← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 14 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 14 Ch. 187-188

အပိုင်း(၁၈၇)

၎င်းသည် မဟူရာ မီးတောက် အင်ပါယာ သို့ မဆင်းသက်မီ သူတို့၏ နောက်ဆုံးနေ့ဖြစ်သည်။ လင်းတုန်း သည် လေ့ကျင့်ရန် စောစီးစွာ ထလာခဲ့သည်။ သို့သော် ယီရင် ထက်တော့ မစောပေ။ သူမသည် အရုဏ်တက်ချိန်တွင် သစ်သားအရုပ်များ စက်ဝိုင်းအပြင်ဘက်၌ ခြေချိတ်ထိုင်ကာ မာဒြာ များကို သံသရာလည်စေနေပြီ ဖြစ်သည်။

ယခု ဤအရာသည် မြွေသင်္ချိုင်း သို့ မဆင်းသက်မီ လူဆယ့်ရှစ်ယောက် လေ့ကျင့်မှု အတွက် သူ၏ နောက်ဆုံးအကြိမ် ကြိုးစားမှု ဖြစ်လာပေမည်။ သူသည် ကပ်ပါး လက်စွပ် ကို သူ၏အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ပထမဆုံးအရုပ်ရှေ့တွင် ရပ်ကာ သူ၏ မာဒြာ ကို လည်ပတ် စေလိုက်သည်။

အချိန်ကို စတင်ရေတွက်ပေးရန် သူမကို သူ လှမ်းကြည့်လိုက်သည်။ သူမက ခေါင်းညိတ်ပြသည်။

"စလိုက်တော့..."

လင်းတုန်း သည် အလေ့အကျင့်ကြောင့် ဖြစ်ပေါ်လာသော အမြန်နှုန်းဖြင့် လှုပ်ရှားလိုက်သည်။ ညာဘက်လက်မောင်း၊ ကိုယ်လုံး၊ ဘယ်ဘက်လက်မောင်းရှိ ပစ်မှတ်များကို သူ တိုက်ခိုက်လိုက်သည်။ သူ မကြည့်ဘဲနှင့်ပင် တန်ပြန်တိုက်ခိုက်မှုကို ကာကွယ်ရန် သူ၏လက်ဖျံကို မြှောက်လိုက်သည်။

အရိုးများ အက်ကွဲသွားသံကို သူ ကြားလိုက်ရသည်။

ရုတ်တရက် နာကျင်မှုသည် သူ၏ လက်မောင်းတစ်လျှောက် လျှပ်စီးလက်သွားသကဲ့သို့ ဖြစ်သွားသည်။ သို့သော် သူသည် ဒုတိယအရုပ်ဆီသို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုဒဏ်ရာသည် ချက်ချင်းပင် သက်သာသွားခဲ့သည်။ သူ၏ သွေးရည်ကျို သံမဏိအဆင့် ခန္ဓာကိုယ် သည် သူ၏ မာဒြာ ကို တိုက်ရိုက်ဆွဲယူကာ ပြန်လည်ကောင်းမွန်လာစေရန် တွန်းအားပေးခဲ့သည်။

လေ့ကျင့်မှဒကို ပြီးမြောက်အောင် လုပ်ဆောင်ရန် သူ့အတွက် မဖြစ်နိုင်ခဲ့ပေ။ အဆင့်တစ်ဆင့်ချင်းစီကို ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်ခဲ့လျှင်ပင် သူ့အပေါ် ကျရောက်လာသော တိုက်ခိုက်မှုတိုင်းက သူ၏ မာဒြာ များကို များစွာ ကုန်ဆုံးစေခဲ့သည်။ ထိုသို့ စွမ်းအင်ယိုစိမ့်မှုကို ရပ်တန့်နိုင်မလားဟု သူ မေးခဲ့ဖူးသည်။ ထိုအခါ အီသန် သည် သူ့ကို ရူးနေသည့်သူတစ်ယောက်ကဲ့သို့ ကြည့်ခဲ့သည်။

"မင်းရဲ့ခန္ဓာကိုယ်က ဒဏ်ရာတွေကို ကုသပေးနေတာကို ရပ်တန့်လို့ရလား... မရဘူးလေ... အဲဒါ ခန္ဓာကိုယ်တွေ လုပ်ရမယ့်အလုပ်ပဲ... မင်းရဲ့ ခန္ဓာကိုယ်ကတော့ အဲဒါကို နည်းနည်းလေး ပိုပြီး ကောင်းကောင်း လုပ်ပေးနိုင်ရုံတင်ပါ..."

သံမဏိအဆင့် အမြုတေ နှစ်ခု၊ ကောင်းကင်နှင့် မြေကြီး သန့်စင်ခြင်း စက်ဝန်း အောက်တွင် သုံးပတ်ကြာ လေ့ကျင့်မှုတို့ဖြင့် လွန်ခဲ့သည့် ရက်ပိုင်းလေးကတင် သူသည် ဆယ့်ရှစ်ခုမြောက် အရုပ်ကို ခက်ခက်ခဲခဲဖြင့် သီသီလေး ပြီးမြောက်နိုင်ခဲ့သည်။

ဤတစ်ကြိမ် စမ်းသပ်မှုသည်လည်း နံပါတ်တစ်ဆယ့်ခြောက် အထိ ချောမွေ့စွာ သွားနိုင်ခဲ့သည်။ ထိုနေရာတွင် သူ ခြေလှမ်းကျဲသွားခဲ့သဖြင့် အပေါ်စီးမှ ရိုက်ချက်ကို ခံယူရန် ခြေကုပ်မရခဲ့ပေ။ သူ လက်နှစ်ဖက်ကို ကြက်ခြေခတ်ကာ ကာကွယ်လိုက်၏။ တကယ်ဆိုလျှင် မတ်တပ်ရပ်လျက် ရှိနေသင့်သော်လည်း ခြေလှမ်းမှားမှုကြောင့် ဒူးတစ်ဖက် ထောက်ကျသွားခဲ့သည်။

နောက်ဆုံးကြိုးစားမှုကို အရှုံးဖြင့် အဆုံးသတ်ခံ၍ မဖြစ်ပေ။

လင်းတုန်း သည် အရုပ်၏ မေးစေ့ကို လက်ဖဝါးရင်းဖြင့် ရိုက်ချလိုက်သည်။ စက်ဝိုင်း၏ အောက်ခြေမှတဆင့် အလယ်ဗဟိုသို့ ဗလာ လက်ဝါး ကို တွန်းထုတ်လိုက်သည်။ ရိုက်ချက်က ဗဟိုနှင့် လွဲချော်သွားသော်လည်း မာဒြာ များက ထိုးဖောက်ဝင်ရောက်သွားပြီး စက်ဝိုင်းက တောက်ပသွားခဲ့သည်။

သူသည် နောက်ထပ်အရုပ်ဆီသို့ ခုန်အုပ်လိုက်ပြီး နောက်ဆုံးနှစ်ခုကို မည်သည့်ပြဿနာမျှမရှိဘဲ ရှင်းလင်းလိုက်သည်။

နောက်ဆုံးခေါင်းလောင်းသံ မြည်လာပြီး နောက်ဆုံးအလင်းရောင် တောက်ပလာသည်နှင့်တစ်ပြိုင်နက် သူသည် သစ်သားဘောင်ပေါ်သို့ မှီချလိုက်သည်။ မောဟိုက်ကာ ချွေးများ ထွက်နေခဲ့သည်။ သူ၏ အမြုတေ နှစ်ခုစလုံးသည် အားနည်းကာ ဗလာဖြစ်နေခဲ့သည်။ ဆေးလုံး၏ အာနိသင်အောက်တွင်ပင် ၎င်းတို့ကို ပြန်လည်ဖြည့်တင်းရန် နာရီဝက်ခန့် အချိန်ယူရပေမည်။

သို့သော် ၎င်းသည် အရေးကြီးသော အပိုင်းမဟုတ်ပေ။ သူသည် မျှော်လင့်ချက်အပြည့်ဖြင့် ယီရင် ထံသို့ လှမ်းကြည့်လိုက်သည်။

"ငါ ရေတွက်ထားတာတော့ နှစ်ဆယ့်တစ်ပဲ..."

လင်းတုန်း အရုပ်ပေါ်မှ လျောကျသွားကာ ကြမ်းပြင်ပေါ်သို့ ပြိုကျသွားစဉ် သူ၏ သက်သာရာရသွားမှုကို ကြည့်ပြီး သူမက ရယ်မောလိုက်သည်။

"ဘာမှမရှိတာထက်တော့ ပိုကောင်းပါတယ်... သံမဏိအဆင့် မှာ အဲဒီလောက်ဆို ငါ ဂုဏ်ယူနေလောက်ပြီ..."

"နင် သံမဏိအဆင့် တုန်းက ဒီလို လေ့ကျင့်မှုမျိုး ရှိခဲ့လိမ့်မယ်လို့ ငါ မယုံဘူး..."

ပက်လက်လှန်ကာ မျက်နှာကျက်ကို မော့ကြည့်ရင်း လင်းတုန်း က ပြောလိုက်သည်။

"မရှိပါဘူး... မုတ်ဆိတ်ရိတ်ဓား တစ်လက်နဲ့ ဆာလောင်နေတဲ့ ဝံပုလွေ ခြောက်ကောင်ကို ငါ တိုက်ခိုက်ခဲ့ရတာပါ..."

သူမ သက်ပြင်းချလိုက်ပြီး စက်ဝိုင်း၏ အလယ်ဗဟိုသို့ ဝင်သွားသည်။

"နင် ရေတွက်ပေးမှာလား..."

သူ တုံ့ဆိုင်းသွားသည်။

"ယီရင်... ငါတို့ ရောက်နေပြီလေ... ငါ ဘာကိုမှ အကြံပေးချင်တာ မဟုတ်ပါဘူး..."

"စပြီး ရေတွက်တော့..."

သံမဏိကဲ့သို့ မာကျောသော လေသံဖြင့် သူမက ပြောလိုက်သည်။

သူ စတင် ရေတွက်လိုက်သည်။

သူမသည် ပထမဆုံးအရုပ်ဆီသို့ ကိုင်းညွတ်သွား၏။ သူမ၏ ရွှေအဆင့် အမှတ်အသား သည် ငွေရောင် ဝေဝါးသွားသည်။ ပထမ ပစ်မှတ် အစိမ်း၊ ဒုတိယ ပစ်မှတ် အပြာ၊ တတိယ ပစ်မှတ် အဖြူ။ တစ်-နှစ်-သုံး ဖြင့် သူမ နောက်တစ်ခုဆီသို့ ရောက်သွားသည်။ ဓားသွားပါသော လက်မောင်းသက်သက်ဖြင့်ပင် သူမသည် လင်းတုန်း ထက် ပိုမြန်နေခဲ့သည်။

ယီရင်က သူမ လိုချင်သည့်အတိုင်း ရွှေအဆင့် အမှတ်အသား ကို လုပ်ဆောင်စေရန် မတတ်နိုင်ကြောင်း ညည်းညူခဲ့သည်။ လင်းတုန်း နားငြီးသည်အထိ ထိုစကားကို သူမ အကြိမ်ကြိမ် ပြောခဲ့သည်။ သူ့အတွက်မူ သူမသည် အပြည့်အဝ ထိန်းချုပ်နိုင်သည့်ပုံ အမြဲပေါက်နေသည်။

ခုနစ်စက္ကန့်အတွင်း ကိုးခုမြောက်အရုပ်ဆီသို့ သူမ ရောက်သွားသည်။ ထိုအရုပ်တွင် ဝမ်းဗိုက်အောက်ပိုင်း၌ ပစ်မှတ်တစ်ခု ရှိသည်။ ၎င်းသည် လင်းတုန်း မှလွဲ၍ မည်သည့် ကျင့်ကြံသူ တွင်မဆို အမြုတေ ရှိမည့်နေရာ ဖြစ်သည်။ သူကတော့ ရင်ဘတ်တွင် တစ်ခုနှင့် အလယ်ဗဟိုတွင် တစ်ခု ရှိသည်။

၎င်းသည် လင်းတုန်း အနှစ်သက်ဆုံးအရုပ်များထဲမှ တစ်ခုဖြစ်သည်။ အကြောင်းမှာ ၎င်းသည် ကာကွယ်ရန်အတွက်သာ လက်မောင်းများကို လှုပ်ရှားပြီး သူ့ကို ဘယ်သောအခါမှ ပြန်မရိုက်သောကြောင့် ဖြစ်သည်။

ယီရင်သည် အနိမ့်ဆုံး စက်ဝိုင်းကို အလွယ်တကူ ရိုက်ချလိုက်သည်။ ဒုတိယတစ်ခုသည် အနည်းငယ် နှေးသွားပြီး သူမ၏ တတိယမြောက် ရိုက်ချက်ကို သစ်သားလက်တစ်ဖက်က ဘေးသို့ ပုတ်ချလိုက်သည်။

ထိုအချိန်အထိ လင်းထိန်နေခဲ့သော ယခင်အရုပ်ရှစ်ခုလုံးသည် အလင်းရောင်များ ယိုစိမ့်ထွက်သွားသကဲ့သို့ တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။

သူမသည် မောဟိုက်စွာဖြင့် ထိုနေရာတွင် ရပ်နေကာ သူမ၏ သစ်သားရန်သူကို စိုက်ကြည့်နေသည်။ သူမ၏ ခါးရှိ ကြိုးနီသည် အနီရင့်ရောင်မှ လတ်ဆတ်သော သွေးကဲ့သို့ ကြက်သွေးရောင်စစ်စစ်သို့ တောက်ပလာသည်ဟု လင်းတုန်း ထင်လိုက်သည်။

နောက်ဆုံးတွင် သူမသည် အော်ဟစ်လိုက်ပြီး သူမ၏ ရွှေအဆင့် အမှတ်အသား က ရှေ့သို့ ထိုးနှက်ကာ အရုပ်၏ ခေါင်းကို ဖြတ်ယူလိုက်သည်။

သူမသည် လင်းတုန်း ကို မကြည့်သလို တောင်းပန်စကားလည်း မဆိုပေ။ ထိုနေရာမှာပင် ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်ပြီး မာဒြာ များကို စတင် လှည့်ပတ်လိုက်သည်။ သူမ၏ ပါးပြင်နှင့် လည်ချောင်းတို့သည် ဒေါသကြောင့် နီရဲနေခဲ့သည်။ သူမ၏ အမာရွတ်များသည် နီရဲနေသော အရေပြားနှင့် သိသာထင်ရှားစွာ ဆန့်ကျင်ဘက်ဖြစ်နေသည်။

လင်းတုန်း သည် အစားထိုးရန် ခေါင်းများ ပြည့်နေသော ထောင့်မှ သေတ္တာတစ်ခုဆီသို့ လျှောက်သွားနေပြီ ဖြစ်သည်။ သူတို့ ဆင်းသက်စဉ်တစ်ကြိမ်၌ အပိုသစ်သားအချို့ကို ကောက်ယူခဲ့ကြသည်။ ဂီရှာ က သူ့တွင် လက်တွေ့အတွေ့အကြုံ လိုအပ်သည်ဟု ပြောတိုင်း သူသည် သစ်သားတစ်ခုကို အခေါင်းပေါက်ဖြစ်အောင် ထွင်းခဲ့သည်။ ထို့နောက် အရုပ်များ အလုပ်လုပ်ရန် လိုအပ်သော ရိုးရှင်းသည့် အစီအရင် များ၊ အခြေခံ မှော်ပစ္စည်း များဖြင့် ဖြည့်တင်းပေးခဲ့သည်။

အရုပ်တစ်ခုစီ၏ ပြင်ပ အစီအရင် များနှင့် ဗဟို မှော်ပစ္စည်း များသည် တမူထူးခြားကြသည်။ သို့သော် ခေါင်းများမှာမူ အတူတူပင်ဖြစ်ရာ ကံကောင်းထောက်မစွာဖြင့် အစားထိုးရန် လွယ်ကူစေခဲ့သည်။

သူက ၎င်းကို တပ်ဆင်လိုက်သည်။ မူလသစ်သားက အစားထိုးသစ်သားထက် ပိုပေါ့ပါးပြီး ၎င်းအပေါ်တွင် ပစ်မှတ်စက်ဝိုင်းတစ်ခု ထွင်းရန် လိုအပ်ပေမည်။ စတင်ရန်အတွက် ဓားသွားတိုတစ်ချောင်းကို သူ ဆွဲထုတ်လိုက်သော်လည်း အီသန် သည် တံခါးကို တွန်းဖွင့်လိုက်သည်။

"နှစ်ဆယ့်တစ် စက္ကန့်ဆိုတာ တော်တော်လေး ကောင်းပါတယ်..."

ကျယ်ပြန့်သော အပြုံးတစ်ခုဖြင့် အီသန် က ပြောလိုက်သည်။

"တကယ်လို့များ မင်းသာ စက္ကန့်နှစ်ဆယ်အောက် ရခဲ့မယ်ဆိုရင်တော့ မင်း တစ်ခုခုကို အောင်မြင်သွားပြီပေါ့..."

လင်းတုန်း သည် ရရှိလာသော အနည်းငယ်မျှသည့် ချီးကျူးစကားကို လက်ခံကာ ဦးညွှတ်လိုက်သည်။ အီသန် နှင့် ရက်သတ္တပတ်ပေါင်းများစွာ အတူနေပြီးနောက် အဆင့်နိမ့် အရှင်သခင် ၏ စံနှုန်းများ မည်မျှမြင့်မားကြောင်း သူ တိတိကျကျ စတင်နားလည်လာခဲ့သည်။ သူသည် လမင်းကြီးကို အပေါက်ဖြစ်သွားစေရန် နည်းစနစ်တစ်ခု အသုံးပြုခဲ့လျှင်ပင် နေမင်းကြီးကိုပါ ဘာဖြစ်လို့ တစ်ခါတည်း မရှင်းလင်းခဲ့သလဲဟု အီသန် က မေးလိမ့်မည်သာ ဖြစ်သည်။

"မင်းအတွက်ကတော့ ယီရင်..."

အီသန် ၏စကားများကြောင့် သူမက မျက်လုံးများကို ဖွင့်မလာခဲ့ပေ။ သူမသည် လှည့်ပတ် ကျင့်ကြံခြင်းကို ဆက်လုပ်နေပုံရသည်။ သို့သော် သူမ နားထောင်နေကြောင်း လင်းတုန်း သေချာပေါက် သိနေခဲ့သည်။ လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း သူသည် သူမကိုလည်း ပို၍ သိကျွမ်းလာခဲ့သည်။

“မင်းရဲ့ ဝိညာဉ်အကြွင်းအကျန် ကို လမ်းညွှန်ခိုင်းဖို့ မင်း ကြိုးစားနေတုန်းပဲ... မင်းက မင်းဘာသာမင်း ပိုခက်ခဲအောင် လုပ်နေတာပဲ..."

"သူက ကျွန်မကို စကားပြောနေတာ..."

မျက်လုံးများ မှိတ်ထားဆဲဖြစ်သော ယီရင် က ခေါင်းမာစွာဖြင့် ပြောလိုက်သည်။

"သူပြောတာကိုသာ ကျွန်မ ရှင်းရှင်းလင်းလင်း ကြားနိုင်ရင် အခုချိန်ဆို ကျွန်မ အဆင့်နှစ်ဆင့်လောက် ပိုသန်မာနေလောက်ပြီ..."

အီသန် ၏ အပြုံးသည် သနားကြင်နာမှုများဖြင့် ပြည့်နှက်နေသည်။ သေခါနီး အဘွားအိုတစ်ဦးကို အထင်သေးစွာ ကြည့်နေသည့်အလား ပုံပေါက်နေသည်။

"မင်းရဲ့ ဆရာဖြစ်သူရဲ့ ဆန္ဒတွေက အဲဒီ ဝိညာဉ်အကြွင်းအကျန် ထဲမှာ မကျန်ရစ်တော့ပါဘူး... မင်း ကြားနေရတာတွေက သူ့ရဲ့ ကျန်ရှိနေတဲ့ မှတ်ဉာဏ်တွေကနေ ပဲ့တင်ထပ်နေတဲ့ ခံစားချက်တွေသက်သက်ပါပဲ..."

"အဲဒါ သူပဲ... ဒါကြောင့် ကျွန်မ နားထောင်နေတာ..."

"အဆင့်မြင့် ရွှေအဆင့် ကို ရောက်ဖို့ အလွယ်ကူဆုံးနည်းလမ်းက စွမ်းအားတွေရဖို့ မင်းရဲ့ ဝိညာဉ်အကြွင်းအကျန် ကို ဖြိုခွဲပစ်ဖို့ပဲ... မင်းက ပွဲတော်ကြီးတစ်ခုကို အဝေးကနေ စိုက်ကြည့်နေပြီး ကိုယ်ဘာလို့ ဒီလောက် ဗိုက်ဆာနေရသလဲလို့ တွေးနေတဲ့သူနဲ့ တူတယ်... အဆင့်မြင့် ရွှေအဆင့် ကို သွားတဲ့ တခြားလမ်းစဉ်တွေ အားလုံးက..."

သူမသည် ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး သူ၏စကားကို ဖြတ်ပြောလိုက်သည်။

"သူ့ရဲ့ အသံကို ကျွန်မ မြှုပ်နှံပစ်မှာ မဟုတ်ဘူး... သူ့ရဲ့ သွန်သင်ချက် ဘယ်လောက်များများကို ကျွန်မ စွန့်လွှတ်လိုက်ရမလဲဆိုတာ ရှင် သိရဲ့လား... အဲဒီအစား ရှင်က ပြန်ဖြည့်ဆည်းပေးနိုင်မယ်လို့ ထင်နေတာလား... ရှင်က သူတော်စင် တစ်ယောက်မို့လို့လား..."

"ငါသာ ဖြစ်ခဲ့မယ်ဆိုရင်ပေါ့လေ..."

အီသန် က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"အဲဒါက ငါ့ရဲ့ ပြဿနာတော်တော်များများကို ဖြေရှင်းပေးနိုင်လိမ့်မယ်..."

သူမသည် ရှေ့သို့ တစ်လှမ်းတိုးလာခဲ့သည်။ ထို့နောက် သူ၏ မေးစေ့ဆီသို့ မော့ကြည့်ကာ စူးရဲစွာ စိုက်ကြည့်လိုက်သည်။

"သူတော်စင် တစ်ယောက်ရဲ့ ဝိညာဉ်အကြွင်းအကျန် က ရှင် စိတ်ကူးတောင် မယဉ်နိုင်တဲ့ အရာတွေကို လုပ်နိုင်တယ်... ကျွန်မ ရှင့်ကို ပြောနေတာ... သူ အဲဒီအထဲမှာ ရှိနေတယ်... ပြီးတော့ သူက ကျွန်မကို အဆင့်မြင့် ရွှေအဆင့် ဆီ မျက်စိတစ်မှိတ်အတွင်း ရောက်သွားအောင် လုပ်ပေးလိမ့်မယ်..."

အီသန်သည် သူမ၏ နဖူးပေါ်သို့ လက်နှစ်ချောင်း တင်လိုက်သည်။ ထို့နောက် သူမ လက်တစ်ကမ်းအကွာသို့ ရောက်သည်အထိ ဖြည်းညင်းစွာ နောက်သို့ တွန်းထုတ်လိုက်သည်။

"အဆင့်နိမ့် ရွှေအဆင့် ကနေ အဆင့်မြင့် ရွှေအဆင့် ကို သွားတဲ့ လမ်းစဉ်ဆိုတာ မင်းရဲ့ ဝိညာဉ်အကြွင်းအကျန် က ပေးစွမ်းတဲ့ ပိုလျှံနေတဲ့ စွမ်းအင်တွေထက် ပိုသုံးနိုင်အောင် သင်ယူတာပဲ... ပုံမှန်အားဖြင့်တော့ စွမ်းအားတွေရဖို့ ဝိညာဉ်အကြွင်းအကျန် ကို ကိုယ်တိုင် ဖြိုခွဲပစ်ရတယ်... သူ့ရဲ့ ကျွမ်းကျင်မှုတွေနဲ့ မာဒြာ တွေကို ခြေဖျက်ယူရတယ်... အဆင့်နိမ့် ရွှေအဆင့် ကို ကျော်လွန်သွားဖို့ တခြားနည်းလမ်းတွေ သေချာပေါက် ရှိပါတယ်... ဒါပေမယ့် ဒါက အတည့်မတ်ဆုံး လမ်းစဉ်ပဲ..."

သူမ၏ မျက်နှာသည် ပို၍ပင် နီရဲလာခဲ့သည်။ သူမ၏ ရွှေအဆင့် အမှတ်အသား သည် တိုက်ခိုက်မည့်အလား နောက်သို့ ဆုတ်သွားခဲ့သည်။ သို့သော် အီသန် သည် ရင်းနှီးဖော်ရွေသော လေသံ၊ အပြုံးတို့ဖြင့် ဆက်လက်ပြောဆိုနေဆဲ ဖြစ်သည်။

"ငါတို့မှာ အချိန်ရှိပါသေးတယ်... မင်းရဲ့ ဆရာဖြစ်သူရဲ့ ဝိညာဉ်အကြွင်းအကျန် ကို စားသုံးဖို့ မင်း ရွေးချယ်ကောင်း ရွေးချယ်လိမ့်မယ်... ဒါမှမဟုတ် တခြားနည်းလမ်းတစ်ခုကို ရှာတွေ့ကောင်း ရှာတွေ့နိုင်တယ်... ဒါမှမဟုတ် နှစ်ခုစလုံးကို မလုပ်နိုင်ဘဲနေမယ်... အဲဒီအခါကျရင်တော့ လင်းတုန်း နဲ့ ငါက မင်းကို ချန်ထားရစ်ခဲ့လိမ့်မယ်..."

***

အပိုင်း(၁၈၈)

လင်းတုန်းသည် စကားဝိုင်း အတွင်း သူ့နာမည် ပါလာသဖြင့် တွန့်ဆုတ်သွားခဲ့၏။ သူသည် ထိုစကားဝိုင်းနှင့် ကင်းလွတ်စွာ နေရခြင်းကို လုံးဝ ကျေနပ်နေခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော လေးပတ်လုံးလုံး ယီရင် သည် အီသန် ၏ ညွှန်ကြားချက်များနှင့်ပတ်သက်၍ မကျေမနပ် ပြောဆိုနေခဲ့သည်။ အီသန် သည် သူမလောက် သူမ၏ဆရာကို နားမလည်ကြောင်း အမြဲ ညည်းတွားနေခဲ့သည်။

အီသန်က လက်ခုပ်တီးလိုက်သည်။

"ကောင်းပြီလေ... မင်းတို့ရဲ့ ကျရှုံးမှုတွေနဲ့ မပြည့်စုံမှုတွေကို လောလောဆယ် ဘေးဖယ်ထားလိုက်ကြရအောင်... အခုဆိုရင် ငါတို့ရဲ့ ခရီးပန်းတိုင်ကို ရောက်နေပြီပဲ... မင်းတို့ကိုယ်မင်းတို့ သန့်စင်လိုက်ကြပြီး ဧည့်ခန်းထဲမှာ ငါနဲ့ လာပူးပေါင်းသင့်တယ်... ဘာလို့လဲဆိုတော့ မင်းတို့ ဒါကို မြင်ချင်ကြလိမ့်မယ်လို့ ငါ ထင်လို့ပဲ..."

အီသန်သည် လင်းတုန်း နှင့် ယီရင် တို့ကို ချန်ထားရစ်ခဲ့သည်။ ထို့ကြောင့် သူတို့ မျက်နှာသုတ်ပုဝါများဖြင့် သုတ်သင်ကာ ပစ္စည်းများ သိမ်းဆည်းနေစဉ် သူတို့နှစ်ဦးကြားတွင် တိတ်ဆိတ်မှုက ဖုံးလွှမ်းသွားခဲ့သည်။

"ဝိညာဉ်အကြွင်းအကျန် တစ်ခုကို ထိန်းချုပ်ထားနိုင်ဖို့ဆိုတာ လွယ်ကူတဲ့အရာ မဟုတ်ဘူး..."

နှစ်မိနစ်ခန့် တိတ်ဆိတ်နေပြီးနောက် ယီရင် က ပြောလိုက်သည်။

"ငါ စိတ်ကူးတောင် မယဉ်တတ်ဘူး..."

လင်းတုန်း က ရိုးသားစွာ ပြောလိုက်သည်။ သို့သော် တစ်နေ့တွင်တော့ သူ စိတ်ကူးယဉ်နိုင်လာပေမည်။ သူသည် ထိုနေ့ကို မျှော်လင့်နေခဲ့သည်။

"ငါ ကြိုးစားနေပါတယ်... ငါ့ဆရာက သူ့ရဲ့ ဝိညာဉ်အကြွင်းအကျန် ကို မဖျက်ဆီးဘဲ အဆင့်မြင့် ရွှေအဆင့် ကို ဘယ်လိုရောက်ရမလဲဆိုတာ သိတယ်... သူ ငါ့ကို ဘာပြောနေသလဲဆိုတာကိုပဲ ငါ ကြားဖို့ လိုအပ်တာ..."

တစ်ခါတစ်ရံ ယီရင်သည် လင်းတုန်း ထံမှ အကြံဉာဏ်များ ဖလှယ်ရန် လိုအပ်သောအခါ ဤကဲ့သို့ ပြောဆိုလေ့ရှိသည်။ လင်းတုန်း အနေဖြင့် သူမ ဘာအကြောင်းပြောနေမှန်း လုံးဝ နားမလည်သည့်တိုင်အောင်ပင်...။ သူသည် များသောအားဖြင့် ခေါင်းညိတ်ပြလေ့ရှိပြီး သူမကို အသံထွက်ကာ စဉ်းစားအဖြေရှာခွင့် ပေးထားတတ်သည်။

သို့သော် တိုင်ပင်ဖော်လိုအပ်ခြင်းနှင့် အားပေးမှုလိုအပ်ခြင်းတို့ကြား ကွာခြားချက်ကို သူ ကောင်းစွာ ခွဲခြားသိမြင်နိုင်သည်။

"နင်က အဆင့်မြင့် ရွှေအဆင့် ကို တွန်းအားပေး ဖြတ်ကျော်ဖို့ လုပ်နေပြီးတော့ အရမ်းနှေးနေတယ်လို့ ညည်းတွားနေတာလား..."

လင်းတုန်းက သူ၏အံ့ဩမှုကို ချဲ့ကားပြရင်း မေးလိုက်သည်။

"နွေရာသီ ဆယ့်ခြောက်ခါ... ဒါမှမဟုတ် ဆယ့်ခုနစ်ခါလောက်နဲ့ မင်း အဆင့်မြင့် ရွှေအဆင့် မဖြစ်သေးလို့ စိတ်ပျက်နေတာလား..."

သူမက ပခုံးတွန့်လိုက်သည်။

"အဲဒီ ဝန်းကျင်လောက်ပါပဲ... ခဏလောက်တော့ ရေတွက်ရတာ နည်းနည်း လွဲသွားတယ်..."

"ပြီးတော့ နင်က သာမန် ရွှေအဆင့် တစ်ယောက်မှ မဟုတ်တာ... ဓားသူတော်စင် ကိုယ်တိုင်က နင့်ကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခဲ့တာလေ... အီသန် နဲ့ ယှဉ်လိုက်ရင်..."

သူ တုံ့ဆိုင်းသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဓားသူတော်စင် သည် မည်မျှ စွမ်းအားကြီးမားကြောင်း သူ သေချာမသိသောကြောင့် ဖြစ်သည်။ ဆူရီရယ် က ထိုလူကို ယီရင် ၏ ဆရာအဖြစ် ရည်ညွှန်းမပြောဆိုမီအထိ သူသည် ထိုလူ၏အကြောင်းကို တစ်ခါမှ မကြားဖူးခဲ့ပေ။

"သူက အဆင့်နိမ့် အရှင်သခင် တစ်ယောက်ထက် အများကြီး ပိုပြီး သန်မာတယ်..."

သူမက တိုးတိတ်စွာ ပြောလိုက်သည်။

"အဆင့်နိမ့် အရှင်သခင် တွေနဲ့ သူတော်စင် တွေက နင့် အတွက် အပြိုင်အဆိုင် ဖြစ်နေကြတာ... ဒီနှစ်ရောက်မှပဲ ရှစ်နှစ်အရွယ် ကြေးအဆင့် လေးကို ငါ လဲကျသွားအောင် တွန်းနိုင်ခဲ့တာ... နင်ကတော့ တုံးနေတဲ့ ဇွန်းတစ်ချောင်းနဲ့ တောင်ကြီးတစ်လုံးကို ဖြတ်ပြီး လမ်းဖောက်နိုင်နေပြီလေ..."

"ငါ့မှာ အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်နဲ့ မျောပါမသွားနိုင်တဲ့ အကြောင်းပြချက် တစ်ခုထက်မက ရှိနေတယ်..."

သူမက ပြောလိုက်သည်။ သို့သော် သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု စတင်ပေါ်ပေါက်လာခဲ့သည်။

"နင် ငါ့ကို ချီးမွမ်းခန်းဖွင့်နေစရာ မလိုပါဘူး... ငါက ရင်ထဲက အခိုးအငွေ့တွေကို ထုတ်ပစ်နေရုံ သက်သက်ပါ..."

လင်းတုန်းသည် ကပ်ပါး လက်စွပ် ကို သူ၏ အိတ်ထဲသို့ ထည့်လိုက်သည်။ ကျောပိုးအိတ်ကို ပခုံးပေါ်သို့ တင်၍ မလွယ်မီ အိတ်ကပ်များအားလုံး ပိတ်ပြီး ကြယ်သီးတပ်ထားကြောင်း သေချာအောင် လုပ်ဆောင်လိုက်သည်။

"ငါ ဘာကိုမှ ချီးမွမ်းခန်းဖွင့် နေတာ မဟုတ်ပါဘူး... ကောင်းကင်ကြီး ပွင့်ဟလာပြီး ငါ့ကို ပြသခဲ့တယ်... ဒီကမ္ဘာပေါ်က အကြီးကျယ်ဆုံးသော လူတွေ... နဂါးတွေကို နပန်းလုံးနိုင်ပြီး စစ်တပ်တွေကို ချေမှုန်းနိုင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ပုံရိပ်တွေ... အဲဒီနောက်မှာ သူတို့က ငါ့ကို နင်ဆီ ခေါ်ဆောင်လာခဲ့တယ်... အဲ့တာက နင် ဘယ်လို လူမျိုးလဲ ဆိုတာ ပြနေတာပဲ..."

ယီရင်က သူ့ကို မညီညာသော အပြုံးတစ်ခု ပြုံးပြလိုက်သည်။ ထိုမြင်ကွင်းက သူ၏ မှတ်ဉာဏ်ထဲသို့ နက်ရှိုင်းစွာ စွဲထင်သွားခဲ့သည်။ သူမ၏ အပြုံး၊ သူမ၏ အရေပြားပေါ်တွင် သိသာထင်ရှားစွာ ရှိနေသော ပါးလျသည့် အမာရွတ်များ၊ လေ့ကျင့်ရေးကြောင့် ရှုပ်ပွနေပြီး ဖြောင့်စင်းနေခြင်း မရှိတော့သော သူမ၏ ဆံပင်နက်များ စသည်တို့ပင်။

"နင်က အဲဒီလို ပြောလိုက်တော့လည်း ကြားလို့ကောင်းတဲ့ အသံလေးတစ်ခုတော့ ပါတာပဲ..."

နောက်ဆုံးတွင် သူမက ပြောလိုက်သည်။ ထိုအခိုက်အတန့်လေး ကုန်ဆုံးသွားပြီးနောက် သူမသည် တိုက်ခတ်နေသော လေပြင်းများရှိရာ တံခါးကို ဖွင့်ရန် လှည့်လိုက်သည်။

"ကောင်းကင်ဘုံကတော့ ငါ့ကို ဘာတစ်ခုမှ လာမပြခဲ့ပါဘူး... အဲဒါ အမှန်တရားပဲ...”

...

အရှေ့ဘက် ပြတင်းပေါက်များတွင် ကျောက်ဆောင်မည်းကြီးများဖြင့် ပြည့်နှက်နေသော မြင်ကွင်းပေါ်လာချိန်တွင် အီသန်သည် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ၎င်းမှာ နောက်ဆုံးကျန်ရစ်သော နဂါးများ သွားရောက် သေဆုံးခဲ့သည့် တောင်ထွတ်ဖြစ်သော ရှီရူး တောင် ပင်ဖြစ်သည်။

သူသည် ကလေးများကို သူတို့၏ ကိုယ်ပိုင်အချိန်လေးအတွင်း လွတ်လွတ်လပ်လပ် ထားရှိရန် ရည်ရွယ်ထားခဲ့သည်။ သူတို့သည် သူ့အပေါ် ယုံကြည်သည်ထက် တစ်ဦးအပေါ်တစ်ဦး ပို၍ ယုံကြည်ရန် လိုအပ်သည်။ ယုံကြည်မှုဆိုသည်မှာ သေးငယ်သော ကိုယ်ရေးကိုယ်တာ အခိုက်အတန့်လေးများအပေါ်တွင် အမြဲတမ်း တည်ဆောက်ထားခြင်းဖြစ်သည်။

သို့သော် စွမ်းအားကြိုးမျှင်များမှတစ်ဆင့် သယ်ဆောင်လာသော စကားစုတစ်ခုက သူ၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။

"ကောင်းကင်ကြီး ပွင့်ဟလာပြီး ငါ့ကို ပြသခဲ့တယ်..."

အီသန်သည် ပုံမှန်အားဖြင့် ပြုံးလေ့ရှိသော်လည်း ယခုအခါ သူ၏ အပြုံးသည် နှုတ်ခမ်းများ စုတ်ပြဲသွားမတတ် ကျယ်ပြန့်နေခဲ့သည်။ သူ တွေးတောနေခဲ့မိသည်။ လင်းတုန်း ၏ အိတ်ကပ်ထဲမှ တည်ငြိမ်သော အပြာရောင်မီးတောက်လေး ပါရှိသည့် ထိုဖန်လုံးလေးကို ပထမဆုံးအကြိမ် မြင်လိုက်ရကတည်းက သူ တွေးတောနေခဲ့မိခြင်း ဖြစ်သည်။ ကောင်လေး၏ တချို့သော စကားများ၊ တချို့သော လုပ်ရပ်များက သူ့ကို ပို၍ပို၍ သေချာလာစေခဲ့သည်။

ယခုတော့... ယခုတော့ သူ သိသွားခဲ့ပြီ။

"ကောင်းကင်ကြီး ပွင့်ဟလာပြီး..."

တကယ်ကို စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။

ကပ်ဆီးရပ်စ် သည် ထိန်းချုပ်ခုံတွင် တက်ကြွစွာ အလုပ်လုပ်နေပြီး အီသန်က ပြတင်းပေါက်များရှေ့တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသည်။ လင်းတုန်း နှင့် ယီရင် တို့ကတော့ အောက်ဘက်ရှိ မြွေသင်္ချိုင်း မြို့ကို ကြည့်နေကြသည်။

"ဒါကတော့ မဟူရာ မီးတောက် အင်ပါယာ ရဲ့ မွေးဖွားရာဇာတိပဲ..."

အီသန် က ကြေညာလိုက်သည်။

"အင်ပါယာ မြို့တော်က အချိန်တွေကြာလာတာနဲ့အမျှ ပြောင်းရွှေ့ခဲ့တယ်... ပြီးတော့ နောက်ထပ်တစ်ခါ ထပ်ပြောင်းရွှေ့ခဲ့တယ်... ဒါပေမယ့် ဒီနေရာကတော့ အားလုံးရဲ့ အစပြုရာနေရာပဲ... တစ်ချိန်က ဒီမြေကို အုပ်စိုးခဲ့တဲ့ နောက်ဆုံးနဂါးတွေ ကျရှုံးခဲ့ရတဲ့ နေရာပေါ့..."

"နဂါးတွေ..."

ယီရင် က မသက်မသာဖြင့် မေးလိုက်သည်။

"အဲဒီကနေ အင်ပါယာ ရဲ့ နာမည်ကို ရလာတာလေ... နဂါးတွေ ပျက်စီးသွားပြီးတဲ့နောက် မိသားစုတစ်ခုက သူတို့ရဲ့ စွမ်းအားအရင်းအမြစ်တစ်ခုကို ရှာတွေ့ခဲ့တယ်... ပြီးတော့ သူတို့ကိုယ်တိုင် နဂါးတွေလိုမျိုး ရာစုနှစ်ပေါင်းများစွာ အုပ်စိုးခဲ့ကြတယ်... အဲဒီအရင်းအမြစ်က ငါတို့ရဲ့ အောက်ဘက်မှာ ရှိတယ်... ခေတ်အဆက်ဆက် သုံးစွဲလာခဲ့ကြလို့ အကုန်လုံးနီးပါး ခန်းခြောက်သွားပြီဆိုပေမယ့်ပေါ့လေ..."

နဂါးများသည် ဒဏ္ဍာရီများဖြစ်ကြောင်း သို့မဟုတ် အကယ်၍ ၎င်းတို့ တကယ်ရှိခဲ့လျှင်လည်း ကောင်းကင်ဘုံတွင်သာ ရှိကြောင်း ယုံကြည်မှုများနှင့် လင်းတုန်းသည် ကြီးပြင်းလာခဲ့ရသည်။ သို့သော် ဆူရီရယ်က သူ့ကို ပင်လယ်အောက်မှ နဂါးတစ်ကောင်ကို ပြသခဲ့ဖူးသည်။

သူတို့အောက်ရှိ မဟူရာ တောင်ကြီးသည် မှောင်မိုက်ပြီး အေးခဲနေသော လှိုင်းလုံးကြီးတစ်ခု၏ ခေါင်းကဲ့သို့ သဲကန္တာရထဲမှ ထိုးထွက်နေသည်။ အိုမင်းရင့်ရော်မှုကြောင့် ဝါကျင့်ကျင့်ဖြစ်နေသော ဧရာမ ကျောရိုးကြီးတစ်ခုသည် ကျောက်ဆောင်ကို ရစ်ပတ်လိမ်ယှက်နေပြီး မြွေကဲ့သို့သော ဦးခေါင်းခွံတစ်ခုက တောင်ခြေတွင် တည်ရှိနေသည်။

၎င်းသည် မြွေသင်္ချိုင်း မြို့ရှိ အပြည့်စုံဆုံးသော အရိုးစုဖြစ်သော်လည်း တစ်ခုတည်းတော့ မဟုတ်ပေ။ သည်နေရာတွင် ခြေသည်းတစ်ခု၊ ဟိုနေရာတွင် ထက်မြက်သော အစွယ်တစ်ပုံ စသဖြင့် ရှိနေသည်။ ကောင်းကင် ကရုဏာ သည် မဆင်းသက်ရသေးချေ။ အကယ်၍ သူ ၎င်းတို့ကို ဤနေရာမှနေ၍ မြင်နိုင်လျှင် မြေပြင်ပေါ်တွင် မည်သို့ပုံပေါက်နေမည်နည်း။

All Chapters