အရာရှိကျီ မြည်းကြည့်ပါလား။
Vol. 20 Ch. 298
“လက်တွေ့စမ်းသပ်တာလား” ရှန်းတာ့လန်သည် ခေါင်းအား ကုတ်လျက် သူ၏ ရိုးသားသော မျက်နှာထပ်၌ ရှုပ်ထွေးနေသည့် အမူအရာများ ပေါ်နေသည်။
“ညီမတို့အိမ်မှာ ကြံတွေရှိတယ်မဟုတ်လား။ အရင်ဆုံး အဲ့ဒီကြံတွေနဲ့ ကြံကနေ သကြားစစ်ထုတ်ဖို့ နည်းလမ်းရှာပြီး အရင်ကြိုးစားကြည့်မယ်လေ။ ပြီးရင် အဲ့ကနေ ရလာတဲ့ သကြားကို မုန့်တွေထဲ ထည့်ပြီး စမ်းလုပ်ကြည့်မယ်”
“ဟုတ်သားပဲဝေ့” ရှန်းတာ့လန်သည် အလျင်အမြန် သူ့ခေါင်းအား ခပ်စပ်စပ်လေး ပုတ်လိုက်လေသည်။ “အစ်ကို ဘာဖြစ်လို့ ဒီနည်းကို မတွေးမိတာပါလိမ့်”
ကျီကျောက်သည် သူ့အား မှင်သက်သက်ဖြင့် ကြည့်လိုက်ရင်း စိတ်ပူစွာ မေးလေသည်။ “အစ်ကိုကြီး….. ခေါင်းမနာဘူးလားဟင်”
ရှန်းတာ့လန် အခုလေးတင် သူ့ခေါင်းသူရိုက်လိုက်သည့် ရိုက်ချက်မှာ တကယ့်ကို အနည်းငယ် ပြင်းထန်ပေသည်။
“အဆင်ပြေပါတယ်ကွာ”
ရှန်းတာ့လန်သည် သူမအား ပြုံးဖြဲဖြဲ လုပ်ပြလေသည်။
မနက်စာစားပြီးချိန်မှာတော့…. ရှန်းတာ့လန်သည် သူ့ကိုယ်ပိုင်လယ်ထဲသို့ ကြံတစ်စည်း သွားယူလိုက်လေသည်။
ကျီကျောက်သည် တခဏလောက် တွေးလိုက်ရင်း ရိုးရှင်းတဲ့ အစီအစဉ်တစ်ခု လုပ်လိုက်ပေသည်။
“အမှန်တော့ ကိုယ် အရင်က ကောက်နှံပင်တွေနဲ့ ပတ်သက်တဲ့ စာအုပ်တချို့ ဖတ်ခဲ့ဖူးတယ်” ရှန်းယောင်သည် သူမဘေးသို့ လျှောက်လာပြီး ညင်သာစွာ ပြောလာလေသည်။ “ကြံကနေ သကြားစစ်ထုတ်ဖို့ နည်းလမ်းသုံးမျိုး ရှိတယ်။ ညှစ်ထုတ်ခြင်း၊ စိမ့်ထွက်ခြင်း၊ ကြိတ်ချေခြင်း ဆိုတဲ့ နည်းသုံးခုပေါ့”
“အမှန်ပဲ”ကျီကျောက်သည် သဘောတူသည့်အနေဖြင့် လက်ဖျောက်တီးလိုက်ရင်း သူမ၏ မေးစေ့အား ရုတ်တရက် ပွတ်သပ်နေလိုက်လေသည်။ “ဘယ်နည်းလမ်းက သကြားကို သန့်စင်ပေးနိုင်မယ်ဆိုတာ သိချင်မိသားနော်”
“အခုလေးတင် အကြံရှိပြီးသား မဟုတ်လား” ရှန်းယောင်က သူမ၏ နှာခေါင်းထိပ်လေးအား ချစ်မြတ်နိုးမှုဖြင့် ထိလိုက်လေသည်။ “အခုမှ ကိုယ်တို့တွေ လက်တွေ့စမ်းသပ်ကြည့်တဲ့ အဆင့်ပဲရှိသေးတာမလား။ နည်းလမ်းတိုင်းကို ကိုယ်တို့စမ်းကြည့်လို့ရတယ်မဟုတ်လား။ နည်းလမ်းတစ်ခုစီကို နှိုင်းယှဉ်ကြည့်ရင်း အကောင်းဆုံးနည်းလမ်းကို ကိုယ်တို့ ရွေးချယ်နိုင်မယ်လေ”
“ဟုတ်သားပဲနော်” ကျီကျောက်၏ မျက်လုံးများမှာ ချက်ချင်းပင် လင်းလက်သွားလေသည်။
သူမသည် ရှန်းယောင်အား လေးစားသဘောကျမှုများဖြင့် ကြည့်လိုက်ကာ ပြောလေသည်။
“ကျွန်မယောက်ျားက အကောင်းဆုံးပဲ”
သူမမှ သူ့အား ချီးကျူးလာပြီးသည့်နောက် ရှန်းယောင်၏ မျက်လုံးများမှာ နက်ရှိုင်းလာလေသည်။
နှစ်ရက်ခန့်လောက် နှိုင်းယှဉ်မှုအဆင့်များ လုပ်ပြီးသည့်နောက် ကြံကို ညှစ်ထုတ်ခြင်းဖြင့် သကြားအား ပိုမိုသန့်စင်အောင် ထုတ်ယူနိုင်သည်အား ကျီကျောက် တွေ့ရှိလိုက်ရလေသည်။ ဒီကြံနဲ့ လုပ်ထားတဲ့ အချိုမုန့်တချို့အား မြည်းစမ်းကြည့်ပြီးနောက် ရှန်းတာ့လန်သည် ချက်ချင်းပင် သကြားစက်ရုံဖွင့်ရန် ဆုံးဖြတ်လိုက်လေသည်။
ကျီကျောက်နှင့် ရှန်းယောင်တို့သည် ဆိုင်နေရာ ရွေးချယ်ရာ၌ ကူညီကြသလို ခြောက်လပိုင်းလကုန်အထိ လိုအပ်သောပစ္စည်းများ ၀ယ်ရာ၌လည်း ကူညီခဲ့ကြပေးပြီး နောက်ဆုံးတွင်တော့ ရှင်းလုံ သကြားစက်ရုံကြီး ဖွင့်လှစ်လိုက်လေသည်။
အဲ့ဒီအချိန်၌ ရာသီဥတုသည် ပူသည်ထက်ပူလာပေသည်။
ခရိုင်တရားသူကြီးမင်းကျီသည် စားနပ်ရိက္ခာအမြောက်အမြားအား စတင်၀ယ်ယူလေသည်။ သူ ပေးသည့် ဈေးမှာ အရင်နှစ်ထက် ဆယ်ရာခိုင်နှုန်းခန့် နည်းသော်ငြား အခြားသော စီရင်စုမြို့နယ်များထက် ပိုများနေပြီဖြစ်လေသည်။
ခုနှစ်လပိုင်းထဲရောက်ချိန်တွင်တော့ တင်းယွမ်ကောင်တီအနီး ရွာအတော်များများ၌ မြေအက်ကွဲခြင်းများ ဖြစ်ပေါ်လာလေသည်။
ခုနှစ်လပိုင်း ပထမဆုံးနေ့ရဲ့ ည၌ ပုံမှန်မဟုတ်သည့် ညတစ်ညသည် ကံကြမ္မာအလိုအရ ရောက်ရှိလာလေသည်။
ကျိုင်းကောင်များ ကျရောက်လာပြီဖြစ်ပေသည်။
သုံးရက်ခန့်အလိုက ကျီကျောက်နှင့် ရှန်းယောင်တို့သည် ရွာရှိလူတိုင်းအား အိမ်တံခါးများနှင့် ပြတင်းပေါက်များအား ပိတ်ထားရန်နှင့် အပြင်မထွက်ကြရန် ဆင်ခြေတစ်ခုရှာပြီး ပြောကြားခဲ့လေသည်။
ထို့ကြောင့် ကျိုင်းကောင်များ ရောက်ရှိလာသည့်အချိန်တွင် ရှီလျို့ကျေးရွာနှင့် ရှန်းဟယ်ကျေးရွာရှိ ရွာသားများသည် သူတို့အိမ်တံခါးများအား ကြိုတင်၍ ပိတ်ဆို့ထားကြလေသည်။ ဒီလိုဆိုရင်တောင်မှ များစွာသော မိသားစုများမှာ ကျိုင်းကောင်ကပ်ဆိုး သက်ရောက်ခံခဲ့ရလေသည်။
ကျိုင်းကောင်ရောက်ရှိလာသည့် နေရာများမှာ ကျတ်တီးမြေများ ဖြစ်သွားကြလေသည်။
တတိယမြောက်နေ့တွင် ကျိုင်းကောင်ကပ်ဆိုးမှာ ပိုပြီးပြင်းထန်လာသဖြင့် ကျီထင်အန်းသည် ပို၍ပင် သောကရောက်လာခဲ့လေသည်။
သို့ပေမယ့် သူသည် ကျီကျောက် အရင်က ပြောထားသည်အား အမှတ်ရလိုက်သဖြင့် ရုံးရှိ အရာရှိတစ်စုကို ကျိုင်းကောင်များအား ဖမ်းရန် အထူးညွှန်ကြားလေသည်။
ခုနှစ်လပိုင်းဆယ်ရက်မြောက်နေ့ မရောက်ခင်မှာဘဲ ကောင်းကင်တစ်ခွင်ရှိ ကျိုင်းကောင်များသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားကြလေသည်။
တရားသူကြီးမင်းကျီသည် ကျီကျောက်တို့လင်မယားအား ခရိုင်တရားရုံးသို့ ဖိတ်ကြားလိုက်လေသည်။
“မင်းတို့ရဲ့ ကြိုတင်အကြံပြုချက်အတွက် ကျေးဇူးတင်ပါတယ်ကွာ။ တင်းယွမ်ကောင်တီက ကျိုင်းကောင်ကပ်ဆိုးအခြေအနေက အခြားနေရာတွေထက် ပိုကောင်းမွန်ပါတယ်”
ကျီထင်အန်းသည် သူတို့နှစ်ယောက်ရှေ့သို့ မတ်တပ်ရပ်လိုက်ကာ သူ့နှလုံးသားအောက်ခြေမှ လှိုက်လှိုက်လှဲလှဲ ဦးညွှတ်ကာ ဂါရ၀ပြုလာလေသည်။
“အရာရှိကျီ….. ကျေးဇူးပြုပြီး ထပါဗျ” ရှန်းယောင်က သူ၏ ၀တ်ရုံလက်အား အလျင်အမြန် ဆွဲလိုက်ကာ ဦးညွှတ်ဂါရ၀ပြုလာသည်အား ရှောင်ဖယ်ရန် ကိုယ်ကို လှည့်လိုက်လေသည်။
“မဟုတ်တာ…. ကျုပ် ဂါ၀ရပြုတာကို လက်ခံပေးပါဗျ” ကျီထင်အန်းသည် ခိုင်ခိုင်မာမာ ပြောလာလေသည်။
“မင်းတို့သာ ကြိုတင်ပြီး တာ့ကျင်းရဲ့ သမိုင်းစာအုပ်ဟောင်းထဲက သဲလွန်စတွေကိုသာ ရှာမတွေ့ထားခဲ့ကြဘူးဆိုရင် တင်းယွမ်ကောင်တီရဲ့ အခြေအနေက ပိုပြီးပြင်းထန်စွာ ခံစားကြရမှာ အသေအချာပါဘဲဗျာ”
“အရာရှိကျီ….ကိုယ့်မွေးရပ်မြေကို ကာကွယ်စောင့်ရှောက်ဖို့ လူတိုင်းမှာ တာ၀န်ရှိပါတယ်” ကျီကျောက်က အပြုံးတစ်ပွင့်ဖြင့် ပြောလေသည်။
“တာ့ကျင်းမင်းဆက်ရဲ့ ပြည်သူပြည်သားတွေအနေနဲ့ ကိုယ့်မြို့တော်ရဲ့ လိုအပ်ချက်တွေကို ကိုယ်တတ်နိုင်တဲ့အင်အားနဲ့ ဖြည့်ဆည်းပေးရမှာက ကျွန်မတို့တွေရဲ့ တာ၀န်ပါပဲရှင်”
ဒီစကားတွေအား ကြားပြီးသည့်နောက် ကျီထင်အန်းမှာ ထိရှသွားရသဖြင့် မျက်လုံးများ ရဲတွတ်လာလေသည်။
“အမျိုးသမီးရှန်းကတော့ တကယ့်ကို ယောက်ျားသားတွေနဲ့ ရင်ဘောင်တန်းနိုင်တာပါပဲဗျာ”
“ဒါပေမယ့်လည်း အရာရှိကျီ….. ကျိုင်းကောင်အရေအတွက် လျော့နည်းသွားပြီဆိုပေမဲ့ ကျွန်မတို့တွေ စိတ်လျှော့လိုက်လို့ မရသေးဘူးရှင့်” ကျီကျောက်က လေးလေးနက်နက် ပြောလာလေသည်။ “ကျိုင်းကောင်တွေရဲ့ ပြန်လည်မွေးဖွားနိုင်စွမ်းရည်က တကယ့်ကို အားကောင်းပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့တွေ ဒီအချိန်တွင်းမှာ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားသင့်ပါတယ်”
“ကျုပ် နားလည်ပါပြီ” ကျီထင်အန်းက အသာခေါင်းညိမ့်ပြလာလေသည်။ “စကားမစပ် အမျိုးသမီးရှန်း…..ကျုပ်ကို ကျိုင်းကောင်ဖမ်းဖို့ လူတွေ စီစဉ်ထားခိုင်းတာ ဘာလို့ပါလဲဗျ”
“အမှန်တော့….. ကျိုင်းကောင်တွေက စားလို့ ရတယ်ရှင့်” ကျီကျောက်က အပြုံးဖျော့ဖျော့ဖြင့် ပြောလေသည်။
“ကျွန်မ ရှင့်ကို ဒီကျိုင်းကောင်တွေ ဖမ်းခိုင်းရတဲ့ အကြောင်းရင်းက ရိုးရှင်းပါတယ်… ကျွန်မတို့တွေ ကျိုင်းကောင်အရသာ မြည်းစမ်းကြည့်ကြမလို့လေ”
ကျီထင်အန်း၏ မျက်လုံးများသည် အံ့ဩမှုဖြင့် ပြူးကျယ်သွားလေသည်။
“ကျိုင်းကောင်တွေက…..စား…. စားလို့ရတာလား….”
“ကျွန်မကျိုင်းကောင်ကြော်လုပ်ပြီးသွားရင် ဒီဟင်းလျာက ဘယ်လောက် အရသာရှိတယ်ဆိုတာ အရာရှိကျီ သိလာမှာပါ”
ကျီကျောက်သည် ခပ်ဖွဖွ ရယ်မောလျက် ရှင်းပြလေသည်။ “တကယ်တော့ ကျိုင်းကောင်တွေက အတော်လေး ပုံမှန်ပါပဲ။ ရှင်… နှံကောင်တွေကို ကြားဖူးတယ်မလား”
“ကျုပ် ကြားဖူးပါတယ်” ကျီထင်အန်းသည် ခေါင်းအသာညိမ့်လေသည်။
“အမှန်တော့…. ကျိုင်းကောင်ဆိုတာ နှံကောင်ပါပဲ၊ သူတို့ရဲ့ သိပ္ပံနာမည်ကသာ ကျိုင်းကောင် ဖြစ်နေတာလေ။ နှံကောင်တွေအုပ်စုလိုက်ပေါ်လာရင်…. ကျိုင်းကောင်တွေလို့ ခေါ်ကြလိမ့်မယ်။”
ကျီထင်အန်း ဉာဏ်အလင်းရသွားလေသည်။ “အဲ့လိုမျိုးလားဗျ”
“နှံကောင်တွေကို ဆီပူပူထဲ နှစ်ကြော်လိုက်ရင် အရသာရှိတဲ့ ဟင်းလျာတစ်ခွက် ဖြစ်လာနိုင်သလို ချက်ပြုတ်နည်းကလဲ မခက်လှပါဘူး။ ဒါပေမယ့် ဒီဟင်းလျာက ဆီသန့်သန့်ထဲမှာ ချက်ရင် ပိုအရသာရှိတယ်။ အကောင်းဆုံးကတော့ မြေပဲဆီနဲ့ ချက်တာ အကောင်းဆုံးပါပဲ” ကျီကျောက်သည် အပြုံးလေးဖြင့် ရှင်းပြပြန်လေသည်။
“အရာရှိကျီ…. ခဏလောက် ကျွန်မခင်ပွန်းနဲ့ စောင့်ပေးနိုင်မလား။ ကျွန်မ မီးဖိုချောင်ထဲသွားပြီး ရှင်တို့မြည်းကြည့်ဖို့ နှံကောင်ကြွပ်ကြော် ပြင်ဆင်ပေးပါ့မယ်”
ကျီထင်အန်းသည် မသိစိတ်မှ ငြင်းပယ်ချင်ပေမဲ့ ထိုအကြောင်းအား စဉ်းစားပြီးနောက် အကြံကောင်းဖြစ်ကြောင်းကို သူ ခံစားလိုက်ရလေသည်။
ကျိုင်းကောင်တွေကသာ စားလို့ရတယ်ဆိုရင် သူတို့တွေ အခြားပြဿနာတွေကိုလည်း ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်ပေသည်။
ကျီကျောက်၏ ကြိုတင်ညွှန်ကြားချက်အရ ကျီထင်အန်းသည် တစ်ယောက်ယောက်အား ကျိုင်းကောင်အချို့ ပြင်ဆင်ခိုင်းထားပြီး ဖြစ်ပေသည်။
ကျိုင်းကောင် လတ်လတ်ဆတ်ဆတ်များကို ဇလုံတစ်ခုထဲတွင် ထားကာ နှစ်ရက် ကြိုတင်ပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ထားသည်။ ကျိုင်းကောင်များကို မစင်နှင့် အညစ်အကြေးများ စင်အောင် ဆေးကြောပြီးနောက် ကျီကျောက်သည် ရေနွေးတစ်အိုးတည်ကာ ထိုကျိုင်းကောင်များအား သေစေရန် ပြုတ်လိုက်လေသည်။ သူမသည် ကျိုင်းကောင်များ၏ ခေါင်း၊ ဗိုက်၊ အတောင်၊ အတွင်းအင်္ဂါများအား ဖယ်လိုက်ပြီးနောက် ထိုကျိုင်းကောင်များအား ဆားရည်အိုးထဲသို့ မီးအေးအေးဖြင့် ထည့်ပြုတ်လိုက်လေသည်။ ထို့သို့ ပြုတ်ပြီးနောက် ရေများအား စစ်ထုတ်လိုက်လေသည်။
ဒီမြင်ကွင်းအား မြင်ရပြီးနောက် ကျီထင်အန်း အနည်းငယ် အံ့ဩသွားမိလေသည်။ သူ ခံစားရသည်က ဒီအရုပ်ဆိုးလှသည့် ကျိုင်းကောင်များကို ထိတွေ့ကိုင်တွယ်သည့် မည်သူပင်ဖြစ်စေ အရုပ်ဆိုးလှသည့် မြင်ကွင်းအား ဖြစ်စေမည်ဟုပင်။ သို့သော်ငြား ကျီကျောက်သည် လှုပ်ရှားမှုတစ်ခု လုပ်လိုက်တိုင်း ကျက်သရေရှိလှပေသည်။
တစ်နေ့နေ့၌ သူသည် ကျိုင်းကောင်နဲ့ ကျက်သရေရှိတယ် ဆိုတဲ့ စကားစုကို စာကြောင်း တစ်ကြောင်းထဲမှာ ထည့်ပြောမိလိမ့်မည်ဟု ကျီထင်အန်း မထင်ထားခဲ့ပေ။
“အာ့ထောင် ဆီအိုးက အပူချိန် ၄၀ ရာခိုင်နှုန်းလောက် ပူနေပြီ” ရှန်းယောင်က တူတစ်စုံ ယူလိုက်ကာ ထိုကျိုင်းကောင်များအား အိုးထဲသို့ ထည့်လေသည်။ သူသည် အိုးအပူချိန်အား ခံစားရပြီးနောက် ညင်သာစွာ ပြောလေသည်။
“ကောင်းပါပြီ” ကျီကျောက်သည် သန့်စင်ကိုင်တွယ်ထားသော ကျိုင်းကောင်များအား အိုးထဲသို့ ထည့်ကြော်လေသည်။
ရှဲ*
ဆီပူအိုးထဲမှ တရှဲရှဲထွက်ပေါ်လာသည့် အသံနဲ့အတူ လေထုထဲ၌ မွှေးရနံ့များဖြင့် ပြည့်လျှံသွားလေသည်။
နောက်ပိုင်းမှာတော့ ကျီကျောက်သည် ကြော်ပြီးသွားသည့် ကျိုင်းကောင်များပေါ်တွင် ဟင်းခတ်အမွှေးအကြိုင်တချို့ အုပ်လိုက်လေသည်။ ထို့နောက်သူမသည် ပန်းကန်ပြားထဲသို့ ထည့်လိုက်ကာ ကျီထင်အန်းအား လှမ်းပေးကာ အပြုံးဖျော့ဖျော့ဖြင့် ပြောလေသည်။
“အရာရှိကျီ….. ဒီကျိုင်းကောင်တွေကို မြည်းကြည့်ချင်လားရှင့်”
***