သေချာတာပေါ့ဗျာ
Vol. 20 Ch. 299
“အရာရှိကျီ မြည်းကြည့်ချင်လားရှင့်” ကျီကျောက်သည် အပြုံးလေးဖြင့် သူ့အား ကျိုင်းကောင်ကြော် တစ်ပန်းကန် လှမ်းပေးလေသည်။
ကျီထင်အန်းသည် မသိစိတ်မှလှုံ့ဆော်မှုကြောင့် ငြင်းဆိုရန် သူ့လက်အား ယမ်းပြလေသည်။ သို့ပေမယ့် မွှေးရနံ့အား ရသည့်အခါ သူ မြည်းစမ်းချင်စိတ်ပေါက်လာလေသည်။
“ဒါ….ဒါက တကယ် စားလို့ကောင်းတာလား”
“စားလို့ကောင်းပါတယ်ရှင့်” ကျီကျောက်သည် ပြုံးပြကာ ခိုင်ခိုင်မာမာပြောလေသည်။
“ရှင်ကသာ ဥပမာအနေနဲ့ မမြည်းစမ်းချင်ဘူးဆိုရင် တင်းယွမ်ကောင်တီက လူတွေကရော မြည်းချင်ကြပါ့မလားဆိုတာ ကျွန်မ စိုးရိမ်မိသားရှင်”
ဒီစကားအား ကြားပြီးနောက် ကျီထင်အန်း၏ မျက်လုံးများမှာ ၀င်းလက်လာလေသည်။ တခဏကြာပြီးနောက် သူ့မျက်လုံးများမှာ စိတ်ပိုင်းဖြတ်ပြီးသည့် အရိပ်အယောင်ဖြင့် ပြည့်နေလေသည်။
အဆုံးမှာတော့ သူသည် မျက်လုံးများအား ပိတ်လိုက်ကာ ကျိုင်းကောင်ကြော်တစ်ခုအား ယူ၍ သူ့ပါးစပ်ထဲ ထည့်လိုက်လေသည်။
ဒါက သူ စိတ်ကူးထားသည်နှင့် ကွာခြားလှပေသည်။ ကျိုင်းကောင်ကြော်များမှာ လတ်ဆတ်ကာ ကြွပ်ရွလှပေသည်။ တစ်ကိုက်လေး ကိုက်လိုက်ရုံဖြင့် မွှေးရနံ့မှာ သင်းကြိုင်နေပေသည်။
အထူးဆန်းဆုံးအရာကတော့ စားလေ စားလေ မ၀သလို ခံစားရပေသည်။
“အရာရှိကျီ ဘယ်လိုနေလဲရှင့်” သူ့မျက်နှာအမူအရာအား မြင်ပြီးနောက် ကျီကျောက် အဖြေရသွားပြီးဖြစ်ပေသည်။
“အရမ်းကောင်းတယ်”
ကျီထင်အန်းသည် အလွန်၀မ်းသာပီတိဖြစ်မိသည်။ ကျီကျောက်၏ ဟင်းချက်စွမ်းရည်မှာ အလွန်လက်ဖျားခါရလောက်မည်ဟု သူ မထင်ထားမိချေ။ မထင်မရှား ကျိုင်းကောင်များကိုတောင်မှ အရသာရှိလှသည့် စားကောင်းသောက်ဖွယ်အဖြစ် ပြောင်းလဲပေးနိုင်လေသည်။
“လူကြီးမင်း…. ကျိုင်းကောင် ချက်ပြုတ်နည်းလမ်းကို ကျွန်မ ချရေးထားပြီးပါပြီ” ကျီကျောက်သည် စေတနာ သဒ္ဒါတရား ထက်သန်စွာဖြင့် ‘ချက်ပြုတ်နည်း လျှို့ဝှက်ချက်’ အား ပေးအပ်လာလေသည်။ ထို့နောက် သူမသည် ကျိုင်းကောင်ချက်ပြုတ်နည်းနဲ့ ပတ်သက်သည့် အလွန်တရာ အဖိုးတန်သော အကြုံပြချက်များလည်း ပေးလေသည်။
ကျီထင်အန်းသည် ဆက်တိုက် ခေါင်းညိမ့်နေမိလေသည်။ ထိုစုံတွဲအား ပြန်ပို့ပြီးမှသာ သက်ပြင်းချနိုင်လေသည်။
“ကျီအာ့ထောင်သာ အမျိုးသားတစ်ယောက်သာဆို သူမက ဘုရင်မင်းမြတ်အပေါ် သေချာပေါက် သစ္စာရှိပြီး အနာဂတ်မှာ တိုင်းပြည်အရေးကို ရှေ့တန်းတင်မဲ့သူ ဖြစ်လာပြီး နန်းတွင်းအတွက် အကောင်းဆုံး ဆောင်ရွက်ပေးနိုင်လိမ့်မယ်”
သူ့ဘေး၌ ရပ်နေသော ကျူးပိုင်သည် တိတ်တဆိတ် ခေါင်းညိမ့်ပြလာလေသည်။ အမျိုးသမီးရှန်းက တကယ့်ကို သာမန်ထက် ထူးခြားတဲ့ သူတစ်ယောက်ပါပဲ။
သူမက ကြင်နာတတ်ပြီး ကောင်းမွန်တဲ့ အကျင့်စရိုက်ရှိတာကြောင့် လူတွေကို သူမနဲ့ ခင်မင်ချင်အောင် လုပ်နိုင်တယ်။
“ဒါပေမဲ့ လူကြီးမင်း….. လူတိုင်းကို ကျိုင်းကောင်စားဖို့ စည်းရုံးတာက မလွယ်လောက်ဘူးထင်တယ်” ကျူးပိုင်က စိုးရိမ်တကြီး ပြောလေသည်။
“အဆင်ပြေပါတယ်။ ငါ အရှင့်သားဆီကို စာပို့ထားလိုက်မယ်။ အရှင့်သားမှာ ဒီပြဿနာအတွက် ဖြေရှင်းနည်း ရှိလောက်လိမ့်မယ်” ကျီထင်အန်းက ခိုင်ခိုင်မာမာ ပြောလေသည်။
“အခြားစီရင်စုမြို့နယ်တွေထပ်စာရင် တင်းယွမ်ကောင်တီက သက်ရောက်မှု အနည်းဆုံးပဲလေ။ ဒီကိစ္စက ကိုယ့်တည်ရှိမှုကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတဲ့လူတွေရဲ့ စိတ်၀င်စားမှုကို ဆွဲဆောင်ပြီးလောက်နေပြီ”
“အရင်က အရှင့်သားက ရှန်းယောင်ကို ပါးပါးနပ်နပ် ချဉ်းကပ်ဖို့ အထူးညွှန်ကြားခဲ့တယ်လေ။ အခု ငါ့အထင်တော့ သူ့ဇနီးက ပိုစိတ်၀င်စားဖို့ကောင်းတယ်” ကျီထင်အန်းက ခေါင်းငုံ့ကာ သူ့ခါးရှိ ငါးကြင်းသဏ္ဍာန် ကျောက်စိမ်းဆွဲပြားအား ပွတ်သပ်လျက် သူ့မျက်ခုံးအား ပင့်လိုက်လေသည်။ “ကျူးပိုင်…. ငါ အာ့ထောင်ရဲ့ ပုံတူပန်းချီကို မြို့တော်ကို ပို့သင့်တယ်လို့ထင်လား”
“လူကြီးမင်း…. အမျိုးသမီးရှန်းရဲ့ နောက်ကြောင်းဇစ်မြစ်ကို သံသယရှိနေတုန်းလားဗျ” ကျူးပိုင် အနည်းငယ် အံ့အားသင့်မိလေသည်။ ဒါပေမယ့် သေချာစဉ်းစားကြည့်ပြီးနောက် အရာရှိကျီ၏ အတွေးများကို သူနားလည်နိုင်သွားလေသည်။
“အင်း….. ကျီအာ့ထောင်က ရှီလျို့ကျေးရွာမှာ မမွေးခဲ့တာအပြင် သူမရဲ့ အသွင်ပြင်လက္ခဏာက အကြီးဆုံးအဒေါ်နဲ့ တူလွန်းလှတယ်” ကျီထင်အန်းသည် ခဏလောက် အလေးအနက် စဉ်းစားပြီးနောက်ဆုံးတွင် ကျီကျောက်၏ ပုံတူပန်းချီအား ဆွဲရန် တိတ်တဆိတ် ဆုံးဖြတ်ကာ အကြီးဆုံးအဒေါ်ထံ ပို့ပေးလိုက်လေသည်။ အကြီးဆုံးအဒေါ်က သူ့အတွက် အထောက်အပံ့ကောင်း တစ်ခုပဲ ဖြစ်ပေသည်။ ကျိုင်းကောင်ကပ်ဆိုးမှာ နောက်ဆုံးတော့ ပြီးသွားလေသည်။ ခုနှစ်လပိုင်းအကုန်၌ တင်းယွမ်ကောင်တီ ပြည်သူပြည်သားများသည် မိုးအား လှိုက်လှဲစွာ ကြိုဆိုကြလေတော့သည်။
တစ်နေ့လုံး တစ်ညလုံး မိုးသည်းထန်စွာ ရွာနေခဲ့ပြီးနောက် ရှစ်လပိုင်း ပထမရက် အာရုဏ်တက်ချိန်မှသာ ရပ်တန့်သွားလေသည်။ သလင်းကျောက်လို ကြည်လင်နေသည့် မိုးစက်လေးများ ငှက်ပျောစိမ်းရွက်လေးပေါ်သို့ လိမ့်ဆင်းနေသည်မှာ ကျီဆယ်နေသည့်အလား ချစ်ဖို့ကောင်းနေသည်။ မိုးရွာပြီးနောက် တိုက်လာသည့် လေမှာ ထူးခြားစွာ လတ်ဆတ်လို့နေပေသည်။
ကျီကျောက်သည် အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေပြီး သူ့ဘေးရှိ နေရာလွတ်လေးမှာ အေးနေလေပြီ။
သူမသည် အိပ်ရာမှ မှင်သက်စွာ ထထိုင်လေသည်။ သူမ သမ်းဝေလိုက်ပြီးနောက် လုံးလုံးလျားလျား နိုးသွားလေသည်။
ကျွီ*
တံခါးတွန်းဖွင့်လာချိန်၌ ရှန်းယောင်သည် သူ့လက်ထဲမှ ဆီစိမ်စက္ကူထီးအား ပိတ်လိုက်ကာ အပြင်ဖက် တံစက်မြိတ်တွင် မိုးရေစက်များအား ခါလိုက်လေသည်။ ထို့နောက် အိမ်ထဲသို့ လှည့်၀င်လိုက်ကာ သူ့လက်ထဲတွင် ပွင့်ခါစ ခေါင်ရမ်းပန်း နှစ်ပွင့် ရှိနေလေသည်။
“ကျောက်ကျောက် နိုးပြီလား” ရှန်းယောင်က သူမအား ပြုံးပြလာလေသည်။ ထို့နောက် သူသည် ဘူးအသန့်တစ်ဘူးရှာပြီး ခေါင်ရမ်းပန်းနှစ်ပွင့်အား အထဲသို့ ထိုးစိုက်လိုက်လေသည်။
ခေါင်ရမ်းပန်းနံ့ သင်းသင်းလေးမှာ အိပ်ခန်းအား လှပတင့်တယ်မှု တိုးစေလေသည်။
“ရှင် မနက်အစောကြီးထသွားပြီး ခေါင်ရမ်းပန်း သွားခူးနေတာလား”
“အင်း” ရှန်းယောင်က ပြုံးလျက် သူမဘေးသို့ လျှောက်လာလေသည်။ ထို့နောက် သူ့လက်အား မြှောက်ကာ သူမ၏ နှာခေါင်းထိပ်လေးကို တို့ထိလေသည်။ “မင်း မနေ့ညက ဘာပြောခဲ့တယ်ဆိုတာ မေ့သွားပြီလား”
“မနေ့ညက….” ထိုစကားအားကြားသည့်နောက် ကျီကျောက်၏ မျက်နှာ ချက်ချင်းဆိုသလို နီမြန်းလာလေသည်။
သူတို့နှစ်ယောက် လင်မယားအရာမြောက်ထဲက ရှန်းယောင် ဘယ်လောက် လှုပ်ရှားတက်ကြွတယ်ဆိုတာ သူမ သိလိုက်ရလေသည်။
သူမတို့ လုပ်ဆောင်ကြသည့်အချိန်တိုင်း သူမ ငိုယိုပြီး မတောင်းပန်မချင်း သူ မရပ်တန့်ပေးခဲ့ပေ။
သို့ပေမယ့် ဒီခံစားချက်က ချိုမြိန်စရာ ၀န်ထုပ်၀န်ပိုး တစ်စုံတစ်ရာပင် ဖြစ်ပေသည်။
“ကျောက်ကျောက် ပူလို့လား။ ဘာဖြစ်လို့ မင်း မျက်နှာ ရုတ်တရက် နီလာရတာလဲ” ရှန်းယောင်သည် သူမ၏ ပါးလေးအား ပွတ်သပ်လိုက်ကာ အပြုံးဖျော့ဖျော့ဖြင့် နူးညံ့စွာ ပြောလိုက်ပေမဲ့ ထိုစကား၏ နောက်ကွယ်ရှိ အဓိပ္ပါယ်မှာ သိသာထင်ရှားလှပေသည်။
“အဟွတ် အဟွတ် ပူလို့လား…. ကျွန်မတော့ အဲ့လို မထင်မိပါဘူးနော်” ကျီကျောက်သည် သူ့လက်အား တိတ်တဆိတ် ဖယ်လိုက်ကာ စိတ်မ၀င်စားယောင်ဆောင်ကာ မျက်တောင်ခတ်နေလေသည်။
“မနေ့ညက….. မနေ့ညက ကျွန်မ ဘာပြောခဲ့မိလို့လဲ”
“မင်းပြောတာ မနေ့ညက ဆီများတဲ့ အစားစာတွေ စားမိတာကြောင့် နှင်းမှိုကြာစေ့စွပ်ပြုတ် သောက်ချင်တယ်ဆို” ရှန်းယောင်သည် ကူကယ်ရာမဲ့စွာဖြင့် သူမ၏ နှာခေါင်းလေးအား ဆွဲလိုက်ကာ ညင်သာစွာ ပြောလေသည်။
“ဒါကြောင့် မနက်ထဲက ရှင် ကြာခွက်တွေ သွားခူးနေတာပေါ့နော်” ကျီကျောက် အံ့အားသင့်သွားကာ အလွန်မင်း ထိရှသွားမိလေသည်။
“အင်း” ရှန်းယောင်က ခေါင်းအသာညိမ့်ပြလေသည်။ “မီးဖိုချောင်ထဲကို ကိုယ် ကြာခွက်တွေ ပို့ထားပြီးပြီ။ အမေကတော့ နှင်းမှိုကြာစေ့စွပ်ပြုတ်ရတာနဲ့ လှမ်းခေါ်မယ်ပြောတယ်”
“ရှန်းယောင်…. ရှင်ဘာလို့ အဲ့လောက် ကောင်းလွန်းရတာလဲ” ကျီကျောက်သည် သူ့လက်မောင်းထဲသို့ ပြေး၀င်လိုက်ကာ သူ့ခါးအား ဖက်ထားလိုက်ပေသည်။ သူမ သူ့အား ကြည့်လိုက်သည့် တဒင်္ဂတွင် သူမ၏ မက်မွန်ပွင့် မျက်လုံးလေးများမှာ ကြယ်ပွင့်များကဲ့သို့ လင်းလက်တောက်ပနေပေသည်။
“အရူးမလေး” ရှန်းယောင်က သူ့ခေါင်းအားငုံ့လိုက်ကာ သူမနှဖူးပြင်လေးအား ထိကပ်လိုက်ကာ ညင်သာစွာ ပြောလေသည်။ “မင်းက ကိုယ့်ဇနီးလေးပဲဟာ ကိုယ် မင်းကို ကောင်းကောင်း ဆက်ဆံပေးရမှာပေါ့ကွာ”
ကျီကျောက်၏ မျက်၀န်းထဲမှ အပြုံးများမှာ နက်ရှိုင်းလာကာ သူ့အား မလွှတ်ချင်လောက်အောင် တင်းကြပ်စွာ ဖက်ထားလိုက်ပေသည်။
“ကျောက်ကျောက် မင်းနောက်ထပ် နည်းနည်း ကြာကြာလောက် ဆက်အိပ်ရင်တောင် ကိုယ် စိတ်မရှိဘူး သိလား….” ရှန်းယောင်သည် သူ့မျက်ခုံးအား ပင့်လိုက်ကာ သူမကို ကြည့်လိုက်လေသည်။ သူ့မျက်လုံးထောင့်တွင် အပြုံးသေးသေးလေး ဖြစ်ပေါ်လာကာ နောက်ကွယ်မှ နက်ရှိုင်းသည့် အဓိပ္ပါယ်မှာ ထင်ရှားလှလေသည်။
ဒီအချိန်မှာ ကျီကျောက်သည် ကြောက်ရွံ့နေသည့် ယုန်သူငယ်လေးပမာ အမြန်ပြေးထွက်ဖို့ လုပ်လိုက်လေသည်။
“ကျွန်မ မီးဖိုချောင်ထဲသွားပြီး အမေ ဘာအကူညီများလိုမလဲ သွားကြည့်လိုက်ဦးမယ်နော်”
ထိုစကားကို ပြောပြီးနောက် သူမ အမြန်ပြေးထွက်လာခဲ့သည်။
တကယ်လို့ သူမ နောက်ကျသွားလျှင် ဒီနေ့ နေ့လည်စာ စားချိန်မတိုင်မှီ အိပ်ရာထဲမှ သေချာပေါက် သူမ ထွက်နိုင်တော့မည် မဟုတ်ပေ။
တစ်နာရီခန့်ကြာပြီးနောက်
ကျီကျောက် အခန်းထဲသို့ ချက်ပြီးသား နှင်းမှိုကြာစေ့စွပ်ပြုတ်ဖြင့် ပြန်ရောက်လာချိန်တွင် ရှန်းယောင်သည် စာအုပ်အား လေးနက်စွာ ဖတ်နေလေသည်။
“ရှန်းယောင်….. အရင် ကြာစေ့စွပ်ပြုတ် သောက်နှင့်ရအောင်လေ” ကျီကျောက်သည် ပြုံးပြကာ နှင်းမှိုကြာစေ့စွပ်ပြုတ်ပန်းကန်လုံးအား လှမ်းပေးလာလေသည်။ “ကျွန်မတို့တွေ နှစ်ရက်အတွင်း စီရင်စုမြို့တော်ကို ထွက်ခွာသင့်တယ်မလား”
တာ့ကျင်းမင်းဆက်၏ ဆောင်းဦးရာသီစာမေးပွဲမှာ ပုံမှန်အားဖြင့် ရှစ်လပိုင်း လလယ်တွင် စတင် ကျင်းပလေ့ ရှိပေသည်။ ဆောင်းဦးရာသီ စာမေးပွဲပြီးနောက် ပင်လုံးကြိုင်ပန်းများ ပွင့်ကြလေသည်။ ဒါကြောင့်မလို့ ‘ပင်လုံးကြိုင်ပန်းအဆင့်ဇယား’ ဟူသော စကား ရှိခဲ့ပေသည်။
ဆောင်းဦးရာသီစာမေးပွဲတွင် ပြည်နယ်စာမေးပွဲဖြစ်သည့် အခြားအမည်ပြောင်တစ်ခုလည်း ရှိပေသည်။
ရှန်းယောင်သည် လွန်ခဲ့သည့် ခုနှစ်နှစ်ခန့်က ပညာသင်ကျောင်းသားတစ်ဦး ဖြစ်ခဲ့ပေမဲ့ လေးနှစ်ခန့်အကြာက ကံမကောင်းစွာဖြင့် စာမေးပွဲ ကျရှုံးခဲ့ရသည်။
တကယ်၍ ဆရာဖန့်ကသာ သူ မသေခင် ရှန်းယောင်အား အမှန်တရား မပြောခဲ့လျှင် သူ့ရလဒ်တွေက ကြိုတင်၍ အလဲခံလိုက်ရကြောင်း ယုံကြည်ရဲလိမ့်မည် မဟုတ်ပေ။
“အင်း” နှင်းမှိုကြာစေ့စွပ်ပြုတ် တစ်ပန်းကန် သုံးဆောင်ပြီးနောက် ရှန်းယောင်က ခေါင်းအသာညိမ့်ပြလာပေသည်။ “ကြားထဲမှာ အမှားအယွင်း တစ်ခုမှ မရှိခဲ့ရင် နှစ်ရက်အတွင်း ကိုယ်တို့ ခရီးစထွက်နိုင်လိမ့်မယ်”
“ဒါဆို ကျွန်မတို့ အထုပ်အပိုးတွေ ကြိုပြင်ထားရမယ်”
“အာ့ထောင်….” ရှန်းယောင်က ရုတ်တရက် ခေါ်လိုက်သည်။
“အင်း”
“ဒီတစ်ကြိမ်လည်း ကိုယ်မအောင်မြင်ခဲ့ရင်…”
“ရှန်းယောင်…” ကျီကျောက်က စားပွဲဆီမှ သူ့နားသို့ လျှောက်လာကာ လေးနက်သည့် အကြည့်ဖြင့် ပြောလေသည်။
“ရှင်အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ ကျွန်မအတွက် ရှင်က ကျွန်မရဲ့ တစ်ဦးတည်းသော ခင်ပွန်းပဲ… ရှင့်အဆင့်တန်းက ဘာပဲဖြစ်ပါစေ… ကျွန်မ ဂရုမစိုက်ဘူး၊ ရှင် နားလည်ပြီလား”
***