အခန်း (၈၅-၈၆)
Vol. 9 Ch. 85-86
အခန်း (၈၅)
တာဝန်ကို အခွင့်အာဏာဟု အထင်မှားခြင်း
လျန်ထျန်းသည် မိမိဘာသာ ပြုံးလိုက်ပြီးနောက် ကျန်ရှိနေသော အမှာစာများကို အမြန်ဆုံး ပို့ဆောင် လိုက်လေသည်။ ထို့နောက် အချိန်ကို ကြည့်လိုက်သောအခါ ကားနှင့် အဝတ်အစားလဲရန် အိမ်ပြန်ဖို့ အချိန်မမီတော့သည်ကို တွေ့လိုက်ရလေသည်။
ထို့ကြောင့် သူသည် အစားအသောက် ပို့ဆောင်သည့် ဝတ်စုံကိုပင် ဝတ်ဆင်ထားပြီး သူ၏ လျှပ်စစ် စကူတာလေးကို စီးကာ မြို့လယ်ရှိ အမြင့်ဆုံး အဆောက်အဦးဆီသို့ ဦးတည်ထွက်ခွာလာခဲ့လေသည်။
သူ၏ စိတ်ထဲတွင်လည်း တွေးနေမိသည်မှာ၊
*ဥက္ကဋ္ဌဝမ်က ငါ့ကို အခုလို ပုံစံနဲ့ မြင်ပြီး နောက်တစ်ခါ အစည်းအဝေး မခေါ်တော့ရင် ကောင်းမှာပဲ...။*
*ဒီလို အစည်းအဝေး တက်မယ့် အချိန်မှာ အမှာစာ လေးငါးခုလောက် ပိုပို့လိုက်ရင် နောက်ထပ် ဆယ်ဂဏန်းလောက် ပိုရဦးမှာ မဟုတ်ဘူးလား... ။*
ဤသို့ဖြင့် လျန်ထျန်းသည် မြို့လယ်ရှိ အမြင့်ဆုံး အဆောက်အဦးကြီးဆီသို့ ရောက်ရှိလာခဲ့လေသည်။ ဤအဆောက်အဦး တစ်ခုလုံးမှာ မြို့တော်၏ အချမ်းသာဆုံးပုဂ္ဂိုလ်ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်ပြီး ဝင်ပေါက်ရှိ လုံခြုံရေးဝန်ထမ်းများပင်လျှင် အခြားသူများထက် ပို၍ ခန့်ညားထည်ဝါနေကြလေသည်။
အမှန်စင်စစ် ဤကဲ့သို့ ကုမ္ပဏီကြီးတွင် လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်ရရန်ပင် လူအများအပြားက အလုအယက် ကြိုးပမ်းကြရသည် မဟုတ်ပါလား။
လျန်ထျန်းသည် သူ၏ လျှပ်စစ်စကူတာကို သတ်မှတ်ထားသော နေရာ၌ ရပ်နားကာ အဆောက်အဦး အတွင်းသို့ ဝင်ရန် လျှောက်လာခဲ့လေသည်။
သို့သော် သူသည် တံခါးဝသို့ပင် မရောက်သေးမီမှာပင် လုံခြုံရေးဝန်ထမ်း နှစ်ဦးက သူ့ကို တားဆီး လိုက်ပြီး တစ်ဦးက ခပ်အေးအေး လေသံဖြင့် ပြောလိုက်လေသည်။
"ဟေ့... အစားအသောက် ပို့တဲ့ကောင်...။ အဲ့ဒီမှာ ရပ်လိုက်...။ ဒီနေရာက ပြင်ပလူတွေ ဝင်ခွင့်မရှိဘူး...၊ အခုချက်ချင်း ထွက်သွားစမ်း...။"
ယင်ကောင်တစ်ကောင်ကို မောင်းထုတ်နေသကဲ့သို့ ပြုမူနေသော လုံခြုံရေးဝန်ထမ်းကို ကြည့်ကာ လျန်ထျန်း မျက်မှောင်ကြုတ်သွားခဲ့သော်လည်း ဒေါသကို ထိန်းထားလိုက်လေသည်။
"အစားအသောက် ပို့တဲ့သူတွေကို အတွင်းထဲ ပေးမဝင်ဘူးဆိုရင်လည်း ပစ္စည်းထားခဲ့ရမယ့် နေရာတော့ ရှိရမှာပေါ့...။ ဒါမှမဟုတ် ကျွန်တော် ဖုန်းဆက်ပြီး တံခါးဝမှာ စောင့်နေပေးမယ်လေ...။"
ထိုစကားကို ကြားသောအခါ အခြား လုံခြုံရေးဝန်ထမ်း တစ်ဦးက စိတ်မရှည်စွာဖြင့်၊
"သွားဆိုရင် သွားလိုက်စမ်းပါ...။ စကားတွေ များမနေနဲ့...၊ ပစ္စည်းထားရမယ့် နေရာဆိုတာ ငါတို့ဆီမှာ မရှိဘူး...။"
"မင်းလို အစားအသောက် ပို့တဲ့ကောင်တွေကို ပြောပြလိုက်မယ်...။ ဒီနေ့ ငါတို့ ကုမ္ပဏီမှာ အရေးကြီးတဲ့ အစည်းအဝေး ရှိတယ်၊ ခဏနေရင် လူကြီးလူကောင်းတွေ အများကြီး လာကြတော့မှာ...။"
"မင်းက တံခါးဝမှာ ပိတ်ရပ်နေလို့ အဲ့ဒီလူကြီးတွေကို စိတ်အနှောင့်အယှက် ဖြစ်စေရင် ငါတို့ ညီအစ်ကို တွေ အပြစ်ပေးခံရလိမ့်မယ်...။ အဲ့ဒီကျရင် မင်း ဘာဖြစ်သွားမလဲဆိုတာ စောင့်ကြည့်လိုက်...။"
ယခုမူ လျန်ထျန်းသည် ဒေါသ ထွက်လာရပြီး လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
"ခင်ဗျားတို့က လုံခြုံရေးဝန်ထမ်းတွေ အနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း အမိန့်ကို နာခံပြီး စနစ်တကျ လုပ်ဆောင်နေတာကို ကျွန်တော် လေးစားပါတယ်...။"
"ဒါပေမဲ့ ကျွန်တော်ကလည်း ခင်ဗျားတို့လိုပဲ အလုပ်လုပ်ဖို့ လာတဲ့သူပဲလေ...။ ဘာလို့ ကျွန်တော် တို့အပေါ်မှာ အနည်းဆုံး လေးစားမှုလေးတောင် မရှိရတာလဲ...။"
လုံခြုံရေးဝန်ထမ်း နှစ်ဦးမှာ လှောင်ပြုံး ပြုံးလိုက်ကြလေသည်။
"ငါတို့က ငါတို့အလုပ် ငါတို့ ကောင်းကောင်း လုပ်ဖို့ပဲ လိုတယ်...။ မင်းတို့ အစားအသောက် ပို့တာတွေနဲ့ ငါတို့က ဘာဆိုင်လို့လဲ...။"
"ဟုတ်တယ်... ဒါက ဒီက စည်းကမ်းပဲ...။ ပြင်ပလူတွေ ဝင်ခွင့်မရှိဘူး၊ အထူးသဖြင့် မင်းတို့လို အစားအသောက် ပို့တဲ့လူတွေပေါ့...။"
"ဘာလဲ... အခုထိ ရပ်နေတုန်းလား...၊ လူစကား မနားလည်ဘူးလား...။ အခုချက်ချင်း ငါတို့နဲ့ ဝေးဝေးကို ထွက်သွားစမ်း...။"
ထိုအချိန်တွင် အခြား အစားအသောက် ပို့ဆောင်သူ တစ်ဦး ရောက်ရှိလာပြီး လုံခြုံရေးဝန်ထမ်း နှစ်ဦးကို ချက်ချင်းပင် စီးကရက် ကမ်းပေးလိုက်လေသည်။
လုံခြုံရေးဝန်ထမ်း နှစ်ဦးမှာ ၎င်းသည် သူတို့ ရသင့်ရထိုက်သော အခွင့်အရေး တစ်ခုကဲ့သို့ စီးကရက်ကို ယူ၍ သောက်လိုက်ကြလေသည်။ သို့သော် တစ်ချက်မျှ ရှိုက်လိုက်ပြီးနောက် တစ်ဦးက ချောင်းဆိုးကာ စီးကရက်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်လေတော့သည်။
"ဒါက ဘာတွေလဲ...၊ အမှိုက်တွေ...။ နောက်တစ်ယောက်ကလည်း စည်းကမ်း မသိပြန်ဘူး...။ ဒီကို လာရင် ဘယ်လို စီးကရက်မျိုး ယူလာရမယ်ဆိုတာ မသိဘူးလား...၊ ထွက်သွားစမ်း...။"
ထိုအစားအသောက် ပို့ဆောင်သူမှာ ချက်ချင်းပင် တုန်လှုပ်သွားပြီး စီးကရက် တစ်ဗူးလုံးကို ထုတ်ကာ လုံခြုံရေးဝန်ထမ်း၏ လက်ထဲသို့ ထည့်ပေးလိုက်ရင်း နှိမ့်ချစွာဖြင့် ပြောလိုက်လေသည်။
"အစ်ကိုတို့ရယ်...၊ ဒီနေ့ ကျွန်တော် အော်ဒါတွေ အရမ်းများနေလို့ ဟွာကျီ စီးကရက်ကို မပြင်ဆင်လိုက် နိုင်လို့ပါ...။ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါဦးခင်ဗျာ...။ အချိန်ကျော်သွားရင် ကျွန်တော် ရက်ပေါင်းများ စွာ အလကား လုပ်ရသလို ဖြစ်သွားမှာမို့လို့ပါ...။"
လုံခြုံရေးဝန်ထမ်းက သူ၏ လက်ထဲရှိ စီးကရက်ဗူးကို တစ်ချက်ကြည့်ကာ အိတ်ကပ်ထဲသို့ တိတ် တဆိတ် ထည့်လိုက်ပြီးနောက် ယင်ကောင်ကို မောင်းထုတ်သကဲ့သို့ လက်ခါပြလိုက်လေသည်။
"သွား... သွား... ဝင်သွားတော့...။ ဒါပေမဲ့ နောက်တစ်ခါကျရင် ဟွာကျီ ယူလာဖို့ မမေ့နဲ့ဦး...။ မဟုတ် ရင်တော့ အဲ့ဒီကောင်လို တံခါးဝမှာပဲ နေရလိမ့်မယ်...။"
ထိုလူမှာ အတွင်းသို့ ဝင်ခွင့်ရသွားသော်လည်း လုံခြုံရေးဝန်ထမ်း နှစ်ဦးက လျန်ထျန်းကိုမူ တံခါးဝတွင် ပိတ်ထားဆဲ ဖြစ်ပြီး လှောင်ပြောင်သော အကြည့်များဖြင့် ကြည့်နေကြလေသည်။
ယခင်ကဆိုလျှင် လျန်ထျန်းသည်လည်း ထိုလူကဲ့သို့ပင် မိမိကိုယ်ကိုယ် နှိမ့်ချကာ အလျော့ပေးခဲ့ပေ လိမ့်မည်။ အခြားနည်းလမ်း မရှိပေ၊ အသက်မွေးဝမ်းကြောင်း အတွက်ကြောင့်သာ ဖြစ်ချေသည်။
သို့သော် ယနေ့တွင် လျန်ထျန်း ဤနေရာသို့ လာခြင်းမှာ အစားအသောက် ပို့ရန် မဟုတ်ပေ။
သူ၏ အသံမှာ ပို၍ လေးနက်လာကာ၊
"ကြည့်ရတာ ဒီမှာ အစားအသောက် ပို့တဲ့သူတွေကို ပေးမဝင်ရဘူးဆိုတဲ့ စည်းကမ်း အစစ်အမှန် ရှိနေတာ မဟုတ်ဘဲ ခင်ဗျားတို့က ကိုယ့်တာဝန်ကို အခွင့်အာဏာလို့ အထင်မှားနေကြတာပဲ...။"
လုံခြုံရေးဝန်ထမ်း တစ်ဦးက အော်ဟစ် ရယ်မောလိုက်လေသည်။
"ဟေ့ကောင်... မင်း သိလား ဒီနေရာက ဘယ်သူ့နေရာလဲဆိုတာ...။ ဒါက အယ်လ်မြို့တော်ရဲ့ အချမ်းသာ ဆုံးပုဂ္ဂိုလ်ပိုင်တဲ့ ကုမ္ပဏီပဲ...။ ငါတို့က အဆက်အသွယ် ရှိလို့သာ ဒီမှာ လုံခြုံရေး လာလုပ်လို့ ရတာ...။"
အခြား တစ်ဦးကလည်း ဂုဏ်ယူဝင့်ကြွားစွာဖြင့်၊
"ဟုတ်တယ်... ဒါကြောင့် ငါတို့ ပြောတာက စည်းကမ်းပဲ...။ မင်း ငါတို့ စည်းကမ်းကို မလိုက်နာရင်တော့ ကောင်းကောင်းမွန်မွန် နေရဖို့ မမျှော်လင့်နဲ့...။"
ထိုစကားများက လျန်ထျန်းကို အကြီးအကျယ် ဒေါသ ထွက်သွားစေသဖြင့် သူက ပြတ်သားစွာ ပြန် ပြောလိုက်လေသည်။
"ငါ့ကို မင်းတို့ရဲ့ ဥက္ကဋ္ဌဝမ် ကိုယ်တိုင် အစည်းအဝေး တက်ဖို့ ဖိတ်ထားတာ...။ ငါ့ကို ပေးမဝင်ရင် ဒီနေ့ အစည်းအဝေးက ရှေ့ဆက်လို့ ရမှာ မဟုတ်ဘူး...။"
လုံခြုံရေးဝန်ထမ်း နှစ်ဦးမှာ ထပ်မံ ရယ်မောကြပြန်လေသည်။
"မင်းက အစားအသောက် ပို့ရတာ များပြီး ရူးသွားပြီလား...။ ဘယ်လို အဓိပ္ပာယ်မရှိတဲ့ ဆင်ခြေတွေ ပေးနေတာလဲ...။"
"ဟုတ်ပ... ဒီနေ့က အရေးကြီးတဲ့ အစည်းအဝေး ရှိတာ၊ လာတဲ့သူတွေ အကုန်လုံးက ကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေချည်းပဲ...။ မင်းလို အစားအသောက် ပို့တဲ့ကောင်က အစည်းအဝေး တက်မယ် ဟုတ်လား...။ ရယ်စရာကြီးပါလား... ဟားဟားဟား...။"
လျန်ထျန်းက အေးစက်သော အသံဖြင့် ဆက်ပြောလိုက်လေသည်။
"မင်းတို့လို လုံခြုံရေး ဝန်ထမ်းတွေက ဒီကုမ္ပဏီကြီးကို ကိုယ်ပိုင်သလိုမျိုး ဒီလောက်အထိ မောက်မာ နေလိမ့်မယ်လို့ ငါ တကယ် မထင်ထားဘူး...။"
"ဒီနေ့ အစည်းအဝေးမှာတော့ ဒီအကြောင်းကို သေချာ တင်ပြရတော့မယ်...။ မင်းတို့လို လူစားမျိုး တွေက ကင်ဆာဆဲလ်တွေပဲ၊ လုံခြုံရေး ဝန်ထမ်း လုပ်ဖို့တောင်မတန်ဘူး...။"
လုံခြုံရေးဝန်ထမ်း နှစ်ဦးမှာ ချက်ချင်းပင် ဒေါသ ထွက်သွားကြလေသည်။
"ဟေ့ကောင်... မင်းက တကယ်ကို ဘဝင်မြင့်နေတာပဲ...။ သရုပ်ဆောင် တကယ် ကောင်းတာပဲ...၊ မင်းသာ ဒီနေ့ အစည်းအဝေး တက်မယ့် ရှယ်ယာရှင်ဆိုရင် ငါက ကုမ္ပဏီ ဥက္ကဋ္ဌ ဖြစ်နေမှာပေါ့...။"
"မင်းရဲ့ လှည့်ကွက်တွေ ဒီမှာ လာမသုံးနဲ့...။ ဒီနေ့ မင်းရဲ့ အော်ဒါကို ပို့ခွင့်မပေးဘူး...။ မင်း ဘယ်လောက် ပူလောင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်...၊ မင်းလို နံစော်နေတဲ့ အစားအသောက် ပို့တဲ့ကောင် က...။"
လုံခြုံရေးဝန်ထမ်း နှစ်ဦးက ဆဲဆိုနေစဉ်မှာပင် တံခါးဝသို့ ကူလီနန် ကားတစ်စီး ဆိုက်ရောက်လာပြီး ဝတ်စုံပြည့် ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသား တစ်ဦး ဆင်းလာခဲ့လေသည်။
ထိုလူကို မြင်သောအခါ လုံခြုံရေးဝန်ထမ်း နှစ်ဦးမှာ မျက်နှာပေး ချက်ချင်း ပြောင်းလဲသွားကြလေသည်။ ထို့နောက် လျန်ထျန်းကို ဆွဲကိုင်ကာ တစ်ခုခု ပြောရန် ပြင်လိုက်ကြလေသည်။
"မင်းလို အစားအသောက် ပို့တဲ့ကောင်က ငါတို့ ကုမ္ပဏီမှာ ဘာလို့ ပြဿနာ လာရှာနေတာလဲ...။ မင်း သေချင်နေပြီ ထင်တယ်..."
"ဟုတ်တယ်... မင်းက ငါတို့ ဒုဥက္ကဋ္ဌ ဆန်းရဲ့ လမ်းကို ပိတ်နေတာပဲ...။ မင်းကို ရိုက်သတ်လိုက်ရင်တောင် တန်တယ်...။ ငါတို့ မင်းကို ဘယ်လို ပညာပေးမလဲဆိုတာ စောင့်ကြည့် လိုက်...။"
သို့သော် ဒုဥက္ကဋ္ဌ ဆန်းသည် လျန်ထျန်းကို လုံခြုံရေးဝန်ထမ်း နှစ်ဦးက ဆွဲကိုင်ထား သည်ကို မြင်သောအခါ ပထမတော့ သိပ်သတိမထားမိခဲ့ပေ။
သို့သော် ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် သူသည် လျန်ထျန်းကို အမြန်ပင် လှည့်ကြည့်လိုက်ရာ သူ၏ အကြည့်များမှာ အံ့အားသင့်မှုကြောင့် မှင်တက်သွားခဲ့ရလေသည်။
လုံခြုံရေးဝန်ထမ်း နှစ်ဦးက လျန်ထျန်းကို ဆွဲခေါ်သွားရန် ပြင်လိုက်စဉ်မှာပင်၊
"ရပ်လိုက်စမ်း...။"
ဒုဥက္ကဋ္ဌ ဆန်းသည် နဖူးတွင် ချွေးစေးများ ထွက်လာသည်အထိ လျင်မြန်စွာ ပြေးလာခဲ့လေသည်။
အခြေအနေကို မသိသော လုံခြုံရေးဝန်ထမ်း နှစ်ဦးမှာမူ ဒုဥက္ကဋ္ဌ ဆန်း ရောက်လာ သည်ကို မြင်သောအခါ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဖားယားသော အပြုံးများဖြင့် ပြောလိုက် လေသည်။
"ဒုဥက္ကဋ္ဌ ဆန်း... ဒါက ကိစ္စအသေးအဖွဲလေးပါ၊ ကျွန်တော်တို့ ကိုင်တွယ်နိုင်ပါ တယ်...။ အစည်းအဝေးကိုပဲ သွားလိုက်ပါ...။"
"ဟုတ်ပါတယ်... အစားအသောက် ပို့တဲ့ကောင် တစ်ယောက်က လာပြီး ပြဿနာ ရှာနေလို့ပါ...။ ကျွန်တော်တို့ သူ့ကို ပညာပေးလိုက်ပါ့မယ်၊ လူကြီးမင်းကို အနှောင့်အယှက် မဖြစ်စေရပါဘူး...။"
သို့သော် လုံခြုံရေးဝန်ထမ်းများ စကားမဆုံးမီမှာပင် ဒုဥက္ကဋ္ဌ ဆန်း၏ မျက်နှာမှာ အလွန်ပင် မည်းမှောင်နေခဲ့ပြီ ဖြစ်ပေသည်။
" ဖျန်း... ဖျန်း.. *
သူသည် လုံခြုံရေးဝန်ထမ်း နှစ်ဦးစလုံး၏ ပါးကို နှစ်ချက်စီ ရိုက်လိုက်ရာ သူတို့မှာ မှင်တက်သွားကြ လေတော့သည်။
လျန်ထျန်းက ဒုဥက္ကဋ္ဌ ဆန်းကို ကြည့်ကာ တည်ငြိမ်စွာပင် ပြောလိုက်လေသည်။
"ဒုဥက္ကဋ္ဌ ဆန်းက ကျွန်တော့်ကို အခုထိ မှတ်မိသေးသားပဲ...။"
အခန်း (၈၆)
ဖခင်ဖြစ်သူ၏ သတင်း
ဒုဥက္ကဋ္ဌ ဆန်းသည် လျန်ထျန်း၏ ရှေ့တွင် နဖူးမှ ချွေးစေးများကို သုတ်ကာ ခါးညွတ်၍ ရိုသေစွာ နှုတ်ဆက်လိုက်လေသည်။
"လွန်ခဲ့တဲ့ အချိန်တုန်းက မစ္စတာဝမ်နဲ့ အတူရှိနေစဉ် မစ္စတာလျန်းနဲ့ တွေ့ဆုံခွင့် ရခဲ့တာကို ကျွန်တော် တကယ် မမေ့သေးပါဘူး...။ ဒါပေမဲ့ မစ္စတာလျန်းက ဘာလို့ ဒီလို ဝတ်စားထားရတာလဲခင်ဗျာ...။"
လျန်ထျန်းသည် သူ၏ အစားအသောက် ပို့ဆောင်ရေး ဝတ်စုံကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာပင် ပြောလိုက်လေသည်။
"ဘာလဲ... ကျွန်တော်က ဒီလိုဝတ်ထားလို့ ခင်ဗျားတို့ ကုမ္ပဏီကို အရှက်ရစေတယ်လို့ ထင်နေတာလား... ။ ဒါဆိုရင်လည်း ကျွန်တော့်ကို ရှယ်ယာရှင် အစည်းအဝေးတွေ မခေါ်ပါနဲ့တော့...။ ကျွန်တော် ရင်းနှီး မြှုပ်နှံထားတဲ့ ပိုက်ဆံတွေကိုသာ အကုန် ပြန်ပေးလိုက်ပါ...။"
"ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်က လူတန်းစား ခွဲခြားတာကိုရော၊ ကိုယ့်အရှိန်အဝါကို သုံးပြီး သူတစ်ပါးကို နှိမ်တာကိုရော တကယ် မုန်းတာ...။"
ထိုစကားကို ကြားသောအခါ ဒုဥက္ကဋ္ဌ ဆန်းမှာ အလွန်ပင် ထိတ်လန့်သွားရလေသည်။
"မစ္စတာလျန်း... ကျေးဇူးပြုပြီး အထင်မမှားပါနဲ့၊ ကျွန်တော် အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး...။"
ခေတ္တမျှ အကြာတွင် ဒုဥက္ကဋ္ဌ ဆန်း ဆန်းသည် ပါးကို အုပ်ကာ မှင်တက်နေဆဲ ဖြစ်သော လုံခြုံရေး ဝန်ထမ်း နှစ်ဦးကို ကြည့်၍ အခြေအနေကို ရိပ်မိသွားခဲ့လေသည်။
"မင်းတို့ နှစ်ယောက်... ခုနက မစ္စတာလျန်းအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူခဲ့ကြတာလား...။"
"မစ္စတာလျန်းက လက်ရှိမှာ ငါတို့ ကုမ္ပဏီရဲ့ ဒုတိယ အကြီးဆုံး ရှယ်ယာရှင်ပဲ...။ မင်းတို့ တကယ်ကို သေချင်နေပြီ ထင်တယ်....။"
ထိုစကားကို ကြားသောအခါ လုံခြုံရေးဝန်ထမ်း နှစ်ဦးမှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားကြလေ တော့သည်။ သူတို့သည် လျန်ထျန်းကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်လျက် ဆွံ့အသွားခဲ့ကြ၏။
"သူ... သူက ကုမ္ပဏီရဲ့ ဒုတိယ အကြီးဆုံး ရှယ်ယာရှင် ဟုတ်လား...။ တကယ်ပဲ အစည်းအဝေး တက်ဖို့ လာတာပေါ့...။"
လုံခြုံရေးဝန်ထမ်း နှစ်ဦး၏ ရယ်စရာကောင်းသော ပုံစံကို ကြည့်ကာ လျန်ထျန်းက သူတို့အနားသို့ တိုးသွားပြီး နောက်ပြောင်သည့် လေသံဖြင့် ပြောလိုက်လေသည်။
"ခုနက မင်းတို့ ပြောတော့ ငါသာ ရှယ်ယာရှင်ဆိုရင် မင်းတို့က ကုမ္ပဏီဥက္ကဋ္ဌ ဖြစ်နေမှာပေါ့ ဆို...။"
"အခု ငါ မေးကြည့်ချင်တာက ဥက္ကဋ္ဌကြီး နှစ်ယောက်က ကုမ္ပဏီရဲ့ ဘယ်ကဏ္ဍတွေကို တာဝန်ယူထား တာလဲ...။ ဒုတိယ အကြီးဆုံး ရှယ်ယာရှင်ဖြစ်တဲ့ ငါ့ကိုရော စီမံခန့်ခွဲနိုင်တာလား...။"
"ဘုန်း... ဘုန်း...။"
လုံခြုံရေးဝန်ထမ်း နှစ်ဦးမှာ ကြောက်လန့်လွန်း၍ ဒူးထောက် ကျသွားကြလေတော့သည်။
ဤကုမ္ပဏီသည် အယ်လ်မြို့တော်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ပိုင်ဆိုင်ခြင်း ဖြစ်ကြောင်း သူတို့ ကောင်းကောင်း သိကြလေသည်။
ဤကုမ္ပဏီ၏ ဒုတိယ အကြီးဆုံး ရှယ်ယာရှင် ဆိုသည်မှာ အယ်လ်မြို့တော်တွင် ထိပ်တန်း အရှိန်အဝါ ရှိသူ တစ်ဦး ဖြစ်ရမည်ဖြစ်ပြီး သူတို့ကဲ့သို့ အနိမ့်တန်းစား လုံခြုံရေး ဝန်ထမ်းများ ပြစ်မှားနိုင်သော သူ မဟုတ်ပေ။
"မစ္စတာလျန်း... ကျွန်တော်တို့ တောင်းပန်ပါတယ်...။ ကျွန်တော်တို့ မျက်စိမရှိလို့ လူကြီးမင်းကို စော်ကားမိတာပါ...၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ...။"
"ဟုတ်ပါတယ်... လူကြီးမင်းက စိတ်သဘောထား ကြီးမားတဲ့သူမို့လို့ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ...၊ ဒီမှာ... ဒီမှာ...၊ စီးကရက် သောက်ပါဦး...။"
ပြောရင်းနှင့် လုံခြုံရေးဝန်ထမ်းသည် စောစောက အစားအသောက် ပို့ဆောင်သူထံမှ ရထားသော စီးကရက်ဗူးကို ထုတ်ကာ လျန်ထျန်းကို တုန်တုန်ရီရီဖြင့် ကမ်းပေးလိုက်လေသည်။
သို့သော် လျန်ထျန်းက စီးကရက်ဗူးကို ပုတ်ထုတ်လိုက်ပြီး ဒုဥက္ကဋ္ဌ ဆန်းဘက်သို့ လှည့်ကာ ပြောလိုက် လေသည်။
"အယ်လ်မြို့တော်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ပိုင်တဲ့ ကုမ္ပဏီ ဖြစ်ရကျိုးနပ်ပါတယ်...။ လုံခြုံရေး ဝန်ထမ်း တွေကတောင် တကယ်ကို မောက်မာကြတာပဲ...။ ဒီမှာ လုံခြုံရေး လုပ်နိုင်ဖို့အတွက် အဆက်အသွယ် ရှိရမယ်လို့တောင် ပြောကြသေးတယ်...။"
"သူတို့ ပြောတာက စည်းကမ်းပဲတဲ့...။ သူတို့ စည်းကမ်းကို မလိုက်နာရင် ငါက ကောင်းကောင်း နေရမှာ မဟုတ်ဘူးလို့လည်း ပြောသေးတယ်...။"
ထိုစကားများကို ကြားသောအခါ ဒုဥက္ကဋ္ဌ ဆန်း ဆန်း၏ နဖူးတွင် ချွေးများ ပြန်လာတော့သည်။
နောက်ကွယ်ရှိ လုံခြုံရေးဝန်ထမ်း နှစ်ဦးမှာမူ မြေပြင်ပေါ်တွင် ဒူးထောက်လျက်ရှိပြီး သူတို့၏ ခြေထောက်များမှာ ပျော့ခွေကာ လဲကျတော့မည့်အတိုင်း ဖြစ်နေခဲ့လေ၏။
ထိုစဉ် အသက်ငါးဆယ်ကျော် လူကြီးတစ်ဦး ကုမ္ပဏီတံခါးဝမှ ထွက်လာသည်။ သူသည် အိုမင်းနေပြီ ဖြစ်သော်လည်း အားအင်အပြည့် ရှိနေဆဲ ဖြစ်ပြီး ပြုံးရွှင်သော မျက်နှာထား ရှိသော်လည်း မောက်မာ ခြင်းမရှိဘဲ ခန့်ညားထည်ဝါသော အရှိန်အဝါကို ထုတ်ဖော်လျက်ရှိနေပေသည်။
"မစ္စတာလျန်း... ကျွန်တော် ဝမ် က လူကြီးမင်းကို ကိုယ်တိုင်လာကြိုတာပါ...။ ခုနက ဖြစ်သွားတာတွေ ကို ကျွန်တော် အဝေးကနေ မြင်လိုက်ပါတယ်...။"
"စိတ်မပူပါနဲ့... ဒီကိစ္စအတွက် ကျွန်တော် ရှင်းပေးပါ့မယ်...။ တစ်ချိန်တည်းမှာပဲ ကုမ္ပဏီရဲ့ ထောင့်စွန်း တွေမှာ ရှိနေတဲ့ အညစ်အကြေးတွေကို ရှင်းထုတ်ရမယ့် အချိန် ရောက်ပြီလို့ ထင်တယ်...။"
"အခုကစပြီး မစ္စတာလျန်းရဲ့ ကြီးကြပ်မှုကို အချိန်မရွေး လက်ခံဖို့ အဆင်သင့်ပါပဲ...။ မလျော်ကန်တာ ရှိရင်လည်း ထောက်ပြပေးပါ၊ လူကြီးမင်း စိတ်ကျေနပ်အောင် ကျွန်တော်တို့ သေချာ ပြင်ဆင်ပါ့မယ်...။"
ဤလူကား အခြားသူ မဟုတ်ဘဲ အယ်လ်မြို့တော်၏ အချမ်းသာဆုံးပုဂ္ဂိုလ် မစ္စတာဝမ် ပင် ဖြစ်လေ သည်။
ဥက္ကဋ္ဌဝမ်၏ စကားကို ကြားသောအခါ လုံခြုံရေးဝန်ထမ်း နှစ်ဦးမှာ လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားကာ မြေပြင်ပေါ်တွင် ပုံကျသွားပြီး မျက်နှာကို လက်ဖြင့်အုပ်ကာ ငိုကြွေးကြလေတော့သည်။
ထိုအဖြစ်အပျက်လေး ပြီးဆုံးသွားပြီးနောက် လျန်ထျန်းသည် ဥက္ကဋ္ဌဝမ်၏ ကိုယ်တိုင် လိုက်ပါပို့ဆောင်မှု ဖြင့် ခန့်ညားလှသော အစည်းအဝေးခန်းမသို့ ရောက်ရှိလာခဲ့လေသည်။
အစည်းအဝေးတွင် ဥက္ကဋ္ဌဝမ်က လျန်ထျန်း၏ ရင်းနှီးမြှုပ်နှံမှုကြောင့် ကုမ္ပဏီအနေဖြင့် အနာဂတ်တွင် အရေးကြီးသော ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များစွာ ရှိကြောင်း ကိုယ်တိုင် မိန့်ခွန်းပြောကြားခဲ့လေ သည်။
အစည်းအဝေး ပြီးဆုံးသောအခါ ဥက္ကဋ္ဌဝမ်သည် လျန်ထျန်းကို သီးသန့် တွေ့ဆုံခဲ့ပြီး သူ၏ စကားများထဲ တွင် လျန်ထျန်း၏ နောက်ခံကို စုံစမ်းလိုသော ဆန္ဒများ ပါဝင်နေခဲ့လေသည်။
လျန်ထျန်းသည် တစ်ဖက်လူက သူ၏ နောက်ခံကို ခန့်မှန်းနေခြင်းကို သိရှိသဖြင့် အခြေအနေအရ လိုက်လျောကာ တစ်နှစ်အတွင်း နောက်ထပ် ယွမ် (၅၀,၀၀၀) ထပ်မံ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်ကို သဘောတူလိုက်လေသည်။ သို့သော် ပြန်လည်ရရှိမည့် အကျိုးအမြတ်နှုန်းကို အာမခံရမည်ဟူသော အချက်ကိုမူ ထည့်သွင်းလိုက်လေသည်။
ဤသည်က ဥက္ကဋ္ဌဝမ်ကို လျန်ထျန်းသည် အမှန်တကယ်ပင် ထူးခြားသူဖြစ်ကြောင်း သိရှိစေသော်လည်း သူ၏ အမှန်တရားကိုမူ မသိရှိနိုင်သဖြင့် ပို၍ပင် ရိုသေလေးစားလာရလေတော့သည်။
ထို့နောက် ဖြစ်ပျက်ခဲ့သော အရာကား လျန်ထျန်းအတွက် ဤခရီးစဉ်ကို အကျိုးရှိစေခဲ့လေသည်။
အခြားသူများ အခန်းထဲမှ ထွက်ခွာသွားပြီးနောက် ၎င်းတို့နှစ်ဦးတည်း ကျန်ရစ်သောအခါ မစ္စတာဝမ်က လျန်ထျန်းကို တိုးတိုးလေး ပြောလိုက်လေသည်။
"မစ္စတာလျန်း... ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်...။ ကျွန်တော် ခင်ဗျားကို တိတ်တဆိတ် စုံစမ်းခိုင်းခဲ့ဖူးပါတယ်...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်း၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားခဲ့ရလေသည်။
"မစ္စတာဝမ်... ခင်ဗျားမှာ လှည့်ကွက်တွေ အများကြီး ရှိနေတာပဲ...။"
ထို့နောက် မစ္စတာဝမ်က ဆက်၍ ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်က အကန့်အသတ် ရှိနေတာကြောင့် ခင်ဗျားရဲ့ အစစ်အမှန် နောက်ခံကိုတော့ တကယ် မရှာနိုင်ခဲ့ပါဘူး...။"
လျန်ထျန်းသည် ချက်ချင်းပင် သက်ပြင်းချလိုက်နိုင်ပြီး စိတ်ထဲမှ တွေးနေမိလေသည်။
*ခင်ဗျား ငါ့နောက်ခံကို ဘယ်လိုလုပ် ရှာတွေ့မှာလဲ...။ ငါ့မှာ ဘာနောက်ခံမှ မရှိတာကိုး...။ ငါ့ပိုက်ဆံတွေ အကုန်လုံးက အစားအသောက် ပို့ပြီး ရှာထားတာဆိုရင်ကော ခင်ဗျား ယုံမှာလား...။"
"ဒါပေမဲ့..."
မစ္စတာဝမ်က ခေတ္တမျှ ရပ်လိုက်ပြီး လေးနက်စွာ ပြောလိုက်လေသည်။
"ခင်ဗျားက ခင်ဗျားရဲ့ ဖခင်ကို ရှာနေတယ်ဆိုတာ ကျွန်တော် သိခဲ့ရတယ်...။"
"တိုက်တိုက်ဆိုင်ဆိုင်ပဲ... ကျွန်တော် ကျွန်တော်ဖခင်ရဲ့ သတင်းအချက်အလက် အချို့ကို ရှာတွေ့ခဲ့ ပါတယ်...၊ ခင်ဗျား သိချင်လား...။"
ဤနေရာတွင် လျန်ထျန်း၏ စိတ်ထဲ၌ တွေးတောနေမှုများ ရပ်တန့်သွားပြီး သူ၏ မျက်လုံးများမှာ ပြူးကျယ်လျက် စိတ်လှုပ်ရှားမှုများ ပြင်းထန်လာခဲ့ရလေသည်။
"တကယ်လား... အဖေ့သတင်းကို ရှာတွေ့ခဲ့တာလား...။ ဘယ်လိုလုပ် ရှာတွေ့တာလဲ...။"
မစ္စတာဝမ်က သိနားလည်စွာ ပြုံးလိုက်လေသည်။
"မစ္စတာလျန်း... ခင်ဗျားက စုံစမ်းရေး အေဂျင်စီတွေ အများကြီးမှာ ရင်းနှီးမြှုပ်နှံထားပြီး စီးပွားရေး အဆက်အသွယ်တွေ အများကြီး သုံးခဲ့ပေမဲ့ အဲ့ဒီလို နေရာမျိုးက အဆက်အသွယ်တွေကိုတော့ တစ်ခါမှ မသုံးခဲ့ဖူးဘူး မဟုတ်လား...။"
"ကျွန်တော်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ယောက် ဖြစ်တာမို့ အဲ့ဒီဘက်မှာ အာဏာနဲ့ အဆက်အသွယ် အနည်းငယ် ရှိပါတယ်...။ အဲ့ဒါကြောင့်ပဲ ခင်ဗျား ဖခင်ရဲ့ သတင်းအချက်အလက်ကို ရှာတွေ့ခဲ့တာပါ...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းသည် အရာအားလုံးကို နားလည်သွားတော့သည်။
ဤနေရာမှစ၍ လျန်ထျန်းသည် တစ်ခါတလေတွင် ပိုက်ဆံရှိရုံမျှဖြင့် အချို့သောအရာများကို မလုပ် ဆောင်နိုင်ကြောင်း စတင်သတိပြုမိလာခဲ့လေသည်။
သို့သော် လက်ရှိတွင် သူသည် ထိုအရာများကို တွေးတောနေရန် အချိန်မရှိပေ။ သူသည် သူ၏ ဖခင်ရှိရာ သို့ အမြန်ဆုံး သိလိုသဖြင့် စိုးရိမ်တကြီး မေးလိုက်လေသည်။
"မစ္စတာဝမ်... ကျေးဇူးပြုပြီး ကျွန်တော့်အဖေအကြောင်း ပြောပြပေးပါ...၊ အဲ့ဒါကို ပြောပြမယ်ဆိုရင် နောင်မှာ ခင်ဗျားတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု တောင်းဆိုချက် မှန်သမျှကို ကျွန်တော် လုံးဝ သဘောတူပါ့မယ်...။"
မိနစ်နှစ်ဆယ်ခန့် အကြာတွင် လျန်ထျန်းသည် သူ၏ ဖခင်ရှိရာ အရပ်ကို သိခဲ့ရသော်လည်း သူသည် မပျော်ရွှင်နိုင်ခဲ့ပေ။
စာရွက်စာတမ်းများကို ယူဆောင်ကာ အိမ်သို့ ပြန်ရောက်သောအခါ လျန်ထျန်းသည် တံခါးကို ပိတ်လိုက် သည်နှင့် ကြမ်းပြင်ပေါ်တွင် ပုံကျသွားကာ ဖိုင်အိတ်ကို ဖွင့်၍ အတွင်းမှ အရာများကို ကြမ်းပြင်ပေါ်သို့ ဖြန့်ကျဲလိုက်လေသည်။
ဓာတ်ပုံထဲတွင် အိုမင်းနေသော ဖခင်ဖြစ်သူနှင့် ဆယ်ကျော်သက် မိန်းကလေး တစ်ဦး အတူရှိနေသည်ကို ကြည့်ကာ လျန်ထျန်းသည် သူ၏ ဆံပင်များကို ဆွဲဖွလိုက်မိလေသည်။
"အဖေ... ဒီနှစ်တွေအတွင်း ဘာတွေ လုပ်နေခဲ့တာလဲ...။"
"မိသားစု အသစ် ထပ်ထောင်ခဲ့တာလား...၊ သမီးတစ်ယောက်တောင် ရနေပြီပေါ့...။"
"ဒါပေမဲ့ အမေက အခုထိ အဖေ့ကို စောင့်နေတာကို သိရဲ့လား...။ ကျွန်တော်ကတော့ အဖေက အမေနဲ့ ကျွန်တော့်အတွက်ကြောင့် ထွက်သွားတာလို့ ထင်ပြီး ခွင့်လွှတ်ပေးဖို့ အမြဲ ကြိုးစားခဲ့တာ...။"
"ဒါပေမဲ့ အဖေက... ဘယ်လိုလုပ် ဒီလို လုပ်နိုင်ရတာလဲ...။ အဖေက အမေ့အပေါ် တကယ်ပဲ သစ္စာ ဖောက်ခဲ့တာပဲ...။ သားဖြစ်တဲ့ ကျွန်တော့်ကိုရော၊ ကျွန်တော်တို့ မိသားစုကိုပါ စွန့်ပစ်ခဲ့တာပဲ...။"
လျန်ထျန်းသည် ဥက္ကဋ္ဌဝမ်ထံမှ သိခဲ့ရသည်မှာ သူ၏ ဖခင်သည် လက်ရှိတွင် အခြားမြို့တစ်မြို့၌ ရှိနေပြီး သူတစ်ဦးတည်း မဟုတ်ဘဲ ဆယ်ကျော်သက် မိန်းကလေး တစ်ဦးနှင့်အတူ ရှိနေခြင်း ဖြစ်ပေသည်။
ဤသည်က လျန်ထျန်းကို အတွေးများစွာ ဝင်စေခဲ့ပြီး ဖခင်ဖြစ်သူတွင် နောက်ထပ် သမီးတစ်ယောက် ရှိနေကာ မိခင်အပေါ် သစ္စာဖောက်ခဲ့သည်ဟု ယုံကြည်သွားသဖြင့် စိတ်ထဲတွင် ခံစားချက်မျိုးစုံ ရောပြွမ်း နေရလေသည်။
သို့သော် သူသည် ခေတ္တမျှ ဝေခွဲမရ ဖြစ်နေပြီးနောက် ပြတ်သားစွာပင် ထရပ်လိုက်ကာ စာရွက်စာတမ်း ပေါ်ရှိ လိပ်စာကို ကြည့်၍ ခိုင်မာသော အကြည့်များဖြင့် မိမိဘာသာ ရေရွတ်လိုက်လေသည်။
"ဘာပဲဖြစ်ဖြစ်... အဖေ့ဆီကို ကိုယ်တိုင်သွားပြီး တိုက်ရိုက် မေးရမယ်...။ တကယ်လို့ အဖေက အမေ့ကို တကယ် သစ္စာဖောက်ခဲ့တာဆိုရင်တော့ ကျွန်တော်... ကျွန်တော်ကတော့ အဖေ နောင်တမရစေဖို့ပဲ ဆုတောင်းပါတယ်...။"