အလောင်းကောင်
Vol. 86-89 Ch. 1310
ထိုအခိုက်တွင် ချမ်ဟွာချိန်သည် ဝိညာဉ်မဲ့ခြင်း၏ အဓိပ္ပာယ်ကို အပြည့်အဝ နားလည် သွားလေသည်။ အကြောင်းမှာ သူ့အရှေ့မှ မိတ်ဆွေရင်းနှစ်ယောက်သည် သူတို့၏ ဝိညာဉ်များ ဆက်တိုက် ဆွဲထုတ်ခံနေရသောကြောင့် ဖြစ်လေသည်။
သူ ထိုအရာကို မယုံနိုင်ပါ။ သူသည် စိတ်ဝိညာဉ် ထိန်းချုပ်ခြင်း၌ သင်ယူဆဲ ဖြစ်သော်လည်း သူ၏ မိတ်ဆွေဟောင်း နှစ်ယောက်လုံးသည် စိတ်ဝိညာဉ် ထိန်းချုပ်ခြင်း၌ ဆရာသခင်များ ဖြစ်ကြသည်။ အဆုံးသတ်တွင် တစ်ဖက်လူ၏ စိတ်ဝိညာဉ် ထိန်းချုပ်ခြင်း ပညာရပ်၌ သူတို့နှစ်ယောက်လုံး တစ်ခါတည်း ရှုံးနိမ့်သွားလေသည်။
သူတို့အဖြစ်က သံချပ်ကာ ဝတ်ထားသော်လည်း နှလုံးဖောက်ထုတ်ခံလိုက်ရသည့် အဖြစ်နှင့် တူနေသည်။ မယုံနိုင်စရာ ကောင်းလှပေသည်။
ယဲ့ဖန်၏ စိတ်ဝိညာဉ် ထိန်းချုပ်ခြင်း ပညာရပ်၌ ဟွမ်ချမ်တို့နှစ်ယောက်သည် တစ်စက်ကလေးမှ မခုခံနိုင်ဘဲ ဝိညာဉ်များ ဆွဲထုတ်ခံနေရသည်။
သူတို့၏ အော်ဟစ်သံများနှင့် ထူးခြားဆန်းကြယ်သော အပြုအမူများက လူတိုင်းအား ခိုက်ခိုက်တုန်သွားစေသည်။ ထိုသူနှစ်ယောက်က သူတို့၏ မျက်လုံးများကို ပြန်ဖောက်ထုတ်ကာ အရေပြားကို ဆွဲခွာ၍ သူတို့ကိုယ်သူတို့ လည်ပြန်ညှစ်နေသည်ကို မတတ်သာဘဲ ကြည့်နေရသည်။
ခန့်မှန်းမရနိုင်သည့် နှိပ်စက်မှုမျိုးကို ခံစားနေရပြီး ဝေဒနာကို တောင့်မခံနိုင်သောကြောင့် ကိုယ့်ဘဝကိုယ် မြန်မြန် အဆုံးသတ်ချင်နေသည့်ပုံပင်။
လက်ရှိတွင် လူတိုင်းသည် ယဲ့ဖန်အား မယုံနိုင်ဟန်နှင့် တအံ့တဩ ကြည့်လာကြသည်။
*ဒီလူမှာ ကောင်းကင်ဘုံ ဆန့်ကျင်တဲ့ နည်းလမ်းတွေ ဘယ်လောက်များများ ရှိနေတာလဲ*
*တစ်ဖက်လူရဲ့ အကျွမ်းကျင်ဆုံး ပညာရပ်နဲ့ သူတို့ကို အသာလေး ပြန်အနိုင်ယူလိုက်တာ*
*ဒါ မယုံနိုင်စရာ ကောင်းလွန်းတယ်*
“ဘုန်း”
တစ်ခဏအကြာတွင် ဟွမ်ချွမ်တို့ နှစ်ယောက်လုံး လဲကျသွားပြီး ခန္ဓာကိုယ်က မလှုပ်မယှက် ဖြစ်နေသည်။ သူတို့ လုံးဝ အသတ်ခံလိုက်ရလေပြီ။
*သေသွားပြီ*
*သူတော်စင်သခင်အဆင့် နှစ်ယောက်က ဒီလို သေသွားရတာလား*
လူတိုင်း နေရာမှာတင် ကြက်သေ သေနေမိသည်။ ချမ်ဟွာချိန်သည်လည်း ချွေးစေးပြန်ကာ တစ်ကိုယ်လုံး တုန်ယင်နေ၏။
ချမ်ရှောက်ဖုန်းတို့ သားအဖ၏ အပြုံးများလည်း ပျောက်ကွယ်သွားပြီး မျက်နှာ ပြာနှမ်းလာသည်။ သူတော်စင် သခင်အဆင့် သုံးယောက်က ယဲ့ဖန်ကို အနိုင်မယူနိုင်ဘဲ ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားမိပါ။
သို့သော် ပို၍ ပုံမှန်မဟုတ်သော အဖြစ်က ရောက်လာရန် လိုပေသေးသည်။ သေဆုံးသွားသော ဟွမ်ချွမ်တို့ နှစ်ယောက်အား အနက်ရောင် မြူခိုးများ ဖုံးအုပ်သွားပြီး ကြမ်းပြင်ပေါ်မှ မြောက်တက်လာကာ တစ္ဆောများကဲ့သို့ မျက်လုံးတွင် အစိမ်းရင့်ရောင် မီးတောက်များ လက်လာသည်ကို တွေ့လိုက်ရသည်။
*အသက်ပြန်ရှင်လာပြီ*
ထို့နောက် သူတို့သည် ယဲ့ဖန်ရှေ့၌ ချက်ချင်း ဒူးထောက်ကာ နှုတ်ဆက်လာ၏။
“အရှင်မင်းမြတ်”
*အလောင်းကောင်*
*သူတို့ရှေ့က လူကြောင့် တကယ်ကြီး အလောင်းကောင် ဖြစ်သွားပြီပဲ*
ယဲ့ဖန်ကို အလောင်းကောင်အဖြစ် သန့်စင်ပစ်မည်ဟု ပြောခဲ့သောသူ နှစ်ယောက်သည် ယခု ဝဋ်ပြန်လည်ကာ သူတို့သာ အလောင်းကောင် ဖြစ်သွားကြသည်။ ဤမြင်ကွင်းက ချမ်မိသားစုဝင်များအား အလွန် မျက်နှာပြာနှမ်း သွားစေသည်။
ယဲ့ဖန်က ချမ်ဟွာချိန်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
“သူ့ကို သတ်လိုက်”
သူတော်စင်သခင်အဆင့် နှစ်ယောက်သည် ချမ်ဟွာချိန်ထံသို့ ကြောက်စရာကောင်းသော တစ္ဆေများသဖွယ် ပြေးဝင်သွားပြီး ဓားသဖွယ် ချွန်ထက်သော လက်သည်းများဖြင့် ချမ်ဟွာချိန်ကို ဒေါသတကြီး ကုတ်ဖဲ့လေသည်။
“ဖယ်ကြစမ်း မြေယိုးတွေ၊ ငါ့ပေါ်က ဖယ်ကြ”
ချမ်ဟွာချိန်က မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် အော်ဟစ်လေသည်။ သူ ဖန်တီးခဲ့သော သူတော်စင် သခင် အဆင့် သိုင်းပညာရှင်နှစ်ယောက်က ယခု သူ့အသက်ကို ပြန်ယူရန် ကြိုးစားနေ၏။
သူသည် ဟွမ်ချွမ်တို့နှစ်ယောက်လုံးအား အသည်းအသန် ခုတ်ပိုင်းလိုက်သည်။ ထိုအခါ သူတို့နှယောက်လုံး အပိုင်းပိုင်း ပြတ်သွားပြီး သွေးများက နေရာအနှံ့ လွင့်စဉ်သွားသည်။
သို့သော် တစ်ခဏအတွင်းမှာပင် အလောင်းအစအနများက ပြန်လည်ပေါင်းစပ်ကာ လူနှစ်ယောက် ပြန်ဖြစ်လာပြီး ချမ်ဟွာချိန်အား စူးစူးရဲရဲ စိုက်ကြည့်လေသည်။ ချမ်ဟွာချိန် မှင်တက်သွားသည်။
*ဒါ ဘယ်လို စိတ်ဝိညာဉ် ထိန်းချုပ်ခြင်း ပညာကြီးလဲ၊ စိတ်ဝိညာဉ်ကိုတင် မကဘဲ ခန္ဓာကိုယ်ကိုပါ ထိန်းချုပ် နိုင်နေတာပဲ*
*ဒီလိုဆိုရင် ဒီအလောင်းကောင် နှစ်ကောင်က မသေမျိုး ဖြစ်နေတာပေါ့*
*ဒါ ဘာကြီးလဲ၊ ဒီကောင်ကရော ဘယ်လိုလူလဲ*
သူ အလွန်အမင်း စိတ်မသက်မသာ ဖြစ်လာရသည်။ သူ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် အလောင်းကောင် နှစ်ကောင်လုံးက ထပ်မံ၍ အပြင်းအထန် ပြေးဝင်လာသည်။ သူတို့သည် နာကျင်မှုနှင့် ကြောက်စိတ် မရှိဘဲ ချမ်ဟွာချိန်၏ တိုက်ခိုက်မှုကို လျစ်လျူရှုကာ လက်မောင်းကို ဖမ်းချုပ်လာ၏။
“မင်းတို့ ဘာလုပ်ချင်တာလဲ၊ ရပ်စမ်း၊ ရပ်ကြစမ်း၊ ငါ မင်းတို့ကို ဖန်တီးခဲ့တာ၊ မင်းတို့ ငါ့ကို ဒီလို ဆက်ဆံလို့ မရဘူးကွ”
ချမ်ဟွာချိန် ဆောက်တည်ရာမရ ကြုံးဝါးလိုက်ပြီး အလောင်းကောင် နှစ်ကောင်ထံမှ နောက်ဆုံးသော လူ့သဘော သဘာဝ နိုးထလာစေရန် တုံးအစွာ ကြိုးစားနေသည်။ သို့သော် သူ စိတ်ပျက်သွားခဲ့ရသည်။
သူတို့သည် ဘာခံစားချက်မှ မရှိဘဲ အေးစက်မာကြောသော မျက်နှာများဖြင့် လက်မောင်းတစ်ဖက်ကို ဆွဲဖြုတ်လိုက်ကြသည်။
ချမ်ဟွာချိန်က နာကျင်စွာ အော်ဟစ်နေသည်။ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ဆွဲဖြုတ်ခံလိုက်ရသဖြင့် ဝေဒနာက ထင်မှတ်မထားလောက်အောင် နာကျင်လှသည်။
သို့ရာတွင် သူတို့က လက်မလျှော့ဘဲ ချမ်ဟွာချိန်ထံသို့ တစ်လှမ်းချင်း ဆက်လှမ်းလာ၏။ ကြောက်စိတ်က ချမ်ဟွာချိန်ကို အပြီးတိုင် ဝါးမျိုသွားသဖြင့် သူ ခုခံရဲသည့် သတ္တိပင် မရှိတော့ချေ။ သူ ကြောက်ကြောက်လန့်လန့် အော်ဟစ်လိုက်သည်။
“ယဲ့ဘုရင် ငါ့ကိုလွှတ်ပေးပါ၊ ငါ မင်းကို ထပ်မနှောင့်ယှက်တော့ပါဘူး၊ မင်း သူတို့ကို လုပ်ချင်သလို လုပ်လို့ရပါတယ်”
“အဖေ”
“ဘိုးဘိုး”
ချမ်ဖုန်းလင်နှင့် ချမ်ရှောက်ဖုန်းတို့ မှင်တက်သွားကြသည်။ ချမ်ဟွာချိန်က သူတို့ကို ပေါ်တင် စွန့်ပစ်လိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
ချမ်ဟွာချိန်သည် သုတေသနာကို စွဲလမ်းပြီး သိပ္ပံနည်းပညာ၏ အစွမ်းကို အသုံးချ၍ သူ့ကိုယ်သူ ဘုရင် သို့မဟုတ် နတ်ဘုရားအထိပါ ဖြစ်အောင် လုပ်ချင်ခဲ့သည်။ မိသားစု ချစ်ခြင်းမေတ္တာ ဟူသောအရာကို သူ မေ့ထားသည်မှာ ကြာလှပြီ ဖြစ်သည်။ ထို့ကြောင့် ဤနေရာလောက်နှင့် သူ မည်သို့ ရှုံးနိမ့်ခံမည်နည်း။
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း လည်ပင်းအညှစ်ခံထားရသကဲ့သို့ အသက်ပင် မရှူရဲသလို အသံလည်း မထွက်ရဲချေ။
သူတို့ရှေ့မှ နတ်ဆိုးဆန်သော လူကို ကြည့်ပြီး ကြောက်လန့်နေကြသည်။ ဤလောကတွင်း၌ သူ မလုပ်နိုင်တာ မရှိသလိုပင်။
ယဲ့ဖန်က လှောင်ရယ်လိုက်ပြီး ဘာမှမပြောဘဲ သူတော်စင်အဆင့် အလောင်းကောင် နှစ်ကောင်က ချမ်ဟွာချိန်အား တစ်စစီ စုတ်ဖြဲသည်ကိုသာ ငြိမ်၍ ကြည့်နေ၏။
ချမ်ဟွာချိန်ထံမှ အော်သံများ ဆက်တိုက် ထွက်ပေါ်လာသော်လည်း ယဲ့ဖန်၏ မျက်နှာက အေးစက်နေပြီး ပြောင်းလဲခြင်း မရှိပေ။
ထိုအခိုက်တွင် ချမ်ဖုန်းလင် ပေါက်ကွဲလာပြီး ချမ်ရှောက်ဖုန်း၏ ခန္ဓာကိုယ်ကို လှိမ့်ကန်ကာ အော်ဟစ်လေ တော့သည်။
“မင်းကြောင့်ပဲ၊ ဒါတွေအားလုံးက မင်းအမှားတွေကြောင့်ပဲ၊ မင်းညီကို သတ်လိုက်တာ မင်းပဲ၊ ငါတို့ မိသားစုထဲမှာ မိန်းမတွေ အများကြီး ရှိတာကို ဘာလို့ ဒီလိုလုပ်တာလဲ၊ သူ့မိန်းမကို လိုချင်ရအောင် သူ့ဆီကနေ မိန်းမတစ်ယောက် လုနိုင်တဲ့ အရည်အချင်းမျိုး မင်းမှာ ရှိလို့လား၊ မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ”
ချန်ရှောက်ဖုန်း တစ်ခွန်းမှ ပြန်မပြောချေ။ သူသည် သေရန် ကံပါပြီးသူ ဖြစ်သည်။ သူ့၌ ယခုလိုအချိန်တွင် မည်သို့ စကားပြောချင်စိတ် ရှိပါဦးမည်နည်း။ သူ့စိတ်တွင် သေမတတ် ကြောက်စိတ်များနှင့် ပြည့်နှက်နေ၏။
သူ့စိတ်ထဲ၌ ကိုယ့်ကိုယ်ကိုယ် ပြန်၍ မေးခွန်းထုတ်နေမိသည်။
*ဘာလို့ သူက ယဲ့ဘုရင်ရဲ့ မိန်းမ ဖြစ်နေတာလဲ၊ ဘာလို့ ငါက ဒီလောက် ကံဆိုးရတာလဲ*
ယဲ့ဘုရင်ကို ရန်စမိသဖြင့် ပထမ မင်းသမီးတောင်မှ သူ့ကို မကယ်နိုင်ပါ။ ချမ်မိသားစု ဇာတ်သိမ်းလေပြီ။ ချမ်ဟွာချန်အား သူတော်စင်သခင်အဆင့် အလောင်းကောင် နှစ်ကောင်က တစ်စစီ စုတ်ဖြဲလိုက်သည်ကို ကြည့်ပြီး ချမ်မိသားစုမှ လူများအားလုံး မယုံကြည်နိုင် ဖြစ်နေကြသည်။ သူတို့၏ ဘိုးဘေးက အလွယ်တကူ နှိပ်စက်ခံရပြီး အသတ်ခံရလိမ့်မည်ဟု ထင်မထားမိပါ။
“ပထမမင်းသမီးက မင်းကို ရင်ကျိုးကို လာခိုင်းတာ မဟုတ်လား”
ယဲ့ဖန်က ချမ်ရှောက်ဖုန်းကို အထင်သေးစွာ ငုံ့ကြည့်လေသည်။
“မင်း ဘယ်လိုသိတာလဲ”
ချမ်ရှောက်ဖုန်း တစ်ခဏမျှ မှင်တက်နေပြီးနောက် ယဲ့ဖန်အား တအံ့တဩ ကြည့်လေသည်။ သို့သော် ယဲ့ဖန်က လှောင်ရယ်၍ ကျုံးလီအာကို ဆွဲကာ အပြင်သို့ ထွက်သွားသည်။ မကြာခင်မှာပင် ချမ်ရှောက်ဖုန်းက တစ်စုံတစ်ရာကို ရိပ်မိသွားပြီး တစ်ကိုယ်လုံး တုန်ယင်ကာ မျက်လုံးတွင် မုန်းတီးစိတ်များနှင့် ပြည့်နှက်လာ၏။
“ပထမ မင်းသမီး ခင်ဗျားက ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင် ပစ်တာပဲ၊ ခင်ဗျား တော်တော် ကောက်ကျစ်ပါလား”
ယဲ့ဖန် ဤနေရာ၌ ပေါ်လာမည်ကို ပထမမင်းသမီး ကြိုသိနေခဲ့သည်။ ထို့ကြောင့် သူမက သူ့ကို ကျုံးလီအာနှင့် တမင်သက်သက် ရင်းနှီးအောင် ကြံစည်ခဲ့ခြင်း ဖြစ်သည်။ သို့မှသာ ချမ်မိသားစုရော ယဲ့ဖန်ပါ သေဆုံးပေလိမ့်မည်။
မည်သူ သေပြီး မည်သူ အသက်ရှင်သလဲက အရေးမပါချေ။ အသက်ရှင်ကျန်သူက ဒဏ်ရာ အပြင်းအထန် ရထားလျင် တော်ဝင်မိသားစုက အသက်ရှင်ကျန်ခဲ့သူကို သတ်လိုက်မှာပင်။
တော်ဝင်မိသားစုက ဤအခွင့်အရေးကို အသုံးချ၍ ယဲ့ဖန်နှင့် ချမ်မိသားစုကို ရှင်းလင်းပစ်ရန် ကြံစည်ထားခြင်း ဖြစ်သည်။ ချမ်မိသားစု၏ လျှို့ဝှက်သုတေသနကို သူတို့ သိထားနှင့်ပြီးသား ဖြစ်ပေမည်။ ဤကိစ္စအားလုံးက တော်ဝင်မျိုးနွယ်၏ အစီအစဉ်ပင်။
သူတို့ တွက်ဆချက် မှားခဲ့သည့်အရာက တစ်ခုတည်းသာ ရှိသည်။ ယင်းမှာ ယဲ့ဖန်က သူတော်စင်သခင်အဆင့် သုံးယောက်ကို အသာလေး သတ်ပစ်နိုင်လိမ့်မည်ဟု သူတို့ ထင်မထားမိခြင်းပင်။ ယဲ့ဖန်က လူလုပ် သူတော်စင်သခင်အဆင့် သုံးယောက်နှင့် အသည်းအသန် တိုက်ခိုက်ရလိမ့်မည်ဟု သူတို့ ထင်ထားခဲ့သည်။
အချိန်ကျလာလျင် တော်ဝင်မျိုးနွယ် ထွက်လာပြီး သပ်သပ်ရပ်ရပ် အဆုံးသတ်မည် ဖြစ်သည်။ ယဲ့ဖန်ကို ရှင်းလင်းနိုင်ပြီး ချမ်မိသားစုကို ဖိနှိပ်နိုင်ကာ အင်ပါယာတွင်း၌ တော်ဝင်မျိုးနွယ်ကို ယှဉ်ပြိုင်နိုင်သူ ရှိတော့မည် မဟုတ်ပါ။
ချမ်ဖုန်းလင် ဒယိမ်းဒယိုင် ဖြစ်သွားပြီး မချိပြုံး ပြုံးလိုက်မိသည်။
“အားလုံးက ပူးပေါင်း ကြံစည်ထားတာတွေပဲ၊ အားလုံးက တွက်ဆထားမိပြီးသား”
သူ ထိုသို့ပြောပြီးချိန်တွင် သူ့ဦးခေါင်းက ကြမ်းပြင်ပေါ် လိမ့်ကျသွားကာ ငရဲတစ္ဆေက သူ့အနောက်၌ မည်သည့် ခံစားချက်မှ မရှိသော အမူအရာနှင့် ရပ်နေ၏။
“နေဦး၊ နင်တို့ စောင့်ပါဦး”
ယဲ့ဖန်နှင့် ကျုံးလီအာတို့ ဟိုတယ်အပြင်သို့ ထွက်လာချိန်တွင် စုဝမ်ချင်းက သူတို့အနောက်မှ ခပ်သွက်သွက် လိုက်လာသည်။
ယဲ့ဖန်နှင့် ကျုံးလီအာတို့ ပြိုင်တူ လှည့်ကြည့်လိုက်သော်လည်း သူတို့အမူအရာက ဘာခံစားချက်မှ မရှိချေ။
“တကယ်ပါပဲ လီအာ နင့်ချစ်သူက နာမည်ကျော် ယဲ့ဘုရင်ပါလို့ ဘာလို့ ကြိုမပြောထားတာလဲ”
စုဝမ်ချင်းက မျက်နှာချိုသွေးသော အမူအရာနှင့် ပြုံးကာ ပြောလေ၏။ ယဲ့ဖန် အသက်ရှင်လိမ့်မည်ဟု သူမ ထင်မထားမိပါ။
ယခု အင်တာနက်ပေါ်၌ လူတော်တော်များများက ယဲ့ဘုရင်သည် ပိုင်ရွှယ် နန်းတက်နိုင်အောင် ကူညီပြီး လက်ရှိ တော်ဝင်မျိုးနွယ်ကို သုတ်သင်လိမ့်မည်ဟု ပြောနေကြသည်။ လက်ရှိအချိန်တွင် အင်ပါယာတွင်း၌ အော်သံများသာ ရှိနေ၏။
ယနေ့ သူမ ကိုယ်တွေ့ တွေ့လိုက်ရသောအခါ ယဲ့ဖန်၌ ထိုသို့သော ခွန်အားမျိုး ရှိကြောင်း သူမ သေချာပေါက် ပြောနိုင်သွားသည်။ ယဲ့ဖန်သာ ပိုင်ရွှယ် နန်းတက်နိုင်အောင် ကူညီပြီးသွားလျင် သူမသည်လည်း တော်ဝင်မျိုးနွယ်၏ ပတ်သက်သူ ဆွေမျိုးတစ်ယောက် ဖြစ်လာနိုင်သည်။ ကျုံးလီအာက ယဲ့ဖန်၏ ချစ်သူ ဖြစ်နေသည် မဟုတ်ပါလော။
ထို့ကြောင့် သူမ မျက်နှာလုပ်ရန် အလျင်အမြန် ပြေးလိုက်လာခြင်း ဖြစ်သည်။ သူမ၏ ယခင် မာနကြီး၍ မောက်မာပုံကို ဖျောက်ကာ မျက်နှာချိုသွေးကာ ပြုံးနေလေသည်။
“ရှင် ဘာပြောချင်လို့လဲ”
ကျုံးလီအာ ခပ်ရှက်ရှက် မေးလိုက်သည်။ သူမ၌ ဤသို့သော အမျိုးတစ်ယောက် ရှိနေသည်ကို ရှက်သလို ခံစားနေ ရသည်။
“ဘာမှမဟုတ်ပါဘူး၊ ငါ နင့်ချစ်သူကို ငါတို့အိမ်မှာ ညစာစားဖို့ ဖိတ်ချင်လို့ပါ၊ သူက ယဲ့ဘုရင်မှန်း ငါ မသိခဲ့ဘူးလေ၊ အဲ့ဒါကြောင့် ပြီးခဲ့တာတွေအတွက် ငါ ပြန်တောင်းပန်ချင်လို့ပါ”
စုဝမ်ချင်းသည် အစောပိုင်းက သူမ၏ စကားများက မည်မျှ ရုန့်ရင်းကြမ်းတမ်းခဲ့သည်ကို မေ့သွားပုံပေါ်ပြီး အရှက်မဲ့စွာ ရယ်မောနေ၏။
သူမစိတ်ထဲတွင် သူမအပြုအမူက လွန်သွားလျင်တောင်မှ သူမက ကျုံးလီအာ၏ အဒေါ် ဖြစ်သည်။ ထို့ကြောင့် သူမ ဤသို့သော အပြုအမူမျိုးနှင့် ဆက်ဆံလျင် ယဲ့ဖန် သူမအပေါ် မရိုင်းလောက်ဟု တွက်ထားသည်။
သို့သော် အမှန်တရားက သူမ အတွေးလွန်နေကြောင်း သက်သေပြလာ၏။ ဤလောကထဲတွင် ယဲ့ဖန်၏ အရေးပေးခြင်း ခံရရန် ထိုက်တန်သူဟူ၍ ဆယ်ယောက်ပင် မကျော်ပါ။ သူမက ထိုစာရင်းထဲ၌ မပါသည်က စိတ်မကောင်းစရာပင်။
ချက်ချင်းဆိုသလိုပင် ယဲ့ဖန်က လှောင်ရယ်လိုက်သည်။
“တောင်းပန်မယ်၊ ခင်ဗျားက အဲ့ဒါနဲ့ ထိုက်တန်တယ်လို့ ထင်နေလား”
စုဝမ်ချင်း၏ မျက်နှာ အေးစက်သွားပြီး တစ်ခဏမျှ ဘာပြောရမှန်း မသိတော့ချေ။
“ခင်ဗျားက လီအာရဲ့ အဒေါ်သာ ဖြစ်မနေရင် သူ့ကို အရှက်ရအောင် လုပ်ခဲ့တဲ့အတွက် ခင်ဗျားကို သတ်ပြီးလောက်ပြီ”
ယဲ့ဖန် ထပ်ပြောလိုက်သော စကားက ရက်စက်လွန်းပေ၏။ စုဝမ်ချင်း တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်နှာ ပြာနှမ်း လာလေသည်။ ယဲ့ဖန်က အစောကတည်းက သူ့ကို သတ်ချင်နေသည်တဲ့လား။
ထိုစဉ် စုဝမ်ချင်းက ဘေးနားမှ ကျုံးလီအာကို ကြည့်လိုက်ပြီး သူမအတွက်
“ဒေါ်လေး ကျွန်မ ဒေါ်လေးကို အခွင့်အရေး ပေးခဲ့ပြီးပြီ၊ ဖမ်းဆုပ်ထားရမှန်း မသိတဲ့လူက ဒေါ်လေးလေ၊ အခု အခြားသူတွေကို အနေရခက်အောင် မလုပ်ပါနဲ့”
ထိုစကားတစ်ခွန်းတည်းနှင့် စုဝမ်ချင်း ချောက်နက်ထဲ ကျသွားသလို ခံစားလိုက်ရသည်။ ထို့နောက် ယဲ့ဖန်နှင့် ကျုံးလီအာက သူမကို လျစ်လျူရှုကာ ထွက်သွားကြသည်။
“ဖြောင်း”
အချိန်အတော်ကြာပြီးနောက် စုဝမ်ချင်းသည် ကိုယ့်ပါးကိုယ် ပြန်ရိုက်လိုက်ပြီး မြေကြီးပေါ် ဘုန်းခနဲ လဲကျကာ ငိုကြွေးလေတော့သည်။
*သွားပြီ၊ ဘာမှမရှိတော့ဘူး*
သူမသာ အစကတည်းက ယဲ့ဖန်ကို ရန်မရှာမိလျင် နောင်တွင် တော်ဝင်မျိုးနွယ်၏ အမျိုးအနွယ်တစ်ယောက် ဖြစ်လာနိုင်သည်။ ထို့အတူ သူမသည် တော်ဝင်မြို့တော်တွင်း၌ နာမည်ကျော် တစ်ယောက် ဖြစ်လာနိုင်ပေသည်။ ထိုသို့ဆိုလျင် သူမသည် ချမ်မိသားစုက ပေးကမ်းသော စည်းစိမ်ထက် ဆယ်ဆမက ပိုများသည့် ချမ်းသာ ကြွယ်ဝမှုကို အခြေမပျက် ခံစားနိုင်ပေလိမ့်မည်။