အခန်း (၂၀၅-၂၀၆)
Vol. 21 Ch. 205-206
အခန်း(205)
ကျင်းယန်တစ်ယောက် သူ့၏အရှေ့မှ မိန်းကလေးက မျက်ဝန်းနှင့် နှာခေါင်းလေးများက နီရဲသည်အထိ ငွိုကြွေးနေသည်ကို ကြည့်နေရင်းဖြင့် သူမ၏ ရင်ခွင်ထဲမှ တစ်စုံတစ်ခုကို ရှက်ရွံ့စွာ ဆွဲထုတ်၍ လက်လေးနှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
သူ၏ အမြင်တွင်တော့ မိန်းကလေး၏ လက်ချောင်းထိပ်များမှ ဖြူဖွေးသော ပစ္စည်းလေးတစ်ခု ထွက်ပေါ်နေသည်ကိုသာ မြင်ရပြီး၊ ဤပစ္စည်းက မည်သည့်အရာဖြစ်ကြောင်းကိုတော့ မသိပါချေ။
ကျင်းယန်၏ အသက်ဆယ့်သုံးနှစ်အရွယ်အထိ မည်သူကမျှ သူ့ကို လက်ဆောင်တစ်ခု မပေးခဲ့ဖူးပေ။
ပွဲလမ်းသဘင်များ သို့မဟုတ် မွေးနေ့များတွင်ပင် လက်ဆောင်ဟူ၍ မရရှိခဲ့ဖူးပါချေ။
သူက ကျင်းမိသားစုထဲ၌ ထုတ်ဖော်ပြောဆို၍ မရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့သည်။
သူ အသက်ဆယ့်သုံးနှစ်ပြည့်ပြီးနောက်တွင် ကျင်းမိသားစု၏ အကြီးအကဲက ကျင်းယန်မှလွဲ၍ ဒုတိယမြောက် သားတစ်ဦးကို မရနိုင်တော့ကြောင်း သိလိုက်ရချိန်တွင်မှသာ ဤအမှန်တရားကို လက်ခံလိုက်ရပြီး သူ့ကို အမွေဆက်ခံသူအဖြစ် ပြုစုပျိုးထောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုအတောအတွင်းမှာပင် အမှားအမှန်ကို တဖြည်းဖြည်း သိမြင်လာပြီး နောင်တရနေသော ကျင်းရူမုန်က သူမ၏ မောင်နှမချင်း ဆက်ဆံရေးကို ပြန်လည်၍ ကုစားချင်လာခဲ့၏။
သူမနှင့် တခြားသော လူချမ်းသာမိသားစုဝင်များက ကျင်းမိသားစု၏ အမွေဆက်ခံသူနှင့် ရင်းနှီးမှုရယူရန်အတွက် လက်ဆောင်ပစ္စည်းများကို အခန်းအပြည့် ပေးပို့ခဲ့ကြ၏။
သို့သော် ထိုအချိန်တွင်တော့ ထိုလက်ဆောင်ပစ္စည်းများက ကျင်းယန်အတွက် အရေးမပါတော့ပေ။
သူ ငယ်စဉ်က မျှော်လင့်ခဲ့ရသော ပစ္စည်းများကို တစ်ခုပြီးတစ်ခု ရရှိနေလာခဲ့၏။
ဖခင်၏ ကြင်နာမှု၊ ညီမဖြစ်သူ၏ အပြုံးရိပ်များပြည့်နေသော မျက်နှာ၊ ဗိုက်ပြည့်အောင် စားသောက်ခွင့်နှင့် လက်ဆောင်များ စသည်တို့ကို ရရှိခဲ့ရသည်။
သို့သော်လည်း ဤအရာတို့ကို ရရှိပြီးနောက်တွင် သူက ထိုအရာများအပေါ်တွင် စိတ်လှုပ်ရှားခြင်းမရှိတော့ကြောင်းကို သိလိုက်ရ၏။
သို့ရာတွင် ယခုအခိုက်အတန့်၌ ကျင်းယန်၏ နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့သော စိတ်ခံစားချက်များက နိုးထလာသကဲ့သို့ ၊ ပျောက်ဆုံးနေခဲ့သော မျှော်လင့်ချက်များကို ပြန်လည်ခံစားလိုက်ရသည်။
သူသည်လည်း တစ်စုံတစ်ဦးက သူ့ကို သတိရနေခြင်း၊ သူ့ကို လက်ဆောင်ပေးခြင်းတို့ကို ဂရုစိုက်မိနေခဲ့ကြောင်းကို ရုတ်တရက် သတိပြုမိသွားတော့၏။
ယင်ရိလျိုက စိုးရိမ်တကြီးဖြင့် လက်ဝါးလေးကို ဖြန့်လိုက်လေသည်။
သူမ၏ လက်ထဲတွင် အနီရောင်ချည်မျှင်များကို မျက်လုံးအဖြစ်ထိုးထားသော ဖြူဖွေးသည့် အမွေးပွ ယုန်ရုပ်လေးတစ်ရုပ် ရှိနေခဲ့၏။
ဤအရုပ်လေးမှာ ဝတုတ်တုတ်နှင့် အူကြောင်ကြောင် ပုံစံလေးပင်။
သူမက အနည်းငယ် စိတ်ပျက်နေပုံရပြီး သူမ၏ နားရွက်ရှည်ကြီးများက ပါးပြင်ဘက်သို့ အနည်းငယ် တွဲကျသွားကာ ခပ်တိုးတိုး ပြောလိုက်လေ၏။
“ကျွန်မရဲ့ ပုံစံတူလေးကို လုပ်လိုက်မိတာ၊ တကယ်ဆို ကောရဲ့ ပုံစံတူလေးကို လုပ်ခဲ့သင့်တာ”
ကျင်းယန်မှ သူမကို ပေးသော လက်ဆောင်က သူမ၏ ပုံတူလေး ဖြစ်နေပြီး၊ သူမကလည်း သူမကိုယ်တိုင် လုပ်ထားသော သိုးမွှေးယုန်ရုပ်လေးကို ကျင်းယန်အား နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးမိနေသည်။
ဤသည်ကို သတိပြုမိသွားသောအချိန်တွင် သူမက အနည်းငယ် နောင်တရမိသွားလေ၏။
သူမကိုယ်သူမ ဤမျှအထိ မြတ်နိုးလွန်းပြီး သူမ၏ပုံတူကို သူတစ်ပါးကို လက်ဆောင်ပေးမိနေခဲ့သည်။
ကျင်းယန်က ရုတ်တရက် ပြုံးလိုက်လေ၏။
သူ ပြုံးလိုက်သောအချိန်တွင် နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွတ်သွားပြီး မျက်ဝန်းများကလည်း နူးညံ့သော ကြင်နာမှုများဖြင့် ပြည့်နှက်သွားလေ၏။
ယင်ရိလျို ချက်ချင်းပင် အံ့အားသင့် သွားရသည်။
တစ်ဖက်လူ သိုးမွှေးယုန်ရုပ်လေးကို ယူာာ သူ၏ လက်ဝါးပေါ်တွင် တင်လိုက်ပြီး ညင်သာစွာ ပြောလိုက်ပေ၏။
“နှစ်သစ်ကူးလက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် ထုထု၊ ကိုယ် ဒါကို အရမ်းကြိုက်တယ်”
သူ၏ လက်ဝါးပေါ်ရှိ ယုန်ရုပ်လေးက ယုန်လေးနှင့် အမှန်တကယ့်ကို တူလွန်းသည်။
အရွယ်ရောက်လာသော ယုန်လေးက သူ၏ ရင်ခွင်ထဲ၌ အမွေးပွလုံးလေးအဖြစ် နေရသည်ကို မနှစ်သက်တော့သကဲ့သို့၊ သူမ၏ အမွေးပွခေါင်းနှင့် နားရွက်များကို ကိုင်တွယ်သည်ကိုလည်း မကြိုက်တော့သော်လည်း ယခုတွင် သူ့ထဲ၌ ယုန်လေး အသစ်တစ်ကောင် ရှိနေလေပြီ။
ဤသည်မှာလည်း အစားထိုးပစ္စည်း မဟုတ်ပေ။ ယုန်လေးက သူမကိုယ်တိုင် သူမကိုယ်သူမ ပေးအပ်ခဲ့ခြင်း ဖြစ်၏။
ထိုစကားတစ်ခွန်းကြောင့်ပင် နူးညံ့သော အပြုအမူများကို မတွန်းလှန်နိုင်သည့် ယုန်နားရွက်နှင့် မိန်းကလေးက ပြန်လည်၍ ပျော်ရွှင်သွားရပြန်သည်။
သူမက သူမ၏ပါးပြင်ကို လက်ဖြင့်အုပ်၍ ဗလုံးဗထွေးနှင့်ပြောလိုက်ပေသည်။
“ကော ကြိုက်တယ်ဆိုရင် တော်ပါပြီ”
အကြိမ်မည်မျှပင်ကြည့်သည်ဖြစ်စေ ကျင်းကော၏ ချောမောသော မျက်နှာက ထိပ်တန်းအဆင့်တွင် ရှိနေဆဲဖြစ်၍ သူမ၏ စိတ်ထဲ၌ စိတ်လှုပ်ရှားလွန်း၍ အော်ဟစ်နေမိသည်။
ဤနှစ်သစ်ကူးအကြိုညတွင် သူတို့နှစ်ဦးက လက်ဆောင်ချင်း ဖလှယ်ခဲ့ကြပြီး သူတို့နှစ်ဦးလုံးအတွက် အထူးခြားဆုံးသော နေ့တစ်နေ့ပင် ဖြစ်သွားခဲ့လေ၏။
နွေဦးပွဲတော်၏ ပထမဆုံးသောနေ့တွင် ယမ်းဖောက်သံများကို မကြားရသကဲ့သို့၊ လမ်းပေါ်တွင် ဆွေမျိုးများထံသို့ သွားရောက်လည်ပတ်သူများကလည်း မရှိပေ။
အခြေစိုက်စခန်းရှိ တိုတောင်းလွန်း သော ပွဲတော်လေထုက ယခုနှစ်၏ ဒုတိယမြောက် နှင်းကျမှုကြောင့် ပျောက်ကွယ်သွားရသည်။ လမ်းမများပေါ်တွင် လမ်းသွားလမ်းလာပင် မရှိသလောက်ပင် ဖြစ်၏။
ယင်ရိလျို လမ်းလျှောက်နေချိန်တွင် လမ်းဘေးနံရံထောင့်များ၌ ဖုန်ထူပြီး စုတ်ပြတ်နေသော အင်္ကျီများကို ဝတ်ဆင်၍ ကွေးညွတ်ကာထိုင်နေကြသော အိုးမဲ့အိမ်မဲ့တချို့ကို တွေ့လိုက်ရသည်။
သူတို့၏ ခန္ဓာကိုယ်ပေါ်နှင့် မျက်နှာများပေါ်တွင် ဖြူဖွေးသော နှင်းမှုန်များက ဖုံးလွှမ်းနေပြီး နှင်းထဲ၌ တုန်ရီနေကြသည်။
သူမက မျက်မှောင်ကြုတ်၍ မေးလိုက်မိလေ၏။
“အထက်ကလူတွေက သာမန်လူတွေအတွက် ဆောင်းတွင်းမှာ ဝတ်ဖို့ ဂွမ်းကပ်အင်္ကျီတွေကို ဝေပေးတယ် မဟုတ်ဘူးလား၊ အဲဒါတွေက ဘာဖြစ်သွားတာလဲ”
ကျောင်းချီယန်က လမ်းဘေးရှိ လူများကို တစ်ချက်ကြည့်၍ သက်ပြင်းချလိုက်လေသည်။
“အဲဒီအဝတ်အစားတွေက ကျို့လုံဂူ က လူတွေအတွက်ပဲလေ၊ ဒီလူတွေကတော့ အခြေစိုက်စခန်းက လေလွင့်သူတွေ၊
သူတို့က ကျိုလုံဂူမှာ နေထိုင်ခွင့်တောင် မရှိကြဘူး၊ သူတို့ထဲက အများစုက လုပ်အားမရှိတဲ့သူတွေ ဒါမှမဟုတ် ပင်ပင်ပန်းပန်း အလုပ်မလုပ်ချင်တဲ့သူတွေပဲ၊
အခြေစိုက်စခန်းမှာ သူတို့ရဲ့အတွက် တရားဝင် နေထိုင်ခွင့် မရှိပေမဲ့ သူတို့က အခြေစိုက်စခန်းထဲမှာပဲ ဆက်နေပြီး ထွက်မသွားကြဘူးလေ”
ဤအိုးမဲ့အိမ်မဲ့များက လေဒဏ်မိုးဒဏ်ကို ရှောင်ကွင်းနိုင်မည့် ခိုလှုံရာမရှိဘဲ အခြေစိုက်စခန်းထဲ၌ လှည့်လည်သွားလာနေကြသည်။
ကျိုလုံဂူထဲသို့လည်း တိုးမဝင်နိုင်သကဲ့သို့၊ အခြေစိုက်စခန်းရှိ လူများနှင့် တခြားသော အပြင်လူများ၏ လက်ခံမှုကိုလည်း မရရှိကြသောကြောင့် အပြင်ဘက်တွင်သာ လေလွင့်နေကြရခြင်း ဖြစ်၏။
ကံကောင်းသည်မှာ ယခုတစ်ကြိမ်တွင် နှင်းကျမှုက မပြင်းထန်သကဲ့သို့ ရာသီဥတုကလည်း ယခင်ကကဲ့သို့ မအေးလွန်းပေ။
သို့သော် ဆောင်းရာသီသို့ ရောက်ရှိလာခြင်းက ဤလူများအတွက် အစားအစာ ရှာဖွေနိုင်မည့် အခွင့်အလမ်းကို လျော့နည်းစေသည်က အမှန်ပင်ဖြစ်သည်။
ယင်ရိလျိုက ထိုအခြေအနေကို ကြည့်ရင်း စိတ်မကောင်း ဖြစ်နေမိပေသည်။
နှစ်ကြိမ်ခန့် လှည့်လည်ကြည့်ရှုပြီးနောက်တွင် သူတို့၏အဖွဲ့က တန်ဖိုးရှိသော အရာတစ်ခုမျှ မတွေ့ရပေ။
အခြေစိုက်စခန်းက ဖျော်ဖြေရေး လုပ်ငန်းတိုင်းကို ရပ်ဆိုင်းထားပြီးဖြစ်၍ လည်ပတ်စရာ နေရာများစွာ မကျန်တော့ပေ။
ထို့အပြင် နှင်းများကကျဆင်းနေပြီး ရာသီဥတုက ပို၍ အေးလာပေ၏။
လိုအပ်သော နေ့စဉ်သုံး ပစ္စည်းများကို ဝယ်ယူပြီးနောက် ယင်ရိလျိုနှင့် သူမ၏ အဖွဲ့သားများက အိမ်သို့ ပြန်ရန် ပြင်ဆင်ကြ၏။
သူမက ယနေ့တွင် ထူးခြားစွာ ပွဲလမ်းသဘင်နှင့် လိုက်ဖက်စွာ ဝတ်ဆင်ထားခဲ့ပြီး သူမ၏ ချစ်စရာကောင်းသော ယုန်အိတ်လေးကိုလည်း လိုက်ဖက်စွာလွယ်ထားခဲ့သည်။
သူမ၏ အင်္ကျီပေါ်တွင် အနီရောင် မစ်ကီးမောက်စ် ပုံစံများက ပါရှိနေလေ၏။ထို့ကြောင့် သူမကို ကြည့်ရသည်မှာ အလွန်ပင် တက်ကြွလန်းဆန်းနေသော လူငယ်လေးတစ်ဦးနှင့် တူနေခဲ့သည်။
ထိုအချိန်မှာပင် ကျောင်းချီယန်က ထောင့်တစ်နေရာ၌ ဖုံးကွယ်နေသော ဆိုင်တစ်ဆိုင်ကို လှမ်းမြင်လိုက်ရပြီး အံ့အားသင့်စွာဖြင့် အော်လိုက်မိသည်။
သူက သူ၏အစ်မဖြစ်သူ၏ လက်မောင်းကို ဆွဲ၍ ထိုနေရာဘက်သို့ ဦးတည်သွားတော့၏။
သူက လမ်းလျှောက်ရင်း တတွတ်တွတ် ရေရွတ်နေလေသည်။
“ဒီဆိုင်က အရမ်းနာမည်ကြီးတာ၊ ကျွန်တော်ရဲ့ ရဲဘော်တချို့ဆီက သိခဲ့တာရှိတယ်၊
ဒီဆိုင်ကုာ ကျို့လုံဂူက ပင်းကောဆိုတဲ့ လူတစ်ယောက်က ဖွင့်ထားတာတဲ့၊ နှင်းကျနေတဲ့ အချိန်မှာတောင် သူက ဆိုင်ဖွင့်ထားလိမ့်မယ်လို့ မထင်ထားမိဘူး!”
ကျောင်းချီယန်က အထူးတပ်ဖွဲ့ထဲ၌ ဝင်ထွက်သွားလာနေသော သန္ဓေပြောင်းလူသားများနှင့် ညီအစ်ကိုဖွဲ့ထားသူ ဖြစ်သောကြောင့်၊ ကျိုလုံဂူ၏ အင်အားဖြန့်ကျက်မှုနှင့် နာမည်ကြီးအဖွဲ့အစည်းတချို့ အပါအဝင် အခြေစိုက်စခန်း၏ အတွင်းရေးများစွာကို သိရှိထားသူ ဖြစ်သည်။
ထိုအတွင်းရေးများထဲမှ တစ်ခုမှာ ပင်းကောနှင့် သူက အခြေစိုက်စခန်းထဲ၌ ဖွင့်လှစ်ထားသော ဆိုင်အကြောင်းပင်ဖြစ်လေ၏။
သူက မြို့တော် B အခြေစိုက်စခန်းသို့ ပထမဆုံး ရောက်ရှိလာသော သန္ဓေပြောင်းလူသားအစုအဖွဲ့ထဲတွင် ပါဝင်ခဲ့သည်။
စစ်တပ်ထဲရှိ သြဇာကြီးမားသူတစ်ဦးကို စိတ်ဆိုးဒေါသထွက်အောင် လုပ်မိခဲ့သောကြောင့်၊ အစပိုင်းတွင် သူက နည်းမျိုးစုံဖြင့် ဖယ်ကြဉ်ခြင်းကို ခံခဲ့ရသည်။
သူနှင့် ရင်းနှီးသော ညီအစ်ကို နှစ်ဦးပင်လျှင် ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားသော လုပ်ရပ်တစ်ခုကြောင့် သေဆုံးခဲ့ရလေသည်။
ထို့နောက်တွင် ပင်းကောက ဒေါသမှသည် ဝမ်းနည်းမှုနှင့် နာကြည်းမှုများသို့ ကူးပြောင်းသွားပြီး ကျိုလုံဂူသို့ ခြေစုံပစ် ဝင်ရောက်သွားခဲ့လေတော့၏။
ထိုပင်းကောက ကမ္ဘာပျက်ကပ် မတိုင်မီက ရှေးဟောင်းသိုင်းလောက မိသားစုမှ ဆင်းသက်လာသူဟူ၍ပြောကြလေသည်။
ကမ္ဘာပျက်ကပ်ပြီးနောက်တွင် သူ
က သူ၏ ညီအစ်ကိုများကို ဦးဆောင်၍ သူ၏ မိသားစုမှ ယူဆောင်လာသော ရတနာများကို ပခုံးပေါ်ထမ်းကာ ကိုယ်ပိုင်လမ်းကို ဖောက်ခဲ့၏။
အခြေစိုက်စခန်း စစ်တပ်မှ လူကြီးပိုင်းများ၏ ဖိနှိပ်ဖယ်ကြဉ်ခြင်းကို ခံရချိန်တွင်ပင် သူက စိတ်ဓာတ်ကျမသွားဘဲ အားသစ်လောင်း၍ ပြန်လည် နိုးထလာခဲ့သည်။
သူက အစစ်အမှန် ကျွမ်းကျင်မှုများ၊ အထူးသဖြင့် လက်နက်ပိုင်းဆိုင်ရာတွင် ထူးချွန်သောကြောင့် နာမည်ကျော်ကြားလာခြင်းပင်ဖြစ်လေ၏။
ပင်းကော၏ စိတ်ကြိုက်ပြင်ဆင်မှုကို ရရှိပြီးနောက် လက်နက်တစ်ခု၏ စွမ်းအားနှင့် ကိုင်တွယ်ရမှုက အကောင်းဆုံး အခြေအနေသို့ ရောက်ရှိသွားတတ်သည်။
ကမ္ဘာပျက်ကပ်ထဲ၌ သင့်တော်ပြီး လက်ပေါ့သော လက်နက်တစ်ခုကို ရှိရန်က မည်မျှအရေးကြီးကြောင်းကို လူတိုင်းက သိကြလေသည်။
ထို့အပြင် သူ၏ အိမ်မှ သယ်ဆောင်လာသော အေးစက်သော လက်နက်အိတ်ကြီးကလည်း ဒဏ္ဍာရီတစ်ခုသကဲ့သို့ ဖြစ်နေ၏။
ကမ္ဘာပျက်ကပ်ပြီးနောက် သန္ဓေပြောင်းသားရဲများ၏ အရေခွံနှင့် အရိုးများက ပိုမို၍ မာကျောလာခဲ့သည်။
ဓားနှင့် လှံကဲ့သို့သော သာမန်လက်နက်များက ၎င်းတို့၏ အသားကို ဖောက်ဝင်နိုင်ခဲလွန်းသောကြောင့် အလွန်ကောင်းမွန်သော လက်နက်မျိုးသာမဟုတ်လျှင် ကမ္ဘာပျက်ကပ်ထဲ၌ ထိုအေးစက်သော လက်နက်များက မှေးမှိန်သွားခဲ့ရ၏။
ပင်းကော၏ လက်ထဲရှိ လက်နက်များနှင့် သူ၏ လက်နက်သွန်းလုပ်မှု အတတ်ပညာက ထိုလက်နက်ကို အသုံးပြုသူတိုင်း အလေးစားရဆုံးသော အရာများပင် ဖြစ်နေသည်။
လက်နက်ပြုပြင်ခြင်းဆိုင်ရာ အထူးကျွမ်းကျင်မှုများကြောင့်ပင် ပင်းကောက စစ်တပ်အရာရှိကြီးများကိုပင် ထိပ်တိုက်ရင်ဆိုင်ရန်လည်း မကြောက်ရွံ့တော့ပေ။
ထို့ပြင် သူ၏ အကူအညီကို တောင်းခံသူများထဲတွင် သြဇာရှိသူများစွာ ပါဝင်နေသောကြောင့် သူက ထိုလူတို့၏ အကာအကွယ်အောက်တွင် အောင်မြင်စွာ ရင်ကော့၍နေနိုင်လာခဲ့သည်။
*
အခန်း(206)
ဆိုင်က သေးငယ်ပြီး လမ်းထောင့်တစ်နေရာ၌ ဖုံးကွယ်နေခဲ့သည်။
တံခါး၏ရှေ့တွင် ဓားငယ်တစ်လက်၏ ပုံကိုဆွဲထားသော ကျိုးပဲ့နေသည့် ဆိုင်းဘုတ်တစ်ခု ရှိနေ၏။
တံခါး၏ရှေ့မှ နှင်းများကို မလှည်းကျင်းထားသောကြောင့် အတော်ပင် မြင့်နေပြီး အထဲဘက်၌ လူတစ်ဦး လှုပ်ရှားသွားလာနေသည်ကို ဝေဝါးစွာသာ မြင်တွေ့နိုင်၏။
ကျောင်းချီယန်က စိတ်လှုပ်ရှားစွာဖြင့် လက်များကို ပွတ်သပ်၍ တံခါးကို တွန်းဖွင့်၍ ဝင်သွားသည်။သူ၏ အနောက်ဘက်မှ လူအုပ်ကြီးကလည်း ကပ်၍ လိုက်သွားကြလေ၏။
အထဲသို့ ရောက်သောအချိန်တွင် အခန်းထဲရှိ မီးတောက်နေသော မီးသွေးမီးဖိုကြောင့် ပတ်ဝန်းကျင်၏ အပူချိန်က ပိုမို၍ သိသာလာခဲ့ပေသည်။
နံရံတွင် မှီကာ သူ၏ ဓားရိုးကို သုတ်နေသော အမျိုးသားက တစ်ချက်မျှ မေားကြည့်လိုက်ပြီးနောက် သူ၏ လက်ထဲရှိ ဓားကို တိတ်တဆိတ်ပင် ဆက်လက်၍ သုတ်နေပြန်ခဲ့သည်။
ထိုအခန်းငယ်လေးထဲ၌ ပြောင်လက်နေသော ဓားတချို့ကို ချိတ်ဆွဲထားသော်လည်း သေနတ်များကိုတော့ သိပ်မတွေ့ရပေ။
ယင်ရိလျို ထိုပင်းကောဆိုသူကို အရင်ဆုံး တိတ်တဆိတ် အကဲခတ်လိုက်၏။
အံ့ဩစရာကောင်းစွာဖြင့် ထိုအမျိုးသားမှာ လက်တစ်ဖက်ပြတ်နေခဲ့သည်။
သူက ခန္ဓာကိုယ်က ထွားကျိုင်းပြီး နှုတ်ခမ်းတွင် မီးကုန်လုနီးပါးရှိသော စီးကရက်တစ်လိပ်ကို ကိုက်ခဲထား၏။
သူက အခန်းထဲသို့ ဝင်လာသူများကို မမြင်သကဲ့သို့ပင် တိတ်ဆိတ်နေဆဲ ဖြစ်၏။
ကျောင်းချီယန်က စိတ်လှုပ်ရှားမှုကို ထိန်းချုပ်၍ ပြုပြင်ထားသော သေနတ်တချို့၏ ဘေးတွင် လှည့်ပတ်ကြည့်ရှုနေခဲ့သည်။
သူက ပင်းကောကိုလည်း အကြိမ်ကြိမ် ခိုးကြည့်ကာ တစ်လက်ကို ကိုင်ကြည့်ရန် ကြိုးစားလိုက်ပေသည်။
ဆိုင်ရှင်က မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို မြင်သောအချိန်မှ သူက သေနတ်ကို လက်ထဲသို့ ယူရန် သတ္တိမွေးလိုက်တော့၏။
သေနတ်ကို ကိုင်လိုက်ရချိန်တွင် သူ၏ မျက်ဝန်းများက လင်းလက်တောက်ပသွားပြီး ပို၍ပင် သိသာစွာ စိတ်လှုပ်ရှားလာခဲ့သည်။
ကျင်းယန်ကလည်း ဤသို့ အဆင့်မြှင့်တင်ထားသော လက်နက်များကို စိတ်ဝင်စားသွားရ၏။
သူက ကြည့်ကောင်းသော သေနတ်ကြီးတစ်လက်ကို ကောက်ယူကိုင်ကြည့်လိုက်ပေ၏။
ဤသည်၏ အလေးချိန်ကို သိလိုက်ရချိန်တွင် သူ ချက်ချင်းပင် အံ့အားသင့်သွားရသည်။
ဤသေနတ်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်က ရှေးဦးစွာ လက်မောင်းအား ကောင်းရန် လိုအပ်၏။
သေနတ်၏ တည်ဆောက်ပုံအရ စွမ်းအားက မနည်းလွန်းပေ။
ထိုအချိန်မှသာ သူက ဤပင်းကောကို အနည်းငယ် စိတ်ဝင်စားသွားပြီး သေနတ်ကို မူလနေရာသို့ တိတ်တဆိတ် ပြန်ထားလိုက်၏။
ကျောင်းချီယန်က အလွန်ပင် စိတ်လှုပ်ရှားနေသည်။
ပင်းကောက တစ်လ သို့မဟုတ် နှစ်လမှ တစ်ကြိမ်သာ ဆိုင်ဖွင့်တတ်ကြောင်းကို သူ သိထားသောကြောင့် ယခုကဲ့သို့ တိုက်ဆိုင်စွာ ကြုံတွေ့ရချိန်တွင် သူ့အနေဖြင့် ချက်ချင်းပင် စိတ်ကူးရသွားပြီး ပင်းကောကို ဈေးနှုန်းများ မေးမြန်းလိုက်ပေသည်။
နံရံတွင် ချိတ်ဆွဲထားသော ဓားရှည်ကို သုတ်နေသည့် အမျိုးသားက သူ၏မျက်လုံးကို အနည်းငယ် ပင့်ကြည့်ကာ ကျောင်းချီယန်ကို တစ်ချက်ကြည့်လိုက်ပေ၏။
သူ၏ ကောင်းနေသေးသော လက်တစ်ဖက်ဖြင့် နံပါတ်တစ်ခုကို ပြသရန် အဝတ်စတစ်ခုကို မြှောက်ပြလိုက်ပေသည်။
ကျောင်းချီယန်၏ ရင်ခုန်သံက တစ်ချက်မျှ တုန်လှုပ်သွားပြီး ချက်ချင်းပင် တအံ့တသြ ရေရွတ်မိတော့၏။
ဤဆိုင်၏ အခကြေးငွေက အမှန်တကယ်ပင် မြင့်မားလွန်းသည်။
သူတို့၏အဖွဲ့ကို မြို့တော် B အခြေစိုက်စခန်း၌ သူဌေးဟု မသတ်မှတ်နိုင်သော်လည်း ချမ်းသာကြွယ်ဝသူများပင် ဖြစ်ကြ၏။
သို့သော် သူ၏ အမှတ် အားလုံးနှင့်ပင် ပင်းကောတောင်းလာသော အခကြေးငွေကို စျေးမြင့်လွန်းသည်ဟု သတ်မှတ်နိုင်သေးသည်။
မောင်ဖြစ်သူ၏ တောင့်တနေသော မျက်ဝန်းများကို မြင်လိုက်ချိန်တွင် ကျောင်းစီဟွေ့က သက်ပြင်းချလိုက်မိ၏။
ဤကဲ့သို့ အသုံးအဖြုန်းကြီးပြီး တုံးအ,လွန်းသော မောင်မျိုးကို မြင်ချိန်တွင် သူမက အကူအညီမဲ့နေရသည်။
ဘာတတာနိုင်မှာလဲ။
သူမ အလိုလိုက်ရုံဘဲ တတ်နိုင်လိမ့်မယ်။
သူမက သူမ၏ အမှတ်ကတ်ပြားမှ တစ်ဝက်ကို ဖြတ်တောက်လိုက်ပြီး ကျောင်းချီယန်ကိုပေးလိုက်ရန် အမူအရာ ပြလိုက်ပေ၏။
အားကိုးရာမဲ့သော ခွေးငယ်လေးကဲ့သို့ ဖြစ်နေသည့် ကျောင်းချီယန်၏ မျက်ဝန်းများက ချက်ချင်းပင် တောက်ပသွားပြီး ပင်းကောထံသို့ လျှောက်သွားတော့၏။
“ကော၊ ဒီနံပါတ်ဆိုရင် အဆင်ပြေမလား”
ပင်းကောက တုံ့ပြန်လိုက်ပြီး ကျောင်းချီယန်နှင့် ကျောင်းစီဟွေ့တို့၏ ကတ်ပြားများမှ အမှတ်များကို လွှဲပြောင်းယူလိုက်ကာ စားပွဲအောက်မှ ခုံတန်းလျားလေးတချို့ကို ထုတ်ပေး၍ ခေတ္တစောင့်ရန် ပြော၏။
ထို့နောက် သူ၏ ဆက်သွယ်ရေးကိရိယာကို ထုတ်ယူ၍ တစ်စုံတစ်ဦးထံသို့ စာတိုပေးပို့လိုက်ပေ၏။
“ထိုင်စောင့်နေကြ၊ ငါ့မိန်းမက အခုပဲ လာလိမ့်မယ်”
ပင်းကောက လက်တစ်ဖက် ပြတ်နေသူ ဖြစ်သည်။ သူက မည်မျှပင် ကျွမ်းကျင်ပါစေ၊ သူကတစ်ယောက်တည်း မလုပ်နိုင်သော အနုစိတ်အလုပ်တချို့ ရှိနေသောကြောင့် ကူညီပေးမည့်သူကို လိုအပ်၏။
သူ၏ ဇနီးသည်က ထိုကူညီပေးသူပင် ဖြစ်၏။
ကျောင်းချီယန်က ဝမ်းသာအားရ သဘောတူလိုက်ပြီး ခုံတန်းလျားလေးကို ယူ၍ ဘေးတွင် ထိုင်လိုက်ပေသည်။
သူက ပင်းကော ပေးထားသော လက်မောင်းအား စမ်းသပ်သည့် ကိရိယာကို အရင်ဆုံး စမ်းသပ်ကြည့်ကာ သူ့အတွက် သင့်တော်မည့် အနေအထားကို ရှာဖွေနေ၏။
ယင်ရိလျိုက ထိုသြဇာရှိသော ပုဂ္ဂိုလ်ကြီးက သူ၏ ဓားကို တိတ်တဆိတ် သုတ်နေသည်ကို ကြည့်ရင်းနှင့်၊ သူ၏ မတိုင်မီက အပြုအမူကို ပြန်လည်၍ စဉ်းစားကာ ဤပင်းကောက အမှန်တကယ်တမ်းတွင် အတော်လေး ချစ်စရာကောင်းကြောင်းကို တွေးနေမိသည်။
သူ့အတွက် ပိုက်ဆံကို မသုံးမချင်း သူမတို့ကို ထိုင်ခုံပေးမည့်ပုံ မရပေ။
သူမက နံရံတွင် ချိတ်ထားသော လက်နက်များကို စပ်စုလိုစိတ်ဖြင့် လှည့်ပတ်ကြည့်ရှုနေမိ၏။
အများစုက ဓားများဖြစ်ကြသော်လည်း အလွန်ပင် ခန့်ညားလွန်းသော ဓားကြီး တစ်လက်ကလည်း ရှိနေသည်။
ဓား၏ ကျောဘက်တွင် အဟလေးတစ်ခု ရှိနေသော်လည်း၊ ဤသည်၏ ပြောင်လက်နေသော ဓားသွား၏ ထက်မြက်မှုကို မဖုံးကွယ်နိုင်ပေ။
ဤနေရာရှိ လက်နက် အများစုက ရှေးဟောင်းပုံစံများပင် ဖြစ်ကြပြီး အသစ်စက်စက်များ မဟုတ်ကြောင်း ထင်ရှားလွန်း၏။
ပင်းကောက ရှေးဟောင်းသိုင်းလောက မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်ကို ထည့်သွင်းစဉ်းစားလျှင် ဤသည်က အံ့သြစရာ မရှိပေ။
လက်နက်အားလုံးထဲတွင် ဓားရှည်တစ်လက်က ယင်ရိလျို၏ အာရုံကို ဖမ်းစားလိုက်ပေ၏။
သူမက နံပါတ်သို့ လျှောက်သွားပြီး ထိုထူးခြားသော ဓားကို ကြည့်လိုက်လေ၏။
ဓားရှည်၏ ဓားအိမ်က မည်သည့် ပုံစံမျှ မရှိဘဲ ရိုးရှင်းလွန်းသည်။
သစ်သားဓားအိမ်က အချိန်ကြာမြင့်စွာ ကိုင်တွယ် ပွတ်တိုက်မှုကြောင့် ရှေးဟောင်းပစ္စည်းများတွင် တွေ့ရလေ့ရှိသည့် ပြောင်လက်နေသော အလွှာလေးက ဖြစ်ပေါ်နေသည်။
ဤသည်၏ ဘေးပတ်လည်ရှိ သေးငယ်သော အစင်းကြောင်းများနှင့် ပွန်းပဲ့မှုများရှိနေသောကြောင့် ဤသည်က ရှေးဟောင်းဓားတစ်လက် ဖြစ်ကြောင်းကို ညွှန်ပြနေပေသည်။
ထိုဓားကို ထူးခြားစေသည့်အချက်က ဓားမှာ ဆိုင်၏ အလယ်ဗဟိုတည့်တည့်တွင် ရှိနေပြီး၊ တခြားသော ဓားများက ဝန်းရံထားလျက် နံရံ၌ ကွင်းဆက်ကြိုးပါးလေးဖြင့် ချည်နှောင်ထားခြင်းပင် ဖြစ်၏။
ထို့အပြင် ဤသည်၌ နောက်ထပ် ထူးခြားချက်တစ်ခုက ရှိနေသေး၏။ ဤဓား၏ ပုံသဏ္ဌာန်က အတော်ပင် သေးငယ်ပေသည်။
ဓားရှည် အမျိုးအစား ဖြစ်သော်လည်း ဓား၏ အထူနှင့် အနံက ပတ်ဝန်းကျင်ရှိ ဓားများအားလုံးထဲတွင် အသေးငယ်ဆုံး ဖြစ်နေ၏။
သွယ်လျ၍ နုနယ်လွန်းသောကြောင့် အမျိုးသမီးများ အသုံးပြုရန် ပို၍ သင့်တော်သော ဓားတစ်လက်နှင့် တူနေ၏။
သစ်သားဓားအိမ်ပေါ်တွင် သွေးကဲ့သို့ နီရဲနေသော ကျောက်စရစ်ခဲလေး တစ်လုံးလည်း ရှိနေသည်။
ဤသည်က အလွန်ပင် ကြည်လင်နေပြီး အနီရောင် ဖန်သားတစ်မျိုး ဖြစ်ဟန်တူ၏။
ယင်ရိလျိုက ဤသည်ကို ကြည့်ရင်း ထူးဆန်းသော အတွေးတစ်ခုက ရုတ်တရက် ဝင်လာခဲ့သည်။
ဤအနီရောင် ကျောက်တုံးလေးက မူလကျောက်တုံးနှင့်လည်း တူသကဲ့သို့၊ သူမ၏ ယုန်မျက်လုံးလေးများနှင့်လည်း ဆင်တူနေ၏။
သူမက ထိုဓားကို အတော်ပင် စိတ်ဝင်စားသွားပြီး ယဉ်ကျေးစွာဖြင့်မေးမြန်းလိုက်ပေသည်။
“ဒီဓားလေးကို ကျွန်မ ကြည့်လို့ရမလား”
ပင်းကော၏ စီးကရက်က ကုန်ဆုံးသွားပြီ ဖြစ်၏။
သူက ယခုမှပင် ထိုလူစုထဲရှိ မိန်းကလေးငကို သတိထားမိပုံရသည်။
တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် ယင်ရိလျို၏ ခေါင်းပေါ်ရှိ ယုန်နားရွက်များကို မြင်သောအချိန်တွင် သူက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် စီးကရက်တိုကို မီးဖိုထဲသို့ ပေါ့ပါးစွာပင် ပစ်ထည့်လိုက်ပေ၏။
သူက အနားသို့လျှောက်လာပြီး ခါးမှ သော့ကို ထုတ်၍ ကွင်းဆက်ကြိုးကို ဖွင့်ပေးပြီး ယင်ရိလျိုထံသို့ လှမ်းပေးလိုက်ပေသည်။
“သတိထားနော်၊ အဲဒါက အရမ်းထက်တယ်”
ယင်ရိလျိုက ဓားကို လက်ခံရရှိချိန်တွင်မှသာ အနီရောင်ကျောက်တုံး၏ တစ်ဖက်ခြမ်း၌လည်း ထပ်တူညီသော ကျောက်တုံးလေး တစ်လုံးက ရှိနေသည်ကို သတိပြုမိသွားသည်။
ကျောက်တုံးနှစ်လုံးက နီရဲသော မျက်လုံးတစ်စုံကဲ့သို့ အချင်းချင်း ပဲ့တင်ထပ်နေဟန်ရှိကာ ယင်ရိလျိုကို ပို၍ပင် ထူးဆန်းသော ခံစားချက်ကို ဖြစ်ပေါ်စေ၏။
ကျင်းယန်က ယုန်လေးက ထိုဓားကို အလွန်ပင်စိတ်ဝင်စားနေသည်ကို သတိပြုမိသွားသည်။
ယုန်လေးအနေဖြင့် သူ့ကိုယ်သူ ကာကွယ်သည့် အတတ်ပညာတချို့ကို သင်ယူသင့်သည်ကို သူ သဘောတူ၏။
ယုန်လေးက အရွယ်ရောက်လာပြီ ဖြစ်သောကြောင့် လက်နက်အသုံးပြုသည့် စွမ်းရည်ကို စတင်၍ လေ့ကျင့်ပေးရန် အချိန်တန်ပြီ ဖြစ်သည်။
သူက ယင်ရိလျိုကို စပ်စုလိုစိတ်ကြောင့်ဟုသာ ထင်မှတ်ထားပြီး အရှေ့မှ မြင်ကွင်းကို အလေးအနက် မထားမိပေ။
သူက အမျိုးသမီးများ အသုံးပြုရန် မည်သည့် သေနတ်အမျိုးအစားက သင့်တော်မည်နည်းနှင့် ယုန်လေးကို မည်သို့ သင်ကြားပေးရမည်နည်းဟူသော အတွေးများကိုသာ တွေးနေခဲ့သည်။
ထိုအခိုက်တွင် ယင်ရိလျိုက ဓားအိမ်ကို ကိုင်၍ အထဲရှိ ဓားရှည်ကို ဆွဲထုတ်လိုက်ပေသည်။
သူမက ထင်မှတ်ထားသည်ထက် ပို၍ ထက်မြက်ပြီး သွယ်လျသော ဓားရှည်တစ်လက်က ဓားအိမ်အထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာ၏။
သူမက ကြည့်ရင်းနှင့် အသက်ပင် ရှူရန် မေ့လျော့နေမိသည်။
အကယ်၍ ဓားများကို အလှအပဖြင့် အမျိုးအစား ခွဲခြားမည်ဆိုပါက ယင်ရိလျို၏ လက်ထဲရှိ ဓားက အလှပဆုံးပင် ဖြစ်ပေလိမ့်မည်။
ဓားများ၏ သဘောသဘာဝအရ ထိပ်နှစ်ဖက်လုံးက ထက်မြက်ကြပြီး ထိပ်ဖျားက အထက်ဆုံး ဖြစ်သည်။
သို့သော် ယင်ရိလျို၏ လက်ထဲရှိ ဓားက သာမန်ဓားများနှင့် သိသာစွာ ကွဲပြားနေ၏။
ဤသည်၏ ဘေးနှစ်ဖက်လုံးရှိ အလယ်ဗဟိုတည့်တည့်တွင် ကြည်လင်ထက်မြက်ပြီး အနည်းငယ် မောက်နေသော ဓားကျောရိုးလေး တစ်ခုက ပါရှိ၍၊ အလယ်မှ အပြင်ဘက်သို့ ရောက်လေလေ ပို၍ ပါးလွှာပြီး ထက်မြက်လာလေလေ ဖြစ်ပေသည်။
ဤသည်က အသွားနှစ်ဖက်ပါသော ဓား ဖြစ်၏။ ဤသည်၏ အသွားနှစ်ဖက်က ပုစဉ်းရင်ကွဲ တောင်ပံကဲ့သို့ပင် ပါးလွှာလွန်း၏။
ယင်ရိလျိုက ကြည့်ရုံနှင့်ပင် ထိုထက်မြက်မှုကြောင့် အသက်ရှူကျပ်မတတ် ခံစားရသည်။
အကယ်၍ သူမ၏ လက်ချောင်းဖြင့် ဓားသွားကို အသာအယာ ထိလိုက်ရုံနှင့်ပင် အရေပြားကို ဖြတ်တောက်ပြီး အသားထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားမည်ကို လုံးဝ မသံသယ ရှိပေ။
သူမက စိတ်ကူးယဉ် ဝတ္ထုများတွင် ဖတ်ဖူးသည်များကို ပြန်လည်၍ သတိရမိ၏။
ဓားတစ်လက်၏ အရည်အသွေးကို စမ်းသပ်ရာတွင် ထက်မြက်မှုအပြင် နောက်ထပ် အဓိကအချက်က ခိုင်ခံ့မှုပင် ဖြစ်သည်။
ဓားက ပို၍ ပါးလေ ပို၍ ထက်လေ ဖြစ်သော်လည်း၊ ပြင်းထန်သော အားတစ်ခုအောက်တွင် ကျိုးပဲ့သွားရန်ကလည်း ပို၍ လွယ်ကူသည်။
ပါးလွှာသော ဓားတစ်လက်ကို ခိုင်ခံ့အောင် သွန်းလုပ်ခြင်းက ပန်းပဲဆရာ၏ ကျွမ်းကျင်မှုကို အကြီးမားဆုံး စမ်းသပ်ခြင်းပင် ဖြစ်၏။
ယင်ရိလျိုက ခေတ္တ စဉ်းစားပြီးနောက် သူမ၏ လက်သည်းကို အနည်းငယ် ထုတ်လိုက်၍ ဓားသွားကို အသာအယာ ခေါက်ကြည့်လိုက်ပေ၏။
မည်သည့် တုံ့ပြန်မှုမျှ မရှိသောကြောင့် သူမက အားထည့်၍ ပြန်လည် ခါထုတ်လိုက်ပေ၏။
ကြည်လင်လွန်းသော အသံတစ်ခု ထွက်ပေါ်လာသောကြောင့် သူမက လန့်သွားရသည်။
ပင်းကောက သူမကို တစ်ချက်ထပ်ကြည့်လိုက်ပြီး သူမ၏ အပြုအမူကို သတိပြုမိ၍ နှာမှုတ်လိုက်ပေသည်။
“ဘာလဲ၊ ငါ့ရဲ့ဓားကို စမ်းသပ်နေတာလား၊ ဘယ်လို ခံစားရလဲ”
*