← Chapters

အခန်း (၃၉၁-၃၉၃)

Vol. 27 Ch. 391-393

အခန်း (၃၉၁-၃၉၃)

Vol. 27 Ch. 391-393

အပိုင်း (၃၉၁) - အပြောင်းအလဲကြီးနှင့် ဧရာမမြွေကြီး ပြန်လည်ပေါ်ပေါက်လာခြင်း

"...နင် အဲဒီပုဆိန်ကို နှင်းပုံထဲ ကန်ချလိုက်တာလား"

ရွှီရှင်း သူမကို တစ်ချက်ကြည့်ပြီး စကားပင် မပြောနိုင်တော့ပေ။

"ကျွန်မ... ကျွန်မ..."

လုဖေးအာ ထူထဲလှသော ဆီးနှင်းပုံကို ကြည့်ပြီး သူမကိုယ်တိုင်လည်း မှင်သက်သွားရှာသည်။

"အခုပဲ သွားရှာလိုက်ပါ့မယ်"

ပြောပြောဆိုဆိုနှင့်ပင် သူမသည် နှင်းပုံထဲသို့ တိုးဝင်ရှာဖွေတော့၏။

ရွှီရှင်းသည် ရှေးဦးလူရိုင်းတစ်ယောက်နှင့် တူသော ထိုဗီဇပြောင်းလူသားကို လှမ်းကြည့်လိုက်၏။

လူရိုင်းကဲ့သို့ ဝတ်ဆင်ထားစေကာမူ အပြင်သို့ ထွက်နေသော လက်မောင်းနှင့် လက်ဖဝါးများကို ကြည့်လျှင် သွေးရောင်မျဉ်းများမှလွဲ၍ အသားအရေမှာ အတော်လေး ဖြူစင်ချောမွေ့နေပြီး လူရိုင်းတစ်ယောက်၏ အသားအရေမျိုး လုံးဝ မဟုတ်ပါပေ။

ရွှီရှင်း ဒူးထောက်ထိုင်ချလိုက်ပြီး ထိုဗီဇပြောင်းလူသား၏ ငိုက်စိုက်ကျနေသော မျက်နှာကို သေချာကြည့်ရန် ကြိုးစားလိုက်သည်။

"ဟာ... သွားပြီ"

သူ၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး အလန့်တကြား အော်ဟစ်ကာ နောက်သို့ ခုန်ဆုတ်လိုက်သည်။

ခုန်ပျံနိုင်စွမ်း မြှင့်တင်မှုကြောင့် သူသည် မီတာအတော်များများ မြင့်တက်သွားပြီးမှ နောက်ဘက်က နှင်းပုံထဲသို့ ပြုတ်ကျသွားခဲ့၏။

"ဘာဖြစ်တာလဲ"

လုဖေးအာ ပုဆိန်ကို ရှာတွေ့သွားပြီး အမြန်ပြေးလာသည်။

"ငါ အဆင်ပြေပါတယ်၊ အဲဒီကောင်ကို သတိထားနော်"

ရွှီရှင်း နှင်းပုံထဲမှ ပြန်ထလာပြီး လှံရှည်ကြီးကို ကိုင်ကာ အနားသို့ တိုးသွားလိုက်သည်။

သူ ဤမျှလောက် တုန်လှုပ်သွားသည်မှာ မဆန်းပါပေ။

ခုနက သူသည် ဤလူ၏ မျက်နှာမှာ သွေးရောင်မျဉ်းများ ရှိမရှိနှင့် မည်သို့ပုံစံရှိသလဲဆိုသည်ကို သိလို၍ ကြည့်လိုက်ခြင်း ဖြစ်သည်။

လုဖေးအာနှင့် မာဟုန်ဝေတို့မှာ စွမ်းအားများ အဆမတန် ထုတ်သုံးသည့်အချိန် သို့မဟုတ် သွေးမြူခိုးများဖြင့် မြှင့်တင်ထားချိန်မှသာ မျက်နှာပေါ်တွင် သွေးရောင်မျဉ်းများ ပေါ်လာတတ်ကြသည်။

ကျန်သည့်အချိန်တွင်တော့ သူတို့သာ အဝတ်အစား လုံလုံခြုံခြုံ ဝတ်ထားလျှင် မည်သူမျှ ဗီဇပြောင်းသတ္တဝါဟု ခွဲခြားနိုင်မည် မဟုတ်ပေ။

ထို့ကြောင့်ပင် ဤလူ၏ ပုံစံကို သူ သိချင်နေခြင်း ဖြစ်၏။

ရလဒ်အနေဖြင့် သူသည် ထိုလူ၏ မျက်နှာပေါ်က သွေးရောင်မျဉ်းများကို မြင်လိုက်ရရုံတင်မကဘဲ တစ်ပြိုင်နက်တည်းမှာပင် ပြူးကျယ်နေသော မျက်လုံးကြီးများကိုပါ မြင်လိုက်ရခြင်းပင်။

ထိုသွေးနီရောင် မျက်လုံးကြီးများသည် ရှေ့သို့ တည့်တည့် စိုက်ကြည့်နေပြီး မျက်လုံးအတွင်း၌ သွေးကြောမျှင်များမှာ ပေါက်ထွက်တော့မည့်အတိုင်း ထူထပ်စွာ ရှိနေကြ၏။

ရွှီရှင်း သူ့ကို မြင်လိုက်သည့် ခဏမှာပင် သူ၏ မျက်လုံးသူငယ်အိမ်မှာ အနည်းငယ် လှုပ်ရှားသွားပြီး ရွှီရှင်း၏ အကြည့်နှင့် တည့်တည့် ဆုံသွားခဲ့သည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်သူမဆို ထိတ်လန့်သွားမည်မှာ အမှန်ပင်။

"နိုးနေရင် စကားပြောစမ်း။ ငါပြောတာ နားလည်တယ် မဟုတ်လား"

ရွှီရှင်း လှံရှည်ကို ထိုသူ၏ လည်ပင်းတွင် ကပ်လိုက်ပြီး ခေါင်းကို မော့စေလိုက်သည်။

"အမလေး"

လုဖေးအာမှာလည်း ထိုသူ၏ ပြူးထွက်နေသော မျက်လုံးကြီးများကို မြင်လိုက်ရသည်နှင့် လန့်ဖျပ်သွားပြီး ရွှီရှင်းကဲ့သို့ပင် နောက်သို့ ခုန်ဆုတ်လိုက်သည်။

"ဒါက ဘာကြီးလဲ"

သူ၏ ခေါင်းကို မော့ထားစေကာမူ ထိုလူမှာ လှုပ်ရှားခြင်း မရှိပါပေ။

သူ၏ မျက်လုံးများကိုသာ ပို၍ ပြူးကျယ်စေပြီး မျက်လုံးများမှာ အပြင်သို့ ပြူးထွက်နေကာ လည်ပင်းကြီးရောဂါရှင် တစ်ယောက်၏ ပုံစံမျိုး ပေါက်နေသဖြင့် ကြည့်ရသူကို နေရခက်စေ၏။

"စကားမပြောဘူးလား။ နားမလည်တာလား"

ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။

ဗီဇပြောင်းလူသားတွေက ဆက်သွယ်လို့ မရတာလား။

အကယ်၍ နားမလည်ဘူးဆိုလျှင်တော့ ရွှီရှင်း ယုံကြည်မည် မဟုတ်ပါပေ။

မီမီနှင့် ငွေရောင်ဘုရင်ကဲ့သို့သော ဗီဇပြောင်းသတ္တဝါများပင်လျှင် ရွှီရှင်း၏ စကားကို နားလည်နိုင်ကြသည် မဟုတ်ပါလား။

ဆက်သွယ်ရေး အခက်အခဲမှာ ရွှီရှင်းကသာ သူတို့၏ စကားကို ပြန်နားမလည်နိုင်ခြင်း ဖြစ်၏။

ဤဗီဇပြောင်းလူသားများသည် ကိုယ်ပိုင်အသိစိတ် မရှိကြကာ သူ တွေးထားသကဲ့သို့ စစ်သေနာပတိများ မဟုတ်ကြဘဲ ဗီဇပြောင်းလဲထားသော ရုပ်သေးကိရိယာများဟုထင်မှတ်မိ၏။

"ငါ မေးနေတယ်လေ"

လုဖေးအာ ရှေ့သို့ တိုးသွားကာ ထိုလူ၏ လက်မောင်းကို ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်သည်။

ထို့နောက် သူတို့နှစ်ဦး၏ အံ့သြဖွယ် အကြည့်အောက်မှာပင် ထိုလူသည် ဘေးသို့ စောင်းသွားပြီး နှင်းပုံထဲသို့ လဲကျသွားတော့သည်။

သူ၏ မျက်လုံးများမှာ ပြူးကျယ်မြဲ ပြူးကျယ်နေသော်လည်း လုံးဝ လှုပ်ရှားခြင်း မရှိပါပေ။

ကြည့်ရသည်မှာ အတော်လေး ကြောက်စရာ ကောင်းလှသည်။

လုံးဝ လှုပ်ရှားလို့ မရတာလား။ ဘာတွေ ဖြစ်နေတာလဲ။

"အီး"

ခဲခဲလေးသည် ရွှီရှင်း၏ ပုခုံးပေါ်မှ ခုန်ဆင်းကာ ထိုလူ၏ အနားသို့ သွားရန် ကြိုးစားသော်လည်း ရွှီရှင်းက အမြန်ပင် ပြန်ဖမ်းလိုက်ရသည်။

"လျှောက်မသွားနဲ့"

ရွှီရှင်း ခဲခဲလေးကို မျက်စောင်းထိုးပြလိုက်၏။

သူ၏ ရှေ့တွင် လုံးဝ အားကိုးရာမဲ့သကဲ့သို့ ဖြစ်နေသော ဗီဇပြောင်းလူသားကို ကြည့်ရင်း ရွှီရှင်း စိတ်ကူးတစ်ခု ရလာခဲ့သည်။

အခု ချက်ချင်း စာချုပ်ချုပ်လို့ ရမလားမသိဘူး။

သူ့တွင် ဗီဇပြောင်းသတ္တဝါ စာချုပ်ကို ဖော်စပ်နိုင်စွမ်း မရှိသေးစေကာမူ ရနိုင်သမျှ စုဆောင်းထားခြင်းက ကောင်းမွန်သော အစီအစဉ်ပင် ဖြစ်သည်။

ဤလူသည် ဗီဇပြောင်းသတ္တဝါ စစ်တပ်နှင့်အတူ ပါလာသူဖြစ်သဖြင့် အကယ်၍သာ စာချုပ်ချုပ်နိုင်မည်ဆိုပါက သူ့ထံမှ ဤကမ္ဘာ၏ လျှို့ဝှက်ချက်များကို သိရှိနိုင်ပေလိမ့်မည်။

ထိုအချိန်တွင် လုဖေးအာက သူမ ရှာတွေ့လာသော ပုဆိန်ကို ကမ်းပေးလိုက်သည်။

"ရော့၊ ဒါက သူ့ဆီက ပုဆိန်ပဲ။ တကယ်တော့ ဒါက အပြာရောင်အဆင့် သံပုဆိန်ပဲ၊ ဆန်းကြယ်တဲ့ စွမ်းအားတွေနဲ့ အဆင့်မြှင့်ထားတဲ့ အထူးသံပုဆိန်လို့ ဆိုတယ်"

သံပုဆိန်..။အထူးသံပုဆိန် ဟုတ်လား။

ရွှီရှင်း ထိုပုဆိန်ကို ယူလိုက်၏။

[အထူးသံပုဆိန် (အပြာရောင်အဆင့်): မူလက ရှင်ကျန်သူတစ်ဦး ဖန်တီးထားခြင်းဖြစ်ပြီး၊ ဆန်းကြယ်သော စွမ်းအားဖြင့် အဆင့်မြှင့်တင်ပြီးနောက် သစ်ပင်အိမ်များကို ဆယ်ဆမက ပိုမိုပျက်စီးစေနိုင်ကာ သစ်ပင်အိမ်များကို ပိုမိုလျင်မြန်စွာ ခုတ်လှဲနိုင်မည်ဖြစ်သည်။]

"ရှူး..."

ရွှီရှင်း အသက်ရှူမှားသွားကာ၊ သူတို့ကို ပြူးကြည့်ရင်း လဲကျနေသော ဗီဇပြောင်းလူသားကို လှည့်ကြည့်လိုက်သည်။

ဤဗီဇပြောင်းလူသားများသည် သစ်ပင်အိမ်များကို ခုတ်လှဲရန်အတွက် သီးသန့် ရောက်လာကြခြင်းလား။

ပြီးတော့ သူတို့မှာ ရှင်ကျန်သူတွေ ဖန်တီးထားတဲ့ ကိရိယာတွေလည်း ရှိနေတာလား။

ဘာကြောင့် သူတို့ဆီမှာ ရှင်ကျန်သူတွေရဲ့ ကိရိယာတွေ ရှိနေရတာလဲ။

ရွှီရှင်း စိတ်ထဲတွင် အတော်လေး မကောင်းသော အတွေးတစ်ခု ပေါ်လာခဲ့သည်။

ဘာပဲဖြစ်ဖြစ် စာချုပ်ချုပ်လို့ ရမလားဆိုတာ အရင်စမ်းကြည့်ရမည်။

အကယ်၍ အောင်မြင်စွာ လုပ်နိုင်မည်ဆိုလျှင် သူ၏ ရင်ထဲက လျှို့ဝှက်ချက်ကို သိနိုင်ပေလိမ့်မည်။

သို့သော် စာချုပ်ချုပ်ဆိုရန်အတွက် တစ်ဖက်လူက လုံးဝ အညံ့ခံရန် လိုအပ်ပေသည်။

သူ၏ ရန်လိုနေသော အမူအရာကို ကြည့်ရသည်မှာ အညံ့ခံမည့်ပုံ မပေါ်သဖြင့် စာချုပ်ချုပ်ဆိုရန်မှာ မလွယ်ကူလှပါပေ။

ဤအတိုင်း တိုက်ရိုက်ချုပ်ဆိုမည်ဆိုပါက ၁၀၀ ရာခိုင်နှုန်း ကျရှုံးပေလိမ့်မည်။

ရွှီရှင်းသည် လှံရှည်ကို ဝေ့ယမ်းကာ ထိုလူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအချို့ ပေးလိုက်ပြန်သည်။

လှံရှည်ကို သုံး၍ သူ၏ သက်စောင့်စွမ်းအားများကို စုပ်ယူကာ သူ့ကို လုံးဝ အားနည်းသွားစေခြင်းဖြင့် စာချုပ်အောင်မြင်နိုင်ခြေကို မြှင့်တင်ရန် ကြိုးစားလိုက်ခြင်း ဖြစ်၏။

"ရှင်ကတော့ ထပ်လုပ်ပြန်ပြီ..."

ရွှီရှင်း၏ လုပ်ရပ်ကို မြင်သောအခါ လုဖေးအာက ခေါင်းကို အနည်းငယ် လွှဲလိုက်သည်။

ရက်စက်သည်ဟု ထင်သောကြောင့် မဟုတ်ပေ။

ရွှီရှင်း၏ လုပ်ရပ်များက သူမ အဖမ်းခံရသည့် နေ့ကို ပြန်လည် အမှတ်ရစေသောကြောင့် ဖြစ်သည်။

သူမ၏ အဝတ်အစားများမှာ စုတ်ပြတ်သတ်သွားကာ အားအင်ကုန်ခမ်းလျက် လဲကျနေရင်း တောင်းပန်နေစေကာမူ နောက်ဆုံးတွင် သူမ၏ လည်ပင်းကို လှီးဖြတ်ခြင်း ခံခဲ့ရသည် မဟုတ်ပါလား။

စိတ်ဒဏ်ရာကတော့ ပိုပြီး ကြီးမားသွားခဲ့ချေပြီ။

ဤလူသားက သူမအပေါ် ထားရစ်ခဲ့သော စိတ်ဒဏ်ရာမှာ သူမကို နှိပ်စက်ခဲ့သော ကလေးထိန်းများထက်ပင် များစွာ ပို၍ ပြင်းထန်လှပေသည်။

သို့သော် သူမအနေဖြင့် စက်ဆုပ်ရွံရှာမှုတော့ မရှိပါပေ။

ရွှီရှင်းအပေါ် ဖြူစင်သော ကြောက်ရွံ့မှုနှင့် ရိုသေလေးစားမှုများသာ ပို၍ တိုးလာခဲ့၏။

အခန်း ၃၉၁ ပြီး။

အခန်း (၃၉၂) - အပြောင်းအလဲကြီးနှင့် ဧရာမမြွေကြီး ပြန်လည်ပေါ်ပေါက်လာခြင်း (၂)

မကြာမီမှာပင် ထိုဗီဇပြောင်းလူသား၏ ရက်စက်ကြမ်းကြုတ်သော အကြည့်များမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး သွေးနီရောင် မျက်စိသူငယ်အိမ်များမှာလည်း အနီရင့်ရောင်သို့ ပြောင်းလဲသွားခဲ့သည်။

သို့သော် သူတို့နှစ်ဦးကို ဇဝေဇဝါဖြစ်စေသည့်အချက်မှာ ထိုသူသည် ရွှီရှင်း၏ လှံရှည်ဒဏ်ကြောင့် တစ်ကိုယ်လုံး သွေးချင်းချင်းနီကာ ဒဏ်ရာများ ပြည့်နှက်နေစေကာမူ လုံးဝ လှုပ်ရှားခြင်း မရှိကာ မျက်တောင်တစ်ချက်ပင် မခတ်ပဲ ရွှီရှင်းကိုသာ စိုက်ကြည့်နေခြင်းပင် ဖြစ်သည်။

"ဒါ ဘာတွေ ဖြစ်နေတာလဲ"

ရွှီရှင်း စိတ်ထဲတွင် အရေးတကြီး ခံစားချက်တစ်ခု ပေါ်လာခဲ့ချေပြီ။

သူတို့၏ အနောက်ဘက်တွင်တော့ ငွေရောင်ဘုရင်၊ မီမီနှင့် အာဖုတို့မှာ သားရဲများကို အစွမ်းကုန် သတ်ဖြတ်နေကြဆဲဖြစ်ပြီး သတ်ဖြတ်မှုနှင့် ရမှတ်ရရှိသည့် အကြောင်းကြားချက်များမှာ ရွှီရှင်း၏ နားထဲတွင် အဆက်မပြတ် မြည်နေသည်။

မူလက ဖြူဖွေးနေသော ဆီးနှင်းပြင်ကြီးမှာလည်း သွေးရောင်များဖြင့် ရဲရဲနီနေချေပြီ။

သို့သော် မြေပုံပေါ်က အနီရောင်အစက်များနှင့် နှိုင်းယှဉ်လျှင်တော့ မီမီတို့ သတ်ဖြတ်နေသည်မှာ စုစုပေါင်း၏ အစွန်းအထွက်လောက်ပင် မရှိပါပေ။

"အီး"

ခဲခဲလေးက ရုတ်တရက် အော်ဟစ်လိုက်ပြီး သူမ၏ လက်ဖဝါးလေးဖြင့် ရွှီရှင်း၏ ပါးကို တွန်းလိုက်သည်။

သူမ၏ အသံထဲတွင် ကြောက်လန့်ရိပ်များ ပါဝင်နေသည်။

"အီး အီး အီး"

တစ်ပြိုင်နက်တည်းမှာပင် ပတ်ဝန်းကျင်ရှိ ဆီးနှင်းလွှာများမှာ တုန်ခါလာပြီး နှင်းမျက်နှာပြင်မှာ စတင်အက်ကွဲလာခဲ့သည်။

မြေပုံပေါ်တွင်တော့ ရွှီရှင်းမှာ အရပ်မျက်နှာအနှံ့မှ အနီရောင်အစက်များ၏ ဝိုင်းရံမှုကို ခံထားရချေပြီ။

အကယ်၍သာ နှင်းအောက်က ဗီဇပြောင်းသတ္တဝါတွေအားလုံး နိုးလာကြမယ်ဆိုရင် သူတို့တွေဟာ တစ်ခဏအတွင်းမှာတင် ဝိုင်းရံပိတ်ဆို့ခံလိုက်ရတော့မှာ ဖြစ်သည်။

လုဖေးအာသည် အပြာရောင်အဆင့် ကျောက်ဓားမြှောင် တစ်လက်စီကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ကာ ရွှီရှင်းအနားသို့ သတိကြီးစွာဖြင့် တိုးကပ်လာခဲ့၏။

ရွှီရှင်း သူမလက်ထဲက လက်နက်ကို တစ်ချက်ကြည့်လိုက်မိသည်။

အင်း... သူမရဲ့ လက်နက်တွေကို အဆင့်မြှင့်ပေးဖို့ အချိန်တန်ပြီပဲ။

သူသည် မိမိရှေ့တွင် လှုပ်ရှားမှုမရှိဘဲ ရှိနေဆဲဖြစ်သော ဗီဇပြောင်းလူသားကို ကြည့်ကာ မျက်လုံးများကို မှေးလိုက်ပြီး ဘယ်ဘက်လက်ကို ဝေ့ယမ်းကာ ထိုသူကို သူ၏လက်ပတ်အတွင်းသို့ တိုက်ရိုက် သိမ်းဆည်းလိုက်တော့သည်။

လက်ပတ်ဆိုသည်မှာ စာချုပ်ချုပ်ထားသော သတ္တဝါများကိုသာ သိမ်းဆည်းနိုင်သည် မဟုတ်ပါပေ။

ဗီဇပြောင်းသတ္တဝါများဘက်မှ ခုခံမှုမရှိသရွေ့ စာချုပ်မချုပ်ရသေးလျှင်ပင် သိမ်းဆည်းထားနိုင်ခြင်း ဖြစ်သည်။

ချန်ယင် က သူ့ကို မြေအောက်မြို့တော်မှ ခေါ်ထုတ်လာစဉ်ကလည်း မိုင်းရှာရန် အသုံးပြုသော ဝံပုလွေများမှာ စာချုပ်မချုပ်ရသေးသော်လည်း လက်ပတ်အတွင်း၌ သိမ်းဆည်းထားနိုင်ခဲ့သည် မဟုတ်ပါလား။

ထိုအလုပ်ကို အပြီးသတ်လိုက်သည့်အချိန်မှာပင် ပတ်ဝန်းကျင်မှာ ထပ်မံ ပြောင်းလဲသွားခဲ့ပြန်သည်။

နှင်းပုံထဲမှ ဝံပုလွေခေါင်းတစ်လုံး ရုတ်တရက် ထွက်ပေါ်လာ၏။

၎င်း၏ ဖြူဖွေးသော အမွှေးအမျှင်များပေါ်တွင် သွေးနီရောင် မျဉ်းကြောင်းများ ပြည့်နှက်နေပြီး ထွက်လာသည်နှင့် ရွှီရှင်းကို စိုက်ကြည့်လိုက်တော့သည်။

ပတ်ဝန်းကျင်ရှိ သွေးညှီနံ့များကြောင့်လားမသိ ဆီးနှင်းဝံပုလွေမှာ ၎င်း၏ အစွယ်များကို ထုတ်ထားပြီး အနီရောင်မျက်လုံးများတွင်လည်း ရူးသွပ်မှုများ ယှက်သန်းနေချေပြီ။

ရွှီရှင်း ချက်ချင်းပင် ပေါက်ကွဲမြားတစ်စင်း ပစ်လိုက်သော်လည်း ထိုဝံပုလွေမှာ အလွန်ပင် သွက်လက်လှပေသည်။

မြားထွက်လာသည်နှင့် နှင်းပုံထဲသို့ ပြန်လည် ငုပ်လျှိုးသွားခဲ့၏။

"ဒိုင်း"

ပေါက်ကွဲသံနှင့်အတူ နှင်းလွှာပေါ်တွင် ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားပြီး လွင့်စင်လာသော နှင်းစများနှင့် ရေစက်များမှာ ရွှီရှင်း၏ မျက်နှာပေါ်သို့ ကျရောက်လာသည်။

မီးခိုးများ လွင့်ပျယ်သွားသောအခါ မြေပြင်ပေါ်တွင် ထိုဝံပုလွေကို မတွေ့ရတော့သလို သတ်ဖြတ်မှု အကြောင်းကြားချက်လည်း တက်မလာပါပေ။

သူ မြေပုံကို စစ်ဆေးလိုက်သည့်အခါ ပတ်ဝန်းကျင်ရှိ အနီရောင်အစက်များမှာ သိသိသာသာ ပိုမို တောက်ပလာသည်ကို တွေ့လိုက်ရ၏။

မှန်ပါသည်၊ သူ ဒါကို အစောကြီးကတည်းက စဉ်းစားမိသင့်၏။

သားရဲတွေ ဒဏ်ရာရတဲ့အခါ မြေပုံပေါ်က အစက်တွေက မှိန်သွားတတ်သလို အခု သူတို့ အားအင်ပြန်ပြည့်လာတဲ့အခါမှာတော့ အစက်တွေက ပိုပြီး လင်းလာကြတယ်ဆိုတာပင်။

ဤတောက်ပမှုမှာ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါတွေရဲ့ အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။

မဟုတ်သေးဘူး... အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါတွေ တကယ်ပဲ ပါနေတာလား။

သူ ခေါင်းကို အမြန်လှည့်ကြည့်လိုက်ရာ သူ၏အနောက် မီတာတစ်ဆယ်ကျော်အကွာတွင် သွေးရောင်မျဉ်းများပါသော ဆီးနှင်းကျားသစ်တစ်ကောင်က သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

ထူးဆန်းသည်မှာ ၎င်း၏ လေးလံသော ကိုယ်ထည်မှာ နူးညံ့လှသော ဆီးနှင်းများထဲသို့ နစ်ဝင်မသွားဘဲ နှင်းမျက်နှာပြင်ပေါ်တွင် လမ်းလျှောက်နေခြင်း ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ ဗီဇပြောင်းသတ္တဝါ အားလုံးသည်လည်း ခုနက ပေါက်ကွဲမှုကြောင့် နှင်းပုံထဲမှ ထွက်ပေါ်လာကြချေပြီ။

အရပ်မျက်နှာအနှံ့မှ မရေမတွက်နိုင်သော သွေးနီရောင် မျက်လုံးများမှာ ရွှီရှင်းထံသို့သာ စိုက်ကြည့်နေကြသည်။

သူသည် ဗီဇပြောင်းသတ္တဝါ အုပ်စုကြီး၏ ဝိုင်းရံမှုကို ခံလိုက်ရပြီ ဖြစ်သည်။

ထိုအထဲတွင် အလယ်အလတ်အဆင့် သတ္တဝါအချို့ပင် ပါဝင်နေသေး၏။

ရွှီရှင်းသည် စွမ်းအင်အမြုတေ အပိုင်းအစကို ချက်ချင်း ထုတ်လိုက်သည်။

ချက်ချင်းပင် နှင်းပြင်ပေါ်ရှိ သတ္တဝါအားလုံးမှာ အမြုတေမှ ထွက်ပေါ်လာသော အလင်းရောင်၏ ရိုက်ခတ်မှုကို ခံလိုက်ရတော့သည်။

လုဖေးအာကတော့ ရွှီရှင်းလက်ထဲက အပိုင်းအစကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ပြန်သည်။

သို့သော် သူ ထိုအမြုတေကို ထုတ်လိုက်သည့် ခဏမှာပင် ထိုသားရဲများအားလုံးသည် အလင်းကို ရှောင်ရှားရန်အတွက် နှင်းပုံထဲသို့ တစ်ပြိုင်နက်တည်း ပြန်ငုပ်လျှိုးသွားကြတော့သည်။

ထိုဆီးနှင်းကျားသစ် တစ်ကောင်တည်းသာ ကျန်ရစ်ခဲ့၏။

၎င်းမှာလည်း အလင်းကို စက်ဆုပ်ပုံရသော်လည်း ရွှီရှင်းလက်ထဲက အမြုတေကို ကြည့်ကာ ခြိမ်းခြောက်ဟိန်းဟောက်နေဆဲ ဖြစ်၏။

ဒါကို တစ်စုံတစ်ယောက်က နောက်ကွယ်ကနေ ထိန်းချုပ်မနေဘူးဆိုရင်တော့ ငါ လုံးဝ ယုံမှာမဟုတ်ဘူး။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ရွှီရှင်းသည် လက်ထဲက လှံရှည်ကို တင်းတင်းဆုပ်ကိုင်ကာ အကြည့်များက ခိုင်မာပြတ်သားသွားပြီးနောက် သူ ရွေးချယ်လိုက်သည်မှာ....။

ထွက်ပြေးဖို့ပါပဲ။

မှန်ပါသည်၊ ထွက်ပြေးခြင်းကသာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်သည်။

ဒီလောက်အများကြီးကို ရင်ဆိုင်တိုက်ခိုက်နေမည့်သူမှာ လူပိန်းသာ ဖြစ်ပေလိမ့်မည်။

သူသည် လက်ထဲက အမြုတေကို ပြန်သိမ်းလိုက်ပြီး ဘေးနားတွင် အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်နေသော လုဖေးအာကို ပွေ့ချီလိုက်သည်။

အမြုတေကို ပြန်သိမ်းရခြင်းမှာနှင်းပေါ်က သတ္တဝါတွေထက် နှင်းအောက်ကနေ ချောင်းမြောင်းနေတဲ့ သတ္တဝါတွေက ပိုပြီး အန္တရာယ်များလိမ့်မည်ဟု သူ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

လုဖေးအာမှာ ရွှီရှင်းက သူမကို ပွေ့ချီလိုက်သည့် ခဏမှာပင် သူ ဘာလုပ်တော့မည်ကို သိလိုက်သဖြင့် မျက်နှာလေးမှာ ရင်ခုန်စိတ်လှုပ်ရှားမှုကြောင့် နီမြန်းသွားခဲ့ရသည်။

သူမသည် ဓားမြှောင်များကို အမြန်သိမ်းဆည်းလိုက်ပြီး ရွှီရှင်း၏ လက်မောင်းကို လေထီးခုန်မည့်သူတစ်ဦးကဲ့သို့ မြဲမြံစွာ ဖက်တွယ်ထားလိုက်တော့သည်။

"အီး.." ခဲခဲလေးသည်လည်း အသင့်ဖြစ်နေပြီ ဖြစ်သည်။

ရွှီရှင်းသည် ခြေတစ်ဖက်ဖြင့် မြေပြင်ကိုနင်းကာ ကျန်ခြေတစ်ဖက်ဖြင့် နောက်ကသစ်ပင်ကို အားပြုရင်း သူ့ထံသို့ တဖြည်းဖြည်း တိုးကပ်လာနေသော ဗီဇပြောင်းသတ္တဝါ အုပ်စုကို အကဲခတ်လိုက်သည်။

သူတို့သည် တိုက်ရိုက် မတိုက်ခိုက်ကြသေးဘဲ ရွှီရှင်း ထွက်ပြေးမည့် လမ်းကြောင်းမှန်သမျှကို ပိတ်ဆို့ရန်အတွက် ဝိုင်းရံမှုကို တဖြည်းဖြည်း ကျဉ်းမြောင်းလာကြခြင်း ဖြစ်သည်။

အလွန်ပင် စနစ်တကျ ရှိလှပေသည်။

မည်သည့်သားရဲမှ အရင် စတင်မတိုက်ခိုက်ဘဲ အားလုံးက သူ့ထံသို့သာ စုပြုံတိုးဝင်လာနေကြသည်။

သို့သော် သူတို့ စိတ်ကူးမယဉ်မိခဲ့သည့်အရာမှာ သူသည် အပေါ်ဘက်ကနေ ထွက်ပြေးနိုင်စွမ်း ရှိနေခြင်းပင်။

မြေပြင်ကို အားကုန်ကန်ထုတ်လိုက်သည်နှင့် ရွှီရှင်းသည် လုဖေးအာနှင့် ခဲခဲလေးကို သယ်ဆောင်ကာ လေထဲသို့ တစ်ဟုန်ထိုး ခုန်တက်လိုက်တော့သည်။

ယခုတစ်ကြိမ်တွင်တော့ ရွှီရှင်းသည် သူ၏ အင်အားအားလုံးကို အသုံးချခဲ့ခြင်း ဖြစ်သည်။

လူတစ်ယောက်ကို ပွေ့ချီထားစေကာမူ သူသည် တစ်ခဏအတွင်း မီတာ ၅၀ အမြင့်သို့ ရောက်ရှိသွားခဲ့ချေပြီ။

"အားးးး"

လုဖေးအာ စိတ်လှုပ်ရှားစွာ အော်ဟစ်ရင်း ရွှီရှင်း၏ လက်မောင်းကို ပို၍ မြဲမြံစွာ ဖက်ထားလိုက်၏။

"အရမ်းမြင့်တာပဲ"

အမြင့်က အေးစိမ့်လှသော လေပြင်းမှာ သူ၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ခတ်လာသဖြင့် ရွှီရှင်း မသိလိုက်ဘဲ တုန်တက်သွားခဲ့၏။

အခန်း ၃၉၂ ပြီး။

အပိုင်း (၃၉၃) - အပြောင်းအလဲကြီးနှင့် ဧရာမမြွေကြီး ပြန်လည်ပေါ်ပေါက်လာခြင်း (၃)

ဤမျှ မြင့်သော အမြင့်က သူ့ကိုပင် အံ့အားသင့်သွားစေပြီး အကယ်၍သာ ဤအမြင့်မှ ပြုတ်ကျခဲ့လျှင် အသက်အန္တရာယ် ရှိနိုင်မလားဟုပင် တွေးတောမိစေသည်။

ကံကောင်းသည်မှာ ဘာမှမဖြစ်ခဲ့ဘဲ သူတို့သည် ချောမွေ့စွာ ဆင်းသက်နိုင်ခဲ့ကြပြီး ရှေ့ မီတာ ၅၀ ကျော်အကွာက ဆီးနှင်းပုံထဲသို့ ထပ်မံခုန်ဝင်လိုက်ကြပြန်သည်။

သို့သော် လုဖေးအာ၏ အော်ဟစ်သံကြောင့် ပတ်ဝန်းကျင်ရှိ နှင်းအောက်တွင် ပုန်းအောင်းနေသော သားရဲများမှာ အပြင်သို့ ထွက်ပေါ်လာကြပြီး မရေမတွက်နိုင်သော အနီရောင်မျက်လုံးများက သူတို့ထံသို့ စိုက်ကြည့်လာကြတော့သည်။

ရွှီရှင်း ထိုနေရာမှပင် နောက်တစ်ကြိမ် လေထဲသို့ ထပ်မံ ခုန်တက်လိုက်ပြန်သည်။

"အားးးးး"

လုဖေးအာ နောက်တစ်ကြိမ် ထပ်မံ အော်ဟစ်လိုက်ပြန်၏။

"ပါးစပ်ပိတ်ထားစမ်း ထပ်မအော်နဲ့တော့"

လုဖေးအာ၏ အော်သံကြောင့် ရွှီရှင်း၏ ခေါင်းမှာ ထိုးကိုက်လာခဲ့ရသည်။

အထူးသဖြင့် ယခုအခါ သူ၏ အကြားအာရုံမှာ မြှင့်တင်ထားသည် မဟုတ်ပါလား။

ဒါ့အပြင် ဤမိန်းကလေး၏ အော်သံက ပတ်ဝန်းကျင်ရှိ နှင်းအောက်မှ ထွက်မလာသေးသော ဗီဇပြောင်းသတ္တဝါ အားလုံးကိုပါ လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်နေချေပြီ။

"အီး အီး"

ခဲခဲလေးကလည်း သူမ ပထမဆုံးအကြိမ် ခုန်တုန်းက ဘယ်လောက်တောင် အော်ခဲ့သလဲဆိုသည်ကို မေ့လျော့ကာ ရွှီရှင်းဘက်ကနေ ဝိုင်းပြောပေးနေရှာသည်။

လုဖေးအာ ချက်ချင်းပင် အော်သံရပ်သွားသော်လည်း မျက်နှာလေးမှာ ခရမ်းချဉ်သီးကဲ့သို့ နီရဲနေပြီး သူမ၏ ခန္ဓာကိုယ်မှာ တုန်ရီနေသည်ကို ရွှီရှင်း ခံစားလိုက်ရသည်။

"နင် အဲဒီလောက်တောင် ကြောက်တာလား"

သူမ ရင်ခုန်နေတာလား ကြောက်နေတာလားဆိုသည်ကို ရွှီရှင်း မခွဲခြားနိုင်သဖြင့် ခုန်ပျံသည့် အရှိန်ကိုသာ ပို၍ မြှင့်တင်လိုက်တော့သည်။

နောက်ဆုံးအကြိမ် ခုန်လိုက်သည့်အခါတွင်တော့ ရွှီရှင်းသည် ငွေရောင်ဘုရင် မီမီနှင့် အခြားသားရဲများ သတ်ဖြတ်နေကြသည့် စစ်မြေပြင်ကို ကျော်ဖြတ်လိုက်သည်။

အောက်ဘက်တွင်တော့ ဆီးနှင်းများမှာ သွေးရောင်လွှမ်းနေပြီး သားရဲအလောင်း ဒါဇင်ပေါင်းများစွာထံမှ အငွေ့များမှာ အေးစိမ့်လှသော ပတ်ဝန်းကျင်တွင် ထွက်ပေါ်နေသည်။

မီမီနှင့် အခြားသားရဲများသည် သူတို့ကို ဝိုင်းရံလာကြသော ဗီဇပြောင်းသတ္တဝါ တစ်ဒါဇင်ခန့်နှင့် ရင်ဆိုင်နေကြရ၏။

အမြင့်ဆုံးသို့ ရောက်ရှိသွားစဉ် ရွှီရှင်း နောက်သို့ လှည့်ကြည့်လိုက်မိသည်။

"ဟင်"

သူ၏ အမြင်အာရုံထဲတွင် အရိပ်တစ်ခု ဖြတ်ခနဲ ပေါ်လာခဲ့သဖြင့် သူ၏ မျက်စိသူငယ်အိမ်များမှာ တစ်ခဏအတွင်း ကျုံ့သွားခဲ့ရ၏။

"လူတစ်ယောက်လား တခြားလူတစ်ယောက် ရှိနေသေးတာလား"

သို့သော် ထိုပုံရိပ်မှာ သစ်ပင်တစ်ပင်၏ နောက်သို့ လျင်မြန်စွာ ပုန်းကွယ်သွားခဲ့ပြီး သူတို့လည်း အောက်သို့ ပြန်လည် ကျဆင်းလာခဲ့တော့သည်။

"ဖွတ်"

သူသည် မီတာ တစ်ရာအတွင်းသို့ ဆင်းသက်လိုက်ပြီး လုဖေးအာကို လွှတ်ပေးလိုက်သည်။

ယခုတစ်ကြိမ်တွင်တော့ လုဖေးအာမှာ လဲကျမသွားတော့ဘဲ အသက်ကို ပြင်းပြင်းရှူရင်း အမောဖြေနေရှာသည်။

သူမ၏ ခန္ဓာကိုယ်မှာတော့ အနည်းငယ် တုန်ရီနေဆဲပင်။

ရွှီရှင်း ခေါင်းခါယမ်းလိုက်ရင်း "နင် တကယ်ပဲ အဲဒီလောက်တောင် ကြောက်တာလား။ နောင်ကျရင်တော့ နင့်ကို ခေါ်ပြီး မခုန်တော့ဘူး"

"အာ မဟုတ်ပါဘူး... ကျွန်မက..."

လုဖေးအာ မျက်လုံးအဝိုင်းသားနှင့် ရှင်းပြရန် ပြင်လိုက်၏။

"ငွေရောင်ဘုရင်၊ မီမီ၊ အာဖု... ပြန်လာကြတော့"

ရွှီရှင်း သူတို့ကို လှမ်းခေါ်လိုက်၏။

အာဖုမှာ ချက်ချင်းပင် အတောင်ပံခတ်ကာ ပျံသန်းလာခဲ့သည်။

မီမီနှင့် ငွေရောင်ဘုရင်တို့မှာမူ တိုက်ပွဲကြောင့် မျက်လုံးများ နီရဲနေကြကာ ရွှီရှင်း၏ အမိန့်ကြောင့် မကျေမနပ်ဖြင့် ဆုတ်ခွာလာခဲ့ကြပြီး သူ၏ဘေးသို့ ပြန်ရောက်လာကြသည်။

"ပြန်ကြစို့"

သူသည် လုဖေးအာနှင့် သားရဲများကို ခေါ်ကာ သစ်ပင်အိမ်အတွင်းသို့ ချက်ချင်း ပြန်ဝင်လာခဲ့သည်။

"ထိန်းချုပ်ရေးခလုတ်ကို သွားကိုင်တွယ်တော့"

ရွှီရှင်း လုဖေးအာကို ညွှန်ကြားလိုက်၏။

"ဪ... ဟုတ်ကဲ့ပါ"

လုဖေးအာ ထိန်းချုပ်ရေးခလုတ်ဆီသို့ အပြေးသွားလိုက်ပြီး မော်နီတာကို ကြည့်လိုက်သည်နှင့် အလန့်တကြား အော်ဟစ်လိုက်တော့သည်။

"သားရဲတွေ... သားရဲတွေ အများကြီးပဲ"

မှန်ပါသည်၊ မီတာ လေးငါးရာ ပတ်ဝန်းကျင်အတွင်းမှာတင် ဤဗီဇပြောင်းသတ္တဝါများက ဝိုင်းရံထားကြချေပြီ။

ငွေရောင်ဘုရင်တို့ ခုနက သတ်ခဲ့သည်မှာ စုစုပေါင်း၏ အစွန်းထွက်လေးမျှပင် မရှိပါပေ။

သို့သော် ရွှီရှင်းအား တကယ့်ကို တုန်လှုပ်သွားစေသည်မှာ ဤဗီဇပြောင်းသတ္တဝါများ မဟုတ်ပါပေ...။

ရေကန်၏ ဗဟိုချက်တွင် အနီရောင်အစက်ကြီး တစ်စက်မှာ တဖြည်းဖြည်း လင်းထိန်လာနေပြီး ၎င်း၏ တောက်ပမှုမှာ သစ်ပင်အိမ် ပတ်ဝန်းကျင်ရှိ အနီရောင်အစက် အားလုံးကို ကျော်လွန်နေချေပြီ။

ထို့အပြင် ရေကန်ထဲက အခြား အနီရောင်အစက်များမှာလည်း ထိတ်လန့်တကြားဖြင့် အရပ်မျက်နှာအနှံ့သို့ ဖရိုဖရဲ ပြန့်ကျဲသွားကြတော့သည်။

ရွှီရှင်း ပြတင်းပေါက်မှတစ်ဆင့် ရေခဲတုံးများ လွင့်မျောနေသော ရေကန်ကြီးကို လှမ်းကြည့်လိုက်၏။

ရေကန်အလယ်က ရေပြင်မှာ အပေါ်သို့ မြင့်တက်လာပြီး ရေခဲတုံးများကို ဘေးသို့ တွန်းထုတ်လိုက်သည်။

သူ၏ စောင့်ကြည့်နေသော မျက်စိရှေ့မှာပင် ဧရာမ ခေါင်းကြီးတစ်ခုမှာ ရေထဲမှ တစ်ဝက်ခန့် ထွက်ပေါ်လာခဲ့ချေပြီ။

ကျောက်ဆောင်ကဲ့သို့ မာကျောလှသော အကြေးခွံများမှာ တောက်ပလှသော နေရောင်ခြည်ကို အလင်းပြန်နေပြီး ၎င်း၏ ချောက်နက်ကြီးသဖွယ် နက်မှောင်လှသော မျက်လုံးကြီးများမှာ သစ်ပင်အိမ်ရှိရာသို့ စူးစိုက်ကြည့်နေသည်။

ကြည့်ရသည်မှာ ရွှီရှင်းနှင့် အကြည့်ချင်း ဆုံနေသကဲ့သို့ပင်။

ရေကန်ထဲက ဧရာမမြွေကြီး ပြန်လည် ပေါ်ပေါက်လာခဲ့ချေပြီ။

အခန်း ၃၉၃ ပြီး။

All Chapters