အခန်း (၂၀၇-၂၀၈)
Vol. 21 Ch. 207-208
အခန်း(207)
ပင်းကောက ဓားအကြောင်းကို ပြောသောအချိန်တွင် အမူအရာတို့ ပြောင်းလဲသွားသည်။
ထိုထဲတွင် မာန်မာနနှင့် ရောယှက်နေသော ဂုဏ်ယူမှု အရိပ်အယောင်များက ပါရှိနေ၏။
ယင်ရိလျိုက သူမ၏ ခေါင်းကို ကုပ်လိုက်၍ ခပ်တိုးတိုး ပြောလိုက်လေ၏။
“ကျွန်မက အားအကုန် မသုံးရဲလို့ပါ”
သူမ၏ လက်သည်းများက မည်မျှ ထက်မြက်ကြောင်းကို သူမ သိ၏။ သူမ၏လက်သည်းထက် ပို၍ ထက်မြက်သည့် သို့မဟုတ် မာကျောသည့်အရာမျိုးကို သူမ မတွေ့ဖူးပေ။
ပင်းကောက ဤဓားကို အလွန် တန်ဖိုးထားသည်ကို သူမက မြင်နေသည်။ အကယ်၍ သူမကသာ ကျိုးအောင် လုပ်မိပါက အမှန်တကယ့်ကို ကြီးလေးသော အပြစ်တစ်ခု ဖြစ်သွားပေလိမ့်မည်။
ယင်ရိလျို၏ စကားကို ကြားသောအချိန်တွင် ပင်းကောက ရယ်မောလာခြင်း မရှိပေ။
ထိုမိန်းကလေးကို အသေအချာ အကဲခတ်ပြီးနောက်၊ သူမက ချဲ့ကားပြောဆိုနေခြင်း သို့မဟုတ် ကြွားဝါနေခြင်း မဟုတ်ဘဲ၊ ဓားကို ကျိုးသွားမည်ကို အမှန်တကယ်ပင် ကြောက်ရွံ့နေခြင်း ဖြစ်ကြောင်းကို သူက သိလိုက်ပေသည်။
သူက ရုတ်တရက် အလွန် တည်ကြည်လေးနက်သွားသည်။ ယင်ရိလျိုက သူ၏ ဓားအပေါ်တွင် သံသယရှိခြင်းက အလွန်ပင် ပြင်းထန်သော ကိစ္စတစ်ခုကဲ့သို့ ဖြစ်နေလေ၏။
“ဟေ့ ကလေးမ၊ စကားကြီးစကားကျယ် ပြောပြီး ကိုယ့်ခါးကိုယ် နာအောင် မလုပ်နဲ့၊
စမ်းကြည့်စမ်းပါ၊ မင်းက တတ်နိုင်သမျှ အားကုန်သုံးပြီး စမ်းကြည့်လိုက်၊
တကယ်လို့ ဒီအခန်းထဲက လက်နက်တစ်ခုခုကို မင်း ကျိုးအောင် လုပ်နိုင်ရင် ကြိုက်တဲ့တစ်ခုကို ရွေးယူသွားလို့ရတယ်”
သူ၏ အသံက အတော်ပင် ကျယ်လောင်ပြီး အော်ဟစ်နေသကဲ့သို့ ဖြစ်နေသောကြောင့် ကျင်းယန်ကို မျက်မှောင်ကြုတ်သွားစေသည်။
ယင်ရိလျိုက သူမ၏ နှာခေါင်းထိပ်ကို ထိလိုက်၍ ပင်းကော၏ အကြည့်ကို ပြူးကျယ်သောမျက်ဝန်းများဖြင့် ကြည့်ရင်း အနည်းငယ် ချောင်းဟန့်လိုက်ပေ၏။
သူမ အနည်းငယ်တော့ မကျေမနပ် ဖြစ်သွားရသည်။
သူတို့ကိုယ်တိုင်က ကြိုက်သလောက် စမ်းကြည့်နိုင်သည်ဟု ပြောထားသောကြောင့် တစ်ခုခုက မှားယွင်းသွားပါက သူမ၏ ပြဿနာ မဟုတ်တော့ပေ။
သူမက မှိန်ပျပျ အလင်းရောင်အောက်တွင် ဖြူဖွေးစွာ ပြောင်လက်နေသော သူမ၏ လက်သည်းရှည်များကို ဖြည်းညှင်းစွာ ထုတ်လိုက်ပေသည်။
သူမက လက်ထဲရှိ ဓားရှည်၏ ဓားသွားကို သူမ၏ အားရှိသမျှဖြင့် ပြင်းထန်စွာ ခါချလိုက်လေတော့သည်။
ရုတ်တရက် အခန်းတစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသော ကြည်လင်လွန်းသည့် အသံကြီးတစ်ခုက ထွက်ပေါ်လာ၏။
ဓားနှင့် အနီးဆုံးရှိသော ယင်ရိလျိုက ဤသည်ကို ကိုင်ထားသောကြောင့် ဓားရိုး၏ တုန်ခါနေသည်ကို ခံစားရသည်။ ထိုတုန်ခါမှုကြောင့် သူမ၏ နားစည်များပင် ယားယံလာရ၏။
စက္ကူကဲ့သို့ ပါးလွှာသော ဓားသွားက ဆက်လက်၍ တုန်ခါနေဆဲ ဖြစ်ပြီး ကြည်လင်သော အသံက အချိန်အတော်ကြာအောင် လွင့်ပျံ့နေခဲ့သည်။
ပင်းကော အပါအဝင် လူတိုင်းက အံ့အားသင့်သွားကြ၏။
ယင်ရိလျို၏ လက်ထဲရှိ ဓားက အလွန်ပင် ခိုင်ခံ့သည်က သံသယရှိရန် မလိုပေ။
သူမ၏ လက်ဝါးများက ယခုတိုင် ကျဉ်ဆိမ့်နေဆဲဖြစ်၍ ထိုဓားက သူမ၏ လက်သည်းများထက်ပင် ပို၍ ခိုင်ခံ့နေကြောင်း သိသာလွန်း၏။
သို့သော် ဤမျှ ပါးလွှာသော ဓားတစ်လက်က ဤကဲ့သို့သော စွမ်းအားအဆင့်ကို မည်သို့ ရရှိထားသနည်း။
“ဒီ.. ဒီဓားက တကယ်ကို ကောင်းတာပဲ၊ ဆိုင်ရှင်၊ ခင်ဗျားရဲ့ဆိုင်က ဓားတွေ အကုန်လုံးက ဒီလို အရည်အသွေးမျိုးတွေပဲလား”
ကျောင်းချီယန်က အံ့အားသင့်စွာ မေးလိုက်ပေသည်။
ပင်းကောက ခေါင်းကိုယမ်းလိုက်၍ပြောပေသည်။
“ဒါက ငါ့မိသားစုရဲ့ အမွေအနှစ်ပဲ၊ တစ်လောကလုံးမှာ တစ်လက်တည်းပဲ ရှိတာ၊ နာမည်က ချီထူတဲ့”
ယင်ရိလျိုက ဤ ချီထူဓားနှင့် ထူးခြားသော ဆက်နွှယ်မှုတစ်ခု ရှိနေသည်ဟု ခံစားရသည်။
ဓားများတွင် ဝိညာဉ် ရှိကြသည်ဟု ပြောလေ့ရှိသော်လည်း သူမအနေဖြင့် ဤသည်က ဝတ္ထုများထဲတွင်သာ ချဲ့ကားပြောဆိုထားခြင်း ဖြစ်သည်ဟု အမြဲတမ်း ထင်ခဲ့ဖူး၏။
ဤဓားကို သူမ၏ လက်ထဲ၌ ကိုင်ထားချိန်မှသာ အမှန်တကယ့်ကို အံ့ဩစရာကောင်းသော တုံ့ပြန်မှုကို ခံစားလိုက်ရခြင်း ဖြစ်သည်။
ဤဓားက အပြင်ပန်းတွင် အေးစက်နေသော်လည်း အထဲ၌ နူးညံ့သော ဝိညာဉ်တစ်ခုက ဓား၏ ပုံရိပ်ထဲ၌ ကိန်းအောင်းနေခဲ့သည်။ မတိုင်မီက ဓားကို ဆွဲထုတ်လိုက်သည့်တိုင်အောင် တိတ်ဆိတ်နေသေးသော်လည်း လက်ရှိတွင်မတူတော့ပေ။
ထိုအခိုက်တွင် ကျင်းယန်က အနည်းငယ် မိန်းမောနေသော ယင်ရိလျို၏ ဘေးသို့ လျှောက်လာပြီး ခပ်တိုးတိုး မေးလိုက်ပေသည်။
“မင်းက ဒီဓားကို ကြိုက်လို့လား”
ယင်ရိလျိုက သူ့ကို အနည်းငယ် ရှက်ရွံ့စွာဖြင့် မော့ကြည့်လိုက်ပေသည်။
သူမက သင့်တော်သော လက်နက်တစ်ခုကို တစ်ခါမျှပင် မကိုင်ဖူးသေးသော်လည်း၊ သူမ၏ လက်ထဲရှိ ချီထူဓားကို အမှန်တကယ်ပင် ချစ်မြတ်နိုးသွားရ၏။
ဤဓားကို သူမက စတင်ကိုင်လိုက်သည့် အချိန်မှစ၍ ဤသည်ကို ပိုင်ဆိုင်လိုသော ပြင်းပြသည့် ဆန္ဒတစ်ခု ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအချိန်တွင် ကျင်းယန်က အခြေအနေကို ချက်ချင်းပင် နားလည်သွား၏။
သူက ဘေးနားရှိ ပင်းကောကို ကြည့်၍ မေးမြန်းလိုက်ပေသည်။
“ဒီဓားကို ရောင်းမလား”
“မရောင်းပါဘူး၊ ဒါကို မရောင်းဘူး”
ပင်းကောက အနည်းငယ် နှမြောစွာဖြင့် ခေါင်းကိုယမ်းလိုက်ပေ၏။
“ဒီဓားကို သူ့ရဲ့သူငယ်ချင်းဆီကို ရောင်းပေးမယ်လို့ တစ်ယောက်ကို ကတိပေးထားပြီးသားမို့ပါ”
ထူးဆန်းသည်က သူ၏ မိသားစုက လက်နက်သွန်းလုပ်ခြင်း အတတ်ပညာကို မျိုးဆက်နှင့်ချီ၍ လက်ဆင့်ကမ်းခဲ့ကြခြင်းပင် ဖြစ်သည်။
သူက မှတ်မိသမျှ ကာလပတ်လုံး သူ၏ မိသားစုဝင် အကြီးအကဲများအားလုံးက အမျိုးသားများသာ ဖြစ်ကြသော်လည်း၊ သူတို့က သွန်းလုပ်ခဲ့သမျှထဲတွင် အကောင်းဆုံးဖြစ်ပြီး မျိုးဆက်ပေါင်းများစွာက လက်ဆင့်ကမ်းလာခဲ့သည့် ဤဓားက အမျိုးသမီးများ အသုံးပြုရန် သင့်တော်သော ဓားတစ်လက် ဖြစ်နေခဲ့၏။
သူ၏ မျိုးဆက်တွင် ကမ္ဘာပျက်ကပ်နှင့် ကြုံတွေ့ရသောအချိန်တွင် ဤသွန်းလုပ်မှု အတတ်ပညာများကို ဆက်လက်၍ လက်ဆင့်ကမ်းနိုင်ပါ့မည်လားဟု သူက မသေချာတော့ပေ။
ချီထူဓားနှင့် အရှေ့မှ မိန်းကလေးက ရေစက်ရှိကြသည်ဟု သူက ခံစားမိ၏။
အကယ်၍ ကြိုတင်ကတိပေးထားခြင်းသာ မရှိပါက၊ သူက ချီထူကို သူတို့ကို ရောင်းချပေးရန် ဝန်လေးမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဓားတစ်လက်အတွက် သင့်တော်သော သခင်ကို ရှာတွေ့ခြင်းက အကောင်းဆုံးသော ခိုလှုံရာဖြစ်သောကြောင့်ပင် ဖြစ်၏။
ယင်ရိလျိုက နှုတ်ခမ်းကို စူလိုက်၍ ချီထူကို ဓားအိမ်ထဲသို့ ပြန်ထည့်ပြီး မူလနေရာတွင် ပြန်လည်၍ ချိတ်ဆွဲလိုက်ပေသည်။
သူမ၏ စိတ်ထဲတွင် အတော်ပင် နှမြောနေမိ၏။
ထိုအချိန်မှာပင် ဆိုင်အပြင်ဘက်မှ ခေါင်းလောင်းသံက မြည်လာပြီး အပေါ်ထပ်အင်္ကျီကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဝင်လာခဲ့သည်။
သူမက အေးစက်နေသော လက်များကို လေပူမှုတ်ရင်းပြောလိုက်ပေ၏။
“လောင်ပင်း၊ အပြင်မှာ နှင်းတွေက ပြန်ကျနေပြန်ပြီ”
ထိုအမျိုးသမီး၏ အသံက အားကောင်းပြီး တက်ကြွလွန်းသည်။
ယင်ရိလျိုတစ်ယောက် ထိုအသံကို မှတ်မိနေသောကြောင့် ခေါင်းကိုမော့ကြည့်လိုက်မိလေ၏။
ထို့နောက် ဝင်လာသောသူနှင့် အကြည့်ချင်း ဆုံသွားပြီး နှစ်ဦးသားလုံးက အံ့အားသင့်သွားကြ၏။
ပင်းကောက သူမကို မိန်းမဟု ခေါ်လိုက်သောအချိန်တွင် ယင်ရိလျို၏ အမူအရာက ပို၍ပင် အံ့အားသင့်သွားရသည်။
ရှေ့မှ အမျိုးသမီးက သူမ မှတ်မိထားသော သွယ်လျနုနယ်သည့် ပုံစံမျိုး မဟုတ်တော့ဘဲ ပို၍ပင် သန်မာလာခဲ့၏။
သူမက ဆူးချွန်များပါသော လက်ပတ်များကို ဝတ်ဆင်ထားခဲ့သည်။ ဤသည်က တစ်စုံတစ်ဦး၏ ဦးခေါင်းခွံကို အချိန်မရွေး ရိုက်ခွဲနိုင်မည့် ပုံစံမျိုးပင်။
သူမက မယုံကြည်နိုင်သကဲ့သို့ ယင်ရိလျိုကို ပြူးကြည့်နေပြီးနောက်၊ ယင်ရိလျို၏ ဘေးရှိ ကျင်းယန်နှင့် ကျောင်းမောင်နှမကိုပါ တစ်ချက်ကြည့်၍ သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုလိုက်ပေ၏။
သူမသည် တုန်ရီနေသော အသံဖြင့်စိတ်ရှုပ်ထွေးစွာဖြင့် ခေါ်လိုက်ပေ၏။
“ရှောင်လျိုလား”
“စွန်းကျဲလား”
အမျိုးသမီးနှစ်ဦးက တစ်ဦးကိုတစ်ဦး မိန်းမောစွာ ကြည့်နေကြသည်။
ထိုအချိန်မှသာ ပင်းကောက အခြေအနေကို သတိပြုမိသွား၏။
သူက ခေါင်းကို ကုပ်လိုက်၍ သူ၏ ဇနီးသည်ကို ကြည့်ပြီး အံ့အားသင့်သွားရပြန်သည်။
“မင်းတို့နှစ်ယောက်က သိနေကြတာလား”
ကံကြမ္မာဆိုသည်က အမှန်တကယ်ပင် အံ့ဩစရာကောင်းလွန်း၏။
ယင်ရိလျိုတို့၏ ရှေ့တွင် ရပ်နေသူက ကမ္ဘာပျက်ကပ်အစောပိုင်းတွင် သူတို့နှင့် ဆုံတွေ့ခဲ့ဖူးသော စွန်းဖန်းပင် ဖြစ်ပေ၏။
သူမက ချင်ဖူဟိုင်တို့နှင့်အတူ ရှိနေခဲ့ပြီး၊ နှစ်ဖွဲ့က မခွဲခွာမီအထိ ဒုက္ခများစွာကို အတူတကွ ကျော်ဖြတ်ခဲ့ကြဖူးသူဖြစ်၏။
မြို့တော် B အခြေစိုက်စခန်းတွင် ဤကဲ့သို့ ပြန်လည်၍ဆုံတွေ့ရလိမ့်မည်ဟု မည်သူကမျှ မထင်ထားခဲ့ကြပေ။
ယင်ရိလျိုက ချင်ဖူဟိုင်မှာ ဝတ္ထုထဲမှ လူဆိုးတစ်ဦးဖြစ်ပြီး၊ စွန်းဖန်သည်လည်း လမ်းခရီးတွင် စောစီးစွာ သေဆုံးသွားခဲ့သောကြောင့် ချင်ဖူဟိုင်၏ စရိုက်က သိသာစွာ ပြောင်းလဲသွားခဲ့သည်ဟု မှတ်သားထားဖူး၏။
ယခုကြည့်ရသည်က သူတို့က အတော်ပင် အဆင်ပြေနေကြပုံရ၏။
ထိုအချိန်က စွန်းဖန်က ချင်ဖူဟိုင်အပေါ်တွင် စိတ်ဝင်စားနေသည်ကို သူမ အထင်အရှား ခံစားမိခဲ့ခဲ့၏။
သို့သော် ယခုတွင် သူမက ပင်းကောနှင့် အိမ်ထောင်ကျနေပြီး သာမန်လူတစ်ဦးမှ သန္ဓေပြောင်းလူသားတစ်ဦးအဖြစ်သို့ ကူးပြောင်းသွားပုံရသည်။
စွန်းဖန်က ယင်ရိလျိုကို သူမ၏ ရင်ခွင်ထဲ၌ ဖက်ထားဆဲဖြစ်ပြီး အချိန်အတော်ကြာအောင် အံ့အားသင့်နေမိ၏။
တစ်ချိန်က နို့နံ့မစင်သေးသော အထုပ်လေးက ယခုအချိန်တွင် အမျိုးသမီးငယ်လေးတစ်ဦးအဖြစ်သို့ ကြီးပြင်းလာခဲ့ပြီ ဖြစ်၏။
စကားစမြည်ပြောဆိုပြီးနောက်တွင် သူတို့အဖွဲ့က တစ်ဦး၏ အခြေအနေကို တစ်ဦးက သိရှိသွားကြ၏။
အဖွဲ့က ထွက်ခွာသွားပြီးနောက် ချင်ဖူဟိုင်က ကျန်ရှိနေသော အဖွဲ့ဝင်များကို ဦးဆောင်၍ မြို့တော် M တွင် အခြေချခဲ့ကြသည်။
ထိုမြို့ရှိ ထူးခြားသော ပတ်ဝန်းကျင်နှင့် ကျန်ရှိနေသော သန္ဓေပြောင်းလူသားများကို အသုံးချ၍ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့ငယ်လေးတစ်ခုကို ဖွဲ့စည်းခဲ့ကြသည်။ အစပိုင်းတွင် သူတို့၏ ဘဝက အတော်ပင် အဆင်ပြေခဲ့၏။
သို့သော် နယ်စပ်ရှိ သန္ဓေပြောင်းအပင်များက ကြီးထွားပြန့်နှံ့လာပြီး သူတို့၏ လူနေမှုကို ပြင်းထန်စွာ ထိခိုက်လာစေခဲ့သည်။
မြို့တော် B မှ လူများကို လာရောက်၍ ကယ်ထုတ်ပြီးနောက်တွင် သူတို့က မြို့တော် B ၏ စစ်တပ်နောက်သို့ လိုက်ပါ၍ မြို့တော် B အခြေစိုက်စခန်း၌ ယာယီ ခိုလှုံခဲ့ကြရခြင်းပင် ဖြစ်သည်။
သူတို့၌ မြို့တော် B ၏ တရားဝင် အဆင့်အတန်း မရှိသကဲ့သို့၊ မြင့်မားလွန်းသော အမှတ် အခကြေးငွေများကိုလည်း မပေးဆောင်နိုင်သောကြောင့် ကျိုလုံဂူထဲ၌သာ လှည့်လည် နေထိုင်ခဲ့ကြရ၏။
ဤနေရာက လူပေါင်းစုံ ရောနှောနေသော နေရာတစ်ခု ဖြစ်ပေသည်။
*
အခန်း
(208)
စွန်းဖန် ပထမဆုံး ရောက်ရှိလာချိန်တွင် သူမက သာမန်လူတစ်ဦးသာ ဖြစ်သောကြောင့် အစွမ်းအစရှိသော လူမိုက်တချို့၏ နှောင့်ယှက်ခြင်းကို မကြာခဏ ခံခဲ့ရ၏။
အကယ်၍ ချင်ဖူဟိုင်ကသာ ကျို့လုံဂူထဲ၌ အသင့်အတင့် အင်အားမရှိခဲ့ပါက၊ သူမက ထိုလူအုပ်စု၏ ဝါးမျိုခြင်းကို ခံရသည်က ကြာလောက်ပေပြီး။
နောက်ပိုင်းတွင် အကြောင်းပြချက်အမျိုးမျိုးကြောင့် ချင်ဖူဟိုင်တို့က ပင်းကော၏ အဖွဲ့နှင့် ရင်းနှီးသွားခဲ့ကြသည်။
အစပိုင်းတွင် သူမက ချင်ဖူဟိုင်ကိုသာ စိတ်ဝင်စားခဲ့ခြင်းဖြစ်၏။
ခေါင်းဆောင်ဖြစ်သူက သူမကို နှစ်ကြိမ်တိုင်တိုင် တရားဝင် ငြင်းပယ်ခဲ့သော်လည်း၊ သူမအပေါ်တွင် စိတ်ဝင်စားမှု ပြသနေသော ပင်းကောထံသို့ သူမ၏ စိတ်ကိုမလှည့်ခဲ့ပေ။
အဖွဲ့နှစ်ဖွဲ့လုံးက အမှတ်ရှာရန် မစ်ရှင်တစ်ခုကို ထွက်ခဲ့ကြချိန်တွင် ပင်းကောက သူ ယခင်က ပြစ်မှားခဲ့ဖူးသော စစ်တပ်အရာရှိကြီး၏ လက်စားချေမှုကို ခံခဲ့ရ၏။
သူတို့ ရရှိထားသော သတင်းက မှားယွင်းနေပြီး၊ သူတို့ ရင်ဆိုင်ရသည်က အဆင့် (၂) သန္ဓေပြောင်းသားရဲမဟုတ်ဘဲ အဆင့် (၃) သန္ဓေပြောင်း ကျားကြီးတစ်ကောင်ပင် ဖြစ်နေသည်။
အသင်းဖော်များကို ကာကွယ်ရန်အတွက် သူတို့ထဲတွင် အင်အားအကောင်းဆုံးဖြစ်သော ချင်ဖူဟိုင်က ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး၊ ပင်းကောကလည်း ထိုမစ်ရှင်တွင် သူ၏ ဘယ်ဘက်လက်မောင်းကို ဆုံးရှုံးခဲ့ရ၏။
သူတို့အားလုံး...
သူတို့ သေဆုံးတော့မည်ဟု သိလိုက်ရချိန်တွင် အထဲဘက်၌ အကာအကွယ်ပေးခြင်းကို ခံထားရသော စွန်းဖန်းက အပြင်သို့ပြေးထွက်သွားခဲ့သည်။
သူမအနေဖြင့် အမြဲတစေ အကာအကွယ်ပေးခြင်းကိုခံနေရသော အသုံးမကျသည့်လူဖြစ်နေရသည်ကို ငြီးငွေ့နေလေပြီ။
သူမ၏ အသင်းဖော်များနှင့် သူငယ်ချင်းများက မည်မျှကြာအောင် ဆွဲထားနိုင်မည်ကို မသိသော အခြေအနေတွင် ဝန်ထုတ်ဝန်ပိုးဖြစ်နေမည့်အစား၊ သူတို့ကို ထွက်ပြေးရန် အချိန်ရစေရန် သူမကိုယ်တိုင်ပင် အစပျိုး၍ စတေးခံပေးလိုက်၏။
သို့သော် သူမ သတိပြန်ရလာချိန်တွင် သန္ဓေပြောင်းကျား၏ အကိုက်ခံရမှုကြောင့် ခန္ဓာကိုယ်က တစ်ဝက်ပြတ်လုနီးပါး ဖြစ်ခဲ့သော နာကျင်မှုများက ပျောက်ကွယ်သွားပြီဖြစ်၏။
မလှမ်းမကမ်းတွင် ခေါင်းဆောင်နှင့် ပင်းကောတို့က သွေးအိုင်ထဲ၌ လဲလျောင်းနေကြပြီး မျက်ဝန်းများ နီရဲလျက် သူမရှိရာသို့ ကြည့်နေကြသည်။
သူမက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်လျှင် ထူထဲသော သွေးညှီနံ့ကို ခံစားလိုက်ရ၏။
သူမ တစ်စုံတစ်ခုကို ပြောရန်ပြင်လိုက်ချိန်မှာပင် သူမ၏ လည်ချောင်းထဲမှ ကောင်းကင်တစ်ခုလုံးက တုန်ဟိသွားစေသော ကျားဟိန်းသံကြီးက ထွက်ပေါ်လာတော့၏။
စွန်းဖန်းက မသေခဲ့ပေ။
သူမက အဆင့် (၃) သန္ဓေပြောင်းသားရဲနှင့်အတူ သန္ဓေပြောင်းသွားခဲ့ခြင်းဖြစ်ပြီး၊ လူ့အဖွဲ့အစည်း၏ အောက်ခြေမှ သာမန်အမျိုးသမီးတစ်ဦးဘဝမှ ကျို့လုံဂူတစ်ခုလုံးက ရိုသေလေးစားရသော သန္ဓေပြောင်းလူသားတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေတော့သည်။
စွန်းဖန်၏ ဇာတ်ကြောင်းကို ကြားပြီးနောက် ယင်ရိလျိုက အံ့အားသင့်ခြင်းမရှိဘဲ မနေနိုင်ပေ။
သူမက ထိုအမျိုးသမီး၏ ရင်ခွင်ထဲ၌ တိုးဝင်နေမိသည်။ စွန်းဖန်တစ်ယောက် တစ်နှစ်အတွင်းမှာပင် ဤမျှအထိ ဒုက္ခများစွာကို ကျော်ဖြတ်ခဲ့ရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
သန္ဓေပြောင်းနိုင်ခြေမှာ တစ်သောင်းပုံ တစ်ပုံသာရှိပြီး မည်သည့်သဲလွန်စမျှလည်း မရှိပေ။
အကယ်၍ ထိုအလားအလာလေးသာ မရှိခဲ့ပါက စွန်းဖန်က အရိုးစုတစ်ခုသာ ဖြစ်နေလောက်ပေပြီ။
ယင်ရိလျိုအနေဖြင့် စွန်းဖန်းအပေါ် တွင်ထူးခြားသော ခံစားချက် ရှိ၏။
အဘယ်ကြောင့်ဆိုသော် သူမ လူသားအဖြစ်သို့ စတင်၍ ပြောင်းလဲခဲ့ချိန်၌ လမ်းပျောက်နေသကဲ့သို့ ခံစားနေရချိန်တွင် စွန်းဖန်ကသာ သူမကို အပင်များထဲမှ ဂရုတစိုက် ချီမခဲ့ပြီး မကြောက်ရန် ခပ်တိုးတိုး ပြောခဲ့သူဖြစ်ပေသည်။
သူမက မျက်တောင်ခတ်၍မေးမြန်းလိုက်ပေသည်။
“စွန်းကျဲ၊ ချင်ကောရော အဆင်ပြေရဲ့လား”
ထိုနာမည်ကို ကြားလိုက်ရချိန်တွင် ပင်းကောက ဇနီးသည်၏ ယခင်က စိတ်ဝင်စားခဲ့သူအပေါ်တွင် မကျေမနပ်ဖြစ်ဟန်ဖြင့် နှာမှုတ်လိုက်ပေသည်။
စွန်းဖန်က သူ့ကို စိုက်ကြည့်လိုက်သည်ကို မြင်သည့်အချိန်မှသာ ပြန်လည် တိတ်ဆိတ်သွားတော့၏။
ယင်ရိလျိုကို မထိခိုက်စေရန်အတွက် စွန်းဖန်က သူမ၏ လက်ကောက်ဝတ်မှ ဆူးများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖယ်ရှားလိုက်ပြီး ယင်ရိလျို၏ လက်ကလေးများကို သူမ၏ လက်ဖဝါးဖြင့် ပွတ်သပ်ပေးနေခဲ့၏။
သူမ၏ လက်ဝါးများက ယခင်ကကဲ့သို့ နုနယ်ခြင်း မရှိတော့ဘဲ မာကျောသော အသားမာများ ဖုံးလွှမ်းနေသည်။
သူမ၏ မျက်နှာကလည်း ထူးခြားစွာ ခိုင်မာပြတ်သားနေပြီး တခြားသော လူတစ်ဦးကဲ့သို့ပြောင်းလဲနေသည်။
“ဒီနေ့ ငါနဲ့အတူ ကျို့လုံဂူကိုလိုက်ခဲ့ပါဦး၊ နင့်ရဲ့ ချင်ကောက မျက်နှာမှာ ဒဏ်ရာနည်းနည်းရထားပေမဲ့ နင့်ကိုမြင်ရင် ကျိန်းသေပေါက် ဝမ်းသာသွားမှာ”
စွန်းဖန်က ရှင်းလင်းစွာ ရှင်းပြခြင်းမရှိသော်လည်း ယင်ရိလျို အတန်ငယ် အံ့အားသင့်သွားရ၏။
မမျှော်လင့်ဘဲ ချင်ဖူဟိုင်အနေဖြင့် သူ၏မျက်နှာက ပျက်စီးဖြစ်မည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်သေးပေ။
သို့သော်လည်း ဤဘဝတွင် သူ၏ဘေး၌ မိတ်ဆွေများစွာက ရှိနေသောကြောင့် စာအုပ်ထဲကကဲ့သို့ ကြေကွဲဖွယ်အဆုံးသတ်မျိုး ရှိလာလိမ့်မည်မဟုတ်ပေ။
ပင်းကောက ကျောင်းချီယန် လိုအပ်သော လက်နက်ကို ပြုပြင်မွမ်းမံပြီးစီးသွားပြီ ဖြစ်၏။
ထိုသူမှာ ကျောင်းချီယန် အမြဲသုံးနေကျ သေနတ်၏ အလေးချိန်ကို ဦးစွာတိုးမြှင့်ပေးခဲ့ပြီးပစ်ခတ်ချိန်တွင် တုန့်ပြန်ကန်အားက လျော့နည်းစေရန်နှင့် ပိုမို၍ တိကျစွာ ပစ်မှတ်ထားနိုင်စေရန်အတွက် အစိတ်အပိုင်းများကို အစားထိုးလဲလှယ်ပေးခဲ့၏။
ထို့အပြင် သူ အိမ်မြောင်အဖြစ်သို့ အသွင်ပြောင်းပြီးနောက်တွင် အဓိကအသုံးပြုသည့် ခန္ဓာကိုယ်အောက်ပိုင်းက အင်အားကိုလည်း ထည့်တွက်ခဲ့သည်။
ဧရာမသန္ဓေပြောင်း သတ္တဝါများနှင့် ရင်ဆိုင်ရပါက အားနည်းချက်ရှိနိုင်သည်ဟု ယူဆသောကြောင့် ပင်းကောက သူတို့က သူ၏အမြီးအတွက် သံချွန်ပါသော သံစွပ်တစ်ခုကို အထူးဒီဇိုင်းထုတ်ပေးခဲ့သည်။
ဤသည်မှာ စွန်းဖန်၏ လက်မောင်းတွင် တပ်ဆင်ထားသော ဒီဇိုင်းနှင့် ဆင်တူလေ၏။
အမြီး၏ အချင်းကို တိုင်းတာပြီးနောက်တွင် ဤပစ္စည်းကို လက်ခံရရှိရန် နောက်ထပ် လဝက်ခန့် ကြာဦးမည်ဖြစ်၍ ကျောင်းချီယန်ကတော့ အလွန်ပင် စိတ်မရှည်ဖြစ်နေရှာ၏။
ပင်းကောက သူ၏လက်များကို သုတ်လိုက်ပြီးနောက် ရုတ်တရက် နံရံဆီသို့ လျှောက်သွားကာ ထိုနေရာတွင် ချိတ်ဆွဲထားသော ချီထူကို ဖြုတ်ယူလိုက်သည်။
ထိုနောက် ဓားကို သံယောဇဉ်ကြီးစွာဖြင့် အချိန်ကြာမြင့်စွာ စိုက်ကြည့်နေခဲ့လေ၏။
ထို့နောက်တွင်တော့ သူ၏ဇနီးနှင့် စကားပြောနေသော ယင်ရိလျို
ထံသို့ လျှောက်သွားပြီး ချီထူကို သူမ၏ရှေ့တွင် ချထားပေးလိုက်လေ၏။
“ရမှတ် ရှစ်ထောင်၊ ဈေးမဆစ်နဲ့.. ငါ့ကို အမှတ်ပေးပြီးတာနဲ့ ဒါက မင်းအပိုင်ဖြစ်သွားပြီ”
ပင်းကောက အဘယ်ကြောင့် သူ၏ပုံမှန် အမူအရာမှ ပြောင်းလဲသွားရသနည်းဟု ယင်ရိလျိုက မစဉ်းစားနိုင်သေးမီမှာပင် ရမှတ် ရှစ်ထောင် ဆိုသည့် စကားကြောင့် ကြောင်အသွားရ၏။
သူမက လက်ကိုယမ်း၍ ငြင်းပယ်ရန် ချက်ချင်းပင် ကြိုးစားလိုက်လေသည်။
သူတို့၏အဖွဲ့၏ စုဆောင်းငွေအားလုံးကို ထုတ်သုံးလျှင်ပင် ထိုကွက်လပ်ကို ဖြည့်ဆည်းနိုင်မည် မဟုတ်ပေ။
ဤသည်က ခြံဝန်းနှင့်တကွ အိမ်တစ်လုံးကိုပါ ဝယ်ယူနိုင်သည့် ဈေးနှုန်းနှင့် ညီမျှသွားမည်ဖြစ်၍ သူမအနေဖြင့် မည်သို့ အိပ်မက်မက်နိုင်ပါမည်နည်း။
သူမက ငြင်းဆိုရန် ပြင်လိုက်ချိန်မှာပင် ကျင်းယန်က ယင်ရိလျို၏ လက်ဖဝါးကို ဆုပ်ကိုင်လိုက်ပြီး ပင်းကောကို စိုက်ကြည့်၍ ပြောလိုက်လေ၏။
“သဘောတူတယ်”
စွန်းဖန်တစ်ယောက် မျက်လုံးပြူးကျယ်စွာ အော်ဟစ်လိုက်ပြီး ယင်ရိလျိုကို ဈေးလျှော့ပေးရန် ပင်းကောကို ပြောလေသည်။
သို့သော် ပင်းကောက ခေါင်းမော့၍ ငြင်းဆိုခဲ့၏။
“ငါ ဒါကို ရောင်းမယ်လို့ ကြိုပြီး သဘောတူထားခဲ့ပေမဲ့ ဈေးကိုတော့ မလျှော့နိုင်ဘူး၊ ချီထူက ဒီဈေးနဲ့ ထိုက်တန်လို့ပဲ!”
ပင်းကောက ပြောခဲ့ဖူးသော ကတိပေးထားခဲ့သည့် မိတ်ဆွေဟောင်းဆိုသည်က ယင်ရိလျိုပင် ဖြစ်၏။
ချင်ဖူဟိုင်၏ မျက်နှာက ပျက်စီးသွားရခြင်းနှင့် စွန်းဖန်က ကျားကို အစာကျွေးရန် သူ့ကိုယ်သူ စတေးခဲ့ခြင်းများက သူ့ကြောင့်ဖြစ်ရသည့် ဘေးဒုက္ခများဖြစ်ပေ၏။ တကယ်တမ်းတွင် သူတို့က အပြစ်ကင်းကြသူများသာဖြစ်ကြသည်။
ကျို့လုံဂူသို့ ပြန်ရောက်ပြီးနောက်တွင် ပင်းကောက သူတို့အပေါ်တွင် အပြစ်ရှိသကဲ့သို့ ခံစားခဲ့ရပြီး သေသေချာချာ စဉ်းစားပြီးနောက် သူ၏ မိသားစုအမွေအနှစ်ကို ပေးအပ်ရန်ဆုံးဖြတ်ခဲ့၏။
ချင်ဖူဟိုင်မှာ ပင်းကော၏ အဖိုးဖြစ်သူ၏ နောက်ဆုံး လက်ရာမွန်ဖြစ်သော ကွမ်းထောင်ဓားကြီးကို ရရှိခဲ့သည်။ ဤဓားမှာ ဒဏ္ဍာရီလာ ကွမ်းယွီ၏ ဓားကြီးထက်ပင် ပိုလှပြီး အလွန်လည်းလေးလွန်းသည်။
စွန်းဖန်ကို သူပေးခဲ့သည်မှာ သူတို့၏မိသားစုတွင် မျိုးဆက်ပေါင်းများစွာက လက်ဆင့်ကမ်းလာခဲ့သော အမျိုးသမီးများ အသုံးပြုရန် သင့်တော်သော တစ်ခုတည်းသော လက်နက်ဖြစ်သည့် ချီထူပင် ဖြစ်ခဲ့၏။
ပင်းကောတွင် ကောင်းမွန်သော အစီအစဉ်တစ်ခုက ရှိခဲ့ဖူး၏။
စွန်းဖန်သာ ချီထူကို ယူခဲ့မည်ဆိုလျှင် နောက်ပိုင်းတွင် သူက စွန်းဖန်နှင့် လက်ထပ်နိုင်ခဲ့ပါက ချီထူက အခြေခံအားဖြင့် သူ၏ မိသားစုအမွေအနှစ်အဖြစ်ပင် ကျန်ရှိနေမည် ဖြစ်သည်။
သို့သော်လည်း အဆင့် (၃) သန္ဓေပြောင်းကျား၏ ကူးစက်ခြင်းကို ခံရပြီးနောက်တွင် စွန်းဖန်၏ စိတ်နေစိတ်ထားနှင့် ကိုယ်ရည်ကိုယ်သွေးများက သိသာစွာ ပြောင်းလဲသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူမက ရှည်လျားပြီး ပါးလွှာသော ဓားများကို စိတ်မဝင်စားတော့ဘဲ ပုဆိန်များ၊ တူများ စသည်တို့ကိုသာ ပိုမိုနှစ်သက်လာခဲ့၏။
စွန်းဖန်က ဤဓားကို မလိုချင်သော်လည်း သူမနှင့် ချင်ဖူဟိုင်တို့က ချီထူဓားနှင့် ဓားအိမ်တွင် စီခြယ်ထားသော အနီရောင် ဖန်သားမျက်လုံးတစ်စုံကို ကြည့်၍ ယင်ရိလျိုကို ပြေးမြင်မိကြသည်။
သူ၏ ရင်းနှီးသော မိတ်ဆွေနှစ်ဦးလုံးက ထိုဓားက သူနှင့်တစ်ချိန်မျှ မဆုံဖူးသေးသော မိန်းကလေးနှင့် သင့်တော်သည်ဟု ပြောခဲ့ကြလဆသည်။
ထိုအခြေအနေကို မြင်သောအချိန်တွင် အနာဂတ် တစ်နေ့နေ့၌ ထိုယုန်လေးနှင့်တူသော မိန်းကလေးက ဟုန်မားနှင့် အမှန်တကယ်ပင် ရေစက်ပါလာပါက သူမထံသို့ ရောင်းချရန် ပင်းကောက ဝန်မလေးဘဲ သဘောတူခဲ့ခြင်း ဖြစ်၏။
ယင်ရိလျိုက ထိုကဲ့သို့ တိုတောင်းသော အချိန်ကာလလေးအတွင်း၌ အမှန်တကယ်ပင် တန်ဖိုးရှိသော သံယောဇဉ်ကို ရရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမက စွန်းဖန်၏ ပြုံးနေသော မျက်နှာကို ကြည့်၍ သူမ၏ နှလုံးသားထဲတွင် နာကျင်မှုနှင့် ပျော်ရွှင်မှုတို့က ဒွန်တွဲနေခဲ့သည်။
သူမ၏ လက်ထဲမှ ဓားက တန်ဖိုးကြီးလွန်းပေ၏။
ချီထူကို သူမ၏ လက်မောင်းထဲတွင် ပိုက်ထားရင်း၊ ရုတ်တရက် ရမှတ်ထောင်ချီ၍ အကြွေးတင်သွားသော ရွှေပေါင်လုံးကိုလည်း အားနာစွာ စိုက်ကြည့်နေမိသည်။
သူမက အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားရသောကြောင့် လက်ထဲမှ ဓားကို ပြန်ချထားပြီး ဒီဓားကို မယူတော့ဟု သူရဲကောင်းဆန်စွာ အော်ပြောချင်စိတ်ပင် ပေါက်သွားခဲ့သည်။
ကျင်းယန်က ချမ်းသာကြွယ်ဝသူဘဝမှ ချက်ချင်းဆိုသကဲ့သို့ အကြွေးများနှင့် ဖြစ်သွားခဲ့သော်လည်း သူ၏ အမူအရာက လုံးဝ ပြောင်းလဲခြင်းမရှိပေ။
သူက ယုန်လေး၏ နူးညံ့သော နားရွက်များကို ပွတ်သပ်ပေးကာ ပြောလိုက်လေ၏။
“ရပါတယ်၊ တာဝန်တချို့ ထပ်ယူပြီး ရမှတ်တွေကို ရှာလိုက်ရင် ရသွားမှာပါ”
“ငါ့ရဲ့ ယုန်လေးကို အလိုလိုက်ဖို့ဆိုရင် ဘယ်လောက်ပဲကုန်ကုန်ပါ အရေးမကြီးဘူး”
ရွှေပေါင်လုံးထံမှ အားကိုးထိုက်သော စကားများကို ကြားလိုက်ရသောအချိန်တွင် ယင်ရိလျိုက ပို၍ပင်အားနာစိတ်ဖြစ်သွားရသည်။ သူမက သူမ၏ လက်မောင်းထဲမှ ချီထူကို ပိုမို၍တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်လေသည်။
ယခုအချိန်မှစ၍ ချီထူက သူမ၏ ဓား ဖြစ်လာခဲ့၏။
*