← Chapters

ဝဋ်လည်ခြင်း

Vol. 86-89 Ch. 1307

ဝဋ်လည်ခြင်း

Vol. 86-89 Ch. 1307

“မြေငလျင်လှုပ်ခြင်း”

ရုတ်ချည်းဆိုသလိုပင် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော ယန်စွမ်းအင်များက သမုဒ္ဒရာ လှိုင်းလုံးသဖွယ် ပျံ့နှံ့လာ၏။

ဘုရင်အဆင့်များအားလုံး မျက်နှာပျက်သွားပြီး သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ကြောက်လန့်၍ မယုံနိုင်ဟန်များ ဖြစ်ပေါ်လာသည်။

“မကောင်းတော့ဘူး နောက်ဆုတ်ကြ”

သိမ်းငှက်မျက်လုံးနှင့် အဘိုးအိုသည် တစ်ခုခု မူမမှန်မှန်း အရင်ဆုံး သတိထားမိသွားပြီး ချက်ချင်း အော်ဟစ်သတိပေးလိုက်သည်။ သို့သော် နောက်ကျသွားလေပြီ။

ကြောက်စရာကောင်းသော နတ်ဆိုးအရိပ်တစ်ခုက ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ၎င်းသည် ယဲ့ဖန်၏ ခန္ဓာကိုယ်နှင့် တွယ်ကပ်ကာ ငါးမီတာကျော် မြင့်မားပြီး အော်ဟစ်ကြွေးကြော်လာ၏။

“ရွှစ် ရွှစ်”

ဘုရင်အဆင့်များ တန်း၍ အသတ်ခံလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များ ပေါက်ကွဲကာ သွေးအိုင်အဖြစ်သို့ ပြောင်းလဲ သွားသည်။

ဤစွမ်းအင်သည် ဥပဒေသများအားလုံးကို ဆန့်ကျင်ပြီး မှော်စွမ်းအင်များ ထောင်သောင်းချီ၍ ပါဝင်နေကာ လုံးဝ ခုခံနိုင်စွမ်း မရှိပေ။ ၎င်းစွမ်းအင်နှင့် ထိမိသောအရာတိုင်း သေဆုံးရပေသည်။

ကြမ်းပြင်၌ လတ်လတ်ဆတ်ဆတ် သွေးများနှင့် ပြည့်နှက်နေကာ ရဲရဲနီ၍ ကြေးချွတ်သန့်စင်ဘုံလေအလား ထင်မှတ်မှားရသည်။

ဤမြင်ကွင်းအား အလွန် ကြောက်စရာကောင်း၍ သွေးထွက်သံယိုများသည်ဟုသာ ဖော်ပြရပေမည်။ ခန်းမတွင်း၌ တစ်ဖန်ပြန်၍ တိတ်ဆိတ်သွားပြီး လူတိုင်း ကြက်သီး ထနေကြသည်။

*ဒါ ဘာကြီးလဲ*

*ဒါက သောက်ကျိုးနည်း ဘာကြီးလဲ*

*ဒီကောင်က ဘုရင်အဆင့် ခုနစ်ယောက် ရှစ်ယောက်ကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်လိုက်တာလား*

*ပြီးတော့ သူ့ပေါ်က အဲ့နတ်ဆိုးကြီးက သောက်ကျိုးနည်းကို ဘာကြီးလဲကွာ*

သူတို့သည် ဆက်တိုက် နောက်ဆုတ်ရင်း တံခါးကိုသာ ပြိုင်တူ ကြည့်နေမိသည်။ သူတို့ ထွက်ပြေးချင်နေ၏။ သူတို့ ဤနတ်ဆိုးထံမှ ထွက်ပြေးချင်နေကြသည်။

*ဒါကြီးက အရမ်း ထူးဆန်းတယ်*

*ကြောက်ဖို့ကောင်းတယ်*

သူတို့မျက်လုံးတွင် ထိတ်လန့်သော အရိပ်အယောင်များ ရှိနေပြီး တစ်ကိုယ်လုံး  တုန်ယင်နေကြသည်။ ယဲ့ဖန်နှင့် တစ်ခဏမျှ ရှိနေပြီးနောက် သူတို့၏ အသက်အတွက် အာမခံချက် နည်းလာသလို ခံစားလာရသည်။

*ဒီလူ … သူ လုံးဝ လူမဟုတ်ဘူး*

အားလုံး၏ မျက်နှာပေါ်တွင် လှောင်ပြောင်ဟန်များ ပျောက်ကွယ်နေပြီး သွေးပျက်ဟန်၍ ကြောက်လန့်ဟန်များသာ ပေါ်လွင်နေသည်။

*အသက်တစ်ကြိမ် ရှူစာပဲ ရှိတယ်*

*အသက်တစ်ကြိမ် ရှူစာအတွင်း ဘုရင်အဆင့် ခုနစ်ယောက်၊ ရှစ်ယောက်ရဲ့ အသက်ကို နုတ်ယူသွားပြီ*

*ဘုရင်အဆင့်ကို သတ်တာ ခွေးတစ်ကောင်ကို သတ်သလိုပဲ*

*ဒီတစ်ခါတော့ ချမ်မိသားစုက သံပြားကို ကန်မိတာ မဟုတ်ဘဲ မြို့တံတိုင်းကို ကန်မိတာပဲ*

“မဟုတ်ဘူး သူက ဘုရင်အဆင့် မဟုတ်ဘူး၊ သူက ဘုရင်အဆင့် မဟုတ်ဘူး”

“သူက သူတော်စင်သခင်အဆင့်ပဲ”

အသက်ရှင်နေသေးသော ဘုရင်အဆင့် သိုင်းပညာရှင်တစ်ချို့၏ ပါးစပ်မှ ကြောက်လန့်တကြား ပြောဆိုသံများ ထွက်ပေါ်လာသည်။ သူတို့သည် နေရာ၌ ရပ်မြဲရပ်နေပြီး မှင်တက်နေကြသည်။

သူတို့စကားကို ကြားသော် ကျန်လူများအားလုံး ဆူညံပွက်လောရိုက်သွားသည်။ အားလုံး၏ မျက်လုံးတွင် အလွန် ထိတ်လန့်ဟန်များ ပေါ်လွင်နေ၏။

*သူတော်စင်သခင်အဆင့်၊ ဒီလူက သူတော်စင်သခင်အဆင့်လား*

ရုတ်ချည်းဆိုသလိုပင် သူတို့အားလုံး သတိဝင်လာကြသည်။

*သူတော်စင်သခင်အဆင့်မှာ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်၊ အဲ့အဆင့်ကလူကပဲ ဘုရင်အဆင့်ကို ခွေးသတ်သလို သတ်နိုင်မှာ*

ချမ်မိသားစု သားအဖနှစ်ယောက်လုံး တုန်လှုပ်သွားပြီး သူတို့ ကြောက်စရာကောင်းသော ကပ်ဘေးတစ်ခုကို အစပျိုးလိုက်မိကြောင်း သတိပြုမိသွားပြီး မျက်နှာ ပြာနှမ်းလာကြသည်။

တစ်ဖက်လူက သူတော်စင်သခင်အဆင့် ဖြစ်နေသည်တဲ့လား။ ယခုအခိုက်တွင် သူတို့နှစ်ယောက်လုံး ဒုက္ခ ရောက်လေပြီ။

*အင်အားအစစ်*

*ဒါက ယဲ့ဖန်ပြောတဲ့ အင်အားအစစ်ပဲ*

*ချမ်မိသားစုရဲ့ အင်အားကို သူ မသိချင်ယောင်ဆောင်ရဲတာကို မအံ့ဩတော့ဘူး*

*သူ မဆင်မခြင် လုပ်ရဲတာက အံ့ဩစရာ မဟုတ်တော့ဘူးပဲ*

*သူ့ရဲ့ ခွန်အားအောက်မှာဆိုရင် ဒီချမ်းသာမှုနဲ့ အာဏာက ဘာမှမဟုတ်တော့ဘူး*

“ဒုန်း ဒုန်း”

ချက်ချင်းဆိုသလိုပင် ဘုရင်အဆင့်များအားလုံး ဒူးထောက်ကာ ယဲ့ဖန်ကို ကြောက်လန့်တကြား မော့ကြည့်လာသည်။

“လူကြီးမင်း အသက်ချမ်းသာပေးပါ၊ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ”

ယဲ့ဖန်က လှောင်ပြုံးပြုံး၍ မေးလိုက်သည်။

“မင်းတို့ အသက်ရှင်ချင်လား”

“အသက်ရှင်ချင်တယ်”

သူတို့အားလုံး ယဲ့ဖန်ကို စိတ်အားတက်ကြွစွာ ကြည့်လာသည်။ ထိုအခါ ယဲ့ဖန်က ချမ်ရှောက်ဖုန်းကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

“ဒါဆို မင်းတို့  သူ့ကို သတ်လိုက်”

ဘုရင်အဆင့်များအားလုံး ချမ်ရှောက်ဖုန်း ရှိရာသို့ လှည့်ကြည့်လိုက်ကြသည်။ သူတို့အားလုံး မသိမသာ တုံ့ဆိုင်းနေကြသည်။ တကယ်တမ်း၌ ချမ်မိသားစုက သူတို့အပေါ် သနားကြင်နာမှု ရှိခဲ့သည် မဟုတ်ပါလော။ သူတို့၏ ယခင်အလုပ်ရှင်ကို ပြန်ကိုက်ခြင်းက အလွန် နှလုံးသားမဲ့ရာ ကျပေသည်။

ထိုအခိုက်တွင် ချမ်ရှောက်ဖုန်း တုန်ယင်လာ၏။ သူသည် အလွန် အရည်အချင်း ရှိသူ ဖြစ်ပါသော်လည်း ဘုရင်အဆင့် ခြောက်ယောက်ကို တစ်ယောက်တည်း တိုက်ပါက နိုင်နိုင်ရန် မဖြစ်နိုင်ပေ။

သူ နောင်တရကာ ကြောက်လန့်လာ၏။ အဘယ်ကြောင့် ဤနတ်ဆိုးကို သူ ရန်စချင်ခဲ့ရသနည်း။ အကယ်၍ သူသာ ဤနတ်ဆိုးကို ရန်မစမိပါက သူ ယခုထိ လောက၏ အမြင့်တွင် နေနိုင်ဦးမည် ဖြစ်သည်။ ယာယီ လောဘ တစ်ခုကြောင့်နှင့် သူ့ခေါင်းပေါ် ဓားတစ်လက် ရောက်လာလေပြီ။ ရှေးလူကြီးများ၏ စကားက မမှားခဲ့ပေ။

သူသည် အမြဲ မောက်မာ၍ လွှမ်းမိုးချုပ်ကိုင်တတ်သည်။ သို့သော် သူ သဘောကျသော အမျိုးသမီးထဲတွင် မည်သူမှ သူ့လက်မှ လွတ်အောင် မပြေးနိုင်ခဲ့ချေ။

ယခုတစ်ခေါက် ယဲ့ဖန်နှင့် ကျုံးလီအာကို သူ တွေ့သောအခါ သူတို့ကို သူ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု သူ ထင်ခဲ့သည်။ သို့သော် အမှန်တရားက သူ့ကို မျက်နှာဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားစေသည်။

ယခု ထိုအမျိုးသမီးကို သူ မသိမ်းပိုက်နိုင်ရုံသာမက သူ့အသက်ကိုပါ အာမမခံနိုင်တော့ပါ။ ယဲ့ဖန်၏ ခွန်အားအရ ဆိုလျင် သူ့အား အသာလေး ရိုက်သတ်နိုင်ပေ၏။

“ဘာလဲ မပျော်ဘူးလား”

ယဲ့ဖန် သရော်လိုက်ပြီး ခြိမ်းခြောက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဘုရင်အဆင့်များ ပြန်မဖြေနိုင်ခင်မှာပင် ချမ်ဖုန်းလင်က အော်ဟစ်လာ၏။

“တော်သင့်ပြီ”

သူသည် ချမ်မိသားစု၏ ခေါင်းဆောင် ဖြစ်ထိုက်ပေသည်။ ယခုလိုအချိန်၌ပင် သူသည် တည်ငြိမ်နေဆဲ ဖြစ်ပြီး သူ၏ တည်ငြိမ်သော အရှိန်အဝါကို ဖော်ထုတ်လာသည်။

ထိုဘုရင်များအားလုံး ရုတ်တရက် ငြိမ်သက်သွားသည်။ သူတို့၏အဆင့်က ချမ်ဖုန်းလင်ထက် အဆတစ်ရာ ပိုမြင့်မားသော်လည်း မြင့်မြတ်ထည်ဝါမှုအား ခွန်အားဖြင့် မသတ်မှတ်ပေ။

ချမ်ဖုန်းလင်က ယဲ့ဖန်ကို စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“ဒီနေ့ ငါတို့ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုတယ်၊ မင်း ငါ့သားတစ်ယောက်ကို သတ်လိုက်ပြီးပြီပဲ၊ မင်း လက်လျှော့လိုက်လို့ မရဘူးလား”

ချမ်ဖုန်းလင် အခြေအနေကို ရပ်တန့်လိုက်ချင်ကြောင်း လူတိုင်း ရိပ်စားမိသည်။ သူတို့ဆိုလျင်လည်း ဤသို့သော နတ်ဆိုးနှင့် ရင်ဆိုင်ရလျင် အရှုံးပေးမိမှာပင်။

ဤလူသည် အရူးတစ်ယောက်သာ ဖြစ်သည်။ သို့သော် ယဲ့ဖန်က အထင်သေးသရော်သလို ပြုံးလိုက်သည်။

“မင်းက ငါ့ကို ဈေးဆစ်ဖို့ ရောက်လာတာလား”

အထင်သေး၍ လှောင်ပြောင်နေသလိုပင်။ သူ့ပုံစံက ငါ့ကို ဈေးဆစ်ရအောင် မင်းက အဆင့်မီလို့လားလို ပြောနေပုံ ပေါက်နေ၏။

ယဲ့ဖန်က မည်သူနည်း၊ သူသည် နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သော စကြဝဠာ၏ နတ်ဆိုးဧကရာဇ်ဖြစ်ပြီး လူ့နှလုံးသားထဲမှ အမှောင်ထုအဖြစ် ကျော်ကြားသူ ဖြစ်လေသည်။

သူ စိတ်ပြန်တည်ငြိမ်သွားသရွေ့ ချမ်ဖုန်းလင်က သူ့နှင့် ပြေလည်အောင် အစွမ်းကုန် ကြိုးစားမည်ဖြစ်ကြောင်း သူ သိနေသည်။

ချမ်မိသားစုကို သူ မကြောက်သော်လည်း ချမ်မိသားစုက တော်ဝင်မိသားစုနှင့် ပတ်သက်နေ၏။ နောင်တစ်ချိန် တစ်ခုခု ဖြစ်လာပါက ယဲ့ဖန်အတွက် မလိုလားသော ပြဿနာများ ဖြစ်လာနိုင်သည်။

ချမ်ဖုန်းလင်သည်လည်း သူ့သားကို သတ်လိုက်သည့် ကိစ္စအား လက်စားမချေဘဲ မနေနိုင်ပါ။ လက်ရှိတွင်မူ သူသည် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ခေတ္တ အရှုံးပေးရန်သာ ရှိပေသည်။

ဤနေရာမှ သူ လုံခြုံစွာ ထွက်လာနိုင်ပါက သူ နောက်လှမ်းမည့် ခြေလှမ်းမှာ မြို့တော်ကို သွား၍ ပထမ မင်းသမီးကို ရှာ၍ စစ်သားများ တောင်းကာ ယဲ့ဖန်အား အမြန်ဆုံးနှုန်းဖြင့် တိုက်ခိုက်ပစ်မည် ဖြစ်သည်။

ယဲ့ဖန် ချက်ချင်း သတိထားလိမ့်မည်ဟု သူ ထင်မထားမိပါ။ သူ့စကားကိုကြားသော် ချမ်ဖုန်းလင် ချက်ချင်း မျက်နှာပျက်သွားပြီး မာရေကြောရေဖြင့် ပြောလိုက်သည်။

“မင်း ငါ့ကို တကယ် ခွင့်မလွှတ်ပဲ နေရဲသလား၊ ပထမမင်းသမီးက ငါ့မွေးစားသမီးဆိုတာ မင်း သိလား၊ ငါတို့ကို သတ်တာက အင်ပါယာနဲ့ ရန်သူ လုပ်လိုက်တာနဲ့ အတူတူပဲ၊ မင်းက သူတော်စင်သခင်အဆင့် ဖြစ်နေရင်တောင်မှ သူတော်စင်အဆင့် အများကြီးကို မင်း တစ်ပြိုင်တည်း ယှဉ်နိုင်လို့လား”

“အင်ပါယာရဲ့ ရန်သူ ဟုတ်လား”

ယဲ့ဖန်က ထီမထင်သလို ပြုံး၍ ခေါင်းခါလိုက်သည်။

“ငါ ရန်သူ ဖြစ်ပြီးနေပြီ”

ထိုစကားက ရောဂါပိုးကဲ့သို့ ပျံ့လွင့်လာပြီး ထိုစကားကို ကြားလိုက်ရသူတိုင်း ကြောက်လန့်သွားကြသည်။

*ယဲ့ဖန် ဘာကိုပြောချင်တာလဲ*

*သူက အင်ပါယာရဲ့ ရန်သူ ဖြစ်ပြီးနေပြီလား*

*ဘယ်သူက အင်ပါယာတစ်ခုလုံးရဲ့ ရန်သူ ဖြစ်ရဲမှာလဲ၊ ဒါက မဖြစ်နိုင်ဘူးလေ*

*သေချာပေါက် နတ်ဆိုးကလွဲပြီး ဘယ်သူက လုပ်ရဲမှာလဲ*

“ဂလု”

တံတွေးမျိုချသံများ ထွက်ပေါ်လာသည်။ လူတိုင်း တစ်စုံတစ်ခုကို စဉ်းစားမိသော်လည်း လက်ခံရန် ငြင်းဆန်နေ ကြသည်။ နတ်ဆိုးက သူတို့အရှေ့၌ ရပ်နေသည်ကို မယုံနိုင် ဖြစ်နေ၏။

“မင်း … မင်းက ဘယ်သူလဲ”

ထိုအခိုက်တွင် ချမ်ဖုန်းလင်သည် ယဲ့ဖန်အား ကြောက်လန့်နေသော မျက်နှာထားနှင့် လှမ်းကြည့်ကာ မနေနိုင်ဘဲ တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။

ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံမျှ ပြုံး၍ ပြန်ပြောလိုက်လေသည်။

“ယဲ့ဘုရင်”

ထိုစကားက လူတိုင်းအား တူနှင့်ထုခံလိုက်ရသကဲ့သို့ ဖြစ်သွားစေသည်။ လူတိုင်း လေအေးကို ရှူမိသလို ဖြစ်သွားပြီး မျက်နှာတွင် ကြောက်လန့်စိတ်များ ပေါ်လာသည်။

*ယဲ့ဘုရင်*

*တကယ်ပဲ ယဲ့ဘုရင် ဖြစ်နေတာကိုး*

သူတို့ စိတ်ကို ပြင်ဆင်ထားပြီးသော်လည်း အမှန်တရားက သူတို့ကို ထိတ်လန့်၍ သွေးပျက်နေစေလေသည်။ အစပိုင်း၌ ယဲ့ဖန်ကို အထင်သေးရာမှ ကြောက်စိတ်များ ဖြစ်ပေါ်လာသည်။ ယခုအခါတွင် အလွန် လေးစားစိတ်များ ဖြစ်ပေါ်လာသည်။

ထို့အပြင် သူတို့သည် ချက်ချင်း ဒူးထောက်၍ ယဲ့ဖန်အား အရိုအသေ ပေးလာ၏။

“အရှင် ယဲ့ဘုရင်ကို ကြိုဆိုပါတယ်”

လက်ရှိတွင် အင်ပါယာတွင်း၌ ယဲ့ဖန်၏ အရှိန်အဝါက ဧကရာဇ်ထက်ပင် ကျော်လွန်နေသေးသည်။ လူတစ်ယောက်တည်းနှင့် မြို့တစ်ခုကို သိမ်းပိုက်တိုက်ခိုက်၍ အဆုံးနိုင်သော ဒဏ္ဍာရီတစ်ပုဒ်ကို ချန်ထားရစ်ခဲ့သည်။

လူတစ်ယောက်တည်းဖြင့် ညီလာခံခန်းမကို ဆူညံအောင် လုပ်ခဲ့ပြီး မောက်မာဝင့်ကြွားစွာ ပြန်ထွက်လာခဲ့သည်။ လူတစ်ယောက်တည်းနှင့် မျှော်စင်သခင်ကို သတ်ကာ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို အနိုင်ယူခဲ့သူ။

ဤသို့သော လူမျိုးထံ၌ သူတို့ ဒူးမထောက်ဘဲ နေရဲမည်လော။ သူတို့ ဝန်မခံဘဲ နေရဲပါမည်လော။

ချမ်မိသားစု သားအဖနှစ်ယောက်လုံး ဆောက်တည်ရာမရ ဖြစ်သွားကြသည်။ လောက၌ ချမ်မိသားစုက အင်အားကြီး၍ လေးစားခံရသည်ဟု သူတို့ မှတ်ယူထားပြီး မည်သူမှ သူတို့ကို ရန်မစရဲဟု ထင်ထားကြသည်။ ထို့ကြောင့် ယဲ့ဖန်ကို သတ်ခြင်းက ပုရွက်ဆိတ်ကို သတ်သကဲ့သို့ လွယ်ကူလိမ့်မည်ဟု ထင်ခဲ့မိသည်။

တကယ်တမ်းတွင်မူ ယဲ့ဖန်က သူ၏ လွှမ်းမိုးနိုင်သော ခွန်အားကို အသုံးချ၍ သူတို့ကို အရှက်ခွဲခဲ့လေသည်။ ထို့နောက် သူတို့သည် ချမ်မိသားစုသည် အင်အားကြီးသည့်အပြင် နောက်ကွယ်၌ တော်ဝင်မိသားစုပါ ရှိသည်ဟု တွက်ထားခဲ့သည်။ သို့သော် သူတို့သည် ယဲ့ဖန်အား ကြောက်လန့်သွားအောင် မလုပ်နိုင်ဘဲ သူတို့သာ သူ့ကြောင့် ကြောက်လန့်လာရသည်။

မထင်မှတ်ထားဘဲ တစ်ဖက်လူက အင်ပါယာကို အငြိုးထားကာ ပိုင်ကျန့်ချင်းအား အရှက်ခွဲ၍ ဒုတိယမင်းသားကို သတ်ထားပြီး ယခုထိ ယှဉ်နိုင်သူ မရှိသေးသည့် ကြောက်စရာကောင်းသော ပုဂ္ဂိုလ် ဖြစ်နေ၏။

“ဝှစ် ဝှစ်”

ဘုရင်အဆင့်များသည် အရေးမပါသော စကားများ မပြောတော့ဘဲ ချမ်ရှောက်ဖုန်းအား အသည်းအသန် သတ်ဖြတ် ကြလေတော့သည်။

တစ်ချက်ကလေးမှ တွေဝေခြင်း မရှိကြချေ။ သူတို့သာ တွေဝေမိလျင် ယဲ့ဖန်သာ စိတ်ပြောင်းသွားပါက အသတ်ခံရ လောက်သည်။

ထိုလူသည် ယဲ့ဘုရင် ဖြစ်နေသည် မဟုတ်ပါလော။ လူသတ်ချင်စိတ် များသော၊ ရက်စက်၍ သွေးအေးသည့် ယဲ့ဘုရင်။

သူတို့ကို လက်ဖျောက်တီးလိုက်ရုံနှင့် သတ်နိုင်နေသူ ဖြစ်သဖြင့် သူတို့၌ ဘာအရည်အချင်းရှိ၍ တွေဝေနေ ရဦးမည်နည်း။

ချမ်ရှောက်ဖုန်း အကြီးအကျယ် မျက်နှာပျက်သွားပြီး အသည်းအသန် ပြန်တိုက်ခိုက်လေသည်။ သို့သော် ကြောက်စိတ်ကြောင့် သူ ချက်ချင်း ခုတ်ပိုင်းခံလာရသည်။

“အား…”

ထို့နောက်တွင်မူ ငယ်သံပါသော အသံတစ်သံက ဟိုတယ်ခန်းမတွင်း၌ ပဲ့တင်ထပ်သွားသည်။

“ကျုပ် တောင်းပန်ပါတယ် သခင်လေး၊ ခင်ဗျား အပြစ်တင်ချင်တယ်ဆိုရင် အမြင်မကောင်းဘဲ ဧဝရက်တောင်လို လူကိုမှ သွားရန်စမိတဲ့ ခင်ဗျားတို့ ချမ်မိသားစုကိုပဲ အပြစ်တင်လိုက်ပါ။ ခင်ဗျားက ရန်မစသင်တဲ့လူကို ရန်စခဲ့ မိတာပဲ”

ထိုဘုရင်အဆင့်များသည် ရက်စက်သော မျက်လုံးများနှင့် တိုက်ခိုက်သတ်ဖြတ်နေကြသည်။ ယဲ့ဘုရင်ကို ရန်စမိလျင် သေလမ်းသာ ရှိပေသည်။ သူတို့အား မည်သူမှ မကယ်နိုင်ပါ။

“အဖေ ကျွန်တော့်ကို ကယ်ပါဦး”

ချမ်ရှောက်ဖုန်း ကြောက်လန့်သွားပြီး ချက်ချင်း အော်ဟစ်လေသည်။ သူ မသေချင်သေးပါ။ သူ ကြာကြာ မနေရသေးပေ။

ဤလူငယ်သည် သူရဲဘောကြောင်စွာဖြင့် မျက်ရည်လည်ရွဲ ငိုယိုနေသည်။ ချမ်ဖုန်းလင်၏ မျက်လုံးများက ရီဝေနေပြီး သူ့စိတ်ထဲတွင် ယဲ့ဖန်၏ စကားများသာ ပဲ့တင်ထပ်နေလေသည်။

ယဲ့ဖန်သည် သူ့သားအငယ်ကိုသာမက သားအကြီးကိုပါ သတ်ခဲ့သည်။ သူ၏ ချမ်မိသားစုအား အပြီးတိုင် သုတ်သင်ချင်နေ၏။

“ဘုတ်”

ချန်ဖုန်းလင် ကြမ်းပြင်ပေါ် ပစ်လဲကျသွားပြီး မျက်နှာ ပြာနှမ်းကာ မချိပြုံး ပြုံးလိုက်သည်။

“ဝဋ်လည်တာ၊ ဒါတွေအားလုံးက ဝဋ်လည်တာပဲ”

All Chapters