← Chapters

အခန်း (၂၃၃-၂၃၄)

Vol. 24 Ch. 233-234

အခန်း (၂၃၃-၂၃၄)

Vol. 24 Ch. 233-234

အခန်း (၂၃၃) မင်းတို့ကောင်တွေ တကယ်ကို အသုံးမကျတာပဲ

လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ခန့်ကတည်းက နတ်ဆိုးဧကရာဇ်သည် ကျိုကျိုးနှင့် ပြင်ပဒေသဆယ်ခု၌ တံခါးပိတ်ကျင့်ကြံနေခဲ့စဉ် နတ်ဆိုးကမ္ဘာအတွင်းဝယ် မငြိမ်မသက်မှုများ စတင်ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သို့သော် နတ်ဆိုးဧကရာဇ် သက်ရှိထင်ရှား ရှိနေသေးသရွေ့ ထိုပုန်ကန်လိုသော လှုပ်ရှားမှုမှန်သမျှကို နတ်ဆိုးအထွတ်အထိပ်သခင်ကြီး၏ ဘုန်းလက်ရုံးက ဖိနှိပ်ထားနိုင်ခဲ့၏။

နတ်ဆိုးလောကရှိ အင်အားစုအားလုံးသည် တိတ်တဆိတ် နားလည်မှုယူထားကြသည့်အလား သက်တမ်းကုန်ဆုံးရန် နီးကပ်နေပြီဖြစ်သော နတ်ဆိုးဧကရာဇ်၏ နောက်ဆုံးအချိန်ကိုသာ ငံ့လင့်စောင့်ဆိုင်းနေခဲ့ကြသည်။

အဆုံးတွင်မူ ကြီးကျယ်ခမ်းနားလှသော နတ်ဆိုးဧကရာဇ်၏ ဈာပနအခမ်းအနားကြီးသည် ပုန်ကန်မှုအတွက် ခရာမှုတ်သံ ဖြစ်လာ၏။ အင်ပါယာတောင်ကြားရှိ ဂူဗိမာန်၌ ဧကရာဇ်အား မြှုပ်နှံသင်္ဂြိုဟ်ပြီး ခုနစ်ရက်မြောက်သောနေ့တွင် မြောက်ပိုင်းနတ်ဆိုးကမ္ဘာ၏ ပြည်နယ်နှစ်ဆယ့်ရှစ်ခုကို အုပ်စိုးသော နတ်ဆိုးဘုရင်လေးပါးသည် အဖြူရောင်ဝက်ဝံဘုရင်အား ဧကရာဇ်သစ်အဖြစ် တင်မြှောက်ကာ ပုန်ကန်ထကြွလာကြသည်။

နတ်ဆိုးအားလုံး တန်းတူညီမျှဖြစ်ရမည် ဟူသော ကြွေးကြော်သံနှင့်အတူ သွေးမျိုးဆက်နှင့် အဆင့်အတန်းကိုသာ ပဓာနထားသော ခေါင်းကိုးလုံးနဂါး နတ်ဆိုးဧကရာဇ်မျိုးနွယ်စုကို မျိုးဖြုတ်ချကာ နတ်ဆိုးလောက၏ စည်းမျဉ်းသစ်တစ်ရပ်ကို တည်ထောင်ရန် သူတို့က သစ္စာဆိုခဲ့၏။

ထိုအချိန်နှင့် မရှေးမနှောင်းမှာပင် နတ်ဆိုးဧကရာဇ် ကွယ်လွန်ပြီးနောက် နန်းတွင်းရေးကို ယာယီတာဝန်ယူထားသော ဝန်ကြီးချုပ် ယွင်ခွန်းသည် ဧကရာဇ်၏ သွေးမျိုးဆက်ပါရှိသော ဦးချိုသုံးချောင်း နဂါးတစ်ပါးကို မည်သည့်အရပ်မှန်းမသိ ရှာဖွေတွေ့ရှိခဲ့ပြီး နတ်ဆိုးအင်ပါယာနန်းတော်သို့ ပင့်ဆောင်လာသည်။

သူ၏ စေ့စပ်သေချာသော အစီအစဉ်များအောက်တွင် ထိုမင်းသားငယ်သည် ထီးနန်းကို အောင်မြင်စွာ ဆက်ခံနိုင်ခဲ့ပြီး သူကိုယ်သူ ဧကရာဇ်အဖြစ် ကြေညာခဲ့၏။ အရှေ့ပိုင်းနတ်ဆိုးကမ္ဘာကို အုပ်စိုးသော နဂါးဘုရင် နှင့် မျောက်ဝံဘုရင်တို့ကလည်း မြောက်ပိုင်းနတ်ဆိုးတို့၏ ပုန်ကန်မှုကို နှိမ်နင်းရန် ဧကရာဇ်သစ်အား ထောက်ခံကြောင်း ထုတ်ဖော်ပြသလာကြသည်။

တစ်ချိန်တည်းမှာပင် ပိုင်ချူးရန်း၊ စုရှန်ရွှယ်တို့နှင့် လျှို့ဝှက်သဘောတူညီချက် ရယူထားသော မြွေနက်ဘုရင်အပါအဝင် အနောက်ပိုင်းနတ်ဆိုးဘုရင်များကလည်း စုရှန်ရွှယ်ကို နန်းမွေခံအဖြစ် ရှေ့တန်းတင်လာကြ၏။

သူတို့က ပုန်ကန်နေသော မြောက်ပိုင်းမှ အဖြူရောင်ဝက်ဝံဘုရင်နှင့် နန်းရုံးတော်ကို ကြိုးကိုင်ခြယ်လှယ်နေသော ဝန်ကြီးချုပ် ယွင်ခွန်းတို့ နှစ်ဦးစလုံးအား သူပုန်များအဖြစ် သတ်မှတ်ကြေညာခဲ့သည်။

ဝန်ကြီးချုပ် ယွင်ခွန်းသည် မရေရာသော နတ်ဆိုးဧကရာဇ်၏ သွေးသားကို အသုံးချကာ အာဏာသိမ်းထားခြင်းဖြစ်ပြီး သူသည် ပုန်ကန်သော နတ်ဆိုးဝန်ကြီးသာဖြစ်ကြောင်း ပြင်းပြင်းထန်ထန် စွပ်စွဲကြ၏။ ထို့ပြင် နတ်ဆိုးကမ္ဘာသည် စုရှန်ရွှယ်ကိုသာ မျိုးဆက်သစ် ဘုရင်မအဖြစ် တရားဝင် အသိအမှတ်ပြုသင့်ကြောင်း ကြေညာသည်။

စင်စစ်အားဖြင့် မြွေနက်ဘုရင်၏ ဤကြေညာချက်သည် အတော်လေး လူကြိုက်များ ထောက်ခံမှု ရရှိခဲ့၏။ အဘယ်ကြောင့်ဆိုသော် စုရှန်ရွှယ်သည် သူမဘဝတွင် ပိုင်ချူးရန်းနှင့်အတူ ဤတစ်ကြိမ်မှသာ နတ်ဆိုးကမ္ဘာသို့ ပထမဆုံးအကြိမ် ပြန်လည်ခြေချဖူးခြင်း ဖြစ်သော်ငြား နတ်ဆိုးလောကရှိ မျိုးနွယ်စုများကြားတွင် သူမ၏ ဂုဏ်သတင်းမှာ မွှေးပျံ့နေပြီးဖြစ်သောကြောင့်ပင်။ မည်သို့ပင်ဆိုစေ နတ်ဆိုးဧကရာဇ်ကိုယ်တိုင်က စုရှန်ရွှယ်အား ဤမျှကျယ်ဝန်းသော ပြည်နယ်ကြီးတစ်ခု၏ မင်းသမီးအဖြစ် တရားဝင် ခန့်အပ်ထားခဲ့ခြင်းဖြစ်သည်။

တိုက်ဆိုင်စွာပင် နတ်ဆိုးဧကရာဇ်က စုရှန်ရွှယ်အား အပ်နှင်းခဲ့သော ထိုပြည်နယ်သည် မြောက်ပိုင်းနတ်ဆိုးကမ္ဘာ၏ နှစ်ဆယ့်ရှစ်ခုမြောက် ပြည်နယ်လက်အောက်တွင် ရှိနေ၏။ ဤတစ်ကြိမ်တွင် ထိုပြည်နယ်သည်လည်း အဖြူရောင်ဝက်ဝံဘုရင်နှင့်အတူ ပုန်ကန်မှုတွင် ပါဝင်သွားခဲ့သည်။

အချုပ်အားဖြင့် နတ်ဆိုးကမ္ဘာကြီးသည် မျက်စိတစ်မှိတ်အတွင်း အင်အားစုကြီး သုံးစုအဖြစ် ပြိုကွဲသွား၏။ စစ်မီးခိုးများ လွင့်ပျံလာကာ အင်အားစုသုံးခုသည် ဧကရာဇ်ပလ္လင်အတွက် သွေးချောင်းစီး တိုက်ပွဲဝင်ကြတော့မည်ဖြစ်သည်။ ထို့အပြင် နောက်ကျိနေသောရေတွင် ငါးဖမ်းချင်သည့် အခွင့်ကောင်းယူလိုသော အောက်ခြေနတ်ဆိုးအချို့ကလည်း တောင်တန်းများကို သိမ်းပိုက်ကာ ဘုရင်ခံအဖြစ် မှတ်ယူလျက် နယ်ဒေသများတွင် ဆူပူအုံကြွလာကြ၏။

နေ့ချင်းညချင်းမှာပင် နတ်ဆိုးကမ္ဘာတစ်ခုလုံးသည် စစ်မီးလျှံများဖြင့် ဖုံးလွှမ်းသွားတော့သည်။ မြောက်ပိုင်းနတ်ဆိုးကမ္ဘာမှ အဖြူရောင်ဝက်ဝံဘုရင်သည် တစ်နိုင်ငံလုံးရှိ နတ်ဆိုးကောင်ရေ နှစ်သောင်းနီးပါး ပါဝင်သော စစ်တပ်ကြီးတစ်ခုကို အခိုင်အမာ ဖွဲ့စည်းထား၏။ လူသားကျင့်ကြံသူများ၏ စံနှုန်းဖြင့် တိုင်းတာရလျှင် ထိုစစ်တပ်ကြီး၏ပျမ်းမျှအဆင့်အတန်းသည် ပိုင်ချူးရန်း ခန့်မှန်းချက်ထက်ပင် အဆများစွာ မြင့်မားနေပြီး စစ်သည်တော်ဟု ခေါ်ဆိုနိုင်သော နတ်ဆိုးတိုင်းသည် အနည်းဆုံး ရွှေအမြုတေအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

ရွှေအမြုတေအဆင့် နတ်ဆိုးစစ်သည် နှစ်သောင်းဖြင့် ဖွဲ့စည်းထားသော ကြောက်မက်ဖွယ် စစ်တပ်ကြီးကို ဦးဆောင်ကာ အဖြူရောင်ဝက်ဝံဘုရင်သည် ဝါးခြမ်းကို ခွဲဖြတ်သကဲ့သို့ တောင်ဘက်သို့ လျင်မြန်ကြမ်းတမ်းစွာ ချီတက်လာခဲ့ရာ နတ်ဆိုးအင်ပါယာ၏ စစ်တပ်ကြီးပင်လျှင် သူတို့အရှိန်အဟုန်ကို မတားဆီးနိုင်ခဲ့ချေ။

ထိုအင်အားစုနှစ်ခုစလုံးသည် တားဆီး၍မရနိုင်လောက်အောင် အစွမ်းထက်လှသောကြောင့် သူတို့ပြိုင်ဘက် တတိယအင်အားစုဖြစ်သည့် မြွေနကါဘုရင်အပါအဝင် နတ်ဆိုးဘုရင်လေးပါး ဦးဆောင်သော စစ်တပ်သည် သဘာဝကျစွာပင် အခြားသူများ၏ အလွယ်တကူ ချေမှုန်းခြင်းကို ခံလိုက်ရ၏။

နှစ်လတာကာလအတွင်းမှာပင် မြောက်ဘက်မှ သူပုန်စစ်တပ်နှင့် အရှေ့ဘက်မှ အင်ပါယာမြို့တော်စစ်တပ်တို့သည် အနောက်ပိုင်းနတ်ဆိုးကမ္ဘာ၏ နောက်ဆုံးခံတပ်ကို အသီးသီး ကျူးကျော်ဝင်ရောက်ကြသည်။ ယခုအခါ ယန်ရှန်းခံတပ် မတိုင်မီ စစ်တပ်နှစ်ခုစလုံးသည် နတ်ဆိုးဘုရင်လေးပါး စခန်းချရာ ပင်မမြို့တော်နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့၏။

"မင်းတို့ကောင်တွေ တကယ်ကို အသုံးမကျတာပဲ။"

မြွေနက်ဘုရင်၏ နန်းတော်ခန်းမဆောင်ထဲတွင် ပိုင်ချူးရန်းသည် ဘယ်ညာတွင် တိတ်ဆိတ်စွာ ထိုင်နေကြသော နတ်ဆိုးဘုရင်လေးပါးကို ကြည့်ကာ ခပ်ပြတ်ပြတ် ပြောလိုက်သည်။

အခန်း (၂၃၄) မင်းတို့ကောင်တွေ တကယ်ကို အသုံးမကျတာပဲ [၁]

"ရှန်ရွှယ်ကို နာမည်ခံအဖြစ် ထားမယ်ဆိုရင် မင်းတို့ကိုယ်တိုင် ရှေ့ထွက်တိုက်ပေးမယ်ဆိုပြီး ပြောခဲ့ကြတယ်။ အဲ့တာ ငါတို့ နှစ်ယောက်စလုံးကလည်း သဘောတူခဲ့တာပဲ။ ဒါပေမဲ့ အခုတော့ မင်းတို့က ဒီလိုပုံစံမျိုးနဲ့ အဆုံးသတ်သွားတာလား။ မင်းတို့ သေချာကောတိုက်တတ်ရဲ့လား။"

စုရှန်ရွှယ်ကို အမည်ခံခေါင်းဆောင်အဖြစ် တွန်းတင်ထားသောကြောင့် နတ်ဆိုးဘုရင်များ၏ နေရာထိုင်ခင်းများကိုလည်း ပြုပြင်ပြောင်းလဲထား၏။ မြွေနက်ဘုရင်သည် သူ၏ ပင်မထိုင်ခုံကို စွန့်လွှတ်ကာ အခြားနတ်ဆိုးဘုရင် သုံးပါးနှင့်အတူ ဘေးဘက်တွင် ဝင်ထိုင်ရပြီး ထိုခေါင်းဆောင်နေရာတွင် စုရှန်ရွှယ်က ဝင်ထိုင်သည်။ ပိုင်ချူးရန်းမှာမူ သူမ၏ အစောင့်တစ်ယောက်ကဲ့သို့ လက်ပိုက်ကာ စုရှန်ရွှယ်၏ နောက်ကျောဘက်တွင် မားမားမတ်မတ် ရပ်နေ၏။

ပိုင်ချူးရန် စကားများကို ကြားသောအခါ နတ်ဆိုးဘုရင်လေးပါးသည် တစ်ယောက်တစ်မျိုးစီ တုံ့ပြန်ကြလေသည်။ ရွှေရောင်တောင်ပံ လင်းယုန်ဘုရင်သည် အနိုင်အရှုံးကို ဂရုမစိုက်သည့်အလား မည်သို့မျှ တုံ့ပြန်မှု မရှိပေ။ တစ်ဦးတည်းသော မိန်းမသားဖြစ်သည့် ပန်းတစ်ရာဘုရင်သည် မကျေနပ်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သော်လည်း စကားတစ်ခွန်းမျှ မဟချေ။ အဖြူရောင် မိကျောင်းဘုရင်သည် စကားအနည်းငယ် ရှင်းပြချင်ပုံရသော်လည်း ပိုင်ချူးရန်း၏ မျက်နှာကို မြင်သောအခါ သူ၏စကားများကို လည်ချောင်းထဲသို့ ပြန်မျိုချလိုက်လေသည်။ မြွေနက်ဘုရင် တစ်ဦးတည်းကသာ ထိုစကားများကို ကြားပြီးနောက် ခါးသီးသော အပြုံးတစ်ခုဖြင့် ရှင်းပြရှာ၏။

"ဓားဘိုးဘေး... ကျွန်တော်တို့က တစ်ယောက်နဲ့ နှစ်ယောက်ကို ရင်ဆိုင်နေရတာပါ။ ပြီးတော့ အဖြူရောင်ဝက်ဝံဘုရင်နဲ့ ဝန်ကြီးချုပ်ယွင်ခွန်းက တိတ်တဆိတ် သဘောတူညီချက် ရယူထားပြီး အစကတည်းက ကျွန်တော်တို့ရဲ့ နယ်မြေကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

နောက်တစ်ခုက ကျွန်တော်တို့ရဲ့ စစ်တပ်က ဒီလို ကြမ်းတမ်းတဲ့ ကုန်းမြေပတ်ဝန်းကျင်မှာ တိုက်ခိုက်ဖို့ အသားမကျပါဘူး။"

"ကဲပါ... မြွေနက်ဘုရင်လည်း ထပ်ပြီး ရှင်းပြနေစရာ မလိုတော့ပါဘူး။ ချူးရန်း... နင်လည်း ထပ်မပြောပါနဲ့တော့။"

စုရှန်ရွှယ်က ဝင်ဖြန်ဖြေသည်။

ဒီစစ်တပ်နှစ်ခုက ယန်ရှန်းခံတပ်ရှေ့မှာ ပေါင်းဆုံသွားတာ အတော်ပဲ။နောက်ဆက်တွဲအနေနဲ့ ငါတို့နှစ်ယောက် ဝင်ပါပြီး ဒီကစားပွဲကို အပြီးသတ်ကြတာပေါ့။"

ထိုစကားကို ကြားသောအခါ နတ်ဆိုးဘုရင်လေးပါး၏ မျက်နှာပေါ်တွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသော အရိပ်အယောင်များ ထင်းခနဲ ပေါ်ထွက်လာပြီး မြွေနက်ဘုရင်က အံ့သြတကြီး မေး၏။

"ဓားဘိုးဘေး ကိုယ်တိုင် ဝင်ပါတော့မလို့လား။"

"မဟုတ်ရင်ရော မင်းတို့ကောင်တွေ တစ်ချက်တည်းနဲ့ အပြတ်ရှင်းခံရတာကို ထိုင်ကြည့်နေရမှာလား။"

ပိုင်ချူးရန်းသည် မဟာနတ်ဆိုးဘုရင်လေးပါးကို အထင်သေးစွာဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် စုရှန်ရွှယ်ဘက်သို့ လှည့်ကာ မေးသည်။

"ရှန်ရွှယ်... ကျန်တဲ့ စစ်တပ်ကို ငါ ခဏလောက် ဦးဆောင်မယ်ဆိုရင် အဆင်ပြေမလား။"

"ကျွနိမကတော့ သဘောတူတယ်။"

စုရှန်ရွှယ်က နတ်ဆိုးဘုရင်များကို လှမ်းကြည့်၏။

"ရှင်တို့ လေးယောက်လည်း ငြင်းစရာ မရှိဘူးမလား။"

နတ်ဆိုးဘုရင်လေးပါးသည် သူတို့၏ စိတ်ထဲတွင် တစ်ပြိုင်နက်တည်း ကျိန်ဆဲလိုက်ကြသော်လည်း မြွေနက်ဘုရင်က သူ၏ လုပ်ဖော်ကိုင်ဖက်များ ကျောကို အမြန်ဖိထားကာ အလျင်အမြန် ခေါင်းညိတ်ပြ၏

"သေချာပေါက် ကန့်ကွက်စရာ မရှိပါဘူးဗျာ။"

...

"အရှင်မင်းကြီး။"

ယန်ရှန်းခံတပ်၏ အပြင်ဘက်၊ အဖြူရောင်ဝက်ဝံဘုရင်၏ တပ်မတော်စခန်းချရာ နေရာတွင် ဝက်ဝံနတ်ဆိုးတစ်ကောင်သည် တဲနန်းအတွင်းသို့ ရုတ်တရက် အပြေးအလွှား ဝင်ရောက်လာပြီး ဒူးတစ်ဖက်ထောက်ကာ မြေပြင်ပေါ်တွင် ထိုင်ချလာ၏။

"ဘာကိစ္စလဲ။"

ကျောခိုင်းကာ မြေပုံကို စူးစိုက်ကြည့်နေသော အဖြူရောင်ဝက်ဝံဘုရင်က လှည့်မေးသည်။

နတ်ဆိုးကမ္ဘာ၏ စည်းမျဉ်းများကို ဆန့်ကျင်သော ပြည်သူဘက်မှ နတ်ဆိုးမျိုးနွယ်များ၏ ခေါင်းဆောင်အနေဖြင့် အဖြူရောင်ဝက်ဝံဘုရင်သည် အဖြူရောင်သားမွေးကို ဝတ်ဆင်ထားသော တည်ငြိမ်ပြီး တောင့်တင်းခိုင်မာလှသည့် ဆံပင်ဖြူလူလတ်ပိုင်းအရွယ် အမျိုးသားကြီးတစ်ဦးအဖြစ် အသွင်ပြောင်းထား၏။

သူ၏ ပါးပြင်နှင့် ခန္ဓာကိုယ်တစ်ခြမ်းတွင် ကြောက်မက်ဖွယ်ကောင်းသော ဓားဒဏ်ရာ အမာရွတ်များစွာ ရှိနေလေသည်။ ဝက်ဝံနတ်ဆိုးသည် ခေါင်းကိုမော့ကာ သခင်ဖြစ်သူကို ကြည့်ပြီး သတင်းပို့၏။

"အင်ပါယာ ဧကရာဇ်က သံတမန်တစ်ယောက် စေလွှတ်လိုက်ပါတယ်။"

သူ၏ ပါးစပ်မှထွက်လာသော ထို ဧကရာဇ်ဆိုသည်မှာ ယွင်ခွန်း၏ အကူအညီဖြင့် ထီးနန်းတက်လာသော နတ်ဆိုးဧကရာဇ်သစ်ကို ဆိုလိုခြင်းဖြစ်သည်။ ပုန်ကန်သော စစ်တပ်တစ်ခုအနေဖြင့် အဖြူရောင်ဝက်ဝံဘုရင်၏ စစ်တပ်သည် ဤနတ်ဆိုးဧကရာဇ်၏ အာဏာကို အသိအမှတ်မပြုပေ။

"သူ့ကို ဝင်ခိုင်းလိုက်။" အဖြူရောင်ဝက်ဝံဘုရင်က သြဇာပါသော အသံဖြင့် အမိန့်ပေး၏။

ခဏအကြာတွင် အရပ်ဘက်အရာရှိတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော နတ်ဆိုးတစ်ကောင်သည် တဲအပြင်ဘက်မှ ဝင်ရောက်လာပြီး အဖြူရောင်ဝက်ဝံဘုရင်ကို အရိုအသေပေးလိုက်သည်။ "လက်အောက်ခံ အရာရှိက အဖြူရောင်ဝက်ဝံ နတ်ဆိုးဘုရင်ကြီးကို လာရောက် နှုတ်ဆက်ပါတယ်။"

"နတ်ဆိုးဧကရာဇ်က သေသွားပြီ။ ပြီးတော့ ငါကလည်း မင်းရဲ့ နတ်ဆိုးဘုရင် မဟုတ်တော့ဘူး။"

All Chapters