← Chapters

အခန်း (၄၀၀-၄၀၂)

Vol. 27 Ch. 400-402

အခန်း (၄၀၀-၄၀၂)

Vol. 27 Ch. 400-402

အခန်း (၄၀၀) - ဗီဇပြောင်းသတ္တဝါ စစ်တပ်ကို ဗုံးကြဲခြင်း

လုဖေးအာသည် သစ်ပင်အိမ်အောက်ခြေသို့ ပြန်ရောက်လာပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် သစ်ပင်အိမ်အမြစ်များက သူမ၏ ခါးကို ရစ်ပတ်ကာ အပေါ်သို့ ဆွဲတင်လိုက်တော့သည်။

"ရော့၊ ဒီမှာ"

လုဖေးအာသည် အိတ်ကပ်ထဲက လက်ပတ်ကို ရွှီရှင်း၏ လက်ထဲသို့ ချက်ချင်း ထိုးထည့်ပေးလိုက်ပြီးနောက် လက်ပတ်နှင့် ဝေးရာသို့ နောက်ဆုတ်သွားတော့သည်။

သူမသည် ညစ်ပတ်သည့်အရာတစ်ခုကို ကိုင်မိသကဲ့သို့ သူမ၏ လက်များကို အဝတ်အစားနှင့် ပြန်ပွတ်နေသေး၏။

ဤလက်ပတ်ကို မြင်ရသည်မှာ သူမအတွက် တကယ့်ကို နေရခက်လှပေသည်။

"မာဟုန်ဝေက ခုနက ဧရာမမြွေကြီးရဲ့ ညှစ်သတ်တာကို ခံလိုက်ရတာ။ ဗီဇပြောင်းလဲပြီးမှ ပြန်ရှင်လာတာဆိုတော့ အခုချိန်မှာ သူက ဗီဇပြောင်းလဲမှု အရှိန်တက်နေတဲ့ အဆင့်မှာ ရှိနေလိမ့်မယ်။ သတိထားဦးနော်၊ သူ အသိစိတ် လွတ်သွားနိုင်တယ်" ဟု လုဖေးအာက သတိပေးလိုက်သည်။

ရွှီရှင်း ခေါင်းညိတ်ပြလိုက်၏။

ဘာပဲဖြစ်ဖြစ် အခြေအနေကို စစ်ဆေးရန်အတွက် မာဟုန်ဝေကို အရင်ဆုံး အပြင်ထုတ်ရမည် ဖြစ်သည်။

အလင်းတစ်ချက် လက်ခနဲ ဖြစ်သွားပြီးနောက် မာဟုန်ဝေသည် မြေပြင်ပေါ်သို့ ရောက်ရှိလာခဲ့သည်။

သူ၏ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် သွေးရောင်မျဉ်းများ ပြည့်နှက်နေသဖြင့် ဗီဇပြောင်းလဲထားသည့် ပုံစံမှာ ထင်ရှားလှပေသည်။

သို့သော် လောလောဆယ်တွင် သူ၏ မျက်လုံးများမှာ တင်းတင်းပိတ်ထားပြီး၊ တစ်စုံတစ်ခုကို ကြောက်လန့်နေသကဲ့သို့ မျက်နှာကြွက်သားများမှာလည်း မရပ်မနား တုန်ခါနေရှာသည်။

စဉ်းစားကြည့်လျှင် ဧရာမမြွေကြီး၏ ညှစ်သတ်ခြင်းကို ခံရပြီး သေဆုံးသွားခြင်းမှာ မည်သူ့အတွက်မဆို ကြီးမားသော စိတ်ဒဏ်ရာ ဖြစ်ကျန်ရစ်ပေလိမ့်မည်။

ပြန်လည်ရှင်သန်နိုင်သည်ဆိုဦးတော့ သေခါနီးအချိန်က ခံစားခဲ့ရသော ထိတ်လန့်မှုကိုတော့ ရှောင်လွှဲ၍ မရနိုင်ပါပေ။

"အီး..."

ခဲခဲလေးသည် မာဟုန်ဝေ၏ ဘေးသို့ ပြေးသွားကာ သူမ၏ လက်ဖဝါးလေးများဖြင့် သူ၏ ခေါင်းကို တို့ကြည့်နေသည်။

"သူ... အိပ်မက်ဆိုးတွေ မက်နေတာ ထင်တယ်၊ ဖြစ်နိုင်တာက ခုနက သူ သေခဲ့ရတဲ့ ပုံစံက တကယ့်ကို ရက်စက်လွန်းလို့ ဖြစ်မှာပါ" ဟု လုဖေးအာက မာဟုန်ဝေကို ကြည့်ရင်း စာနာစိတ်ဖြင့် ပြောလိုက်သည်။

သူမသည်လည်း တစ်ခါ သေဖူးသူဖြစ်သဖြင့် ထိုခံစားချက်ကို နားလည်နေခြင်း ဖြစ်၏။

မာဟုန်ဝေ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာအနာအဆာများ မရှိတော့သော်လည်း သူ၏ အဝတ်အစားများပေါ်က သွေးကွက်များကတော့ ခုနက သူကြုံတွေ့ခဲ့ရသော ဆိုးရွားသည့် အခြေအနေကို သက်သေပြနေသည်။

သို့သော် ထူးဆန်းသည်မှာ သူ နိုးမလာခြင်းပင် ဖြစ်၏။

စွမ်းအားတွေ အဆမတန် ထွက်ပေါ်နေတဲ့ အခြေအနေ ထဲကို ရောက်နေပြီး ဒဏ်ရာတွေလည်း ပျောက်ကွယ်သွားပါလျက်နဲ့ ဘာလို့သတိမရသေးတာလဲ။

"အင်း... ကျွန်မ ထင်တာကတော့ ဒဏ်ရာတွေက အရမ်း ပြင်းထန်လွန်းလို့ ဖြစ်မှာပါ"

လုဖေးအာသည် ရွှီရှင်း၏ ဇဝေဇဝါ ဖြစ်နေသော အမူအရာကို မြင်သောအခါ သူ ဘာတွေးနေသလဲဆိုသည်ကို သိသဖြင့် ရှင်းပြလိုက်သည်။

"သူ့ရဲ့ အစောပိုင်း အခြေအနေအရဆိုရင် သူ့အရိုးတွေ အကုန် ကြေမွသွားပြီး အင်္ဂါအစိတ်အပိုင်းတွေပါ ထွက်ကျမတတ် ဖြစ်သွားတာလေ။ အခု ပြန်ရှင်လာတဲ့ စွမ်းအားတွေက သူ့ကို အတင်းအကျပ် အသက်ဆက်ပေးထားရသလို၊ ရှိသမျှ စွမ်းအင်တွေကိုလည်း ဒဏ်ရာတွေ ကုသဖို့အတွက် အကုန် သုံးလိုက်ရပုံပဲ"

လုဖေးအာသည် သူမ၏ ခန္ဓာကိုယ်အတွင်းမှ အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်သော စွမ်းအားများအကြောင်းကို အနည်းငယ် နားလည်ထားသည်။

ဤစွမ်းအားများတွင် ကန့်သတ်ချက် ရှိပြီး တစ်ခါ သုံးစွဲပြီးကုန်ဆုံးသွားလျှင်တော့ ကုန်သွားပြီ ဖြစ်သည်။

"အဲဒီလိုလား..."

ရွှီရှင်း ခေါင်းညိတ်လိုက်ပြီးနောက် မာဟုန်ဝေကို လက်ပတ်အတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။

သူသည် စွမ်းအားတွေ အရှိန်တက်နေဆဲဖြစ်ပြီး အချိန်မရွေး နိုးလာနိုင်သည်ဖြစ်ရာ အသိစိတ်လွတ်ပြီး ရမ်းကားခြင်းမျိုး မဖြစ်ရအောင် လက်ပတ်ထဲတွင်သာ ထားရှိခြင်းက ပို၍ ဘေးကင်းပေလိမ့်မည်။

ထို့နောက် သူသည် လက်ပတ်အတွင်းမှ နောက်ထပ် ဗီဇပြောင်းလူသား တစ်ဦးကို ထုတ်လိုက်ပြန်သည်။

ကံမကောင်းသည်မှာ ထိုသူမှာလည်း ကြောက်စရာကောင်းသော အမူအရာဖြင့် မျက်လုံးများ ပြူးကျယ်နေဆဲ ဖြစ်သလို ရွှီရှင်း မည်သို့ပင် စမ်းသပ်စေကာမူ ငြိမ်သက်နေဆဲပင် ဖြစ်သည်။

ရွှီရှင်း ခေါင်းခါယမ်းလိုက်ပြီး ထိုသူကိုလည်း လက်ပတ်ထဲသို့ ပြန်ထည့်လိုက်သည်။

လောလောဆယ်တွင်တော့ လက်ရှိ အခြေအနေကိုသာ အရင် ကိုင်တွယ်ဖြေရှင်းရမည် မဟုတ်ပါလား။

ရွှီရှင်း ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်ရာ ဧရာမမြွေကြီး၏ ကိုယ်ထည်ကြီးမှာ ရေထဲသို့ လုံးဝ ငုပ်လျှိုးကွယ်ပျောက်သွားခဲ့ချေပြီ။

မြေပုံပေါ်တွင်လည်း ဧရာမမြွေကြီးကို ကိုယ်စားပြုသော အနီရောင်အစက်မှာ တဖြည်းဖြည်း မှိန်သွားခဲ့သည်။

ရေကန်ထဲက အခြား အနီရောင်အစက်များမှာလည်း ကမ်းခြေတွင် ငြိမ်သက်မနေတော့ဘဲ စတင် လှုပ်ရှားလာကြသည်။

သွားပြီလား...။

ရွှီရှင်းသည် ဧရာမမြွေကြီး၏ အနီရောင်အစက် လုံးဝ ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေမိသည်။

"ဧရာမမြွေကြီး တကယ်ပဲ ထွက်သွားပြီ ထင်တယ်"

ထိုအခါမှသာ သူ အမှန်တကယ် စိတ်အေးသွားနိုင်တော့သည်။

သို့သော်လည်း ဤသားရဲကြီးမှာ ဘာအတွက် ကုန်းပေါ်တက်လာခဲ့တာလဲဆိုတာမသိပေ။

၎င်းက သူ့အပေါ်မှာပဲ အာရုံစိုက်နေသလိုမျိုး ခံစားနေရ၏။

ပထမဆုံးအကြိမ် သားရဲလှိုင်းတုန်းကလည်း ၎င်းသည် သူ၏ သစ်ပင်အိမ်ရှိရာဘက်ကို ယခုကဲ့သို့ပင် စူးစိုက်ကြည့်ခဲ့ဖူးသည်။

ဒုတိယအကြိမ် မိကျောင်းကြီးကို ဆင့်ခေါ်ပြီး အသားစားငါးတွေကို ရှင်းခိုင်းတုန်းကလည်း မိကျောင်းကြီးက ၎င်းကို တမင်တကာ ဆွဲထုတ်ခဲ့သည့်ပုံပင်။

တိုက်ပွဲအပြီး ဒဏ်ရာတွေ ရနေသည့်တိုင်အောင် ထွက်မသွားခင် သစ်ပင်အိမ်ဘက်ကို တစ်ချက် လှမ်းကြည့်သွားခဲ့သေးသည်။

ယခုတစ်ကြိမ်မှာတော့ ပို၍ သိသာလှပေသည်။

ရေထဲမှ တစ်ဝက်ပြူထွက်လာသည်ဖြစ်စေ ကုန်းပေါ်တွင် ရုတ်တရက် ရပ်တန့်သွားသည်ဖြစ်စေ ၎င်း၏ ရည်ရွယ်ချက်မှာ သူ၏ သစ်ပင်အိမ်ကို အကဲခတ်ရန်သာ ဖြစ်သည်။

သူ့တွင် သို့မဟုတ် သူ၏ သစ်ပင်အိမ်မှာ ဧရာမမြွေကြီးကို ဆွဲဆောင်နေသည့် အရာတစ်ခုခု ရှိနေသလား။

သစ်ပင်အိမ်အူတိုင်လား။

သစ်ပင်အိမ်အူတိုင်ကြောင့်လားဟု ရွှီရှင်း စဉ်းစားမိသည်။

သစ်ပင်အိမ်အူတိုင်၏ လုပ်ဆောင်ချက်မှာ စွမ်းအင်အမြုတေ အပိုင်းအစများနှင့် ဆင်တူလှပြီး နှစ်ခုစလုံးမှာ အအေးဒဏ်ကို ပယ်ဖျက်ပေးနိုင်ကာ ဗီဇပြောင်းသတ္တဝါများကို မောင်းထုတ်နိုင်သော ဖြူပျပျ အလင်းရောင်ကို ထုတ်လွှတ်ကြသည် မဟုတ်ပါလား။

ဧရာမမြွေကြီးမှာ သန့်စင်သော သားရဲသွေးမျိုးနွယ် ဖြစ်သည်မှာ သိသာလှပြီး စွမ်းအင်အမြုတေ အပိုင်းအစများသည်လည်း ဧရာမသားရဲကြီးများ၏ စွမ်းအားကို စုစည်းထားခြင်း ဖြစ်သည်။

စွမ်းအင်အမြုတေမှတစ်ဆင့် ဧရာမမြွေကြီးနှင့် သစ်ပင်အိမ်အူတိုင်တို့အကြား ဆက်နွှယ်မှုတစ်ခု ရှိနေနိုင်သည်မှာ ဖြစ်နိုင်ခြေ ရှိလှပေသည်။

အကယ်၍ ၎င်း၏ ပစ်မှတ်မှာ သစ်ပင်အိမ်အူတိုင် ဖြစ်မည်ဆိုပါက ဘာကြောင့် သူ၏ ပင်မသစ်ပင်အိမ်ကို မတိုက်ဘဲ မာဟုန်ဝေ၏ အိမ်ကိုသာ ဖျက်ဆီးသွားရတာလဲ။

မာဟုန်ဝေ၏ အိမ်တွင် အူတိုင်မရှိသည်မှာ သေချာလှပြီး သူ၏ အူတိုင်မှာမူ သူကိုယ်တိုင် ကိုင်ဆောင်ထားသည် မဟုတ်ပါလား။

စဉ်းစားလို့ မရပါပေ...။

ထားလိုက်ပါတော့ ဒါတွေကို အခုချိန်မှာ တွေးနေလို့ မထူးခြားဘူး။

အရေးကြီးဆုံး တာဝန်မှာ သစ်ပင်အိမ်ကို ဝိုင်းထားသော ဗီဇပြောင်းသတ္တဝါများကို နှိမ်နင်းရန်သာ ဖြစ်သည်။

ဧရာမမြွေကြီး ရေကန်ထဲ ပြန်ဝင်သွားပြီးနောက် အရင်က ပြန့်ကျဲသွားခဲ့သော ဗီဇပြောင်းသတ္တဝါ အုပ်စုများမှာ ပြန်လည် စုစည်းလာကြပြီး ဝိုင်းရံရန် ပြင်ဆင်လာကြပြန်သည်။

ရွှီရှင်းသည် ဧရာမမြွေကြီး လုံးဝ ပျောက်ကွယ်သွားကြောင်း အတည်ပြုလိုက်ပြီးနောက် ပြုံးလိုက်ရင်း လုဖေးအာအား ပြောလိုက်သည်။

"ထိန်းချုပ်ရေးခလုတ်ကို သွားကိုင်တွယ်တော့၊ အဲဒီသားရဲတွေ လှုပ်ရှားလာတာနဲ့ ချက်ချင်း တိုက်ခိုက်တော့မယ်"

"ဪ... ဟုတ်ကဲ့ပါ"

လုဖေးအာ ထိန်းချုပ်ရေးခလုတ်ဆီသို့ အမြန်ပြေးသွားသည်။

ယခုတစ်ကြိမ်တွင်တော့ ဤဗီဇပြောင်းသတ္တဝါများသည် အရင်ကကဲ့သို့ အရပ်မျက်နှာအနှံ့မှ ဝိုင်းရံတိုက်ခိုက်သည့် နည်းဗျူဟာကို ပြောင်းလဲလိုက်ပုံရပြီး သစ်ပင်အိမ်၏ မြောက်ဘက်တွင် အင်အားကြီးမားသော စစ်တပ်တစ်ခုအဖြစ် စုစည်းနေကြသည်။

အရပ်မျက်နှာအနှံ့မှ ခွဲပြီးတိုက်ခိုက်ခြင်းက အပင်နှလုံးသား၏ ခံစစ်ကို ထိုးဖောက်ရန် မလုံလောက်မှန်း သူတို့ နားလည်သွားပုံရကာ တစ်နေရာတည်းကိုသာ စုပြုံတိုက်ခိုက်ပြီး အတင်းအကျပ် ထိုးဖောက်ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ကြခြင်းပင် ဖြစ်၏။

အခန်း ၄၀၀ ပြီး။

အခန်း (၄၀၁) - ဗီဇပြောင်းသတ္တဝါ စစ်တပ်ကို ဗုံးကြဲခြင်း (၂)

ယခုအခါတွင်မူ ဤဗီဇပြောင်းသတ္တဝါအုပ်စုကြီးမှာ တကယ့်စစ်တပ်တစ်ခုကဲ့သို့ အရှိန်အဝါမျိုး ရှိနေချေပြီ။

အပြင်ဘက်တွင် စနစ်တကျ တန်းစီထားသော သားရဲစစ်တပ်ကြီးကို ကြည့်ရင်း ရွှီရှင်း၏ နှုတ်ခမ်းထောင့်ရှိ အပြုံးမှာ ပို၍ ကျယ်ပြန့်လာခဲ့သည်။

အကယ်၍သာ သစ်ပင်အိမ်ကို ကာကွယ်ရန် အပင်နှလုံးသား တစ်ခုတည်းသာ ရှိမည်ဆိုပါက ဤကဲ့သို့သော အလုံးအရင်းနှင့် တိုက်ခိုက်မှုမျိုးက သူ့ကို အကျပ်ရိုက်စေမည်မှာ အမှန်ပင်။

သို့သော် သူ့တွင် သစ်ပင်အိမ်၏ မြှားပစ်စက်ကြီးများနှင့် လျှပ်စစ်ကွန်ရက်တို့ ရှိနေသေးသည် မဟုတ်ပါလား။

အထူးသဖြင့် ပေါက်ကွဲမြားများမှာ ရန်သူများ စုပြုံနေလေလေ၊ ပျက်စီးဆုံးရှုံးမှု ပိုကြီးလေလေ ဖြစ်ပေလိမ့်မည်။

စူးရှလှသော ခရာမှုတ်သံကြီး ထပ်မံထွက်ပေါ်လာပြန်သည်။

ထိုအသံကို ကြားသည်နှင့် ဗီဇပြောင်းသတ္တဝါ စစ်တပ်ကြီးမှာ လှုပ်ရှားလာခဲ့သည်။

စနစ်တကျ တန်းစီထားသော သားရဲများမှာ တစ်ပြိုင်နက်တည်း ခုန်ထွက်လာကြပြီး ရွှီရှင်း၏ သစ်ပင်အိမ်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြတော့သည်။

"တိုက်ခိုက်တော့"

ရွှီရှင်း အော်ဟစ်အမိန့်ပေးလိုက်၏။

လုဖေးအာမှာလည်း ချက်ချင်းပင် လှုပ်ရှားလိုက်ပြီး သစ်ပင်အိမ်ပတ်လည်ရှိ မြှားပစ်စက်ကြီးများကို ထိန်းချုပ်ကာ တိုက်စစ်ဆင်တော့သည်။

မြောက်ဘက်နှင့် အနောက်ဘက်သို့ ဦးတည်ထားသော မြှားပစ်စက် နှစ်လုံးကို အပေါ်သို့ အနည်းငယ် မြှင့်လိုက်ပြီး ထိုအရပ်ဆီသို့ ပေါက်ကွဲမြားများကို အဆက်မပြတ် ပစ်လွှတ်လိုက်တော့သည်။

မြှားပစ်စက် နှစ်လုံးတည်းမှ ထွက်ပေါ်လာသော မြားတန်းကြီးမှာ ကောင်းကင်ယံတွင် လမ်းကြောင်းတစ်ခုဖော်ကာ မီတာ တစ်ရာကျော်အကွာရှိ ဗီဇပြောင်းသတ္တဝါ စစ်တပ်ကြီးပေါ်သို့ မိုးရွာသကဲ့သို့ ကျရောက်သွားခဲ့ချေပြီ။

ဗီဇပြောင်းသတ္တဝါများမှာ အလွန်ပင် သွက်လက်လှပေသည်။

မိုးရွာသကဲ့သို့ ကျရောက်လာသော မြားများကို မြင်သော်လည်း သူတို့၏ အရှိန်ကို မလျှော့ကြပါပေ။

အများစုမှာ ခန္ဓာကိုယ်ကို အနည်းငယ် စောင်းကာ မြားများကို ရှောင်တိမ်းရန် ကြိုးစားကြသည်။

သို့သော် ဤမြားများသည် ထိမှန်ရုံနှင့် သေစေသော သာမန်မြားများမဟုတ်ဘဲ ပေါက်ကွဲအားပြင်းထန်သော မြားများဖြစ်သည်ကို သူတို့ မသိကြပါပေ။

သားရဲအုပ်ကြီးအတွင်း၌ ပေါက်ကွဲမှု မီးတောက်များ အဆက်မပြတ် တောက်လောင်လာခဲ့ချေပြီ။

"ဒိုင်း ဒိုင်း ဒိုင်း"

မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်လှသော ပေါက်ကွဲသံကြီးများနှင့်အတူ ဗီဇပြောင်းသတ္တဝါ အမြောက်အမြား၏ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

တောအုပ်အတွင်း၌ မီးခိုးများ ဖုံးလွှမ်းသွားခဲ့ပြီး သွေးမိုးများက ဖြူဖွေးနေသော ဆီးနှင်းပြင်ကြီးကို နီရဲသွားစေခဲ့၏။

စနစ်တကျ ရှိလှသော ဗီဇပြောင်းသတ္တဝါ စစ်တပ်ကြီးမှာ အပင်နှလုံးသား၏ မီတာ တစ်ရာ ခံစစ်နယ်မြေအတွင်းသို့ မဝင်ရောက်နိုင်မီမှာပင် ပေါက်ကွဲမြားများကြောင့် ဖရိုဖရဲ ဖြစ်သွားခဲ့ရချေပြီ။

ရွှီရှင်း၏ နားထဲတွင်လည်း ရမှတ်များ ရရှိသည့် အကြောင်းကြားချက်များ ဆက်တိုက် မြည်ဟီးနေတော့သည်။

သူသည် အဆက်မပြတ် ကိုင်တွယ်နေသော လုဖေးအာကို လှမ်းကြည့်ရင်း "နင်ရော ရမှတ်ရတဲ့ အကြောင်းကြားချက်တွေ ကြားရလား" ဟု မေးလိုက်သည်။

လုဖေးအာမှာ မှင်သက်သွားပြီး ရွှီရှင်းကို မော့ကြည့်ကာ ခေါင်းခါပြသည်။

"မကြားရပါဘူး သခင်။ ကျွန်မ ရှင်နဲ့ စာချုပ်ချုပ်လိုက်ကတည်းက ဘာအကြောင်းကြားချက်မှ မရတော့တာပါ။ ကျွန်မ ရသင့်တဲ့ ရမှတ်တွေ အကုန်လုံးက အခုတော့ ရှင့်ဆီပဲ ရောက်ကုန်တာ ဖြစ်မှာပါ"

လုဖေးအာကတော့ ဒါကို စိတ်ထဲမထားပါပေ။

သူမသည် စိတ်လှုပ်ရှားစွာဖြင့် ထိန်းချုပ်ရေးခလုတ်ကို ဆက်လက် ကိုင်တွယ်နေပြီး သူမ၏ လက်များမှာလည်း အလွန်ပင် လျင်မြန်လှပေသည်။

"ပေါက်ကွဲစမ်း ပေါက်ကွဲစမ်း နင်တို့အားလုံးကို အမှုန့်ဖြစ်အောင် လုပ်ပစ်မယ်"

အကျဉ်းသားတစ်ယောက်အနေဖြင့် သူမသည် ယခုအခါတွင်တော့ သူမ၏ ရမှတ်များကို သခင်ဖြစ်သူက သိမ်းယူခြင်းမှာ သဘာဝကျသည်ဟု လက်ခံထားပြီး ဖြစ်သည်။

ဒါ့အပြင် သူမ၏ အမြင်တွင် ရမှတ်အရောင်းဆိုင်၌ ဝယ်ယူစရာ ကောင်းကောင်းမွန်မွန် မရှိဟု ထင်ထားသဖြင့် ရမှတ်များကို အရေးမစိုက်ပါပေ။

နောင်တွင် ပစ္စည်းကောင်းများ ပေါ်လာခဲ့လျှင်ပင် သူမသာ လိမ္မာပါက ရွှီရှင်းက သူမကို ပေးလိမ့်မည်ဟု ယုံကြည်နေခြင်း ဖြစ်သည်။

ဟုတ်ပါသည်၊ တစ်ခုတည်းသော အားနည်းချက်မှာ အကြောင်းကြားချက် မကြားရသဖြင့် သူမ ပစ်လိုက်သော ပစ်မှတ် သေ၊ မသေကို သူမ၏ အာရုံဖြင့်သာ ခန့်မှန်းနေရခြင်း ဖြစ်သည်။

ရွှီရှင်းသည်လည်း ဤစနစ်ကို အလွန်ပင် သဘောကျလှပေသည်။

ငွေရောင်ဘုရင်နှင့် မီမီတို့ သတ်ဖြတ်သမျှ ရမှတ်များမှာလည်း သူ၏ ထံသို့သာ ရောက်ရှိသည်ဖြစ်ရာ စာချုပ်ချုပ်ထားသော လူသားဖြစ်သည့် လုဖေးအာမှာလည်း ထိုနည်းတူပင် ဖြစ်နေခြင်းမှာ သဘာဝကျလှသည်။

ထို့အပြင် သူ၏ ရမှတ်အရောင်းဆိုင်မှာ ရှင်ကျန်သူ အားလုံးထဲတွင် အနိမ့်ဆုံး ၃၀ ရာခိုင်နှုန်း လျှော့ဈေး ရရှိထားသည်ဖြစ်ရာ ရမှတ်များကို အကျိုးအရှိဆုံး အသုံးချနိုင်သူမှာ သူသာ ဖြစ်ပေသည်။

ရုတ်တရက် စူးရှသော ခရာမှုတ်သံ ထပ်မံ ထွက်ပေါ်လာပြန်သည်။

ပေါက်ကွဲမှုများကြားမှ အသက်ရှင်ကျန်ရစ်သော ရှေ့တန်းမှ ဗီဇပြောင်းသတ္တဝါ အချို့မှာ မီးခိုးများကြားမှ ထိုးထွက်လာကြ၏။

ရှေ့တန်းမှ သတ္တဝါအများစုမှာ ပေါက်ကွဲမှုဒဏ်ကြောင့် သေဆုံးသွားခဲ့ကြသော်လည်း၊ အချို့မှာမူ တစ်ကိုယ်လုံးတွင် ဒဏ်ရာအနာအဆာများနှင့် သွေးချင်းချင်းနီလျက်ပင် အပင်နှလုံးသား၏ မီတာ တစ်ရာ နယ်မြေအတွင်းသို့ တိုးဝင်လာခဲ့ကြသည်။

ချက်ချင်းပင် မြေပြင်မှာ အက်ကွဲသွားပြီး နွယ်ပင်များ ထွက်ပေါ်လာကာ ထိုသတ္တဝါများကို ထိုးဖောက်သတ်ဖြတ်ပစ်လိုက်ကြသည်။

သို့သော်လည်း ဒဏ်ရာမရဘဲ ကျန်ရစ်သော နောက်က သတ္တဝါအုပ်စုကြီးမှာ ရုတ်တရက် အရှိန်မြှင့်ကာ၊ ပထမအသုတ် သတ္တဝါများကို စုပ်ယူနေသော နွယ်ပင်များကို ပြင်းထန်စွာ တိုက်ခိုက်တော့၏။

ပထမအသုတ်ကို အစာကျွေးသလို ပေးလိုက်ပြီး၊ ဒုတိယအသုတ်ကမှ တိုက်ခိုက်သည့် နည်းဗျူဟာမှာ တော်တော်လေး ကောင်းမွန်လှပေသည်။

"ဘာလို့ ရပ်နေတာလဲ။ ဆက်ပြီး ဗုံးကြဲစမ်း"

လုဖေးအာ၏ လက်များ ရပ်သွားသည်ကို မြင်သောအခါ ရွှီရှင်းက ဆူလိုက်၏။

"ဒါပေမဲ့... သူတို့တွေက နွယ်ပင်တွေနဲ့ ရောနှောနေကြပြီလေ။ ဒီနွယ်ပင်တွေက ကျွန်မတို့ဘက်တော်သားတွေ မဟုတ်ဘူးလား၊ ကျွန်မက..."

လုဖေးအာ ဘာလုပ်ရမှန်း မသိ ဖြစ်နေရှာသည်။

ဤနွယ်ပင်တွေက ဘာကြောင့် သူတို့ သစ်ပင်အိမ်ကို ကာကွယ်ပေးနေသလဲဆိုသည်ကို သူမ မသိစေကာမူ၊ ရန်သူတွေကို ဝိုင်းတိုက်ပေးနေသဖြင့် မဟာမိတ်ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။

မိမိဘက်တော်သားကိုတော့ ပြန်မတိုက်သင့်ဘူး မဟုတ်ပါလား။

"မီတာ တစ်ရာအတွင်းကို ပစ်ခိုင်းတာ ဘယ်သူလဲ"

ရွှီရှင်း သူမ၏ ခေါင်းကို ရိုက်လိုက်ချင်စိတ် ပေါက်သွားသည်။

"အနောက်က ကောင်တွေကို ပစ်စမ်းပါ။ သူတို့တွေ မီတာ တစ်ရာအတွင်း မဝင်ခင်မှာတင် အကုန်လုံး ဒုက္ခိတဖြစ်အောင် လုပ်ပစ်ရမယ်။ ဒါမှ နွယ်ပင်တွေ တိုက်ခိုက်ရတာ ပိုလွယ်မှာပေါ့"

"ဪ... ဟုတ်ကဲ့၊ ဟုတ်ကဲ့"

လုဖေးအာ ချက်ချင်းပင် လက်ပြန်သွက်လာပြီး ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။

"ကျွန်မက အဲဒီနွယ်ပင်တွေကိုပဲ အာရုံစိုက်နေလို့ပါ။ အဲ... အခြေအနေတွေ အဆင်ပြေသွားရင် အဲဒီနွယ်ပင်တွေ အကြောင်းကို ကျွန်မကို ပြောပြဦးနော်"

"တိုက်ပွဲကိုပဲ အာရုံစိုက်စမ်း၊ အန္တရာယ်ပြီးသွားမှ ငါ ပြောပြမယ်"

"ဟုတ်ကဲ့ပါ သခင်ကြီး"

ရွှီရှင်း၏ အာရုံမှာတော့ ဗီဇပြောင်းသတ္တဝါ စစ်တပ်၏ အလယ်အလတ်အဆင့် သတ္တဝါများထံတွင်သာ ရှိနေသည်။

မြေပုံပေါ်တွင် သူတို့၏ အနီရောင်အစက်များမှာ အခြားကောင်များထက် သိသိသာသာ ပို၍ လင်းထိန်နေသည်။

ထိုကောင်များသည် လောလောဆယ်တွင် အရှေ့မှ အဆင့်နိမ့်ကောင်များ တစ်သုတ်ပြီးတစ်သုတ် သေကျေနေသည်ကို မည်သို့မျှ မခံစားရဟန်ဖြင့် အေးအေးဆေးဆေး စောင့်ကြည့်နေကြဆဲ ဖြစ်၏။

အပင်နှလုံးသား တစ်ခုတည်းနှင့်တော့ ဤသားရဲအုပ်ကြီးကို ကိုင်တွယ်ရင်း ထိုအလယ်အလတ်အဆင့်ကောင်များကိုပါ ရင်ဆိုင်နိုင်ရန် မလွယ်ကူလှဟု ရွှီရှင်း ခံစားလိုက်ရသည်။

ထိုကောင်များကိုတော့ အခြားနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရပေလိမ့်မည်။

အခန်း ၄၀၁ ပြီး။

အခန်း (၄၀၂) - ဗီဇပြောင်းသတ္တဝါ စစ်တပ်ကို ဗုံးကြဲခြင်း (၃)

"သခင်ကြီး ပေါက်ကွဲမြားတွေ ကုန်တော့မယ်"

လုဖေးအာသည် ထိန်းချုပ်ရေးခလုတ်ကို အသည်းအသန် ကိုင်တွယ်ရင်း သူမ၏ နဖူးပေါ်မှ ချွေးစက်ကလေး တစ်စက် စီးကျလာသည်ကိုပင် သတိမပြုမိဘဲ ရွှီရှင်းကို လှမ်းအော်ပြောလိုက်သည်။

ရွှီရှင်းသည် မြှားပစ်စက် နှစ်လုံးစလုံးသို့ ပေါက်ကွဲ မြားများကို ချက်ချင်း ပြန်လည်ဖြည့်တင်းပေးလိုက်၏။

သူ၏ လက်ထဲတွင် ထိုမြားများမှာ ကုန်ခန်းသွားသည်ဟူ၍ မရှိပေ။

ပေါက်ကွဲမြားများနှင့် အပင်နှလုံးသား တို့၏ ပေါင်းစပ်တိုက်ခိုက်မှုအောက်တွင် ဗီဇပြောင်းသတ္တဝါ ရာပေါင်းများစွာ သေဆုံးသွားခဲ့သော်လည်း ဤစစ်တပ်ကြီး၏ အင်အားမှာတော့ အနည်းငယ်မျှသာ လျော့ပါးသွားသေးသည်။

ထို့အပြင် သူတို့သည် ပေါက်ကွဲမှုဒဏ်ကို ရှောင်လွှဲနိုင်မည့် နည်းလမ်းကို ရှာတွေ့သွားပုံရ၏။

လုဖေးအာ၏ လက်အရှိန်မှာ မလျော့သွားဘဲ ပစ်ခတ်လိုက်သော မြားအရေအတွက် ပိုများလာစေကာမူ၊ ရွှီရှင်း၏ နားထဲတွင် ရမှတ်ရရှိသည့် အကြောင်းကြားချက်များမှာတော့ သိသိသာသာ နည်းပါးသွားခဲ့သည်။

အပင်နှလုံးသား၏ ခံစစ်မျဉ်းမှာလည်း တဖြည်းဖြည်းချင်း အနောက်သို့ ဆုတ်လာခဲ့ရချေပြီ။

ကိုးဆယ်မီတာ၊ ရှစ်ဆယ်မီတာ၊ ခုနစ်ဆယ်မီတာ...။

"သူတို့တွေ အနားရောက်လာပြီ ကျွန်မတို့ ဘာလုပ်ကြမလဲ"

လုဖေးအာက စိုးရိမ်တကြီး အော်ဟစ်လိုက်၏။

"နင် လုပ်စရာရှိတာကို ဆက်လုပ်ပါ။ ကျန်တာကို ငါ ကိုင်တွယ်မယ်"

တိုးဝင်လာနေသော သားရဲအုပ်ကြီးကို ကြည့်ရင်း ရွှီရှင်းသည် အောက်သို့ ဆင်းကာ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါများကို ကိုယ်တိုင် ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။

၎င်းမှာ သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားကို စမ်းသပ်ရန် အခွင့်အရေးကောင်းလည်း ဖြစ်ပေသည်။

ခရမ်းရောင်အဆင့် ချပ်ဝတ်တန်ဆာနှင့်ဆိုလျှင် သာမန်ဗီဇပြောင်းသတ္တဝါများအနေဖြင့် သူ့ကို ဒဏ်ရာရအောင်လုပ်ရန် ခဲယဉ်းလှပေသည်။

"သခင်ကြီး၊ အဲဒီ အလယ်အလတ်အဆင့်ကောင်တွေ စပြီး လှုပ်ရှားလာပြီ"

လုဖေးအာက ထူးခြားမှုကို သတိထားမိသည်နှင့် ရွှီရှင်းကို ချက်ချင်း အစီရင်ခံလိုက်၏။

"...အပေါ်ကနေ ဆက်ပြီး တိုက်ခိုက်နေပါ။"

ရွှီရှင်း မြှားပစ်စက်ကို အမြန်ပြန်ဖြည့်ပေးပြီးနောက် ပေါက်ကွဲ မြားများ အပြည့်ပါသည့် ကျောပိုးအိတ်တစ်လုံးကို သူမအတွက် ထားရစ်ခဲ့၏။

"မြားကုန်ရင် ကိုယ်တိုင်ပြန်ဖြည့်လိုက်၊ တစ်စက္ကန့်လေးတောင် မနားနဲ့နော်"

"ဟုတ်ကဲ့ပါ သခင်"

ရွှီရှင်းသည် တိုက်ပွဲဝင်ရန် စိတ်အားထက်သန်နေကြသော မီမီနှင့် ငွေရောင်ဘုရင်တို့ကို ခေါ်ဆောင်ကာ သစ်ပင်အိမ်ပေါ်မှ ဆင်းရန် ပြင်ဆင်လိုက်သည်။

ခဲခဲလေးကလည်း လိုက်ချင်သဖြင့် ရုန်းကန်နေသော်လည်း ရွှီရှင်းက သူမကို ပြတင်းပေါက်ဘောင်တွင် ဖမ်းထားလိုက်ရ၏။

သူတို့သည် အောက်သို့ဆင်းကာ တိုက်ခိုက်ကြမည်ဖြစ်ပြီး ခရီးဝေးသွားကြမည် မဟုတ်သဖြင့် ခဲခဲလေးကို ခေါ်သွားခြင်းမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်သလို သူမ ဒဏ်ရာရသွားမည်ကိုလည်း သူ စိုးရိမ်သောကြောင့် ဖြစ်သည်။

"အီး..."

ခဲခဲလေးသည် သူမအနေဖြင့် သိပ်ပြီး အကူအညီမပေးနိုင်မှန်း သိသဖြင့် ပြတင်းပေါက်ဘောင်ပေါ်တွင် မှိုင်တိုင်တိုင်လေး လဲလျောင်းရင်း အောက်ဘက်က ပြင်းထန်လှသော တိုက်ပွဲမြင်ကွင်းကိုသာ ငေးကြည့်နေရှာတော့သည်။

ရွှီရှင်း သစ်ပင်အိမ်ပေါ်မှ ဆင်းသက်လိုက်သည့်အချိန်တွင် ဗီဇပြောင်းသတ္တဝါ စစ်တပ်မှာ မီတာ ၆၀ ခန့်အကွာအထိ ရောက်ရှိလာခဲ့ပြီး သူ၏ လျှပ်စစ်ကွန်ရက်နှင့် အလွန်နီးကပ်နေချေပြီ။

တစ်ပြိုင်နက်တည်းမှာပင် သူသည် သားရဲအုပ်ကြီးအတွင်း၌ ရောနှောကာ သူတို့ထံသို့ အရှိန်ဖြင့် ပြေးဝင်လာနေသော အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ အချို့ကို မြင်တွေ့လိုက်ရသည်။

ရွှီရှင်းသာ အတင်းအကျပ် ထိန်းမထားလျှင် ငွေရောင်ဘုရင်နှင့် မီမီတို့မှာ သားရဲအုပ်ကြီးအတွင်းသို့ ခုန်ဝင်ကာ သတ်ဖြတ်နေကြပြီ ဖြစ်သည်။

သို့သော် သူတို့ကို သားရဲအုပ်အတွင်းသို့ လွှတ်၍ မဖြစ်ပါပေ၊ သူတို့၏ ပစ်မှတ်မှာ ထိုအလယ်အလတ်အဆင့်ကောင်များသာ ဖြစ်ရမည်။

ယခုမှာမူ သူ၏ ခရမ်းရောင်အဆင့် ချပ်ဝတ်တန်ဆာ၏ အစွမ်းကို စမ်းသပ်ရမည့် အချိန်ပင်။

သားရဲအုပ်ကြီးအတွင်း၌ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ စုစုပေါင်း ငါးကောင် ရှိနေ၏။

သူ၏ စိတ်ထဲက မြေပုံအကူအညီဖြင့် ရွှီရှင်းသည် သူတို့၏ တည်နေရာကို အတိအကျ သိနေရသည်။

ဘာပဲဖြစ်ဖြစ် သူတို့၏ ပုံပန်းသဏ္ဌာန်မှာ ပတ်ဝန်းကျင်ရှိ အဆင့်နိမ့်ကောင်များနှင့် များစွာ ကွဲပြားခြားနားလှပေသည်။

ထိုအထဲတွင် သုံးကောင်မှာ ဆီးနှင်းကျားသစ်များ ဖြစ်ကြပြီး တစ်ကောင်ချင်းစီ၏ အရွယ်အစားမှာ မီမီနီးပါး ရှိကြသည်။

မီမီမှာ ကြီးထွားလာသည်နှင့်အမျှ ကိုယ်လုံးသွယ်လျနေစေကာမူ ဤဆီးနှင်းကျားသစ်များမှာမူ တကယ့်ကို ကြွက်သားအပြုံလိုက်နှင့် သန်မာလှသော သတ္တဝါကြီးများ ဖြစ်ကြသည်။

နောက်တစ်ကောင်မှာ ဆီးနှင်းဝံပုလွေ ဖြစ်ပြီး အခြားဝံပုလွေများထက် များစွာ ကြီးမားလှပေရာ ငွေရောင်ဘုရင်နှင့် သာမန်ဝံပုလွေများအကြားက အရွယ်အစား ကွဲပြားမှုမျိုးပင် ရှိသည်။

၎င်းမှာ ဤဆီးနှင်းဝံပုလွေအုပ်၏ ဝံပုလွေဘုရင် ဖြစ်ပုံရသည်။

နောက်ဆုံးတစ်ကောင်မှာတော့ ဆီးနှင်းမြေခွေး ဖြစ်သည်။

အရွယ်အစားမှာ သာမန်မြေခွေးထက် ကြီးသည်ဆိုစေကာမူ သာမန်ဝံပုလွေတစ်ကောင်နှင့်သာ ညီမျှသည်။

သို့သော် မြေပုံပေါ်က ၎င်း၏ အနီရောင်အစက် တောက်ပမှုမှာမူ သာမန်ဝံပုလွေများထက် အဆပေါင်းများစွာ ပိုမိုမြင့်မားနေသဖြင့် ၎င်းသည်လည်း အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ ဖြစ်ကြောင်း သိသာလှပေသည်။

ဤအလယ်အလတ်အဆင့် သတ္တဝါ ငါးကောင်မှာ သားရဲအုပ်ကြီးအတွင်း၌ ပုန်းကွယ်ကာ နွယ်ပင်များ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း သစ်ပင်အိမ်ရှိရာသို့ အရှိန်ကုန် တိုးဝင်လာနေကြ၏။

အခန်း ၄၀၂ ပြီး။

All Chapters