← Chapters

အခန်း (၂၃၉-၂၄၀)

Vol. 24 Ch. 239-240

အခန်း (၂၃၉-၂၄၀)

Vol. 24 Ch. 239-240

အခန်း (၂၃၉) ယွမ်ယန်မပျက်သေးသူများအပေါ် အထူးတိုက်ခိုက်မှု [၂]

အတိုချုပ်ဆိုရလျှင် ယွမ်ယန်မပျက်သေးသော ယောက်ျားများအပေါ် အထူးတိုက်ခိုက်မှုများကို လေ့လာခြင်းဖြစ်ပြီး ဤသုတေသန နောက်ဆုံးရလဒ်မှာ ဤဟွမ်ချိုးဖုန်းသံစဉ်ပင်ဖြစ်လေ၏။

နှစ်ရာပေါင်းများစွာ အဆက်မပြတ် တိုးတက်အောင် ဖန်တီးနေစဉ်အတွင်း ဤသံစဉ်ကို ပိုင်ချူးရန်းအပေါ်တွင်သာ စမ်းသပ်အသုံးပြုခဲ့ဖူးသောကြောင့် စုရှန်ရွှယ် ကိုယ်တိုင်ပင်လျှင် ဤသံစဉ်၏ အစစ်အမှန် အာနိသင်ကို မသိပေ။

ပိုင်ချူးရန်း သူမထံသို့ လာရောက်တွေ့ဆုံတိုင်းပင် စုရှန်ရွှယ် စောင်းတီးနေခြင်းမှာ သူ့အတွက် ထိုသံစဉ်ကို တီးခတ်နေခြင်းဖြစ်၏။ သို့ရာတွင် ပိုင်ချူးရန်း၏ သုံးသပ်ချက်မှာ မဆိုးပါဘူးဆိုသည့် စကားတစ်ခွန်းသာ ဖြစ်လေသည်။ ညို့ယူဖမ်းစားမှု၏ အထူးအာနိသင်များမှာ သူ့အပေါ်တွင် မည်သည့် သက်ရောက်မှုမျှ ရှိပုံမပေါ်ချေ။

သို့သော် ယခုအခါ ဘုရင်ခွေနျိုကို ရင်ဆိုင်ရာတွင်မူ အစပျိုးသံစဉ် ထွက်ပေါ်လာရုံသာ ရှိသေးသော်ငြား အလွန်ပြင်းထန်သော ယန်စွမ်းအင်ကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး မိန်းမများအပေါ် စိတ်ဝင်စားမှု လုံးဝမရှိသော နတ်ဆိုးဘုရင်ကြီးမှာ ထိုနေရာမှာပင် ကျောက်ရုပ်အလား အေးခဲသွား၏။

ထိုစောင်းသံသည် အစစ်အမှန် လက်တစ်ဖက်အဖြစ် ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးကို ညင်သာစွာ ပွတ်သပ်နေသကဲ့သို့ ခံစားရစေပြီး လှပသော အမျိုးသမီးတစ်ဦးက သူ့နားထဲသို့ သစ်ခွပန်းသင်းပျံ့သော လေငွေ့များကို ညင်သာစွာ မှုတ်ထုတ်ရင်း တီးတိုးရေရွတ်နေပုံထင်ရကာ ဘုရင်ခွေနျို၏ စိတ်နှလုံးမှာ ယားယံလှုပ်ရှားလာသည်။

စုရှန်ရွှယ်၏ ကျင့်ကြံမှုအဆင့်က သူ့ကို လွှမ်းမိုးထားပြီး မှော်စွမ်းအင်များကလည်း သူ့ကို ဖုံးလွှမ်းသွားသည်။ ယခုအခါ သူမသည် နှစ်ရာပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရသော အတတ်ပညာများကို အသုံးပြုနေပြီဖြစ်၏။ ပျံ့နှံ့ဝင်ရောက်လာသော စောင်းသံများအောက်တွင် ဘုရင် ခွေနျို၏ ခုခံကာကွယ်မှုများသည် တစ်စတစ်စ ပြိုကွဲလာလေသည်။

အဆုံးတွင် သူ မတတ်နိုင်တော့ဘဲ ကောင်းကင်သို့ မော့ကာ အော်ဟစ်တော့သည်။

"ဝက်ဝံဖြူရေ။ ငါ ယောက်ျားတွေကို မကြိုက်တော့ဘူးကွ။"

ရမ္မက်သွေးကြောင့် နီရဲနေသော မျက်လုံးကြီးများဖြင့် သူသည် နွားရိုင်းစစ်သည်တော်တို့၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုသော မျက်နှာဖုံးကို ဆွဲဆုတ်လိုက်ပြီး သူခြေအောက်ရှိ ရွှံနွံထဲသို့ လွှင့်ပစ်ကာ စုရှန်ရွှယ်ထံသို့ အရူးအမူး ပြေးဝင်သွား၏။

သို့သော် သုံးလှမ်းခန့် လှမ်းပြီးသည်နှင့် သူ၏ခန္ဓာကိုယ်တွင်းရှိ ယွမ်ယန်စွမ်းအင်များသည် သူ့အောက်ပိုင်းမှနေ၍ အဟန့်အတားမဲ့ ယိုစိမ့်ထွက်ကျသွားသည်ကို ခံစားလိုက်ရသည်။

"ဘာ... ဘာကြီးလဲ။"

ဘုရင်ခွေနျို အထိတ်တလန့် ဖြစ်သွား၏။

"ငါ့ရဲ့ ယွမ်ယန်တွေ။ ငါ့ရဲ့ ယွမ်ယန်တွေ။"

သူသည် ခုခံထိန်းချုပ်မှုများကို ပြုလုပ်ချင်ခဲ့သော်လည်း ယွမ်ယန်စွမ်းအင်များ တစ်ကြိမ် လွတ်ထွက်သွားသည်နှင့် ဆည်ကျိုးပေါက်သွားသော ရေလွှမ်းမိုးမှုကြီးကဲ့သို့ ဖြစ်သွားပြီး မကြာမီမှာပင် ဘုရင်ခွေနျိုသည် ခေါင်းမူးနောက်လာကာ ခြေလက်များ အားနည်းယိုင်နဲ့လာသည်ကို ခံစားမိ၏။ ပို၍ဆိုးရွားသည်မှာ သူ ကျင့်ကြံနေသော ကျင့်စဉ်များပင်ဖြစ်၏။ ထိုသည်မှာ ယွမ်ယန်စွမ်းအင်ကို အခြေခံထားခြင်း ဖြစ်ရာ ယွမ်ယန်များ လွတ်ထွက်သွားပါက ပျက်စီးသွားမည် မဟုတ်သော်လည်း သူ၏ ကျင့်ကြံခြင်းအခြေခံကိုတော့ အလွန်ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့သည်။

ရွှံနွံထဲတွင်မူ မိကျောင်းဖြူဘုရင် လွှတ်လိုက်သော ဧရာမ မိကျောင်းတပ်ဖွဲ့များသည် နွားနတ်ဆိုး ရှေ့ပြေးတပ်များနှင့် ထိပ်တိုက်ရင်ဆိုင်မိပြီး အချင်းချင်း သွေးထွက်သံယို စတင်တိုက်ခိုက်နေကြပြီ ဖြစ်သည်။ တစ်ဦးချင်း စွမ်းအားအရ နွားနတ်ဆိုးများက အသာစီးရမည် ဖြစ်သော်လည်း ရွှံ့နွံမြေပြင်တွင်မူ ဧရာမ မိကျောင်းကြီးများသည် စွမ်းအားကို ပုံမှန်ထက် အဆများစွာ ပိုမိုထုတ်သုံးနိုင်စွမ်းရှိကြ၏။

သူတို့နှစ်ဖက်ကြား တိုက်ပွဲမှာ အလွန်ပင် ခက်ခဲကြမ်းတမ်းလှ၏။ အချိန်အခါမရွေး နွားရိုင်းစစ်သည်တော်များ၏ စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာတက်ကာ မိကျောင်းကြီးများ၏ ရက်စက်စွာ ကိုက်ခဲခြင်းကိုခံရပြီး ရွှံ့နွံထဲသို့ ဆွဲချခံရကာ သေဆုံးသည်အထိ လူးလှိမ့်ချေမွခံရလေ့ရှိသည်။ သို့သော် တစ်ခါတစ်ရံတွင်လည်း ဧရာမ မိကျောင်းကြီးတစ်ကောင်မှာ နွားနတ်ဆိုးများ၏ ပိတ်ဆို့ရိုက်နှက်ခြင်းကို ခံရကာ ခေါင်းရိုက်ခွဲခံရလေ့ရှိ၏။

မိုးရေများက ဆက်လက် သည်းထန်စွာ ရွာသွန်းနေဆဲဖြစ်ပြီး စုရှန်ရွှယ်၏ မိုးခေါ်ခြင်းမှ ဖန်တီးထားသော ရွှံ့နွံကွင်းပြင်ကြီးမှာ သွေးများဖြင့် ရောယှက်ကာ တဖြည်းဖြည်း အနီရောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဧရာမမိကျောင်းကြီးများကို စီးနှင်ပြီး လှံရှည်များကို ကိုင်ဆောင်ထားသော မိကျောင်းနတ်ဆိုး အချို့သည် ဘုရင်ခွေနျိုကို ရွှံ့နွံထဲ၌ ဝိုင်းရံထားကြပြီး သူတို့သည် ဤအခွင့်အရေးကို အသုံးချကာ နတ်ဆိုးဘုရင်၏ ခေါင်းကို ဖြတ်ယူ၍ ကြီးမားသော ဂုဏ်ပြုဆုလာဘ်ကို ရယူလိုကြ၏။

ဘုရင်ခွေနျိုသည် ဤမိကျောင်းနတ်ဆိုးများနှင့် ဧရာမမိကျောင်းကြီးများကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်ရန် သူ၏ ကြမ်းတမ်းသော ခွန်အားကို အသုံးပြုခဲ့သော်ငြား ဧရာမ မိကျောင်းကြီးများနှင့် လှံရှည်များက သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာကို ဖြစ်စေသည်။

ပို၍အရေးကြီးသည်မှာ ခန္ဓာပေါင်းစည်းခြင်းအဆင့် သိုင်းပညာရှင်တစ်ဦးအနေဖြင့် ဤမျှဒဏ်ရာများအတွက် နတ်ဆိုးစွမ်းအင်ကို တစ်ပတ်လှည့်ပတ်ရုံဖြင့် သွေးထွက်ခြင်းကို ရပ်တန့်စေနိုင်ပြီး ကုသမှုကို စတင်နိုင်မည် ဖြစ်သော်လည်း ဘုရင်ခွေနျို၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ ရပ်တန့်မည့် အရိပ်အယောင် လုံးဝမရှိဘဲ သွေးများ ဆက်လက် စီးကျနေဆဲပင်ဖြစ်၏။

သူသည် တိုက်ပွဲ၏ အဆုံးသတ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မည်သူမဆို အလွယ်တကူ သိမြင်နိုင်သည်။ သူ၏ပတ်လည်တွင် မိကျောင်းနတ်ဆိုးများနှင့် ဧရာမ မိကျောင်းကြီးများ ပိုမိုများပြားစွာ ဝိုင်းရံလာကြပြီး သွေးဆာနေသော မျက်လုံးများဖြင့် သူ့ကို စူးရဲစွာ စိုက်ကြည့်နေတော့၏။

အခန်း (၂၄၀) ကျုပ် ခင်ဗျားနဲ့ ကောင်းကောင်း အဖော်ပြုပေးပါ့မယ်

အသက်အန္တရာယ်နှင့် နီးကပ်လာသော ထိုအခိုက်အတန့်တွင် ပြင်းထန်သော လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်လာပြီး မရေမတွက်နိုင်သော လေဓားသွားများအဖြစ် ပြောင်းလဲသွားကာ ဘုရင်ခွေနျို၏ ဘေးပတ်လည်ရှိ ဧရာမမိကျောင်းများကို သွေးသံရဲရဲ အသားစများအဖြစ်သို့ ရက်စက်စွာ ခုတ်ထစ်ပစ်လိုက်၏။

ကျောဘက်တွင် ဆွတ်ဆွတ်ဖြူသော အတောင်ပံများ ပါရှိသော်ငြား နဖူးပြင်ထက်ဝယ် ကျားမွေးများ ပေါက်ရောက်နေသော အရပ်မောင်းကောင်းကောင်း လူတစ်ဦးသည် ကောင်းကင်ယံမှ လျှပ်တစ်ပြက် ထိုးဆင်းလာ၏။ သူသည် ဘုရင်ခွေနျို၏ လက်မောင်းတစ်ဖက်ကို ဆွဲယူကာ ပခုံးပေါ်တင်လျက် နောက်ဘက်သို့ အလျင်အမြန် ပျံသန်းဆုတ်ခွာသွားသည်။

ကောင်းကင်ယံမှ မိုးကြိုးဘေးဒဏ်များ အဆက်မပြတ် ကျဆင်းလာပြီး သူ၏ လွတ်မြောက်ရာလမ်းကို ပိတ်ဆို့ရန် ကြိုးစားသော်လည်း နောက်ဘက်ဆီမှ အလင်းရောင်အချို့ ရုတ်ခြည်း ထွက်ပေါ်လာကာ ထိုအတောင်ပံပါသော ကျားနတ်ဆိုးအတွက် မိုးကြိုးဒဏ်ကို ကာကွယ်တားဆီးပေး၏။

စုရှန်ရွှယ်သည် အဝေးသို့ လှမ်းကြည့်လိုက်ရာ အလွန်ဝေးကွာသော တောင်ထိပ်တစ်ခုပေါ်တွင် လက်ထဲမှ ခေါက်ယပ်တောင်ကို ပြန်လည်ရုပ်သိမ်းနေသည့် အဖြူရောင်ဝတ်စုံနှင့် ချောမောသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

သူမ၏ အကြည့်ကို သတိပြုမိသွားသော ထိုအမျိုးသားသည် သူမအား လက်ဆုတ်ကာ အရိုအသေပေး၏။ သူ၏ နောက်ကျောဘက် တောင်လေပြင်းထဲတွင်မူ နှင်းကဲ့သို့ ဖြူဆွေးနေသော မြေခွေးအမြီး ကိုးချောင်းသည် လွင့်ထဲတွင် ယိမ်းနွဲ့နေသည်။

"ဟူး... မိုးကြိုးခေါ်တဲ့ မန္တန်အစီအရင်ကို အခုထိ သေချာ မကျွမ်းကျင်သေးပါလား။"

စုရှန်ရွှယ်က သက်ပြင်းချရင်း ရေရွတ်၏။

"ဒါဆိုလည်း ကောင်းပြီလေ။"

သူမသည် စောင်းတီးခတ်နေသော လက်များကို ရပ်တန့်လိုက်ပြီး မတ်တတ်ရပ်ကာ အမိန့်ပေးသည်။

"မိကျောင်းဖြူတပ်မတော်။ ရန်သူ့တပ်တွေကို ချေမှုန်းဖို့ တစ်တပ်လုံး ရှေ့သို့ချီတက်ကြ။”

အမိန့်သံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ယန်ရှန်းခံတပ်အောက်ရှိ မြို့တံခါးကြီးများ ပွင့်ဟသွားပြီး မိကျောင်းနတ်ဆိုးများသည် ဧရာမမိကျောင်းကြီးများကို စီးနင်းလျက် မြို့ထဲသို့ အလုံးအရင်း ပြေးထွက်လာ၏။ ၎င်းတို့သည် ရွှံနွံကွင်းပြင်ကြီးအဖြစ် ပြောင်းလဲသွားသော စစ်မြေပြင်ထဲသို့ ရေထဲမှ ငါးများသဖွယ် လျင်မြန်စွာ လျှိုဝင်သွားကြကာ နွားနတ်ဆိုးများနှင့် သွေးထွက်သံယို သတ်ပုတ်တိုက်ခိုက်ကြတော့သည်။

အချိန်၊ နေရာ နှင့် လူအင်အား သဟဇာတဖြစ်မှု အားသာချက်များကို အပြည့်အဝ အသုံးချထားသောကြောင့် နွားနတ်ဆိုးများသည် ရန်သူများကို တဖြည်းဖြည်း မယှဉ်နိုင်တော့ပေ။ အသေအပျောက်လည်း များလွန်းလှသဖြင့် ချပ်ဝတ်တန်ဆာများကိုပင် စွန့်ပစ်ကာ ထွက်ပြေးရသည့်အခြေအနေသို့ ဆိုက်ရောက်ရသည်။ ခြောက်သွေ့သော မြေပြင်နှင့် နီးကပ်သူအချို့မှာ လှည့်ပြေးသွားကြပြီး ရွှံနွံထဲတွင် ကျန်ရစ်ကာ ခေါင်းမာမာဖြင့် ခုခံနေသူများ၏ အရေအတွက်မှာလည်း တစ်စတစ်စ လျော့နည်းလာ၏။ ၎င်းတို့သည် အချိန်ကြာရှည် ခံနိုင်မည် မဟုတ်တော့ချေ။

ပထမလှိုင်း တိုက်ခိုက်မှုသည် အောင်ပွဲခံတော့မည့်ဆဲဆဲတွင် ယန်ရှန်းခံတပ်၏ အရှေ့ဘက် တောင်တန်းများပေါ်၌ ကြီးမားလှသော တပ်မတော်တစ်ရပ် ရုတ်တရက် ထွက်ပေါ်လာသည်။

ဤတပ်မတော်၏ အရေအတွက်မှာ နည်းပါးသော်လည်း သူတို့ထံမှ ထွက်ပေါ်နေသော အရှိန်အဟုန်ကို ကြည့်လျှင် မြောက်ပိုင်းနတ်ဆိုးမျိုးနွယ်စုနှင့် မြွေနက်ဘုရင်၏ တပ်များထက် အဆမတန် လွှမ်းမိုးထားနိုင်စွမ်းရှိပြီး စစ်သည်များ၏ ပျမ်းမျှအင်အားနှင့် လက်နက်တပ်ဆင်မှု အဆင့်အတန်းမှာလည်း များစွာ ပိုမိုမြင့်မား၏။

"အင်ပါယာမြို့တော်ရဲ့ တပ်မတော်ပဲဟေ့။"

ရှုပ်ထွေးပွက်လောရိုက်နေမှုများကြားတွင် နတ်ဆိုးတစ်ဦးသည် ဤတပ်မတော်၏ အလံတော်ကို သတိပြုမိသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ကောင်းကင်နှင့် မြေကြီးကြားရှိ မိုးကောင်းကင်သည် ရုတ်တရက် အရောင်ပြောင်းသွားပြီး စုရှန်ရွှယ် ဖန်တီးခေါ်ယူထားသော တိမ်မည်းများကို တောင်ထိပ်ပေါ်တွင် ရပ်နေသည့် အမည်းရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသည့် ဆံပင်ဖြူဖြူ လူလတ်ပိုင်းအရွယ် ပိန်ပါးပါး အမျိုးသားတစ်ဦးက သူ၏ လက်ပြတ်အင်္ကျီရှည်ကြီးထဲသို့ သိမ်းကျုံးစုပ်ယူသွား၏။

ထို့နောက် ဦးချိုပေါက်နေသည့် အခြား နဂါးအိုကြီးတစ်ဦးသည် တုတ်ရှည်တစ်ချောင်းကို မှီလျက် ထွက်ပေါ်လာ၏။ သူသည် လက်ကိုမြှောက်ကာ ရွှံနွံတစ်ပြင်လုံး၏ ထိန်းချုပ်မှုကို လုယူသည်။ သူ၏ မှော်အစွမ်းအောက်တွင် ရွှံနွံထဲမှ ကြည်လင်သော ရေအမြောက်အမြား ရုတ်တရက် ပန်းထွက်လာ၏။ ထိုရေများသည် ရေတံခွန်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားပြီးနောက် နဂါးတစ်ကောင် ရေမှုတ်ထုတ်လိုက်သည့်အလား အဆုံးမရှိ စီးဆင်းသွားရာ ရွှံနွံထဲရှိ မိကျောင်းဖြူတပ်မတော်မှာ ခဏချင်းအတွင်းမှာပင် အသေအပျောက် များပြားသွားရတော့သည်။

"ဝက်ဝံဖြူဘုရင်။"

အမည်းရောင် တရားရုံးတော်ဝတ်စုံနှင့် ဆံပင်ဖြူ လူလတ်ပိုင်းအမျိုးသားသည် တိမ်မည်းများကို သိမ်းယူပြီးနောက် မြောက်ပိုင်း ဝက်ဝံဖြူဘုရင်၏ တပ်မတော်ဆီသို့ လက်ဆုပ်ကာ နှုတ်ဆက်သည်။

"ကျုပ်တို့ ကူညီဖို့ ရောက်လာပါပြီ။"

တစ်ချိန်တည်းမှာပင် လူတစ်ယောက်သည် တိမ်တိုက်ပေါ်မှ လျှပ်တစ်ပြက် ခုန်ဆင်းလာကာ စုရှန်ရွှယ်ဘေးတွင် ဆင်းသက်လာ၏။ သူ၏ ဆံပင်များမှာ ထူထပ်လှပြီး လူစင်စစ်နှင့်တူသော မျောက်ဝံတစ်ကောင်အလားပင် တစ်ကိုယ်လုံး အဝါရောင်ဖြစ်နေကာ နောက်ဘက်တွင် ရှည်လျားသော အမြီးတစ်ချောင်းမှာ ယမ်းခါနေသည်။

သူသည် စစ်မြေပြင်ရှိ ချပ်ဝတ်တန်ဆာများ ပြည့်စုံစွာ ဝတ်ဆင်ထားသော မြို့တော်တပ်မတော်နှင့် မတူပဲ လှုပ်ရှားရလွယ်ကူပြီး ရိုးရှင်းသော အဝတ်ကြမ်းကိုသာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထား၏။

သူသည် ပခုံးပေါ်တွင် သံမည်းတုတ်တစ်ချောင်းကို ထမ်းထားကာ ပါးစပ်ထဲတွင် မြက်ပင်တစ်ပင်ကို ကိုက်ထားလျက် ပင်ပန်းနွမ်းနယ်နေသော မျက်နှာပေးဖြင့် စုရှန်ရွှယ်ကို ပြုံးပြလာသည်။

All Chapters