အခန်း (၁၉၁-၁၉၂)
Vol. 14 Ch. 191-192
အပိုင်း(၁၉၁)
အဝေးမှ လှမ်းမြင်ခဲ့ရသော ဝက်အူရစ်ပုံစံ အရိုးမျှော်စင်၏ အောက်ခြေသို့ ရောက်သည်အထိ သူတို့ လမ်းလျှောက်လာခဲ့ကြသည်။ ကပ်ဆီးရပ်စ်သည် ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ၏ လက်မောင်းရှိ ငွေရောင်လက်ပတ်ကို အင်္ကျီလက်စွန်းဖြင့် ပွတ်သပ်လိုက်သည်။ ၎င်းသည် သူ၏ ရွှေအဆင့် အမှတ်အသားမျှသာ ဖြစ်သော်လည်း ထိုလူက ၎င်းကို လက်ဝတ်ရတနာတစ်ခုကဲ့သို့ ဂရုစိုက်နေခြင်း ဖြစ်သည်။ သူသည် အင်္ကျီ ကော်လာကို ပြင်ဆင်လိုက်ပြီး ဘောင်းဘီပေါ်မှ ဖုန်များကို ခါချလိုက်သည်။ ငွေရောင် ဓားအိမ်ထဲရှိ သူ၏ ဓားကို စစ်ဆေးလိုက်ပြီးနောက် လက်ပတ်ပေါ်တွင် ရောင်ပြန်ဟပ်နေသော သူ၏ ပုံရိပ်ကို ကြည့်လိုက်သည်။
"မင်း ငါ့ နီးပါးလောက်ကို ကြည့်ကောင်းနေပါပြီ..."
အီသန် က လက်ယပ်ပြရင်း ပြောလိုက်သည်။
"သွားပါ... မိသားစု ကိစ္စတွေကို မင်းလောက်တော့ ငါ ကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ်..."
ကပ်ဆီးရပ်စ်သည် သူ့ကို သံသယရှိသည့် အကြည့်ဖြင့် ကြည့်လိုက်သော်လည်း မျှော်စင်ထဲသို့ အမြန်ဝင်သွားခဲ့သည်။
"သူ့ရဲ့ ဇနီးနဲ့ သားက အဲဒီထဲမှာ ရှိနေတယ်လေ..."
အီသန် က ပြောလိုက်ရာ လင်းတုန်း ၏ စိတ်ကူးစိတ်သန်းများကို နိုးဆွပေးလိုက်သလို ဖြစ်သွားသည်။ ဤနေရာသို့ လာရာလမ်းတစ်လျှောက်တွင် ကပ်ဆီးရပ်စ် သည် သူ၏ ဇနီးအကြောင်းကို အကြိမ်များစွာ ပြောဆိုခဲ့ပြီး သူမသည် အင်ပါယာ အတွင်းရှိ အသန်မာဆုံးသော အဆင့်မြင့် ရွှေအဆင့် တစ်ဦးဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် လင်းတုန်း ကမူ ၎င်းကို ခင်ပွန်းတစ်ယောက်၏ ချီးမွမ်းစကားအဖြစ်သာ မှတ်ယူခဲ့သည်။
ယခုအခါ သူတို့သည် အရာအားလုံးကို အဆင့်သတ်မှတ်ထားကြောင်း သူ သိရှိသွားပြီဖြစ်ရာ သူမသည် တကယ်ပဲ မဟူရာ မီးတောက် အင်ပါယာ အတွင်းရှိ အသန်မာဆုံး အဆင့်မြင့် ရွှေအဆင့် ဖြစ်နေမလားဟု သူ တွေးတောနေမိသည်။ အကယ်၍ ၎င်းသာ အမှန်ဖြစ်ပါက ကပ်ဆီးရပ်စ် ကရော အဆင့်ဘယ်လောက်တွင် ရှိနေမည်နည်း။
"ဆိုတော့ သူက အနည်းဆုံး တစ်ရက် ဒါမှမဟုတ် နှစ်ရက်လောက်တော့ အာရုံလွဲနေလိမ့်မယ်..."
အီသန် က ဆက်ပြောသည်။
"မိသားစု ကိစ္စတွေက ဒီလောက်ဆို လုံလောက်ပါပြီ... တကယ် အရေးကြီးတဲ့ ကိစ္စတွေကို ဆက်လုပ်ကြရအောင်..."
မျှော်စင်တံခါးများ ပြန်ပွင့်လာပြီး ကပ်ဆီးရပ်စ် က ခေါင်းပြူထွက်လာသည်။
"ခင်ဗျား ပြောတာကို ကျွန်တော် ကြားလိုက်တယ်နော်..."
အာရီလီယပ်စ် သွေးဆက်၏ စွမ်းအားများကို သူကိုယ်တိုင် ရယူနိုင်မည့် နည်းလမ်းတစ်ခုခု ရှိမလားဟု လင်းတုန်း သည် တွေးတောနေမိပြန်သည်။ ကပ်ဆီးရပ်စ်က သူ့ကို မရနိုင်ကြောင်း၊ ဤမိသားစုတွင် မွေးဖွားလာသူသာ ဖြစ်ရမည်ဖြစ်ကြောင်း ပြောပြခဲ့ဖူးသော်လည်း လင်းတုန်းကတော့ တွေးတောနေခြင်းကို မရပ်တန့်နိုင်ခဲ့ပေ။
အီသန်သည် ကပ်ဆီးရပ်စ် ပြောသည်ကို သေချာပေါက် ကြားလိုက်မည်ဖြစ်သော်လည်း သူ လှည့်မကြည့်ခဲ့ပေ။ သူတို့အဖွဲ့ကို မျှော်စင်နှင့် ဝေးရာသို့ ခေါ်ဆောင်သွားပြီး ပင်မအဆောက်အအုံဆီသို့ ပြန်သွားခဲ့သည်။
"နံပါတ် တစ်ရာ့တစ်ဆယ့်သုံး..."
သူက ပြောလိုက်ရာ သူတို့ပတ်လည်ရှိ အပြာရောင်ဝတ်စုံဝတ် အစေခံများကြားမှ အမျိုးသားတစ်ဦး ထွက်လာပြီး အဆင့်နိမ့် အရှင်သခင် ၏ ရှေ့တွင် ဒူးထောက်လိုက်သည်။
"မြေအောက်ခန်း နံပါတ်သုံး ကို ဝင်ရောက်ဖို့အတွက် မင်းကို ပြင်ဆင်ထားစေချင်တယ်... ပြီးတော့ ဖစ်ရှာ ဂီရှာကို ဝိညာဉ်ပန်းပဲဆရာ တွေရဲ့ နေရာဆီ ခေါ်သွားပေးပါ..."
ဂီရှာသည် အစေခံနှင့် ပူးပေါင်းရန် ခပ်သုတ်သုတ် လျှောက်သွားခဲ့သည်။ သူမ၏ ကျောဘက်တွင် ခေါင်းတလားအရွယ်အစားရှိ သစ်သားသေတ္တာကြီးတစ်ခုကို ချည်နှောင်လွယ်ကူထားသည်။ ထိုသေတ္တာကြီးက သူမကို သေးငယ်သွားစေသော်လည်း သူမသည် ၎င်းကို အခေါင်းပေါက်တစ်ခုကဲ့သို့ ပေါ့ပါးစွာ သယ်ဆောင်သွားခဲ့သည်။
"ဖစ်ရှာ ဂီရှာ က လူသူကင်းမဲ့တဲ့ တောရိုင်းမြေ ကနေ လာတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော် တစ်ယောက်ပဲ..."
အီသန် က ပြောလိုက်သည်။ ထိုအခါ အစေခံသည် သိသာထင်ရှားစွာ အံ့အားသင့်သွားပြီး မော့ကြည့်လိုက်သည်။
"ဒါပေမယ့်..."
အီသန် က ဆက်ပြောသည်။
"သူ့ကို တခြားဘယ်နေရာကမဆို လာတဲ့ ဧည့်သည်တစ်ယောက်လိုပဲ ဆက်ဆံရမယ်..."
အစေခံ နံပါတ် တစ်ရာ့တစ်ဆယ့်သုံးသည် စကားတစ်ခွန်းမျှ မဆိုဘဲ ဦးညွှတ်လိုက်သည်။ ထို့နောက် အဆင့်နိမ့် အရှင်သခင် နှင့် ကျန်လူများကို သူ့ဘေးမှ ဖြတ်လျှောက်သွားခွင့် ပြုလိုက်သည်။
ဖစ်ရှာ ဂီရှာ က လင်းတုန်း ကို ခေါင်းညိတ်ပြလိုက်ရာ သူကလည်း လက်သီးဆုပ်နှစ်ခုကို ပူးကပ်ကာ သူမအား ပြန်လည် အရိုအသေပေးလိုက်သည်။
သူမထံမှ ဝိညာဉ်ပန်းပဲ ပညာရပ် သင်ခန်းစာများ ဆက်လက်သင်ယူရဦးမည်ဟု ယုံကြည်ရန် လင်းတုန်း တွင် အကြောင်းပြချက် အပြည့်အဝ ရှိနေခဲ့သည်။ သို့သော် ဤထူးဆန်းသော မြို့ကြီးထဲတွင် ရင်းနှီးသော မျက်နှာတစ်ခုနှင့် ခွဲခွာရခြင်းက သူ့ကို စိတ်လှုပ်ရှား ထိတ်လန့်နေစေဆဲ ဖြစ်သည်။
အီသန်က ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ထို့နောက်... လင်းတုန်း နားမလည်နိုင်သော အကြောင်းပြချက်တစ်ခုဖြင့် လေထဲသို့ လက်တစ်ဖက် မြှောက်လိုက်ပြီးနောက် လမ်းကြောင်းကို ပြောင်းပြန်လှည့်လိုက်သည်။ သူသည် သူတို့ကို ပထမဆုံး ခေါင်းဆောင်ကြီး ၏ ရုပ်တုခြေရင်းသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် လင်းတုန်း ၏ ပခုံးပေါ်သို့ လက်တစ်ဖက်၊ ယီရင် ၏ ပခုံးပေါ်သို့ လက်တစ်ဖက် တင်လိုက်သည်။
"ကျွန်တော် ပုံတူပန်းချီဆွဲခံဖို့ ကိုယ်ဟန်ပြနေကြတာလား..."
လင်းတုန်း က မေးလိုက်သည်။ အာရီလီယပ်စ် အစေခံများ ဖြတ်သန်းသွားလာနေစဉ် ရုပ်တုရှေ့တွင် ဤသို့ နေရာယူ ရပ်တန့်နေရမည့် အခြားအကြောင်းပြချက်ကို သူ စဉ်းစားမရချေ။
"ပုံတူပန်းချီအတွက်တော့ မဟုတ်ပါဘူး..."
အီသန်က ပြောလိုက်ပြီး လူအုပ်ထဲမှ လျှောက်လာသော အဘိုးအိုတစ်ဦးထံသို့ လှမ်းကြည့်ကာ ပြုံးပြလိုက်သည်။ ထိုအဘိုးအိုသည် အသက် ရှစ်ဆယ်ခန့် ရှိနေလောက်ပြီဖြစ်သော်လည်း အရပ်ရှည်ရှည် ဖြစ်ကာ မတ်မတ်ရပ်နေသည်။ သူ၏ ဆံပင်ဖြူများက ကျောပြင်ပေါ်သို့ ဖြာကျနေသည်။ သူ၏ အဖြူရောင်ဝတ်ရုံများသည် ရှုပ်ထွေးလှပပြီး အပြစ်ဆိုဖွယ်ရာ မရှိပေ။ ကောင်းကင် ကရုဏာ ပေါ်မှ ဆင်းလာကတည်းက လင်းတုန်း မြင်တွေ့ခဲ့ရသော အခြားအဝတ်အစားများကဲ့သို့ပင် ထိုဝတ်ရုံများသည် အစွန်းအထင်း သို့မဟုတ် ဖုန်မှုန့်တစ်စက်မျှပင် ရှိမနေခဲ့ဖူးသည့်ပုံ ပေါက်နေသည်။
သူသည် မုတ်ဆိတ်ကျင်စွယ်များကို ပြောင်စင်အောင် ရိတ်သင်ထားပြီး သူတို့ရှေ့တွင် ရပ်တန့်လိုက်ချိန်၌ သူ၏လက်များကို နောက်ကျောဘက်သို့ ပစ်ထားခဲံသည်။ လေပြင်းက သူ၏ အင်္ကျီလက်များနှင့် ဝတ်ရုံအောက်နားစကို လွင့်ခါသွားစေသော်လည်း သူ၏ ဆံပင်များကိုမူ မထိခိုက်ခဲ့ပေ။ ထိုအချက်က လင်းတုန်း ကို ပို၍ နီးကပ်စွာ ကြည့်ရှုမိစေခဲ့သည်။
အဖြူရောင် ဆံပင်မျှင်များသည် အလင်းရောင်အောက်တွင် အနည်းငယ် တောက်ပနေသည်။ ယခု အနီးကပ် ကြည့်လိုက်သောအခါ ဆံပင်မျှင်တစ်ခုစီတိုင်းသည် ပုံမှန်ထက် တစ်နည်းနည်းဖြင့် ပို၍ တုတ်ခိုင်နေပုံရသည်။ တစ်စက္ကန့်ခန့် စူးစမ်းကြည့်ရှုပြီးနောက် သူ ဘာကို မြင်နေရသလဲဆိုတာ သူ သဘောပေါက်သွားခဲ့သည်။ ၎င်းတို့မှာ သတ္တုကြိုးများ ဖြစ်နေသည်။
ကျင်း ကလန် ၏ ရွှေအဆင့် အမှတ်အသား ပင်ဖြစ်သည်။
" ကျင်းတိုင်ရှို့..."
အီသန် က ပျော်ရွှင်စွာ ပြောလိုက်၏။
"ဒီလို သာယာတဲ့ ဆောင်းဦးမနက်ခင်းမှာ ဘယ်အရာက ခင်ဗျားကို တောင်အောက် ဆင်းလာစေတာလဲ..."
ကျင်းတိုင်ရှို့သည် အီသန်ကိုသာ စူးစိုက် ကြည့်နေခဲ့သည်။ လင်းတုန်း သို့မဟုတ် သူတို့ပတ်လည်တွင် ဖြတ်သန်းသွားလာနေသော အစေခံများကို တစ်ချက်မျှပင် စောင်းငဲ့မကြည့်ခဲ့ပေ။
"မင်း ဒီနေ့ ရောက်လာမယ်လို့ ငါ ကြားထားတယ်... ဒါကြောင့် ကိုယ်တိုင်ကိုယ်ကျ လာပြီး နှုတ်ဆက်ချင်လို့ပါ..."
"ခင်ဗျားက တကယ်ကို သဘောထားကြီးတာပဲ... ကျွန်တော့် မိသားစုရဲ့ အဖွဲ့ဝင် အသစ် နှစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ... ဒါက ယီရင် တဲ့၊ အပြင်ဘက် မိသားစုရဲ့ ထိပ်တန်းအဆင့် တပည့်ပေါ့... ပြီးတော့ လင်းတုန်း တဲ့... ဒုတိယအဆင့် ပါ..."
ငှက်မွှေးတစ်ခုလို ပေါ့ပါးသော အထိအတွေ့တစ်ခုက လင်းတုန်း ၏ ဝိညာဉ် ပေါ်သို့ ဖြတ်သန်းပွတ်တိုက်သွားသည်။ အဘိုးအို၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများသည် တွန့်ချိုးသွားပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။
"ဒုတိယ..."
"သူတို့ကို ကျွန်တော်ကိုယ်တိုင် အဆင့်သတ်မှတ်ပေးခဲ့တာပါ... လင်းတုန်း၊ ယီရင်... ဒါက ကျင်းတိုင်ရှို့ တဲ့... မဟူရာ မီးတောက် အင်ပါယာ ရဲ့ သတ္တမမြောက် အဆင့်နိမ့် အရှင်သခင် ပဲ..."
ကျင်းတိုင်ရှို့က မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက်... သူက အီသန်၏ စကားကို ထပ်ဖြည့်လိုက်၏။
"ပြီးတော့ ကျင်း ကလန် ရဲ့ ခေါင်းဆောင်ကြီး လည်း ဖြစ်တယ်..."
"အာ... ဟုတ်သားပဲ... သူက ကြီးမြတ်တဲ့ ကလန်သုံးခုထဲက တတိယအဆင့်ရှိတဲ့ ကလန်ရဲ့ ခေါင်းဆောင်ကြီး လည်း ဖြစ်သေးတယ်..."
အီသန် ၏ အပြုံးသည် နေရောင်ခြည်ကဲ့သို့ တောက်ပနေသည်။
ကျင်းတိုင်ရှို့ သည် အီသန်ကို အချိန်အတန်ကြာ စူးစမ်းလေ့လာနေခဲ့သည်။
"မင်း ကြားပြီးပြီလားတော့ ငါမသိဘူး... ဒါပေမယ့် မင်းမရှိတဲ့အချိန်မှာ မြို့ထဲက မင်းမိသားစုရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းနေခဲ့တယ်... သူတို့ကို လမ်းညွှန်ပေးဖို့ မင်းရဲ့ ကိုယ်ပိုင် ကြီးကြပ်မှုမရှိဘူး ဆိုရင် အင်ပါယာ တစ်ဝန်းလုံးမှာ ဘယ်လိုအခြေအနေမျိုး ဖြစ်နေမလဲဆိုတာ ငါ စိတ်ကူးကြည့်လို့တောင် ရပါတယ်..."
လင်းတုန်းသည် ကျင်း ခေါင်းဆောင်ကြီး ၏ အာရုံစိုက်မှုကို မရစေရန် မျက်လွှာချထားရင်း ချွေးပြန်နေသော လက်ဖဝါးများကို သူ၏ အိတ်ကပ်အတွင်း၌ ပွတ်သပ်နေခဲ့သည်။ ခရီးစဉ်၏ အဆုံးသတ်သို့ ရောက်ရှိပြီးနောက် ဖြစ်ပေါ်လာမည်ဟု သူ မျှော်လင့်ထားခဲ့သော အရာအားလုံးထဲတွင် ပဋိပက္ခဖြစ်နေသော အဆင့်နိမ့် အရှင်သခင် နှစ်ဦးကြား ရောက်နေလိမ့်မည်ဟု တစ်ခါမျှ စိတ်ကူးမယဉ်ဖူးခဲ့ပေ။
လင်းတုန်း ယီရင် ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သို့သော် သူမက ကျင်းတိုင်ရှို့ ကို ပွင့်လင်းစွာပင် စူးရဲစွာ စိုက်ကြည့်နေခဲ့သည်။ သူမ၏ လက်များကို ပိုက်ထားပြီး ရွှေအဆင့် အမှတ်အသား မှာလည်း တုန်ခါနေခဲ့သည်။
***
အပိုင်း(၁၉၂)
"ကျွန်တော်မရှိတဲ့အချိန်မှာ မိသားစုရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ကျွန်တော် တော်တော်လေး ကျေနပ်အားရမိပါတယ်..."
အီသန်က ကျင်းတိုင်ရှို့၏ စကားကို တုန့်ပြန်လိုက်သည်။ ကျင်းတိုင်ရှို့ ၏ အာရုံစိုက်မှုသည် လင်းတုန်း နှင့် ယီရင် တို့အပေါ်သို့ ခေတ္တမျှ ကျရောက်သွားခဲ့၏။ ထို့နောက်... သဘောမကျသည့် အသံတိုးတိုးလေးတစ်ခုကို ထုတ်ဖော်လိုက်သည်။
"အဆင့်နိမ့် အရှင်သခင် တစ်ယောက်ဆိုတာ ဒီထက်ပိုပြီး မြင့်မားတဲ့ စံနှုန်းတွေ ရှိသင့်တယ်...”
"တကယ်လား..."
အီသန် သည် ဇဝေဇဝါဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။
"ကျွန်တော့်ရဲ့ စံနှုန်းတွေက အရမ်းမြင့်နေတယ်လို့ ကျွန်တော် အမြဲတမ်း ထင်နေခဲ့တာ... ကောင်းပြီလေ၊ လာမယ့်ရက်တွေမှာ ခင်ဗျားရဲ့ နယ်မြေကို ကာကွယ်ဖို့ အာရီလီယပ်စ် မိသားစု က ကူညီပေးနိုင်မလားဆိုတာ ကျွန်တော့်ကို အသိပေးပါဦး... ကျင်းလုံ က တော်တော်လေး အန္တရာယ်ကြီးတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တယ်... ခင်ဗျား ကိုယ်တိုင် အရေးယူဆောင်ရွက်ဖို့ ရည်ရွယ်ထားတာမျိုး မဟုတ်ဘူးဆိုရင်ပေါ့..."
အပြန်အလှန် ပြောဆိုမှုတစ်လျှောက်လုံးတွင် ထိုစကားသည် အီသန် ပြောခဲ့သမျှထဲ၌ တစ်ခုတည်းသော စစ်မှန်သည့် ယဉ်ကျေးဖွယ်ရာ စကားဖြစ်သည်ဟု လင်းတုန်း ထင်မြင်မိသည်။ သို့သော် ကျင်းတိုင်ရှို့ သည် အီသန် က သူ၏ ကလေးများကို စော်ကားလိုက်သကဲ့သို့ ဒေါသတကြီး ဖြစ်သွားခဲ့သည်။
"ကျင်း ကလန် ရဲ့ အဆင့်မြင့် ရွှေအဆင့် တွေက နှင်ထုတ်ခံရသူ တစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းဖို့ လုံလောက်တဲ့ စွမ်းရည်ရှိပါတယ်..."
"ဒီလိုကြားရတာ စိတ်သက်သာရာရသွားပြီ... အဆင့်မြင့် ရွှေအဆင့် တစ်ယောက်တည်းကြောင့် ခင်ဗျား ကိုယ်တိုင် လှုပ်ရှားရလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး..."
ကျင်း အဆင့်နိမ့် အရှင်သခင် ၏ မျက်နှာသည် ပို၍ မှောင်မိုက်သွားခဲ့သည်။ သို့သော် အီသန် သည် လင်းတုန်း ထင်မှတ်ထားသည်ထက် ပို၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ နောက်ဆုံးတွင် ရယ်သံများ တဖြည်းဖြည်း တိတ်ကျသွားပြီး သူ၏ မျက်လုံးမှ မျက်ရည်တစ်ပေါက်ကို သုတ်ဖယ်လိုက်သည်။
"အား... ဒီလို ဖော်ရွေတဲ့ စကားဝိုင်းလေး ရှိနေရတာ လန်းဆန်းသွားစေတယ်..."
ကျင်းတိုင်ရှို့ ၏ အသွင်အပြင်သည် အိမ်တစ်လုံးကို မီးရှို့တော့မည့် လူတစ်ယောက်၏ ရုပ်သွင်မျိုး ဖြစ်နေသည်။
အီသန်က သူ့ရှေ့ရှိလူအား အနည်းငယ်မျှသာ ဦးညွှတ်လိုက်သည်။
"အချိန်တိုတောင်းတယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမယ့် ကျွန်တော့်ကို ဒီလောက်မြန်မြန် လာတွေ့တဲ့အတွက် ခင်ဗျားကို ကျေးဇူးတင်ပါတယ်... ကျွန်တော့်မှာ အချိန်ပိုရတဲ့အခါ ခင်ဗျားရဲ့ ကျင်း ကလန် ဆီကို တုံ့ပြန်တဲ့အနေနဲ့ လာရောက်လည်ပတ်ရတာ ဝမ်းသာစရာ ဖြစ်မှာပါ..."
သူက လှည့်လိုက်ပြီး ယီရင် နှင့် လင်းတုန်း တို့ကို သူ့နောက်သို့ ဆွဲခေါ်သွားခဲ့သည်။ ကျင်းတိုင်ရှို့ တစ်စုံတစ်ရာ ပြောဆိုခွင့်မရမီမှာပင် သူ စတင် လျှောက်သွားခဲ့သည်။
လင်းတုန်း နောက်ဖက်သို့ လှည့်ကြည့်လိုက်မိသည်။ ဤမျှ စော်ကားခံခဲ့ရပြီးသည့်နောက် ရန်သူ အဆင့်နိမ့် အရှင်သခင် မည်ကဲ့သို့ တုန့်ပြန်မည်ကို သူ သိချင်နေမိသည်။
ကျင်း ခေါင်းဆောင်ကြီး သည် သူ၏ လက်များကို နောက်ကျောဘက်တွင် ပြန်လည် ပိုက်ထားလိုက်သည်။
ထိုစဉ် ရုတ်တရက် လင်းတုန်း ၏ ခန္ဓာကိုယ်သည် ငါးဆခန့် ပို၍ လေးလံသွားခဲ့သည်။ သူ၏ ဒူးများ ရင်ပြင်၏ ကျောက်တုံးပေါ်သို့ ပြင်းထန်စွာ ရိုက်မိသွားချိန်တွင် အဆုတ်ထဲမှ လေများမှာလည်း အလျင်အမြန် ထွက်သွားခဲ့သည်။ ဧရာမ လက်ဝါးကြီးတစ်ခုက သူ၏ ကျောရိုးပေါ်သို့ ဖိချထားသကဲ့သို့ သူ၏ ခေါင်းသည် အောက်သို့ ငိုက်ကျသွားခဲ့သည်။
သူ အံကြိတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို အားဖြည့်ကာကွယ်ရန် သူ၏ မာဒြာ အားလုံးကို အသုံးပြုလိုက်သည်။ အစွမ်းကုန် ခွန်အားဖြင့်ပင် သူသည် ခေါင်းကို အနည်းငယ်မျှသာ မော့နိုင်ခဲ့သည်။
လင်းတုန်း တစ်ယောက်တည်း မဟုတ်ပေ။ လူတိုင်း မြေပြင်ပေါ်သို့ ရောက်နေကြသည်။ ကလေးငယ်များသည် ကျောက်တုံးပေါ်တွင် ပုံကျနေရင်း ငိုယိုနေကြသည်။ လှည်းတစ်စီးသည် တိမ်းမှောက်သွားပြီး လမ်းပေါ်သို့ အမှိုက်များ ဖိတ်စင်ကုန်သည်။ ထို့အပြင် သူ မြင်နိုင်သမျှ လူအများစုမှာ အသက်ရှူရခက်ခဲကာ မောဟိုက်နေကြသည်။
ယီရင်၏ မေးရိုးများ တင်းမာနေ၏။ သူမသည် ဂရုတစိုက်ဖြင့် အသက်ကို ရှူသွင်း၊ ရှူထုတ် လုပ်နေသည်။ သို့သော် သူမသည်လည်း သူ့နည်းတူ လက်နှင့် ဒူးများကို ထောက်လျက်သား ဖြစ်နေခဲ့သည်။ အီသန် ၏ ဒူးများပင်လျှင် ကွေးညွတ်နေပြီး ဟန်ချက်ညီစေရန် လက်များကို ဆန့်ထုတ်ထားရကာ သူ၏ အပြုံးများလည်း ပျောက်ကွယ်နေခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်နှာပေါ်တွင် ပင်ပန်းရုန်းကန်နေရသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။
လင်းတုန်း သည် အသက်ရှူ၍ မရခဲ့ပေ။ သူ၏ ပါးစပ်သည် ဟောင်းလောင်း ဖြစ်နေသော်လည်း လေထုသည် ကျောက်တုံးအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ခံစားနေရသည်။
"မင်းကို ကိုယ်တိုင်ကိုယ်ကျ စကားလာပြောတာဟာ ဂုဏ်ပြုလိုက်တာပဲ..."
ကျင်းတိုင်ရှို့ က တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါ့မျက်နှာကို တံတွေးနဲ့ မထွေးစမ်းပါနဲ့... နံပါတ်ဆယ့်တစ်..."
အီသန်က သူ၏ လက်များကို မြှောက်ကာ လေထုကို ဆွဲယူလိုက်သည်။ မမြင်ရသော တံခါးတစ်ချပ်ကို အတင်းဆွဲဖွင့်နေသည့်အလား ပုံပေါက်နေသည်။ သူသည် အချိန်အတန်ကြာ အားစိုက်ထုတ်နေခဲ့ပြီးနောက် နောက်ဆုံးတွင် တစ်စုံတစ်ခု ပွင့်ထွက်သွားခဲ့သည်။
ဖိအားများ ပျောက်ကွယ်သွားသည်။ လင်းတုန်း သည် လေကို အဝတ်ငမ်းငမ်း ရှူသွင်းလိုက်သည်။ အီသန် သည် ယိမ်းယိုင်သွားပြီး ပထမဆုံး ခေါင်းဆောင်ကြီး ၏ ရုပ်တုကို မှီချလိုက်ကာ မျက်နှာနီရဲလျက် မောဟိုက်နေခဲ့သည်။
ကျင်းတိုင်ရှို့ ၏ နှုတ်ခမ်းများသည် အပြုံးတစ်ခု၏ အစအဖြစ် တွန့်ကွေးသွားခဲ့၏။
"မင်း ခရီးရှည်ကြီး သွားလာခဲ့ရတယ်... ပြန်လည်သက်သာလာတဲ့အခါ ငါ့ဆီ လာခဲ့ပါ... မင်းကို တွေ့ခွင့်ပေးမယ်..."
သူ ထွက်ခွာသွားခဲ့သည်။ ရင်ပြင်ကို ဖြတ်၍ သူ၏ ကိုယ်ပိုင်အရှိန်အဟုန်ဖြင့် လျှောက်သွားခဲ့သည်။ လမ်းဖယ်ပေးရန် အပြေးအလွှား ရှောင်ဖယ်နေကြသော အစေခံများကို အနည်းငယ်မျှ ဂရုမစိုက်ခဲ့ပေ။
လင်းတုန်း သည် သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်နိုင်သွားသောအခါ အီသန် ကို လှမ်းကြည့်လိုက်သည်။ အာရီလီယပ်စ် မိသားစု တွင် ဝင်ရောက်ပူးပေါင်းခြင်းဖြင့် သူသည် သူတို့၏ ရန်သူများနှင့် ပြိုင်ဘက်များကိုပါ ဆွဲယူလိုက်သလို ဖြစ်သွားခဲ့သည်။ ထို့အပြင် အီသန် သည် သံမဏိအဆင့် တစ်ယောက်ကို ကြီးမားသော ခြိမ်းခြောက်မှုများမှ ကာကွယ်ပေးရန် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။ အကယ်၍ သူသာ အဆင့်နိမ့် အရှင်သခင် နှင့် ခပ်ဝေးဝေးတွင် နေမည်ဆိုပါက ပို၍ ဘေးကင်းနိုင်မည်ဟု လင်းတုန်း တွေးတောမိသည်။
သို့သော် ကျင်းတိုင်ရှို့ သည် အဝေးရှိ ထောင့်ချိုးတစ်ခုကို ကွေ့သွားသည်နှင့် တစ်ပြိုင်နက် အီသန် သည် ပြင်းထန်စွာ အသက်ရှူနေခြင်းကို ရပ်တန့်လိုက်သည်။ သူ၏ ကျောကို မတ်လိုက်ပြီး အပြုံးများ နေရာတကျ ပြန်ပေါ်လာခဲ့သည်။
လင်းတုန်း ၏ စိုးရိမ်ပူပန်မှုကို မြင်သောအခါ သူက မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
"ဒီကလူတွေအားလုံးက အဆင့်အတန်းမြင့်မားရေးကို အရမ်းဂရုစိုက်ကြတယ်... လူအများရဲ့ အာရုံစိုက်မှုကို မခံရတဲ့အချိန်မှာ ပိုပြီး အလုပ်တွင်တယ်လို့ ငါ အမြဲတမ်း ခံစားရတယ်... မင်းကော အဲဒီလို မထင်ဘူးလား..."
ယီရင်က သူမ၏ ပခုံးဆစ်များကို လှည့်ပတ်ကာ ဖြေလျှော့လိုက်သည်။
"မျက်နှာဆယ်ဖို့က နောက်ကျသွားပြီ... ရှင်က ထွန်ယက်နေတဲ့ မြင်းတစ်ကောင်လို ရုန်းကန်နေခဲ့ရတာလေ..."
အီသန်က ရယ်မောလိုက်သည်။
"ငါ အဲဒီလို ဖြစ်နေခဲ့တာလား... အင်းလေ... ဒီတစ်ခါတော့ အရမ်းသန်မာတဲ့ ပြိုင်ဘက်တစ်ယောက်ကို ငါ ရန်စမိသွားတာ ဖြစ်နိုင်တယ်..."
ထိုဖြစ်နိုင်ခြေနှင့်ပတ်သက်၍ သူ သိပ်ပြီး စိုးရိမ်ပူပန်နေပုံ မပေါ်ပေ။ သူက အိတ်ကပ်ထဲသို့ လက်နှိုက်ကာ သစ်သားဒင်္ဂါးပြားနှင့်တူသော အရာတစ်ခုကို ယီရင် ထံသို့ ပစ်ပေးလိုက်သည်။
"ယီရင်... အစေခံတစ်ယောက်ကို ဆေးဖော်စပ်တဲ့နေရာဆီ လမ်းညွှန်ခိုင်းလိုက်ပါ... သူတို့ကို ဒီအမှတ်တံဆိပ် ပြပြီး ခရမ်းရောင် ငှက်မွှေး ဆေးရည် တစ်ပုလင်း တောင်းလိုက်..."
သူမ၏ မျက်နှာသည် ချက်ချင်း တောက်ပသွားခဲ့သည်။
"ဒါက ကျွန်မရဲ့ အဆင့်မြင့် ရွှေအဆင့် ဆီသွားတဲ့ လမ်းကြောင်းကို ချောမွေ့သွားစေမှာလား..."
"မင်း ငါပြောတာကိုသာ နားထောင်မယ်ဆိုရင် မင်းရဲ့ အဆင့်မြင့် ရွှေအဆင့် ဆီသွားတဲ့ လမ်းကြောင်းက အရမ်းချောမွေ့ပါတယ်... ဒါပေမယ့် ဒီဆေးက မင်းရဲ့ ဝိညာဉ်အကြွင်းအကျန် ကို အသုံးမပြုဘဲနဲ့ မင်းရဲ့ မာဒြာ အခြေခံကို တိုးတက်စေဖို့ ကူညီပေးလိမ့်မယ်... ဆေးအာနိသင် ကုန်သွားတဲ့အထိ နောက်သုံးလေးရက်လောက် မင်း တတ်နိုင်သလောက် လှည့်ပတ် ကျင့်ကြံလိုက်ပါ..."
ယီရင်သည် အမှတ်တံဆိပ်ကို လက်သီးဖြင့် ဆုပ်ကိုင်ကာ စကားတစ်ခွန်းမျှ ထပ်မဆိုဘဲ ပြေးထွက်သွားခဲ့သည်။
"ကျွန်တော်ကကော..."
လင်းတုန်းက မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။ ခရီးစဉ်တစ်လျှောက်တွင် သူသည် ဆေးလုံး တစ်ဒါဇင်ခန့်ကို ရရှိခဲ့သည်။ လွန်ခဲ့သော တစ်ပတ်၊ နှစ်ပတ်ခန့်မှစ၍ ၎င်းတို့၏ အာနိသင်များ စတင် မှေးမှိန်လာခဲ့သည်။ သို့သော် အီသန် တွင် ပိုမိုစွမ်းအားကြီးမားသော အရာတစ်ခုခု အရန်သင့် ရှိနေမည်ဆိုပါက လင်းတုန်း က မြည်းစမ်းကြည့်ချင်နေသည်။
မျှော်လင့်စောင့်စားနေသည့်ဟန်ဖြင့် အီသန် သည် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။
"မင်းနဲ့ငါကတော့ လင်းတုန်း... ဒီမြို့ကြီးတစ်မြို့လုံးမှာ ငါ အနှစ်သက်ဆုံး အခန်းကို သွားကြမယ်... အဲဒါကတော့ အာရီလီယပ်စ် မိသားစု ရဲ့ စာကြည့်တိုက်ပဲ..."
***