← Chapters

အခန်း (၁၈၃-၁၈၄)

Vol. 14 Ch. 183-184

အခန်း (၁၈၃-၁၈၄)

Vol. 14 Ch. 183-184

အပိုင်း(၁၈၃)

ဖစ်ရှာ ဂီရှာသည် ညနေခင်း ကျင့်ကြံခြင်း မပြုလုပ်မီ ညစဉ်ညတိုင်း သင်ကြားပြသပေးသော်လည်း ဝိညာဉ်ပန်းပဲဆရာ တစ်ယောက်အနေဖြင့် လင်းတုန်း၏ လေ့ကျင့်မှုက အစပျိုးကာစ အဆင့်တွင်သာ ရှိနေသေး၏။ တစ်ညတွင် သူမသည် သူ့ ရှေ့၌ သေတ္တာ ခုနစ်လုံးကို ချထားလိုက်လေသည်။ သေတ္တာအဖုံးများကို ဖွင့်ပြလိုက်သောအခါ မတူညီသော မာဒြာ ခုနစ်မျိုးကို မြင်တွေ့လိုက်ရ၏။

၎င်းတို့အားလုံးသည် မတူညီသော ပုံသဏ္ဍာန် အသီးသီး ရှိနေကြလေသည်။ တစ်ခုက အရည်၊ တစ်ခုက အနှစ်၊ တစ်ခုက ကျောက်စရစ်ခဲများကဲ့သို့ မညီညာသော အတုံးအတစ်များ၊ တစ်ခုက ဖန်ကွဲစများကဲ့သို့ တုန်ယင်နေသော အပုံအပင် တစ်ခု စသည်ဖြင့် ဖြစ်၏။ ထို့ပြင် တစ်ခုစီတိုင်းသည် အရောင်အသွေးလည်း ကွဲပြားကြလေသည်။

"ဒါတွေကတော့ အတွေ့ရအများဆုံး မာဒြာ အမျိုးအစား ခုနစ်မျိုးပဲ..."

ဖစ်ရှာ ဂီရှာ က တစ်ခုချင်းစီကို အလှည့်ကျ လက်ညှိုးထိုးပြရင်း ပြောလိုက်၏။

"မီး၊ မြေကြီး၊ လေ၊ ရေ၊ တွန်းကန်အား၊ သွေး၊ နဲ့ သက်စောင့်..."

ထိုအမျိုးအစားများကို သူ ယခင်က လေ့လာခဲ့ဖူးလေသည်။ အခြားသော မာဒြာ အမျိုးအစားများသည်လည်း အလားတူပင် အတွေ့ရများသင့်သည်ဟု သူ ခံစားခဲ့ရ၏။ သို့သော် ဤခုနစ်မျိုးသည် ကျင့်ကြံရန် အလွယ်ကူဆုံးသော အော်ရာ အမျိုးအစားများ ဖြစ်သောကြောင့် အကျယ်ပြန့်ဆုံး ဖြစ်နေရခြင်း ဖြစ်သည်။ အလင်း အော်ရာကို နေရာတိုင်းတွင် တွေ့ရှိနိုင်၏။ သို့သော် ၎င်းကို မာဒြာ အဖြစ် ပြောင်းလဲရန် ခက်ခဲလှသည်။ ထို့ပြင် စုဆောင်းရယူရန်အတွက်လည်း အထူး နည်းစနစ်များ လိုအပ်လေသည်။

ထိုစကားကို ကြားလိုက်ရသောအခါ လင်းတုန်း၏ ရင်ထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ ရုတ်တရက် လှိုက်တက်လာ၏။ ထိုအရာက သူ့ကိုယ်သူပင် အံ့သြသွားစေခဲ့သည်။ သူ၏ ဝေ့ ကလန် သည် အိပ်မက်နှင့် အလင်း လမ်းစဉ် ကို ကျင့်ကြံကြလေသည်။ ယခုကြည့်ရသည်မှာ ရွှေအဆင့် စံနှုန်းများအရ ဆိုလျှင်တောင် ထိုအရာက အထင်ကြီး လေးစားလောက်ဖွယ် ပေါင်းစပ်မှု တစ်ခု ဖြစ်နိုင်ချေ ရှိနေပုံရ၏။

"ဒီ အမျိုးအစား တစ်ခုချင်းစီကို အချပ်ပြားလေးတွေ ဖြစ်သွားအောင် နင် ပြန်ပြီး ဖန်တီးရမယ်..."

ဖစ်ရှာ ဂီရှာ က ဆက်ပြောလေသည်။

"အစိုင်အခဲ အချပ်ပြားလေးတွေ ဖြစ်ရမယ်... စက်ဝိုင်းပုံစံလောက်ပဲ လုပ်မထားနဲ့... ကြားလား... အရင်က ငါ့ဆီမှာ တပည့်တစ်ယောက် ရှိဖူးတယ်... ပြဿနာရှာတဲ့ ဟိုကောင်မလေးလေ... ထားပါတော့... ကိုယ်ပိုင် မဟုတ်တဲ့ တခြား မာဒြာ တွေကို ပုံစံပြောင်းလဲခြင်းက ဝိညာဉ်ပန်းပဲဆရာ တစ်ယောက်ရဲ့ အခြေခံ စွမ်းရည်ပဲ... အဲဒါကိုမှ မလုပ်နိုင်ရင် နင် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး... အဲဒီ အချပ်ပြားလေးတွေကို ငါ့ဆီ ယူလာခဲ့... ငါ သဘောကျရင်တော့ အဲဒါတွေကို အပ်တွေ ဖြစ်သွားအောင် ဖန်တီးကြည့်ကြတာပေါ့..."

ထိုအချိန်တွင် လင်းတုန်းသည် မိမိကိုယ်ကို တွန်းအားပေးရန် အပို စိန်ခေါ်မှုများ သတ်မှတ်လေ့ကျင့်ရာတွင် အသားကျနေပြီ ဖြစ်၏။ ထို့ကြောင့် သူသည် အချပ်ပြားများ ဖန်တီးခြင်းကို ကျော်ဖြတ်ကာ အပ်များ ဖန်တီးသည့် အဆင့်သို့ တိုက်ရိုက် သွားရန် ဆုံးဖြတ်လိုက်လေသည်။ နောက်ထပ် ရက်အနည်းငယ်တိုင်အောင် သူသည် သူ၏ အချိန်နှင့် အားထုတ်မှု အားလုံးကို ထိုအလုပ်၌သာ နှစ်မြှုပ်ထားခဲ့၏။ နောက်ဆုံးတွင်တော့ အမျိုးအစား ခုနစ်မျိုးအနက် ခြောက်မျိုးကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့လေသည်။

သူ အသေအချာ အာရုံစူးစိုက်လိုက်မည် ဆိုလျှင် ရေ မာဒြာ ကိုပင် အစိုင်အခဲ ပုံသဏ္ဍာန်အဖြစ် အတင်းအကျပ် ဖန်တီးနိုင်စွမ်း ရှိ၏။ သို့သော် ထိုပုံစံအတိုင်း ကြာရှည် တည်မြဲနေမည်တော့ မဟုတ်ပေ။ သို့သော် သက်စောင့် မာဒြာ ကိုတော့... သူသည် လေ့ကျင့်ရေးများကိုပါ ဖျက်ကာ သက်စောင့် မာဒြာ ဖန်တီးရန် နောက်ထပ် တစ်ရက်တိတိ အချိန်ယူခဲ့ရလေသည်။ သို့သော် နောက်ဆုံးတွင် လက်လျှော့လိုက်ရပြီး ဖစ်ရှာ ဂီရှာ ထံသို့ ရှက်ရွံ့စွာဖြင့် ပြန်လာခဲ့ရလေတော့သည်။

"အဲဒါက မဖြစ်နိုင်ဘူးလေ..."

သူမက သူ၏ သတ္တမမြောက် သေတ္တာကို ကြည့်ရင်း ပြောလိုက်၏။

"သက်စောင့် မာဒြာ က သူ့သဘာဝအရကို အရည်ပဲ... ဒါပဲလေ... သက်စောင့် ဝိညာဉ်အကြွင်းအကျန် တွေတောင်မှ ရွှံ့စေး ပျစ်ချွဲချွဲ အတုံးအခဲကြီးတွေပဲ ဖြစ်နေတာ... ငါ နင့်ကို မပြောပြခဲ့တာက နင့်ပါးစပ်ကနေ မလုပ်နိုင်ဘူးလို့ ပြောထွက်လာတာကို လိုချင်လို့ပဲ... အဲဒါက နင့်ရဲ့ ကန့်သတ်ချက်တွေကို နင် ပြန်စဉ်းစားမိသွားအောင် လုပ်နိုင်မယ်လို့ ငါ ထင်ခဲ့တာ..."

သာမန် အချပ်ပြားလေးများသာ ဖြစ်ရမည့် အခြား အပ်ခြောက်ချောင်းကို သူမက လှမ်းကြည့်လိုက်၏။

"အဲဒါက အလုပ်ဖြစ်ပုံ မရပါဘူးလေ... ဟုတ်တယ်မလား..."

ရှစ်ရက်မြောက်နေ့ ညတွင် လင်တုန်းသည် နာရီအနည်းငယ်မျှ အိပ်စက် အနားမယူမီ နောက်ဆုံးကျန်ရှိသော အရပ်လေးမျက်နှာ လည်ပတ်ခြင်း ဆေးလုံး ကို အသုံးပြုကာ သူ၏ အမြုတေ အတွင်းသို့ စွမ်းအင်များ လည်ပတ်စေနေခဲ့လေသည်။ အီသန် သင်ကြားပေးခဲ့သော ပုံစံအတိုင်း သူ မှန်မှန် အသက်ရှူသွင်းနေ၏။ ထို့နောက် သူ၏ စွမ်းအင်များကို တစ်ဆင့်ချင်းစီ တည်ဆောက်ကာ အမြုတေ ၏ နယ်နိမိတ်များကို ဖြည်းညင်းစွာ တွန်းကန် ချဲ့ထွင်နေလေသည်။

တစ်နာရီခန့် ကြာပြီးနောက် သူသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်၏။

ထိုအခါ တံခါးကြားမှ ချောင်းကြည့်နေသည့် အီသန် ကို မြင်တွေ့လိုက်ရလေတော့သည်။

ပထမ အကြိမ်အနည်းငယ်တွင် အီသန် ရုတ်တရက် ပေါ်လာခဲ့စဉ်က လင်းတုန်း၏ တုံ့ပြန်မှုများသည် အလွန် ရယ်မောဖွယ် ကောင်းလှ၏။ ထို့ကြောင့် ထို အဆင့်နိမ့် အရှင်သခင် သည် သူ့ကို အငိုက်ဖမ်းနိုင်ရန် ဆက်လက် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။

သို့သော် မည်သည့်အရာမဆို မကြာခဏ ကြုံတွေ့လာရသောအခါ အသားကျသွားနိုင်ပေသည်။

"အာရီလီယပ်စ် မိသားစု အတွက် ကျွန်တော် ဘာများ အလုပ်အကျွေး ပြုရမလဲ..."

လင်းတုန်းသည် ကုတင်ပေါ်မှ ထရပ်ရင်း မေးလိုက်၏။

အီသန်သည် သူ၏အပေါ်တွင် များစွာ ကျေးဇူးပြုခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် တုံ့ပြန်သည့်အနေဖြင့် သူ လုပ်ပေးနိုင်သော အနည်းဆုံး အရာမှာ ထို အဆင့်နိမ့် အရှင်သခင် ၏ ထူးဆန်းသော အကျင့်စရိုက်များကို လျစ်လျူရှုထားပေးရန်ပင် ဖြစ်လေသည်။

အီသန်က တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်၏။ ထို့နောက် နောက်ပြောင်နေသော ကလေးတစ်ယောက်အလား ပြုံးဖြီးဖြီး လုပ်နေလေသည်။

"ကျင့်ကြံလိုက်... အခုပဲ..."

လင်းတုန်းသည် အီသန်ကို ယုံကြည်မှု အတိုင်းအတာတစ်ခုအထိ ပေးထားသင့်သည်ဟု တွေးတောလိုက်၏။ ထို့ကြောင့် သူသည် ဒူးထောက်ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ကို ပေါင်ပေါ်တွင် တင်ကာ စတင် လည်ပတ် ကျင့်ကြံလေတော့သည်။ ထူးကဲသော ရှေးဟောင်း အပျက်အစီး အတွင်း၌ အီသန် သူ့ကို ပြသ သင်ကြားပေးခဲ့သည့် အတိုင်းပင် ဖြစ်သည်။

အစပိုင်းတွင် ဤလည်ပတ် ကျင့်ကြံသည့် နည်းစနစ်ကို အသုံးပြု၍ အသက်ရှူရသည်မှာ ရေကို ရှူသွင်းနေရသကဲ့သို့ ခံစားခဲ့ရ၏။ သို့သော် နောက်ပိုင်း သီတင်းပတ်များတွင် သူသည် များစွာ အသားကျလာခဲ့လေသည်။ ထို့ကြောင့် ယခုအခါတွင် ထိုနည်းစနစ်ကို အသုံးပြုရန်အတွက် သူ သတိထားပြီး စဉ်းစားနေစရာပင် မလိုတော့ချေ။

အီသန်သည် လင်းတုန်း၏ ကျင့်ကြံမှု စည်းချက်ကျသွားစေရန် စောင့်ဆိုင်းနေရင်း လက်ချောင်းများကို ပုတ်ကာ ဆော့ကစားနေလေ၏။ လင်းတုန်း၏ အသက်ရှူသံများ ပုံမှန် ဖြစ်သွားသောအခါ အီသန်၏ ပြုံးဖြီးဖြီး မျက်နှာသည် ပို၍ ကျယ်ပြန့်သွားလေသည်။

"ကဲ..."

သူက ပြောလိုက်၏။

"မျက်လုံးတွေကို မှိတ်ထားလိုက်... မင်းကို လှည့်ကွက်တစ်ခု ငါ သင်ပေးမယ်..."

လင်းတုန်း လန့်ဖျပ်သွား၏။

‘သူ့ကို ငါ ယုံကြည်သင့်တယ်၊ ငါ သူ့အပေါ် ကျေးဇူးရှိထားတယ်..’

သူ မိမိကိုယ်ကို သတိပေးလိုက်၏။

ထိုအခိုက်တွင်ပင် အီသန်၏ အသံက ထွက်ပေါ်လာပြန်သည်။

"မာဒြာ တွေက မင်းရဲ့ စိတ်ကူးပုံဖော်မှုအပေါ် အများကြီး တုံ့ပြန်နိုင်စွမ်း ရှိတယ်... အဲဒါတွေက မင်းရဲ့ အတွေးတွေလိုပဲ မင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေလို့ပဲ... ဒါကြောင့် ပိုပြီး အဆင့်မြင့်တဲ့ နည်းစနစ်တွေကို မင်း လေ့လာတဲ့အခါမှာ မာဒြာ တွေကို သတ်မှတ်ထားတဲ့ ပုံစံအတိုင်း လည်ပတ်ဖို့ အရေးကြီးသလိုပဲ ရှင်းလင်းပြတ်သားတဲ့ စိတ်ကူးပုံရိပ်တစ်ခုကို ဖမ်းဆုပ်ထားနိုင်ဖို့ကလည်း အတူတူ အရေးကြီးတယ်ဆိုတာကို မင်း တွေ့ရလိမ့်မယ်..."

ထိုစကားက လင်းတုန်း၏ အတွေ့အကြုံများနှင့် ကိုက်ညီနေလေသည်။ သူ အဆင့်တက်လာသည်နှင့်အမျှ သူ၏ မာဒြာ များကို စိတ်ကူးဖြင့် ပုံဖော်ရန် ပိုမို လွယ်ကူလာ၏။ ထို့အပြင် ၎င်းတို့ကို ပုံစံတစ်ခုအတွင်းသို့ အတင်းအကျပ် သွတ်သွင်းနေစရာ မလိုဘဲ သူ အလိုရှိသည့်အတိုင်း လုပ်ဆောင်နိုင်ရန် စွမ်းအင်များကို ပိုမိုကောင်းမွန်စွာ ရယူနိုင်လာခဲ့သည်။

"ငါ မင်းကို ကျင့်ကြံခြင်း နည်းစနစ်တစ်ခု သင်ပေးမယ်... မင်း အဲဒါကို ကျွမ်းကျင်သွားတာနဲ့ ဒီနည်းလမ်းက မင်းကို ကျောက်စိမ်းအဆင့် နဲ့ အဲဒီထက် ပိုမြင့်တဲ့ အဆင့်တွေအထိ ခေါ်ဆောင်သွားပေးလိမ့်မယ်..."

လင်းတုန်းသည် စိတ်အားထက်သန်စွာဖြင့် ရှေ့သို့ ကိုင်းညွတ်သွား၏။ မျက်လုံးများကို စုံမှိတ်ထားပြီး စကားတစ်ခွန်းမျှ လွတ်ကျန်ရစ်ခဲ့မည်ကို ရုတ်တရက် စိုးရိမ်လာလေသည်။

"ဒါက မင်းရဲ့ မာဒြာ တွေကို လည်ပတ် အားဖြည့်ဖို့အတွက် သုံးတဲ့ နည်းစနစ်ပဲ... တိုက်ခိုက်ရေးအတွက် မဟုတ်ဘူး..."

အီသန်က ဆက်ပြောလေသည်။

"ဒီလို လှည့်ပတ် ကျင့်ကြံနေရင်းနဲ့ တိုက်ခိုက်ဖို့ ကြိုးစားမယ်ဆိုရင်တော့ မင်းရဲ့ ခြေကျင်းဝတ် နှစ်ဖက်ကို ကြိုးနဲ့ တုပ်ထားတာနဲ့ အတူတူပဲ ဖြစ်သွားလိမ့်မယ်..."

ထိုစကားများကို မှတ်စု လိုက်မှတ်ထားသင့်သလားဟု လင်းတုန်း တွေးတောနေမိလေ၏။

"မင်းရဲ့ စိတ်ထဲမှာ မင်းရဲ့ အမြုတေ ကို အာရုံစိုက်ထားလိုက်... ဪ... အမြုတေ တစ်ခုတည်းကို ပြောတာနော်... တစ်ခုကို ရွေးလိုက်…”

ပထမဆုံး သံမဏိအဆင့် သို့ ရောက်ရှိခဲ့သော အမြုတေ သည် အခြားတစ်ခုထက် ပိုမို တောက်ပပြီး ပိုမို ကျစ်လျစ်ခိုင်မာနေ၏။ ထို့ကြောင့် သူသည် ၎င်းကိုသာ အာရုံစိုက်ထားလိုက်လေသည်။ တောက်ပနေသော အပြာနှင့် အဖြူရောင်စပ် ဘောလုံးလေးကို သူ၏ အမြင်အာရုံထဲတွင် အပြည့်အဝ နေရာယူထားစေလိုက်၏။ အခြား အမြုတေ တစ်ခုကိုမူ အရေးမပါတော့သည့်အလား နောက်ကွယ်တွင် ချန်ရစ်ထားခဲ့လေသည်။

သူ အသက်ရှူလိုက်သည်နှင့်အမျှ သူ၏ မာဒြာ များသည် လည်ပတ်သွား၏။ အမြုတေ အတွင်းမှ လည်ပတ် ထွက်ခွာလာပြီး သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးဆီသို့ စီးဆင်းသွားလေသည်။ ထို့နောက် အတွင်းသို့ ပြန်လည် ဝဲလှည့် ဝင်ရောက်လာလေသည်။

"မင်းရဲ့ အမြုတေ ကို ကျောက်တုံးနဲ့ လုပ်ထားတယ်လို့ သဘောထားလိုက်... ကြီးမားတဲ့ ကျောက်ဘီးလုံးကြီး တစ်ခုအနေနဲ့ စိတ်ကူးထဲမှာ ပုံဖော်ကြည့်... အဲဒါကလွဲပြီး တခြား ဘာကိုမှ မမြင်ရဘူး... လေးလံပြီး ခိုင်မာတဲ့ ကျောက်နံရံကြီး တစ်ခုလိုမျိုးပဲ..."

လင်းတုန်းသည် ထိုပုံရိပ်ကို အာရုံစူးစိုက်လိုက်လေ၏။ အပြာနှင့် အဖြူရောင်စပ် နေမင်းငယ်လေး၏ အပေါ်တွင် ထပ်မံ ပုံဖော်လိုက်ခြင်း ဖြစ်သည်။

"ကဲ... အသက်ကို ပြန်မှုတ်ထုတ်လိုက်ပြီး မင်းရဲ့ ခန္ဓာကိုယ်အနှံ့ မာဒြာ တွေကို လည်ပတ်စေလိုက်တဲ့အခါ၊ အဲဒီ ကျောက်တုံးကြီးက မင်းရဲ့ အမြုတေ အနားသတ်တွေကို ကြိတ်ချေပစ်လိမ့်မယ်... အဲဒါက လေးလံတယ်... ပြီးတော့ ဖြည်းဖြည်းချင်း လိမ့်သွားပြီး မင်းရဲ့ အမြုတေ ကို အပြင်ဘက်ဆီ တွန်းထုတ်ပေးလိမ့်မယ်..."

ထိုအရာက ထိန်းသိမ်းထားရန် ပိုမို ခက်ခဲလှ၏။ မာဒြာ များသည် ပုံမှန်အားဖြင့် သူ၏ အမြုတေ ထဲမှ လွတ်လပ်စွာ စီးဆင်းထွက်ခွာလေ့ ရှိသည်။ သို့သော် ယခုအခါ ၎င်းတို့ကို နှေးကွေးသွားအောင် လုပ်ဆောင်ရလေသည်။ အမြုတေ ကို အတင်းအကျပ် လည်ပတ်စေပြီး စွမ်းအင်များကို တစ်ကြိမ်လျှင် လက်မအနည်းငယ်ခန့်သာ ဖြတ်သန်း စီးဆင်းစေရသည်။

လင်းတုန်းသည် ထိုကျောက်ဘီးလုံးကြီးကို ခွန်အားရှိသမျှ အသုံးပြုကာ တောင်ကုန်းပေါ်သို့ တွန်းတင်နေရသကဲ့သို့ ခံစားနေရ၏။ တစ်ချိန်တည်းမှာပင် မာဒြာ များ သူ၏ ဆုပ်ကိုင်မှုထဲမှ လွတ်ထွက်မသွားစေရန်လည်း ကြိုးစားနေရသည်။ အကယ်၍ အာရုံစူးစိုက်မှု တစ်စက္ကန့်မျှ လွတ်သွားပါက မာဒြာ ကြိုးတန်းများသည် လွတ်မြောက်သွားမည် ဖြစ်၏။ ထို့နောက် ကျောက်ဘီးလုံးကြီးသည် အောက်သို့ ပြန်ကျလာကာ သူ့ကို ကြိတ်ချေပစ်ပေလိမ့်မည်။

ဤကဲ့သို့ သဘာဝမကျသော ပုံစံဖြင့် မာဒြာ များကို ရွေ့လျားစေရန် အားထုတ်ရမှုကြောင့် သူ၏ စွမ်းအင် လမ်းကြောင်းများကို တင်းမာသွားစေ၏။ သူ၏ ဝိညာဉ် သည်လည်း ထိုအားထုတ်မှုအောက်တွင် ညည်းညူနေလေသည်။ သူ အာရုံစူးစိုက်နေစဉ် မျက်ခွံများပေါ်မှ ချွေးများ စီးကျလာ၏။ ထို့ပြင် အသက်ရှူထုတ်မှု တစ်ကြိမ်စီတိုင်းသည်လည်း နာကျင်လောက်အောင်ပင် နှေးကွေးလွန်းလှသည်။

"ကဲ... မာဒြာ တွေကို မင်းရဲ့ ခြေလက်တွေဆီကနေ အမြုတေ ထဲကို ဝဲလှည့်ပြီး ပြန်ဝင်လာတဲ့အခါ ကျောက်ဘီးလုံးက ရွေ့လျားသွားတယ်... အဲဒါက အခြားတစ်ဖက်ကို ဖြည်းဖြည်းချင်း ပြန်လိမ့်သွားပြီး မင်းရဲ့ အမြုတေ ကို ထပ်ကြိတ်ချေလိမ့်မယ်..."

၎င်းသည် ကျောက်ဘီးလုံးကို တောင်အောက်သို့ လိမ့်ဆင်းခွင့် ပြုလိုက်သကဲ့သို့ ဖြစ်၏။ သို့သော် ရပ်တန့်သွားစေရန် အတင်းဆွဲဆန့်ရပြီး အပေါ်သို့ ပြန်ဆွဲတင်နေရပြန်သည်။ သူသည် သူ၏ မာဒြာ အားလုံးကို ထိုအားထုတ်မှုအတွင်းသို့ ပုံအောလိုက်လေ၏။ အာရုံစူးစိုက်မှု အစက်အပေါက်တိုင်းကို အသုံးပြုကာ သူ၏ ဝိညာဉ် ကို ထိန်းချုပ်ထားလေသည်။

အလယ်တစ်နေရာတွင် သူ၏ အဆုတ်များကို ကိုယ်တိုင် အတင်းအကျပ် ရပ်တန့်ပစ်လိုက်ရသကဲ့သို့ ခံစားလိုက်ရသော အခိုက်အတန့်လေး တစ်ခု ရှိခဲ့၏။ လင်းတုန်းသည် ရေငတ်နေသော ငါးတစ်ကောင်အလား ပါးစပ်ကို ဟထားမိလေသည်။ ကျောက်ဘီးလုံးကြီးသည် သူ၏ ရင်ဘတ်ပေါ်တွင် ဖိထိုင်နေသည့်အလား အဆုတ်များ အေးခဲရပ်တန့်သွား၏။ ထို့နောက်မှ နောက်ဆုံးတွင် အခြားတစ်ဖက်သို့ ပြန်လည် ရွေ့လျားသွားအောင် သူ လုပ်ဆောင်နိုင်ခဲ့လေသည်။

***

အပိုင်း(၁၈၄)

အီသန်သည် လင်းတုန်း သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း ရရှိလာသည်အထိ စောင့်ဆိုင်းပေးလေ၏။ ထို့နောက် ယခင်က လည်ပတ်နေကျ ပုံစံကို ဆက်လက် ထိန်းသိမ်းထားရန် လိုအပ်သေးကြောင်း သဘောထားကြီးစွာဖြင့် သတိပေးလိုက်သည်။ အရင် အချိန်ကိုက် လည်ပတ်မှု စည်းချက်နှင့် ကိုက်ညီသွားစေရန် လင်းတုန်း အတွက် နောက်ထပ် နာရီဝက်ခန့် အချိန်ယူခဲ့ရ၏။ ထိုအချိန်သို့ ရောက်သောအခါ သူ၏ ဝိညာဉ် သည် ပြားကပ်သွားအောင် ထုရိုက်ခံလိုက်ရသကဲ့သို့ ခံစားနေရလေပြီ။ မိနစ်အနည်းငယ်မျှသာ လည်ပတ် ကျင့်ကြံရသေးသော်လည်း၊ သစ်သားအရုပ်များနှင့် နာရီပေါင်းများစွာ လေ့ကျင့်ပြီးချိန်ကထက်ပင် ပို၍ ပင်ပန်းနွမ်းနယ်နေခဲ့လေသည်။

သို့သော် အီသန်က မပြီးသေးပေ။

"မင်း အဲဒါကို သေချာ ထိန်းချုပ်နိုင်သွားပြီဆိုရင်၊ မင်းရဲ့ ကျောက်ဘီးကို မရပ်တန့်သွားစေဘဲ အတတ်နိုင်ဆုံး နှေးနှေးလေး လည်ပတ်နေစေရမယ်... အရင်ပုံစံအတိုင်း အသက်ရှူနေရင်းနဲ့ မင်းရဲ့ မာဒြာ တွေကို ဘယ်လောက်အထိ နှေးနှေးလေး ရွေ့လျားအောင် လုပ်နိုင်သလဲဆိုတာကို ငါ မြင်ချင်တယ်... အဲဒီ ကျောက်ဘီးကြီးက ဘယ်လောက်တောင် လေးလေးလံလံ လည်ပတ်နေသလဲ၊ ပြီးတော့ အဲဒီ ကြီးမားတဲ့ ကျောက်ဘီးလုံးကြီး ရပ်လုနီးပါး ဖြစ်နေချိန်မှာ မင်းရဲ့ မာဒြာ တွေက ဘယ်လို တွားသွားနေသလဲ ဆိုတာမျိုးကိုပေါ့..."

"ပြီးရင် မင်း အသက်မှုတ်ထုတ်လိုက်တဲ့အခါ အဲဒါက တစ်ဖက်ကို ပြန်သွားလိမ့်မယ်..."

နောက်ထပ် နှစ်မိနစ်မျှသာ ထပ်မံ ကျင့်ကြံရသေးသော်လည်း လင်းတုန်းသည် သူ သတိမေ့လဲကျသွားတော့မည်လား ဟု အလေးအနက် တွေးတောလာမိ၏။ သူ အသက်ကို ဝဝလင်လင် ပြန်ရှူနိုင်ရန်အတွက် အီသန် ထွက်သွားမည့် အချိန်ကို သူ ဆက်၍ မစောင့်ဆိုင်းနိုင်တော့ချေ။

"ဒီ နည်းစနစ်ကို ကောင်းကင်နဲ့ မြေကြီး သန့်စင်ခြင်း စက်ဝန်း လို့ ခေါ်တယ်..."

အီသန်က ပြောလိုက်၏။ ထိုစဉ် လင်းတုန်းသည် ကုတင်ခြေရင်းဘက်တွင် အီသန် ဝင်ထိုင်လိုက်သဖြင့် အလေးချိန်တစ်ခု ဖိကျလာသည်ကို ခံစားလိုက်ရသည်။

"အဲဒီနည်းစနစ်မှာ ရှည်လျားပြီး စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းကြောင်းတစ်ခု ရှိတယ်..."

လင်းတုန်းသည် ငိုပင် ငိုချင်လာ၏။ သို့သော်လည်း... ထိုအတွက် သူ့တွင် အချိန်ပို မရှိချေ။

"အသေးစိတ်တွေကိုတော့ မပြောပြတော့ဘူး..."

လင်းတုန်း သက်ပြင်းတစ်ချက် ချမိလုနီးပါး ဖြစ်သွားလေသည်။

"ဒါပေမဲ့ ကျောက်စိမ်းအဆင့် ကို ရောက်ဖို့ဆိုရင် မင်းရဲ့ အမြုတေ ထဲမှာ ဝဲကတော့တစ်ခု ဖန်တီးဖို့ လိုအပ်တယ်... အဲဒီ လည်ပတ်နေတဲ့ ရွေ့လျားမှုက မင်းရဲ့ မာဒြာ အရည်အသွေးကို ပိုပြီး သိပ်သည်းသွားစေမယ်... ဝိညာဉ်စွမ်းအင်တွေကို လက်ခံနိုင်စွမ်းကိုလည်း တိုးစေမယ်... မာဒြာ ပြန်လည်ပြည့်ဖြိုးတဲ့ နှုန်းကိုလည်း မြန်စေမယ်... မင်းရဲ့ ထိန်းချုပ်မှုကိုလည်း ကူညီပေးမယ်... အကျိုးကျေးဇူးတွေက စုံလို့ပါပဲ... နောက်ဆုံးမှာတော့ အဲဒီ စုပ်ယူနိုင်တဲ့ စွမ်းအားက ဝိညာဉ်အကြွင်းအကျန် တစ်ခုကို ထည့်သွင်းထားနိုင်လောက်တဲ့အထိ အားကောင်းလာလိမ့်မယ်..."

လင်းတုန်း မှတ်စု လိုက်မှတ်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေ၏။ သို့သော် သူ မျက်လုံးများကို ဖွင့်လိုက်သည်နှင့် အသက်ရှူခြင်း နည်းစနစ် လွတ်ထွက်သွားပေလိမ့်မည်။ ထို့အပြင် ထိုသို့ပြုလုပ်ခြင်းက သူ့ကို နည်းစနစ်တစ်ခု အပင်ပန်းခံ သင်ကြားပေးခဲ့သော အဆင့်နိမ့် အရှင်သခင် ကို မလေးမစား ပြုရာလည်း ရောက်ပေလိမ့်မည်။

"လမ်းစဉ် တိုင်းမှာ မူပိုင် ကျောက်စိမ်းအဆင့် လည်ပတ်ကျင့်ကြံတဲ့ နည်းစနစ် ကိုယ်စီ ရှိကြတယ်... အဲဒါက ဝိညာဉ် ရဲ့ သီးခြား အစိတ်အပိုင်းတွေကို အဓိကထား အားဖြည့်ပေးတယ်... တချို့က အော်ရာ ကို ထိထိရောက်ရောက် စုပ်ယူနိုင်စွမ်းမှာ အထူး ကောင်းမွန်ပြီး၊ တချို့ကတော့ မင်းရဲ့ မာဒြာ တွေကို မိနစ်ပိုင်းအတွင်း ပြန်လည်ပြည့်ဖြိုးစေဖို့ ကူညီပေးတယ်... စသဖြင့်ပေါ့လေ... အဲဒါက နက်နဲပြီး ကျယ်ပြန့်တဲ့ နယ်ပယ်တစ်ခုပဲ... ဒါပေမဲ့ ဒီနည်းစနစ်ကိုတော့ မင်းအတွက် သီးသန့် ရွေးချယ်ပေးခဲ့တာ..."

လင်းတုန်းသည် သူ့ကို ကျေးဇူးတင်စကား ဆိုရန် ကြိုးစားလိုက်၏။ သို့သော် အသံတစ်သံ ထွက်ပေါ်လာစေရန် အားယူလိုက်ရခြင်းကပင် လည်ပတ်နေသော ကျောက်ဘီးလုံးအပေါ် သူ၏ ထိန်းချုပ်မှုကို လွတ်ထွက်သွားစေမတတ် ဖြစ်သွားလေသည်။

"ကောင်းကင်နဲ့ မြေကြီး သန့်စင်ခြင်း စက်ဝန်း က အမြုတေ ရဲ့ နယ်နိမိတ်တွေကို ဖြည်းဖြည်းချင်း ကြိတ်ချေပစ်လိမ့်မယ်... အဲဒါက မာဒြာ တွေကို သိုလှောင်နိုင်တဲ့ မင်းရဲ့ စွမ်းရည်ကို တိုးတက်လာစေဖို့ အလုံးစုံ အာရုံစိုက်ထားတာပဲ... မင်းကိုယ်တိုင် မာဒြာပြား တွေ ဖန်တီးပြီး ပြန်မြိုချခဲ့သလိုမျိုး အကျိုးသက်ရောက်မှု ရှိတယ်... အမြုတေ ရဲ့ နယ်နိမိတ်တွေကို တွန်းကန်ဖို့ ယာယီ စွမ်းအင်ကို အသုံးပြုပြီး၊ စွမ်းအင်တွေကို အမြဲတမ်း သိုလှောင်နိုင်တဲ့ စွမ်းရည် အဖြစ် ချဲ့ထွင်ပေးတာပေါ့... ဒါပေမဲ့ မာဒြာပြား တွေကို ပြန်မြိုချတဲ့အခါမှာ ဖန်တီးတဲ့ လုပ်ငန်းစဉ်အတွင်း စွမ်းအင်တချို့ အလေအလွင့် ရှိနိုင်ပေမယ့်၊ ဒီနည်းစနစ်ကတော့ လည်ပတ်မှု တစ်ခုလုံးကို အတွင်းမှာပဲ ထိန်းသိမ်းထားနိုင်တဲ့အတွက် ဘာအလေအလွင့်မှ မရှိဘူး... အဲဒါက နှေးကွေးတယ်၊ လေ့ကျင့်ဖို့ ခက်ခဲတယ်... ပြီးတော့ မင်း အသက်ရှူကျပ်ပြီး သေတော့မလို ခံစားရလိမ့်မယ်..."

လင်းတုန်းသည် ခေါင်းညိတ်ပြလိုက်ရာ အသက်ရှူကျပ်သွားမတတ်ပင် ဖြစ်သွားလေ၏။

"ဒါပေမဲ့ ဒီနည်းစနစ်က သန့်စင်တဲ့ မာဒြာ အပါအဝင် ဘယ် မာဒြာ မျိုးနဲ့မဆို အလုပ်ဖြစ်တယ်... တကယ်လို့ မင်းရဲ့ ဒုတိယမြောက် အမြုတေ ကို တခြား လမ်းစဉ် တစ်ခုနဲ့ ဖြည့်ဆည်းလိုက်ရင်တောင်မှ ဒီနည်းစနစ်က အဲဒီအတွက်ပါ အလုပ်ဖြစ်လိမ့်မယ်... ပြီးတော့ မင်းရဲ့ အမြွှာကြယ် လမ်းစဉ် က ပုံမှန် အရွယ်အစားရှိတဲ့ အမြုတေ တစ်ခုကို သေးငယ်တဲ့ အမြုတေ နှစ်ခုအဖြစ် ခွဲထုတ်ပစ်လိုက်တယ်... ဒါကြောင့် အထူး ဆေးရည်တွေ၊ ဒါမှမဟုတ် သိုလှောင်နိုင်စွမ်းကို အထူးပြုထားတဲ့ နည်းစနစ်တစ်ခုသာ မရှိဘူးဆိုရင် မင်းရဲ့ အမြုတေ နှစ်ခုထဲက တစ်ခုကိုတောင် ပုံမှန် အရွယ်အစားရောက်အောင် ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ဘူး..."

နောက်ဆုံးတွင်တော့ လင်းတုန်းသည် နည်းစနစ်ကို ထိန်းချုပ်မှုမှ လွတ်ထွက်သွားလေတော့၏။ သူ၏ မာဒြာ များသည် ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားလေသည်။ ရေအောက်မှ အပေါ်သို့ ပြန်တက်လာပြီး လေကို လုရှူရသကဲ့သို့ သူ အလောတကြီး အသက်ရှူသွင်းလိုက်ရ၏။ ထို့နောက် သူ၏ အမြုတေ အတွင်း၌ ပိတ်လှောင်ထားခဲ့သော စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အနှံ့ အဟုန်ပြင်းစွာ စီးဆင်းသွားလေသည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွား၏။ ထို့နောက် ကြိုးဆွဲခံလိုက်ရသော ရုပ်သေးရုပ်တစ်ရုပ်အလား သူသည် ချက်ချင်း မတ်တပ် ထရပ်မိလျက်သား ဖြစ်သွားလေတော့သည်။

အီသန်က ခေါင်းညိတ်လိုက်၏။

"အဲဒီလို ဖြစ်တတ်ပါတယ်..."

သူက မတ်တပ်ရပ်လိုက်ပြီး ထွက်ခွာရန် ပြင်ဆင်နေသည့်အလား သူ၏ ဝတ်ရုံကို ဖုန်ခါလိုက်လေသည်။

"လှည့်ပတ်ကျင့်ကြံတဲ့ နည်းစနစ် တိုင်းမှာ အားနည်းချက်၊ အားသာချက် ဆိုတာ ရှိစမြဲပဲ... ဒါကြောင့် နောက်ရက်အနည်းငယ် ကြာလို့ မင်း သဘောမကျဘူး ဆိုရင်တော့ တခြား နည်းစနစ်တစ်ခုကို ငါ အကြံပေးနိုင်ပါတယ်... ဒါပေမဲ့ ထိန်းချုပ်မှုကိုတော့ လေ့လာသင်ယူလို့ ရတယ်... အရည်အသွေးကိုတော့ ဆေးရည်တွေနဲ့ မြှင့်တင်နိုင်တယ်... အော်ရာ စုဆောင်းဖို့ဆိုတာကလည်း စိတ်ရှည်သည်းခံမှုပဲ လိုအပ်တာပါ... ပြန်လည်ပြည့်ဖြိုးမှုအတွက် ပြောရမယ်ဆိုရင်တော့... မင်း တစ်သက်လုံး သုံးလို့မကုန်နိုင်လောက်တဲ့ ပမာဏလောက် ရှိနေတဲ့အခါမှာ မာဒြာ တွေကို မြန်မြန်ဆန်ဆန် ပြန်လည်ပြည့်ဖြိုးဖို့ ဘာလို့ လိုအပ်တော့မှာလဲ..."

လင်းတုန်းသည် သူ၏ အသက်ရှူနှုန်းကို ပုံမှန်ဖြစ်စေရန် ကြိုးစားနေဆဲ ဖြစ်၏။ သို့သော် သူသည် ချွေးထွက်နေသော နဖူးကို အင်္ကျီလက်ဖြင့် သုတ်လိုက်ပြီး အနည်းငယ် ဦးညွှတ်လိုက်လေသည်။

"ကျွန်တော် လက်လျှော့မှာ မဟုတ်ပါဘူး အဆင့်နိမ့် အရှင်သခင် ... ခင်ဗျားရဲ့ ဉာဏ်ပညာကို ကျွန်တော် ယုံကြည်ပါတယ်..."

"အဆင့်နိမ့် အရှင်သခင် ဆိုတာ ငါ့နာမည် မဟုတ်ပါဘူး..."

လင်းတုန်း၏ အိတ်ကပ်ကို လက်ညှိုးမထိုးမီ အီသန်က ပြောလိုက်၏။

"လောလောဆယ်တော့ မင်းရဲ့ အဲဒီ လက်စွပ်ကို မဝတ်ဘဲ နေတာ ပိုကောင်းလိမ့်မယ်... ကိုယ့်ကိုယ်ကိုယ် ဒုက္ခမပေးရင်တောင်မှ ဒီနည်းစနစ်က လုံလောက်အောင် ခက်ခဲနေပြီပဲ..."

သူက သူ၏ နဖူးကို အသာအယာ ထိလိုက်ပြီး ခေါင်းညိတ်ပြလိုက်လေသည်။

"ကဲ... ကောင်းသောညပါ..."

အီသန်မှာ တံခါးကို ပိတ်ကာ ထွက်ခွာသွား၏။

သို့သော် ချက်ချင်းဆိုသလိုပင် ပြန်ပွင့်လာပြန်သည်။ အီသန်၏ ခေါင်းက အထဲသို့ ပြန်လည် ပြူထွက်လာလေ၏။

"မင်း ဆက်ပြီး ကျင့်ကြံနေမှာ မဟုတ်လား... ငါ့ မျက်ကွယ်ရာမှာ မင်း အပျင်းမထူလောက်ဘူး မလား..."

"ခင်ဗျားက ဘယ်တော့မှ မျက်ကွယ်မှာ နေတာမှ မဟုတ်တာ..."

လင်းတုန်းက ခြောက်ကပ်ကပ် အသံဖြင့် ပြောလိုက်လေသည်။

"အဲဒါကို မမေ့နဲ့..."

အီသန်က မျက်လုံးကို ပြူးလိုက်၏။ ထို့နောက် တံခါးကို ဖြည်းညင်းစွာ ပိတ်လိုက်စဉ် လင်းတုန်းကို စူးစိုက်ကြည့်နေလေတော့သည်။

လင်းတုန်း ကုတင်ပေါ်တွင် မထိုင်မီ အသက်ကို မှန်မှန် ရှူသွင်းရန် အချိန်အနည်းငယ် ယူလိုက်ရလေ၏။ သူသည် ကျောက်ဘီးလုံးကြီးကို စိတ်ကူးဖြင့် စတင် ပုံဖော်နေခဲ့ပြီ ဖြစ်၏။ ထိုစဉ် အိတ်ကပ်ထဲသို့ လက်လျှိုသွင်းလိုက်ရာ ငွေတစ်ဝက် ဖြင့် ပြုလုပ်ထားသော အေးစက်စက် စက်ဝိုင်းလေးနှင့် ထိတွေ့မိသွားလေသည်။

ကပ်ပါး လက်စွပ် ကို အသုံးမပြုရန် အီသန်က ပြောခဲ့ဖူး၏။ သို့သော် လင်းတုန်းသည် ဆရာများ တောင်းဆိုထားသည့် အတိုင်းအတာထက် ကျော်လွန်ကာ မိမိကိုယ်ကို ပိုမို တွန်းအားပေးရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လက်စွပ်၏ အပို ဝန်ထုပ်ဝန်ပိုးနှင့်အတူ ထို လည်ပတ်ကျင့်ကြံခြင်း နည်းစနစ်ကို ကြိုးစား လုပ်ဆောင်ရမည်ဟူသော အတွေးကပင် သူ့ကို ရုပ်ပိုင်းဆိုင်ရာအရ တုန်ရီသွားစေလေသည်။ ၎င်းသည် သူ၏ အဆုတ်များကို သံမဏိကြိုးကွင်းများဖြင့် ရစ်ပတ်ချည်နှောင်ထားသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

လက်စွပ်ကို ချန်ထားခဲ့ကာ အိတ်ကပ်ထဲမှ သူ၏ လက်ကို ဆွဲထုတ်လိုက်ချိန်တွင် အခြား အရာဝတ္ထု သေးသေးလေး တစ်ခုနှင့် ပွတ်တိုက်မိသွား၏။ ၎င်းမှာ နွေးထွေးနေသော ချောမွေ့သည့် ဖန်လုံးလေး တစ်လုံးပင် ဖြစ်လေသည်။

လင်းတုန်းသည် ၎င်းကို လက်သီးဆုပ်ထဲတွင် ဆုပ်ကိုင်ထားလိုက်၏။ ငြိမ်သက်နေသော အပြာရောင် ဖယောင်းတိုင် မီးတောက်လေးကို စိတ်ကူးဖြင့် ပုံဖော်ကြည့်လိုက်လေသည်။ ကျောက်စိမ်းအဆင့် သည် သူ၏ ရည်မှန်းချက် မဟုတ်ပေ။ ကျင်းလုံ သည်လည်း သူ၏ ရည်မှန်းချက် မဟုတ်ချေ။ အဆင့်နိမ့် အရှင်သခင် သည်ပင်လျှင် သူ၏ ရည်မှန်းချက် မဟုတ်ခဲ့ပေ။

အကယ်၍ အီသန်သာ အထွတ်အမြတ် တောင်ကြား ကို ကယ်တင်နိုင်ခဲ့မည် ဆိုလျှင်၊ ဆူရီရယ် သည် သူ့အား အီသန်၏ အနာဂတ် မြင်ကွင်းကို ပြသခဲ့ပေလိမ့်မည်။ အီသန် ဖြစ်နိုင်သည်ဟု တွေးတောထားသည့် အတိုင်းအတာထက် ပိုမို ဝေးကွာသော နေရာအထိ သူ ရောက်ရှိအောင် သွားရမည် ဖြစ်သည်။

သူသည် လှ့ည်ပတ်ကျင့်ကြံသည့် အနေအထားသို့ ဝင်ယူလိုက်၏။ ထို့နောက် သူ၏ လက်စွပ်ကို စွပ်လိုက်လေတော့သည်။

***

All Chapters