အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
အခန်း (၈၃)
ညစာစားပွဲသို့ တက်ရောက်ခြင်း
ရှီစီသည် အစားအသောက်ပို့ဆောင်သူ လျန်ထျန်းနှင့် တွေ့ဆုံခဲ့ပြီးနောက်တွင် များစွာ စိတ်သက်သာရာ ရသွားခဲ့လေသည်။
သူ၏ အမြင်တွင်မူ လျန်ထျန်းသည် အစားအသောက် ပို့ဆောင်ရသည့် အခြေအနေအထိ နိမ့်ကျသွားပြီ ဖြစ်၍ လမ်းစပျောက်ကာ အဆုံးသတ်သို့ ရောက်ရှိနေပြီဟု ယူဆထားခဲ့လေသည်။
"ဒီလို လူစားမျိုးက ငါ့ကို ဘယ်လို ခြိမ်းခြောက်နိုင်မှာတဲ့လဲ...။"
ထို့ကြောင့် သူသည် လက်ထဲတွင် ကျန်ရှိနေသေးသော ယွမ်တစ်ထောင်၊ နှစ်ထောင်ကို အားပြုကာ ခမ်းနားထည်ဝါသော လူနေမှုဘဝကို ဆက်လက် ဖြတ်သန်းရင်း စီးပွားရေးစစ်ပွဲတွင် အောင်နိုင်မည့်ရက် ကိုသာ စောင့်မျှော်နေလေတော့သည်။
သို့သော် သူ မသိရှိခဲ့သည်မှာ အခြားတစ်ဖက်တွင်မူ လျန်ထျန်းသည် အစားအသောက် အမှာစာတိုင်းကို စွဲမြဲစွာ လိုက်လံပို့ဆောင်ပေးနေပြီး ရရှိသမျှသော ကော်မရှင်ခများကို ဟယ်ရှန့်ထံသို့ အကုန်အစင် လွှဲပြောင်းပေးနေခြင်းပင် ဖြစ်ပေသည်။
နောက်တစ်နေ့ ညနေခင်းတွင် လျန်ထျန်းက ဟယ်ရှန့်ထံ ဖုန်းဆက်လိုက်လေသည်။
"မနေ့က အစားအသောက်ပို့ရင်းနဲ့ ရှီစီနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့တယ်...။ သူက ငါ့ကို တကယ်ပဲ အထင်သေးနေတဲ့ပုံပဲ...။ အခုဆိုရင် သူ့ကို အဆုံးသတ် တိုက်ကွက် ထုတ်ဖို့ အချိန်တန်ပြီလို့ ထင် တယ်...။"
ဟယ်ရှန့်က သူမ၏ လှပသော မျက်လုံးများကို ဝိုင်းစက်သွားစေကာ ယုံကြည်လေးစားစွာဖြင့် ပြော လိုက်လေသည်။
"ရှင်က တကယ်ကို အံ့သြဖို့ကောင်းတာပဲ...။ သူ့ကို အထင်သေးသွားအောင် အစားအသောက်ကို ကိုယ်တိုင်တောင် သွားပို့ခဲ့တာလား...။"
လျန်ထျန်းက အမှန်အတိုင်းပင် ပြောလိုက်လေသည်။
"သူ့ကို အစားအသောက် သွားပို့ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး၊ တိုက်ဆိုင်သွားတာပါ...။ ထားလိုက်ပါ တော့၊ အဲ့ဒါတွေက အရေးမကြီးပါဘူး...၊ အရေးကြီးတာက ငါတို့ရဲ့ အခြေခံအဆောက်အအုံတွေ အခု ကောင်းကောင်း အလုပ်လုပ်နေပြီလား ဆိုတာပဲ...။"
ဟယ်ရှန့်က ခေါင်းညိတ်လိုက်ပြီး ၊
"ရှင် အကြံပေးထားတဲ့အတိုင်း အခြေခံအဆောက်အအုံပိုင်း ဖွံ့ဖြိုးရေးကို အဓိကထားပြီး လုပ်ဆောင်ခဲ့ တယ်...။ အခုဆိုရင် ကျွန်မတို့ရဲ့ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်တွေက အရင်ကထက် (၃၀) ရာခိုင် နှုန်းလောက် သက်သာသွားပါပြီ...။"
"အရေးအကြီးဆုံးကတော့ ကျွန်မတို့က တခြားကုမ္ပဏီတွေကို မှီခိုနေစရာ မလိုတော့ဘူး၊ ပြီးတော့ တခြားသူတွေရဲ့ ချုပ်ကိုင်မှုကို ခံရမှာလည်း ပူစရာ မလိုတော့ဘူး...။"
လျန်ထျန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
"ကောင်းတာပေါ့... အဲ့ဒါ ငါတို့ လိုချင်တဲ့ ရလဒ်ပဲ...။ အရင်တုန်းက ကျင်းမောက်ကုမ္ပဏီက ထိပ်တန်းကို ရောက်ခဲ့တာဟာ အရေးကြီးတဲ့ ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍမှာ အားစိုက်ခဲ့လို့ပဲ...။"
"ငါတို့လုပ်ငန်းမှာလည်း အလားတူပဲ၊ အရေးအကြီးဆုံး အစိတ်အပိုင်းမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရမယ်၊ သူများ လက်အောက်ခံ မဖြစ်စေရဘူး...။ အခုဆိုရင် ငါတို့မှာ ပူစရာမရှိတော့ဘူး၊ နောက်ဆုံး တိုက်ကွက်ကို စလိုက်ကြရအောင်...။"
သုံးရက်အကြာတွင်...၊
"ဘာ... သူတို့မှာ ငွေတွေ အကုန်အကျခံနိုင်သေးတာလား...။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။"
"ခွမ်း... "
ဟိုတယ်အခန်းထဲတွင် ရှီစီသည် သူ၏ အမဲသားကင်နှင့် ဝိုင်နီများကို ဒေါသတကြီး ကြမ်းပြင်ပေါ်သို့ မှောက်ပစ်လိုက်ပြီး ဘေးရှိ လှပသော အမျိုးသမီးများကိုလည်း တွန်းဖယ်လိုက်လေသည်။
ဝတ်စုံပြည့် ဝတ်ဆင်ထားသော သက်တော်စောင့်နှင့် လက်ထောက်မှာမူ သူ့ရှေ့တွင် တုန်တုန်ရီရီဖြင့် ရပ်နေကြလေသည်။
"သခင်လေး... ကျွန်တော်တို့ အကောင့်ထဲမှာ ယွမ်နှစ်ရာပဲ ကျန်ပါတော့တယ်...။ ပြီးတော့ ဟယ်ရှန့် ကုမ္ပဏီက နေရာအနှံ့မှာ အခြေခံအဆောက်အအုံ စခန်းတွေ တည်ဆောက်ထားတယ်လို့ သိရပါ တယ်...။"
"အခု သူတို့က ငွေတစ်ယူနစ် သုံးရင် ကျွန်တော်တို့က နှစ်ယူနစ်လောက် သုံးနေရတာ...။ ဒီအတိုင်းသာ ဆက်သွားရင်တော့...။"
"ဝုန်း... "
ရှီစီသည် စားပွဲကို မှောက်လှန်ပစ်လိုက်ပြီး သူ၏ ဆံပင်များကို ထိုးဖွလျက်၊
"အဓိပ္ပာယ် မရှိလိုက်တာ...၊ အဲ့ဒီနေ့က သူ အစားအသောက် ပို့နေရတာကို ငါ အသေအချာ တွေ့ခဲ့တာပဲ လေ...။ သူက ဘယ်ကနေ ပိုက်ဆံတွေ ဒီလောက် ရလာတာလဲ...။"
"ဒါမှမဟုတ်... အဲ့ဒီနေ့က ငါ့ကို လှည့်စားဖို့အတွက် အစားအသောက် ပို့ချင်ယောင် ဆောင်ခဲ့တာလား...။ တောက်... သူက တကယ်ကို လျှို့ဝှက်ချက်တွေ များတဲ့သူပဲ...။"
ထိုနေ့ မွန်းလွဲပိုင်းတွင် ရှီစီသည် ဟယ်ရှန့်နှင့် လျန်ထျန်းကို ညစာစားရန် သီးသန့်ဖိတ်ကြားစာ တစ်စောင် ပေးပို့ခဲ့လေသည်။ ဟယ်ရှန့်က လျန်ထျန်းထံ ဖုန်းဆက်ကာ တိုင်ပင်လိုက်လေ၏။
"သူက ငါတို့ကို ညစာ ဖိတ်ကျွေးတယ်...။ ဒါက ထောင်ချောက် ဖြစ်မှာ သေချာတယ်...။ သူ့ကို လျစ်လျူရှု လိုက်ရင်ရော...။"
လျန်ထျန်းမှာမူ အစားအသောက် အမှာစာအချို့ ပို့ဆောင်ပြီးနောက် လမ်းဘေးတွင် ရေသောက်ရင်း အနားယူနေစဉ် ခေတ္တမျှ စဉ်းစားကာ ပြန်ပြောလိုက်လေသည်။
"ဟင့်အင်း... ဒီည ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်...။ သူ ဘာတွေ ကြံစည်ထားသေးလဲ ဆိုတာကို ကြည့်ရ တာပေါ့...။ အားလုံးကို အဆုံးသတ်ရမယ့် အချိန် ရောက်ပြီ...။"
ညနေခင်းတွင် လျန်ထျန်းနှင့် ဟယ်ရှန့်တို့သည် ပွဲသို့ အချိန်မီ ရောက်ရှိလာခဲ့ကြသည်။ ဟင်းပွဲများ အားလုံး မစုံသေးမီမှာပင် ရှီစီက လှောင်ပြောင်သော လေသံဖြင့် စတင်လိုက်လေသည်။
"မစ္စတာလျန်... ငါ တကယ်ပဲ မင်းကို အထင်သေးခဲ့မိတာပဲ...။ မင်းက တကယ့်ကို သရုပ်ဆောင်ကောင်း တစ်ယောက်ပဲ...။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အစားအသောက်တောင် လာပို့ပြသေးတယ်...။ ငါ့ကို လှည့်စားဖို့ ကြိုးစားခဲ့တာလား...။"
လျန်ထျန်းက ခေါင်းခါပြကာ ၊
"မဟုတ်ပါဘူး... မင်းဆီကို အစားအသောက် ပို့ခဲ့တာက တိုက်ဆိုင်မှုသက်သက်ပါ...။ မင်း အရမ်း တွေးမိ နေတာပါ...။"
လျန်ထျန်း၏ စကားကို ကြားသောအခါ ရှီစီက မယုံကြည်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီးနောက်၊
"မင်းရဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေက တော်တော်လေး ကောင်းပါတယ်...။ အမျှော်အမြင် ရှိပြီး ခေတ္တတော့ အသာစီးရသွားတာပေါ့...။"
"ဒါပေမဲ့ မင်း သိထားရမှာက ငါ့နောက်မှာ အက်စ်မြို့တော်က ရှီမိသားစုနဲ့ ထန်လုံအုပ်စု ရှိနေတာပဲ...။ အဲ့ဒီလိုမျိုးတွေ လုပ်ဖို့ ငါ့အတွက် ပိုက်ဆံသုံးရတာ မခက်ခဲဘူး...။"
"ငါ စဉ်းစားနေတာကတော့ ဒီအတိုင်း ငွေတွေ အလဟဿ အကုန်အကျခံနေရတာက တကယ်ကို ပင်ပန်းဖို့ ကောင်းတယ်...။ ဒါကြောင့် ငါ့ရဲ့ ထန်လုံအုပ်စုထဲကို မင်းတို့ကုမ္ပဏီ ပူးပေါင်းပြီး ငါ့အတွက် အလုပ်လုပ်ပေးဖို့ အခွင့်အရေး တစ်ခု ပေးချင်တယ်...၊ ဘယ်လိုလဲ...။"
လျန်ထျန်းက ထိုစကားကို ကြားသောအခါ အားရပါးရ ရယ်မောလိုက်ပြီး၊
"သခင်လေးရှီ... မင်း စိတ်များ ဖောက်ပြန်နေတာလား...။"
"အခု ငါတို့က အသာစီးရနေတာလေ...။ မကြာခင်မှာ နဂါးအရေခွံခြုံထားတဲ့ မင်းလို မြွေကောင်ကို ငါတို့ နှင်ထုတ်တော့မှာ...။"
"အကောင်သေးသေးလေးက ခေါင်းမှာ တုတ်တစ်ချောင်း တပ်ထားရုံနဲ့ ကိုယ့်ကိုယ်ကိုယ် နဂါးလို့ ထင်နေ တာလား...။"
ရှီစီမှာ ဒေါသအလိပ်လိပ် ထွက်ပေါ်လာကာ စားပွဲကို လက်သီးဖြင့် ထုပြီး ထရပ်လိုက်လေသည်။
"မင်း... ကောင်စုတ်လေး...။"
သို့သော် သူသည် ဒေါသကို တစ်ဝက်ခန့် ပြန်ထိန်းလိုက်ပြီး လေသံကို နှိမ့်ကာ၊
"ငါတို့ ထန်လုံအုပ်စုရဲ့ ဈေးကွက်တန်ဖိုးက သုံးသိန်းကျော် ရှိတယ်...။ လက်ရှိမှာ လုပ်ငန်းရဲ့ ထိပ်တန်း ခေါင်းဆောင်ပဲ...။"
"မင်းတို့လို မြို့ငယ်လေးက ကုမ္ပဏီသေးသေးလေးတွေက ဒီလောက်အထိ အော်ဟစ်နေကြတာဟာ ငါတို့ဆီကနေ ပိုက်ဆံ ပိုရချင်လို့ မဟုတ်ဘူးလား...။"
"အခု မင်းတို့ကို ပူးပေါင်းခွင့် ပေးနေတာဟာ နောင်ကျရင် ပိုမြင့်တဲ့ ဈေးနဲ့ ရောင်းနိုင်အောင်လို့ပဲ...။ ဒါက လူအများကြီး တောင်းဆိုနေရတဲ့ အခွင့်အရေးမျိုးပဲ...၊ မင်း သေချာ စဉ်းစားသင့်တယ်...။"
ရှီစီ စကားမဆုံးမီမှာပင် လျန်ထျန်းက အေးစက်သော အပြုံးဖြင့် ခေါင်းခါပြကာ ကြားဖြတ်ပြောလိုက် လေသည်။
"ဟေး... မစ္စတာရှီ...၊ မင်း အခြေအနေကို မှားယွင်းပြီး တွက်ချက်နေပုံပဲ...။"
"ငါတို့ လုပ်နေတဲ့ စီးပွားရေးဟာ နောက်ဆုံးမှာ ပြန်ရောင်းစားဖို့ မဟုတ်ဘူး...။ ငါတို့က ဒီလုပ်ငန်းမှာ ယူနီကွန်း တစ်ခု ဖြစ်လာဖို့အထိ ရည်မှန်းထားတာ...။"
ရှီစီသည် ခေတ္တမျှ ကြောင်အသွားပြီးနောက် ရယ်မောလိုက်ပြန်လေသည်။
"မင်း ဘာတွေ ပြောနေလဲဆိုတာ သိရဲ့လား...၊ ယူနီကွန်း ဖြစ်မယ် ဟုတ်လား...။"
"ငါ့ကို ရယ်အောင် မလုပ်စမ်းပါနဲ့...။ ဒီလုပ်ငန်းမှာ ယူနီကွန်း ဖြစ်ဖို့ ဘယ်လောက်အထိ အရင်းအနှီး လိုအပ်လဲဆိုတာ မင်း သိရဲ့လား...။"
"ငါတို့ ထန်လုံအုပ်စုက ဆယ်စုနှစ်များစွာ တည်ရှိခဲ့တဲ့ ရိုးရာလုပ်ငန်းကြီး ဖြစ်ပြီး အရင်းအနှီးတွေ အမြောက်အမြား ရှိတာတောင် ဒီလုပ်ငန်းထဲ ဝင်ရောက်နိုင်ဖို့ အသည်းအသန် ကြိုးစားနေရတာ...။"
"တကယ်တော့ လူတိုင်းက ဒီလိုပဲ တွေးကြတာပါ...။ စီးပွားရေးမှာ အန္တိမ ပန်းတိုင်က ဈေးကောင်းရတုန်း ရောင်းစားဖို့ပဲ...။ မိုမိုဘိုင်နဲ့ ဒါဒါတက္ကစီတွေလိုပေါ့...။"
"ရင်းနှီးမြှုပ်နှံမှု အဆင့်ဆင့်ကို ယူမယ်၊ ဈေးကွက်ကို သိမ်းပိုက်မယ်၊ ပြီးရင်တော့ လုပ်ငန်းရှင်ကြီး တစ်ယောက်ယောက်ဆီမှာ ပုံအောပြီး ရောင်းချလိုက်ဖို့ပဲ...။"
"အခု မင်းနဲ့ ငါက ပန်းကန်ထဲက အသားတွေကို လုနေကြတာ...။ မင်းရဲ့ ပန်းကန်အသေးလေးက အသား အများကြီး မဆံ့ပါဘူး၊ ဒါကြောင့် လောဘ သိပ်မကြီးစမ်းပါနဲ့...။"
"ပန်းကန်လေး ကွဲမသွားခင်မှာ မင်းရဲ့ အသားတွေကို ငါတို့ ပန်းကန်ကြီးထဲကို မြန်မြန် ထည့်လိုက်တာက ပိုကောင်းလိမ့်မယ်...။ ပန်းကန် ကွဲသွားရင်တော့ အသားတွေ ကြမ်းပြင်ပေါ် ဖိတ်စင်ကုန်ပြီး နောက်ဆုံး မှာ ဘာမှ ကျန်မှာ မဟုတ်တော့ဘူး...။"
စကားအဆုံးတွင် ရှီစီသည် ယုံကြည်ချက်ရှိဟန်ဖြင့် လျန်ထျန်းနှင့် ဟယ်ရှန့်တို့၏ အဖြေကို စောင့်ဆိုင်း နေခဲ့လေသည်။ သို့သော် လျန်ထျန်းက သူ လိုချင်သော အဖြေကို မပေးခဲ့ပေ။
"ဟင်း... မင်းက ဘာလို့ လူစကားကို နားမလည်တာလဲ...။"
"ငါ ပြောပြီးပြီပဲ၊ ငါတို့က မင်းတို့နဲ့ မတူဘူး...။ ငါတို့က ဒါကို တကယ့် အလုပ်အကိုင် တစ်ခုအနေနဲ့ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားပြီး လုပ်ချင်တာ...။"
"ဟယ်ရှန့်ရဲ့ ကုမ္ပဏီမှာ ငါ ရှိနေသရွေ့ တခြား ဘယ်ရင်းနှီးမြှုပ်နှံသူမှ မလိုအပ်ဘူး...။ ငါကိုယ်တိုင် အစားအသောက် လိုက်ပို့ပြီးတော့ သူမကို ဒီထက်မက ကြီးထွားလာအောင် ကူညီပေးသွားမှာ...။"
"ပြီးတော့ မင်းတို့ရဲ့ ထန်လုံအုပ်စုကလည်း ငါတို့ရဲ့ တိုးတက်မှု လမ်းကြောင်းပေါ်မှာ နောက်ဆုံးတော့ ပြိုလဲသွားရမှာပဲ...။"
လျန်ထျန်း၏ ခေါင်းမာမှုမှာ ရှီစီကို လုံးဝ ဒေါသထွက်သွားစေခဲ့ပေသည်။
"အစားအသောက် ပို့တာ...၊ အစားအသောက် ပို့တာ...၊ မင်းက ဘာ အစားအသောက်တွေ ဒီလောက် တောင်ပို့နေလို့လဲ...။"
"မင်းမှာ အင်အားကြီးတဲ့ အဆက်အသွယ်တွေ ရှိမယ်ဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့ ရှီမိသားစုရဲ့ အဆက် အသွယ်တွေက မင်းထက် ပိုပြီး အားကောင်းတာတော့ သေချာပါတယ်...။"
"မင်းက ဒီနေ့ အခွင့်အရေးကို ငြင်းပယ်မှတော့ မင်းကို ဒီတံခါးကနေ အကောင်းအတိုင်း ထွက်သွားခွင့် ပေးမှာ မဟုတ်ဘူး...။"
ထိုသို့ ပြောဆိုရင်း ရှီစီသည် သူ၏ လက်များကို တီးလိုက်ရာ ဝတ်စုံပြည့် ဝတ်ဆင်ထားသော သက်တော် စောင့်များမှာ အခန်းအတွင်းသို့ အလုံးအရင်းဖြင့် ပြေးဝင်လာခဲ့ကြလေတော့သည်...။
အခန်း (၈၄)
ကျွန်တော့်ရဲ့ အစားအသောက်ပို့ဆောင်ခတွေကို နှောင့်နှေးစေတယ်
ဝတ်စုံပြည့် ဝတ်ဆင်ထားသော လူများ စုပြုံပြေးဝင်လာသည်ကို မြင်သောအခါ ဟယ်ရှန့်သည် အနည်း ငယ် ထိတ်လန့်သွားပြီး လျန်ထျန်း၏ အနားသို့ တိုးကပ်သွားမိလေသည်။ လျန်ထျန်းမှာမူ တည်ငြိမ်လျက် ရှိပြီး ရှီစီကို အေးစက်စွာ စိုက်ကြည့်နေခဲ့လေ၏။
"သခင်လေးရှီ... ဒီနေရာက အယ်လ်မြို့တော်လေ၊ အက်စ်မြို့တော် မဟုတ်ဘူး...။ ဒီနည်းလမ်းကို သုံးဖို့ တကယ်ပဲ ဆုံးဖြတ်လိုက်တာလား...။"
ရှီစီ၏ မျက်လုံးများမှာလည်း ဒေါသကြောင့် ကျဉ်းမြောင်းသွားရလေသည်။
"မင်းက အစားအသောက်ပို့တဲ့ အလုပ်ကို အကြောင်းပြပြီး ငါ့ကို ခဏခဏ အရှက်ခွဲနေတာပဲ...။ အခု ဒီအခြေအနေကို မင်း ဘယ်လို ဖြေရှင်းမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်...။"
လျန်ထျန်းသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်လေသည်။
"ကျွန်တော် အစားအသောက် ပို့တယ်ဆိုတာက ခင်ဗျားကို အရှက်ခွဲဖို့ ပြောတာ မဟုတ်ပါဘူး...။ ထားပါ တော့လေ...၊ ပြောပြလည်း ခင်ဗျား ယုံမှာ မဟုတ်ပါဘူး...။"
ထို့နောက် သူသည် တည်ငြိမ်စွာပင် ဖုန်းကို ထုတ်ယူကာ နံပါတ်တစ်ခုသို့ ဆက်သွယ်လိုက်လေသည်။
"ဟယ်လို...၊ ရဲစခန်းကပါလား...။ ကျွန်တော့်ကို လူတစ်စုက အတင်းအဓမ္မ ဖမ်းဆီးထားလို့ပါ...၊ အခု ဟိုင်လန်ဟိုတယ် အခန်းအမှတ် (၈၈၈) မှာ ရောက်နေတာပါ...။ လူတစ်ယောက်လောက် အမြန်ဆုံး လွှတ်ပေးပါဦး...၊ ကျေးဇူးတင်ပါတယ်...။"
ထိုစကားကို ကြားသောအခါ ရှီစီသည် တစ်ဖန် ပေါက်ကွဲသွားခဲ့ပြန်လေတော့သည်။
"တောက်...၊ မင်းက စည်းကမ်းမရှိလိုက်တာ...။ တကယ်ကြီး ရဲတိုင်လိုက်တာလား...။"
လျန်ထျန်းက ပုခုံးတွန့်ပြကာ ဘာမှမဖြစ်သကဲ့သို့ ပြန်ပြောလိုက်လေသည်။
"ကျွန်တော်တို့က တရားဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်နေကြတာလေ...၊ငါ့မှာ အန္တရာယ် ရှိနေခဲ့ရင် ရဲတိုင်တာ ဘာပြဿနာ ရှိလို့လဲ...။"
ရှီစီက တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဉ် သူ၏ လက်ထောက်က အမြန်ပင် တားမြစ်လိုက်သည်။
"သခင်လေး... ဒီနေရာက ကျွန်တော်တို့ နယ်မြေ မဟုတ်ဘူးလေ...။ ပြီးတော့ ဒီဘက်မှာ ကျွန်တော်တို့ အဆက်အသွယ် သိပ်မရှိဘူး...။ ကိစ္စတွေ ပိုကြီးကုန်ရင် ဖြေရှင်းရ ခက်ပါလိမ့်မယ်...။ အခုပဲ အမြန် ပြန်ကြရအောင်ပါ...။"
ထို့ကြောင့် ရှီစီသည် သူ၏လက်ထောက် ဆွဲခေါ်ရာသို့ မကျေမနပ်ဖြင့် ပါသွားရပြီး သူ၏ လူများကိုပါ ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့လေတော့သည်။
ဟယ်ရှန့်သည် သက်ပြင်းအရှည်ကြီး ချလိုက်မိတော့သည်။ ထိုအခါမှ သူမသည် လျန်ထျန်း၏ လက်မောင်းကို တင်းကြပ်စွာ ဖက်ထားမိကြောင်း သတိထားမိသွားခဲ့လေ၏။
သူမ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားသော်လည်း လက်မောင်းကို ပြန်မလွှတ်ဘဲ ထိုသို့ပင် ဆက်၍ တွဲထားရင်း တိုးတိုးလေး မေးလိုက်လေသည်။
"စောစောက သူ တစ်ခုခု ရူးရူးမိုက်မိုက် လုပ်လိုက်မှာကို မကြောက်ဘူးလား...။"
လျန်ထျန်းက အလေးအနက်ထား၍ ပြန်ပြောလိုက်လေသည်။
"ကြောက်တာပေါ့... ဒါကြောင့်လည်း တကယ်ကြီး ရဲတိုင်လိုက်တာလေ...။ အကယ်၍ သူသာ ကျွန်တော် တို့ကို တစ်ခုခု လုပ်ခဲ့ရင် ဥပဒေနဲ့ အပြစ်ပေးရမှာပေါ့...။"
ထိုစကားကို ကြားသောအခါ ဟယ်ရှန့်သည် ခေတ္တမျှ မှင်တက်သွားပြီးမှ ပါးစပ်ကို ပိတ်ကာ ရယ်မော လိုက်လေတော့သည်။
ရဲများ ရောက်ရှိလာသောအခါ လျန်ထျန်းသည် ဖြစ်ပျက်ခဲ့သမျှကို အမှန်အတိုင်း ပြောပြကာ ထွက်ဆို ချက် ပေးခဲ့လေသည်။
ကိစ္စများ အားလုံး ပြီးစီးသွားသောအခါ ဟယ်ရှန့်သည် လျန်ထျန်းကို အခြား စားသောက်ဆိုင် တစ်ခုသို့ ခေါ်ဆောင်သွားခဲ့လေသည်။ စောစောက တင်းမာနေသော အခြေအနေကြောင့် သူမ ဘာမှ မစားရသေး ဘဲ ယခုမှ ဗိုက်ဆာလာခဲ့ခြင်း ဖြစ်လေသည်။
၎င်းတို့နှစ်ဦး အတူတူ စားသောက်နေစဉ် လျန်ထျန်းက ပြောလိုက်လေသည်။
"ဒီကိစ္စ ပြီးသွားပြီဆိုတော့ အယ်လ်မြို့တော်မှာရော ဒီလောကထဲမှာပါ ငါတို့ ခြေကုပ် ခိုင်ခိုင်မာမာ ရသွားပြီလို့ ပြောလို့ရတယ်...။"
"အဲ့ဒီ ရှီဆိုတဲ့ လူက ဒီနေ့ ငါတို့ကို လှည့်စားဖို့ ကြိုးစားတာ မအောင်မြင်ဘူးဆိုရင်တော့ သူ့မှာ တခြား နည်းလမ်း မရှိတော့ဘူးလို့ ပြောရမှာပဲ.... သူက အကြံကုန်ပြီး ဂယောင်ချောက်ခြား ဖြစ်နေတာမို့ ကြောက်စရာ မလိုတော့ပါဘူး...။"
"နောက်တစ်ဆင့်ကတော့ အပြင်ဘက်ကို နယ်မြေချဲ့ထွင်ဖို့ပဲ...။ ဒါပေမဲ့ အဲ့ဒီကိစ္စကိုတော့ ငါ သိပ်ပြီး နားမလည်တာမို့ မင်းကိုပဲ အားကိုးရမှာပဲ..."
"အတိုချုပ် ပြောရရင်တော့ ရင်းနှီးမြှုပ်နှံမှု အပိုင်းကို ငါ တာဝန်ယူမယ်၊ လုပ်ငန်းလည်ပတ်မှုကိုတော့ မင်း တာဝန်ယူပေါ့...၊ အဆင်ပြေရဲ့လား...။"
လျန်ထျန်းက စကားတွေ အများကြီး ပြောနေခဲ့သော်လည်း ဟယ်ရှန့်ထံမှ ဘာတုံ့ပြန်မှုမှ မရရှိခဲ့ပေ။
သူသည် ဇဝေဇဝါဖြင့် မော့ကြည့်လိုက်သောအခါ ဟယ်ရှန့်၏ လှပသော မျက်လုံးများက သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
ထိုသို့ အကြည့်ချင်း ဆုံလိုက်ရခြင်းက လျန်ထျန်းကို စောစောက စားလက်စ ခေါက်ဆွဲများကိုပင် ပြန်အန်ထွက်မတတ် ဖြစ်သွားစေခဲ့သည်။
သူသည် အမြန်ပင် လက်သုတ်ပုဝါဖြင့် ပါးစပ်ကို အုပ်ကာ ချောင်းအနည်းငယ် ဆိုးလိုက်ပြီးမှ ဟယ်ရှန့်ကို မေးလိုက်လေသည်။
"ဘာလို့ ငါ့ကို အဲ့ဒီလို ကြည့်နေတာလဲ...။"
ဟယ်ရှန့်သည် သူမ၏ မေးစေ့ကို လက်ဖြင့် ထောက်ထားပြီး ချယ်ရီသီးရောင် နှုတ်ခမ်းလွှာလေးကို ဖွင့်ဟကာ ပြောလိုက်လေသည်။
"တစ်ခါတလေကျရင် ရှင်က တကယ်ကို လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတာပဲ...၊ ခြေဆုံးခေါင်းဆုံး ပဟေဠိ တစ်ခုလိုပဲ...။"
"ဒါပေမဲ့ တစ်ခါတလေကျတော့လည်း ရှင့်အနားမှာ ရှိနေရတာ အရမ်းကို နီးစပ်သလို ခံစားရပြီး ဘေးကင်းလုံခြုံတယ်လို့ ခံစားရတယ်...။"
"တစ်ခါတလေကျရင် ရှင်က တကယ်ကို လူကောင်း တစ်ယောက်လို့တောင် ထင်မိ...။"
လေထုက ပို၍ ရိုမန်တစ် ဆန်လာတော့မည့် အခြေအနေကို လျန်ထျန်းက ချက်ချင်းပင် ဖြတ်တောက် လိုက်လေသည်။
"နေဦး... နေဦး...၊ ဟယ်ရှန့်... ငါတို့က သူငယ်ချင်းတွေနဲ့ စီးပွားဖက်တွေပဲလေ...။"
"ငါက မင်းရဲ့ ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံတယ်၊ မင်းက ကုမ္ပဏီကို ကောင်းကောင်း လည်ပတ်ပြီး ငါ့အတွက် ပိုက်ဆံရှာပေးတယ်...။ ဒါက ငါတို့ရဲ့ ဆက်ဆံရေးပဲ...။"
"ဒါကြောင့် တချို့အရာတွေကို အထင်မမှားစေချင်ဘူး...၊ ဟုတ်ပြီလား...။"
မကြာသေးမီက လျန်ထျန်းသည် ဟယ်ရှန့်နှင့် အဆက်အသွယ် အလွန်များနေသည်ဟု ခံစားနေရသည်။
ပထမပိုင်းတွင် ဤသည်မှာ အခြေအနေအရ မတတ်သာ၍ လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု သူ တွေးခဲ့ သော်လည်း ဟယ်ရှန့်က ယခုကဲ့သို့ စကားမျိုး ပြောလာသောအခါ လျန်ထျန်းသည် တစ်ခုခု မှားယွင်း နေပြီဟု ရိပ်မိသွားသဖြင့် အမြန်ပင် တားဆီးလိုက်ခြင်း ဖြစ်လေသည်။
သူသည် ဝမ်ရှောင်ရို့အပေါ် သစ္စာမပျက်ချင်သကဲ့သို့ နောင်တွင် ဟယ်ရှန့်နှင့် ဆက်ဆံရေး အနေခက် သွားမည်ကိုလည်း မလိုလားပေ။
ထို့ကြောင့် ပြတ်ပြတ်သားသား ပြောဆိုလိုက်သော်လည်း လောလောဆယ်တွင် လေထုက အနည်းငယ် အနေခက်သွားခဲ့ရလေသည်။
ကံကောင်းထောက်မစွာဖြင့် ဟယ်ရှန့်သည် ထက်မြက်သော အမျိုးသမီး တစ်ဦးပင် ဖြစ်ပေသည်။ သူမ သည် ခေတ္တမျှ ဝမ်းနည်းသွားသော်လည်း မျက်နှာပေးကို ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ပြင်လိုက်ကာ ပြုံး၍ ပြောလိုက်လေသည်။
"ရပါတယ်... ကျွန်မ နားလည်ပါတယ်...။ စားကြရအောင်...၊ စားပြီးရင်တော့ ကျွန်မကို အိမ်ပြန်ပို့ပေး ရမယ်နော်...။"
လျန်ထျန်းက အမြန်ပင် ခေါင်းညိတ်လိုက်လေသည်။
"ဒါပေါ့... ပြဿနာ မရှိပါဘူး...။ ငါတို့က ရပ်ကွက်တစ်ခုတည်းမှာ နေတာပဲလေ၊ လမ်းကြုံတာပေါ့...။"
သူသည် မိခင်ဖြစ်သူ နေထိုင်ရန် ဆန်လန်ဖီနို တွင် ဗီလာတစ်လုံး ဝယ်ထားခဲ့သော်လည်း လျန်ထျန်း ကိုယ်တိုင်မှာမူ ထိုရပ်ကွက်အတွင်းရှိ တိုက်ခန်းတစ်ခုတွင်သာ နေထိုင်ခဲ့လေသည်။ သူသည် နေ့တိုင်း အစားအသောက် ပို့ဆောင်နေဆဲ ဖြစ်သဖြင့် သူ၏ မိခင်ကို မမြင်စေချင်သောကြောင့် ဖြစ်လေသည်။
ထို့အပြင် သူ၏ အဒေါ်၊ ဝမ်းကွဲညီအစ်ကိုနှင့် အဖိုးတို့ပါ ဗီလာတွင် ရှိနေသဖြင့် မိခင်ဖြစ်သူမှာ တစ်ဦး တည်း ပျင်းနေစရာ မလိုပေ။ သူက အလုပ်များနေသည်ဟုသာ အကြောင်းပြထားသဖြင့် မိသားစုဝင် များကလည်း အထွေအထူး မစဉ်းစားခဲ့ကြပေ။
ထိုအချိန်မှစ၍ ဟယ်ရှန့်သည် လျန်ထျန်းနှင့် အဆက်အသွယ် လျော့နည်းသွားပြီး ကုမ္ပဏီလုပ်ငန်းများ အပေါ်တွင်သာ အာရုံစိုက်ကာ အရာရာကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနေတော့သည်။
လျန်ထျန်းမှာမူ သူ၏ အလုပ်များလှသော အစားအသောက်ပို့ဆောင်သည့် ဘဝထဲသို့ ပြန်လည် ရောက်ရှိ သွားပြီး သူ ရရှိသမျှ ပိုက်ဆံများကို ရင်းနှီးမြှုပ်နှံမှု လိုအပ်နေသော ကုမ္ပဏီအသီးသီးတွင် ထည့်ဝင်နေခဲ့ လေသည်။
သာမန် အစားအသောက် ပို့ဆောင်သူ တစ်ဦးသည် အယ်လ်မြို့တော်ရှိ ကုမ္ပဏီကြီး အများအပြား၏ အဓိက ရှယ်ယာရှင်ကြီး တစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
ထို့အပြင် သူ အစားအသောက် ပို့ရာမှ ရရှိသော ပိုက်ဆံများသည် ထိုကုမ္ပဏီများ တိုးတက်လာစေရန် တွန်းအားပေးနေသည့် ရင်းမြစ်များ ဖြစ်လာခဲ့သည်။ သူသည် အယ်လ်မြို့တော် စီးပွားရေးလောက၏ တစ်ဝက်ခန့်ကို တစ်ဦးတည်း လက်တစ်ဖက်ဖြင့် ထောက်ပံ့ပေးထားသည်ဟုပင် ဆိုနိုင်သည်။
တစ်နေ့တွင် အစားအသောက် ပို့နေစဉ် လျန်ထျန်းထံသို့ ဖုန်းတစ်ကော ဝင်လာခဲ့သည်။ သူ မကြာသေးမီ က ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီတစ်ခုမှ ဖြစ်ပြီး ရှယ်ယာရှင်များ အစည်းအဝေးသို့ တက်ရောက်ပေး ရန် ဖိတ်ကြားခြင်း ဖြစ်လေသည်။
လျန်ထျန်းသည် ကျန်ရှိနေသော အမှာစာ အနည်းငယ်ကို ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက် လေသည်။
"ဒီလို အစည်းအဝေးမျိုးဆိုရင် ခင်ဗျားတို့ ဘာသာပဲ ဆုံးဖြတ်လို့ ရပါတယ်လို့ ကျွန်တော် ပြောထားသား ပဲ...။"
"အစည်းအဝေး မတက်ဘဲ နေလို့ရမယ်ဆိုရင် ကျွန်တော့်ကို မဆက်သွယ်ပါနဲ့...။ ကျွန်တော့်အတွက် တစ်မိနစ်တိုင်းက ပိုက်ဆံတွေ အများကြီး ဆုံးရှုံးနေရတာနဲ့ အတူတူပဲ...။"
ဖုန်းအခြားတစ်ဖက်မှ အမျိုးသမီးအတွင်းရေးမှူး၏ ချိုသာသော အသံလေးမှာ အားနာဟန်ဖြင့် ထွက်ပေါ်လာခဲ့သည်။
"မစ္စတာလျန်...၊ ဒီရှယ်ယာရှင်များ အစည်းအဝေးက ဥက္ကဋ္ဌဝမ်ရဲ့ တိုက်ရိုက် အမိန့်နဲ့ ခေါ်ယူထားတာ ပါ...။"
"လူကြီးမင်းက အခု ကျွန်မတို့ ကုမ္ပဏီရဲ့ ဒုတိယ အကြီးဆုံး ရှယ်ယာရှင် ဖြစ်နေတာမို့ လူကြီးမင်း မလာ ရင် မစ္စတာဝမ်က အစည်းအဝေး စလို့ မရဘူးလို့ ပြောနေလို့ပါ...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်း သက်ပြင်းချလိုက်မိလေသည်။
"ကောင်းပြီ... ကောင်းပြီ...၊ ခဏလောက်တော့ စောင့်ရမယ်...။ ကျွန်တော် အမှာစာ အနည်းငယ်...၊ ကိစ္စလေး အနည်းငယ် ပြီးအောင် လုပ်ရဦးမှာမို့လို့ပါ...။"
အတွင်းရေးမှူးမလေးက ဝမ်းသာအားရဖြင့် ပြောလိုက်လေသည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ...။ မစ္စတာလျန်သာ လာနိုင်မယ်ဆိုရင် ဘယ်လောက်ပဲ စောင့်ရ စောင့်ရ စောင့်နိုင် ပါတယ်လို့ မစ္စတာဝမ်က ပြောထားပါတယ်...။"
ဖုန်းချပြီးနောက် လျန်ထျန်းသည် မိမိဘာသာ ပြုံးလိုက်မိလေသည်။
"မစ္စတာဝမ်ဆိုတာ အစ်ကိုလုရဲ့ မိတ်ဆက်ပေးမှုနဲ့ သိခဲ့တာပဲ...။ မသိလိုက်မသိဘာသာနဲ့ပဲ အယ်လ်မြို့ တော်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ပိုင်တဲ့ ကုမ္ပဏီမှာ ဒုတိယ အကြီးဆုံး ရှယ်ယာရှင် ဖြစ်သွားရတယ်...။"
"အယ်လ်မြို့တော်ရဲ့ အချမ်းသာဆုံးဖြစ်တဲ့ မစ္စတာဝမ်ဆိုတာ အရင်က သတင်းတွေထဲမှာပဲ မြင်ဖူးတာ...။ အခုတော့ အဲ့ဒီလို လူမျိုးက ငါ့ကို အစည်းအဝေး တက်ဖို့ စောင့်နေရတယ်ပေါ့...။"
"အဓိကက ငါက မသွားချင်တာပဲ...။ ဟားဟား... ငါ တကယ်ပဲ ဘဝင်မြင့်နေပြီလား...။ မဟုတ်ပါဘူး... သူက ငါ့ရဲ့ အစားအသောက်ပို့တဲ့ ဝင်ငွေကို နှောင့်နှေးအောင် လုပ်နေတယ်လို့ပဲ ခံစားနေရတာ...။"