အခန်း (၂၀၉-၂၁၀)
Vol. 21 Ch. 209-210
အခန်း(209)
နှင်းများက အလွန်အမင်း ကျဆင်းနေသောကြောင့် အခြေစိုက်စခန်းနေရာတွင်ရှိနေသည့် လူတိုင်းက သူတို့၏ ခိုလှုံရာနေရာများတွင်သာ စုပြုံနေကြရသည်။
ဤဆောင်းရာသီက ပြင်းထန်လွန်းပြီး အပူချိန်က အနှုတ် (၃၀) ဒီဂရီဆဲလ်စီးယပ်အောက်သို့ ကျဆင်းနေကာ နေရာတိုင်းတွင် နှင်းများဖြင့် ဖုံးလွှမ်းနေ၏။
အခြေစိုက်စခန်း၏ အပြင်ဘက်ရှိ သန္ဓေပြောင်းသတ္တဝါများမှာတော့ အအေးဒဏ်ကို ကြံ့ကြံ့ခံနိုင်ပြီး ပုံမှန်အတိုင်းပင် ဆက်လက်၍ သွားလာနိုင်ကြသည်။ သို့သော်လည်း လူသားအများစုက ထိုသို့မလုပ်နိုင်ကြပေ။
ထိုကဲ့သို့သော ပတ်ဝန်းကျင်တွင် ဆင့်ကဲပြောင်းလဲသူ တချို့ပင်လျှင် ရမှတ်များကို လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရပြီး သူတို့၏ ပုံမှန်စားဝတ်နေရေးကိုပင် ထိန်းသိမ်းနိုင်ခြင်း မရှိကြတော့ပေ။
ဤကဲ့သို့ ပြင်းထန်စွာ နှင်းကျနေသော ရာသီဥတုတွင် ဆင့်ကဲပြောင်းလဲသူအဖွဲ့တချို့က မြို့ထဲမှ ထွက်ခွာရန် ရွေးချယ်ခဲ့ကြသည်။
အဆုံးမဲ့နှင်းမုန်တိုင်းများကြားတွင် သင့်တော်သော သားကောင်ကို ဂရုတစိုက် ရှာဖွေခဲ့ကြ၏။
ထိုအဖွဲ့က လူ(၁၀) ယောက်ခန့်ဖြင့် ဖွဲ့စည်းထားကာ အတော်လေး ကြီးမားလေသည်။
အဖွဲ့ထဲရှိ အမျိုးသမီးဆင့်ကဲပြောင်းလဲသူများ၏ ခြောက်သွေ့၍အက်ကွဲနေသော မျက်နှာများအနီးတွင် အသက်ရှူငွေ့များဖြင့် ဖုံးလွှမ်းနေကြလေ၏။ သို့သော်လည်း လေထဲတွင်ပင် ထိုအငွေ့များက ချက်ချင်းရေခဲမှုန်လေးများအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
“ခေါင်းဆောင်၊ ဒီလိုရာသီဥတုမျိုးမှာ ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး အမဲလိုက်နိုင်မှာလဲ”
အဖွဲ့ဝင်တစ်ယောက်မှာ စကားပြောနေချိန်တွင်ပင် သူ၏သွားများက တဂစ်ဂစ် တုန်နေခဲ့၏။
အဖွဲ့ခေါင်းဆောင်မှာလည်း အခြေအနေ သိပ်မထူးလွန်းဘဲ အကူအညီမဲ့စွာဖြင့် သူ၏ အေးခဲနေသော လက်များကို ပွတ်သပ်နေခဲ့သည်။
ဤကဲ့သို့ရာသီဥတုမျိုးတွင် သန္ဓေပြောင်းသတ္တဝါ အများစုက တောနက်ထဲတွင်သာ လှည့်လည်သွားလာနေတတ်ကြလေ၏။
ထို့ကြောင့် မဆင်မခြင် သွားလာခြင်းက အလွန်ပင် အန္တရာယ်များလွန်း၏။
“ကျွန်တော် ကြားတာတော့ မြစ်နက်အဖွဲ့တွေ အမဲလိုက်ထွက်တုန်းက ဆောင်းခိုနေတဲ့ ဝက်ဝံတွင်းထဲကို မတော်တဆ ရောက်သွားခဲ့တယ်တဲ့ .. ပြီးတော့ အထဲက သန္ဓေပြောင်းဝက်ဝံတွေက အိပ်ပျော်မနေကြဘူးတဲ့လေ”
အမျိုးသားတစ်ဦးက တုန်ယင်စွာဖြင့် ပြောလိုက်လေသည်။
ကျန်ရှိနေသော စကားများကို သူ ဆက်ပြောရန် မလိုတော့ဘဲ လူတိုင်းက သိရှိနေကြလေပြီ။
ဤသည်မှာ လွန်ခဲ့သော ရက်အနည်းငယ်ကမှ မတော်တဆမှုကို ကြုံခဲ့ရသည့် ဆင့်ကဲပြောင်းလဲသူ အဖွဲ့တစ်ဖွဲ့ပင်ဖြစ်သည်။
သူတို့က လူ (၈) ယောက်ဖြင့် ထွက်သွားခဲ့ကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ပြန်မလာနိုင်ခဲ့ကြပေ။
လူတိုင်းက တောထဲသို့ဝင်ရန် တွန့်ဆုတ်နေချိန်မှာပင် ဆင့်ကဲပြောင်းလဲထားသော အမြင်အာရုံရှိသည့် လူတစ်ဦးက ရုတ်တရက် အသံနိမ့်နိမ့်ဖြင့် ရေရွတ်လိုက်ပေ၏။
“ဘုရားရေ”!
လူတိုင်းက အရှေ့တွင် ရက်စက်ကြမ်းတမ်းသော သန္ဓေပြောင်းသတ္တဝါ ရှိနေသည်ဟု ထင်မှတ်သွားသောကြောင့် သူ၏ အံ့အားသင့်နေသော မျက်နှာကို လှည့်ကြည့်လိုက်ကြ၏။
သို့သော်လည်း ထုသူမှာ မည်သို့ဖြစ်နေသည်ကိုပငင ရှင်းမပြနိုင်ဘဲ စကားများက ထစ်အလျက် လက်များကို ယမ်းကာ ခေါင်းကိုခါပြနေလေသည်။
“ဟုတ်တယ်.. တစ်ယောက်ယောက်က ထွက်လာပြီ”
အဖွဲ့ဝင်များက အတန်ငယ် စိတ်ရှုပ်ထွေးသွားကြရသည်။
တခြား ဆင့်ကဲပြောင်းလဲသူ အဖွဲ့တစ်ခုခုက တောထဲသို့ဝင်ပြီး အမဲလိုက်၍ ပြန်ထွက်လာခြင်းများလား။
သူတို့အားလုံးက သတိကြီးသွားကြပြီး မဆင်မခြင်ဖြင့် အနားသို့မကပ်ကြပေ။
(၅) မိနစ်ခန့် ကြာပြီးနောက်တွင် လေနှင့်နှင်းများကြားတွင် အမည်းစက်လေးတစ်ခုက သူတို့၏ရှေ့၌ ဖြည်းဖြည်းချင်း ပေါ်လာခဲ့လေတော့၏။
အဖွဲ့ထဲမှ တစ်ယောက်က သူ၏မျက်လုံးများကို ပွတ်သပ်မိရပြီး ထိုအရပ်မျက်နှာဆီသို့ တစ်ကြိမ်ပြန်လည်၍ကြည့်လိုက်မိ၏။
လူရိပ်တစ်ရိပ်တည်းသာရှိနေကြောင်းကို အတည်ပြုပြီးနောက်တွင် သူက ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။
“ဒါက တကယ်မဖြစ်နိုင်ဘူးမလား၊ နှင်းတွေထူထပ်နေတဲ့ တောနက်ထဲကို လူတစ်ယောက်တည်းက စွန့်စားဝင်သွားတာလား”
ဝဲလည်၍ကျဆင်းနေသော နှင်းပွင့်များကြားတွင် ထိုလူ နီးကပ်လာသည်နှင့်အမျှ သူတို့လည်း သေသေချာချာ မြင်လိုက်ရလေသည်။
တစ်ဖက်လူမှာ သန္ဓေပြောင်းသတ္တဝါ၏ အလောင်းကို တရွတ်တိုက်ဆွဲလာခဲ့သော အရွယ်ရောက်ပြီး အမျိုးသားတစ်ဦးပင် ဖြစ်၏။
သူက အတော်လေး အရပ်ရှည်ပြီး ဦးခေါင်းနှင့် မျက်နှာတွင် ဆီးနှင်းအလွှာပါးလေးက ဖုံးလွှမ်းနေသောကြောင့် ရုပ်ရည်ကို ခွဲခြားရန်ပင် ခဲယဉ်းလွန်း၏။
သူ၏နောက်တွင် တရွတ်တိုက်ပါလာသည်ကတော့ သူ၏ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ ပိုကြီးမားနေသော သန္ဓေပြောင်းသတ္တဝါကြီးပင် ဖြစ်သည်။
မြေပြင်ပေါ်တွင် နက်ရှိုင်းသော ပွတ်တိုက်ရာများက ကျန်ရစ်ခဲ့ပြီး လမ်းတစ်လျှောက်ရှိ နှင်းပြင်ပေါ်တွင်လည်း သွေးများက စွန်းထင်နေခဲ့၏။
မည်သူကမျှ စကားမပြောရဲကြပေ။ ထိုလူက သန္ဓေပြောင်းသတ္တဝါကြီးကို ဆွဲလျက် သူတို့၏
အနားသို့ နီးကပ်လာသည်ကို အသက်အောင့်၍ ကြည့်နေမိကြသည်။
“ဒါ.. ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ၊ သူက တစ်ယောက်တည်းပဲလေ၊ ဒါတောင် ဒီလောက်ကြီးတဲ့ သန္ဓေပြောင်းသတ္တဝါကြီးကို အမဲလိုက်နိုင်တာလား”
အရှေ့မှ သန္ဓေပြောင်းသတ္တဝါ၏
အမျိုးအမည်ကို မသိရသော်လည်း အရွယ်အစားကို ကြည့်ခြင်းအားဖြင့် အနည်းဆုံး အဆင့် (၂) သို့မဟုတ် အဆင့် (၃) နီးပါး ရှိပေလိမ့်မည်။
ဤကဲ့သို့ အေးခဲပြီး နှင်းထူထပ်သော ရာသီဥတုမျိုးတွင် ကောင်းမွန်စွာ ဖွဲ့စည်းထားသော အဖွဲ့တစ်ခုပင်လျှင် ထိုကဲ့သို့ အင်အားကြီးသည့် သန္ဓေပြောင်းသတ္တဝါကို သတ်နိုင်ရန်အတွက် အားထုတ်မှု အတော်လေး လိုအပ်လိမ်မည်ဖြစ်သည်။
သူက မိစ္ဆာတစ်ကောင်များလား။
ရုတ်တရက် အဖွဲ့ဝင်တစ်ဦးက တစ်စုံတစ်ခုကို မှတ်မိသွားပုံရပြီး ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။
“အခြေစိုက်စခန်းထဲက ဒဏ္ဍာရီက အစစ်အမှန် ဖြစ်နေတာလား”
ပြီးခဲ့သည့် တစ်လအတွင်း အခြေစိုက်စခန်းရှိ အဖွဲ့တစ်ခုမှ အစွမ်းထက်သော ဆင့်ကဲပြောင်းလဲသူတစ်ဦးက ရက်အနည်းငယ်ခြားတိုင်း နှင်းထူထပ်သော တောနက်ထဲသို့ တစ်ကိုယ်တော် အမဲလိုက်ထွက်လေ့ရှိသည်။
ထိုသို့သွားတိုင်းလည်း အထိအခိုက်မရှိဘဲ ရိတ်သိမ်းမှုအပြည့်ဖြင့် ပြန်လာတတ်သည်ဟူသော ဒဏ္ဍာရီတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
အမဲလိုက်ထွက်ကြသော ဆင့်ကဲပြောင်းလဲသူအဖွဲ့များစွာက ဤမြင်ကွင်းကို မြင်တွေ့ခဲ့ရသည်ဟု ပြောဆိုကြ၏။
သို့သော်လည်း အခြေစိုက်စခန်းရှိ ဆင့်ကဲပြောင်းလဲသူ အများစုက လုံးဝမယုံကြည်ကြပေ။
ဤလူများက လုပ်ကြံ၍ပြောဆိုနေသော ပုံပြင်သာဖြစ်သည်ဟု ပြောကြ၏။
သန္ဓေပြောင်းသတ္တဝါများ၏ စစ်တလင်းဖြစ်နေသည့် နှင်းထူထပ်သည့် တောနက်ထဲတွင် တစ်ကိုယ်တော် အမဲလိုက်နိုင်မည့် ကြောက်မက်ဖွယ်ကောင်းသော အင်အားမျိုးက မည်သူ့တွင် ရှိနိုင်မည်နည်း။
ထိုမေးခွန်းကို ဘေးဖယ်ထားလျှင်ပင်၊ တစ်စခန်းလုံးတွင် လက်ချိုးရေ၍ ရနိုင်သော လူအနည်းငယ်သာ ရှိပြီး ထိုလူကြီးလူကောင်းများကလည်း အပြင်သို့ ထွက်မလာကြပေ။
ထို့အပြင် ဤကဲ့သို့ ရာသီဥတုမျိုးတွင် မည်သူက အမဲလိုက်ပါမည်နည်း။
တိရစ္ဆာန် တစ်ကောင်၊ နှစ်ကောင်လောက်ကို အမဲလိုက်ခြင်းက ရမှတ်အတွက် ဖြစ်နိုင်သော်လည်း နေ့တိုင်းသွားနေခြင်းက စိတ်လှုပ်ရှားမှုကို ခံစားချင်ရုံသက်သက်များလား။
အစောပိုင်းက ထိုအဖွဲ့က ဤအကြောင်းကို ပုံပြင်တစ်ခုကဲ့သို့သာ သဘောထားခဲ့ကြပြီး မည်သူကမျှ အစစ်အမှန်ဟု မယုံကြည်ခဲ့ကြပေ။
သို့သော် တစ်ကိုယ်တော် အမဲလိုက်သူတစ်ဦးက သူတို့၏ မျက်စိရှေ့တွင် အမှန်တကယ် ပေါ်လာသောအချိန်တွင်တော့ ထိုသတင်းက အစစ်အမှန်ဖြစ်ကြောင်းကို သူတို့က သဘောပေါက်သွားခဲ့ကြ၏။
ထိုသူက အဖွဲ့ခေါင်းဆောင်၏ အနားမှ ဖြတ်ကျော်သွားချိန်တွင်တော့ ခေါင်းဆောင်ဖြစ်သူမှာ အရှေ့မှ ခန့်ညားလွန်းသော အမျိုးသားကို မကြည့်ဘဲမနေနိုင်တော့ပေ။
ပွတ်တိုက်သံများ၏ ကြားတွင် ထိုလူ၏မျက်နှာက ဆီးနှင်းဖြူများဖြင့် ဖုံးလွှမ်းနေသောကြောင့် ရုပ်ရည်ကို ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေ၏။
သို့သော် သူ၏မျက်လုံးများက နှင်းများကြားတွင် ထင်ရှားနေပြီး သူ၏မျက်ဝန်းအိမ်ထဲတွင် စူးရှသော ရွှေရောင်အရိပ်အယောင်များက ရှိနေခဲ့သည်။
ထိုလူက သူတို့နှင့် ဝေးရာသို့ ရောက်သွားသောအချိန်မှသာ သူတို့က သတိဝင်လာကြလေ၏။ အချိန်ခဏမျှအထိ အံ့အားသင့်လွန်းသောကြောင့် စကားပင် မပြောနိုင်ကြတော့ပေ။
“မင်းတို့ သိလား၊ လူတွေက တကယ်ကို ကွာခြားလွန်းတယ်၊ ငါတို့က အရမ်း ကြောက်နေပေမဲ့ အဲဒီလူကတော့ တစ်ယောက်တည်းဝင်ပြီး သောင်းကျန်းလာတာပဲ”
“ဝါး.. ငါတော့ သူ့ကို တကယ်ကြီး လေးစားသွားပြီ”
ဤအချိန်တွင်တော့ ရေခဲပြင်အမဲလိုက်သမားက သူ၏ သားကောင်ကို အခြေစိုက်စခန်း၏ တံခါးဝသို့ တရွတ်တိုက် ဆွဲလာခဲ့လေပြီ။
အဖြူရောင် ဝတ်စုံကိုဝတ်ထားသော ဝန်ထမ်းများက သူ့ကို ကြိုဆိုရန် အပြေးအလွှား ထွက်လာကြ၏။
သူတို့က ဤလအတွင်း ထိုအမျိုးသားကို အကြိမ်ပေါင်းများစွာ လက်ခံခဲ့ရပြီး ဖြစ်သောကြောင့် ယခုအချိန်တွင် ရင်းနှီးနေပြီဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း သူ့ကို ကြောက်ရွံ့နေကြသည်။
သားကောင်ကို အမှတ်အသားပြုပြီး မှတ်ပုံတင်ပြီးနောက်တွင် အထူးဝန်ထမ်းတစ်ဦးက ထိုသားကောင်ကို ကုန်တင်ကားပေါ်သို့ တင်ဆောင်သွားခဲ့၏။
အဖြူရောင်ဝတ်စုံနှင့် အမျိုးသားက ထိုလူ၏အနားသို့ ချဉ်းကပ်၍ ပြောလိုက်ပေ၏။
“ရမှတ်ရုံးကလူတွေက လုပ်ငန်းစဉ်တွေပြီးတာနဲ့ ခင်ဗျားကို ဆက်သွယ်ပြီး သက်ဆိုင်တဲ့ ရမှတ်တွေကို ခင်ဗျားရဲ့ ကတ်ထဲကို တိုက်ရိုက် ထည့်ပေးလိုက်ပါလိမ့်မယ်”
ထိုအမျိုးသားက ခေါင်းညိတ်ပြလိုက်ပြီး တစ်ဖက်လူ သူ့ကို လှမ်းပေးလာသော အပူပေးထားသည့် မျက်နှာသုတ်ပုဝါကို ယူလိုက်လေသည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် ပဝါ၏ အပူဓာတ်က အေးစိမ့်နေသော လေထုကြောင့် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ရသည်။
သူ၏လက်ထဲတွင် ကိုင်ထားချိန်ခဏလောက်ကိုသာ ထိုပုဝါက နွေးခဲ့လေ၏။
သူက သူ၏မျက်နှာပေါ်မှ ဆီးနှင်းများကို ဖြည်းဖြည်းချင်း သုတ်လိုက်ပြီးနောက်တွင် နုပျိုပြီး ချောမောခန့်ညားသော မျက်နှာတစ်ခုက ပေါ်ထွက်လာခဲ့သည်။
ထိုလူငယ်၏ နှုတ်ခမ်းများက အေးစက်သည့် လိုင်းတစ်ခုကဲ့သို့ တင်းတင်းစေ့ထားကာ အခြေစိုက်စခန်းထဲသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းဝင်သွားလေ၏။
ထိုလူငယ်မှာ ကျင်းယန်မှလွဲ၍ တခြားမည်သူ ဖြစ်နိုင်ပါဦးမည်နည်း။
ပင်းကောထံမှ ချီထူကို ယူခဲ့ပြီးကတည်းက ပင်းကောထံတွင် အကြွေးတင်ခဲ့ရပြီး အကြွေးပမာဏကလည်း အတော်လေး များပြားလွန်း၏။
ထို့ကြောင့် လွန်ခဲ့သော တစ်လကတည်းက သူ့အနေဖျင့် နှစ်ရက် သို့မဟုတ် သုံးရက်ခြားတစ်ခေါက် နှင်းထူထပ်သော တောနက်ထဲသို့ တစ်ကိုယ်တည်းအမဲလိုက်ထွက်ခဲ့ခြင်းပင် ဖြစ်သည်။
ဤဆောင်းရာသီက ထူးခြားစွာဖြင့် ရှည်လျားလွန်း၏။
ပုံမှန်အားဖြင့် ဖေဖော်ဝါရီလလယ်က အအေးဆုံးအချိန်မဟုတ်တော့သော်လည်း ယခုနှစ်တွင်တော့ အပူချိန်က ဆက်လက်၍ ကျဆင်းနေဆဲပင်။
မကြာခင်က ရပ်တန့်သွားခဲ့သော နှင်းအလွန်အကျွံ ကျဆင်းမှုကလည်း ပြတ်တောင်းပြတ်တောင်းဖြင့် ပြန်လည်စတင်လာခဲ့ပြီး ပိုမို၍
ပြင်းထန်လာမည့် အလားအလာကို ပြသနေခဲ့၏။
သူ ကောင်းကင်ယံကို မော့ကြည့်လိုက်လျှင် သူ၏ ရှည်လျားသော မျက်တောင်များပေါ်တွင် နှင်းအလွှာတစ်ခုက ချက်ချင်း စုပုံသွားပြီး သူ၏ မျက်တောင်များကို အနည်းငယ် ကွေးညွှတ်သွားစေ၏။
“ဒီနေ့ပြီးရင်တော့ အကြွေးတွေက ကျေသလောက် ရှိသွားပြီပဲ၊ ဒါပေမဲ့ ထုထု ဘယ်လိုနေလောက်မလဲ မသိဘူး”
*
အခန်း(210)
လက်ရှိအချိန်တွင် ကျို့လုံဂူထဲ၌ နှင်းများက ပိုမို၍ထူထပ်နေပြီး တချို့နေရာများတွင် ပုံမှန်အရွယ်ရောက်ပြီးသူ တစ်ဦး၏ လည်ပင်းအထိ ရောက်ရှိနေ၏။
မြို့တော် B ၏ တခြားအစိတ်အပိုင်းများနှင့် မတူဘဲ ဤနေရာတွင် ရမှတ်ရရန် အလုပ်လုပ်နိုင်မည့် အစိုးရ၏ နှင်းရှင်းလင်းရေး ဝန်ဆောင်မှု မရှိပေ။
ဤနေရာတွင် နေထိုင်သူများကို အခြေစိုက်စခန်းက အသိအမှတ်ပြုခြင်း သို့မဟုတ် လက်ခံခြင်း မရှိပါချေ။
သူတို့က တာဝန်များကိုယူရန် အပြင်သို့ ထွက်သည့်တိုင် အခြေစိုက်စခန်းတွင် နေထိုင်ခွင့်ရှိသော သာမန်လူများနှင့် မယှဉ်နိုင်ကြပေ။
ထို့ကြောင့် သူတို့က အပြင်သို့ထွက်ကာ နှင်းဂေါ်ပြားဖြင့် ရှင်းလင်းခြင်းထက် သူတို့၏ တံခါးရှေ့နှင့် လမ်းမများပေါ်တွင် နှင်းများက မြင့်မားစွာပုံနေသည်ကိုသာ လက်ခံထားကြလေ၏။
သူတို့၏ အမြင်တွင် ထိုသို့သောအလုပ်ကိုလုပ်နေသော လူများက အကျိုးမရှိသော အလုပ်ကို လုပ်နေကြသူများဖြစ်ပြီး ငတုံးများအဖြစ်သို့ သတ်မှတ်ခြင်းကို ခံရ၏။
ကျို့လုံဂူ တစ်ခုလုံးက အမျိုးမျိုးသော အဆောက်အအုံများဖြင့် ပြည့်နှက်နေသောကြောင့် အခြေစိုက်စခန်းတစ်ခုနှင့် လုံးဝမတူပေ။
မြေပြင်က ညစ်ပတ်နေပြီး နှင်းများကို နင်းချေထားသောကြောင့် မီးခိုးရောင် ရောနှောနေသော အနက်ရောင်အဖြစ်ရှိနေသည်။ မနှစ်မြို့ဖွယ် အနံ့အသက်များကိုတော့ ထူထပ်သော နှင်းများက ဖုံးကွယ်ပေးထားလေသည်။
အလယ်ဗဟို ဧရိယာတွင်တော့ ကျို့လုံဂူရှိ အင်အားစု အသီးသီး၏ ထိပ်သီးပိုင်းများ၏ နေထိုင်ရာဖြစ်ကာ ရှားပါးစွာ သန့်ရှင်းပြီး ဗိသုကာလက်ရာများကလည်း စွဲမက်ဖွယ်ကောင်းလွန်း၏။
ပင်းကောနှင့် ချင်ဖူဟိုင်တို့၏ ဆင့်ကဲပြောင်းလဲသူအဖွဲ့က ဤနေရာတွင် နေထိုင်ကြ၏။
ခြံဝန်းထဲတွင်တော့ အပေါက်ဖောက်ထားသော အစိမ်းရောင် အမိုးအကာတစ်ခုဖြင့် အမိုးပေါ်၌ ဖုံးအုပ်ထားလေသည်။
ခြံဝန်းက ခြောက်သွေ့သန့်ရှင်းနေပြီး အိမ်ထဲမှ အမျိုးသားများ၏ ရယ်မောသံနှင့် အရက်သောက်သံများကို ကြားနေရ၏။
ခြံဝန်းထဲတွင် မိန်းကလေး တစ်ဦးတည်းသာ ရှိလေသည်။
သူမ၏ ရှည်လျားသော ပန်းနုရောင်သမ်းသည့် အဖြူရောင် နားရွက်လေးများက သူမ၏ လှုပ်ရှားမှုများနှင့်အတူ အနည်းငယ် မြင့်တက်လိုက် နိမ့်ဆင်းလိုက်ဖြင့် ဖြစ်နေ၏။
သူမက အဝတ်အစားကို ထူထဲစွာ ဝတ်ဆင်ထားခြင်း မရှိသော်လည်း သူမ၏ နဖူးပေါ်တွင် ချွေးစက်လေးများက ရှိနေကာ သူမ၏ တောက်ပသော မျက်လုံးများကလည်း
အလွန် ပြတ်သားနေပုံရသည်။
သူမက သူမ၏ လက်ထဲတွင် ရှည်လျားသော ဓားတစ်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။
ဓားက ကျဉ်းမြောင်းပြီး ပါးလွှာသော်လည်း ထက်မြက်လွန်းပေသည်။
သူမက သူမ၏ လက်မောင်းကို အားစိုက်ကာ အရှေ့ဘက်ရှိ ကွင်းပြင်ထဲတွင် ဓားကို အားပါပါဖြင့် ဝှေ့ယမ်းနေခဲ့သည်။
သူမ ဓားကို ဝှေ့ယမ်းလိုက်တိုင်း သူမ၏ ကြွက်သားများက လှုပ်ခါသွားခဲ့လေ၏။
ယင်ရိလျိုတစ်ယောက် ငြီးငွေ့ဖွယ်ကောင်းသော ဤဓားကျင့်စဉ်ကို (၃၄) ရက်တိုင်တိုင် လေ့ကျင့်နေခဲ့ရသည်။
ဆိုရလျှင် သူမက ချီထူကို ရရှိခဲ့ကတည်းက ပင်းကော၏ တပည့် ဖြစ်လာခဲ့လေ၏။
နေ့တိုင်း အာရုဏ်မတက်မီမှာပင် သူမက အိပ်ချင်မူးတူးဖြင့် အိပ်ရာထဲမှ ခုန်ထွက်လာပြီး ကျို့လုံဂူသို့ ပြေးလာကာ ခြံဝန်းထဲတွင် ဓားလေ့ကျင့်လေ့ရှိသည်။
ကျင်းယန်က သူမအတွက် ချီထူကို ဝယ်ယူရန် ငွေအမြောက်အမြားကို အသုံးပြုခဲ့ရသည်။
သူမကိုယ်တိုင်ကလည်း ဤဓားကို အမှန်တကယ် ချစ်မြတ်နိုးပေသည်။ ထို့အတူ သူမ၏ ချမ်းသာသော ရွှေပေါင်လုံး၏ စေတနာကို အလဟဿ မဖြစ်စေချင်သကဲ့သို့ ဤအတုမဲ့ဓားကိုလည်း အလကားမဖြစ်စေချင်ပေ။
ပင်းကောတွင် တပည့်လက်ခံရန်အတွက် သတ်မှတ်ချက်က တစ်ခုတည်းသာ ရှိ၏။
ပထမဆုံးနေ့တွင် မနက်မှ ညအထိ ဓားကို အကြိမ်ပေါင်း (၂၀,၀၀၀) ဝှေ့ယမ်းရမည်ဖြစ်၏။ ဝှေ့ယမ်းချက်တိုင်းတွင် ခေါင်းမှ ခြေအထိ အားအပြည့်ပါရလိမ့်မည်။
အကယ်၍ ထိုအကြိမ်အရေအတွက်ကို ပြည့်မီပါက သူက တပည့်အဖြစ် လက်ခံလိမ့်မည်။
မပြည့်မီပါက တပည့်အဖြစ်လက်မခံဘဲ ချီထူကို သိမ်းဆည်းတတ်သော မိန်းကလေးတစ်ဦးထံသို့ ရောင်းလိုက်ရုံသာဟု မှတ်ယူလိမ့်မည်ဖြစ်၏။
ယင်ရိလျို၏ မာန်မာနကလည်း မြင့်တက်လာခဲ့၏။ အာရုဏ်တက်ချိန်တွင် သူမက ကျို့လုံဂူသို့ ရောက်ရှိလာခဲ့သည်။ အစပိုင်းတွင် သူမက အတော်လေး စိတ်ပေါ့ပါးနေခဲ့လေ၏။
မည်သို့ပင်ဖြစ်စေ သူမက ဆင့်ကဲပြောင်းလဲသူတစ်ဦးဖြစ်ပြီး သူမ၏ လက်မောင်းအင်အားက သာမန်လူများထက်များစွာ သာလွန်သည်။
နေ့လယ်စာကို စားပြီး မကြာမီမှာပင် သူမက အကြိမ်ရေ တစ်သောင်းသို့ ရောက်ရှိသွားပြီ ဖြစ်၏။
သို့သော် သူမ၏ လက်မောင်းများတွင် နာကျင်မှုကို စတင်၍ ခံစားလာရသည်။
နောက်ထပ် အကြိမ်ရေ သုံးထောင်ကို ထပ်မံပြုလုပ်ပြီးနောက် သူမ၏ လက်မောင်းများက ခဲဆွဲထားသကဲ့သို့ လေးလံထိုင်းမှိုင်းလာခဲ့၏။
အကြိမ်တိုင်းတွင် သူမ၏ လက်မောင်းများက တုန်ယင်နေပြီး သူမ၏ တံတောင်ဆစ်များ၊ ခါးနှင့် ပေါင်များကလည်း စတင်၍ နာကျင်လာခဲ့သည်။
အကြိမ်ရေ (၁၈,၀၀၀) သို့ ရောက်သောအချိန်တွင် မှောင်နေခဲ့လေပြီ။ ယင်ရိလျိုက သူမကိုယ်သူမပင် မဟုတ်တော့သကဲ့သို့ ခံစားလာရ၏။
သူမ၏ စိတ်က တင်းကျပ်နေပြီး သူမ၏ လက်များကလည်း သစ်ရွက်များကဲ့သို့ပင် တုန်ယင်နေခဲ့သည်။
အစပိုင်းတွင် ပေါ့ပါးသွက်လက်သည်ဟု သူမ ခံစားခဲ့ရသော ဟုန်မား က ယခုအချိန်တွင် လေးလံသော ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့သည်။
သူမအနေဖြင့် ဓားကို ရိုးညှင်းစွာ ပစ်ချထားခဲ့နိုင်သော်လည်း ငြင်းဆန်ခဲ့၏။
သူမ၏ ဝိုင်းစက်နေသော မျက်လုံးများက ပြတ်သားမှုများဖြင့် ကျယ်လာခဲ့ပြီး သူမ၏ အတွင်းဝတ်အင်္ကျီကလည်း ချွေးများဖြင့် ရွဲနစ်နေခဲ့သည်။
သူမ မသိလိုက်မီမှာပင် ထက်မြက်သော ဓားသွားက အောက်သို့ ကျသွားကာ သူမ၏ ခြေသလုံးကို ထိမိသွားလေ၏။
သွေးများက အများအပြား ထွက်လာကာ နက်ရှိုင်းသော ဒဏ်ရာတစ်ခု ဖြစ်သွားခဲ့သည်။
ထိုအချိန်တွင် စွန်းဖန်က အိမ်ထဲမှ အလန့်တကြား အော်ဟစ်၍ ထွက်လာခဲ့ပြီး သူမ၏လက်ထဲမှ ဓားကို ယူကာ ဒဏ်ရာကို ပတ်တီးစည်းပေးရန် ကြိုးစားလေ၏။
သူမက ပင်းကောကို ဒေါသတကြီးဖြင့် ကျိန်းမောင်းပြောဆိုခဲ့သည်။
ယင်ရိလျိုက ပထမဆုံးအကြိမ်တွင် ဤမျှအထိလုပ်နိုင်သည်ကပင် အတော်လေး ထူးခြားလွန်းပြီဖြစ်ကြောင်း ပြောသော်လည်း ပင်းကောက သဘောမတူခဲ့ပေ။
ထိုနေ့က ချီထူဓားကို ရှစ်ထောင်ထက် မလျှော့ခဲ့သကဲ့သို့ ခေါင်းမာမာဖြင့် ငြင်းဆိုခဲ့၏။
အကြိမ်ရေ နှစ်သောင်း မပြည့်ပါက သူက ဤတပည့်ကို လုံးဝ လက်ခံမည်မဟုတ်ပေ။
သူမ၏ ခြေထောက်မှ ပြင်းထန်သော နာကျင်မှုက အေးစိမ့်သော ရာသီဥတုတွင် ဖြည်းဖြည်းချင်း သက်သာသွားပြီး အတော်လေး လျော့နည်းသွားပုံရ၏။
ယင်ရိလျိုသည်လည်း ဤအခိုက်အတန့်တွင် သူမ၏ သတိကို အပြည့်အဝ ပြန်လည်ရရှိလာခဲ့သည်။
သူမက သူမ၏ ဒဏ်ရာကို တင်းကျပ်စွာ စည်းလိုက်ပြီး စွန်းဖန်၏ အကြံပြုချက်ကို ငြင်းပယ်ကာ လက်ထဲမှ ချီထူကို ပြန်လည် မြှောက်ကိုင်လျက် အကြိမ်ကြိမ် ဝှေ့ယမ်းလေတော့၏။
မိန်းကလေး၏ လှုပ်ရှားမှုများက ပင်ပန်းခက်ခဲလွန်းပုံရသော်လည်း မြှောက်လိုက်တိုင်းတွင် တုန်ယင်စွာနှင့် အားစိုက်နေခဲ့၏။
သူမက ဓားကို သူမ၏ ဦးခေါင်းပေါ်သို့ မြှောက်ကာ အားကုန်သုံး၍ အောက်သို့ ခုတ်ချလိုက်လေသည်။
အကြိမ်ရေ (၂၀,၀၀၀)ကို အသံ ခပ်တိုးတိုးဖြင့် ရေတွက်ပြီးစီးသောအချိန်တွင်ျော့ ဓားကို ကိုင်ထားသော သူမ၏ လက်က တောင့်တင်းနေခဲ့လေပြီ။
စွန်းဖန်က သူမ၏ လက်ထဲမှ ဓားကို ထုတ်ယူရန်အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပေ။
ရှည်လျားသော ကုတ်အင်္ကျီကိုဝတ်ထားသော အမျိုးသားတစ်ဦးမှာတော့ နေ့လယ်ကတည်းက ခြံဝန်း၏ တံခါးဝတွင် တိတ်တဆိတ် ရပ်နေခဲ့၏။
ထိုအမျိုးသားမှာ မိန်းကလေးက အံကြိတ်၍ ဓားကိုဝှေ့ယမ်းနေသည်ကိုလည်းကောင်း၊ သူမ၏ ဒဏ်ရာမှ သွေးများက အများအပြား ထွက်နေသည်ကိုလည်းကောင်း စောင့်ကြည့်နေခဲ့၏။
သူ၏ မျက်လုံးများက ပိုမို၍ မည်းမှောင်လာခဲ့သော်လည်း သူမကို တားဆီးရန် ရှေ့သို့ တိုးမလာခဲ့ပေ။
ထိုညတွင် ကြယ်ရောင်များက တောက်ပနေပြီး ခေါင်းပေါ်တွင် လပြည့်ဝန်းကြီး ရှိနေခဲ့၏။
ယင်ရိလျိုမှာ စမ်းသပ်မှုကို အောင်မြင်ပြီဟု ပင်းကောထဲမှ ပြောလာသည်ကို ကြားလိုက်ရသောအချိန်တွင် သူမ၏ တင်းကျပ်နေသော စိတ်အာရုံများက ချက်ချင်းပင် လျော့ရဲသွားခဲ့လေ၏။
သူမက သူမ၏လက်ထဲမှ ချီထူကို နမ်းရှိုက်လိုက်ပြီး သူမ၏ သတိစိတ်ကလည်း အလွန်ပင်ပင်ပန်းနွမ်းနယ်မှုထဲသို့ နစ်မြုပ်သွားခဲ့လေတော့သည်။
နောက်ဆုံးတွင် ယင်ရိလျိုကို တံခါးဝတွင် စောင့်ဆိုင်းနေခဲ့သော ကျင်းယန်က ပွေ့ချီသွားခဲ့လေ၏။
နောက်တစ်နေ့ မနက်တွင် သူမက သူမ၏ နွေးထွေးသော အိပ်ရာထဲမှ နိုးထလာခဲ့၏။
ယမန်နေ့ညက ကျင်းယန်က တိတ်တဆိတ် ဒေါသထွက်နေခဲ့ပြီး သူမကို သူ၏သွေးအား သောက်ရန် အတင်းအကျပ် ခိုင်းစေခဲ့သည်။
ထိုကြောင့် သူမ၏ ခြေထောက်မှ ဒဏ်ရာက လုံးဝ ပျောက်ကင်းသွားခဲ့ပြီး တစ်ကိုယ်လုံးရှိ နာကျင်ကိုက်ခဲမှုများကလည်း သက်သာသွားခဲ့လေပြီ။
ယင်ရိလျိုက ပြင်းထန်သော လေ့ကျင့်မှုအတွင်း လျင်မြန်စွာ အသားကျလာခဲ့ပြီး တိုးတက်လာခဲ့၏။
သူမ၏ အရပ်က ဓားဝှေ့ယမ်းချက်တိုင်းနှင့်အတူ မြင့်တက်လာခဲ့ပြီး သူမ၏ လက်မောင်းရှိ ကြွက်သားများက ပျော့ပြောင်းရာမှ ခိုင်မာပြီး ပီပြင်လာခဲ့သည်။
သူမက ဤကာလအတွင်း လျင်မြန်သော အရှိန်နှုန်းဖြင့် သွေးခြင်းကို ခံခဲ့ရကာ အလွန်ထက်မြက်လာခဲ့၏။
စူးရှမှုမှ ထိန်းချုပ်မှုသို့၊ ထို့နောက် ထိုထိန်းချုပ်မှုထဲမှပင် သူ၏ စူးရှမှုကို ပြန်လည်၍ ထုတ်ဖော်ပြသနိုင်သည်အထိ ဖြစ်လာခဲ့သည်။
ပင်းကောက အလွန်တော်သော ဆရာတစ်ဦးဖြစ်သကဲ့သို့ အလွန် ရက်စက်သော ဆရာတစ်ဦးလည်း ဖြစ်သည်ဟု ပြောရပေလိမ့်မည်။
သူက ယင်ရိလျို၏ ပြင်းထန်သော လိုက်လျောညီထွေရှိမှုကို အသိအမှတ်ပြုပြီး သူမကို သံမဏိလူသားတစ်ဦးကဲ့သို့ သဘောထားကာ နေ့တိုင်း အဆက်မပြတ် လေ့ကျင့်ပေးခဲ့၏။
အဆက်မပြတ် ဖိအားပေးမှုအောက်တွင် ယင်ရိလျိုတွင် ပြင်းထန်သော တွန်းလှန်လိုစိတ်များ ဖြစ်ပေါ်လာခဲ့ပြီး ပင်ပန်းခက်ခဲလွန်းသော လေ့ကျင့်ခန်းများကို အံကြိတ်၍ ပြီးဆုံးအောင် ပြုလုပ်ခဲ့၏။
အကယ်၍ သူမသာ သတ်မှတ်ထားသောနေ့တွင် မပြီးဆုံးပါကလည်း မျက်ရည်များကြားမှပင် အံကြိတ်၍ ဆက်လက်၍ လေ့ကျင့်တတ်သည်။
အာရုဏ်တက်ချိန်မှ ညနက်ချိန်အထိ။
ကျောင်းချီယန်ပင်လျှင် ယင်ရိလျို၏ အခြေအနေကို စိတ်ပူနေခဲ့လေ၏။
သူက ကျင်းယန်ထံတွင် ယုန်လေးကလေ့ကျင့်မှုအား စွဲလမ်းလွန်းနေပြီလားဟု အကြိမ်ပေါင်းများစွာ တိတ်တဆိတ် မေးမြန်းခဲ့သည်။
ကျောင်းစီဟွေ့နှင့် လင်းကျားတို့ကလည်း သူမ၏အတွက် စိတ်မကောင်းဖြစ်ပြီး စိုးရိမ်နေခဲ့ကြသည်။
သို့သော်လည်း သူမက ပြန်လည် နာလန်ထူနိုင်ရန်အတွက် အာဟာရပြည့်ဝသော အစားအစာ အမျိုးမျိုးကိုသာ တိတ်တဆိတ် ပြင်ဆင်ပေးခဲ့ကြလေသည်။
တင်းကျပ်သော ဆရာ၊ ထူးခြားစွာ သန်မာသော ခန္ဓာကိုယ်နှင့် မယိမ်းယိုင်သော ဇွဲလုံ့လ..
ဤသည်တို့က အခြေအနေကောင်းများကို ဆုံဆည်းမှုပင် ဖြစ်၏။
ဤအရာများထဲမှ တစ်ခုလောက်သာ မရှိပါက ယင်ရိလျိုက ဤမျှ တိုတောင်းသော အချိန်အတွင်း သူမ၏ ဓားစွမ်းကို လျင်မြန်စွာ တိုးတက်အောင် ပြုလုပ်နိုင်မည် မဟုတ်ပေ။
သူမက ခြံဝန်းထဲတွင် ရပ်လျက် သူမ၏ဓားကို အားစိုက်စရာမလိုဘဲ လှည့်ပတ်နေပြီး ရုတ်တရက် သူမ၏မျက်လုံးများမှ စူးရှသော အလင်းတန်းတစ်ခုက လက်ခနဲ ဖြစ်သွားကာ အရှေ့ဘက်သို့ ထိုးနှက်လိုက်ပေသည်။
သူမ၏ ခြေလှမ်းများကလည်း ပျံသန်းနေသော နဂါးတစ်ကောင်၏ အသွင်အပြင်ဖြင့် လိုက်ပါသွားခဲ့၏။
သူမက ထိုးနှက်လိုက်ချိန်တွင် သူမ၏ လက်ဖမိုးပေါ်တွင် ဓားလေ့ကျင့်ချိန်က မတော်တဆ ထိခိုက်မိထားသော အမာရွတ်ဖျော့ဖျော့လေးများကို မြင်နိုင်သည်။
သူမ၏ ရင်ခွင်ထဲတွင်တော့ ကျင်းယန်၏ သွေးများက ပါဝင်သော၊ ကျင်းယန်ကိုယ်တိုင်က သူမကို ဆောင်ခထားရန် အမိန့်ပေးထားသည့် ဖန်ပုလင်းလေးတစ်လုံးကိုလည်း ဆွဲထားခဲ့၏။
ယုန်လေးက ဓားလေ့ကျင့်နေခြင်းကို သူ မတားဆီးသော်လည်း သူမ၏ ကိုယ်ခန္ဓာနှင့် လက်များပေါ်ရှိ ဓားဒဏ်ရာများကို မြင်သောအချိန်တွင် စိတ်မကောင်းဖြစ်ရဆဲပင်။
ယင်ရိလျို၏ လက်ဖဝါးများတွင် ပထမဆုံးနေ့က အရည်ကြည်ဖုများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
ထိုအရည်ကြည်ဖုများ ပေါက်ထွက်သွားပြီးနောက်တွင် ပြန်လည်၍ အသစ်ဖြစ်ပေါ်လာခဲ့ပြီး ယခုအချိန်တွင်တော့ အသားမာ အလွှာပါးလေး တစ်ခုဖြင့် ဖုံးလွှမ်းနေခဲ့လေပြီ။
*