အခန်း (၃၉၄-၃၉၆)
Vol. 27 Ch. 394-396
အခန်း (၃၉၄) - ဧရာမမြွေကြီး ကုန်းပေါ်တက်လာပြီ
ဧရာမမြွေကြီးသည် ၎င်း၏ဦးခေါင်းတစ်ဝက်ခန့်ကိုသာ ဖော်ပြထားရုံရှိသေးသော်လည်း ရွှီရှင်းမှာ ကျောရိုးထဲထိ စိမ့်တက်သွားသော အအေးဒဏ်ကို ခံစားလိုက်ရသည်။
တောက်... ဒီကောင်ကြီး တကယ်ပဲ ထွက်လာတာပဲ။
သစ်ပင်အိမ်ကိုတော့ လာမတိုက်ပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပဲ။
သူ့မှာ ရှိနေတဲ့ လက်ရှိခံစစ်အင်အားနဲ့ဆိုရင် ဒီရေကန်ထဲက ဧရာမမြွေကြီးကို ယှဉ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါပေ။
"အီး..."
ခဲခဲလေးသည် ပြတင်းပေါက်ဘောင်ကို လက်သည်းလေးများဖြင့် ကုပ်တွယ်ကာ ခေါင်းလေးတစ်ဝက်ပြူ၍ ဧရာမမြွေကြီးကို ခိုးကြည့်နေရှာသည်။
ထို့နောက် ကြောက်လန့်တကြားဖြင့် ပြန်ဝင်သွားလိုက်၊ မနေနိုင်ဘဲ ပြန်ချောင်းကြည့်လိုက်နှင့် အလုပ်ရှုပ်နေတော့သည်။
ငွေရောင်ဘုရင်နှင့် မီမီတို့မှာလည်း ပြတင်းပေါက်အပြင်ဘက်က ဧရာမမြွေကြီးကို သတိထားမိကြသည်။
သူတို့ အထဲသို့ ပြန်ရောက်နေကြပြီဖြစ်သော်လည်း ခုနက ပြင်းထန်လှသော သတ်ဖြတ်ပွဲကြောင့် သူတို့၏ သတ်ဖြတ်လိုသော စိတ်ရိုင်းများမှာ နိုးကြွနေဆဲဖြစ်ကာ ကိုယ်ပေါ်ရှိ သွေးရောင်မျဉ်းများမှာလည်း ပို၍ပင် ထင်ရှားတောက်ပနေသည်။
ငွေရောင်ဘုရင်၏ လည်ချောင်းထဲမှ အဆက်မပြတ် ဟိန်းဟောက်သံများ ထွက်ပေါ်နေသလို၊ မီမီမှာလည်း အမွှေးများ ထောင်ထနေခဲ့ပြီ ဖြစ်သည်။
သားရဲနှစ်ကောင်စလုံးမှာ အပြင်ဘက်က ဧရာမမြွေကြီးအပေါ် အလွန်အမင်း ရန်လိုနေကြသည်။
"ရွှီရှင်း ရွှီရှင်း အပြင်က ဗီဇပြောင်းသတ္တဝါ အုပ်စုက ကျွန်မတို့ကို ဝိုင်းထားပြီ။ သစ်ပင်အိမ်ကို ဝိုင်းထားကြပြီ။ ကျွန်မတို့ တိုက်ခိုက်ကြတော့မလား။ တိုက်ရမလားလို့။"
လုဖေးအာ၏ လက်များမှာ ထိန်းချုပ်ရေးခလုတ်ပေါ်တွင် ဝဲနေပြီး ရွှီရှင်း၏ အမိန့်ပေးသံ ထွက်လာသည်နှင့် တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။
သူမသည် ရေကန်ထဲက ဧရာမမြွေကြီးကို မမြင်ရပါပေ။
အကြောင်းမှာ ထိန်းချုပ်ရေး မော်နီတာသည် သစ်ပင်အိမ်ပတ်လည် မီတာ ၂၀၀ အထိသာ ပြသနိုင်ပြီး ရေကန်မှာ မီတာ ၂၀၀ ကျော် အကွာတွင် ရှိနေသောကြောင့် ဖြစ်၏။
"မတိုက်နဲ့ဦး အခြေအနေကို အရင်ကြည့်ရအောင်"
ရွှီရှင်းသည် ဧရာမမြွေကြီး၏ ချောက်နက်ကြီးသဖွယ် နက်မှောင်လှသော မျက်လုံးများကို စိုက်ကြည့်နေပြီး သူ၏ နဖူးပေါ်တွင်လည်း ချွေးအေးများ ကျလာခဲ့သည်။
လောလောဆယ်တွင် သူ့မှာရှိသော သားရဲလှိုင်းလုံးကို နှိမ်နင်းနိုင်သည့် အပြင်းထန်ဆုံး လက်နက်မှာ မြှားပစ်စက်ထဲက ပေါက်ကွဲမြားများသာ ဖြစ်သည်။
သို့သော် ထိုမြားများ၏ ပေါက်ကွဲသံမှာ အလွန်ကျယ်လောင်လှပေရာ၊ အဆက်မပြတ် ပစ်ခတ်မိပါက ထိုဆူညံသံများကြောင့် ဧရာမမြွေကြီး ဒေါသထွက်သွားမည်ကို သူ စိုးရိမ်နေမိသည်။
ရေကန်ထဲက ဧရာမမြွေကြီးမှာ သူ၏ သစ်ပင်အိမ်ရှိရာဘက်သို့သာ စိုက်ကြည့်နေဆဲ ဖြစ်၏။
အရင်နှစ်ခေါက်က ရေထဲမှ တစ်ကိုယ်လုံးနီးပါး ထွက်ပေါ်လာခဲ့သလို မဟုတ်ဘဲ ယခုတစ်ကြိမ်တွင်မူ ခေါင်းတစ်ဝက်ခန့်ကိုသာ ဖော်ထားပြီး ထိုအနေအထားအတိုင်း ငြိမ်သက်နေခြင်း ဖြစ်သည်။
ရွှီရှင်း တစ်စုံတစ်ခု ထူးခြားနေသည်ကို အာရုံခံမိလိုက်သည်။
ဒါက စိတ်ထင်လို့ပဲလား။
အခုမြင်နေရတဲ့ ဦးခေါင်းတစ်ဝက်က အရင်ကထက် ပိုပြီး ကြီးနေသလိုပဲ။
ဒီဧရာမမြွေကြီးက ပိုပြီးတော့ သန်မာလာတာလား။
"တကယ်ကြီး မတိုက်ဘူးလား။ အဲဒီသားရဲတွေက တိုက်စစ်ဆင်တော့မှာလေ"
လုဖေးအာမှာ စိတ်မရှည်တော့ဘဲ သူမ၏ လက်များမှာ ထိန်းချုပ်ရေးခလုတ်ကို ထိလုနီးပါး ဖြစ်နေချေပြီ။
"မလိုဘူး"
ရွှီရှင်း ပြတ်သားစွာ ပြောလိုက်သည်။
"လက်ကို ပြန်ချလိုက်စမ်း"
"ကျွန်မ... ဟုတ်ကဲ့ပါ..."
လုဖေးအာ သူမ၏ လက်ကို ပြန်ချလိုက်ရသော်လည်း ပတ်ဝန်းကျင်က သားရဲများမှာ သစ်ပင်အိမ်၏ မီတာ ၁၀၀ ပတ်လည် ဘေးကင်းနယ်မြေအတွင်းသို့ တဖြည်းဖြည်း တိုးဝင်လာနေသည်ကို ကြည့်ကာ ဘာမှမတတ်နိုင် ဖြစ်နေရှာသည်။
ထိုအချိန်တွင် သူမ၏ မျက်လုံးများကို အဝိုင်းသား ဖြစ်သွားစေမည့် အရာတစ်ခု ဖြစ်ပျက်လာခဲ့သည်။
မြေပြင်မှာ ရုတ်တရက် အက်ကွဲသွားပြီး မြေအောက်မှနေ၍ မရေမတွက်နိုင်သော နွယ်ပင်များ ထွက်ပေါ်လာကာ၊ မီတာ ၁၀၀ အတွင်းသို့ ပထမဆုံး ဝင်ရောက်လာသော အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါများကို အသာအယာပင် ထိုးဖောက်ပြီး ကောင်းကင်ယံသို့ မြှောက်တင်ပစ်လိုက်ကြတော့သည်။
"နွယ်ပင်တွေ..."
လုဖေးအာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"ဗီဇပြောင်းသတ္တဝါတွေကို တိုက်ခိုက်နေတာလား"
သူမသည် အပင်နှလုံးသား အကြောင်းကို မသိပါပေ။
ရွှီရှင်းကလည်း သူမကို မပြောပြထားသလို နယ်မြေ ၁၈၇ တွင်လည်း သူတို့၏ ခေါင်းဆောင် ကျန်းတောက်ကွမ် တစ်ဦးတည်းသာ အပင်နှလုံးသားနှင့် ထိတွေ့ဖူးခြင်း ဖြစ်သည်။
သူမ ဘာတွေဖြစ်နေသလဲဆိုသည်ကို စဉ်းစားလို့မဆုံးခင်မှာပင် တောအုပ်အတွင်းမှ ထူးဆန်းသော စူးရှလှသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး သားရဲအုပ်ကြီးမှာ တစ်ခဏအတွင်း ရူးသွပ်သွားကြကာ ရွှီရှင်း၏ သစ်ပင်အိမ်ဆီသို့ တစ်ပြိုင်နက်တည်း အရှိန်ဖြင့် ပြေးဝင်လာကြတော့သည်။
ရွှီရှင်းသည် ထိုထူးဆန်းသော အသံကို အသေအချာ ကြားလိုက်ရပြီး သူ၏ မျက်နှာမှာ ပျက်သွားခဲ့ရ၏။
၎င်းမှာ အော်ဟစ်သံ မဟုတ်ပါပေ။ ၎င်းမှာ ခရာမှုတ်သံ ပင် ဖြစ်၏။
တစ်စုံတစ်ယောက်က ခရာမှုတ်နေခြင်း ဖြစ်သည်။
ထိုခရာသံကို သုံးပြီး ဤဗီဇပြောင်းသတ္တဝါ အုပ်စုကြီးကို တိုက်ခိုက်ဖို့ ထိန်းချုပ်နေခြင်းပင်။
ဒါဟာ ခုနက သူ မြင်လိုက်ရတဲ့ လူပဲလား။
ရွှီရှင်းသည် သူ၏ လက်ပတ်အတွင်းက ဗီဇပြောင်းလူသားကို သတိရလိုက်သော်လည်း ယခုအချိန်မှာ စစ်ဆေးမေးမြန်းနေရမည့် အချိန်မဟုတ်သေးဘဲ ဤတိုက်ခိုက်မှုကြီး ပြီးဆုံးသည်အထိ စောင့်ရန်သာ ရှိတော့သည်။
သတ္တဝါ အမြောက်အမြား ပြေးဝင်လာသည်ကို မြင်သောအခါ လုဖေးအာမှာ အလိုအလျောက်ပင် ထိန်းချုပ်ရေးခလုတ်ကို ကိုင်တွယ်ရန် ကြိုးစားလိုက်ပြန်သည်။
ရွှီရှင်းသည် သူမ၏ ကော်လာကိုနောက်ဘက်မှ ဆွဲကာ ထိန်းချုပ်ရေးခလုတ်နှင့် ဝေးရာသို့ ဆွဲထုတ်လိုက်တော့သည်။
"ငါက မတိုက်နဲ့လို့ ပြောထားတယ်လေ၊ နင် နားမလည်ဘူးလား"
ရွှီရှင်း၏ လေသံမှာ အေးစက်သွားခဲ့၏။
"ဒါပေမဲ့... ဒါပေမဲ့..."
အခုမှ မတိုက်ရင် သူတို့ အနားရောက်လာမှဆို နောက်ကျသွားလိမ့်မည် မဟုတ်ပါလား...။
လုဖေးအာ အနည်းငယ် စိတ်မကောင်း ဖြစ်သွားရသည်။
သူမသည် သစ်ပင်အိမ်ကို ကာကွယ်ချင်ရုံ သက်သက်သာ ဖြစ်၏။
ပစ်မှတ်တွေက အကွာအဝေးအတွင်းမှာ ရှိနေတာပဲ ဘာလို့ စောစောမပစ်တာလဲ အနားရောက်လာတဲ့အထိ စောင့်နေရင် နောက်ကျသွားမှာ မဟုတ်ဘူးလား။
သို့သော်လည်း သူမသည် ဒေါသထွက်နေသော ရွှီရှင်းကို အလွန်အမင်း ကြောက်လန့်တတ်သဖြင့် ပြန်၍ မငြင်းရဲဘဲ ခေါင်းကိုသာ ငုံ့ထားလိုက်မိတော့သည်။
"ပြတင်းပေါက်နား သွားပြီးတော့ ငါ ဘာလို့ ပေါက်ကွဲမြားတွေကို မသုံးတာလဲဆိုတာ နင်ကိုယ်တိုင် ကြည့်လိုက်"
ရွှီရှင်း၏ လေသံမှာ အနည်းငယ် ပြန်လည် နူးညံ့သွားခဲ့သည်။
လုဖေးအာ သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြတင်းပေါက်ဆီသို့ အမြန်ပြေးကာ အပြင်ကို လှမ်းကြည့်လိုက်သည်။
ထို့နောက် ရေကန်ဘေးက ဧရာမ ခေါင်းကြီးကို မြင်လိုက်ရသောအခါ သူမမှာ ထိတ်လန့်လွန်းသဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိတော့သည်။
"အဲဒါ... အဲဒါ ဘာမိစ္ဆာကောင်ကြီးလဲ။ ခေါင်းကြီးကတင် အဲဒီလောက် ကြီးနေတာ၊ တစ်ကိုယ်လုံးဆိုရင်..."
ရွှီရှင်း ပြန်မဖြေဘဲ အပြင်ဘက်က တိုက်ပွဲကိုသာ အာရုံစိုက်နေသည်။
ဤဗီဇပြောင်းသတ္တဝါ အုပ်စုမှာ အရင်က သစ်ပင်အိမ်ကို လာတိုက်ခဲ့တဲ့ အားနည်းတဲ့ ဗီဇပြောင်း ပုရွက်ဆိတ်တွေနဲ့ လုံးဝကို ကွဲပြားခြားနားလှပေသည်။
သူတို့၏ ရန်လိုမှုမှာ အလွန်ပင် ပြင်းထန်လှ၏။
ပထမဆုံး အသုတ်မှာ အပင်နှလုံးသား ထိန်းချုပ်ထားသော နွယ်ပင်များ၏ သတ်ဖြတ်ခြင်းကို အလွယ်တကူ ခံလိုက်ရစေကာမူ၊ နောက်မှ ဝင်လာသော ဗီဇပြောင်းသတ္တဝါများမှာမူ နွယ်ပင်များကိုပင် ပြန်လည် ရင်ဆိုင်နိုင်စွမ်း ရှိနေကြချေပြီ။
သစ်ပင်အိမ်ကို တိုက်ခိုက်နေသော ဗီဇပြောင်း သားရဲများထဲတွင် မျိုးစိတ် သုံးမျိုးမှာ အများဆုံး ဖြစ်သည်။
၎င်းတို့မှာ ဆီးနှင်းဝံပုလွေများ၊ ဆီးနှင်းမြေခွေးများနှင့် ဆီးနှင်းကျားသစ်များ ဖြစ်ကြသည်။
ဆီးနှင်းဝံပုလွေ တစ်ကောင်က နွယ်ပင်ကို တိုက်ရိုက် ကိုက်ဖြတ်ပစ်လိုက်ပြီးနောက်၊ နောက်ထပ် နွယ်ပင်တစ်ခု၏ တိုက်ခိုက်မှုကို ဘေးသို့ ရှောင်တိမ်းလိုက်သည်ကို ရွှီရှင်း မြင်တွေ့လိုက်ရသည်။
ဆီးနှင်းမြေခွေး တစ်ကောင်မှာလည်း နွယ်ပင်များကြားတွင် သွက်လက်စွာ တိုးဝှေ့ရှောင်တိမ်းနေပြီး နွယ်ပင်များက ၎င်းကို ထိမှန်အောင် မတိုက်နိုင်ကြပေ။
အခန်း ၃၉၄ပြီး။
အခန်း (၃၉၅) - ဧရာမမြွေကြီး ကုန်းပေါ်တက်လာပြီ ၂
ထိုဆီးနှင်းကျားသစ် အများစုမှာ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါများ ဖြစ်ကြသည်။
သူတို့၏ အနီရောင်အစက် တောက်ပမှုမှာ မီမီ သို့မဟုတ် ငွေရောင်ဘုရင်တို့ကဲ့သို့ အုပ်စုတွင်း ဧရာမဗီဇပြောင်းသတ္တဝါ အဆင့်ထိ မရောက်သေးစေကာမူ အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါများထက်တော့ များစွာ ပိုမိုမြင့်မားလှပေသည်။
သို့သော် ယခုအချိန်တွင် သူတို့သည် တိုက်ခိုက်ခြင်း မပြုကြသေးဘဲ နှင်းထဲတွင် ရပ်နေရင်း အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါ အုပ်စုကြီးက အပင်နွယ်ပင်များ၏ ခံစစ်ကို တစ်ဆင့်ချင်း ထိုးဖောက်ရန် ကြိုးစားနေသည်ကိုသာ စောင့်ကြည့်နေကြ၏။
သူတို့သည် အားအင်များကို ချွေတာနေကြပြီး အကောင်းဆုံး အခွင့်အရေးကို စောင့်ဆိုင်းနေကြသည့် ပုံစံမျိုးပင်။
တကယ့်ကို ပါးနပ်လှပေသည်။
သို့သော်လည်း ကံကောင်းသည်မှာ ဤဗီဇပြောင်းသတ္တဝါများသည် အရင်က ပုရွက်ဆိတ်အုပ်စုများကဲ့သို့ မဟုတ်ကြပါပေ။
ခံစစ်တိုက်ပွဲအတွင်းက ပုရွက်ဆိတ်အုပ်စုများသည် သေဘေးကို မမှုဘဲ သစ်ပင်အိမ်ဆီသို့ တိုးဝင်ခဲ့ကြသဖြင့် အရေအတွက် အသာစီးဖြင့် အပင်နှလုံးသား၏ ခံစစ်ကို လျင်မြန်စွာ ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ဤသတ္တဝါများကတော့ မတူပါပေ၊ သူတို့သည် မိမိတို့အသက်ကို အလွန်တန်ဖိုးထားကြသည်။
အပင်နှလုံးသားက မြေအောက်မှ နွယ်ပင်များကို ထုတ်ဖော်တိုက်ခိုက်လိုက်သည်နှင့် သူတို့မှာ ရှောင်တိမ်းရန်နှင့် တန်ပြန်တိုက်စစ်ဆင်ဖို့ အခွင့်အရေးရှာရန်သာ အလုပ်ရှုပ်နေကြတော့သည်။
အပင်နှလုံးသား ထိန်းချုပ်နိုင်သော နွယ်ပင်အရေအတွက်မှာ များပြားလှသလို ၎င်းသတ်ဖြတ်လိုက်သော သတ္တဝါများကိုလည်း ပြန်လည်စုပ်ယူနိုင်စွမ်း ရှိသည်။
ထို့ကြောင့် နွယ်ပင်အချို့ ပျက်စီးသွားစေကာမူ အပင်နှလုံးသားမှာ အားလျော့မသွားဘဲ ပို၍ပင် ပြင်းထန်စွာ ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိနေသည်။
ဗီဇပြောင်းသတ္တဝါများသည် သစ်ပင်အိမ်နှင့် မီတာ ခုနစ်ဆယ်ခန့် အကွာအဝေးအထိ ရှေ့တန်းကို တိုးမြှင့်နိုင်ခဲ့သော်လည်း ထို့ထက် ပို၍တော့ မတိုးနိုင်ကြတော့ပေ။
နွယ်ပင်များနှင့် ဗီဇပြောင်းသတ္တဝါများမှာ ရှုပ်ထွေးပွေလီစွာ တိုက်ခိုက်နေကြပြီး နွယ်ပင်များမှာလည်း ပျက်စီးလိုက် အသစ်ပြန်ထွက်လိုက်ဖြင့် အဆက်မပြတ် ရှိနေသည်။
ဗီဇပြောင်းသတ္တဝါ အရေအတွက်မှာ တဖြည်းဖြည်း လျော့နည်းလာနေစေကာမူ အကုန်လုံးကို သုတ်သင်နိုင်ဖို့ကတော့ အတော်လေး လိုပါသေးသည်။
ရွှီရှင်းနှင့် ထိုအလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ အချို့မှာလည်း ပါဝင်တိုက်ခိုက်ခြင်း မပြုကြသေးသဖြင့် အပင်နှလုံးသားနှင့် ဗီဇပြောင်းသတ္တဝါ စစ်တပ်တို့မှာ အခြေအနေကို အပြန်အလှန် ထိန်းညှိနေရင်း ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေကြတော့သည်။
ထို့နောက် ရွှီရှင်းသည် ရေကန်ထဲက ဧရာမမြွေကြီးရှိရာသို့ လှမ်းကြည့်လိုက်၏။
၎င်းမှာ လှုပ်ရှားမှုမရှိဘဲ ခေါင်းတစ်ဝက်ဖော်လျက် ငြိမ်သက်နေဆဲပင်။
ထိုအခါမှသာ သူ၏ တင်းတင်းဆုပ်ထားသော လက်သီးများကို အနည်းငယ် ဖြေလျှော့လိုက်နိုင်တော့သည်။
လက်ရှိအခြေအနေမှာ ရှင်းလင်းနေပါသေးသည်။
ဧရာမမြွေကြီးသာ လှုပ်ရှားမလာဘူးဆိုလျှင် သူ့မှာ ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ ရှိနေပါသေးသည်။
သူသည် စိတ်ထဲက မြေပုံကို သေသေချာချာ ထပ်မံ အကဲခတ်လိုက်၏။
"ဟင်"
မြေပုံပေါ်ရှိ သစ်ပင်အိမ် အားလုံးမှာ ဗီဇပြောင်းသတ္တဝါ စစ်တပ်၏ ဝိုင်းရံမှုကို ခံထားရစေကာမူ သူ၏ဘက်က အနီရောင်အစက် အရေအတွက်မှာ အထူထပ်ဆုံးနှင့် အကျယ်ပြန့်ဆုံး ဖြစ်နေသည်ကို သူ သတိထားမိလိုက်သည်။
ဘေးနားက လုဖေးအာ၏ သစ်ပင်အိမ်မှာတော့ ဘာမှမဖြစ်ဘဲ ရှိနေဆဲဖြစ်သလို ဝိုင်းရံထားသော သားရဲများလည်း မရှိပါပေ။
အနီရောင်အစက် အနည်းငယ်သာ အနီးအနားတွင် လွတ်လပ်စွာ လှုပ်ရှားနေကြသည်။
အလားတူပင် ခရမ်းရောင်အဆင့် သစ်ပင်အိမ်ဖြစ်သော်လည်း ကျိချောင်းယန်၏ သစ်ပင်အိမ် ပတ်ဝန်းကျင်က ရန်သူအရေအတွက်မှာ ရွှီရှင်းဘက်ကထက် ထက်ဝက်ကျော်ခန့် လျော့နည်းနေသည်။
တစ်ဖက်တွင်တော့ လီဝမ်ရှီး၏ သစ်ပင်အိမ် ပတ်ဝန်းကျင်က ရန်သူအရေအတွက်မှာ ကျိချောင်းယန်ဘက်ကထက် အနည်းငယ် ပိုများနေသည်ကို တွေ့ရသည်။
ရန်သူ အရေအတွက် အနည်းဆုံးမှာတော့ ချီရွှယ်ဖေး ဖြစ်သည်။
သူမ၏ သစ်ပင်အိမ် ပတ်ဝန်းကျင်တွင် အနီရောင်အစက်များမှာ အလွန်ပင် ကျဲပါးလှပေသည်။
မာဟုန်ဝေ၏ ကပ်ပါးသစ်ပင်အိမ် ပတ်လည်တွင်လည်း သီးခြား ဝိုင်းရံမှုမျိုး မရှိပါပေ။
ရွှီရှင်း၏ ပင်မသစ်ပင်အိမ် ပတ်လည် မီတာ ငါးရာအတွင်း ဝိုင်းရံထားခြင်းဖြစ်ရာ မာဟုန်ဝေ၏ အိမ်မှာလည်း ထိုအကွာအဝေးအတွင်းမှာပဲ ပါဝင်နေသောကြောင့် ဖြစ်သည်။
ဤနယ်မြေအတွင်းတွင် သူတို့၏ သစ်ပင်အိမ်များသာ ကျန်ရှိတော့ပြီး အခြားသူများမှာ သေဆုံးကုန်ကြတာ သို့မဟုတ် သူတို့၏ လက်အောက်သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။
ဤအကွာအဝေးထက် ကျော်လွန်သော နေရာများကိုတော့ ရွှီရှင်း၏ မြေပုံက မမြင်နိုင်ပါပေ။
သူ၏ မြေပုံသည် အလင်းမရသေးဘဲ မှောင်နေသော နေရာများက ရန်သူများကိုပင် မြင်နိုင်စွမ်း ရှိစေကာမူ အကွာအဝေး ကန့်သတ်ချက်တော့ ရှိနေသေးသည်။
ဒါပေမဲ့ ဘာဖြစ်လို့ သစ်ပင်အိမ် တစ်ခုနဲ့တစ်ခုကို တိုက်ခိုက်တဲ့ ဗီဇပြောင်းသတ္တဝါ အရေအတွက်တွေက မတူညီကြတာလဲ။
"ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း"
သူ စဉ်းစားနေခိုက်မှာပင် သစ်ပင်အိမ် အပြင်ဘက်မှနေ၍ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
"ဘာလဲဟ"
ရွှီရှင်း၏ မျက်စိသူငယ်အိမ်များ အနည်းငယ် တုန်ခါသွားခဲ့ရ၏။
ပေါက်ကွဲသံများမှာ မာဟုန်ဝေ ရှိရာ အရပ်မျက်နှာမှ လာခြင်း ဖြစ်သည်။
မာဟုန်ဝေသည် ပေါက်ကွဲမြားများဖြင့် တိုက်ခိုက်နေခြင်းပင်။
"ဒိုင်း ဒိုင်း"
အဆက်မပြတ် ထွက်ပေါ်နေသော ပေါက်ကွဲသံများကြောင့် ရွှီရှင်း၏ ရင်ထဲတွင် တင်းကျပ်သွားခဲ့ပြီး ရေကန်အလယ်က ဧရာမမြွေကြီးရှိရာသို့ ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်မိသည်။
မာဟုန်ဝေ၏ သစ်ပင်အိမ်မှာ ရွှီရှင်း၏ အိမ်မှ အနောက်တောင်ဘက်တွင် ရှိသည်။
ရွှီရှင်းသည် သူ၏ သစ်ပင်အိမ်ကို အန္တရာယ်ရှိသော ရေကန်နှင့် ဝေးရာတွင် တမင်တကာ စိုက်ပျိုးထားခဲ့ခြင်း ဖြစ်သဖြင့် မာဟုန်ဝေအနေဖြင့် ရေကန်အလယ်က ဧရာမမြွေကြီး၏ ခေါင်းကို မြင်တွေ့နိုင်မည် မဟုတ်ပါပေ။
ပေါက်ကွဲသံများက ဧရာမမြွေကြီး၏ အာရုံကို တကယ်ပင် ဖမ်းစားလိုက်ချေပြီ။
၎င်း၏ ဦးခေါင်းမှာ ဖြည်းဖြည်းချင်း လည်သွားပြီး ချောက်နက်ကြီးသဖွယ် နက်မှောင်လှသော မျက်လုံးကြီးများမှာ ပေါက်ကွဲသံ ထွက်ပေါ်ရာ အရပ်သို့ စိုက်ကြည့်လိုက်သည်။
ထို့နောက် ၎င်း၏ ဦးခေါင်းတစ်ခုလုံးမှာ ရေထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာပြီး ကမ်းခြေရှိရာသို့ အေးအေးဆေးဆေးပင် စတင် ကူးခတ်လာတော့သည်။
မဖြစ်ဘူး...။
ရွှီရှင်း၏ မျက်လုံးများ ပြင်းထန်စွာ တုန်ခါသွားခဲ့ရ၏။
ဤဧရာမသတ္တဝါကြီး ကုန်းပေါ်သို့ တက်လာသည်ကို သူ တစ်ခါမျှ မမြင်ဖူးပါပေ။
ဧရာမမိကျောင်းကြီးနှင့် တိုက်ခိုက်စဉ်ကတောင် ၎င်းသည် ရေထဲမှ ထွက်၍ လိုက်မလာခဲ့ပေ။
ရေကန်ထဲက ရေပြင်မှာ ဧရာမမြွေကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြောင့် နှစ်ခြမ်းကွဲသွားပြီး ရေပေါ်က ရေခဲတုံးများမှာလည်း ဧရာမမြွေကြီးအတွက် လမ်းဖယ်ပေးသကဲ့သို့ ဘေးတစ်ဖက်တစ်ချက်သို့ အလိုလို ပြန့်ကျဲသွားကြတော့သည်။
ရေကန်ထဲက အခြား အနီရောင်အစက်များမှာတော့ ရေကန်အစွန်းတွင် ကြောက်လန့်တုန်ရီရင်း ပုန်းအောင်းနေကြပြီး လှုပ်ပင် မလှုပ်ဝံ့ကြပါပေ။
"အဲဒီကောင်ကြီး ကုန်းပေါ်တက်လာတော့မှာလား"
လုဖေးအာလည်း ဧရာမမြွေကြီး၏ လှုပ်ရှားမှုကို မြင်လိုက်ရသည်။
"ကျွန်မတို့ အခု ဒါကို ကိုင်တွယ်နိုင်ပါ့မလား"
အကယ်၍သာ သစ်ပင်အိမ်ကို တကယ် လာတိုက်မယ်ဆိုရင်တော့ မကိုင်တွယ်နိုင်ရင်တောင် တိုက်ရတော့မှာပင်။
"ဒိုင်း ဒိုင်း"
အခြားတစ်ဖက်တွင်တော့ မာဟုန်ဝေမှာ ပေါက်ကွဲမြားများကို အရူးအမူး ဆက်လက်ပစ်ခတ်နေဆဲ ဖြစ်သည်။
သူ၏ ဘေးကင်းရေးအတွက် ရွှီရှင်းက မြား အစင်း တစ်ထောင် ပေးထားခဲ့သဖြင့် သူ သုံးရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။
ဧရာမမြွေကြီး၏ အကြည့်မှာ မာဟုန်ဝေ၏ သစ်ပင်အိမ်ရှိရာသို့သာ စူးစိုက်ထားပြီး ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေသည်နှင့်အမျှ ၎င်း၏ ကူးခတ်မှု အရှိန်မှာလည်း တစ်စထက်တစ်စ ပို၍ မြန်လာခဲ့သည်။
ထို့နောက် ရွှီရှင်းနှင့် လုဖေးအာတို့၏ ထိတ်လန့်လှသော အကြည့်အောက်မှာပင် ဧရာမ ခေါင်းကြီးမှာ ကုန်းပေါ်သို့ အောင်မြင်စွာ ဆိုက်ရောက်လာခဲ့ချေပြီ။
"တက်လာပြီ ကုန်းပေါ်တက်လာပြီ"
လုဖေးအာသည် ရွှီရှင်း၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်ရင်း ထိတ်လန့်တကြား ပြောလိုက်သည်။
"အဲဒီမြွေကြီးက ကြည့်ရတာ အရမ်းကြောက်ဖို့ကောင်းတယ်၊ ကျွန်မ မြွေတွေကို အမုန်းဆုံးပဲ"
ရွှီရှင်းသည် မာဟုန်ဝေထံသို့ အသံဖုန်း ချက်ချင်း ခေါ်လိုက်၏။
တစ်ဖက်က ဖုန်းကိုင်လိုက်သည်နှင့် ရွှီရှင်းက စကားပြောခွင့် မပေးတော့ဘဲ တိုက်ရိုက်ပင် အော်ပြောလိုက်တော့သည်။
"ပေါက်ကွဲမြားတွေကို ဆက်မသုံးနဲ့တော့။ တိုက်ခိုက်ချင်တယ်ဆိုရင် သာမန်မြားတွေကိုပဲ သုံးတော့"
အခန်း ၃၉၅ ပြီး။
အခန်း (၃၉၆) - ဧရာမမြွေကြီး ကုန်းပေါ်တက်လာပြီ ၃
မာဟုန်ဝေမှာ ရွှီရှင်း၏ ရုတ်တရက်ပြောဆိုလိုက်သော စကားကြောင့် မှင်သက်သွားရသည်။
"...ဗျာ ဪ... ဟုတ်ကဲ့ပါ၊ ဒါပေမဲ့ ဘာဖြစ်လို့လဲ။ ပေါက်ကွဲမြားတွေက တကယ့်ကို အလုပ်ဖြစ်တာဗျ၊ ကျွန်တော် အခုတောင် ဗီဇပြောင်းသတ္တဝါတွေ အများကြီး သတ်ပြီးသွားပြီ"
"မင်းရဲ့ ပေါက်ကွဲသံတွေက အကောင်ကြီးတစ်ကောင်ကို ဆွဲဆောင်လိုက်ပြီ။ ငါ့သစ်ပင်အိမ်ဘက်ကို လှမ်းကြည့်လိုက်စမ်း"
ခန္ဓာကိုယ်အချင်း မီတာ ၂၀ ကျော်ရှိသော ရေကန်ထဲက ဧရာမမြွေကြီးသည် ကုန်းပေါ်သို့ တက်လာခဲ့ချေပြီ။
၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးမှာ နှင်းထုများနှင့် သစ်ပင်များကို လုံးဝဂရုမစိုက်ဘဲ မြေပြင်ပေါ်တွင် တွားသွားလျက် ရှေ့သို့ ချီတက်နေသည်။
"ဂျွတ်... ဂျွတ်..."
လမ်းကြောင်းပေါ်ရှိ သစ်ပင်အများစုမှာ ၎င်း၏ ဖိသိပ်မှုဒဏ်ကြောင့် သစ်စများအဖြစ် အားမနာတမ်း ကြိတ်ခြေခံလိုက်ရသည်။
၎င်းပေါ်လာသည်နှင့် ပတ်ဝန်းကျင် နှင်းထုထဲက ဗီဇပြောင်းသတ္တဝါများမှာလည်း ငှက်ကလေး ကြက်ကလေးများပမာ အရပ်မျက်နှာအနှံ့ ထိတ်လန့်တကြား ပြန့်ကျဲကုန်ကြသဖြင့် မြွေကြီး၏ ပတ်လည် မီတာ ဆယ်ဂဏန်းအတွင်းမှာ ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။
"ဟာ ငါလခွမ်း"
မာဟုန်ဝေ၏ အသံမှာ အံ့သြတုန်လှုပ်မှုနှင့်အတူ ထွက်ပေါ်လာသည်။
"ဒါ.... ဒါ ဘာသတ္တဝါကြီးလဲ။မြွေကြီးပါလား အကြီးကြီးပဲ"
ရေကန်ထဲက ဧရာမမြွေကြီးမှာ ယခုအခါ ကုန်းပေါ်သို့ လုံးဝရောက်ရှိနေပြီ ဖြစ်သည်။
၎င်း၏ တစ်ကိုယ်လုံး ပုံသဏ္ဌာန်ကို ပထမဆုံးအကြိမ် မြင်လိုက်ရသည့်အခါ ရွှီရှင်းမှာ အံ့သြလွန်းသဖြင့် စကားပင် မပြောနိုင်တော့ပါပေ။
အရင်က သူထင်ထားခဲ့သည်မှာ မြွေကြီး၏ ခန္ဓာကိုယ်သည် အလွန်ဆုံးရှိလျှင် မီတာ ၅၀ ခန့်သာ ရှည်လိမ့်မည်ဟု ဖြစ်သော်လည်း ယခုအခါတွင်မူ ခွေနေသော မြွေကိုယ်ထည်ကြီးတစ်ခုတည်းကပင် မီတာ ၆၀လောက်ကို နေရာယူထားချေပြီ။
အကယ်၍သာ ၎င်းကို ဆန့်ထုတ်လိုက်မည်ဆိုပါက စုစုပေါင်း အရှည်မှာ မီတာ ၁၀၀ နီးပါး ရှိနိုင်ပေသည်။
အရင်က ဒီလောက်အထိ ကြီးခဲ့လို့လား။
မဟုတ်ဘူး မဟုတ်လား။
သေချာပေါက် မဟုတ်ပါဘူး။
ဒီဧရာမမြွေကြီးက ပိုပြီး ကြီးထွားလာတာ သေချာတယ်။
ဒါကြောင့်လည်း ၎င်းက ရေကန်ထဲကနေ ထွက်လာနိုင်တာ ဖြစ်ပေလိမ့်မည်။
တောင့်တင်းသန်မာလှသော မြွေကိုယ်ထည်ကြီးမှာ လမ်းကြောင်းပေါ်ရှိ ပိတ်ဆို့နေသော သစ်ပင်မှန်သမျှကို ကြိတ်ခြေကာ ဆီးနှင်းပြင်ပေါ်တွင် လမ်းကြောင်းတစ်ခုကို စနစ်တကျ ဖောက်လုပ်လျက် နှေးကွေးသော်လည်း မရပ်မနား ရှေ့သို့ ချီတက်နေသည်။
ဧရာမမြွေကြီး၏ ပစ်မှတ်မှာ ရွှီရှင်း၏ သစ်ပင်အိမ် မဟုတ်ပါပေ။
၎င်း၏ လမ်းကြောင်းမှာ မာဟုန်ဝေ၏ သစ်ပင်အိမ်ဆီသို့ ဦးတည်နေခြင်း ဖြစ်သည်။
သို့သော် ရွှီရှင်း၏ နဖူးပေါ်တွင်တော့ ချွေးစများ စတင်ပေါက်လာခဲ့ချေပြီ။
အကြောင်းမှာ မြွေကြီး၏ လက်ရှိလမ်းကြောင်းမှာ သူ၏ သစ်ပင်အိမ်အနားမှ ဖြတ်သန်းသွားမည် ဖြစ်သောကြောင့်ပင်။
အပင်နှလုံးသား၏ မီတာ ၁၀၀ တိုက်ခိုက်ရေးနယ်ပယ်အတွင်းသို့ ဝင်ရောက်လာတော့မည် ဖြစ်သည်။
အပင်နှလုံးသားသည် သူ၏ အမိန့်ကို နားလည်နိုင်သည်။
ရွှီရှင်းမှာ အောက်သို့ ဆင်းမသွားဝံ့တော့ဘဲ သစ်ပင်အိမ်ပေါ်မှနေ၍သာ အမိန့်ပေးလိုက်သည်။
"အဲဒီမြွေကြီးကို လုံးဝ မတိုက်ခိုက်နဲ့"
သူ စကားပြောပြီးသည်နှင့် မြွေကြီးမှာ သူ၏ သစ်ပင်အိမ် ပတ်လည် မီတာ ၁၀၀ အတွင်းသို့ ရောက်ရှိလာသည်။
ရွှီရှင်း၏ ရင်ခုန်သံမှာ ခေတ္တ ရပ်တန့်သွားသလိုပင်။
ကံကောင်းသည်မှာ အပင်နှလုံးသားက သူ၏ စကားကို နားလည်၍လား သို့မဟုတ် ရန်သူကို မယှဉ်နိုင်မှန်း သိ၍လား မသိ မြေအောက်မှ မည်သည့်နွယ်ပင်မျှ ထွက်မလာခဲ့ချေ။
ထွက်နေပြီးသား နွယ်ပင်များမှာလည်း မြွေကြီး အနားသို့ ရောက်လာသည်နှင့် ပြန်လည် ရုပ်သိမ်းသွားကြသည်။
သို့သော် ၎င်းတို့မှာ အလုပ်မလုပ်ဘဲ ဆုတ်ခွာသွားကြခြင်း မဟုတ်ပါပေ။
မဆုတ်ခွာမီမှာပင် ပတ်ဝန်းကျင်ရှိ ဗီဇပြောင်းသတ္တဝါများကို အတင်းအကျပ် ချုပ်နှောင်ထားရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။
သစ်ပင်အိမ် ပတ်ဝန်းကျင်တွင် တိုက်ခိုက်နေသော ဗီဇပြောင်းသတ္တဝါ အချို့မှာ နွယ်ပင်များ၏ ချည်နှောင်မှုကို ခံလိုက်ရ၏။
သူတို့ ရုန်းကန်နေကြစဉ်မှာပင် ရုတ်တရက် အရိပ်မည်းကြီးတစ်ခု ကျဆင်းလာခဲ့တော့သည်။
နွယ်ပင်များမှာ မြေအောက်သို့ ချက်ချင်းပင် ငုပ်လျှိုးသွားကြသော်လည်း လွတ်ခါစ ဗီဇပြောင်းသတ္တဝါများမှာမူ ရှောင်တိမ်းရန် အချိန်မရလိုက်ကြပါပေ။
ဧရာမမြွေကြီးမှာ ထိုသတ္တဝါများကို လုံးဝ ဂရုမစိုက်ဘဲ ၎င်း၏ ကြီးမားလေးလံလှသော ကိုယ်ထည်ကြီးဖြင့် ထိုသတ္တဝါများပေါ်မှ ဖြည်းဖြည်းချင်း ဖြတ်နင်းသွားတော့သည်။
ကျွတ်ခနဲပင်။
တစ်ခဏအတွင်းမှာပင် ရွှီရှင်းသည် ခရမ်းချဉ်သီးဖျော်ရည်နှင့် ဟင်းသီးဟင်းရွက်ဆီများ ထုတ်ယူနေသည့် ဖြစ်စဉ်ကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သူကိုယ်တိုင် သားရဲအမြောက်အမြားကို သတ်ဖြတ်ဖူးစေကာမူ ဤကဲ့သို့ ကြိတ်ခြေခံလိုက်ရသည့် မြင်ကွင်းက သူ့အား နေရခက်စေပြီး အသားများပင် တုန်သွားစေခဲ့သည်။
"အားးး"
လုဖေးအာမှာလည်း သူမ၏ လက်မောင်းများကို ပွေ့ပိုက်ထားရင်း ရွံရှာသော အမူအရာဖြင့် "အရမ်း ရွံဖို့ကောင်းတာပဲ..."
တကယ်ကို ကံကောင်းသည်မှာ ဧရာမမြွေကြီးသည် သူ၏ သစ်ပင်အိမ်ကို ပစ်မှတ်မထားခြင်းပင် ဖြစ်သည်။
မာဟုန်ဝေကို မြန်မြန် ထွက်ပြေးဖို့ သတိပေးရမည်။
မဟုတ်သေးဘူး... သူ့သစ်ပင်အိမ်မှာလည်း ဗီဇပြောင်းသားရဲတွေ ဝိုင်းနေတာပဲ။ သူ ဘယ်ကို ပြေးနိုင်မှာလဲ။
သူ စိုးရိမ်တကြီး စဉ်းစားနေခိုက်မှာပင် မြေပြင်တွင် ကပ်ကာ တွားသွားနေသော မြွေကြီးမှာ ရုတ်တရက် ခေါင်းကို ထောင်လိုက်ပြီး ကျောက်ဆောင်ကဲ့သို့ မာကျောလှသော ခေါင်းကြီးကို လှည့်ကာ ရွှီရှင်း၏ သစ်ပင်အိမ်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ထိုအကြည့်မှာ သူနှင့် နောက်တစ်ကြိမ် ဆုံသွားပြန်ချေပြီ။
ထိုချောက်နက်ကြီးသဖွယ် နက်မှောင်လှသော အကြည့်မှာ ရွှီရှင်းကို ဝါးမြိုတော့မည့်အတိုင်းပင်။
ရွှီရှင်းမှာ ရေခဲရေတစ်ပုံးနှင့် အလောင်းခံလိုက်ရသလို တစ်ကိုယ်လုံး စိမ့်တက်သွားကာ အအေးဒဏ်က အရိုးထဲအထိ စိမ့်ဝင်သွားခဲ့ရ၏။
မဖြစ်နိုင်တာ...
ဒီဘက်ကိုတော့ လာမတိုက်ပါနဲ့ဦး။
အခန်း ၃၉၆ ပြီး။