရှန်းယောင်က ညင်သာစွာ ပြောလေသည်။
“အမှန်ပဲပေါ့ရှင်” ကျီကျောက်သည် လက်ပေါ် မေးတင်ပြီး သူမ၏ နံဘေးမှလူအားကြည့်လျက် ခပ်ဖွဖွ ရယ်မောလိုက်ကာ ပြန်ဖြေလေသည်။
“အစ်ကိုကြီးမှာ သံသယတွေရှိနေသေးတာ ညီမ သိပေမဲ့ အရင်ဆုံး လက်တွေ့စမ်းသပ်မှု လုပ်ကြည့်နိုင်တယ်လေ။”
***