ဘာလုပ်ရမယ်ဆိုတာ ကျွန်မသိတယ်။
Vol. 20 Ch. 301
သူမ ဒေါသထွက်နေသည့် ပုံစံလေးမှာ ရှန်းယောင်၏ မျက်လုံးထဲတွင် ဆွဲဆောင်မှုတမျိုး ရှိနေပြန်သည်။
“ကျောက်ကျောက် ကြည့်ရတာ ပင်ပန်းပုံမပေါ်ဘူးနော်”
“မဟုတ်ဘူးရှင့်” ကျီကျောက်သည် မပျော်မရွှင်ဖြင့် မှင်သက်နေမိသည်။
ဒေါက် ဒေါက်*
ရုတ်တရက် အခန်းတံခါးခေါက်သံ ကြားလိုက်ရသည်။ အပြင်ဖက်၌ ရပ်စောင့်နေသည့် ကျောက်လန်ဟွာသည် စိုးရိမ်စွာဖြင့် မေးလာသည်။ “အာ့ထောင်…. သမီး နိုးပြီလားကွယ့်… အမေ ဂျင်ဆင်းကြက်မဲစွပ်ပြုတ်လေး လုပ်ထားပေးတယ်။ ပူနေတုန်းလေး တစ်ပန်းကန်လောက် သောက်လိုက်နော်”
“ဟုတ်ကဲ့ အမေ…. သမီး လာပါပြီ”
ခဏကြာပြီးနောက် ကျီကျောက်သည် ပင်မခန်းထဲရှိ ထမင်းစားပွဲ၌ အသာထိုင်လိုက်ကာ ကျောက်လန်ဟွာ သေသေချာချာနှပ်ကာ ပြင်ဆင်ထားသည့် ကြက်မဲစွပ်ပြုတ်အား အရသာခံလိုက်သည်။ ထို့နောက် သူမ နှလုံးသားအောက်ခြေမှ လက်မထောင်ပြကာ ချီးကျူးအမွှန်းတင်တော့သည်။
“အမေ….. အမေ့ရဲ့ ဟင်းချက်လက်ရာကတော့ တကယ့်အံ့မခန်းပဲ…. ဒီကြက်မဲစွပ်ပြုတ်ရဲ့ အရသာက တကယ် ဆန်းသစ်နေပါရောရှင်”
“ကြိုက်ရင် များများသာ သောက်နော်” ကျောက်လန်ဟွာက ပျော်ရွှင်စွာ ပြောသည်။ “အခုတလော သမီးကြည့်ရတာ နေသိပ်မကောင်းပုံပေါ်နေတယ်… စန်းလန်ကတော့ ကိုယ့်ဇနီးကိုယ် ဘယ်လို ချစ်မြတ်နိုးပေးရမယ်ဆိုတာ မသိပါလား…”
သူတို့လက်ထပ်ပြီးကထဲက ကျီကျောက် မျက်လုံးအောက်မှ မျက်ကွင်းမဲများ ပျောက်တဲ့နေ့ဆိုသည် မရှိချေ။ အတွေ့အကြုံရှိပြီးသားလူတစ်ယောက်အနေနဲ့ ဒီလိုအရာကို သူမ နားမလည်ပဲနေပါ့မလား။
“မဟုတ်ပါဘူး…. ရှန်းယောင်က သမီးကို ကောင်းကောင်း ဂရုစိုက်ပါတယ် အမေ” ကျီကျောက်သည် ကျောက်လန်ဟွာ၏ စကားလုံးများထဲရှိ အဓိပ္ပါယ်အနက်အား နားမလည်ခဲ့ပဲ ကြက်မဲစွပ်ပြုတ် ပန်းကန်လုံးကိုသာ ပျော်ရွှင်စွာ သောက်နေခဲ့သည်။
သူမ စွပ်ပြုတ်သောက်ပြီးနောက် ကျောက်လန်ဟွာသည် သူမကို အခန်းထဲသို့ ခေါ်သွားသည်။
“ဒါက…..” စားပွဲခုံပေါ်ရှိ အိတ်အား ကြည့်ကာ ပဟေဠိ အနည်းငယ် ဖြစ်သွားသည်။
“ဒါက သမီးအတွက် အမေ ပြင်ပေးထားတဲ့ ငွေတွေလေ၊ အရမ်းတော့ မများဘူး… ငွေလျန်း ( ၆၀ ) လောက်ပဲ ရှိမယ်။ ငွေလက်မှတ် လျန်း ( ၅၀ ) နဲ့ ငွေတုံး ( ၁၀ ) လျန်းလောက်ပါပဲ။ အမေ သမီးအတွက် စုဆောင်းထားတဲ့ ငွေစတွေနဲ့ ကြေးပြားတွေကို သယ်ရလွယ်အောင် အထူးလဲလှယ်ပေးထားတာလေ” ကျောက်လန်ဟွာသည် သူမ၏ လက်လေးအား ကိုင်ကာ စိတ်အားထက်သန်စွာ ပြောသည်။
“ဆိုရိုးစကားတစ်ခွန်း ရှိတယ်မလား…. အိမ်ထဲမှာဆို စုဆောင်းရာရောက်တယ်။ အပြင်ကိုယူသွားမယ်ဆို ပြဿနာနဲ့ကြုံရင် လိုအပ်တဲ့ ငွေပမာဏကို ထုတ်လာပေးနိုင်ရမယ်လေ”
“အမေ…. ဒါတွေကို ပြင်ဆင်ပေးထားဖို့ မလိုဘူး။ သမီးမှာ ငွေအလုံအလောက် ရှိပါတယ်”
“အမေပေးတာကို မငြင်းစမ်းပါနဲ့” ကျောက်လန်ဟွာက တင်းမာစွာဖြင့် သူမ ပြောနေသည်အား တားလိုက်ကာ စိုးရိမ်တကြီး ပြောသည်။ “အာ့ထောင်….. ဒီတစ်ခေါက် သမီးနဲ့ စန်းလန်တို့ စီရင်စုမြို့တော်ကို သွားကြတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်ရမယ်နော်၊ နားလည်လား”
“အမေ….. စိတ်မပူပါနဲ့” ကျီကျောက်သည် အလျင်အမြန် သူမအား နှစ်သိမ့်ပေးလာသည်။ “သမီးတို့ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်မှာပါ”
“အမေတွေဆိုတာ သူတို့ကလေးတွေ အဝေးကို ခရီးထွက်သွားရင် စိတ်ပူမိကြတာပဲလေ” ကျောက်လန်ဟွာသည် ကူရာမဲ့စွာ ပြုံးလိုက်ကာ အာ့ထောင်အား ကြည့်လျက် အလေးအနက် သတိပေးလာသည်။
“မနက်ဖြန်မနက်ကျရင်…. မြေကမ္ဘာဘုရားကျောင်းကို အမွှေးနံ့သာပူဇော်ဖို့ အမေ သမီးကို လိုက်ပို့ပေးမယ်” ကျောက်လန်ဟွာသည် တခဏလောက် စဉ်းစားလိုက်ရင်း ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။
“ကောင်းပါပြီ”
ကျောက်လန်ဟွာ မပြောရင်တောင်မှ ကျီကျောက်သည် သူမ ခရီးမထွက်ခင် မြေကမ္ဘာဘုရားကျောင်းကို တစ်ထောက်၀င်ရန် ပြင်ဆင်ထားသည်။
အရင်တစ်ခါက သူမ ချွင်းဖုန့်ဆိုင်အား စီရင်စုမြို့တော်၌ ဖွင့်ရန် အကြံရသဖြင့် သူမအတွက် သင့်တော်မည့် ဆိုင်နေရာအား ကူရွေးပေးရန် ချင်မင်ဟုန်အား မေးမြန်းခဲ့သည်။ လွန်ခဲ့သည့်ရက်ပိုင်းက ချင်မင်ဟုန်သည် ဆိုင်နေရာ သုံးခုအား ရွေးပေးလာသော်ငြား ကျီကျောက်သည် ထိုနေရာများသို့ သူမကိုယ်တိုင်ကိုယ်ကျ သွားကြည့်ပြီး နှိုင်းယှဉ်မှုပြုလုပ်ကာ လေ့လာသင့်သည်ဟု ခံစားရသည်။
နောက်နေ့မနက် အရုဏ်တက်ချိန်တွင် ကျောက်လန်ဟွာသည် ကျီကျောက်အား မြေကမ္ဘာဘုရားကျောင်းသို့ လိုက်ပို့ပေးသည်။
ကျီကျောက်သည် မြေကမ္ဘာဘုရားရုပ်တုရှေ့၌ ရိုသေကိုင်းရှိုင်းစွာ ဒူးထောက်လိုက်ကာ စိတ်ရောကိုယ်ပါ ၀တ်ပြုလိုက်သည်။ သူမသည် မတ်တပ်ထရပ်လိုက်ကာ အမွှေးနံ့သာခွက်ထဲသို့ အမွှေးတိုင်စိုက်ခါနီးတွင် သူမ မိုက်ခနဲ ခံစားလိုက်ရကာ မြေပြင်ပေါ်သို့ ဗုန်းခနဲ ပြုတ်ကျသွားသည်။
“အာ့ထောင်” ကျောက်လန်ဟွာသည် ထိုမြင်ကွင်းအား မြင်လိုက်ရသည့်အခါ အထိတ်တလန့် အော်လိုက်မိသည်။ သူမသည် အမြန်ပြေးလာပြီး ကျီကျောက်၏ နာမည်အား စိုးရိမ်တကြီး အော်ခေါ်သည်။
သို့ပေမယ့်လည်း ကျီကျောက်သည် နက်ရှိုင်းစွာ အိပ်ပျော်နေပုံရကာ သူမ မည်မျှပင် အော်ခေါ်ပါစေ မနိုးထလာနိုင်ပေ။
မြူတိမ်တိုက်ကြီးတစ်ခုသည် သူမ မျက်စိရှေ့၌ ပေါ်လာသည်။ ကျီကျောက်သည် သူမမျက်လုံးထဲမှ စပ်ဖျဥ်းဖျဥ်းခံစားချက်အား ရလိုက်ကာ မသိစိတ်မှ စေ့ဆော်မှုဖြင့် ပြောလိုက်မိသည်။
“ရေ……”
သူမ၏ လည်ချောင်းထဲမှ ခြောက်ကပ်နာကျင်နေကာ သူမ အသည်းအသန် ရုန်းကန်နေရသည်။ သူမ အသိ၀င်လာသည့်အချိန်တွင် သူမ ကြိုးဖြင့် တုပ်နှောင်ခံထားရပြီး လှုပ်လို့ပင် မရပေ။
“အထိန်းတော်ကြီး…. ကျွန်မတို့တွေ သူ့ကို ရေနည်းနည်းလောက် တိုက်လိုက်ရအောင်လား။ ကျွန်မတို့ဂေဟာမှာ သူ သေသွားရင် ဘယ်လိုလုပ်မလဲ” စိုးရိမ်နေသည့် အရိပ်အယောင် ရောစွက်နေသည့် အမျိုးသမီးအသံ တစ်သံအား ကြားလိုက်သည်။
“အဲ့လိုဆိုတော့ရော ပိုမကောင်းသွားဘူးလား” နောက်ထပ် ကြမ်းတမ်းသည့် အမျိုးသမီးအသံမှာ လှောင်ရိပ်သမ်းနေသည်။ “အကြီးဆုံး သခင်မလေးက သူ့ကို သေစေချင်တာလေ။ သူသာ သေသွားရင် သခင်လေးရှန်းက အကြီးဆုံး သခင်မလေးနဲ့ လက်ထပ်နိုင်လိမ့်မယ်။”
ကျီကျောက်သည် သူတို့၏ စကားဝိုင်းအား နားထောင်ပြီးနောက် မျက်မှောင်ကြုတ်လိုက်ကာ ခန့်မှန်းမှုတချို့ ပြုလုပ်ပြီးနောက် သူမ ပြန်ပေးဆွဲခံရမှန်း သိလိုက်ပေသည်။ နောက်ကွယ်မှ ကြိုးကိုင်သူက သူမကို သေစေချင်နေတာပဲ။
နောက်ကွယ်မှ ကြိုးကိုင်သူက ဒီလိုလုပ်နေတာ ရှန်းယောင်ကြောင့်များလား။
ကျီကျောက် ထိုသတင်းများအား ပိုကြားချင်သဖြင့် နားစွင့်လိုက်သည်နှင့် သူမ၏ နှာခေါင်းမှ စပ်ဖျဉ်းဖျဉ်းခံစားလိုက်ရသည်။
“သမီး နိုးလာပြီ….. သမီး နိုးလာပြီပဲ” ကျောက်လန်ဟွာသည် သူမ၏ မျက်လုံးများ ပွင့်လာသည်အား ကြည့်လျက် တတွတ်တွတ် ရေရွတ်နေခဲ့သည်။ “မြေကမ္ဘာဘုရားရဲ့ ကောင်းချီးပေးမှုကို ကျေးဇူးတင်ပါတယ်ရှင့်…. အာ့ထောင် သမီး အဆင်ပြေရဲ့လား…. သမီး ရုတ်တရက် မေ့လဲသွားတုန်းက အမေ ဘယ်လောက်တောင် ကြောက်လန့်သွားတယ်ဆိုတာ သမီး သိမှာ မဟုတ်ဘူးကွယ်”
“အမေ” ကျီကျောက်သည် သူမ၏ အကူအညီဖြင့် မြေပြင်ပေါ်မှ ကုန်းထလိုက်သည်။ “သမီး အဆင်ပြေပါတယ် အမေ… စိတ်မပူနဲ့နော်”
“အာ့ထောင် သမီး တကယ်အဆင်ပြေရဲ့လား… အမေသမီးကို သမားတော်ဆီ ပို့ပေးရမလားဟင်” ကျောက်လန်ဟွာမှာ အနည်းငယ် စိုးရိမ်နေမိသေးသည်။
“သမီး တကယ်အဆင်ပြေပါတယ်” ကျီကျောက်သည် သူမအား အလျင်အမြန် ပြုံးပြလာသည်။ “မနေ့ညက သမီး မအိပ်ခဲ့ရလို့နေပါလိမ့်မယ်”
“စန်းလန်…. ဒီကောင်စုတ်လေး…. ပြန်ရောက်တာနဲ့ အမေသူ့ကို နာနာလေး ရိုက်လိုက်ဦးမယ်”
“အမေ….” ကျီကျောက်သည် ကူကယ်ရာမဲ့စွာဖြင့် သူမ၏ နဖူးအား ကိုင်လိုက်မိသည်။ ရှင်းလင်းစွာပဲ အမေက သူမ၏ စကားအသွားအလာကို အဓိပ္ပါယ်ကောက် လွဲသွားပြန်ပြီ။
တစ်ချိန်တည်းမှာပဲ ရှန်းမိသားစု အိမ်၀င်းအတွင်း၌ ရှန်းယောင်သည် သူ့အထုပ်အပိုးများအား ပြင်ဆင်နေပြီ ဖြစ်သည်။ ရှန်းယောင်သည် ခြေသံများကြားလိုက်ရသည့်အခါ သူ ချက်ချင်း အိမ်၀င်းထဲ လျှောက်သွားလိုက်သော်ငြား သူ့အမေမှ သူ့နားရွက်အား ခပ်စပ်စပ်လေး ဆွဲဆိတ်သည်။
“အမေ…. ဘာလုပ်တာလဲ” ရှန်းယောင်သည် စိုးရိမ်တကြီး မေးမြန်းပြီး သူ့မျက်လုံးထဲတွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။
“မင်း ကောင်စုတ်လေး…. အမေ့စကားတွေကို ဘယ်လိုတောင် မျက်ကွယ်ပြုရဲရတာလဲ” ကျောက်လန်ဟွာသည် ဒေါသတကြီး ပြောသည်။ “မင်းဇနီးကို မင်းအနိုင်ကျင့်လို့ရမယ် ထင်နေတာလား။ မင်း နှစ်တွေ အများကြီး စာလေ့လာထားတာ ဘာလုပ်ဖို့လဲ”
“ကျောက်ကျောက်” ဒေါသတကြီးဖြစ်နေသည့် ကျောက်လန်ဟွာအား မျက်နှာချင်းဆိုင်လျက် ရှိနေသဖြင့် ရှန်းယောင်သည် ကျီကျောက်၏ မျက်နှာအား ကြည့်ရုံပင် တတ်နိုင်သည်။
သို့ပေမယ့် ထိုအချိန်တွင် ကျီကျောက်သည် လက်ပိုက်ထားလျက် သူ့အား တိတ်တဆိတ် ကြည့်နေသည်။ သူမသည် သက်ညှာပေးရန် ရည်ရွယ်ချက် မရှိပေ။
ကျီကျောက်သည် သူ့အား တစ်ချက်ကြည့်ကာ ‘ရှင့်ဘာသာရှင် ကြည့်ရှင်း' ဟု ပြောနေသည့်အလားပင်။ ထို့နောက် သူမသည် နောက်လှည့်ကာ အခန်းထဲသို့ ပြန်လိုက်သည်။
၁၅မိနစ်ခန့်ကြာပြီးနောက်…..
ရှန်းယောင်သည် အခန်းထဲသို့ ပြေး၀င်လာကာ သူ့မျက်လုံးများထဲ၌ စိုးရိမ်မှုများဖြင့် ပြည့်နေသည်။ “အမေပြောတာက မြေကမ္ဘာဘုရားကျောင်းမှာ မင်းမူးလဲလို့ဆို…. နောက်ထပ် အိပ်မက် ထပ်မက်လာလို့လားဟင်”
ကျီကျောက်၏ အိပ်မက်များမှာ အန္တရာယ် နီးကပ်လာသည်ကို ပြသသည်။
ရှန်းယောင်သည်လည်း ထိုအရာအား သိသည်။
“အင်း”
“ကိုယ်နဲ့ ဆက်စပ်နေတာလားဟင်” ရှန်းယောင်သည် သူမအား စိုးရိမ်စွာ ကြည့်လိုက်မိသည်။
“ဘာမှမဖြစ်ပါဘူး” ကျီကျောက်သည် သူ့လက်အား ကိုင်ကာ အပြုံးဖြင့် ပြောလိုက်သည်။ “ဘာလုပ်ရမယ်ဆိုတာ ကျွန်မ သိပါတယ်”
“ကျောက်ကျောက်”
“ရှန်းယောင်” ကျီကျောက်က ခေါင်းခါပြကာ ပြတင်းပေါက်အပြင်ရှိ တောက်ပနေသည့် မိုးကောင်းကင်အား လက်ညှိုးထိုးပြသည်။ “နောက်ကျနေပြီ…. ကျွန်မတို့ ခရီးစထွက်သင့်ပြီ”
ရှန်းယောင်တို့လင်မယားအပြင် နတ်ဆေးသမားတော် ရှန်းဟယ်သည်လည်း ယွင်ချန်စီရင်စုသို့ သူတို့နှင့် လိုက်ပါသွားရန် ပြင်ဆင်ထားသည်။
ရှန်းယောင်နှင့် ကျောက်လန်ဟွာတို့၏ အတင်းတောင်းဆိုချက်အရ ကျီကျောက်သည် သူမ၏ လက်အား သူမ၏ ဆရာဆီသို့ နာခံစွာဖြင့် ကမ်းပေးသည်။ “ဆရာ…. တပည့် ကိုယ်ကိုယ်ကိုယ် စမ်းကြည့်ပြီးပါပြီ…. တပည့် တကယ် အဆင်ပြေပါတယ်”
“သမားတော်တွေက ကိုယ့်ဘာသာကိုယ် မကုသနိုင်ဘူး” နတ်ဆေးသမားတော် ရှန်းဟယ်သည် သူ့မျက်ခုံးအားပင့်ကာ သူမအား ကြည့်လိုက်သည်။ ထို့နောက် သူသွေးခုန်နှုန်းအား အလေးအနက် စစ်ဆေးသည်။ အချိန်ခဏကြာပြီးနောက် ညင်သာစွာပြောလာသည်။ “ပြဿနာ ကြီးကြီးမားမားတော့ မရှိဘူး…. ဒါပေမဲ့ နည်းနည်း အားနည်းနေတယ်…. အားပြည့်အောင် အစားများများစားရမယ်”
***