← Chapters

လူလုပ် သူတော်စင်သခင်အဆင့်

Vol. 86-89 Ch. 1308

လူလုပ် သူတော်စင်သခင်အဆင့်

Vol. 86-89 Ch. 1308

ခွန်အားမရှိသလိုပင်။ ချမ်ဖုန်းလင်တစ်ယောက် ပထမဆုံးအကြိမ်အဖြစ် အားမရှိသလို ခံစားရသည်။ ချမ်းသာခြင်းနှင့် အာဏာရှိခြင်းက အစစ်အမှန် ခွန်အားအောက်၌ ဘာမှမဟုတ်သလို ဖြစ်သွားလေသည်။

လက်ရှိတွင် ယဲ့ဖန်က ချမ်ဖုန်းလင်ရှေ့၌ ရပ်နေပြီး သူ့အား ငုံ့ကြည့်နေသည်။ ချမ်ဖုန်းလင်က ရှုပ်ထွေးသော အမူအရာနှင့် ခေါင်းမော့လာပြီး အသနားခံသလို ပြောလိုက်သည်။

“ယဲ့ဘုရင် ငါ့သားကို လွှတ်ပေးပါ၊ မင်း တကယ် ဒေါသထွက်တယ်ဆိုရင် ငါ့ချမ်မိသားစုက ပိုင်ဆိုင်မှုအားလုံးကို ယူသွားလို့ ရတယ်၊ မင်း အားလုံးကို ယူသွားလို့ရတယ်၊ ငါ့ချမ်မိသားစုရဲ့ မျိုးဆက်ကိုသာ အသက် ချမ်းသာပေးပါ”

မလှမ်းမကမ်းမှ ထိုစကားကို ကြားလိုက်ရသည့် ဧည့်သည်များအားလုံး ထိတ်လန့်သွားကြသည်။

*ချမ်ဖုန်းလင်က အသနားခံနေတာပဲ*

သူက ယဲ့ဖန်ကို ချမ်မိသားစု၏ ပိုက်ဆံအားလုံး ယူသွားပါဟု ပြောသည်ကို ကြားလိုက်ရသဖြင့် သူတို့အားလုံး မှင်တက် နေလေသည်။

*အဲ့ဒါက ဘယ်လောက်လောက် ရှိမှာလဲ မသိဘူး*

ယဲ့ဖန်ကကို အားလုံး ပေးလိုက်လျင် သူ့၌ ပိုက်ဆံရော အာဏာပါ ရှိတော့မည် မဟုတ်ပါ။ ဤသည်မှာ ခွန်အား အစစ်၏ ကြောက်စရာကောင်းပုံ ဖြစ်လေသည်။

မိမိ မည်မျှ ချမ်းသာနေပါစေ၊ မိမိ၌ အာဏာ မည်မျှ ရှိနေပါစေ အသက်ကတော့ တစ်ချောင်းတည်း ရှိသည် မဟုတ်ပါလော။

“မင်းက ငါ့ကို ဈေးဆစ်နိုင်တဲ့ အဆင့်အတန်း မရှိဘူးလို့ ပြောခဲ့တယ် မဟုတ်လား၊ ပြီးတော့ မင်းရဲ့ ကျန်တဲ့သားကိုပါ ငါ သေစေချင်တယ်လို့ ပြောခဲ့သားပဲ”

ယဲ့ဖန်၏ အသံက အေးစက်နေသည်။

“ငါ မင်းတို့ ချမ်မိသားစုကို အခွင့်အရေး ပေးခဲ့ပင်မယ့် မင်းတို့ကမှ ဘယ်လို ယူရမလဲ မသိခဲ့ပဲ”

ထိုစကားကို ကြားသော် ချမ်ဖုန်းလင်၏ မျက်လုံးတွင် ရူးသွပ်မှုများနှင့် ပြည့်နှက်သွားပြီး ဆာလောင်နေသည့် ဝံပုလွေရိုင်းတစ်ကောင်သဖွယ် ဖြစ်သွားလေသည်။ အသက်ရှင်ရန်အတွက် ဘာမဆို လုပ်မည့်ပုံပင်။ နဂါးကို ကိုက်ရမည် ဆိုလျင်လည်း ကိုက်မည့်ပုံ ပေါက်နေ၏။

“မင်း … မင်း သူတို့ကို မြန်မြန် သတ်နိုင်မယ်လို့ ထင်နေတာလား”

သူ့အသံက မာထန်နေပြီး သားရဲတစ်ကောင်၏ မာန်ဖီသံနှင့်တူနေက အသေအကြေ တိုက်ခိုက်တော့မည့်ပုံပင်။

“ဒီနေ့ ချမ်မိသားစု သုတ်သင်ခံရမယ်၊ ဘယ်သူမှ တားလို့မရနိုင်ဘူး”

ယဲ့ဖန်က မာကြောသော အကြည့်များဖြင့် တစ်ခွန်းခြင်း ပြောလိုက်သည်။ စကားတစ်ခွန်းချင်းစီတိုင်းက ချမ်ဖုန်းလင်၏ ရင်ကို အေးစက် ထက်မြသော ဓားဖြင့် ထိုးနေသလို ခံစားရစေသည်။

“ကောင်းပြီလေ၊ ကောင်းပြီ”

ချမ်ဖုန်းလင်၏ အမူအရာက သုန်မှုန်လာပြီး မျက်လုံးများက မီးဝင်းဝင်းတောက်လာသည်။

“ဒါဆိုလည်း မင်း အသက်ရှင်ဖို့ မမျှော်လင့်နဲ့”

ချမ်ဖုန်းလင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် အကူအညီ တောင်းလေတော့သည်။

“အဖေ ကျေးဇူးပြုပြီး လှုပ်ရှားပါတော့”

ထိုစကားက ဧည့်သည်များအားလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

*ချမ်ဖုန်းလင်ရဲ့ အဖေက အသက်ရှင်နေသေးတာလား*

ချမ်မိသားစု ယနေ့ အဆင့်အတန်းသို့‌ ရောက်လာရသည့် အဓိက အကြောင်းရင်းမှာ ချမ်ဖုန်းလင်၏ ဖခင် ချမ်ဟွာချိန်ကြောင့် ဖြစ်ပေသည်.

ချမ်ဟွာချိန်သည် ဆင်းရဲသူ တစ်ယောက် ဖြစ်ခဲ့သည်။ သူသည် ဘာမှမရှိသောဘဝမှာ ကျားကုတ်ကျားခဲ ကြိုးစား၍ ကြီးမားသော ချမ်မိသားစုကြီးအား တည်ထောင်နိုင်ခဲ့သည်။  ယခုဆိုလျင် နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့သော ယဲ့မိသားစုနှင့်ပင် ယှဉ်နိုင်လာခဲ့လေသည်။

ချမ်ဟွာချိန်၏ သိုင်းအဆင့်ကလည်း မမြင့်မားပေ။ ချမ်ဟွာချိန်သည် အသက်အရွယ် ကြီးရင့်၍ သေဆုံးချိန်တွင် နဂါးအသွင်ပြောင်းခြင်းအဆင့်သို့ပင် မတက်လှမ်းနိုင်သည်ဟု ဆိုကြသည်။ သူသည် မသေခင်၌ နဂါးအသွင် ပြောင်းခြင်းအဆင့်သို့သာ ရောက်ခဲ့ပြီး နှစ်ငါးရာကျော် နေနိုင်ခဲ့ပေသည်။ လူတိုင်း သူ သေသွားပြီဟု ဆိုကြသလို ချမ်မိသားစုကိုယ်တိုင်တောင်မှ ထိုသို့ ပြောခဲ့သည်။

သို့သော် ယခု ချမ်ဖုန်းလင်၏ အော်သံက ဘာကို ဆိုလိုချင်သနည်း။ ရုတ်တရက် လေထုသည် အရိုးကွဲမတတ် အေးစိမ့်လာပြီး လူတိုင်း ခိုက်ခိုက်တုန်လာ၏။

“ဝုန်း”

ဟိုတယ်အပြင်ဘက်မှ ကျယ်လောင်သော အသံတစ်သံမှ ထွက်ပေါ်လာသည်။

“ဒုန်း ဒုန်း ဒုန်း”

လူတိုင်း သေချာနားထောင်ကြည့်လိုက်သောအခါ ထိုအသံက တောင်ဘီလူးတစ်ကောင်ကဲ့သို့ လေးလံ ပြင်းထန်သော ခြေသံများ ဖြစ်ပြီး တစ်လှမ်းချင်း လှမ်းလာနေသည်ကို သိလိုက်ရသည်။

“ဝုန်း”

ဟိုတယ်နံရံ ပြိုကျသွားပြီး ထွားကြိုင်းသန်မာသော လူတစ်ယောက် ဝင်လာ၏။ သူသည် သုံးမီတာကျော် မြင့်မား၍ မျက်နှာအပြည့် မျက်နှာဖုံး တပ်ထားပြီး တစ်ကိုယ်လုံး ပလတ်စတစ်ပြွန်သေးများနှင့် ပြည့်နှက်နေပြီး တစ်ကိုယ်လုံး သို့ ဘာမှန်းမသိသည့် အစိမ်းရောင် အရည်များ စီးဆင်းနေသည်။ အရေပြားတစ်ခုလုံး၌ ထူးဆန်းသော သင်္ကေတ များကို ရေးထိုးထားပြီး စက်ရုပ်တစ်ရုပ်နှင့် တူနေလေသည်။

“ဒါ ချမ်ဟွာချိန်ပဲ”

လူတိုင်း ကြက်သေ သေသွားကြသည်။ သူတို့ ယခင်က သိထားသည့်အတိုင်းဆိုလျင် ချမ်ဟွာချိန်သည် အလွန် ပိန်ပါးသော အဘိုးအိုတစ်ယောက် ဖြစ်ပေသည်။

သို့သော် ယခု သူတို့အရှေ့မှာ ထွားကြိုင်းသော အမျိုးသားနှင့် ချမ်ဟွာချိန်နှင့် လားလားမျှ မတူချေ။ သေချာထပ် ကြည့်လိုက်လျင် ချမ်ဟွာချိန်၏ ခန္ဓာကိုယ်မှ အလွန် ထူးဆန်းသော စွမ်းအင်တစ်ခု ထွက်ပေါ်နေသည်ကို သူတို့ သတိထားမိသွားသည်။

“သူလည်း သူတော်စင်သခင်အဆင့်ပဲ”

အလန့်တကြား အော်သံတစ်သံ ထွက်လာပြီး လူတိုင်း ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။ ချမ်ဟွာချိန်သည် မသေခင်အချိန်က နဂါးအသွင်ပြောင်းခြင်း တစ်ပိုင်းအဆင့်သာ ရှိခဲ့သော်လည်း ယခု သူတော်စင်သခင်အဆင့်သို့ ရောက်နေ၏။ သူ မသေသေးလျင်တောင်မှ ဤမျှ အချိန်တိုလေးအတွင်း သူတော်စင်သခင်အဆင့်သို့ ရောက်ရန် သူ့အတွက် မဖြစ်နိုင်ပါ။

ဤသို့သော အဖြစ်မျိုးက အင်ပါယာထဲ၌ မဆိုထားနှင့် တစ်လောကလုံးတွင်ပါ မဖြစ်နိုင်သော ကိစ္စရပ်ပင်။ ချက်ချင်းဆိုသလိုပင် ချမ်ဟွာချိန်၏ ကျော၌ ဆလင်ဒါ ဆေးပုလင်းတစ်ပုလင်းအား နက်ရှိုင်းစွာ မြှုပ်ဝင်နေသည်ကို သူတို့ တွေ့လိုက်ရလေသည်။

ထိုအခိုက်တွင် လူတိုင်း တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပြီး ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ် လာသည်။

“လူလုပ် သူတော်စင်သခင်အဆင့်”

*မြင့်မားတဲ့ နည်းပညာအစွမ်းနဲ့ သူတော်စင်သခင်အဆင့်တစ်ယောက် ဖန်တီးဖို့ ဖြစ်နိုင်ပါ့မလား*

ယင်းသည် ယခင်က မည်သူမှ မစမ်းသပ်ဖူးသော အရာ မဟုတ်သော်လည်း အားလုံး မအောင်မြင်ခဲ့ပါ။ သို့သော် ၎င်းသီအိုရီက လုံးဝ မဖြစ်နိုင်ဟု သက်သေ မပြနိုင်ပါ။  ချမ်ဟွာချိန်၏ လက်ရှိပုံစံက ယင်းသီအိုရီ၏ အကောင်းဆုံး သက်သေပင်။

*လတ်စသက်တော့ ဒီလူအိုကြီးက သေချင်ယောင်ဆောင်ပြီး ဒီသုတေသနကို ကျိတ်လုပ်နေတာပဲ*

မူလက ဤသည်မှာ ချမ်မိသားစု၏ လျှို့ဝှက်ချက် ဖြစ်သည်။ ချမ်လုပ်ငန်းစုသည် ဤနည်းပညာကို အသုံးပြု၍ သူတော်စင်သခင်အဆင့် တစ်ယောက်ပြီး တစ်ယောက်အား လျှို့ဝှက်၍ ဖန်တီးချင်ခဲ့သည်။ အချိန်တည်လျင် သူတို့သည် တော်ဝင်မျိုးနွယ်နှင့် ယှဉ်နိုင်သည့် အရည်အချင်းမျိုး ရှိလာနိုင်သလို ထီးနန်းကို လုနိုင်ချေပင် ရှိလာနိုင်၏။

သို့သော် ယခု ယဲ့ဖန်ကြောင့် ဤဝှက်ဖဲကို သူတို့ ထုတ်သုံးရပေတော့မည်။ လူတိုင်း ကြက်သေ သေသွားပြီး သူတော်စင်သခင်အဆင့် တစ်ယောက် ထပ်ရှိနေလိမ့်မည်ဟု လုံးဝ ထင်မထားမိချေ။

လူလုပ် သူတော်စင်သခင်အဆင့်၊ ဤသည်မှာ မိုးကောင်းကင်ကို ဆန့်ကျင်သော လုပ်ရပ်ပင်။

“မင်း ငါ့ချမ်မိသားစုရဲ့ ရန်သူ ဖြစ်မလာသင့်ဘူး”

ချမ်ဟွာချိန်က ယဲ့ဖန်ကို စိုက်ကြည့်၍ မောက်မာမှုအပြည့်နှင့် ပြောလာသည်။ ယဲ့ဖန်က သူ့ရန်သူ ဖြစ်လာလျင် သေလမ်းတစ်ခုတည်းသာ ရှိပေမည်ဟု ပြောနေသလိုပင်။ သူ့တွင်လည်း သူမတူသော ယုံကြည်မှုမျိုး ရှိနေပုံ‌ ပေါ်သည်။

*လူလုပ် သူတော်စင်သခင်အဆင့်က ပုံမှန် သူတော်စင်သခင်အဆင့်ထက် ပိုသန်မာနေတာများလား*

လက်ရှိတွင် လူတိုင်း မယုံနိုင်သလို ဖြစ်နေကြသည်။ အကြောင်းမှာ လူလုပ် သူတော်စင်သခင် အဆင့် တစ်ယောက်၏ ခွန်အားကို သူတို့ တစ်ခါမှ မမြင်ဖူးသဖြင့် ထိုသူ မည်မျှ သန်မာသလဲ သူတို့ မသိကြ သောကြောင့်ပင်။ ထိုအခိုက်တွင် နံရံ ထပ်ပြိုကျလာပြီး လူရိပ်နှစ်ခု ထပ်ပေါ်လာသည်။

*နောက်ထပ် လူလုပ်သူတော်စင်သခင်အဆင့် နှစ်ယောက်*

ဤသည်ကိုမြင်သော် လူတိုင်း ထိတ်လန့်ကာ မျက်နှာဖြူရော်သွားပြီး သွေးပျက်ဟန် ပေါ်လာ၏။

*နှစ်ရာဂဏန်းလောက်နဲ့ ချမ်မိသားစုက လူလုပ်သူတော်စင်သခင်အဆင့် သုံးယောက်ကို ဖန်တီးခဲ့တာလား*

*ကြောက်စရာကောင်းလွန်းတယ်*

ချမ်မိသားစုက သူတော်စင်သခင် တပ်ဖွဲ့ကို တည်ဆောက်ထားသည့်ပုံပင်။ ပို၍ ကြောက်စရာကောင်းသည့် အချက်မှာ ထိုသို့ဖြစ်လာခဲ့လျင် အင်ပါယာတွင်း၌ သူတို့ကို မည်သူ ယှဉ်နိုင်တော့မည်နည်း။ ယဲ့ဖန် သေတော့မည်ဟု သူတို့ ရိပ်စားလိုက်မိသည်။

ယဲ့ဖန်က သူတော်စင်သခင်အဆင့် ဖြစ်နေလျင်တောင်မှ တစ်ယောက်တည်းနှင့် သုံးယောက်ကို ယှဉ်ချရမည် ဖြစ်သောကြောင့် နိုင်နိုင်ချေ မရှိပေ။ တစ်ချက်တည်းဖြင့် အသတ်ခံရနိုင်ချေပင် ရှိနေ၏။

“အမှိုက်ကောင်တွေ ချမ်မိသားစုကို သစ္စာဖောက်ရဲတယ်ပေါ့လေ”

ချမ်ဟွာချိန်သည် ဘုရင်အဆင့်များအား စူးရဲသော မျက်လုံးဖြင့်  စိုက်ကြည့်၍ ဒေါသဖြင့် လက်တစ်ဖက်ကို လွှဲယမ်း လိုက်သည်။ ထိုအခါ အနက်ရောင် အလင်းတန်းတစ်ခု ပျံ့လွင့်လာပြီး ဘုရင်အဆင့်များအား သတ်ဖြတ်သွားသည်။ ပြတ်သား၍ ရက်စက်လွန်းပေသည်။

“တကယ့်ကို နတ်ဘုရား အစစ်ပဲ”

ဤတိုက်ကွက်က လူတိုင်းကို ထိတ်လန့်သွားစေသည်။ တစ်ဖက်လူက စလှုပ်ရှားလာသည်နှင့် ဘုရင်အဆင့်များကို တန်းသတ်နိုင်သည်။ ဤသည်မှာ သူတော်စင်သခင်အဆင့်သာလျင် သုံးနိုင်ပေသည်။ ထို့နောက် အားလုံးက ယဲ့ဖန်ကို သနားသလို ကြည့်လာသည်။

*ကြည့်ရတာ ယဲ့ဘုရင် ကံဆိုးတော့မယ့်ပုံပဲ*

“ကျုံးလီအာ နင့်ချစ်သူက သူတော်စင်သခင်အဆင့်ဆိုတော့ မဆိုးပါဘူး၊ ဒါပေမဲ့ ချမ်မိသားစုကို ရန်စမိပြီဆိုတော့ နင် သေဘေးကနေ မလွတ်နိုင်ဘူး၊ သူ့ကြောင့် နင်ပါ ဆွဲချခံရတော့မှာ”

စုဝမ်ချင်းက ခနဲ့လေသည်။

“အချိန်ကျရလာရင် ငါ နင်နဲ့ ပြတ်ပြတ်သားစား ရှင်းရမယ်၊ နင့်ကြောင့် ငါပါ မထိခိုက်ချင်ဘူး”

ကျုံးလီအာ ဘာမှပြန်မပြောပါ။ သူမသည်လည်း စိုးရိမ်သော အမူအရာဖြင့် ယဲ့ဖန်ကို ကြည့်နေသည်။

“အဖေ သူက ရှောက်ဖန့်ကို သတ်ခဲ့သလို အခု ရှောက်ဖုန်းကိုလည်း သတ်ချင်နေတယ်၊ သူ့ကို အေးအေးဆေးဆေး ပေးသေခိုင်းလို့ မရဘူး”

ချမ်ဖုန်းလင်၏ မျက်လုံးများက နီရဲနေပြီး ရူးမတတ် မကျေမနပ် ဖြစ်နေသည်။ သူ ယဲ့ဖန်ကို နုတ်နုတ်စင်းရန် မစောင့်နိုင်တော့ပါ။ ယဲ့ဖန် အလောင်း အပြည့်အစုံမရှိဘဲ သေရမည်ကို မြင်ရရန် မစောင့်နိုင်တော့ချေ။

“ဘိုးဘိုး ကျွန်တော့်အတွက် လက်စားချေပေးပါ”

ချမ်ရှောက်ဖုန်းသည်လည်း မျက်ရည်လည်ရွဲ ဖြစ်နေ၏။ လက်မောင်းနှစ်ဖက်လုံး အဖြတ်ခံလိုက်ရသဖြင့် သူ သုံးစားမရသူ ဖြစ်လာလေပြီ။

“ယောက်ျားဖြစ်ပြီး ဘာလို့ ငိုနေတာလဲ၊ မင်းက ငါ့ချမ်မိသားစု သိက္ခာကျအောင် လုပ်နေတာပဲ”

ချမ်ဟွာချိန်က အေးစက်စက် ငေါက်ငမ်းလိုက်ပြီးနောက် ယဲ့ဖန်အား ခက်ထန်စွာ စိုက်ကြည့်လေသည်။

“မျိုးမစစ်လေး ဒီလောက် နှစ်တွေထဲမှာ ငါ့ချမ်မိသားစုကို အခုလို ရန်စရဲတဲ့လူက မင်း ပထမဆုံးပဲ၊ ငါ မင်းကို အရေခွံနွှာပြီး ဒုက္ခိတဖြစ်အောင် လုပ်မယ်၊ ငါ မင်းကို ခွေးလို ဆိုးဆိုးရွားရွား သေခိုင်းမယ်”

လူသတ်ချင်သော အငွေ့အသက်များက လေအေးသဖွယ် တိုက်ခိုက်လာသဖြင့် လူတိုင်း ခိုက်ခိုက်တုန် လာကြသည်။

“ချမ်သခင်ကြီး သူ့ကို မသတ်ဘဲ ကျုပ်ကို လွှဲပေးပါ၊ ကျုပ် သူ့ကို အလောင်းကောင်အဖြစ် သန့်စင်ပြီး တစ်သက်လုံး ကျွန်ပြုခိုင်းရမယ်၊ ဒါဆို သူ ခွေးလို ကျုပ်တို့ပြောတာကို နာခံလာမှာ”

ကတုံးနှင့်လူတစ်ယောက်က ရယ်မော၍ ပြောလာ၏။ သူတော်စင်သခင်အဆင့်အား အလောင်းကောင် ပြုလုပ်ခြင်းသည် ရှားပါးသော ကိစ္စရပ် ဖြစ်သည်။

“ကောင်းပြီလေ၊ သူ့ကို သန့်စင်ပြီးရင် ငါ့မြေး ချမ်ရှောက်ဖုန်းရဲ့ ကျွန်လုပ်ခိုင်းရမယ်”

ချမ်ဟွာချိန်ကလည်း ထိုအရာကို တွေး၍ ခေါင်းညိတ်လိုက်သည်။ သူတော်စင်သခင်အဆင့် ကျေးကျွန်သည် တကယ်ပင် ထိန်းမရနိုင်သည့် အရာ ဖြစ်ပေသည်။

ချမ်ရှောက်ဖုန်းသည်လည်း ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားပြီး ကောက်ကျစ်စွာ ပြုံးလာ၏။ ယဲ့ဖန်သာ သူ့ကျွန် ဖြစ်လာလျင် သူ ယဲ့ဖန်ကို မည်မျှ နင်းချေ၍ အနိုင်ကျင့်ပါစေ ပြန်ခုခံနိုင်မည် မဟုတ်ပါ။ သေလျင်တောင်မှ အေးအေးဆေးဆေး သေနိုင်မည် မဟုတ်ပေ။

ထိုစကားများကို ကြားသော် ယဲ့ဖန်၏ မျက်လုံးတွင် အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး အထင်သေးသော အမူအရာဖြင့် ကြည့်နေသည်။

“သူတော်စင်သခင်အဆင့် အလောင်းကောင် သန့်စင်ဖို့ဆိုတာက သက်ရှိလူတစ်ယောက်ပဲ လိုတာ၊ ခန္ဓာကိုယ် အကောင်းပတိ ဖြစ်နေရမယ်လို့ မဆိုလိုဘူး၊ အဲ့တော့ သူ့ခြေလက်တွေကို ငါ ချိုးပစ်မယ်”

ချမ်ဟွာချိန်က ထိုသို့ ကြုံးဝါး၍ ယဲ့ဖန်ထံသို့ သုံးယောက်လုံး ပြိုင်တူ ပြေးဝင်သွားသည်။ သူတို့သုံးယောက်သည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ပြေးလာနေပြီး မြားတစ်စင်းကဲ့သို့ လေကိုခွင်းလာကြသည်။ ဤလှုပ်ရှားမှုက သေမင်းသုံးပါး ပြိုင်တူ လှုပ်ရှားလာသလိုပင်။

လူတိုင်း မျက်နှာပျက်လာကြသည်။ ဤသို့ ပြင်းထန်ကြွယ်ဝသော အရှိန်အဝါက ဖိအားများ၍ မွန်းကြပ်လွန်း လှသည်။

လေဟာနယ် အက်ကွဲ၍ တာအိုသဘောတရား လှုပ်ခတ်လာသည်ဟု ထင်မှတ်ရသည်။ သူတို့သုံးယောက်က လောကကို စိန်ခေါ်နေသည်ဟု ထင်မှတ်မှားရ၏။

ပြင်းထန်လှသော ဖိအားကြောင့် သူတို့သုံးယောက်ရှေ့၌ ရပ်နေသော လူများသည် ထိုသူသုံးယောက်က သူတို့ထံ လာနေခြင်း မဟုတ်သော်လည်း ဖိအားများကြောင့် ထိတ်လန့်နေကြသည်။

သူတော်စင်သခင်အဆင့် သုံးယောက်၏ ခွန်အားက ကြောက်စရာကောင်းလှပေသည်။ သူတို့သုံးယောက်သည် ယဲ့ဖန်ရှေ့သို့ ရောက်သည်နှင့် ဒေါသတကြီး လက်သီးကိုဝင့်၍ ထိုးနှက်ကြသည်။

သူတို့သုံးယောက်၏ လက်သီးတွင် ကြောက်စရာကောင်းသော စွမ်းအင်များ ပါဝင်နေသဖြင့် ဗုံးပေါက်သကဲ့သို့ ကျယ်လောင်သော အသံနှင့်အတူ ယဲ့ဖန်၏ ဦးခေါင်းထံ ကျဆင်းသွား၏။

“ဟားဟားဟား”

အေးစက်မာကြောသော ရယ်သံတစ်သံ ထွက်ပေါ်လာလေသည်။

All Chapters