အခန်း (၄၀၃-၄၀၅)
Vol. 27 Ch. 403-405
အခန်း (၄၀၃) - ပြင်းထန်သော တိုက်ပွဲ နှင့် သားရဲအုပ်ကြီး ဆုတ်ခွာသွားခြင်း
ရွှီရှင်း အစိုးရိမ်ရဆုံးကတော့ ထိုဆီးနှင်းကျားသစ် သုံးကောင်ပင် ဖြစ်သည်။
မီမီသည် သစ်ကျားသစ် များထဲတွင် အကြီးဆုံးဖြစ်ပြီး ဧရာမသားရဲ သွေးမျိုးနွယ်ကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်း သိထားပြီးသားပင်။
သို့သော်လည်း ဤဆီးနှင်းကျားသစ် တစ်ကောင်ချင်းစီမှာ မီမီနှင့် အရွယ်အစားချင်း နီးပါးတူနေကြ၏။
မှန်ပါသည်၊ ဤနေရာတွင် မျိုးစိတ်ချင်း ကွဲပြားမှုရှိသည်။
ဆီးနှင်းကျားသစ်များသည် သဘာဝအရ အကွက်ပါကျားသစ်များထက် များစွာ ပိုမိုသန်မာကြသည်။
အရှိန်နှုန်းတစ်ခုတည်းတွင်သာ နှေးကွေးနိုင်သော်လည်း ခန္ဓာကိုယ် အလေးချိန်၊ ခွန်အားနှင့် ကိုက်အားတို့တွင်တော့ ကျားသစ်များကို ကျော်လွန်ကြသည်။
ထို့အပြင် အကွက်ပါကျားသစ်များသည် များသောအားဖြင့် မိမိတို့နှင့် အရွယ်တူ သို့မဟုတ် သေးငယ်သော သတ္တဝါများကိုသာ အမဲလိုက်တတ်ကြသော်လည်း၊ ဆီးနှင်းကျားသစ်များကမူ ၎င်းတို့၏ ကိုယ်အလေးချိန်ထက် သုံးဆကြီးမားသော သားကောင်များကိုပင် အမဲလိုက်နိုင်စွမ်းရှိကြသည်။
ဆီးနှင်းကျားသစ်များ၏ သဘာဝက တိုက်ခိုက်သတ်ဖြတ်တတ်သည့် ကျွမ်းကျင်မှုများရှိပြီး၊ အကွက်ပါကျားသစ်များမှာမူ အရှိန်နှင့် ချောင်းမြောင်းတိုက်ခိုက်ခြင်းကိုသာ အဓိကအားပြုကာ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုမျိုး အလွန်နည်းပါးလှသည်။
တစ်ကောင်မှာ ကျားသစ်မျိုးရင်းဝင် မှ အသားစားသားရဲကြီးဖြစ်ပြီး၊ နောက်တစ်ကောင်မှာ ကြောင်မျိုးရင်းဝင် သားရဲကြီး ဖြစ်သည်။
ကမ္ဘာပေါ်တွင်ပင် သူတို့၏ အလေးချိန်မှာ များစွာမကွာခြားစေကာမူ၊ ထိပ်တိုက်ရင်ဆိုင်ပါက တိုက်ခိုက်နိုင်စွမ်းမှာ တစ်ဆင့်စီ ကွာခြားလှပေသည်။
ကျားသစ်များသည် မြက်ခင်းပြင်တွင် အမြဲအနှိမ်ခံရသည့် သတ္တဝါများဖြစ်ကြရာ တိုက်ခိုက်ရေးစွမ်းရည်တွင် အားနည်းချက်ရှိနေဆဲ ဖြစ်သည်။
မှန်ပေသည်၊ မီမီမှာမူ ဧရာမသားရဲသွေးပါသဖြင့် ထိုအမျိုးအစားထဲတွင် မပါဝင်တော့ပေ။
ထို့ကြောင့် ရွှီရှင်းသည် ထိုဆီးနှင်းကျားသစ် သုံးကောင်ကို အလွန်သတိထားနေခြင်း ဖြစ်သည်။
သူတို့၏ အရှိန်မှာ မီမီကို မမီနိုင်စေကာမူ၊ တိုက်ခိုက်ရေးစွမ်းရည်မှာ မီမီထက် မနိမ့်ကျနိုင်သလို ပို၍ပင် သန်မာနေနိုင်ပါသေးသည်။
လျှပ်စစ်ကွန်ရက်အတွင်း ရပ်နေရင်း ရွှီရှင်းသည် ထိုအလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ ငါးကောင်၏ တည်နေရာကို အသေအချာ ပစ်မှတ်ထားလိုက်သည်။
ဆီးနှင်းကျားသစ်တစ်ကောင်မှာ သားရဲအုပ်ထဲမှ အရင်ဆုံး ထိုးထွက်လာပြီး ၎င်း၏ ရုတ်တရက် အရှိန်မြှင့်မှုက နွယ်ပင်များ၏ တိုက်ခိုက်မှုကိုပင် ကျော်လွန်သွားခဲ့သည်။
၎င်းသည် ကျားသစ်လက်ဝါးကို ဝေ့ယမ်းကာ လျှပ်စစ်ကွန်ရက်ကို ပြင်းထန်စွာ ကုတ်ခြစ်လိုက်တော့သည်။
"ဇတ်... ဝုန်း"
ကွန်ရက်မှ ပြင်းထန်လှသော လျှပ်စစ်မီးပွင့်များ ထွက်ပေါ်လာပြီး၊ ကုတ်ခြစ်လိုက်သော ဆီးနှင်းကျားသစ်မှာ ထူးဆန်းစွာ အော်ဟစ်ရင်း အနောက်သို့ မီတာအတော်များများ လွင့်စင်သွားခဲ့ကာ ခြေလှမ်းများပင် မခိုင်တော့ဘဲ ယိုင်နဲ့သွားခဲ့ရ၏။
ရွှီရှင်း မြင်တွေ့လိုက်ရသည်မှာ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါဖြစ်၍ ပိုမိုသန်မာလှသော ၎င်း၏ လက်သည်းများမှာ လျှပ်စစ်ဓာတ်လိုက်မှုကြောင့် မည်းတူးသွားပြီး အေးစိမ့်လှသော နှင်းပြင်ပေါ်တွင် အငွေ့များပင် ထွက်နေချေပြီ။
လေထဲတွင် အသားကင်နံ့သင်းသင်းလေးကိုပင် ရွှီရှင်း ရလိုက်သေးသည်။
အမှန်ပင်၊ ဤလျှပ်စစ်ကွန်ရက်သည် အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါများကို တားဆီးနိုင်စွမ်း ရှိပေသည်။
ထိုအချိန်တွင် မြေပြင်မှာ အက်ကွဲသွားပြီး အသင့်စောင့်နေသော အပင်နှလုံးသားက နောက်ဆုံးတွင် လှုပ်ရှားလာခဲ့သည်။
နွယ်ပင်သုံးခု မြေပြင်မှ ထိုးထွက်လာပြီး လျှပ်စစ်ရှော့ခ်ကြောင့် မလှုပ်နိုင်ဖြစ်နေသော ဆီးနှင်းကျားသစ်ကို တိုက်ရိုက် တိုက်ခိုက်တော့သည်။
ဆီးနှင်းကျားသစ်မှာ ပထမနှင့် ဒုတိယ နွယ်ပင်ကို သီသီလေး ရှောင်နိုင်ခဲ့သော်လည်း၊ တတိယမြောက် နွယ်ပင်ကမူ ၎င်း၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်သွားခဲ့သဖြင့် နာကျင်စွာ အော်ဟစ်ရင်း ၎င်း၏ လက်ဖြင့် နွယ်ပင်ကို ဖြတ်တောက်ရန် ကြိုးစားရှာသည်။
သို့သော်လည်း အင်အားချည့်နဲ့နေပြီး ပြင်းထန်စွာ ဒဏ်ရာရနေသော ထိုကျားသစ်ကို မရေမတွက်နိုင်သော နွယ်ပင်များက ဆက်တိုက် တိုက်ခိုက်နေကြသည်။
ကျန်ရှိသော လေးကောင်မှာ ကူညီရန် အမြန်ပြေးလာကြသော်လည်း နောက်ကျသွားခဲ့ချေပြီ။
လျှပ်စစ်ဓာတ်ကြောင့် တစ်ကိုယ်လုံး တောင့်တင်းနေသော ဆီးနှင်းကျားသစ်မှာ နွယ်ပင်ဆယ်ခုကျော်၏ ထိုးဖောက်ခြင်းကို အရပ်မျက်နှာအနှံ့မှ ခံလိုက်ရပြီး တစ်ခုမှာ ၎င်း၏ မျက်လုံးတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
[ညစ်ညမ်းနေသော ဗီဇပြောင်း ဆီးနှင်းကျားသစ်ကို သတ်ဖြတ်နိုင်ခဲ့သဖြင့် ရမှတ် ၁၅၀ ရရှိသည်။]
သူ အလွန်သတိထားခဲ့ရသော ဆီးနှင်းကျားသစ်တစ်ကောင်မှာ အလွယ်တကူပင် အဆုံးစီရင်ခြင်း ခံလိုက်ရချေပြီ။
သို့သော်လည်း ဆီးနှင်းကျားသစ်၏ တိုက်ခိုက်မှုမှာ အလွန်ပြင်းထန်လှသဖြင့် လျှပ်စစ်ကွန်ရက်၏ သံဆန်ခါများမှာ ပြတ်တောက်ပျက်စီးသွားပြီး လူတစ်ယောက် ဘေးစောင်းဝင်နိုင်သည့် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။
ရွှီရှင်းမှာ ဒါကို စိတ်မဝင်စားဘဲ လျှပ်စစ်ကွန်ရက် အပြင်ဘက်က ကျန်ရှိသော အလယ်အလတ်အဆင့် သတ္တဝါ လေးကောင်ကိုသာ မျက်တောင်မခတ် စောင့်ကြည့်နေမိ၏။
ပထမဆုံး ကျားသစ် အသတ်ခံရသည်နှင့် သူတို့မှာ လှုပ်ရှားမှုအားလုံးကို ရပ်တန့်လိုက်ကြပြီး၊ အလွန်ပင် စနစ်တကျ ရှိလှစွာဖြင့် လျှပ်စစ်ကွန်ရက်ရှေ့တွင် တညီတညွတ်တည်း ရပ်တန့်သွားကြသည်။
မြေပြင်အက်ကွဲကာ နွယ်ပင်များ ထွက်ပေါ်လာပြီး သူတို့နှင့် နပန်းလုံးနေကြသည်။
နွယ်ပင်များက သူတို့ကို ထိန်းချုပ်ထားနိုင်စေကာမူ အသာစီးရအောင်တော့ မလုပ်နိုင်ကြပါပေ။
သူ၏ ဘေးနားတွင်တော့ ကျောက်မီးသွေး အင်ဂျင်မှာ ရုတ်တရက် ဟိန်းဟောက်သံနှင့်အတူ စတင်လည်ပတ်လာခဲ့သည်။
ဘက်ထရီ အပြည့်ဖြစ်သွားပါက ကျောက်မီးသွေး အင်ဂျင်မှာ လည်ပတ်မှု ရပ်တန့်သွားလေ့ရှိသည်။
အခု အလိုအလျောက် ပြန်လည်လည်ပတ်လာခြင်းမှာခုနက လျှပ်စစ်လွှတ်လိုက်မှုက စွမ်းအင် အမြောက်အမြားကို သုံးစွဲလိုက်ရကြောင်း ညွှန်ပြနေခြင်း ဖြစ်သည်။
တစ်ပြိုင်နက်တည်းမှာပင် အတွင်းဘက်သို့ လိပ်ဝင်သွားသော သံဆန်ခါကွန်ရက်မှာ အင်ဂျင်သံနှင့်အတူ တဖြည်းဖြည်းချင်း နဂိုအတိုင်း ပြန်လည် ပြုပြင်လာခဲ့သည်။
ရွှီရှင်း သိထားသည်မှာသူ ပြီးခဲ့သည့်အကြိမ်က လက်သီးနှင့်ထိုး၍ ပုံပျက်သွားစဉ်ကတည်းက ဤလျှပ်စစ်ကွန်ရက်သည် ပျက်စီးသွားပါက လျှပ်စစ်စွမ်းအင်ကို အသုံးပြု၍ သူ့အလိုအလျောက် ပြန်လည်ပြုပြင်နိုင်စွမ်း ရှိသည်ဟူ၍ ဖြစ်သည်။
အလယ်အလတ်အဆင့် သတ္တဝါများ တိုက်ခိုက်မှု ခေတ္တရပ်နားနေသည့် အချိန်ကို အခွင့်ကောင်းယူကာ ရွှီရှင်းသည် ကျောက်မီးသွေးများကို အင်ဂျင်အတွင်းသို့ ဖြည့်သွင်းလိုက်ပြီး စွမ်းအင်ထုတ်လွှတ်မှုကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်သည်။
ထိုအချိန်တွင် ဆီးနှင်းကျားသစ်တစ်ကောင်မှာ နွယ်ပင်များ၏ ရိုက်ခတ်မှုကို ရှောင်တိမ်းလိုက်ပြီး နောက်ခြေနှစ်ဖက်ဖြင့် မြေပြင်ကို ကန်ကာ အရှိန်ဖြင့် ခုန်တက်လိုက်၏။
၎င်း၏ တောင့်တင်းလှသော ခန္ဓာကိုယ်မှာ အလွန်ပင် သွက်လက်လှပြီး သုံးမီတာမြင့်သော လျှပ်စစ်ကွန်ရက်ကို အပေါ်မှနေ၍ ကျော်ဖြတ်လိုက်တော့သည်။
မြေပြင်ပေါ်သို့ မဆင်းသက်မီမှာပင် မြေအောက်မှ နွယ်ပင်များ ထွက်ပေါ်လာပြီး လေထဲမှာ ရှိနေဆဲဖြစ်သော ကျားသစ်ကို တိုက်ခိုက်ကြသည်။
ဆီးနှင်းကျားသစ်သည် ၎င်း၏ လက်ဝါးဖြင့် နွယ်ပင်ကို ချက်ချင်း ရိုက်ချလိုက်ပြီး မြေပြင်ပေါ်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့၏။
ထင်ထားတဲ့အတိုင်းပဲ... သူတို့တွေ ကျော်တက်နိုင်ကြတာပဲ။
ဆီးနှင်းကျားသစ်ကဲ့သို့သော ဗီဇပြောင်းသတ္တဝါများကို သုံးမီတာမြင့်သော လျှပ်စစ်ကွန်ရက်နှင့် တားဆီး၍ မရနိုင်မှန်း သူ သိထားပြီးသားပင်။
"မီမီ၊ သွားတော့"
ဒေါသတွေ ထွက်နေပြီး မအောင့်ထားနိုင်တော့တဲ့ မီမီဟာ ရုတ်တရက် အရှိန်နဲ့ ပြေးထွက်သွားကာ ကျယ်လောင်စွာ ဟိန်းဟောက်ရင်း သူမ၏ ငွေရောင်လက်သည်းများဖြင့် ဆီးနှင်းကျားသစ်ကို ဝေ့ယမ်းတိုက်ခိုက်လိုက်တော့သည်။
ဆီးနှင်းကျားသစ်မှာလည်း အလျှော့မပေးဘဲ ပြန်လည်ဟိန်းဟောက်ကာ မီမီကို ထိပ်တိုက် ရင်ဆိုင်လိုက်ချေပြီ။
ကြောင်မျိုးနွယ် သားရဲကြီးများအကြားက တိုက်ပွဲမှာ စတင် ပေါက်ကွဲထွက်လာတော့မည် ဖြစ်သည်။
ကံကောင်းသည်မှာ ဆီးနှင်းဝံပုလွေများနှင့် ဆီးနှင်းမြေခွေးများမှာ ဤကဲ့သို့ ပြင်းထန်သော ခုန်ပျံနိုင်စွမ်း မရှိကြခြင်းပင်။
ထိုအချိန်တွင် အပြင်ဘက်က ဆီးနှင်းဝံပုလွေဘုရင်မှာ ရုတ်တရက် ခေါင်းကိုမော့ကာ အူလိုက်တော့သည်။
"ဝူးးးးးး"
ချဉ်းကပ်လာနေသော သားရဲအုပ်ကြီးအတွင်းရှိ မရေမတွက်နိုင်သော ဆီးနှင်းဝံပုလွေများသည် ထိုခေါ်သံကို ကြားလိုက်ရပုံရပြီး ပတ်ဝန်းကျင်က နွယ်ပင်များကို လျစ်လျူရှုကာ လျှပ်စစ်ကွန်ရက်ဆီသို့ အရူးအမူး ပြေးဝင်လာကြတော့သည်။
ထိုလုပ်ရပ်ကြောင့် ဆီးနှင်းဝံပုလွေ အမြောက်အမြားမှာ နွယ်ပင်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြသော်လည်း၊ အချို့မှာမူ သူတို့၏ အသက်ကို စတေးကာ ခံစစ်မျဉ်းကို ထိုးဖောက်ပြီး လျှပ်စစ်ကွန်ရက်ကို စတင် တိုက်ခိုက်လာကြတော့၏။
အခန်း ၄၀၃ ပြီး။
အခန်း (၄၀၄) - ပြင်းထန်သော တိုက်ပွဲ နှင့် သားရဲအုပ်ကြီး ဆုတ်ခွာသွားခြင်း ၂
ဤဆီးနှင်းဝံပုလွေများမှာ တစ်ကောင်ပြီးတစ်ကောင် အတင်းတိုးဝှေ့လာကြပြီး ရွှီရှင်းနှင့် ဝေးရာဘက်ရှိ လျှပ်စစ်ကွန်ရက်၏ ဘေးဘက်ကို အာရုံစိုက်တိုက်ခိုက်နေကြသည်။
လျှပ်စစ်မီးပွင့်များ တဖျပ်ဖျပ်လက်နေသည့်ကြားတွင် ရှေ့ဆုံးမှ ဝံပုလွေများမှာ နာကျင်စွာအော်ဟစ်ရင်း လဲကျသွားကြသော်လည်း၊ နောက်ကဝံပုလွေများက ရှေ့ကကောင်များ တိုက်ခိုက်ခဲ့သည့် နေရာကိုပင် ထပ်မံခုန်အုပ်၍ တိုက်ခိုက်ကြပြန်သည်။
သူတို့၏ ရည်ရွယ်ချက်မှာ တစ်နေရာတည်းကိုသာ စုပြုံတိုက်ခိုက်ပြီး ဤကွန်ရက်၏ အစိတ်အပိုင်းတစ်ခုကို ဖျက်ဆီးပစ်ရန်ပင် ဖြစ်တော့သည်။
"ငွေရောင်ဘုရင်၊ အဲဒီနေရာကို သွားခုခံစမ်း"
"ဝူးးးးး"
ငွေရောင်ဘုရင်သည် ကျယ်လောင်စွာ အူလိုက်ပြီး ပျက်စီးလုနီးပါးဖြစ်နေသော ကွန်ရက်အစိတ်အပိုင်းရှိရာသို့ အရှိန်ဖြင့် ပြေးသွားတော့သည်။
ငွေရောင်ဘုရင်၏ အူသံကြောင့် ရှေ့တိုးလာနေသော ဝံပုလွေများမှာ ခေတ္တမျှ တုံ့ဆိုင်းသွားကြ၏။
ဘာပဲဖြစ်ဖြစ် ငွေရောင်ဘုရင်မှာ တစ်ချိန်က ဝံပုလွေဘုရင်တစ်ကောင် ဖြစ်ခဲ့ဖူးသလို၊ သူတို့၏ ဘုရင်နှင့်အဆင့်တူသော အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါတစ်ကောင် မဟုတ်ပါလား။
ဗီဇပြောင်းသတ္တဝါ စစ်တပ်ကြီးမှာ အပင်နှလုံးသား၏ နယ်မြေအတွင်းသို့ အမြောက်အမြား ဝင်ရောက်လာခဲ့ချေပြီ။
ရွှီရှင်းသည် ကောင်းကင်ယံတွင် အတောင်ပံခတ်နေသော အာဖုကို ချက်ချင်း လှမ်းအော်ပြောလိုက်သည်။
"အာဖု၊ မင်း တိုက်ခိုက်ရမယ့်အလှည့် ရောက်ပြီ"
အာဖုသည် ထိုစကားကို ကြားသည်နှင့် လေထဲသို့ မီတာတစ်ဆယ်ကျော်အထိ ပျံတက်သွားပြီး အတောင်ပံများကို ခါယမ်းကာ အရင်ကထက် ပို၍စူးရှလှသော အော်ဟစ်သံကြီးကို ထုတ်လွှတ်လိုက်တော့သည်။
ထိုအသံမှာ ဗီဇပြောင်းသတ္တဝါ အုပ်စုကြီးတစ်ခုလုံးတွင် ဟိန်းထွက်သွားခဲ့၏။
အာဖုမှာ အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါ အဆင့်မှာသာ ရှိသေးစေကာမူ အလယ်အလတ်အဆင့်သို့ ရောက်ရန် လက်တစ်ကမ်းသာ လိုတော့သူ ဖြစ်သည်။
၎င်း၏ အသံလှိုင်းတိုက်ကွက်အောက်တွင် အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါများမှာ စက္ကန့်ဝက်ခန့် ကြောင်အသွားကြရသည်။
ထိုစက္ကန့်ဝက်အတွင်းမှာပင် အပင်နှလုံးသား၏ ပြင်းထန်လှသော သတ်ဖြတ်မှုကြီး စတင်တော့သည်။
သားရဲအုပ်ကြီးအတွင်း သွေးများနေရာအနှံ့ ပြန့်ကျဲသွားပြီး တိုက်စစ်မျဉ်းမှာလည်း နောက်ဘက်သို့ မီတာနှစ်ဆယ်၊ သုံးဆယ်ခန့် ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။
အသံလှိုင်းတိုက်ကွက်ကို ထုတ်သုံးပြီးနောက် အာဖုမှာ လေထဲတွင် ယိုင်နဲ့သွားပြီး အချိန်မရွေး ပြုတ်ကျတော့မည့်ပုံ ပေါ်နေသည်။
ကြည့်ရသည်မှာ ရှေ့က ဗီဇပြောင်းသတ္တဝါများကို တားဆီးနိုင်ရန် အာဖုမှာ ရှိသမျှအင်အားအားလုံးကို အသုံးချလိုက်ပုံရသည်။
"အာဖု၊ ပြန်ပြီး အနားယူတော့။"
ခွင့်ပြုချက်ရသည်နှင့် အာဖုမှာ သစ်ပင်အိမ်ဘက်မှ အဆက်မပြတ်ထွက်ပေါ်နေသော ပေါက်ကွဲမြားများကို ရှောင်ကွင်းကာ သစ်ပင်အိမ်ဆီသို့ ဇစ်ဇတ်ပုံစံဖြင့် ခက်ခဲစွာ ပျံသန်းသွားတော့သည်။
ထိုအချိန်တွင် နောက်ထပ် ဆီးနှင်းကျားသစ်တစ်ကောင်မှာ အတွင်းသို့ ခုန်ဝင်လာခဲ့ပြန်ရာ ရွှီရှင်းမှာ ဘာမှစဉ်းစားမနေတော့ဘဲ လှံရှည်ဖြင့် ဝေ့ယမ်းတိုက်ခိုက်လိုက်၏။
ဆီးနှင်းကျားသစ်မှာ မြေအောက်မှ ရုတ်တရက်ထွက်ပေါ်လာသော နွယ်ပင်များကို ရှောင်ရသလို တစ်ပြိုင်နက်တည်းမှာပင် ရွှီရှင်း၏ လှံရှည်ကိုလည်း ရင်ဆိုင်ရသဖြင့် အတော်လေး အကျပ်ရိုက်သွားခဲ့သည်။
၎င်းသည် လေထဲမှာပင် ခန္ဓာကိုယ်ကို လိမ်ကျစ်လိုက်ပြီး ၎င်း၏ထက်မြက်လှသော လက်သည်းများဖြင့် လှံရှည်၏ သံမဏိဓားသွားကို လှမ်းဖမ်းရန် ကြိုးစားလိုက်၏။
သို့သော်လည်း အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ၏ ဗီဇပြောင်းလက်မှာ အပြာရောင်အဆင့်၏ အမြင့်ဆုံးဖြစ်စေဦးတော့ ရွှီရှင်း၏ ခရမ်းရောင်အဆင့် သံမဏိလှံရှည်နှင့် ယှဉ်လျှင်တော့ များစွာကွာခြားလှပေသည်။
"ဂျွတ်"
လက်သည်းများ ကျိုးပဲ့သွားသံနှင့်အတူ ကျားသစ်၏ စူးရှလှသောအော်သံမှာ ထွက်ပေါ်လာခဲ့သည်။
မြေပြင်ပေါ်သို့ မဆင်းသက်မီမှာပင် ရွှီရှင်းက ၎င်း၏လက်သည်းတစ်ဖက်ကို အသုံးမရအောင် လုပ်ပစ်လိုက်ချေပြီ။
မြေပေါ်ကျသည်နှင့် ၎င်းမှာ လိမ့်ထွက်သွားပြီး နွယ်ပင်များ၏ တိုက်ခိုက်မှုကို ဆက်လက်ရှောင်တိမ်းရင်း နောက်ခြေများဖြင့် အားကုန်ကန်ကာ ရွှီရှင်းထံသို့ ခုန်အုပ်လိုက်တော့သည်။
မြန်လိုက်တာဟ။
အရာအားလုံးမှာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှပေသည်။
ဆီးနှင်းကျားသစ်၏ အရှိန်မှာ မြန်လွန်းသဖြင့် ရွှီရှင်း တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ မြေပြင်ပေါ်သို့ ဖိသိပ်လဲကျသွားခဲ့ရ၏။
အရှိန်ကွာခြားမှုမှာ တကယ့်ကို ကြီးမားလှပေသည်။
အမှန်ပင်၊ ကြောင်မျိုးနွယ် သားရဲများမှာ ဗီဇပြောင်းလဲမှု အဆင့်တူလျှင်ပင် ထိပ်တန်းအဆင့်မှာ ရှိနေကြခြင်း ဖြစ်သည်။
အကယ်၍သာ ဆီးနှင်းဝံပုလွေဘုရင်နှင့် ရင်ဆိုင်ရမည်ဆိုပါက သူ ဤမျှလောက် အခြေအနေမဆိုးနိုင်ပါပေ။
အနီးကပ်တိုက်ပွဲတွင် လှံရှည်မှာ အလုပ်မဖြစ်တော့ပါပေ။
ကြောက်မက်ဖွယ်ကောင်းသော ပါးစပ်ကြီးကို ရင်ဆိုင်နေရစဉ် ရွှီရှင်းမှာ ခေတ္တမျှ တုန်လှုပ်သွားသော်လည်း ချက်ချင်းပင် စိတ်ကိုပြန်ထိန်းကာ ဆီးနှင်းကျားသစ်၏ သွေးရောင်မျဉ်းများပါသော မျက်နှာကို အားကုန်ထိုးပစ်လိုက်သည်။
ဆီးနှင်းကျားသစ်မှာ ရွှီရှင်း၏ ခေါင်းကို တစ်ချက်တည်းနှင့် ကိုက်ဖြတ်ရန် ရည်ရွယ်ထားသော်လည်း ပြင်းထန်သော ထိုးချက်ကြောင့် ခေါင်းလည်သွားပြီး သူ၏ ပုခုံးကိုသာ ကိုက်မိသွားတော့သည်။
"ဂျွတ်"
"အု..."
ထက်ရှလှသော သွားများမှာ ခရမ်းရောင်အဆင့် သံမဏိချပ်ဝတ်နှင့် ထိတွေ့သွားပြီး၊ ရွှီရှင်းသည် သူ၏ပုခုံးတွင် ပူလောင်လှသော နာကျင်မှုကို ချက်ချင်း ခံစားလိုက်ရကာ ကျားသစ်၏ ခေါင်းဘေးဘက်ကို လက်သီးဖြင့် ဆက်တိုက်ထုနှက်တော့သည်။
ပြင်းထန်သော ရိုက်ချက်ကြောင့် ဆီးနှင်းကျားသစ်မှာ ပါးစပ်ကို လွှတ်လိုက်ရပြီး နာကျင်စွာ အော်ဟစ်ရင်း ၎င်း၏ပါးစပ်မှ သွေးများတစက်စက် ကျလျက် နောက်သို့ ယိုင်နဲ့စွာ ဆုတ်ခွာသွားခဲ့သည်။
ထိုအချိန်မှာပင် ဘေးနားမှ မီမီက ဒေါသတကြီး ခုန်ဝင်လာပြီး ထိုဆီးနှင်းကျားသစ်ကို စတင်တိုက်ခိုက်တော့သည်။
ရွှီရှင်း ခုနက တိုက်ခိုက်ခဲ့သော ဆီးနှင်းကျားသစ်ကို လှမ်းကြည့်လိုက်ရာ ၎င်းမှာ ယခုအခါ နွယ်ပင်များ၏ ထိုးဖောက်ခြင်းကို ခံထားရပြီး အသက်ရှူပင် မဝတော့ပါပေ။
တစ်ဦးချင်းဆိုလျှင် မီမီအနေဖြင့် အတော်လေး ရုန်းကန်ရနိုင်သော်လည်း၊ အပင်နှလုံးသား၏ အကူအညီကြောင့် ဆီးနှင်းကျားသစ်မှာ ထိုနေရာမှာတင် အရှုံးပေးလိုက်ရခြင်း ဖြစ်သည်။
ရွှီရှင်းကြောင့် လက်သည်းတစ်ဖက် ဆုံးရှုံးထားရသော ကျားသစ်မှာလည်း ရူးသွပ်နေသော မီမီကို မယှဉ်နိုင်တော့ဘဲ အောက်သို့ အသာအယာပင် ဖိနှိပ်ခြင်း ခံလိုက်ရတော့သည်။
ဆီးနှင်းကျားသစ် အသတ်ခံလိုက်ရသည့် အကြောင်းကြားချက် ရွှီရှင်း၏ နားထဲတွင် မြည်ဟီးသွားသောအခါမှ သူ စိတ်အေးသွားနိုင်တော့သည်။
ဤသို့ဖြင့် အနှောင့်အယှက်အပေးဆုံး ဆီးနှင်းကျားသစ် သုံးကောင်အနက် နှစ်ကောင်မှာ သေဆုံးသွားခဲ့ပြီဖြစ်ပြီး ကျန်တစ်ကောင်မှာလည်း မီမီ၏ ခြေဖဝါးအောက်တွင် ရောက်နေချေပြီ။
အခြားတစ်ဖက်တွင်မူ ဝံပုလွေအုပ်၏ နည်းဗျူဟာမှာ အလုပ်ဖြစ်လာခဲ့၏။
အဆင့်နိမ့် ဝံပုလွေများမှာ အာဖု၏ အသံလှိုင်းကြောင့် ထိခိုက်ခဲ့ပြီး အပင်နှလုံးသား၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရစေကာမူ၊ နောက်ထပ်တစ်သုတ်မှာ သေဘေးကိုမမှုဘဲ တိုးဝင်လာကြပြန်သည်။
လျှပ်စစ်ကွန်ရက်၏ အစိတ်အပိုင်းတစ်ခုမှာ ပျက်စီးသွားခဲ့ပြီဖြစ်ရာ ဆီးနှင်းဝံပုလွေဘုရင်မှာ ထိုနေရာမှ ဖြတ်ကျော်ဝင်ရောက်လာပြီး ငွေရောင်ဘုရင်နှင့် လုံးထွေးတိုက်ခိုက်နေချေပြီ။
တစ်ပြိုင်နက်တည်းမှာပင် အလယ်အလတ်အဆင့် ဆီးနှင်းမြေခွေးမှာလည်း ဤအခွင့်အရေးကို အသုံးချကာ နွယ်ပင်များ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း အတွင်းသို့ တိုးဝင်လာခဲ့ပြီး ဝံပုလွေဘုရင်နှင့် လုံးပန်းနေသော ငွေရောင်ဘုရင်၏ ကိုယ်ပေါ်တွင် ဒဏ်ရာရာပေါင်းများစွာကို ပေးနေတော့သည်။
ရွှီရှင်းသည် သူ၏လှံရှည်ကို ကောက်ကိုင်လိုက်ပြီး အားကုန်ကန်ကာ ရှေ့သို့ ခုန်ထွက်လိုက်သည်။
သူသည် လေထဲသို့ မြောက်တက်သွားပြီး လျှပ်စစ်ကွန်ရက် အပေါက်မှနေ၍ အဆက်မပြတ် တိုးဝင်လာနေသော ဝံပုလွေအုပ်ဆီသို့ လှံဦးကို ပြင်းထန်စွာ ချိန်ရွယ်လိုက်တော့၏။
"ဂျွတ်"
ခရမ်းရောင်အဆင့် လှံရှည်မှာ ဝံပုလွေတစ်ကောင်၏ ဦးခေါင်းခွံကို တိုက်ရိုက် ထိုးဖောက်သွားခဲ့သည်။
ရွှီရှင်းမှာ မရပ်တန့်ဘဲ လှံကို ဘေးသို့ ဝေ့ယမ်းကာ အပေါက်ဝရှိ ဝံပုလွေအများစုကို လွှဲပစ်လိုက်ရာ၊ သူတို့၏ သွေးများနှင့် ပြတ်တောက်သွားသော ခြေလက်များမှာ အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားတော့သည်။
အကြိမ်ကြိမ် ဆက်တိုက် ထိုးနှက်လိုက်ပြီးနောက် ဝံပုလွေအုပ်မှာ ရွှီရှင်း၏ တိုက်ခိုက်မှုကို မခံနိုင်တော့ပါပေ။
လျှပ်စစ်ကွန်ရက် အပေါက်ဝက ဝံပုလွေများမှာ လုံးဝ သုတ်သင်ခြင်း ခံလိုက်ရချေပြီ။
တစ်ချိန်တည်းမှာပင် ရွှီရှင်းသည် သက်စောင့်စွမ်းအင် အမြောက်အမြားကို စုပ်ယူလိုက်ရသဖြင့် ဆီးနှင်းကျားသစ် ကိုက်ထားသော သူ၏ပုခုံးက ဒဏ်ရာမှာလည်း လုံးဝပင် ပြန်လည်ပျောက်ကွယ်သွားတော့၏။
အခန်း ၄၀၄ ပြီး။
အခန်း (၄၀၅) - ပြင်းထန်သော တိုက်ပွဲ နှင့် သားရဲအုပ်ကြီး ဆုတ်ခွာသွားခြင်း ၃
တစ်ပြိုင်နက်တည်းမှာပင် သူ၏အနောက်ဘက်ရှိ လျှပ်စစ်ကွန်ရက်သည်လည်း အင်ဂျင်သံတဝီဝီနှင့်အတူ တဖြည်းဖြည်းချင်း ပြန်လည်ပြုပြင်နေချေပြီ။
ရွှီရှင်းသည် နောက်တစ်ကြိမ် ထပ်မံခုန်ပျံလိုက်ပြီး လျှပ်စစ်ကွန်ရက်ကို ကျော်ဖြတ်ကာ၊ မြေပြင်ပေါ်တွင် တိတ်တဆိတ် ဒဏ်ရာပေးနေသော ဆီးနှင်းမြေခွေးဆီသို့ လှံဦးကို ချိန်ရွယ်ထိုးစိုက်လိုက်တော့သည်။
ဆီးနှင်းမြေခွေးမှာ မြေပြင်ပေါ်က နွယ်ပင်များကို ရှောင်ရှားရင်း ငွေရောင်ဘုရင်ကို တိုက်ခိုက်ရန်သာ အာရုံစိုက်နေသဖြင့် အပေါ်မှနေ၍ တစ်စုံတစ်ယောက်က ရုတ်တရက် ဆင်းသက်တိုက်ခိုက်လာလိမ့်မည်ဟု မထင်ထားပေ။
အရိပ်မည်းကြီးကို သတိထားမိ၍ ရှောင်တိမ်းရန် ကြိုးစားချိန်တွင်တော့ အားလုံးက နောက်ကျသွားခဲ့ချေပြီ။
လှံရှည်မှာ လမ်းကြောင်းအနည်းငယ် ပြောင်းသွားပြီးနောက် အရူးအမူး ရှောင်တိမ်းနေသော ဗီဇပြောင်း ဆီးနှင်းမြေခွေးကို တိကျစွာ ထိုးနှက်မိသွားခဲ့သည်။
စူးရှလှသော အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး မြေခွေး၏ နီဖြူရောင် အမြီးကြီးမှာ အပေါ်သို့ ထောင်တက်သွားပြီးမှ ပြန်လည် တွဲကျသွားတော့သည်။
[ညစ်ညမ်းနေသော ဗီဇပြောင်း ဆီးနှင်းမြေခွေးကို သတ်ဖြတ်နိုင်ခဲ့သဖြင့် ရမှတ် ၁၀၀ ရရှိသည်။]
အမှန်ပင် ဆီးနှင်းမြေခွေးထံမှ ရရှိသော ရမှတ်မှာ ဆီးနှင်းကျားသစ်နှင့် နှိုင်းယှဉ်လျှင် သိသိသာသာ နည်းပါးလှသလို ၎င်း၏ ခွန်အားမှာလည်း အတော်လေး အားနည်းလှပေသည်။
ဆီးနှင်းမြေခွေး၏ အကူအညီ မရှိတော့သည့်အခါ ဆီးနှင်းဝံပုလွေဘုရင်မှာ နွယ်ပင်များနှင့် ငွေရောင်ဘုရင်တို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် အားနည်းသောဘက်မှ ရောက်ရှိသွားတော့သည်။
ထိုအချိန်တွင် အဝေးတစ်နေရာမှ ခရာမှုတ်သံတစ်ခု ထပ်မံထွက်ပေါ်လာခဲ့၏။
"ဟင်"
ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။
ဘာကြောင့် ခရာမှုတ်သံက အရှေ့တောင်ဘက် အရပ်ကနေ ထွက်ပေါ်လာရတာလဲ။
သားရဲစစ်တပ်၏ တိုက်စစ်လမ်းကြောင်းမှာ မြောက်ဘက်နှင့် အနောက်ဘက်တွင်သာ ရှိနေပြီး ရေကန်ထဲက ဧရာမမြွေကြီး လှုပ်ရှားနေသည့် နေရာနှင့်လည်း အလှမ်းဝေးလှသည်။
ထိုခရာမှုတ်နေသူသည် ဘာကြောင့် အရှေ့တောင်ဘက်တွင် ရှိနေရတာလဲ။
ထိုနေရာတွင်တော့ အနီရောင်အစက် ဖျော့ဖျော့လေး ဆယ်ဂဏန်းခန့်သာ ရှိနေပြီး ၎င်းတို့မှာ သာမန်သားရဲများသာ ဖြစ်ပေလိမ့်မည်။
ခရာသံကို ကြားသည်နှင့် ဆီးနှင်းဝံပုလွေဘုရင်မှာ ချက်ချင်းပင် လာရာလမ်းအတိုင်း ပြန်လှည့်ပြေးကာ နောက်သို့ ပြန်ခုန်ထွက်ရန် ကြိုးစားတော့သည်။
လျှပ်စစ်ကွန်ရက်မှာ ယခုအခါ အတော်လေး ပြန်လည်ပြုပြင်ပြီးသွားပြီဖြစ်ရာ ဝံပုလွေဘုရင် တိုးဝင်နိုင်မည့် အပေါက်လေး တစ်ခုသာ ကျန်တော့သည်။
သို့သော် ၎င်းမှာ လျှပ်စစ်ကွန်ရက် ဖြစ်နေသဖြင့် အနည်းငယ် ထိမိရုံနှင့်ပင်...
"ဇတ်... ဝုန်း"
တောက်ပလှသော လျှပ်စစ်မီးပွင့်များနှင့်အတူ ဆူညံသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ပင်ပန်းနွမ်းနယ်နေသော ဆီးနှင်းဝံပုလွေဘုရင်မှာ ကွန်ရက်ထဲတွင် တောင့်တင်းသွားခဲ့ရချေပြီ။
ရွှီရှင်းသည် လှံရှည်ဖြင့် တစ်ချက်တည်း ထိုးစိုက်ကာ ၎င်း၏အသက်ကို အဆုံးစီရင်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် မီမီသည်လည်း ထွက်ပြေးရန် ကြိုးစားနေသော ဆီးနှင်းကျားသစ်၏ မျက်လုံးတွင်းသို့ လက်သည်းတစ်ဖက် ထိုးသွင်းလိုက်ပြီး အဆုံးသတ်လိုက်ချေပြီ။
ဤသို့ဖြင့် သားရဲအုပ်အတွင်းရှိ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ ငါးကောင်စလုံးမှာ သူ၏ နယ်မြေအတွင်း၌ပင် အသက်ပျောက်သွားကြရတော့သည်။
မြေပုံပေါ်တွင်တော့ သစ်ပင်အိမ် ပတ်ဝန်းကျင်ရှိ အနီရောင်အစက်များမှာ သိသိသာသာ လျော့နည်းသွားပြီး ကျန်ရှိနေသော အစက်များမှာလည်း သူ၏ သစ်ပင်အိမ်မှ ဝေးရာ အနောက်မြောက်ဘက်ရှိ ကုန်းမြင့်အရင်းအမြစ်နယ်မြေ ဆီသို့ အရှိန်အဟုန်ဖြင့် ဆုတ်ခွာသွားကြတော့သည်။
ကုန်းမြင့်နယ်မြေ၏ ဗဟိုချက်တွင်တော့ ထိုအလွန်တောက်ပလှသော အနီရောင်အစက်ကြီးမှာ လင်းထိန်မြဲ လင်းထိန်နေဆဲပင်။
ရွှီရှင်း သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိ၏။
ဘာပဲဖြစ်ဖြစ် သားရဲလှိုင်းလုံး ဆုတ်ခွာသွားပြီး သစ်ပင်အိမ်ကို ဆက်လက် မတိုက်ခိုက်တော့ခြင်းမှာ ကောင်းမွန်လှပေသည်။
မီမီနှင့် ငွေရောင်ဘုရင်တို့မှာ ရွှီရှင်းအနားသို့ လျှောက်လာကြ၏။
သားရဲနှစ်ကောင်စလုံး တစ်ကိုယ်လုံး သွေးချင်းချင်းနီကာ ဒဏ်ရာများလည်း အတော်လေး ရထားကြသည်။
"ကောင်းတယ်... မင်းတို့ တကယ်တော်တယ်"
ရွှီရှင်းက သားရဲကြီးနှစ်ကောင်၏ ခေါင်းကို ပုတ်ပေးရင်း ပြုံးပြလိုက်သည်။
"ဝူးးးး"
ငွေရောင်ဘုရင်က အူသံဖြင့် ပြန်လည်တုံ့ပြန်သလို၊ မီမီမှာမူ ရွှီရှင်း၏လက်ကို ခေါင်းဖြင့် အသာအယာပွတ်တိုက်ပြီးနောက် သွေးမြူခိုးအခန်း ရှိရာသို့ ဦးတည်လျှောက်သွားတော့သည်။
"ငွေရောင်ဘုရင်၊ မင်းလည်း လိုက်သွားလိုက်ဦး။ အပြင်ထွက်လာရင် လျှပ်စစ်ကွန်ရက်ကို မထိမိစေနဲ့ဦးနော်"
ရွှီရှင်း သူတို့ကို မတားဆီးလိုပါပေ။
သူတို့ တကယ်ပဲ ဒဏ်ရာရထားကြသလို အနားယူဖို့လည်း လိုအပ်နေသည် မဟုတ်ပါလား။
ဒါ့အပြင် သူတို့မှာ လုဖေးအာကဲ့သို့သော ထူးခြားသည့် ဘေးထွက်ဆိုးကျိုးများလည်း ပြသခြင်း မရှိကြသေးပါပေ။
အခြေအနေကို ကြည့်ပြီးမှသာ ဆက်လက်လုပ်ဆောင်ရပေလိမ့်မည်။
အနည်းဆုံးတော့ သွေးမြူခိုးများက သူတို့၏ ခွန်အားကို မြှင့်တင်ပေးနိုင်သည် မဟုတ်ပါလား။
"ဝူးးး"
ငွေရောင်ဘုရင်က ပြန်ဖြေပြီးနောက် သွေးမြူခိုးအခန်းဆီသို့ ပြေးသွားတော့သည်။
ရွှီရှင်းသည် မြေပြင်ပေါ်က အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ အလောင်းများကို လှမ်းကြည့်လိုက်၏။
ဖြစ်နိုင်သည်မှာ ဤအလယ်အလတ်အဆင့်ကောင်များသည် တစ်ကိုယ်လုံး ညစ်ညမ်းနေသဖြင့် အပင်နှလုံးသားကပင် သူတို့ကို စက်ဆုပ်ပုံရပြီး ခန္ဓာကိုယ်များကို စုပ်ယူခြင်း မပြုပါပေ။
စုစုပေါင်း အလောင်း ငါးလောင်း ရှိသည်။
နွယ်ပင်များ၏ ထိုးနှက်မှုကြောင့် ပျားအုံသဖွယ် အပေါက်တွေ ဖြစ်သွားပြီး သားရေပျက်စီးသွားနိုင်သည့် အပြင်ဘက်က အလောင်းတစ်လောင်းမှလွဲ၍ ကျန်ရှိသော လေးလောင်းမှာတော့ အတော်လေး နဂိုအတိုင်း ရှိနေဆဲပင်။
ရွှီရှင်းသည် ထိုအလောင်းအားလုံးကို ချက်ချင်းပင် သိမ်းဆည်းလိုက်၏။
သူ အရင်က အပြာရောင်အဆင့် အသားဖြတ်ဓား တစ်ချောင်းသာ ရှိစဉ်ကပင် အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ အလောင်းများထံမှ အပြာရောင်အဆင့် ကုန်ကြမ်းများကို ၁၀၀ ရာခိုင်နှုန်း ရရှိခဲ့သည် မဟုတ်ပါလား။
ယခုမူ သူ့တွင် ခရမ်းရောင်အဆင့် အသားဖြတ်ဓား ရှိနေချေပြီ။
ဒါဟာ တကယ့်ကို ကံကောင်းခြင်းပင်။
အပြင်ဘက်တွင်တော့ အပင်နှလုံးသားက အစွမ်းကုန်စုပ်ယူထားသဖြင့်လား သို့မဟုတ် ရွှီရှင်းအတွက် တမင်ချန်ထားပေးသလား မသိရဘဲ ကျန်ရှိနေသော အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါ အလောင်းအချို့ကို တွေ့ရသည်။
သူ ဒါကို စိတ်မရှိပါပေ၊ အပြင်သို့ ခုန်ထွက်ကာ ထိုအလောင်းအားလုံးကို သူ၏ ကျောပိုးအိတ်ထဲသို့ သိမ်းဆည်းလိုက်တော့သည်။
အသားသိုလှောင်ရုံကို ပြန်လည်ချဲ့ထွင်ရမည့်အချိန် ရောက်လာခဲ့ပြီဖြစ်သလို၊ အဆင့်နိမ့်ကောင်များထံမှပင် ခရမ်းရောင်အဆင့် ကုန်ကြမ်းများ ရရှိနိုင်ခြေလည်း ရှိနေသည် မဟုတ်ပါလား။
သို့သော် ထိုသို့မလုပ်မီ၊ သူ လီဝမ်ရှီးကို အရင် ကူညီပေးရမည် ဖြစ်သည်။
မြေပုံပေါ်တွင် လီဝမ်ရှီး၏ သစ်ပင်အိမ်ကို ဝိုင်းရံထားသော အနီရောင်အစက်များမှာ ထူထပ်လွန်းလှပေသည်။
အနီရောင်အစက်များ အဆက်မပြတ် ပျောက်ကွယ်နေစေကာမူ ၎င်းမှာ သမုဒ္ဒရာထဲ ရေတစ်စက် ချလိုက်သကဲ့သို့ပင်။
ဤနှုန်းအတိုင်းဆိုလျှင် လီဝမ်ရှီးသည် ယနေ့ညတွင် ဤသားရဲအုပ်ကြီးကို အကုန်သုတ်သင်နိုင်လိမ့်မည် မဟုတ်ပါပေ။
သူမ၏ဘက်တွင် အပင်နှလုံးသား မရှိသဖြင့် ရွှီရှင်းထက် များစွာ ပို၍ ခက်ခဲနေခြင်း ဖြစ်၏။
သားရဲများသည် သစ်ပင်အိမ်ကို ဝိုင်းထားရုံသာ ရှိကြပြီး၊ သစ်ပင်အိမ်နှင့် မီတာတစ်ဆယ်ကျော်အကွာတွင် လျှပ်စစ်ကွန်ရက်ကြောင့် တားဆီးခံထားရပုံရသည်။
သို့သော် အကယ်၍သာ သူတို့သည် ခုနက ဆီးနှင်းဝံပုလွေဘုရင် လုပ်ခဲ့သကဲ့သို့ အသေခံ တိုက်စစ်ဆင်ကြမည်ဆိုပါက လျှပ်စစ်ကွန်ရက်မှာ ကြာရှည်ခံမည် မဟုတ်ပါပေ။
သစ်ပင်အိမ်မှာ သေချာပေါက် အဖောက်ခံရပေလိမ့်မည်။
ဗီဇပြောင်းလူသားများထံမှ သူရရှိခဲ့သော အထူးပုဆိန်ကို သတိရလိုက်သောအခါ ရွှီရှင်း၏ ရင်ထဲတွင် လေးလံသွားခဲ့ရသည်။
သူမကို သေချာပေါက် ကူညီရမည်။
ကျိချောင်းယန်ဘက်ကို ကြည့်လျှင်မူ ရွှီရှင်း၏ အကူအညီကို မလိုအပ်ပါပေ။
သူ၏ဘက်တွင် လီဝမ်ရှီးထက် ရန်သူအရေအတွက် နည်းပါးသလို သူ့တွင်လည်း အပင်နှလုံးသား ရှိနေသဖြင့် ဗီဇပြောင်းသတ္တဝါများကို အတော်လေး ရှင်းလင်းပြီးသား ဖြစ်နေချေပြီ။
ချီရွှယ်ဖေးဘက်တွင်မူ ဗီဇပြောင်းသတ္တဝါ အရေအတွက် အနည်းဆုံး ဖြစ်သည်။
အခြေအနေမှာ အကောင်းကြီးမဟုတ်စေကာမူ လီဝမ်ရှီးဘက်ထက်စာလျှင် များစွာ သာလွန်လှပေသည်။
လီဝမ်ရှီး၏ ဘက်မှာတော့ လုံးဝကို ဝိုင်းရံပိတ်ဆို့ခံထားရခြင်း ဖြစ်ပေသည်။
အခန်း ၄၀၅ ပြီး။