← Chapters

အခန်း (၁၈၅-၁၈၆)

Vol. 14 Ch. 185-186

အခန်း (၁၈၅-၁၈၆)

Vol. 14 Ch. 185-186

အပိုင်း(၁၈၅)

ခရီးထွက်လာခဲ့သည့် ၃၂ ညမြောက်တွင် လမင်းကြီး ထွက်ပေါ်လာချိန်၌ ကပ်ဆီးရပ်စ် အာရီလီယပ်စ်သည် ကောင်းကင် ကရုဏာ ၏ ထိန်းချုပ်ခန်းမှ ဖယ်ခွာလာခဲ့သည်။ အစီအရင်က အမြဲတမ်း ထိန်းသိမ်းပြုပြင်နေရန် မလိုအပ်သော်လည်း ကောင်းကင်ကို တစ်စုံတစ်ယောက် စောင့်ကြည့်နေခြင်းက သူ့ကို ပို၍ စိတ်အေးစေသည်။ အကယ်၍ ဧရာမ လင်းယုန် တစ်ကောင် တိမ်တိုက်များထဲမှ ထွက်ပေါ်လာလျှင် လမ်းလွှဲနိုင်ရန် အနီးကပ်နှင့် လျင်မြန်စွာ လုပ်ဆောင်နိုင်သူ တစ်ယောက်မှ မရှိပါက သူတို့ ဒုက္ခရောက်ကြပေမည်။

သို့သော်လည်း... အာရီလီယပ်စ် တစ်ယောက်အနေဖြင့် ထိုကဲ့သို့သော အန္တရာယ် ချဉ်းကပ်လာခြင်းကို မျက်စိမှိတ်ထားလျှင်ပင် သတိမပြုမိဘဲ နေမည်မဟုတ်ချေ။ သူ၏ မာဒြာ ကွန်ရက်က ပတ်ဝန်းကျင် မိုင်ဝက်ခန့်အကွာအထိ တိမ်တိုက်များနှင့် လွတ်ဟာနေသောလေထုမှလွဲ၍ ဘာမျှမရှိကြောင်း ပြသနေသည်။ ထို့အပြင် အာရီလီယပ်စ် အဆင့်နိမ့် အရှင်သခင် လည်း သင်္ဘောပေါ်တွင် ရှိနေသည်။ လေတိုက်ခတ်မှုပင်လျှင် အီသန်၏ သတိထားမှုမှ ကင်းလွတ်လိမ့်မည် မဟုတ်ချေ။

"နောက်ဆုံးအလှည့်ကို ယူချင်လား"

စာအုပ်တစ်အုပ်ကိုင်ကာ ဆိုဖာပေါ်တွင် လဲလျောင်းနေသော အီသန် အား သူက မေးလိုက်သည်။ ဆယ်နာရီအောက် အချိန်အတွင်းတွင် သူတို့သည် 'မြွေသင်္ချိုင်း' သို့ ရောက်ရှိတော့မည်ဖြစ်သည်။ ကောင်းကင် ကရုဏာ ကို ပိုမိုမြန်ဆန်စွာ သွားစေရန် သူ၏ အမြုတေ ကို ခန်းခြောက်သွားသည်အထိ သုံးရမည်ဆိုလျှင်ပင် သူ သုံးပေလိမ့်မည်။ သူ၏ ဇနီးနှင့် သားတို့သည် ထိုနေရာတွင် သူ့ကို စောင့်မျှော်နေကြသည်။ သူတို့သည် သူ့နောက်သို့လိုက်ရန် မြို့တော်ရှိ သူတို့၏အိမ်ကို စွန့်ခွာခဲ့ကြရသည်။ သို့သော်လည်း... သူသည် သူတို့၏ စည်းကမ်းမဲ့သော အဆင့်နိမ့် အရှင်သခင် ကို လိုက်လံရှာဖွေရန် သူတို့ကို နှစ်လကြာ စွန့်ပစ်ထားခဲ့သည်။

မည်သို့ပင် ဆိုစေ... ဤသည်မှာ သူ၏အလုပ်ဖြစ်နေသည်။ ထိုမျှကြာရှည်စွာ ခွဲခွာနေရခြင်းက မည်မျှပင် ပင်ပန်းစေကာမူ သူ လုပ်ဆောင်ရမည်ဖြစ်သည်။ အီသန်သည် သူ ‘ဂျင်း’ ကို လက်ထပ်နိုင်ခဲ့ခြင်း၏ အကြောင်းရင်းဖြစ်သည်။ အဆင့်နိမ့် အရှင်သခင် တစ်ယောက်၏ စကားတစ်ခွန်းတည်းကသာ သူတို့မိသားစုများ သဘောတူရန် ဖျောင်းဖျနိုင်ခဲ့သည်။ သူ၏ လက်ကျန်ဘဝတစ်လျှောက်လုံး အီသန် နှင့်အတူ နေထိုင်ရမည်ဆိုလျှင်ပင် ထိုကျေးဇူးကို ဆပ်ရန် လုံလောက်မည်မဟုတ်ပေ။

သို့သော်လည်း သူသည် ကပ်ဆီးရပ်စ်၏ နေရာကို ယူခဲ့သည်။ ကပ်ဆီးရပ်စ် သည် အာရီလီယပ်စ် မိသားစု၏ ခေါင်းဆောင်ကြီး ဖြစ်လာရန် မွေးဖွားလာသူဖြစ်သည်။ သူသည် သွေးဆက်မှ တိုက်ရိုက်ဆင်းသက်လာသူဖြစ်ပြီး သူ၏ အသွင်အပြင်နှင့် အမူအကျင့်တို့မှာ အပြစ်ဆိုဖွယ်မရှိပေ။ ငယ်စဉ်ကတည်းက ကျင့်ကြံခြင်း တွင် သူ၏ စွမ်းရည်ဖြင့် လူတိုင်းကို အထင်ကြီးစေခဲ့သည်။

သို့သော်လည်း... အီသန်က သူ့ ဘက်မှ မရပ်တည်မီက ဂျင်း ၏ မိသားစုအတွက် ထိုအရာတစ်ခုမျှ မလုံလောက်ခဲ့ပေ။ သူသည် ခေါင်းဆောင်ကြီး ၏ အမွေဆက်ခံသူရာထူးကို မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် လဲလှယ်ခဲ့သော်လည်း တစ်ခါတစ်ရံ ပြန်လည်သတိရမိခြင်းက သူ့ကို နာကျင်စေဆဲဖြစ်သည်။

အီသန် က သမ်းဝေလိုက်ပြီး စာအုပ်ကို ပိတ်လိုက်၏။

"ငါတို့နဲ့ ဘေးကင်းတဲ့ ဆင်းသက်မှုကြားမှာ ကြည်လင်နေတဲ့ ကောင်းကင်ကလွဲလို့ ဘာမှမရှိပါဘူး"

မမြင်နိုင်သော စွမ်းအားကွန်ရက်တစ်ခုသည် ကောင်းကင် ကရုဏာ တစ်လျှောက် ကျယ်ပြန့်သွားပြီး ကပ်ဆီးရပ်စ် ထံသို့ သတင်းအချက်အလက် အပိုင်းအစလေးများ ယူဆောင်လာပေးသည်။

ဖစ်ရှာ ဂီရှာ လှည့်လည်သွားလာနေစဉ် သူမ၏ အဝတ်အစားများ တရှဲရှဲမြည်နေခြင်း၊ ယီရင် ၏ မျက်ခွံများသည် အနှောင့်အယှက်ဖြစ်စေသော အိပ်မက်တစ်ခုကြောင့် တွန့်လိမ်နေခြင်း၊ လင်းတုန်း ၏ ရင်ဘတ်သည် ညီညာစွာ နိမ့်ချည်မြင့်ချည်ဖြစ်နေခြင်းတို့ပင် ဖြစ်သည်။

အာရီလီယပ်စ် တစ်ယောက် အနီးတွင် ရှိနေပါက ကိုယ်ရေးကိုယ်တာဟူ၍ မရှိသော်လည်း မသိချင်ယောင်ဆောင်ခြင်းက ယဉ်ကျေးရာကျသည်။

ယခုအခါ ပြင်ပလူများ အိပ်ပျော်နေကြောင်း အတည်ပြုပြီးနောက် ကပ်ဆီးရပ်စ် က လွတ်လပ်စွာ ပြောဆိုလိုက်သည်။

"သူတို့ ကျွန်တော်တို့ကို မကြားနိုင်ဘူး။ ဆင်းသက်ဖို့ ခင်ဗျား လမ်းညွှန်ပေးနိုင်လောက်အောင် တကယ်နီးကပ်လာတဲ့အခါ ကျွန်တော့်ကို ပြောပြပါ"

သူသည် အီသန် ကို သိခဲ့သည်မှာ ခြောက်နှစ်ရှိပြီဖြစ်ပြီး ထိုအချိန်အများစုတွင် သူနှင့် နီးကပ်စွာ အလုပ်လုပ်ခဲ့သည်။ များသောအားဖြင့် ထိုလူ လိမ်ညာနေချိန်ကို သူ ပြောပြနိုင်သည်။

အီသန် ရောက်ရှိလာပြီးနောက် ကပ်ဆီးရပ်စ် ၏ ပထမဆုံးအလုပ်တစ်ခုမှာ အဆင့်နိမ့် အရှင်သခင် ၏ အာရုံခံနိုင်စွမ်း ကန့်သတ်ချက်ကို ဆုံးဖြတ်ရန်ဖြစ်သည်။

အကြောဆန့်ရင်း အီသန် က နောက်ထပ် သမ်းဝေမှုတစ်ခုဖြင့် ပြောလိုက်သည်။

"ပထမဆုံး ခေါင်းဆောင်ကြီး က သူ့ရဲ့ မျိုးဆက်တွေကို တခြားတိုက်ကြီးကနေ စောင့်ကြည့်နိုင်တယ်လို့ ငါ့ အဖေက ပြောဖူးတယ်။ သင်္ချိုင်းထဲကနေတောင် ဖြစ်နိုင်တယ်..."

အီသန်က မျက်ခုံးများကို အထက်အောက် လှုပ်ရှားလိုက်သည်။

"ဒဏ္ဍာရီတွေကို ခင်ဗျား ခဏခဏ နားထောင်လေ့ရှိလား"

ကပ်ဆီးရပ်စ် က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"ဟုတ်တယ်။ အဲဒါက အဆင့်နိမ့် အရှင်သခင် အဆင့်ကို ရောက်ဖို့ လျှို့ဝှက်ချက်ပဲ၊ ပုံပြင်ဟောင်းတွေကို လေ့လာတာပေါ့။ အဲဒါရယ်၊ ဆီးအိမ်ကျန်းမာရေးရယ်ပေါ့"

အီသန် သည် ဘား၏ဘေး၊ အနောက်ဘက်သို့ ဦးတည်သွားသည်။

"ခွင့်ပြုမယ်ဆိုရင်၊ အိမ်က ခဏလောက် သူ့ဟာသူ ပျံသန်းနိုင်ပါတယ်"

ကပ်ဆီးရပ်စ် သည် ကောင်းကင် ကရုဏာ ၏ အလယ်ခန်းတွင် တစ်ယောက်တည်း ကျန်ခဲ့သည်။ ၎င်းသည် လွန်ခဲ့သောနှစ်လအတွင်း သူ၏အိမ်ဖြစ်ခဲ့၏။ သူ၏ဘဝတစ်လျှောက်လုံးတွင် ၎င်းအတွင်း၌ ပိုမိုကြာရှည်စွာ နေထိုင်ခဲ့ရသော်လည်း ၎င်းသည် သူ့အပိုင်ဖြစ်မည်ဟု မျှော်လင့်ကာ ကြီးပြင်းလာခဲ့သည်။

ယခုမူကား ၎င်းသည် အီသန် ၏အပိုင်ဖြစ်သည်။ ကပ်ဆီးရပ်စ် က ၎င်းကို ငှားရမ်းထားခြင်းသာဖြစ်သည်။ ဘဝတွင် အရာအားလုံးသည် အရောင်းအဝယ်တစ်ခုဖြစ်သည်။

ကောင်းကင် ကရုဏာ ပေါ်တွင် အိပ်ခန်းခြောက်ခန်း၊ ရေချိုးခန်း၊ ဘားတစ်ခု၊ လေ့ကျင့်ရေးခန်းတစ်ခုနှင့် ကျင့်ကြံရန် တိတ်ဆိတ်သောအလုံပိတ်ခန်းတစ်ခု ရှိသည်။ အပေါ်ထပ်ရှိ အိပ်ခန်းသို့ မသွားမီ ကပ်ဆီးရပ်စ် ရပ်လိုက်သည်။

လူသူကင်းမဲ့သော တောရိုင်းမြေ မှ ထွက်ခွာလာပြီးကတည်းက လတစ်လကျော်အတွင်း သူသည် သိချင်စိတ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဟိုကလေး နှစ်ယောက်စလုံး အိပ်နေသည်။ လေ့ကျင့်ရေးကွင်းက အလွတ် ဖြစ်နေသည်။

အီသန် သည် သူဘာလုပ်နေသည်ကို သေချာပေါက် သိလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် အီသန် က အရာအားလုံးကို သိသည်ဟူ၍ မှတ်ယူကာ လှုပ်ရှားခြင်းက အကောင်းဆုံးဖြစ်သည်။ အဆင့်နိမ့် အရှင်သခင်သည် ကြိုးစားစရာမလိုဘဲ ကိုက်တစ်ရာအတွင်းရှိ အရာအားလုံးကို မြင်နိုင်သည်။

ကပ်ဆီးရပ်စ် သည် တံခါးကို တွန်းဖွင့်လိုက်ပြီး ပြင်းထန်ပြီး ခိုက်ခိုက်တုန်အောင်ချမ်းသော လေပြင်းကိုဖြတ်ကာ တိမ်တိုက်ပေါ်တွင် ခြေနှစ်လှမ်းလှမ်းပြီး ကျီထဲသို့ ဝင်သွားသည်။

လရောင်သည် အရိပ်များကို ဖြတ်သန်းကာ စောင်းငဲ့ကျနေသော်လည်း ကပ်ဆီးရပ်စ် သည် သူ၏ သွေးမျိုးဆက်စွမ်းအားများဖြင့် အရုပ်တစ်ဆယ့်ရှစ်ခုလုံးကို မြင်နိုင်သည်။

ကပ်ဆီးရပ်စ်က ရွေ့လျားသွားစဉ် သူ၏ အာရုံခံကွန်ရက်ကြိုးများသည် အရုပ်တစ်ရုပ်စီကို အလှည့်ကျ ဖြတ်သန်းသွားသည်။ ၎င်းသည် အခန်းတွင်းရှိ အရာအားလုံးကို သူ၏ လက်ချောင်းထိပ်များဖြင့် ပွတ်ဆွဲနိုင်သကဲ့သို့ဖြစ်ပြီး တဖြည်းဖြည်းနှင့် ပုံရိပ်တစ်ခုကို ရရှိလာသည်။

သူ သံသယရှိခဲ့သည်များကို အတည်ပြုပြီးနောက် စက္ကန့်အနည်းငယ်အကြာတွင် အဆုံးသတ်လိုက်သည်။ အီသန် နားထောင်နေသည်ကို သူသိသောကြောင့် ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။

"သူ့ကို သတ်ဖို့ ခင်ဗျား ကြိုးစားနေတာတော့ မဟုတ်ဘူးမလား"

ကောင်းကင် ကရုဏာ သို့ သူ ပြန်လည်ဝင်ရောက်လာသောအခါ အီသန် သည် ထိန်းချုပ်ခုံတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

"ငါ ကြိုးစားနေတာ မဟုတ်ပါဘူး"

အဆင့်နိမ့် အရှင်သခင် က တုံ့ပြန်သည်။

"မိခင်ငှက်တစ်ကောင်က သားပေါက်လေးကို အသိုက်ထဲကနေ တွန်းချလိုက်တဲ့အခါ သူ့ရဲ့ကလေးကို သတ်ဖို့ ကြိုးစားနေတာလား"

"အဲဒါက အဆင့်နိမ့် ရွှေအဆင့် လေ့ကျင့်ရေး တစ်ခုပဲ"

ကပ်ဆီးရပ်စ် က ခြောက်ကပ်ကပ် လေသံဖြင့် ပြောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်အထိ အဲဒီလို လေ့ကျင့်ရေးမျိုးနဲ့ ကျွန်တော် လေ့ကျင့်ခဲ့တယ်"

"အင်း... အတူတူပဲလေ... ပင်မစံအိမ်ကြီးက မင်းရဲ့ လေ့ကျင့်ရေးခန်းကနေ ပုံစံကြမ်းတွေကို ငါ ယူခဲ့တာ"

ကပ်ဆီးရပ်စ်သည် သူ၏ မာဒြာ ကွန်ရက်ကို ကျီဆီသို့ ပြန်လည်ဖြန့်ကျက်လိုက်ပြီး သူ၏အာရုံခံစားမှုများကို အရုပ်များဆီသို့ လွှမ်းခြုံစေလိုက်သည်။ သူ လက်တစ်ကမ်းအကွာတွင် ရပ်နေစဉ်ကလောက် မြန်ဆန်ပြီး အသေးစိတ်မကျသော်လည်း ၎င်းသည် စေ့စပ်သေချာဆဲဖြစ်သည်။

သိပ်ပြီး မအံ့ဩဘဲ အီသန် အမှန်အတိုင်း ပြောနေသည်ကို သူ နားလည်လိုက်သည်၊ လေ့ကျင့်ရေး နှစ်ခုမှာ အတော်လေး ဆင်တူသည်။

"ခင်ဗျားက ကလေးတစ်ယောက်ကို ဝံပုလွေတစ်ကောင်နဲ့ အခန်းကျဉ်းလေးထဲမှာ ပိတ်လှောင်ပြီး နပန်းလုံးဖို့ သင်ပေးနေတာပဲ..."

ကပ်ဆီးရပ်စ် က ပြောလိုက်သည်။ သူ၏လေသံသည် ယဉ်ကျေးသော လက်အောက်ငယ်သားတစ်ယောက်နှင့် တင်းကျပ်သော အုပ်ထိန်းသူတစ်ယောက်ကြားရှိ စည်းမျဉ်းကို ခွကျော်နေသည်။

လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း လင်းတုန်း အကြောင်းကို သူ သိရှိလာခဲ့သည်။ ကောင်လေးသည် စိတ်အားထက်သန်ပြီး ဉာဏ်ရည်သွက်လက်သော်လည်း ကျင့်ကြံခြင်း များနှင့်ပတ်သက်၍ လုံးဝနီးပါး နားမလည်ပေ။ ကပ်ဆီးရပ်စ် သူ ထိခိုက်နာကျင်ရမည်ကို မမြင်လိုပေ။

တစ်စုံတစ်ယောက်က သူ့ကို ပြင်ပကမ္ဘာနှင့် လုံးဝအဆက်အသွယ်ပြတ်တောက်စွာ ပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ပြည့်စုံပြီး ခိုင်မာသော ပညာသင်ကြားမှုတစ်ခုကို လိုအပ်နေသည်။ အထူးသဖြင့် အာရီလီယပ်စ် မိသားစု ၏ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် လူ့အဖွဲ့အစည်းကို ရင်ဆိုင်ရန် လိုအပ်သော အသိပညာများ အားလုံးကို ပြင်ဆင်ပေးရန် နှစ်နှင့်ချီ၍ အချိန်ယူရပေမည်။ သူသာ အဆင်သင့် မဖြစ်သေးပါက သူတို့၏ ရန်သူများက သူ့ကို ဆွဲဖြဲပစ်ကြလိမ့်မည်။

အီသန်ကမူ ထိုစွမ်းရည်များကို လအနည်းငယ်အတွင်း သူ၏ခေါင်းထဲသို့ ရိုက်သွင်းရန် ဆုံးဖြတ်ထားပုံရသည်။ ထိုအရာက သူ့ကို အထောက်အကူပြုမည် မဟုတ်သလို တိုးတက်စေမည်လည်း မဟုတ်ပေ။ ၎င်းသည် သူ့ကို ခြောက်သွေ့နေသော မီးစာကဲ့သို့ လောင်ကျွမ်းသွားစေမည်သာ ဖြစ်သည်။

"ကျင်းလုံက အဆင့်မြင့် ရွှေအဆင့် တစ်ယောက်အတွက်တောင် အန္တရာယ်များတယ်... လင်းတုန်း ကို ဝံပုလွေလိုမျိုး အရာတစ်ခုခုနဲ့ စတင်တာ အကောင်းဆုံးပဲလို့ မင်း မထင်ဘူးလား..."

***

အပိုင်း(၁၈၆)

အီသန်သည် ထိန်းချုပ်ခုံပေါ်တွင် ထိုင်နေပြီး သူ၏စာအုပ်ကို ပြန်ဖတ်နေပြန်သည်။ မှန်ပြတင်းပေါက် အပြင်ဘက်၌ ညကောင်းကင်ယံက ရင်သပ် ရှုမောဖွယ် လှပနေသည်။ သို့သော်... ထိုဘက်သို့ လှည့်ကြည့်ရန်ပင် သူ ဂရုမစိုက်ပေ။

"ခင်ဗျားက ကျင်း ကလန် ရဲ့ အမွေဆက်ခံသူဟောင်း တစ်ယောက်နဲ့ သူ့ကို တကယ်ပဲ တိုက်ခိုက်စေချင်နေတုန်းပဲလား..."

အဆင့်နိမ့် အရှင်သခင် တစ်ယောက်ကို မေးခွန်းထုတ်ခြင်းက စည်းမျဉ်းအရ သင့်လျော်မှုမရှိပေ။ သို့သော် အီသန် သည် အစဉ်အလာစည်းမျဉ်းများကို လိုက်နာတတ်သူ တစ်ယောက် မဟုတ်ခဲ့ပေ။

အီသန်က စာမျက်နှာကို လှန်လိုက်၏။

"မင်း လင်းတုန်း နဲ့ ယီရင် နှစ်ယောက်စလုံးကို စောင့်ကြည့်နေခဲ့တာပဲ... မင်း ဘယ်လိုထင်လဲ..."

"ယီရင် ကတော့ ရတနာသိုက်တစ်ခုပါပဲ..."

ကပ်ဆီးရပ်စ် က ချက်ချင်း ပြောလိုက်သည်။

"သူ့ လိုမျိုး ရွှေအဆင့် အမှတ်အသား တစ်ခုကို အသုံးပြုပြီး အဆင့်နိမ့် ရွှေအဆင့် သင်တန်းကို ပြီးမြောက်အောင် လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် စိတ်ကူးတောင် မယဉ်နိုင်ဘူး... ဒါပေမယ့် သူကတော့ လုံးဝ နီးပါးကို ပြီးမြောက်နေပြီ... သူက လွန်ခဲ့တဲ့ လအနည်းငယ်ကမှ အဆင့်နိမ့် ရွှေအဆင့် ကို တကယ်ရောက်ခဲ့တာဆိုရင် သူ့ရဲ့ မာဒြာ တွေက မယုံနိုင်လောက်အောင် တည်ငြိမ်လွန်းတယ်... ဒီနှုန်းအတိုင်းဆိုရင် သူက တစ်နှစ်အတွင်းမှာတင် အဆင့်မြင့် ရွှေအဆင့် ကို ရောက်နိုင်တယ်... သူက ဓားပညာရပ်တွေအတွက်ကို မွေးဖွားလာခဲ့တာပဲ..."

"မွေးဖွားလာရုံတင် မဟုတ်ပါဘူး... ဖန်တီးခံခဲ့ရတာပါ... လင်းတုန်း ကရော..."

အီသန် က ပြောလိုက်၏။

"သူက... ပါရမီတော့ ပါပါတယ်..."

ကပ်ဆီးရပ်စ် က တုံ့ဆိုင်းစွာ ပြောလိုက်သည်။ တကယ်တော့ လင်းတုန်း ၏ စွမ်းရည်အပေါ် သူ မည်သို့ နားလည်ပေးရမည်ကို မသိပေ။ ကောင်လေး၏ စိတ်ကူးနှင့် သဘောထားတို့က ချီးကျူးဖွယ် ကောင်းလှသော်လည်း သူ၏ ဝိညာဉ် ကမူ ဆိုးရွားနေသည်။

သူ့ထံတွင် သံမဏိအဆင့် ရှိ သန့်စင်သော မာဒြာ များ ပြည့်နေသည့် သာမန်အရွယ်အစား၏ ထက်ဝက်သာရှိသော အမြုတေ နှစ်ခုရှိသည်။ ကပ်ဆီးရပ်စ် က သူ၏ ကိုယ်ရေးကိုယ်တာကို လေးစားသောကြောင့် လျစ်လျူရှုထားသည့် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော လက်ဝတ်ရတနာ အနည်းငယ်က သူ၏ လွယ်အိတ်ထဲတွင် ရှိသည်။ ထို့အပြင် သူ ထောက်ပံ့နိုင်သည့် စွမ်းရည်ထက် အများကြီး ပိုလွန်နေသော သံမဏိအဆင့် ခန္ဓာကိုယ်တစ်ခုလည်း ရှိသေးသည်။

အီသန်သည် လင်းတုန်း အား ထို သံမဏိအဆင့် ခန္ဓာကိုယ် ရရှိရန် လမ်းညွှန်ပေးခဲ့ခြင်းဖြစ်မည်ဟု သူ သိသော်လည်း အကြောင်းရင်းကိုမူ သူ မသိပေ။ လင်းတုန်း အနေဖြင့် ထိုခန္ဓာကိုယ်ကို သယ်ဆောင်ရခြင်းသည် အဆင့်နိမ့် အရှင်သခင် တစ်ယောက်၏ လက်နက်ကို ထိန်းချုပ်ရန် ကြိုးစားနေသည့် ကလေးငယ်တစ်ယောက်နှင့် တူသည်။ ထိုလက်နက်ကို အနည်းငယ် ဝှေ့ယမ်းနိုင်ကောင်း ဝှေ့ယမ်းနိုင်မည်ဖြစ်သော်လည်း အဆုံးတွင် ၎င်းသည် အခြားမည်သူ့ကိုမဆို ထိခိုက်စေသည်ထက် သူတို့ကိုယ်တိုင်ကိုသာ ပို၍ ထိခိုက်စေလိမ့်မည်ဖြစ်သည်။

"သူက ဗြောင်းဆန်နေတာပဲ..."

အီသန် သည် နောက်ထပ် စာမျက်နှာတစ်ခုကို လှန်လိုက်ရင်း ပြောသည်။

"ဒီလောက်ဆိုးဆိုးရွားရွားတော့ ကျွန်တော် မပြောလိုပါဘူး..."

ကပ်ဆီးရပ်စ် က ပြောလိုက်သော်လည်း သူ ရှင်းပြစရာ မလိုတော့သည့်အတွက် သက်သာရာရသွားသည်။

"သူ့ရဲ့ သွေးရည်ကျို သံမဏိအဆင့် ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့ မာဒြာ တွေ အရမ်းလိုအပ်တယ်... ပြီးတော့ သူက အခုအတိုင်းကို အားနည်းနေတာ... ရုပ်ပိုင်းဆိုင်ရာအရ ဘယ်လောက်ပဲ ခံနိုင်ရည်ရှိလာပါစေ... သူက ကျင့်ကြံသူ တစ်ဝက်လောက်ပဲ ရှိတယ်..."

အီသန်က ကပ်ဆီးရပ်စ်အား ပြုံးပြလိုက်သည်။

“ငါပြောတာ ကွက်တိဒက်ထိပဲ မလား...”

ကပ်ဆီးရပ်စ်က အသံကို နှိမ့်လိုက်သည်။ လူတိုင်း အိပ်ပျော်နေကြဆဲဖြစ်သော်လည်း ဤအရာသည် သတိထား၍ ဆွေးနွေးသင့်သော ကိစ္စမျိုးဖြစ်သည်။

"ဒါဆိုရင် ဘာလို့ သူ့ကို လေ့ကျင့်ပေးနေတာလဲ... သူတော်စင် ရဲ့ တပည့်ကို အိမ်ခေါ်လာတဲ့အတွက် ဌာနခွဲခေါင်းဆောင်တွေက ခင်ဗျားကို ကိုးကွယ်ကြလိမ့်မယ်... ခင်ဗျားမှာ ဒုတိယတပည့် မလိုအပ်ပါဘူး... ပြီးတော့ လင်းတုန်း အရွယ်ရှိပြီး သူ့ထက် စွမ်းရည်နှစ်ဆသာတဲ့ ကျင့်ကြံသူ တစ်ဒါဇင်လောက်ကို ကျွန်တော် နာမည်တပ်ပြနိုင်တယ်..."

အီသန်သည် ခုန်ချလိုက်ပြီး သူ၏စာအုပ်ကို ထိန်းချုပ်ခုံပေါ်သို့ ပစ်တင်လိုက်သည်။ သူ လျှောက်လာပြီး ကပ်ဆီးရပ်စ် ၏ ပခုံးပေါ်သို့ လက်တစ်ဖက် တင်လိုက်သည်။ ထို့နောက် သူတို့နှစ်ဦးစလုံး ညဘက်ရှုခင်းကို ကြည့်နိုင်ရန် သူ လှည့်လိုက်သည်။

"ငါနဲ့အတူ စိတ်ကူးယဉ်ကြည့်ရအောင် လား..."

အီသန် သည် တောက်ပသော အနာဂတ်တစ်ခုကို တင်ပြနေသည့်အလား သူ၏ အားလပ်နေသောလက်ကို ဆန့်တန်းလိုက်သည်။

"အဲဒီ အမြုတေ တွေထဲက တစ်ခုချင်းစီကို အရွယ်အစားအပြည့် ပြန်လည်ဖြည့်တင်းနိုင်ပြီး အဆင့်နိမ့် ရွှေအဆင့် အထိ မြှင့်တင်နိုင်မယ်ဆိုရင် စိတ်ကူးကြည့်ပါဦး... တစ်ခုထဲမှာ သန့်စင်တဲ့ မာဒြာ တွေရှိနေတော့ သူက ထူးခြားတဲ့ အရင်းအမြစ်တစ်ခု ဖြစ်လာလိမ့်မယ်... နောက်တစ်ခုမှာကျတော့ သူက တိုက်ခိုက်ရေး လမ်းစဉ် တစ်ခုကို လိုက်နာနိုင်ဦးမယ်... အဲဒါက အပြည့်အဝရှိတဲ့ အမြုတေ နှစ်ခုပဲ... ဒါကြောင့် သူက သွေးရည်ကျို ခန္ဓာကိုယ်ရဲ့ စွမ်းရည် အပြည့်အဝကို ပိုလျှံနေတဲ့ စွမ်းအင်တွေနဲ့ ထုတ်ဖော်နိုင်လိမ့်မယ်..."

"ဒါက ဝမ်းမြောက်ဖွယ်ရာ စိတ်ကူးတစ်ခုပါပဲ..."

ကပ်ဆီးရပ်စ်က ပြောသည်။

"သူက အဆင့်နိမ့် ရွှေအဆင့် အဆင့်သတ်မှတ်ချက်တွေကို ဗြောင်းဆန်သွားစေလိမ့်မယ်... ဆယ်နှစ် ဒါမှမဟုတ် ဆယ့်ငါးနှစ်အတွင်းမှာ သူက ကျွန်တော်တို့ အာရီလီယပ်စ် မိသားစု ရဲ့ မဏ္ဍိုင်တစ်ခုအဖြစ် ကြီးထွားလာနိုင်ပြီး ကျွန်တော်နဲ့ ဂျင်း တို့ ခြေရာကို နင်းလို့ အစစ်အမှန် ရွှေအဆင့် တွေရဲ့ ထိပ်ဆုံးကို ရောက်လာနိုင်တယ်..."

ကပ်ဆီးရပ်စ်သည် အီသန် ၏ လက်အောက်မှ ရုန်းထွက်လိုက်ပြီး သူ၏မျက်လုံးများကို ကြည့်ရန် လှည့်လိုက်သည်။

"ဒါပေမယ့် သူက တစ်နှစ်အတွင်း အဆင်သင့်ဖြစ်လာမှာ မဟုတ်ဘူး... သူ အဆင်သင့်ဖြစ်နေရင်တောင် ကျင်း ကလန် ကနေ နှင်ထုတ်ခံရသူကို သူ ယှဉ်နိုင်မှာ မဟုတ်ဘူး..."

အီသန် ၏ မျက်လုံးများက တောက်ပသွား၏။

"ဒါပေမယ့် သူ့ရဲ့ ဒုတိယမြောက် လမ်းစဉ် အကြောင်းကို မင်း မကြားရသေးဘူးလေ..."

အီသန် က သူ့ကို ပြောပြသောအခါ ကပ်ဆီးရပ်စ် သည် ခဏတာမျှ စကားပြော၍မရအောင် ဆွံ့အသွားခဲ့သည်။ အတန်ကြာ ငြိမ်သက်သွားပြီးနောက် သူသည် အသက်စတင်ရှူရန် သူ့ကိုယ်သူ အတင်းအကျပ် တွန်းအားပေးလိုက်ရသည်။ ဤ အဆင့်နိမ့် အရှင်သခင် သည် သူ့ကို ပြာယာခတ်သွားစေရန် နောက်တစ်ကြိမ် လှောင်ပြောင်နေခြင်းသာ ဖြစ်သည်။

"ကျေးဇူးပြုပြီး အဲဒီလိုမျိုး ကျွန်တော့်ကို စိတ်ပူအောင် မလုပ်ပါနဲ့..."

သူက နောက်ဆုံးတွင် ပြောလိုက်သည်။

"ခင်ဗျားကို ကျွန်တော် ယုံမိတော့မလို့ပဲ..."

"ဒါဆိုရင် မင်း ထင်တာ နီးပါးလောက် မှန်သွားပြီ..."

အီသန်၏ အစီအစဉ်မှ ထိတ်လန့်ဖွယ်ရာ ဖြစ်နိုင်ခြေများသည် ကပ်ဆီးရပ်စ် ၏ စိတ်ထဲသို့ တစ်ခုပြီးတစ်ခု တိုးဝင်လာသော်လည်း ၎င်းတို့ကို စဉ်းစားရန် သူ ငြင်းဆန်ခဲ့သည်။

"သူက မဟူရာ မီးတောက် မျိုးဆက်ကနေ မွေးဖွားလာတာ မဟုတ်ဘူး... သူ အဲဒီ မာဒြာ ကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး..."

"ဘာဖြစ်လို့ သူ့ကို ထိပ်တန်းအဆင့်ရှိတဲ့ သွေးရည်ကျို သံမဏိအဆင့် ခန္ဓာကိုယ်ကို ပေးခဲ့ရသလဲဆိုတာ မင်း မစဉ်းစားမိဘူးလား..."

"ဒါပေမယ့် သူ့အတွက် ခင်ဗျား အော်ရာ ကိုတော့ ရှာပေးနိုင်မှာ မဟုတ်ပါဘူး... သေချာတာပေါ့... နဂါးတစ်ကောင်ကို... ဟို... ထဲမှာ ခင်ဗျား ဖွက်ထားတာမျိုး မရှိရင်ပေါ့..."

ကပ်ဆီးရပ်စ်၏ စကားသံများ တိမ်ဝင်သွားသည်။ သူတို့ မည်သည့် နေရာသို့ သွားနေသည်ကို သတိရသော အခါ သူ ပို၍ ထိတ်လန့်လာသည်။

အီသန်က တောက်ပစွာ ပြုံးလိုက်၏။

"မြွေသင်္ချိုင်း လေ... ဆိုရရင် ငါတို့က နဂါးရဲ့ ပါးစပ်ထဲကို တည့်တည့်မတ်မတ် သွားနေတာပေါ့..."

‘အဲဒါ အလုပ်ဖြစ်နိုင်တယ်...’

‘ကောင်းကင်ဘုံက သူ့ကို ကယ်မပါစေ။ ဒါပေမယ့် အဲဒါက တကယ်ပဲ အလုပ်ဖြစ်နိုင်တယ်...’

"မဖြစ်နိုင်ဘူး..."

အမှန်တရားကို အသိအမှတ်ပြုရန် ငြင်းဆန်နေဆဲဖြစ်သော ကပ်ဆီးရပ်စ် က ပြောလိုက်သည်။

"ဌာနခွဲခေါင်းဆောင်တွေက အဲဒါကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး... ကောင်းကင်ကျိန်စာ အဖွဲ့ကလည်း ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး... ဧကရာဇ် ကလည်း ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး..."

"ခွင့်ပြုချက်တောင်းတာထက် ခွင့်လွှတ်မှုတောင်းခံတာနဲ့ ပတ်သက်ပြီး ရှေးဆိုရိုးစကားတစ်ခု ရှိတယ်..."

အီသန် က ပြောသည်။

"ဒါပေမယ့် အဲဒီစကားရဲ့ အနှစ်သာရကတော့ 'ငါ လုပ်ချင်တာကို ငါ လုပ်မယ်' ဆိုတာပဲ..."

ကပ်ဆီးရပ်စ်သည် အီသန် အတွက် မိသားစုအတွင်းရှိ သူ၏နေရာကို စွန့်လွှတ်ခဲ့သည်။ အီသန် ၏ အမှားများအတွက် သူ ခံစားခဲ့ရပြီး အီသန် ၏ ကလေးဆန်သော စိတ်ကူးအပြောင်းအလဲများအပေါ် မိသားစု၏ ဒေါသအပူဒဏ်ကို ခံယူခဲ့ရသည်။ ထို့အပြင် အင်ပါယာ ၏ တစ်ဝက်ခန့်အထိ သူ၏မိသားစုကို 'မြွေသင်္ချိုင်း' သို့ ပြောင်းရွှေ့ပေးခဲ့ရသည်။ ထို့နောက် အီသန် က လေလွင့်သွားသောကြောင့် သူတို့ကို တစ်ဖန် စွန့်ပစ်ခဲ့ရပြန်သည်။

သို့သော် သူ့တွင်ပင် ကန့်သတ်ချက်များ ရှိသည်။

ကပ်ဆီးရပ်စ်၏ အော်ဟစ်သံများက ဖစ်ရှာ ဂီရှာ ကို နိုးသွားစေသည်။ သူမ လှေကားထိပ်သို့ ရောက်လာသောအခါ အဆင့်နိမ့် အရှင်သခင်က ကပ်ဆီးရပ်စ် ၏ ပါးစပ်ကို လက်တစ်ဖက်ဖြင့် ပိတ်ထားပြီး လင်းတုန်း ကို အော်ခေါ်မည့်အရေးမှ တားဆီးနေသည်ကို တွေ့လိုက်ရသည်။

ကပ်ဆီးရပ်စ်သည် သူ၏ ဓားကို ဆွဲထုတ်ရန် အခွင့်အရေးပင် မရခဲ့ပေ။ အီသန် သည် သူ၏ လှုပ်ရှားမှုတိုင်းကို ကြိုတင်မြင်နိုင်ခဲ့ပြီး သူ၏ နည်းစနစ်များ ပုံမပေါ်လာမီကပင် ဖျက်ဆီးပစ်ခဲ့သည်။ သူ၏ ရပ်တည်ချက်နှင့် မာဒြာ စီးဆင်းမှုတို့ကိုပါ ဖျက်ဆီးပစ်ခဲ့သည်။ ဤလုပ်ရပ်သည် ကြောင်ပေါက်လေး တစ်ကောင်ကို ကောက်ယူခြင်းထက် ပို၍ အားစိုက်ထုတ်ရခြင်း မရှိပေ။

ကပ်ဆီးရပ်စ် သည် ရုန်းကန်နေခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ပခုံးများ ကျသွားသည်။ အဆင့်နိမ့် အရှင်သခင် တစ်ယောက်ကို ရင်ဆိုင်ရန်မှာ မဖြစ်နိုင်ပေ။

လင်းတုန်း နှင့် အာရီလီယပ်စ် မိသားစု တစ်ခုလုံးလည်း မကြာမီတွင် ဤအချက်ကို သဘောပေါက်လာကြပေလိမ့်မည်။

***

All Chapters