အခန်း (၂၀၃-၂၀၄)
Vol. 21 Ch. 203-204
အခန်း(203)
ကျင်းယန်က သူမ၏အပေါ် တွင်အမြဲတစေ ကောင်းမွန်ခဲ့ပြီး ပွဲလမ်းသဘင်မဟုတ်သည့် ရက်များတွင်ပင် အဆင်တန်ဆာလေးများကို ဝယ်ပေးတတ်သည်။
ထို့အတွက်ကြောင့် သူမကို သေချာပေါက် လက်ဆောင်တစ်ခုခု ပေးလိမ့်မည်ဟု သူမခံစားမိနေသည်။
သို့ရာတွင် ကျင်းယန်က သူမကို တစ်နှစ်ပတ်လုံး အလိုလိုက်ခဲ့သော်လည်း သူမဘက်မှတော့ သူ့ကို မည်သည့်အရာကိုမှ ပြန်လည်၍ ပေးခဲ့ခြင်းိရှိဖူးပေ။
ယင်ရိလျို ထိုအကြောင်းကို သတိပြုမိသွားချိန်တွင် ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားပြီး ပစ္စည်းများကို စတင်၍ခွဲခြားတော့၏။
သူမက စည်သွတ်ဘူးကောင်းများနှင့် လေစုပ်ထုတ်ထားသော အသားထုပ်များကို ထုတ်ယူ၍ ကျောင်းစီဟွေ့ကို ပြောပြီးနောက် ဘောင်းဘီတွင် မီးလောင်နေသကဲ့သို့ပင် အိမ်ထဲသို့ အပြေးအလွှား ဝင်သွားတော့သည်။
လင်းကျားက မိန်းကလေး၏ ကျောပြင်ကို ကြည့်၍ အနည်းငယ် စပ်စုချင်စိတ် ဖြစ်မိသော်လည်း ပြင်ဆင်မှုများထဲ၌သာ အာရုံနစ်မြုပ်သွားလေ၏။
အိပ်ခန်းထဲတွင်တော့ ယင်ရိလျိုက သူမ၏ နေရာလွတ်ထဲ၌ ရှာဖွေကြည့်နေခဲ့ပြီး ကျင်းယန်ကို ပေးနိုင်မည့်အရာ တစ်ခုမျှ မတွေ့ရပေ။
အဝတ်အစားများနှင့် ပုဝါများကို ပေးရန်လည်း အဓိပ္ပာယ်မရှိပေ။
အဘယ်ကြောင့်ဆိုသော် သူမ၏ နေရာလွတ်ထဲ၌ ထိုအရာများစွာ ရှိနေပေ၏။
သို့ရာတွင် ထိုအရာများမှလွဲ၍ သူမ၌ တခြားမည်သည့်အရာမှ မရှိတော့ပေ။
သူမ စိတ်ပျက်စွာဖြင့် ခေါင်းကို ကုတ်နေချိန်မှာပင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။
သူမက အခန်းထောင့်ရှိ သံသေတ္တာလေးကို ထုတ်ယူလိုက်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ကြည့်နေမိ၏။
သေတ္တာကို ဖွင့်လိုက်ချိန်တွင်တော့ အထဲတွင် ဂွမ်းများကဲ့သို့ ဖြူဖွေးနုအိနေသော အမွေးလုံးလေးများ ရှိနေလေသည်။
အမှန်အတိုင်း ပြောရလျှင် ဤအမွေးနုလေးများက သူမ၏ ကိုယ်ပေါ်မှ ကျွတ်ကျထားသည့် အရာများဖြစ်ကြောင်းကို ဝန်ခံရန် အနည်းငယ် ရှက်စရာကောင်းလွန်းနေ၏။
ယုန်များက ရာသီတိုင်းတွင် အမွေးများစွာ ကျွတ်တတ်ကြသည်။
လွန်ခဲ့သော ဆောင်းဦးအစတွင် သူမက အမွေးအကျွတ်ဆုံးဖြစ်ခဲ့လေ၏။ အထူးသဖြင့် ခုတင်ပေါ်၌ ပက်လက်လှန်အိပ်ချိန်တွင် ဖြစ်၏။
သူမက သတိမထားမိဘဲ ယုန်အသွင်သို့ ပြောင်းလဲသွားတတ်ပြီး နောက်တစ်နေ့ နိုးလာသောအချိန်တွင် ခုတင်နှင့် ခေါင်းအုံးပေါ်တွင် ဖြူဖွေးသောအမွေးနုလေးများက ဖုံးလွှမ်းနေတတ်သည်။
သူမက ထိုအမွှေးများကို တခြားလူများအား မမြင်စေလိုသော်လည်း သူမ၏ခန္ဓာကိုယ်ပေါ်မှ ကျွတ်ကျသော အမွေးလေးများမှာ အလွန်နူးညံ့ဖြူစင်သောကြောင့် လွှင့်ပစ်ရန်လည်း ရက်စက်လွန်းသကဲ့သိုးခံစားရ၏။
ထို့ကြောင့် သေတ္တာလေးထဲ၌ လျှို့ဝှက်စွာထည့်၍ နေရာလွတ်ထဲတွင် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် အမွေးကျွတ်ခြင်း ရပ်တန့်သွားပြီးနောက် သူမလည်း မေ့လျော့နေခဲ့၏။
သူမ၌ အတတ်ပညာ တစ်ခုရှိသည်ကို ရုတ်တရက် သတိပြုမိသွားသောကြောင့် ဤအရာကို သတိရခြင်းဖြစ်ပေသည်။
ခေတ်သစ်ကာလတွင် သူမ၌ အမွေးအလွန်ကျွတ်သော ကြောင်တစ်ကောင် ရှိခဲ့ဖူး၏။
ထိုအချိန်က အိမ်မွေးတိရစ္ဆာန်အမွေးများဖြင့် သိုးမွှေးရုပ်ပြုလုပ်နည်းကို သူမ သင်ယူခဲ့ဖူး၏။
ယခု သူမ စုဆောင်းထားသော အမွေးများစွာကို သတိရသွားသောအချိန်တွင် သိုးမွှေးရုပ်ပြုလုပ်ရန် စိတ်ကူး ရရှိသွားတော့သည်။
သူမက ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် နေရာလွတ်ထဲမှ အပ်နှင့် ချည်မျှင်အားလုံးကို အမြန်ထုတ်ယူ၍ အပ်ဖြင့်ထိုးကာ ပုံဖော်ခြင်းကို လျင်မြန်စွာ စတင်တော့၏။
ဤအမွေးများက မူလက သူမ၏ ကိုယ်ပေါ်မှ ကျွတ်ကျထားခြင်းဖြစ်ပြီး သူမ၏ ကိုယ်ပိုင်အမွေးအရောင်နှင့် တစ်ထပ်တည်း တူညီသောကြောင့် သူမက သူမ၏ ကိုယ်ပိုင်ပုံသဏ္ဌာန်ကိုသာ စိတ်ကူးပုံဖော်ရန် လိုအပ်ပေသည်။
မကြာမီမှာပင် အမွေးပွယုန်လေးတစ်ကောင်၏ အခြေခံပုံသဏ္ဌာန်က သူမ၏ လက်ဝါးပေါ်၌ ပေါ်ထွက်လာခဲ့သည်။
ကျင်းယန်က ပြန်လာချိန်တွင် အပြင်ဘက်၌ နှင်းများက ထပ်မံ၍ ကျဆင်းနေပြန်သည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် နှင်းမှုန်အလွှာပါးလေးက ဖုံးလွှမ်းနေပြီး အိမ်ထဲသို့ ဝင်လာချိန်တွင် ပစ္စည်းများစွာကို သယ်ဆောင်လာခဲ့သည်။
သူ၏ အကြည့်က အခန်းထဲသို့ ချက်ချင်း လှည်ပတ်ကြည့်လိုက်သော်လည်း စကားတတွတ်တွတ် ပြောတတ်သော မိန်းကလေးကို မတွေ့ရပေ။
သူ အဝတ်အစားလဲပြီးနောက်မှသာ ယင်ရိလျိုက အခန်းထဲမှ ချောင်းကြည့်လာခဲ့လေ၏။
“ပြန်လာပြီလား”
ကျင်းယန်က သူမ၏ ခေါင်းကို ပုတ်လိုက်သော်လည်း ယင်ရိလျိုက မျက်မှောင်ကြုတ်၍ ရှောင်တိမ်းလိုက်သည်။
တစ်စုံတစ်ဦး၏ ခေါင်းကို ပုတ်ခြင်းက ထိုသူ၏ အရပ်ရှည်မှုကို ဟန့်တားစေသည်ဟု သူမ၏ မိခင် ပြောခဲ့သည်ကို သူမ မှတ်မိနေ၏။
ထို့အပြင် သူမက ကလေးမလေး မဟုတ်တော့ပေ။ ခေါင်းကို ခဏခဏ အပုတ်ခံရခြင်းက သူမကိုအရမ်း ရိုးအလွန်းပုံပေါက်စေသည်။
ကျင်းယန်က ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် အနည်းငယ် စိတ်ရှုပ်ထွေးသွားရ၏။
ဤသည်က ဆယ်ကျော်သက်များ၏ ပုန်ကန်တတ်သောအချိန် ဆိုသည့် အရာများလား။
သူက ယုန်ကလေးကို အနီးကပ် ကြည့်လိုက် ချိန်တွင် သူမက ယခင်က သူသိခဲ့သော ချစ်စရာ ယုန်ငယ်လေးနှင့် အမှန်တကယ်ပင် ကွဲပြားသွားပြီဖြစ်ကြောင်းကို ထပ်မံသတိပြုမိလိုက်ရသည်။
လွန်ခဲ့သော နှစ်လခန့်က သူမက နို့ပူဖောင်းလေးများကို မှုတ်တတ်သော နူးညံ့ချစ်စရာကောင်းသည့် ကလေးငယ်လေး ဖြစ်သော်လည်း ယခုတွင်တော့ သူမက လုံးဝ ပြောင်းလဲသွားခဲ့၏။
သူက ယုန်လေးအတွက် ပန်းရောင်ဂါဝန်များကို ဝယ်ပေးရသည်ကို နှစ်သက်သော်လည်း သူမက တစ်ချိန်ချိန်တွင် ထိုပန်ရောင်ဂါဝန်များကို ဝတ်ဆင်ခြင်းအား ရပ်တန့်ခဲ့သည်။
ယခု သူမက အနက်ရောင် ဆွယ်တာအင်္ကျီနှင့် ဂျင်းဘောင်းဘီအကျပ်ကို ဝတ်ဆင်ထားသောကြောင့် သူမ၏ သွယ်လျသော ခန္ဓာကိုယ်ကို ပေါ်လွင်စေ၏။
သူမက ကလေးတစ်ဦး မဟုတ်တော့ပါချေ။
ယင်ရိလျို၏ အင်္ကျီခေါင်းစွပ်က အနည်းငယ် ပွနေပြီး လည်ပင်းနားမှ အနည်းငယ် လျှောကျနေသောကြောင့် သူမ၏ နူးညံ့ဖြူစင်သော ညှပ်ရိုးလေးကို မြင်နေရ၏။
ကျင်းယန်က ထိုနေရာကို တစ်ချက်ကြည့်လိုက်ပြီးနောက် တိတ်တဆိတ်
အကြည့်လွှဲလိုက်ရ၏။
သူက ယုန်လေး၏ အင်္ကျီလည်ပင်းကို ပြန်ဆွဲတင်ပေးပြီး သူမကို ရင်ခွင်ထဲ၌ ပွေ့ပိုက်ထားချင်သည့် စိတ်ဆန္ဒများ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
အခန်းထဲ၌ သူမှလွဲ၍ ကျောင်းချီယန် တစ်ဦးတည်းသာ အမျိုးသားအဖြစ် ရှိနေသော်လည်း သူက အနည်းငယ် မကျေမနပ် ဖြစ်နေဆဲပင်။
ပြတင်းပေါက်၏အပြင်ဘက်တွင် နှင်းများက အလွန်ထူထပ်စွာ ကျဆင်းနေသောကြောင့် နွေးထွေးလာသော အပူချိန်က ပြန်လည်၍ ကျဆင်းသွားသော်လည်း အထဲဘက်ရှိ မည်သူကမျှ အပြင်ဘက်မှ အပြောင်းအလဲလေးများကို သတိမထားမိကြပေ။
ကျောင်းစီဟွေ့က ယနေ့တွင် အမှတ် များစွာကို အသုံးပြု၍ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ သစ်သီးများနှင့် သန္ဓေပြောင်းသားရဲ အသားများကို အထူးလဲလှယ်ခဲ့သည်။
သူမက ယနေ့ညတွင် ဟော့ပေါ့ကို ပြုလုပ်ရန် အိုးတစ်လုံးကို ပြင်ဆင်ထား၏။
ချက်ပြုတ်ထားသော အဓိကဟင်းလျာ တချို့အပြင် လတ်ဆတ်၍ပူနွေးသော ပါဝင်ဟင်းများစွာကလည်း ရှိနေသည်။
ယင်ရိလျို၏ နေရာလွတ်ထဲ၌ အသင့်သုံး ဟော့ပေါ့အနှစ်များ ရှိသောကြောင့် ၎င်းတို့ကို အိုးထဲသို့ ထည့်လိုက်ရုံဖြင့် တောက်ပပြီး စပ်လွန်းသော အမဲသားဆီအနှစ် ဟင်းရည်ကို ရရှိစေသည်။
ကျောင်းချီယန်က လတ်ဆတ်ပြီး ဖောင်းကားသော မှိုများကို အိုးထဲသို့ ဖြူးလိုက်လျှင် အပူရှိန်နှင့် မွှေးရနံ့များက စားပွဲပေါ်၌ ပျံ့လွင့်သွား၏။
လူတိုင်းက စိတ်တက်ကြွနေကြပြီး ဖန်ခွက်ချင်းကို အကြိမ်ကြိမ် တိုက်ကြပေသည်။
ယင်ရိလျိုကလည်း သောက်ချင်စိတ် ပြင်းပြနေသော်လည်း ကျင်းယန်၏ တင်းကျပ်သော တားမြစ်မှုကြောင့် သောက်ခွင့် မရရှိသေးပေ။
ထိုအခိုက်တွင် သူမက ကျင်းယန်ကို တိတ်တဆိတ် မျက်နှာပြောင်ပြလိုက်ပေ၏။
ပွဲထဲ၌ ကျောင်းစီဟွေ့က လူကြီးများကို ကိုယ်စားပြု၍ ယင်ရိလျိုကို နှစ်သစ်ကူးလက်ဆောင် တစ်ခုကို ပေးအပ်ပေသည်။
ထိုလက်ဆောင်မှာ သူတို့ အမဲလိုက်ခဲ့သော သန္ဓေပြောင်းသားရဲမှ ရရှိသည့် သားရေဂျာကင်ပင် ဖြစ်ပေ၏။
ဤသည်ကို သူမနှင့် လင်းကျားတို့က ကိုယ်တိုင် ဖြတ်တောက်ချုပ်လုပ်ခဲ့ကြခြင်း ဖြစ်ပြီး၊ သန္ဓေပြောင်းသားရဲကိုတော့ အချင်းချင်းမတည့်ကြသော ကျောင်းချီယန်နှင့် ဝံပုလွေနက်ကြီးတို့က ပူးပေါင်း၍ အမဲလိုက်ခဲ့ကြခြင်းပင် ဖြစ်သည်။
ဆိုရလျှင် အမှန်တကယ့်ကို စိတ်ရင်းမှန်သော လက်ဆောင်တစ်ခု ဖြစ်၏။
ယင်ရိလျို၏ မျက်ဝန်းလေးများက အနည်းငယ် နီရဲလာသည်ကို မြင်သောအချိန်တွင် ကျောင်းစီဟွေ့လည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားတော့သည်။
“ငါတို့က ပထမဆုံး စတွေ့ခဲ့တဲ့ အချိန်ကို အခုထိ မှတ်မိသေးတယ်၊
ယုန်လေးက အမွှေးလုံးလေး တစ်လုံးလိုပဲ ငါ့ရဲ့ရင်ခွင်ထဲကို ခုန်ဝင်လာခဲ့တာလေ၊
မျက်တောင်တစ်ခက်အတွင်းမှာပဲ.. တစ်နှစ်အတွင်းမှာပဲ သူမက ဒီလောက် လှပတဲ့ မိန်းကလေး တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ”
သူမ၏ရှေ့မှ ယင်ရိလျိုက အမှန်တကယ့်ကို လှပလွန်းသောအမျိုးသမီးငယ်တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည်။
သူမက ယခင်က ကျင်းယန်၏ ခါးအထိသာ ရှိခဲ့သော်လည်း ယခုတွင် သူ၏ ရင်ဘတ်အထိ ရောက်ရှိနေပြီဖြစ်ပေ၏။ သို့သော်လည်း သူမက အဖွဲ့ထဲတွင် အရပ်အပုဆုံးသူ ဖြစ်နေသေးသည်။
ဆိုရလျှင် လင်းကျား၏အရပ်ကလည်း သူမနှင့် သိပာမကွာခြားပေ။
သူမကို အသက် တစ်ဆယ့်ငါးနှစ်၊ တစ်ဆယ့်ခြောက်နှစ် သို့မဟုတ် တစ်ဆယ့်ခုနစ်နှစ်အရွယ် မိန်းကလေးဟု ပြောလျှင်ပင် အံ့ဩစရာ မရှိပေ။
သူတို့က သူမ၏ ပြောင်းလဲမှုတိုင်းကို မြင်တွေ့ခဲ့ကြရသောကြောင့် ထိုမျှအထိ စိတ်လှုပ်ရှားနေကြခြင်းပင် ဖြစ်သည်။
“ငါတို့က အစက မင်း အသက် (၁၈) နှစ်ပြည့်မှ ဒါကို ပေးဖို့ စီစဉ်ထားတာ၊ ဒါပေမဲ့.. “
ကျောင်းစီဟွေ့က ပြုံးလိုက်ပေသည်။ သူမက မည်သည့်အရာကိုပြောမည်ကို လူတိုင်းက နားလည်ကြသည်။
ယင်ရိလျို၏ ကြီးထွားမှုနှုန်းအရဆိုလျှင် သူမက နောက်ထပ် ခြောက်လအတွင်းမှာပင် အရွယ်ရောက်ပြီးသူ အဖြစ် သတ်မှတ်ခံရမည်ဖြစ်ပေသည်။
ယင်ရိလျိုက သားရေဂျာကင်ကို သူမ၏ ရင်ခွင်၌ ပွေ့ပိုက်ထားပြီး မျက်ဝန်းများ နီရဲ၍ မျက်ရည်များက ဝဲနေသည်။
သူမက ဤအဖွဲ့ထဲ၌ ဂရုစိုက်မှုနှင့် အလိုလိုက်မှုများကို အလွန်ပင် ရရှိခဲ့သည်ဟု ရုတ်တရက် ခံစားမိသည်။
လူတိုင်းအတွက် လက်ဆောင်များကို ကြိုတင်ပြင်ဆင်မထားမိခြင်းအတွက် သူမကိုယ်သူမ အပြစ်တင်နေမိ၏။
မထင်မှတ်ဘဲ အမြဲတစေ အေးစက်သော မျက်နှာအမူအရာရှိပြီး စကားနည်းသောကြောင့်၊ လူတိုင်းက သူတို့နှင့်အတူ ရှိနေရသည်ကို မနှစ်သက်ဟု ထင်မှတ်ထားခဲ့ကြသော ကျင်းယန်သည်လည်း အဖွဲ့သားများအတွက် ပြင်ဆင်ထားသော နှစ်သစ်ကူးလက်ဆောင်များကို ထုတ်ပေးလာ၏။
လူတိုင်းက တစ်ခုစီကို ရရှိကြသည်။ ထိုလက်ဆောင်တို့က စျေးကြီးသော ပစ္စည်းများ မဟုတ်သော်လည်း သေသေချာချာ ရွေးချယ်ထားခြင်းပင် ဖြစ်၏။
ဝံပုလွေနက်ကြီးပင်လျှင် သန္ဓေပြောင်းသားရဲများအတွက် အထူးပြုလုပ်ထားသော ခြေသည်းသွေးကျောက်တစ်တုံးကို ရရှိခဲ့သောကြောင့် လူတိုင်းကို အံ့အားသင့်စေ၏။
ရေရှည် ပွတ်တိုက်မိခြင်းနှင့် သန္ဓေပြောင်း ဟော်မုန်းများက ပျံ့နှံ့မှုကြောင့် ဝံပုလွေနက်ကြီး၏ ခြေဖဝါးများတွင် ထူထဲသော ကီရာတင် အလွှာများက ဖြစ်ပေါ်နေပြီး တောနက်ထဲ၌ သွားလာလှုပ်ရှားမှုကို ထိခိုက်စေကာ ခြေချောင်းများပင်လျှင် အနည်းငယ် ရောင်ရမ်းနေသည်။
ကျင်းယန်က ကျောင်းစီဟွေ့က တစ်ကြိမ် ပြောဖူးသည်ကို မှတ်မိနေပြီး ဝံပုလွေနက်ကြီး၏အတွက် နှစ်သစ်ကူးလက်ဆောင်အဖြစ် တိတ်တဆိတ် ဝယ်ယူခဲ့ခြင်းဖြစ်၏။
ဝံပုလွေနက်ကြီးက သူ့အတွက်လည်း တစ်ခု ပါဝင်နေသည်ကို သိရသောအချိန်တွင် အလွန်အံ့ဩသွားရသည်။
သူက မာန်ပါပါဖြင့် နှာမှုတ်လိုက်သော်လည်း သူ၏ အမြီးကဆော့ ပန်ကာတစ်ခုကဲ့သို့ ယိမ်းခါနေပြီး အလွန်ပင် ပျော်ရွှင်နေကြောင်း ထင်ရှားလွန်းနေ၏။
*
အခန်း(204)
ကျင်းရန်၏ လက်ဆောင်များကြောင့် လူတိုင်းအံ့သြတကြီးဖြစ်နေသည်ကို မြင်ချိန်တွင် ယင်ရိလျိုလည်း မပျော်ဘဲ မနေနိုင်ပေ။
သူမက ကျင်းကောမှာ အမှန်တကယ့်ကို သဘောကောင်းသူဖြစ်ကြောင်းကို လူတိုင်းသိအောင့ အော်ဟစ်ပြောပြချင်စိတ်များ ပြင်းပြနေမိပေသည်။
သူတို့အုပ်စုလေးမှာ အလွန်အမင်း စားသောက်နိုင်ကြပြီး သေးသွယ်သော လင်းကျားပင် မလျော့နည်းခဲ့ပေ။
စားပွဲအပြည့်ပြင်ဆင်ထားသော အစားအစာများရှိသော်လည်း သူတို့က တစ်ငုံစာမျှပင် လေလွင့်အောင် မလုပ်ကြပေ။
ဤသည်မှာ ကမ္ဘာပျက်ကပ်ပြီးနောက်တွင် ဖြစ်ပေါ်လာခဲ့သော အလေ့အထတစ်ခုပင် ဖြစ်၏။
အရက်ကို အလွန်အကျွံသောက်ပြီးနောက် ကျောင်းချီယန်က နှာရည်တရှုံ့ရှုံ့နှင့် မျက်ရည်များကျကာ သူ၏ မိဘများကို လွမ်းကြောင်းကို ပြောဆိုပြီး ရုတ်တရက် ငိုကြွေးတော့သည်။
သူက ငိုယိုနေရင်း ဤကဲ့သို့သော ကမ္ဘာပျက်ကပ်ကြီးထဲတွင် ဇနီးသည်ကို ရှာတွေ့နိုင်ပါ့မည်လားဟုလည်း ပြောဆိုနေသောကြောင့် ကြားရသူတိုင်းကို စိတ်မကောင်း ဖြစ်နေရင်းမှ ပြုံးမိစေခဲ့၏။
ကျောင်းစီဟွေ့က စကားပင် မပြောနိုင်တော့သည့် အမူအရာဖြင့် သူမ၏ မောင်ဖြစ်သူကို အိမ်ထဲသို့ ဆွဲခေါ်သွားလေသည်။
တခြားသူများက ပစ္စည်းများကို သိမ်းဆည်းရန် တာဝန်ယူကြ၏။
အကယ်၍ ထိုနေ့တွင် ပန်းကန်ခွက်ယောက်များပေါ်မှ ဆီအစွန်းအထင်းများကို မဆေးကြောပါက နောက်တစ်နေ့ မနက်တွင် မှိုများနှင့် ပိုးမွှားများက ဖုံးလွှမ်းသွားလိမ့်မည် ဖြစ်သည်။
ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ယင်ရိလျိုက ကျင်းယန် ကြည့်မနေချိန်တွင် သစ်သီးအရက် တစ်ဖန်ခွက်ကို တိတ်တဆိတ် ငှဲ့သောက်လိုက်ပေ၏။
သူမက အရင်ဘဝက အိမ်တွင် တစ်ယောက်တည်း စားသောက်ချိန် သို့မဟုတ် သူငယ်ချင်းများနှင့် အပြင်ထွက်ချိန်များတွင် ဆီးအရက် သောက်ရသည်ကို အမြဲတမ်း နှစ်သက်ခဲ့သူ ဖြစ်သည်။
သူမက သစ်သီးအရက်ကို သောက်ချင်နေသည်မှာ ကြာလှပေပြီ။
သို့ရာတွင် သူမ၏ ဤခန္ဓာကိုယ်က အရက်နှင့် ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်း ဖြစ်ကြောင်းကို သူမက မေ့လျော့နေခဲ့သည်။
တစ်ဖန်ခွက်ကို သောက်ပြီးနောက် သူမ၏ ဦးခေါင်းက စတင်၍မူးဝေလာပြီး ပါးပြင်ပေါ်၌ နီရဲသော တိမ်တိုက်လေးနှစ်ခုက ပေါ်ထွက်လာ၏။
ကျင်းယန်က ပစ္စည်းများကို သိမ်းဆည်းပြီးသောအချိန်တွင် ဆိုဖာပေါ်တွင် တစ်ယောက်တည်း ထိုင်နေသော မိန်းကလေးကို တွေ့လိုက်ရသည်။
သူမ၏ ခြေထောက်များက ငယ်စဉ်ကကဲ့သို့ မတိုတော့ဘဲ ကြမ်းပြင်သို့ ရောက်ရှိနိုင်သော်လည်း၊ သူမက ခန္ဓာကိုယ်ကို ကိုင်းညွှတ်၍ ခြေထောက်များကို လေထဲ၌ လွှဲနေလေ၏။
သူမ၏ ခေါင်းပေါ်ရှိ အမွေးပွ ယုန်နားရွက်များကလည်း အရက်ကြောင့် မှည့်ဝင်းသွားသော ပန်းသီးကဲ့သို့ ပန်းရောင်သန်းနေသည်။
ယုန်ကလေးက တိတ်တဆိတ် အရက်ခိုးသောက်ထားသည်ကို သူက ချက်ချင်းပင် သိလိုက်ပေ
၏။
ယင်ရိလျို၏စိတ်က အနည်းငယ် မူးဝေနေသော်လည်း အတော်လေးတော့ ရှင်းလင်းနေဆဲပင်။
ကျင်းယန်က သူမကို အရက်သောက်ထားလားဟု မေးသောအချိန်တွင် သူမက တည်ကြည်သော မျက်နှာအမူအရာဖြင့်ခိုင်မာစွာ ငြင်းဆိုလိုက်ပေ၏။
“မသောက်ပါဘူး၊ မသောက်ပါဘူး”
သို့ရာတွင် ကျင်းကော၏ နက်ရှိုင်းသော မျက်ဝန်းများကို ကြည့်လိုက်သည့်အချိန်တွင် သူမက ချက်ချင်းပင် လျော့ကျသွားပြီး၊ သူမ၏ လက်သန်းလေးဖြင့် အနည်းငယ်မျှသာ ရှိကြောင်းကို အမူအရာ ပြလိုက်၍ ခပ်တိုးတိုး ပြောလိုက်လေ၏။
“ဒီလောက်လေးပဲ သောက်တာပါ၊ မြည်းကြည့်ချင်ရုံတင်”
ကျင်းယန်က သူမကို အပြစ်တင်စကား မပြောပေ။
သူက မူးဝေနေသော မိန်းကလေးကို သန့်ရှင်းရေးလုပ်ရန် ခေါ်ဆောင်သွားပြီး၊ သူက ငယ်စဉ်ကကဲ့သို့ပင် သူမ၏ နုညံ့သောအမွေးများကို အသာအယာ ပွတ်သပ်ပေးလိုက်ပေသည်။
ယင်ရိလျိုကလည်း ယနေ့တွင် ထူးခြားစွာ လိမ်မာနေ၏။
သူမက အလွန်လျင်မြန်စွာ ကြီးထွားလာခဲ့သောကြောင့် ကျင်းယန်ကို ဆံပင်ဖြီးခွင့် မပေးတော့သည်မှာ ကြာပေပြီ။
သူမ၏ စိတ်ထဲတွင် တစ်ခုခုကို ခံစားနေရပြီး မြန်ဆန်နေသော နှလုံးခုန်သံက ထိုသို့ ထပ်မံ၍ မလုပ်ဆောင်နိုင်တော့ကြောင်း သူမကိုယ်သူမ သတိပေးနေသောကြောင့်ပင်။
ဆံပင်ကိုဖြီးသင်ပေးပြီးနောက်တွင်ကျင်းယန်က သူ၏ အိတ်ကပ်ထဲမှ ရွှံ့ရုပ်လေးတစ်ခုကို ထုတ်ယူ၍ ယင်ရိလျို၏ လက်ထဲသို့ ထည့်ပေးပြီး ခပ်တိုးတိုး ပြောလိုက်ပေ၏။
“ပျော်ရွှင်စရာ နှစ်သစ်လေး ဖြစ်ပါစေ”
ယနေ့တွင် သူက အရက်သောက်ထားသောကြောင့် ဖြစ်နိုင်သည်။ သူ၏ အမြဲတမ်း အေးစက်နေသော မျက်ဝန်းများက စိုစွတ်နေလေ၏။ယင်ရိလျို၏ အမြင်တွင်တော့ သူက အလွန်ပင် သဘောကောင်းနေပုံရ၏။
ယင်ရိလျိုက ခေတ္တမျှ ရပ်တန့်သွားပြီးနောက် သူ၏ လက်ဝါးကို ဖြန့်၍ ကြည့်လိုက်လေ၏။
သူမ၏ လက်ဝါးပေါ်တွင် ဝိုင်းစက်ပြီး ဝတုတ်နေသော ရွှံ့ယုန်လေးတစ်ကောင်က ရှိနေသည်။
ဤသည်၏ မျက်နှာပြင်က ချောမွေ့နေပြီး ကြည့်ရသည်မှာ ချစ်စရာကောင်းလွန်းကာ သူမ၏ ပုံသဏ္ဌာန်နှင့် တူညီနေခဲ့သည်။
ကျင်းယန်က ယုန်လေးအတွက် မည်သည့်လက်ဆောင်ကို ပေးရမည်ကို ရက်အတော်ကြာ စဉ်းစားခဲ့ရ၏။
မကြာမီ တခြားခရိုင်များတွင် တပ်စွဲထားသော အထူးတပ်ဖွဲ့ဝင်များရှိကြောင်းကို သူ ကြားသိခဲ့ရ၏။
စုံစမ်းကြည့်ပြီးနောက်တွင် မြို့တော် B အခြေစိုက်စခန်းတွင် စွန့်ပစ်ထားသော အိုးဖိုဟောင်းတစ်ခု ရှိကြောင်းကို သိလိုက်ရလေသည်။
ဤသည်က ယခင်က လက်မှုပညာသည်များမှ အိုးဖုတ်သည့် နေရာဖြစ်သော်လည်း ကမ္ဘာပျက်ကပ်ပြီးနောက်တွင် စွန့်ပစ်မြေ ဖြစ်သွားခဲ့ခြင်းပင်။
သူက ပြာများဖြင့်ဖုံးလွှမ်းနေသော အိုးဖိုတစ်ခုကို ကိုယ်တိုင် သန့်ရှင်းရေးလုပ်၍ ရွှံ့စေးကို မည်သို့ ပုံဖော်ရမည်ကို ပင်ပန်းစွာ စတင်၍လေ့လာခဲ့ရသည်။
အစပိုင်းတွင် သူ၏ ရွှံ့ရုပ်များက ကောင်းမွန်ခြင်း သို့မဟုတ် ချစ်စရာကောင်းခြင်း မရှိသောကြောင့် အစမှ ပြန်လည်၍ စတင်ခဲ့ရ၏။
နောက်ဆုံးတွင် သူ၏ စိတ်ထဲရှိ ယုန်လေး၏ ပုံသဏ္ဌာန်ကို ပုံဖော်နိုင်ခဲ့သော်လည်း ဖုတ်သည့်အချိန်တွင် အပူရှိန်ကို မထိန်းချုပ်နိုင်ဘဲ ရွှံ့ယုန်လေးက အမြဲတမ်း အက်ကွဲသွားတတ်ပြန်သည်။
နောက်ပိုင်းတွင် သူက ဤသည်ကို ပွတ်တိုက်ပြီး ချောမွေ့အောင် လုပ်ခဲ့ရ၏။
ရက်အတော်ကြာပြီးနောက်တွင် ရွှံ့ရုပ် ရာပေါင်းများစွာက ပျက်စီးသွားပြီးမှသာ ယခု လက်ထဲရှိ အရာကို ရရှိခဲ့ခြင်း ဖြစ်သည်။
သူက အနားသတ် တစ်ခုချင်းစီကို ကိုယ်တိုင် ထွင်းထုခဲ့၏။
သေနတ်ကို အချိန်ကြာမြင့်စွာ တည်တည်ငြိမ်ငြိမ်ကိုင်ဆောင်နိုင်ခဲ့သော လက်များက ရွှံ့ယုန်လေးကို ထွင်းထုသည့်အချိန်တွင် အဆပေါင်း ရာနှင့်ချီ၍ အားစိုက်ခဲ့ရသည်။
သူက ဤအရုပ်လေးကို သူ၏ လက်ထဲတွင် အချိန်အတော်ကြာအောင် ဆုပ်ကိုင်ထားခဲ့သောကြောင့် ယင်ရိလျိုတစ်ယောက် သူ၏ လက်ဝါးမှ နွေးထွေးမှုကို ခံစားနေရဆဲ ဖြစ်၏။
သူမက အရုပ်လေးကို ကြည့်နေရင်း အရက်ကြောင့် မူးဝေနေသော စိတ်က စိတ်လှုပ်ရှားမှုများဖြင့် ပြန်လည်၍ ပြည့်နှက်လာပြီး သူမ၏ မျက်ဝန်းများက နီရဲလာတော့သည်။
တကယ်တမ်းတွင် ကျင်းယန်က အချိန်အများစု၌ မည်သည့်စကားကိုမှမပြောဘဲ တိတ်တဆိတ် ပေးဆပ်နေသူသာ ဖြစ်သည်။
အစပိုင်းတွင် သူက မည်သူနှင့်မျှ ဆက်သွယ်ရန် သို့မဟုတ် စကားပြောရန် ဆန္ဒမရှိခဲ့သော်လည်း တဖြည်းဖြည်းနှင့် တခြားသူများကို ကူညီလာနိုင်ခဲ့သည်။
အသက်ကို ရင်းကာ တိုက်ပွဲဝင်ခဲ့ကြသော အဖွဲ့သားများအတွက်လည်း နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို အနည်းငယ်အနေရခက်စွာ ပြောနိုင်ခဲ့၏။
သူမ၏ ကျင်းကောက အမှန်တကယ်ပင် သဘောကောင်းပြီး ကြင်နာတတ်သူ ဖြစ်သော်လည်း၊ မူရင်းစာအုပ်ထဲတွင်တော့ ထိုလူသားက ဆိုးရွားစွာ သေဆုံးသွားခဲ့ရသည်။
သူမ နှုတ်ခမ်းကို စူလိုက်ပြီးနောက် ကျင်းယန်၏ ခါးကို ပြေးဖက်ကာ သူမ၏ မျက်ရည်များကို သုတ်လိုက်တော့၏။
ကျင်းယန် ကြောင်အသွားရလေသည်။ သူက ကိုယ်ကို လျှော့ချရန် ကြိုးစားလိုက်ပြီးနောက်၊ သူ၏ ခါးကို ဖက်ထားသော မိန်းကလေးကို ခပာဖွဖွ ထိတွေ့၍ ညင်သာစွာ မေးလိုက်ပေ၏။
“ဘာဖြစ်လို့လဲ ယုန်လေး၊ ဒါကို မကြိုက်ဘူးလား”
ယင်ရိလျိုက ယခုအချိန်တွင် မူးနေသောကြောင့် အနေအထိုင် ဆင်ခြင်ရန် သို့မဟုတ် ရှက်ရွံ့ရန်ကို ဂရုမစိုက်တော့ပေ။
သူမက ကျင်းယန်၏ ခါးတွင် ဖိကပ်၍ ပွတ်သပ်ရင်း နှာရည်နှင့် မျက်ရည်များကို သုတ်ကာ လေသံဗလုံးဗထွေးဖြင့် ပြောဆိုနေ၏။
ကျင်းယန်က အသေအချာ နားထောင်လိုက်မှသာ သူမ၏ စကားကို ကြားလိုက်ရသည်။
“ကျင်းကောက အရမ်းကောင်းတာပဲ ဝူး ဝူး “
သူ ချက်ချင်းပင် စကားပင် မပြောနိုင်တော့ဘဲ သူ၏ မျက်ဝန်းများကလည်း ပိုမို၍ နက်မှောင်သွားရ၏။
ယခုအချိန်တွင် ယုန်လေးက သူ့ကို ကျင်းကောဟု နာမည်ပြောင် ပေးထားသည်ကို သိလိုက်ရပြီး သူ၏ စိတ်ထဲ၌ စိတ်ခံစားမှုများကလည်း ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့သည်။
သူ့အနေဖြင့် သူ့ကိုယ်သူ တစ်စုံတစ်ခု မှားယွင်းနေသည်ဟုလည်း ခံစားမိ၏။
ယုန်လေးကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ပြီး သူမကို ယုန်ငယ်လေးအဖြစ်မှ အမျိုးသမီးငယ်တစ်ဦးအဖြစ်သို့ ကြီးပြင်းလာသည်ကို ကြည့်ရှုခြင်းက ဤမှောင်မိုက်သော ကမ္ဘာကြီးထဲတွင် သူ၏ တစ်ခုတည်းသော ပျော်ရွှင်မှုဟု သူက အမြဲတမ်း ထင်မှတ်ထားခဲ့ပေသည်။
သို့သော် ယုန်လေး၏ လျင်မြန်စွာ ကြီးထွားလာမှုက သူ့ကို အငိုက်မိသွားစေခဲ့သည်။
မည်သည့်အချိန်က စတင်ခဲ့ကြောင်းကို မသိပါဘဲ သူက ဤမိန်းကလေးအပေါ် သံယောဇဉ်စိတ်များ ဖြစ်ပေါ်နေခဲ့ပြီဖြစ်ကြောင်းကို ရုတ်တရက် သတိပြုမိသွားရ၏။
သူ၏ စိတ်ခံစားချက်များက သန့်ရှင်းစင်ကြယ်သော ဖခင်နှင့် သမီးကဲ့သို့ ဆက်ဆံရေးမျိုးမှ ပြောင်းလဲသွားပုံရသည်။
အခြေစိုက်စခန်းရှိ တခြားသော လူငယ်များက ယုန်လေးကို ကြည့်နေကြသည်ကို မြင်ရသောအချိန်တွင် သူ စိတ်အနှောင့်အယှက် ဖြစ်မိ၏။
တစ်နေ့နေ့တွင် ယုန်လေးက တခြားတစ်စုံတစ်ဦးနှင့်အတူ ရှိနေလိမ့်မည်ဟု တွေးမိသောအချိန်တွင် သူ စိုးရိမ်ပူပန်မိသည်။
ထိုဝတုတ်တုတ်ကောင်လေး ထျန်းထျန်းက ယုန်လေးကို လက်ထပ်ချင်ကြောင်းနှင့် ယုန်လေးက တစ်နေ့မဟုတ်တစ်နေ့ အိမ်ထောင်ပြုရမည်ဖြစ်ကြောင်းကို ပြောသည်ကို ကြားလိုက်ရချိန်တွင် သူ၏ စိတ်ထဲ၌ ထိန်းချုပ်၍မရသော ဒေါသများက မြင့်တက်လာခဲ့ရ၏။
ဤနူးညံ့သော အမွေးလုံးလေးက တခြားသူများအပေါ်တွင် ချိုမြိန်စွာ ပြုံးပြနေသည်ကို သူ မမြင်ချင်သကဲ့သို့၊ ထိုသို့ ဖြစ်လာရန်လည်း လုံးဝ အလိုမရှိကြောင်းကို သူ ကောင်းစွာ သိနေခါ့သည်။
သူ၏ စိတ်ထဲ၌ ပြင်းထန်စွာ ဖြစ်ပေါ်နေသော စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့သောကြောင့်၊ သူက သူ့ကို ဖက်တွယ်ထားသော မူးဝေနေသည့် မိန်းကလေးကို ကြည့်ကာ မျက်ဝန်းများကို အသာအယာ မှိတ်လိုက်မိ၏။
သူက ယင်ရိလျို၏ လက်ကို မတွန်းထုတ်ဘဲ ထိန်းကိုင်ပေးထားခဲ့လေ၏။
ကျင်းယန်၏ လည်စလုပ်က အနည်းငယ် လှုပ်ရှားသွားပြီး သူ၏ စိတ်ထဲ၌ ခါးသီးစွာ ပြုံးလိုက်မိ၏။
သူ၏ ဘေးတွင် ချထားသော လက်က လက်သီးများအဖြစ် တင်းကြပ်စွာဆုပ်ထားခဲ့ကာ လက်ခုံပေါ်ရှိ အကြောများက ထောင်ထနေလေပြီ။ သူက သူ၏ မည်းနက်လွန်းသော အတွေးများကို လှောင်ပြောင်နေသကဲ့သို့ ရှိနေခဲ့၏။
ယင်ရိလျိုက ခေတ္တမျှ ဝမ်းနည်းနေခဲ့လေသည်။
မျက်ရည်များနှင့်အတူ အရက်ရှိန်များပါ လွင့်ပြယ်သွားသောအချိန်ကိုရောက်မှသာ သူမက မူးရူးပြီး အမှားလုပ်မိသွားပြီဖြစ်ကြောင်းကို တဖြည်းဖြည်း သတိဝင်လာပြီး သူမ၏ မျက်နှာက ပို၍ပင် ပူထူလာရသည်။
သူမက သူမ၏ မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်လိုက်ပြီး လေချဉ်တစ်ချက် တက်လိုက်က် အကြောင်းအရာကိုပြောင်းရန် အလျှင်အမြန်ကြိုးစားလိုက်တော့၏။
“ကျွန်မလည်း ကောအတွက် နှစ်သစ်ကူးလက်ဆောင် ပြင်ဆင်ထားတယ်”
ကျင်းယန်၏ ရင်ခုန်သံတို့က တစ်ချက်မျှ စည်းချက်လွဲချော်သွားရ၏။
*