← Chapters

စိတ်ဝိညာဉ် ထိန်းချုပ်ခြင်း

Vol. 86-89 Ch. 1309

စိတ်ဝိညာဉ် ထိန်းချုပ်ခြင်း

Vol. 86-89 Ch. 1309

ထိုရယ်သံ၌ အထင်သေး လှောင်ပြောင်သရော်သံများ ပြည့်နှက်နေ၏။ သူတော်စင်သခင်အဆင့် သုံးယောက်လုံး ဒေါသထွက်သွားကြသည်။

*ဒီအချိန်မှာတောင် ခွေးသားလေးက ရယ်နိုင်သေးတာလား*

*ဒီပုံစံနဲ့ ငါတို့ကို သရော်တယ်ပေါ့လေ*

လက်သီးသုံးလုံး၏ အရှိန်က ပို၍ ပြင်းထန်လာပြီး ယဲ့ဖန်ပေါ်သို့ ကျရောက်လာလေသည်။

“ဝုန်း ဝုန်း ဝုန်း”

ကျယ်လောင်သော အသံသုံးသံက မိုးခြိမ်းသံကဲ့သို့ ပြိုင်တူ ထွက်ပေါ်လာ၏။ ဤသည်ကိုမြင်သော် ကျုံးလီအာ ကြောက်လန့်ကာ ငိုလုနီးပါး ဖြစ်နေသည်။ ယဲ့ဖန်ကို ဤနေရာသို့ ခေါ်မလာသင့်မှန်း သူမ သိနေခဲ့သင့်သည်။ ယခု ယဲ့ဖန်က တစ်ယောက်တည်းနှင့် လူသုံးယောက်ကို ယှဉ်နေရသဖြင့် သူ့၌ မည်သို့သော နိုင်နိုင်ချေ ရှိဦးမည်နည်း။ သူမ အလွန် နောင်တရကာ ကိုယ့်ပါးကိုယ်သာ ပြန်ချချင်နေမိသည်။

“ဂျွတ် ဂျွတ် ဂျွတ်”

အက်ကွဲသံသုံးသံနှင့်အတူ သူတော်စင်သခင်အဆင့် သုံးယောက်လုံး အလန့်တကြား အော်ဟစ်မိကာ နောက်မဆုတ်နိုင်ဘဲ ယဲ့ဖန်ကိုသာ ကြောက်လန့်တကြား ကြည့်နေကြသည်။

လက်ရှိတွင် ယဲ့ဖန်ထံ၌ နတ်ဆိုးဘုရင် ပုံရိပ် ပြန်ပေါ်နေပြီး သူ့အား မြဲမြဲမြံမြံ ကာကွယ်ထားလေသည်။ ယဲ့ဖန်က လက်ပိုက်၍ အထင်သေးသော အပြုံးဖြင့် လှမ်းကြည့်နေဆဲ ဖြစ်သည်။

“မင်း ဘယ်နတ်ဘုရားကို ကိုးကွယ်တာလဲ”

ချမ်ဟွာချိန် အော်ဟစ်လိုက်သည်။ ထိုပုံရိပ်မှနေ၍ သူ ကြောက်စရာကောင်းသော အရှိန်အဝါကို ခံစားမိနေ၏။ သူ့ရှေ့မှ ပုံရိပ်သည် နတ်ဘုရားသာ ဖြစ်ပေသည်။

ဤလောက၌ နတ်ဘုရားများ ရှိကြောင်း သူလည်း သိပါသည်။ ကိုးကွယ်သူက လုံလုံလောက်လောက် ရိုသေကိုင်းရှိုင်းလျင် သစ္စာတရားကြောင့် နတ်ဘုရား အကာအကွယ် ရလာနိုင်၏။

သူ့အမြင်အရ ယဲ့ဖန်သည် နတ်ဘုရားစွမ်းအင်ကို ဆင့်ခေါ်နိုင်ခြင်း ဖြစ်ကိုဖြစ်ရပေမည်။ ထိုအခါတွင်မှ လူတိုင်း သတိဝင်လာကြသည်။

*လတ်စသက်တော့ ယဲ့ဖန်ရဲ့ ကိုယ်ပေါ်က အရိပ်က နတ်ဘုရား တစ်ပါးပါးရဲ့ ကိုယ်ပွား ဖြစ်နေတာကိုး*

*အဲ့ဒါကြောင့် ကြောက်ဖို့ကောင်းနေတာကိုး*

၎င်းကို တစ်ချက်ကြည့်ရုံနှင့် နတ်ဆိုးအငွေ့အသက်မျိုးကို ခံစားမိပြီး ကြောက်စရာကောင်းလှသည်။ ယဲ့ဖန်က တစ်ချက်မော့ကြည့်လာပြီး သူ့ကိုယ်သူ လက်မဖြင့် ပြန်ထိုးကာ အထက်စီးဖြင့် ပြောလိုက်သည်။

“ဒါ ငါ့ရဲ့ကိုယ်ပွားပဲ”

ထိုစကားအဆုံး၌ ချမ်ဟွာချိန်နှင့် အခြားသူများအားလုံး ကြက်သေ သေသွားကြသည်။

*ဒီနတ်ဆိုးပုံရိပ်ကြီးက သူ့ကိုယ်ပွားလား*

*ဒီပုံရိပ်မှ ကြောက်စရာကောင်းတဲ့ အရှိန်အဝါရှိပြီးတော့ နေ၊လနဲ့ ကြယ်တာရာတွေကို တစ်ချက်တည်းနဲ့ ချေမွနိုင် သလိုပဲ၊ ဒါရဲ့ ပုံစံက နှစ်သန်းပေါင်းများစွာ ချိပ်ပိတ်ခံထားရတဲ့ နတ်ဆိုးလိုပဲ၊ ဒီလိုကြောက်စရာကောင်းတဲ့ ပုံရိပ်က ယဲ့ဖန်ရဲ့ ကိုယ်ပွား ဖြစ်နေတာတဲ့လား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

သူတို့ မယုံနိုင်ကြချေ။

“ဟားဟားဟား … မျိုးမစစ်လေး ဒါနဲ့ ငါတို့ကို ခြောက်နိုင်မယ်လို့ ထင်နေတာလား”

ချမ်ဟွာချိန်သည် တစ်ခဏမျှ မှင်တက်နေပြီးနောက် အားပါးတရ ရယ်မောလေသည်။

“ငါ မင်း အရူးလုပ်တာကို ခံရတော့မလို့ပဲ၊ မင်းက နတ်ဘုရားပါလို့ ငါတို့ကို ပြောချင်တာလား”

ထိုစကားကိုကြားသော် ကျန်သူတော်စင်သခင်အဆင့် နှစ်ယောက်သည်လည်း အံ့ဩနေရာမှ အသိဝင်လာပြီး မကျေမချမ်း အမူအရာများ ဖြစ်လာကြသည်။

*ဒီခွေးမသားက ငါတို့ကို လာလှည့်စားရဲတယ်လား*

*ဘယ်လိုလုပ် သက်ရှိထင်ရှား ရှိနေတဲ့ နတ်ဘုရားတစ်ပါးက ငါတို့ရှေ့မှာ ရပ်နေမှာလဲ*

“ငါတို့လက်သီးကို ဟန့်တားနိုင်လို့ မင်းမှာ အစွမ်းအစ နည်းနည်း ရှိတာတော့ အမှန်ပဲ၊ ဒါပေမဲ့ အဲ့လောက်ပဲ ရှိတာတော့ စိတ်မကောင်းစရာပဲ”

ချမ်ဟွာချိန်က ခေါင်းခါ၍ ခြေတစ်ဖက်ကို ဆောင့်လိုက်သဖြင့် ကြမ်းပြင် အက်ကွဲလာသည်။ သူ၏ အရှိန်အဝါသည် ပေါက်ကွဲတော့မည့် ဗုံးသဖွယ် ဖြစ်လာပြီး ယန်စွမ်းအင်များ တစ်ဟုန်ထိုး ထွက်ပေါ်လာ၏။

ထို့နောက် သူ၏ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ်သွားပြီးနောက် ယဲ့ဖန်ရှေ့၌ ချက်ချင်း ပြန်ပေါ်လာသည်။ ယဲ့ဖန်၏ ရင်ဘတ်အား လက်ဝါးဖြင့် ရိုက်ထုတ်လာလေသည်။ ထိုလက်ဝါးချက်သည် နတ်ဘုရားတစ်ပါး၏ ရိုက်ချက်ဟု ထင်မှတ်ရပြီး မိုးခြိမ်းသံကဲ့သို့ အသံများ ထွက်ပေါ်လာပြီး လေထုသည်လည်း အက်ကွဲသွားသည်။

“ဝှစ် ဝှစ်”

တစ်ချိန်တည်းမှာပင် ကျန်သူတော်စင်သခင်အဆင့် နှစ်ယောက်ကလည်း ဘယ်နှင့်ညာမှ ချဉ်းကပ်လာပြီး သူတို့၏ လက်သီးဒဏ်ရာကို သည်းခံ၍ ထပ်မံ ထိုးနှက်လာသည်။

“ဖြိုခွင်းလက်သီး”

“ဖြိုခွင်း နတ်ဆိုးလက်သီး”

သူတော်စင်သခင်အဆင့် နှစ်ယောက်ထံမှ ကြွေးကြော်သံများ ထွက်ပေါ်လာ၏။ သူတို့သည်လည်း ယဲ့ဖန်ကို ပြိုင်တူ လက်သီးဖြင့် ထိုးနှက်လာပြီး သုံးယောက်သား နောက်တစ်ကြိမ် ပူးပေါင်း၍ တိုက်ခိုက်လာပြန်သည်။

ယခုတစ်ခေါက်တွင်မူ ယဲ့ဖန်က မလှုပ်မယှက် ငြိမ်နေ၏။

“ရူးနေပြီ၊ ဒီလူ လုံးဝ ရူးနေပြီ၊ သူ ရှောင်တောင် မရှောင်ဘူး”

“သူတော်စင်သခင်အဆင့် သုံးယောက်က အစတုန်းက ပေါ့လျော့မိသွားလို့ ထိခိုက်သွားတာ၊ အခု သူတို့ အစွမ်းကုန် ထုတ်သုံးနေတာတောင် ယဲ့ဘုရင်က လေကြီးနေရဲသေးတယ်၊ သူက သူတော်စင်သခင်အဆင့် သုံးယောက်ရဲ့ ကြောက်စရာကောင်းပုံကို အထင်သေးနေတာပဲ”

ယဲ့ဖန်၏ သွေးများ လွင့်စဉ်လာတော့မည်ဟု မြင်ယောင်ကာ လူတိုင်း ခေါင်းတခါခါ ဖြစ်နေကြသည်။ ထိုအခိုက်တွင် စုဝမ်ချင်း၏ မျက်လုံးတွင် ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေ၏။ ယဲ့ဖန် ကိုယ့်သေတွင်း ကိုယ်တူးပါစေဟု သူမ ဆုတောင်းနေခဲ့မိပြီး ယခု ယဲ့ဖန်က တကယ်ပင် ကိုယ့်သေတွင်း ကိုယ်တူးနေလေသည်။

သို့သော် လေတိုးသံနှင့်အတူ ယဲ့ဖန်၏ ပုံရိပ်က နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူတော်စင်သခင်အဆင့် သုံးယောက်လုံး မှင်တက်သွားကြသည်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီနေရာကို ငါတို့ ချီစွမ်းအင်နဲ့ ဖိနှိပ်ထားပြီးပြီကို ဘယ်လိုလုပ် ထွက်ပြေးသွား နိုင်တာလဲ*

*ဒါ လုံးဝ မဖြစ်နိုင်ဘူး*

မသဲမကွဲ အသံသုံးသံ ထွက်ပေါ်လာပြီးနောက် သုံးယောက်လုံး အော်ဟစ်ကာ နောက်သို့ ပြိုင်တူ လွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ် အရှိန်ဖြင့် ပြန်ပြုတ်ကျလေသည်။ သုံးယောက်လုံး တိုက်ခိုက်ခံရပြီး အပြင်းအထန် ဒဏ်ရာရ သွားကြသည်။ လူတိုင်း အုတ်အော်သောင်းတင်း ဖြစ်သွားသည်။

*ယဲ့ဖန်က သူတော်စင်သခင်အဆင့် သုံးယောက်ရဲ့ မျက်စိအောက်ကနေ ထွက်ပြေးနိုင်တာလား*

*ဒါက*

ထိုအခိုက်တွင် ယဲ့ဖန်၏ ရယ်သံ ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။

“ဟားဟားဟား”

ရုတ်ချည်းဆိုသလိုပင် သူတော်စင်သခင်အဆင့် သုံးယောက်လုံး တစ်ကိုယ်လုံး အေးစက်သွားပြီး အပြင်းအထန် တုန်လှုပ်လာကြသည်။ ထို့နောက် သူတို့သုံးယောက်၏ မျက်လုံးတွင် သွေးပျက်ဟန်များ ပေါ်လာပြီး စိုးရိမ် ကြောက်ရွံ့နေသည်။

သူတို့သည် အလွန် အန္တရာယ်များသော အငွေ့အသက်ကို ခံစားမိနေပြီး သူတို့အရှေ့မှ နတ်ဆိုးက လှုပ်ရှားတော့မည်ဟု ထင်မှတ်နေကြသည်။ သူ လှုပ်ရှားလာသည်နှင့် အလောင်းများ တောင်လိုပုံ၍ သွေးပင်လယ် ဝေနိုင်ချေ ရှိလေသည်။

“ဒေါက်”

ယဲ့ဖန် ရှေ့သို့ တစ်လှမ်းတိုးလာပြီး တစ်လောကလုံး တုန်ခါလာပြီး လေအဟုန်ပင် ပြင်းထန်လာကာ ငရဲပေါ်လာပြီး တစ်လောကလုံး ဖျက်ဆီးခံရတော့မယောင်ပင်။

“ချီးတဲ့မှပဲ”

လက်ရှိတွင် သုံးယောက်သား အချင်းချင်း ပြန်ကြည့်လိုက်မိကြပြီး မျက်လုံးများ ခက်ထန်လာသည်။ ထို့နောက် သူတို့သည် ပြိုင်တူ မန္တန်များ ရွတ်ဆိုလာပြီး စည်းတံဆိပ်ကို ဖိချေလိုက်သည်။

“သွေးစားဝိညာဉ်”

သုံးယောက်လုံးသည် ကောင်းကင်ဘုံ ဆန့်ကျင်သည့် သိုင်းပညာကို အသုံးပြုကာ ယဲ့ဖန်က ရှင်လျက်နှင့် အလောင်းကောင် ဖြစ်အောင် ပြုလုပ်ချင်နေကြသည်။

ရုတ်တရက် ကြောက်စရာကောင်းသော သွေးအလင်းတန်းများက ယဲ့ဖန်ထံသို့ စုပြုံတိုးဝှေ့ ဝင်ရောက်လာသည်။ လျှပ်စီးကဲ့သို့ လျင်မြန်ကာ မွမ်းကြပ်ဖွယ်ကောင်းလှသည်။

ယဲ့ဖန်က ပါးစပ်ဟ၍ ထိုမိစ္ဆာစွမ်းအင်ကို စုပ်ယူကာ ဗိုက်ထဲသို့ သွင်းလိုက်သည်။ သူ မကြောက်ဆုံးအရာမှာ မိစ္ဆာကျင့်စဉ်သာ ဖြစ်ပြီး မည်သို့သော မိစ္ဆာကျင့်စဉ် ဖြစ်နေပါစေ သူ့ကဲ့သို့ မိစ္ဆာဆန်သောသူ မရှိနိုင်ပါ။

“မင်း …”

ဤမြင်ကွင်းက သူတော်စင်သခင်အဆင့် သုံးယောက်လုံးအား ချက်ချင်း ကြက်သီးထသွားစေသည်။

“ခင်ဗျားတို့က ကျုပ်ကို သူတော်စင်သခင်အဆင့် အလောင်းကောင် လုပ်ချင်တယ်ပေါ့လေ”

ယဲ့ဖန်က သူတို့သုံးယောက်အား မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်၍ ထူးဆန်းသော အပြုံးတစ်ခုကို ပြုံးလိုက်လေသည်။ သုံးယောက်လုံး စကားမပြောနိုင်ဘဲ ငြိမ်နေ၏။

*ဒီကောင်က ငါတို့ အတူတူ ဖော်ထုတ်တဲ့ သိုင်းကွက်ကို မျိုချလိုက်တာလား*

“ဒါဆို ကျုပ်လည်း ခင်ဗျားတို့ကို သူတော်စင်သခင်အဆင့် အလောင်းကောင်ဖြစ်အောင် သန့်စင်ရတာပေါ့”

ထိုစကားကိုကြားသော် သုံးယောက်လုံး မှင်တက်နေပြီးမှ ဟားတိုက် ရယ်မောကြသည်။

“မင်း ဘာတွေပြောနေတာလဲ၊ ငါတို့ကို သူတော်စင်သခင်အဆင့် အလောင်းကောင် ဖြစ်အောင် လုပ်မယ်၊ ငါတို့က ဝိညာဉ် ထိန်းချုပ်ခြင်း ပညာရပ်ကို လိုက်စားတာကွ၊ ငါတို့ စိတ်ဝိညာဉ်က အဆိပ်ခပ်ခံနိုင်တဲ့ အတိုင်းအတာ အထိတောင် ရောက်နေပြီ၊ ငါတို့ကို စိတ်ဝိညာဉ် ထိန်းချုပ်ခြင်း ပညာရပ်နဲ့ အနိုင်ယူဖို့ ကြိုးစားနေတာ ဟာသပဲ”

“ဟေ့ကောင် မင်း ဘာပြောနေမှန်း သိရဲ့လား၊ စိတ်ဝိညာဉ် ထိန်းချုပ်ခြင်းနဲ့ ပတ်သက်လာရင် မင်း ငါတို့ကို ဘိုးဘေးလို့တောင် ခေါ်ရမှာကွ”

“မင်း ငါတို့ ဘယ်သူလဲ မသိဘူးမလား၊ မင်း မိစ္စာအိုကြီး ဟွမ်ချွမ်နဲ့ ငရဲတစ္ဆေဆိုတာကို ကြားဖူးလား”

လူအိုကြီးနှစ်ယောက်က အရယ်ရဆုံးဟာသကို ကြားလိုက်ရသကဲ့သို့ ရယ်မောနေ၏။ ဤမျှ ဘဝင်ခိုက်နေသော လူငယ်တစ်ယောက်ကို သူတို့ ယခုမှ မြင်ဖူးခြင်းပင်။

ထိုနာမည်နှစ်ခုကို ကြားသော် ဘေးလူများအားလုံး မျက်နှာ ပျက်သွားကြသည်။ အကြောင်းမှာ မိစ္ဆာအိုကြီး ဟွမ်ချွမ်နှင့် ငရဲတစ္ဆေတို့သည် တစ်ချိန်က အင်ပါယာ၌ စိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်သည့် ပထမဆုံးသောလူများ ဖြစ်နေသောကြောင့်ပင်။

သူတို့သည် စိတ်ဝိညာဉ် ထိန်းချုပ်ခြင်း၌ အလွန် ထူးခွန်ပြီး သူတို့၏ ဝိညာဉ်ကို အခြားသူများ၏ ခန္ဓာကိုယ်ထဲ ပူးကပ်နိုင်သည်။ ထိုနည်းအားဖြင့် သူတို့၏ အသက်ကို ဆွဲဆန့်ကာ အမတလမ်းစဉ်ကို လျှောက်လှမ်းနိုင်သဖြင့် အံ့ဩစရာ ကောင်းလှသည်။

တော်ဝင်မျိုးနွယ်တွင်းနှင့် ရာထူးကြီး အမတ်များပင် သူတို့အား တရိုတသေ ပြောဆိုဆက်ဆံရသည်။ သို့သော် သူတို့သည် လွန်ခဲ့သော နှစ်ငါးရာခန့်က ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ပြီး ဘယ်သောအခါမှ ပြန်ပေါ် မလာတော့ပေ။ သူတို့သည် ဤနေရာ၌ ပုန်းကွယ်၍ ချမ်ဟွာချိန်နှင့် ပူးပေါင်းကာ လူလုပ် သူတော်စင်သခင်အဆင့် အစီအစဉ်ကို တိုးတက်အောင် လုပ်ဆောင်နေခြင်း ဖြစ်လေသည်။

သူတို့စကားသာ မှန်နေလျင် သူတို့အပေါ် စိတ်ဝိညာဉ် ထိန်းချုပ်ခြင်း ပညာ သုံးချင်နေသည့် ယဲ့ဖန်က ဟာသ ဖြစ်နေမှာပင်။

သွေးစားဝိညာဉ်၊ ၎င်းသည် သူတို့နှစ်ယောက် တီထွင်ခဲ့သည့် ကြောက်စရာကောင်းသော စိတ်ဝိညာဉ် ထိန်းချုပ်ခြင်း သိုင်းပညာ ဖြစ်သည်။ ယခုခေတ်အခါ၌ ၎င်းသည် အင်ပါယာ၏ စိတ်ဝိညာဉ် ထိန်းချုပ်ခြင်း လောကပညာရပ်၌ ဖတ်စာအုပ်ဖြင့် မှတ်တမ်းတင် ရေးသားသင်ပြရသည့် အဆင့်ဖြစ်သော ပညာရပ် ဖြစ်လာလေပြီ။ သူတို့အား ထိန်းချုပ်ချင်လျင် ၎င်းပညာရပ်ကို ဖိနှိပ်နိုင်သည့် စိတ်ဝိညာဉ် ထိန်းချုပ်ခြင်း ပညာရပ် ရှိမှ ဖြစ်ပေမည်။

ယဲ့ဖန်က မည်သည့်နည်းလမ်းကိုသုံး၍ သူတို့၏ စိတ်ဝိညာဉ် ထိန်းချုပ်ခြင်း ပညာရပ်ကို တားဆီးလိုက်သလဲ ဆိုသည်ကို သူတို့ မသိသော်လည်း သူတို့အား စိတ်ဝိညာဉ် ထိန်းချုပ်ခြင်း ပညာရပ်ဖြင့် ပြန်လည် ထိန်းချုပ်ချင်သည်က ရယ်ချင်စရာပင်။

“ခုနကဟာကို မင်းတို့က စိတ်ဝိညာဉ် ထိန်းချုပ်တဲ့ပညာလို့ ခေါ်တာလား”

ချက်ချင်းဆိုသလိုပင် ယဲ့ဖန်က သရော်၍ ပြန်ပြောလိုက်သည်။

“ငါ့မွေးရပ်မြေမှာဆိုရင် စိတ်ဝိညာဉ် ထိန်းချုပ်တဲ့ ပညာရှင်တိုင်းထဲက ဘယ်သူမဆို မင်းတို့ကို ပါးဖြတ်ရိုက်လို့ ရတယ်”

ယဲ့ဖန်၏ မွေးရပ်မြေဆိုသည်မှာ ငရဲဘုံသာ ဖြစ်လေသည်။ သူပြောသည့် စိတ်ဝိညာဉ် ထိန်းချုပ်သည့် ပညာရှင် ဆိုသည်မှာလည်း ငရဲမှ တစ္ဆေအားလုံးကို ထိန်းချုပ်သည့် တစ္ဆေစစ်သူကြီးများကို ပြောခြင်း ဖြစ်သည်။

“မင်းက ငါတို့ကို အထင်သေးတာလား”

သုံးယောက်လုံး ဒေါသူပုန်ထလာသည်။ သူတို့သုံးယောက်သည် နှစ်ပေါင်းများစွာကြာအောင် နည်းပညာနှင့် စိတ်ဝိညာဉ် ထိန်းချုပ်ခြင်း ပညာရပ်ကို ပေါင်းစပ်အောင် ကြိုးစားခဲ့ရပြီး ယခု အသီးအပွင့်ကို သူတို့ ခံစားခဲ့ရလေပြီ။

သို့သော် ယဲ့ဖန်က သူတို့ကို အထင်သေးနေ၏။ ယဲ့ဖန်က ပြုံး၍ ပြန်ပြောလိုက်သည်။

“လူလုပ် သူတော်စင်သခင်အဆင့်ဆိုတာက ပျိုးပင်စိုက်ပြီး ကြီးထွားလာအောင် ကူညီတာနဲ့ အတူတူပဲ၊ သူတို့မှာ သူတော်စင်သခင်အဆင့်ရဲ့ အသွင်အပြင် ရှိပင်မယ့် သူတော်စင်သခင်အဆင့်ရဲ့ အခြေခံ မရှိတဲ့အတွက် ခင်ဗျားတို့ကို စက္ကန့်ပိုင်းအတွင်း သတ်နိုင်တယ်”

“ဘုရင်အဆင့်ထက် သာပင်မယ့် သူတော်စင်သခင်အဆင့်ထက်တော့ နိမ့်ကျတယ်၊ ဒါ ခင်ဗျားတို့ရဲ့ ပန်းတိုင်ပဲ”

ထိုစကားက သူတို့သုံးယောက်၏ အနာဂတ်ကို ဆုံးဖြတ်နေလေသည်။ လူတိုင်း၏ ရင်ထဲမှ သံသယများ ရှင်းလင်း လာ၏။ ဤလူလုပ် သူတော်စင်သခင်အဆင့် သုံးယောက်သည် အတုအယောင်များသာ ဖြစ်သည်။

“ဒီလိုဖြစ်နေတဲ့ကိစ္စကို ခင်ဗျားတို့က ကျုပ်အရေးပေးတာကို ခံရဖို့ ထိုက်တန်လို့လား”

ယဲ့ဖန်က စကားကို ခဏရပ်ပြီးမှ ပြန်ပြောလိုက်သည်။

“သိုင်းအဆင့်ကို ပြန်ပြင်တာက မစင်ကြယ်ဘူး”

“ရုပ်ခွန်အားကလည်း ဖရိုဖရဲနဲ့”

“စိတ်ဝိညာဉ်ကို ထိန်းချုပ်တဲ့ ပညာကလည်း ကမောက်ကမပဲ”

ထိုစကားအဆုံး၌ ယဲ့ဖန်၏ ခန္ဓာကိုယ်မှ အနက်ရောင် မြူခိုးများက ဒီရေအလား ထွက်ပေါ်လာသည်။ ထိုမြူခိုးအတွင်း၌ တစ္ဆေများစွာ၏ အော်သံများကို ကြားနေရသည်။

တစ္ဆေဦးခေါင်းများနှင့် ပုံရိပ်များက ဆက်တိုက် ထွက်ပေါ်လာပြီး အော်ဟစ်သံများ ညံနေသည်။ ဝိညာဉ်ကို စုပ်ယူတော့မယောင် ပုံပေါက်နေသောကြောင့် ကြောက်လန့်စရာ ကောင်းလှသည်။

*ဒါက*

ထိုအခိုက်တွင် သူတော်စင်သခင်အဆင့် သုံးယောက်အပါအဝင် လူတိုင်း သွေးပျက်သွားကြသည်။ ထိုအော်သံများကို ကြားလိုက်ရသည်နှင့် သူတို့၏ ဝိညာဉ်များ ပြိုလဲတော့မယောင် ဖြစ်လာပြီး အနက်ရှိုင်းသော စိတ်ဝိညာဉ် တစ်နေရာအထိ တုန်လှုပ်လာလေသည်။

“ဒါကမှ စိတ်ဝိညာဉ် ထိန်းချုပ်ခြင်း ပညာရပ်အစစ်”

ယဲ့ဖန်က ထိုသို့ပြောလိုက်ပြီးနောက် လက်တစ်ဖက်ကို လှုပ်ခါလိုက်သည်။ ထိုအခါ အနက်ရောင် မြူခိုးများက ရှေ့သို့ တိုးဝင်သွားပြီး မြူခိုးတွင်းမှ တစ္ဆေများကလည်း အော်ဟစ်လာ၏။

“စိတ်ဝိညာဉ် ထိန်းချုပ်ခြင်း”

*မကောင်းတော့ဘူး*

သုံးယောက်လုံး ကြက်သီးထသွားပြီး နောက်ဆုတ်ရန် ပြင်လေသည်။ သို့သော် သူတို့အရှေ့မှ အနက်‌ရောင် မြူခိုးက ငါးနံ့ရသော ကြောင်တစ်ကောင်သဖွယ် အလွန် လျင်မြန်စွာ ရွေ့လျားလာလေသည်။

ထို့နောက် ငရဲတစ္ဆေနှင့် မိစ္ဆာအိုကြီး ဟွမ်ချွမ်အား မြူခိုးများ လွှမ်းခြုံသွားသည်။ သူတို့နှစ်ယောက်လုံး ငယ်သံပါအောင် အလန့်တကြား အော်ဟစ်လာ၏။ သူတို့သည် မျက်နှာကို လက်များဖြင့် ကုတ်ဖဲ့နေသည်။ အရေပြားကိုလည်း ကုတ်ဖဲ့ခွာနေကာ အလွန် ပြင်းထန်သော ဝေဒနာကို ခံစားနေရသကဲ့သို့ သွေးအန်လာ၏။

ဤမြင်ကွင်းက ချမ်ဟွာချိန်ကို သေမတတ် ကြောက်လန့်သွားစေသည်။

All Chapters