ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူးလေ
Vol. 20 Ch. 303
သူမ၏ နှုတ်ခမ်းပေါ်မှ မထင်မှတ်ထားသော နာကျင်မှုသည် ကျီကျောက်အား သူမ၏ အိပ်မက်ဆိုးထဲမှ လှုပ်နိုးလိုက်လေသည်။
သူမ၏ မျက်လုံးတွေ ပွင့်လာသည့်အချိန်၌ မှင်သက်နေမိသည်။
“မကြောက်နဲ့နော်…. ကိုယ် ဒီမှာ ရှိတယ်” ရှန်းယောင်သည် သူမအား သူ့ရင်ခွင်ထဲသို့ အလျင်အမြန် ဆွဲဖက်လိုက်ကာ မျက်ရည်စများ ပြည့်နှက်နေသည့် သူမ၏ မျက်နှာလေးအား မှေးမှီလိုက်စေကာ ညင်သာစွာ နှစ်သိမ့်ပေးနေသည်။
ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် ကျီကျောက်သည် လက်ဖက်ရည်ပူတစ်ခွက်အား ကိုင်ထားလျက် လုံးလုံးလျားလျား နိုးလာတော့သည်။
“အခုလေးတင် မြင်မက်ခဲ့တဲ့ အိပ်မက်ဆိုးက အရမ်းကြောက်ဖို့ကောင်းလွန်းတယ်” ကျီကျောက်သည် လက်ဖက်ရည်ပူ တစ်ငုံအား သောက်ပြီးနောက် သူ့လက်မောင်းထဲသို့ ထပ်မံ တိုး၀င်လိုက်မိကာ သူမ၏ အသံမှာ ကြောက်ရွံမှုတို့ဖြင့် ပြည့်နှက်နေသည်။
ရှန်းယောင်သည် သူမ၏ ကျောပြင်လေးအား အသာလေး ပွတ်သပ်ပေးရင်း နှစ်သိမ့်ပေးသည်။ “ကျောက်ကျောက်…. မကြောက်နဲ့တော့နော်။ အဆင်ပြေသွားမှာပါ။”
“ရှန်းယောင်…. မနက်ဖြန်မနက်ကျရင် ရှင် စာမေးပွဲကျင်းပမယ့်နေရာကို သွားတဲ့အခါ ပိုဂရုစိုက်ရမယ်နော်… စာမေးပွဲခန်းမက ကျွေးမွေးတဲ့ အစားအသောက်တွေကို မစားရဘူးနော်” ကျီကျောက်သည် သူ့လက်မောင်းအား လှမ်းဆွဲ၍ စိုးရိမ်တကြီး သတိပေးသည်။
“ကျောက်ကျောက်…. မင်း ဆိုလိုတာက…” ရှန်းယောင်သည် သူ့မျက်လုံးများအား သတိရှိစွာ ကျဉ်းမြောင်းလိုက်မိပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
ကျောက်ကျောက်က မစဉ်းစားပဲ ဘယ်တော့မှ မပြောတတ်ဘူး။ သူမ ဒီကိစ္စကို အထူးတလည် ပြောလာရတဲ့ အကြောင်းအရင်းမှာ သူ့ရှုထောင့်မှ ထည့်သွင်းစဉ်းစားခြင်းကြောင့် ဖြစ်ပေသည်။ တစ်နည်းဆိုရရင် စာမေးပွဲခန်းမက သူ့အတွက် မလုံခြုံဘူးပေါ့။
“ကျွန်မတို့တွေ ကိုယ့်ရန်သူကို အရမ်းအထင်သေးနေမိကြတယ်မလား” ကျီကျောက်သည် သူ့အား အသာအယာ ခေါင်းညိမ့်ပြကာ ၀မ်းနည်မှုတို့ ပြည့်နေသည့် အသံဖြင့် ပြောလာသည်။
“လက်ရှိ ယွင်ချွမ်စီရင်စု တရားသူကြီး စွင်းဟယ်ဆိုတာက ရှင့်ကို အရိုးထဲထိ့ မုန်းနေတဲ့သူပဲ…. အရင်က ရှင့်အမှတ်တွေကို သူ့အမှတ်နဲ့ လဲခဲ့လို့သာ ရွေးချယ်ခံရတာလေ…. အဲ့လိုလူက ရှင် အမှတ်ကောင်းရမှာကို ဘယ်လိုကြည့်နေနိုင်မှာတဲ့လဲ”
“ကျွန်မတို့ ခရီးလမ်းက အရမ်းချောမွေ့နေတယ်ဆိုတာ ကျွန်မဘေးမှာ ပုန်းကွယ်နေတဲ့ အန္တရာယ်တွေက ဘယ်တုန်းကမှ မပျောက်သွားဘူးဆိုတာ ကျွန်မတို့ သတိမထားမိကြလို့ပဲ” ယခုအခိုက်အတန့်၌ ကျီကျောက်ထံတွင် အကြောက်တရားများ ကျန်ရှိနေသေးပေသည်။
စွင်းမိသားစုက စာမေးပွဲခန်းမထဲမှာ အရာအားလုံးကို ကြိုတင်ပြင်ဆင်ပြီးလောက်ပြီ။ ရှန်းယောင် စာမေးပွဲခန်းမထဲကို ခြေချလိုက်တာနဲ့ တစ်ပြိုင်နက် ခရိုင်အဆင့် တော်ဝင်စာမေးပွဲ မပြီးခင်မှာတင် သူ့အလောင်းအား ပြန်ပို့လိုက်ကြလောက်သည်။
ကျီကျောက် သူမ အိပ်မက်ထဲတွင် ခါးသီးစွာ ငိုကြွေးနေသည့် အကြောင်းရင်းမှာ ရှန်းယောင် ရုတ်တရက် သေဆုံးသွားသည့် သတင်းအား သူမ ကြားခဲ့ရသည့်အတွက် ဖြစ်ပေသည်။ ထို့ကြောင့် သူမသည် စာမေးပွဲခန်းမ အဓိက၀င်ပေါက် အပြင်ဖက်တွင် ဒူးထောက်လျက် အမှန်တရားအား ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။
“ကျောက်ကျောက်….” ရှန်းယောင်သည် သူမ၏ လက်လေးအား ကိုင်ကာ တိုးညှင်းစွာ နှစ်သိမ့်ပေးသည်။
“ကံကောင်းစွာနဲ့ ကိုယ့်အနားမှာ မင်း ရှိနေလို့ပေါ့”
“မငိုပါနဲ့ကွာ…. အိပ်မက်ထဲမှာ မြင်ခဲ့ရတဲ့ မြင်ကွင်းက အခုထိ မဖြစ်သေးဘူးမလား” ရှန်းယောင်သည် သူမ၏ ခေါင်းလေးအား ပွတ်သပ်ကာ ပြုံးပြသည်။ “ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း စောင့်ရှောက်ပါ့မယ်လို့ ကိုယ် မင်းကို ကတိပေးတယ်။”
ရှန်းယောင် နှစ်သိမ့်လာသည့် စကားများအောက်တွင် ကျီကျောက်သည် ကျန်ရှိသည့် ညတာတစ်လျှောက် မည်သည့် အိပ်မက်ဆိုးမှ မမက်တော့ဘဲ နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။
နောက်တစ်နေ့တွင် ရှန်းယောင်သည် နှစ်ခြိုက်စွာ အိပ်မောကျနေသည့် ကျီကျောက်အား ကြည့်လိုက်ပြီးနောက် သူမ၏ မျက်ခုံးလေးအား အနမ်းပေးကာ သူမ၏ ကိုယ်လေးအား စောင်ခြုံပေး၍ တိတ်တဆိတ် အခန်းထဲမှ ထွက်သွားသည်။
ယင်ချွမ်စားသောက်ဆိုင် ပင်မခန်းပထမထပ်တွင် စားပွဲထိုးနှစ်ယောက်သည် အားအင်အပြည့်ဖြင့် စားပွဲခုံများအား သုတ်နေကြကာ ဆိုင်ရှင်ချန်သည် ကောင်တာနောက်၌ မတ်တပ်ရပ်လျက် ပေသီးတွက်ခုံအား ဟိုရွေ့ဒီရွေ့လုပ်နေသည်။ စားသောက်ဆိုင်အတွင်း၌ တချွတ်ချွတ် တဖြောက်ဖြောက်အသံများဖြင့် တက်ကြွလန်းဆန်းနေပေသည်။
“သခင်လေးရှန်း…. အစောကြီး ဘာလို့ ထလာတာလဲဗျ” ဆိုင်ရှင်ချန်သည် ဆူညံသံများအား ကြားသည့်အခါ မဟော်ဂနီသစ်ဖြင့် ပြုလုပ်ထားသည့် ပေသီးတွက်ခုံအား သူ့လက်ထဲမှ ချလိုက်ပြီး အပြုံးလေးဖြင့် လျှောက်လာပြီး မေးသည်။
“မနေ့ညက ကောင်းကောင်း အနားယူခဲ့ရဲ့လားဗျ…. တစ်ခုခု ညွှန်ကြားချင်တာများ ရှိလို့ပါလား”
“ဆိုင်ရှင်ချန် ကျေးဇူးနဲ့ မနေ့ညက ကောင်းကောင်းနားခဲ့ရပါတယ်ဗျာ” ရှန်းယောင်သည် အပြုံးဖြင့် ပြန်ဖြေသည်။ “ကျွန်တော် ညွှန်ကြားချင်တာမျိုး မရှိပေမဲ့ ဆိုင်ရှင်ချန်ကို မေးချင်တာလေး တစ်ခုတော့ ရှိတယ်…. ဒီအနီးအနားက ဘယ်ဆိုင်မှာများ အရသာ အရှိဆုံး ကြက်သားဖက်ထုပ်စွပ်ပြုတ် ရနိုင်မလဲဆိုတာ သိချင်ပါတယ်။”
“သခင်လေးရှန်းကတော့ လူမှန်ကို မေးမိသွားပြီ။” ဆိုင်ရှင်ချန်သည် သူ့ရင်ဘတ်အား လက်ဖြင့်ပုတ်ကာ ပြောသည်။
“ကျွန်တော် အပိုပြောတာ မဟုတ်ပေမဲ့ ရှောက်မိသားစုရဲ့ ဖက်ထုပ်တွေက အရမ်းအရသာရှိတယ်ဆိုပြီး နာမည်ကြီးတယ်ဗျ”
“ရှောက်မိသားစု ဖက်ထုပ်လား…..”
“အမှန်ပါပဲဗျ…. ကျွန်တော်တို့ဆိုင်အပေါက်၀က ထွက်လိုက်တာနဲ့ ဘယ်ဖက်ကို ကီလိုမီတာ၀က်လောက် လျှောက်ပြီး လမ်းကြားတစ်ခုကို ချိုးလိုက်ရင် ပထမဆုံးတွေ့တဲ့ ဆိုင်ပါပဲဗျ။ ရှောက်မိသားစု ဖက်ထုပ်က အလွန်တရာကို အရသာရှိလှပါတယ်ဗျ…. သခင်လေး အခုသွားမယ်ဆို အချိန်အကြာကြီး တန်းစီစရာ မလိုလောက်ဘူး”
“ကျေးဇူးအများကြီးတင်ပါတယ် ဆိုင်ရှင်ချန်”
ရှန်းယောင် အပြင်ထွက်လိုက်သည့်အခါ ကောင်းကင်မှာ လင်းထိန်နေပြီဖြစ်သည်။
မနေ့ညက မိုးရွာခဲ့တာကြောင့် မနက်ခင်းရာသီဥတုမှာ စိမ်းစိုလန်းဆန်းနေခြင်း ဖြစ်နိုင်ပေသည်။
ယင်ချွမ်စားသောက်ဆိုင်သည် မြို့တော်ရဲ့ စည်ကားသိုက်မြိုက်လှသည့် နေရာတွင် တည်ရှိပေသည်။ ဆိုင်၏ ဘေးနှစ်ဖက်ဆီတွင် ဆိုင်တန်းများရှိနေကာ လမ်းမကျယ် တစ်ဖက်တစ်ချက်ရှိ လမ်းမများပေါ်တွင် ဝူထုံပင်များဖြင့် ပြည့်နေသည်။
ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် ရှန်းယောင်သည် ရှောက်မိသားစု ဖက်ထုပ်ဆိုင်အနားသို့ ရောက်လာသည်။
ခုနှစ်နာရီပင် မထိုးသေးသော်ငြား ရှောက်မိသားစုဆိုင် အပြင်ဖက်ရှိ လူအုပ်ကြီးမှာ အတန်း နှစ်တန်း ရှိနေသည်။
အနားရှိလူများအား မေးမြန်းကြည့်ပြီးနောက် ရှောက်မိသားစုဖက်ထုပ်ဆိုင်သည် ရာစုနှစ် တစ်ခုရှိပြီဖြစ်သည့် ဆိုင် ဖြစ်ကြောင်း သိလိုက်ရသည်။
ဒါ့အပြင် ထိုဆိုင်သည် စိတ်၀င်စားဖို့ ကောင်းသည်မှာ နှစ်ပေါင်းများစွာတိုင်အောင် ဖက်ထုပ်အရသာ နှစ်မျိုး ဖြစ်သည့် ကြက်သားအရသာဖက်ထုပ်နဲ့ ပုစွန်အရသာဖက်ထုပ် နှစ်မျိုးသာ ရောင်းချခြင်း ဖြစ်ပေသည်။ ပိုပြီး အရေးကြီးသည်မှာ ရှောက်မိသားစုဖက်ထုပ်ဆိုင်သည် မနက်တိုင်း အာရုဏ်တက်ချိန်တွင် ဖွင့်လှစ်ပြီး ဖက်ထုပ်ပွဲ တစ်ရာ ရောင်းချသည်။ ရှန်းယောင်သည် ကံကောင်းစွာဖြင့် ဒီမနက်အတွက် နောက်ဆုံးဖောက်သည် ဖြစ်နေခြင်းပင်။
သူသည် ဖက်ထုပ်များဖြင့် ထွက်သွားရန် လုပ်နေချိန်တွင် တစ်စုံတစ်ယောက်မှ လမ်းပိတ်လာသည်။
“ရှင့်လက်ထဲက ဖက်ထုပ်ပွဲတန်ဖိုးရဲ့ သုံးဆကို ကျွန်မ ပေးမယ်။”
“ဟင့်အင်း” ရှန်းယောင်သည် အမူအရာကင်းမဲ့စွာ ပြန်ဖြေသည်။
“ရှင်က ဘယ်လိုလူမျိုးလဲ” ထိုလူမှာ သူမ၏ လက်အား နောက်ပစ်ကာ ထပ်ပြောပြန်သည်။ “ကျွန်မ ရှင့်ကို ငွေသုံးဆ ပေးပြီး ကမ်းလှမ်းတာတောင် ဘာလို့ မကျေနပ်နိုင်သေးတာလဲ။”
“အစ်ကိုကြီး…. ကျွန်မ တောင်းဆိုပါတယ်နော်… ကျွန်မတို့ သခင်မလေးက ဒီဖက်ထုပ်တွေ စားရတာ အရမ်းကြိုက်တာမလို့ပါ။ ဒီနေ့ ကျွန်မသာ မ၀ယ်လာနိုင်ပဲ ပြန်သွားရင် သခင်မလေးက သေချာပေါက် ကျွန်မကို ဆူလိမ့်မယ်ရှင့်”
“ကျွန်တော်နဲ့မှ မဆိုင်ဘဲ….”
“ရှင်…. ဘယ်လိုတောင် မလျော်ကန်တဲ့ လူလဲရှင့်…. ရှင်က ၀က်လဲ မဟုတ်ဘဲနဲ့ ဒီလောက် များတဲ့ ဖက်ထုပ်တွေ တစ်ယောက်ထဲ စားပြီး ဖောင်းကာားနေပါဦးမယ်ရှင်”
ရှဲ့အာသည် သူမ၏ ချော့တစ်လှည့် ခြောက်တစ်လှည့် နည်းလမ်းများမှာ အလုပ်မဖြစ်သောအခါ ဒေါသထွက်သွားသည်။
ရှန်းယောင်သည် ဒီလို အကြောင်းရင်း မခိုင်လုံသည့် လူမျိုးနှင့် မပတ်သက်ချင်တော့သဖြင့် နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်ကာ သူမ၏ ခန္ဓာကိုယ်အား ကွေ့ပတ်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
သို့ပေမယ့် အစေခံအမျိုးသမီးမှာ မလျော်ကန်သည့် အရာအား လုပ်ဆောင်လာ၍ သူ့လက်ထဲမှ စားစရာဘူးအား လုယူဖို့ ကြိုးစားလာသည်။
ရှန်းယောင်သည် သေစေနိုင်လောက် ပြင်းထန်သည့် အကြည့်ဖြင့် သူ့မျက်လုံးအား ကျဉ်းမြောင်းလိုက်ကာ ပြောသည်။
“လွှတ်လိုက်”
“ဟင့်အင်း….. ရှင် ဒီနောက်ဆုံးကျန်တဲ့ ဖက်ထုပ် သုံးပွဲကို ကျွန်မကို မရောင်းပေးဘူးဆိုရင် မလွှတ်နိုင်ဘူး”
“အတင်းအဓမ္မ ရောင်းဖို့ စေခိုင်းတယ်…. ခင်ဗျားက ဘယ်အိမ်တော်ကလူမလို့ ဒီလို အကျိုးအကြောင်း မလျော်ကန်ရတာလဲ”
“ကျွန်မသာ ပြောပြလိုက်ရင် ရှင့်ကို သေလောက်အောင် လန့်စေမှာ စိုးရိမ်မိပါရဲ့ရှင်”
အစေခံအမျိုးသမီးသည် ထပ်မံ လှောင်ရယ်လိုက်ပေမဲ့ သူမ သတိလွတ်သွားသဖြင့် သူမ၏ လက်ကောက်၀တ်မှာ တုန်ရီသွားပြီး မြေပြင်ပေါ်သို့ ဗုန်းခနဲ လဲကျသွားသည်။
ရှန်းယောင်သည် သူ့မျက်လုံးထဲမှ အေးစက်သည့် အရိပ်ယောင်အား ဖုံးကွယ်ရန် အောက်စိုက်ကြည့်ကာ ထွက်သွားလေတော့သည်။
“ရှဲ့အာ…. ဘာဖြစ်လို့လဲ” လုဟုန်ရှန်သည် ရုတ်ရုတ်သဲသဲဖြစ်သံကို ကြားလိုက်ရသဖြင့် သူမ၏ စကတ်စအား အလျင်အမြန်မကာ ရှေ့သို့ လျှောက်လာသည်။ သူမ၏ မျက်လုံးထောင့်မှ ရှည်လျားဖြောင့်မတ်သည့် အပြာဖျော့ရောင် ပုံရိပ်တစ်ခုအား လှမ်းမြင်လိုက်ရသည်။
“အခုလေးတင်…. ထွက်သွားတဲ့သူက…”
“မမလေး…” ရှဲ့အာသည် မြေကြီးပေါ်မှ အလျင်အမြန် ထရပ်ကာ သူမ၏ လည်ပင်းမှာ ကြောက်ရွံ့မှုဖြင့် ကျုံ့သွားသည်။
“ဒီအစေခံ အသုံးမကျပါဘူး…. ကြက်သားဖက်ထုပ်စွပ်ပြုတ်ကို မ၀ယ်လိုက်နိုင်ခဲ့ဘူး”
“အဆင်ပြေပါတယ်ကွယ်” လုဟုန်ရှန်သည် အမှုမထားသလို ပြုံးလိုက်ကာ သူမ၏ အကြည့်များမှာ မှေးမှိန်သွားသည့် ပုံရိပ်ပေါ်၌သာ ကပ်ညှိနေသည်။
ရှန်းယောင်တစ်ယောက် ကြက်သားဖက်ထုပ်ပြုတ်များဖြင့် ပြန်ရောက်ချိန်တွင် ကျီကျောက်မှာ နိုးနှင့်နေပြီဖြစ်သည်။ သူမသည် စားပွဲခုံရှေ့တွင် ထိုင်လျက် နောက်ရက်အနည်းငယ်အတွက် အားဖြည့်စာများအား အလေးအနက်ဖြင့် ကြိုတင်ပြင်ဆင်နေသည်။
“ရှန်းယောင် ဒီကို လာကြည့်ပါဦး” ကျီကျောက်သည် သူမ ရေးဆွဲထားသည့် အစီအစဉ်စာရွက်အား သူ့အား ရတနာတစ်ခု လက်ဆောင်ပေးနေသကဲ့သို့ လှမ်းပေးလာသည်။
“ဒီအားဖြည့်စာတွေကို ကြည့်ပါဦး ကျွန်မ ရှင့်အတွက် ပုံစံ ဆွဲပေးထားတယ်… တစ်ခုခုပြောင်းဖို့ လိုတာ ရှိမလား ရှင် တစ်ချက်ကြည့်ကြည့်ဦး။”
“အားဖြည့်စာလား….” ရှန်းယောင်သည် သူ ၀ယ်လာသည့် ကြက်သားဖက်ထုပ်စွပ်ပြုတ်အား သူမဆီ ယူလာရင်း စပ်စုလိုက်သည်။
“မနက်ဖြန်ကျရင် ရှင် စာမေးပွဲခန်းမကို သွားရတော့မှာလေ… ကျွန်မ အနီးအနားကလူတွေကို ကြိုမေးထားခဲ့တယ်။ အဲဒီက အစားအသောက်တွေက သာမန်ပဲတဲ့။ ဒါကြောင့် နေ့တိုင်း ရှင့်အတွက် စားစရာ ယူလာပေးဖို့ ကျွန်မ ဆုံးဖြတ်ထားတယ်။” ကျီကျောက်သည် သူ့အား အပြုံးလေးဖြင့် ကြည့်ကာ ပြောသည်။ “ဒီအားဖြည့်စာလို့ခေါ်တဲ့ အရသာရှိတဲ့ စားစရာတွေက အာဟာရဓာတ် ပေါကြွယ်၀ပြီး ခန္ဓာကိုယ်အတွက် ကောင်းတယ်လေ”
***