ဩဇာကြီးသူများ ဒူးထောက်လေပြီ
Vol. 81-85 Ch. 1201
*ဒါ ဘယ်လိုဖြစ်ရတာလဲ*
*နလန်ရှောင်က လုံယင်ရှို့ကို ကူညီဖို့ လာတာ မဟုတ်ဘူးလား၊ ဘာလို့ သူကိုယ်တိုင်က သူ့လူတွေကို ခြေထောက် ချိုးခိုင်း လိုက်ရတာလဲ*
*ဘာတွေ ဖြစ်နေတာလဲ*
ဟွိုင်အန်း စီရင်စုထဲမှ ဩဇာကြီးသူ တော်တော်များများက ဤနေရာ၌ စုဝေးနေပြီး ထိုထဲမှ တစ်ဝက်ကျော်သည် ထိတ်လန့်သော အမူအရာမျိုး ဖြစ်နေ၏။ မျက်စိရှေ့မှ မြင်ကွင်းကြောင့် လူတိုင်း မယုံနိုင် ဖြစ်နေကြလေသည်။
*လုံမိသားစုက ဒုသခင်လေးရဲ့ ခြေလက်တွေကို ချိုးပစ်တာက ရူးနေတဲ့လူမှ လုပ်နိုင်မယ့်ကိစ္စလေ*
*အခု နလန်ရှောင်က လုံမိသားစုရဲ့ ဒုသခင်လေးကို ဒုက္ခိတဖြစ်အောင် လုပ်လိုက်တော့ လုံမိသားစုကို သူ ပစ်ပယ်လိုက်တာလား*
သူတို့ သိထားသမျှအရဆိုလျင် နလန်ရှောင်နှင့် လုံမိသားစုတို့က အမြဲတစေ ဆက်ဆံရေး ကောင်းမွန်ခဲ့သည်။ သို့သော် ယခု နလန်က မထင်မှတ်ဘဲ မျက်နှာလွှဲခဲပစ် လုပ်နေသည် မဟုတ်ပါလော။
စွန်းကျန်းရှဲကဲ့သို့သော မြို့ခံများသာ ဘာဖြစ်နေသလဲ သိကြလေသည်။
“နလန်ရှောင် ခင်ဗျား ရူးနေပြီ”
လုံယင်ရှို့က အသည်းအသန် အော်ဟစ်လိုက်သည်။ နလန်ရှောင်က သူ့ကို တိုက်ခိုက်လိမ့်မည်ဟု တစ်ခါမှ ထင်မထားမိပါ။ သူ ထိတ်လန့်ကာ ကြောက်ရွံ့နေ၏။
ပြင်းထန်လှသော ဝေဒနာကြောင့် လုံယင်ရှို့ တစ်ကိုယ်လုံး တုန်ယင်နေ၏။ သူ့ခြေထောက်တစ်ဖက်က ပုံပျက်ပန်းပျက် ဖြစ်သည်အထိ လိမ်ကောက်နေလေသည်။
သူ့နဖူးမှ ပဲစေ့အရွယ်အစားရှိသော ချွေးစေးများ စီးကျနေသည်။ သို့သော် ခန္ဓာကိုယ်မှ ဝေဒနာထက်စာလျင် သူ့ရင်ထဲမှ ထိတ်လန့်မှုက ပိုပြင်းထန်နေသည်။ နလန်ရှောင်က သူနှင့် လုံမိသားစုတစ်ခုလုံးကို သစ္စာဖောက် လိမ့်မည်ဟု သူ မယုံနိုင်ပါ။
“နလန်ရှောင် မင်း သင့်တော်တဲ့ ရှင်းပြချက်မျိုး ပေးကိုပေးရမယ်၊ မဟုတ်လို့ကတော့ လုံမိသားစုက ဘယ်တော့မှ အလွတ် မပေးဘူး”
ကျန်လုံမိသားစုဝင်များသည်လည်း သုန်မှုန်နေသော မျက်နှာထားများ ဖြစ်နေကြပြီး နလန်ရှောင်၏ အပြုအမူကို အတော်လေး ဒေါသထွက်နေကြောင်း သိသာလှသည်။
နလန်ရှောင်က သူတို့နှင့် တစ်ဖက်တည်းဟု ထင်ထားခဲ့သော်လည်း နလန်ရှောင်က သူတို့ကို အရှက်ခွဲခဲ့လေသည်။
“ရှင်းပြချက် ဟုတ်လား”
နလန်ရှောင်၏ မျက်နှာတွင် မထီလေးစားဟန်များ ပေါ်လာပြီး ပြန်ပြောလိုက်သည်။
“ဒါက ဖြေရှင်းချက်ပဲ”
“ဂျွတ်”
နလန်ရှောင်က ရုတ်တရက် ဖျတ်ခနဲ လှုပ်ရှားကာ စုန့်ကျဲရင်၏ လက်ငါးချောင်းကို ခြေထောက်ဖြင့် ဖိနင်း လိုက်သည်။
“အား…”
စုန့်ကျဲရင် စူးရှစွာ အော်ဟစ်လိုက်မိပြီး ဝေဒနာက ပြင်းထန်လွန်းသဖြင့် သူမ ကြမ်းပြင်ပေါ် လူးလှိမ့်နေ၏။ သူမ လက်ဝါးတစ်ခုလုံး နင်းခြေခံလိုက်ရသဖြင့် သွေးများ စိမ့်ထွက်နေသည်။ လူတိုင်း ထိတ်လန့်ကာ ဘာမှ မပြောနိုင်တော့ချေ။
*နလန်ရှောင်က မိန်းမလှလေး တစ်ယောက်ကိုတောင် ဒီလောက် ရက်စက်လိမ့်မယ်လို့ ထင်မထားမိဘူး*
“မင်း…”
လုံမိသားစုဝင်များအားလုံး ဒေါသူပုန်ထသွားကြပြီး မျက်လုံးများက ဓားကဲ့သို့ စူးရှလာပြီး နလန်ရှောင်အား စူးစူးရဲရဲ စိုက်ကြည့်လာ၏။
နလန်ရှောင်၏ အပြုအမူက လုံမိသားစုနှင့် ညှိနှိုင်းနိုင်မည့် ဖြစ်နိုင်ချေတစ်ခုကို လုံးဝ ဖျက်ဆီးလိုက်သလို ဖြစ်သွားပြီး နောင်တွင် ကမ္ဘာ့ရန်အဖြစ်သို့ ပြောင်းလဲသွားစေသည်။
*လုံမိသားစုကို ရန်စပြီး ကမ္ဘာ့ရန် ဖြစ်လာမယ့်အထိ ဘယ်အရာက နလန်ရှောင်ကို ဒီလောက် သတ္တိကောင်း လာအောင် လုပ်နိုင်တာလဲ*
ကျင်းကျန်းမြို့၌ သူက မြို့ခံ မြေအောက်ဘုရင် ဖြစ်သော်ငြားလည်း လုံမိသားစုနှင့် ရင်ဆိုင်ရလျင် သူ အသက်ရှင်နိုင်ချေ မရှိပါ။
သို့သော် ဤသည်မှာ အစသာ ရှိပေသေးသည်။ လူတိုင်း၏ တုန်လှုပ် ချောက်ချားနေသော အကြည့်အောက်၌ နလန်ရှောင်သည် ယဲ့ဖန်ထံသို့ လျှောက်သွားပြီး သူ့ရှေ့၌ ရပ်လိုက်သည်။ ထို့နောက် ယဲ့ဖန်ရှေ့တွင် ဒူးထောက် ဝပ်တွား၍ လေးစားကျိုးနွံစွာ ပြောလာသည်။
“အရှင်ယဲ့ဘုရင် ကျုပ် ရွေးချယ်မှု လုပ်ပြီးပါပြီ”
မင်္ဂလာခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။
*နလန်ရှောင်က ယဲ့ဘုရင်ရှေ့မှာ တကယ် ဒူးထောက်တာလား*
*ယဲ့ဘုရင်အတွက်နဲ့ သူ လုံမိသားစုကို ကျောခိုင်းလိုက်တာများလား*
*သူ ရူးနေပြီလား*
*ယဲ့ဘုရင်က မကြာသေးခင်ကမှ ပေါ်လာတဲ့ လူတစ်ယောက်လေ၊ သူ ဘယ်လောက်ပဲ တစ်မူထူးခြားနေပါစေ၊ ဟွိုင်အန်း စီရင်စုထဲမှာပင် သူ မင်းမူနိုင်မှာပေါ့*
*သူ့မှာ ဘာအရည်အချင်း ရှိလို့ ကျုံးကျိုး အင်ပါယာထဲမှာ နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့တဲ့ လုံမိသားစုနဲ့ ယှဉ်နိုင်မှာလဲ*
“အဘိုးကြီးရှောင် မင်း စိတ်လိုက်မာန်ပါ လုပ်လွန်းတယ်”
“ဟုတ်တယ်၊ ဘယ်လိုလုပ် လူမမယ်ကောင်လေးက လုံမိသားစုနဲ့ တိုက်ခိုက်နိုင်စွမ်း ရှိမှာလဲ၊ ခင်ဗျား ဘာတွေ တွေးနေတာတုန်း”
“အဘိုးကြီးရှောင် ကျုပ်အစ်ကိုရဲ့ စကားကို နားထောင်စမ်းပါ၊ ဒီထက့်ဆိုးတာတွေ ဖြစ်မလာခင် လုံမိသားစုကို မြန်မြန် တောင်းပန်လိုက်”
နလန်ရှောင်၏ မိတ်ဆွေများက တစ်ယောက်ပြီး တစ်ယောက် ဖြောင်းဖျလာကြသည်။ သူတို့၏ စိတ်ထဲတွင် နလန်ရှောင်၏ လက်ရှိ အပြုအမူက သေလမ်းရှာခြင်း ဖြစ်သည်ဟု ထင်နေကြလေသည်။
*ဘာမှန်းမသိတဲ့ လူငယ်လေးကို အရေးလုပ်နေတာလား*
*တကယ်ကို စိတ်ပျက်ဖို့ကောင်းပြီးတော့ အရေးမပါလိုက်တာ*
ထိုစကားသံများကို နားထောင်ပြီး လုံမိသားစုဝင်များက နလန်ရှောင်အား မချိုမချဉ် မျက်နှာပေးဖြင့် ကြည့်နေကြပြီး သူ၏ ပြန်ပြောမည့်စကားကို စောင့်နေလိုက်သည်။
“ငါ့လုံမိသားစုကနေ ခွင့်လွှတ်ပေးတာကို မင်း လိုချင်ရင် ဒူးထောက်ရမယ်၊ ငါ့ဆီမှာ ဒူးထောက်ဝပ်တွားပြီး တောင်းပန်၊ ဒါဆို ငါ မင်းကို ခွင့်လွှတ်ပေးဖို့ စဉ်းစားပေးမယ်”
“ပါးစပ်ပိတ်ထား၊ ငါ လုပ်နေတာ ငါ သိတယ်၊ ငါ ဘာလုပ်ရမယ်ဆိုတာကို မင်း လိုက်ပြောနေစရာ မလိုဘူး”
နလန်ရှောင်က ဒေါသတကြီး မာန်မဲလိုက်သောလည်း စိတ်ထဲ၌ ကြိတ်၍ ခနဲ့စကား ပြောနေမိသည်။
*အရူးတွေ၊ နောက်မှ ငါ့ပေါင်ကို လာဖက်မကြနဲ့*
“ကျွေးတဲ့လက် ပြန်ကိုက်တဲ့ခွေးပဲ၊ နောက်မှ နောင်တမရနဲ့”
“ကောင်းပြီလေ နလန်ရှောင် မင်း ဒီလောက် ခေါင်းမာနေမှတော့ မင်း ဘယ်လိုသေမလဲ ငါ ကြည့်ရသေးတာပေါ့”
“ဟမ့် … နလန်ရှောင် မင်းက တော်တော် အကြောမာတာပဲ၊ လုံမိသားစုကို ဆန့်ကျင်ရဲတာက သေလမ်း ရှာတာနဲ့ အတူတူပဲကွ”
ထိုလူများသည် နလန်ရှောင်အား အထင်သေး၍ လှောင်ပြောင်လိုသော အကြည့်များဖြင့် ကြည့်လာကြသည်။ လူရယ်စရာအဖြစ် သတ်မှတ်ထားသည့်ပုံပင်။ ထိုသို့ ဆက်လက် ဖြစ်ပေါ်လာသည့် မြင်ကွင်းကြောင့် သူတို့ လန့်ဖြန့် သွားကြသည်။
“ဒုန်း ဒုန်း”
ခန်းမထဲရှိ လူတစ်ယောက်ပြီး တစ်ယောက်က ယဲ့ဖန်ကို ဒူးထောက်၍ အရိုအသေ ပေးလာ၏။ မျက်တောင်တစ်ခတ် အတွင်း မင်္ဂလာပွဲသို့ လာသည့် ဧည့်သည်တော် တစ်ဝက်မျှ ဒူးထောက်လာကြပြီး ထိုသူများအားလုံးက ကျင်းကျန်းမြို့၏ မြို့ခံ အင်အားစုများ ဖြစ်လေသည်။
နလန်ရှောင် ဒူးထောက်လိုက်ရသည့် အကြောင်းရင်းနှင့် ယဲ့ဖန် မည်မျှ ကြောက်စရာကောင်းသလဲ ဆိုသည့် အချက်များကို သူတို့သာလျင် သိရှိကြသည်။ စွန်းကျန်းရှဲက ဦးဆောင်၍ ဒူးထောက်ဝပ်တွားလိုက်ပြီးနောက် ပြိုင်တူ ပြောလိုက်လေသည်။
“အရှင်ယဲ့ဘုရင်၊ ကျုပ်တို့ ရွေးချယ်ခဲ့ပြီးပါပြီ”
*ဘာ*
ကျန်လူများအားလုံး နားဝေတိမ်ထောင် ဖြစ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ယခုရက်ပိုင်းအတွင်း ကျင်းကျန်းမြို့၌ ဘာဖြစ်ခဲ့သလဲ သူတို့ မသိကြသောကြောင့်ပင်။ ထို့ကြောင့် ဤလူများ ယဲ့ဖန်အပေါ် မည်မျှ လေးစား အားကျ ကြကြောင်း သူတို့ မသိကြချေ။
ကျန်လူများ၏ မျက်နှာတွင် မယုံနိုင်ဟန်များဖြင့် ပြည့်နှက်နေသည်။
*ဒီလူတွေအားလုံးက ဩဇာကြီးတဲ့လူတွေပဲလေ၊ ဒီလိုဒါဇင်ချီတဲ့လူတွေက ယဲ့ဖန်ရှေ့ ဒူးထောက်တယ်တဲ့လား*
*ဒီယဲ့ဘုရင်က ဘယ်လောက် ထူးချွန်နေလို့ သူတို့ကို ယဲ့မိသားစုနဲ့ လုံမိသားစုရဲ့ ရန်သူ ဖြစ်လာနိုင်တာတောင်မှ စွန့်စားပြီး စိတ်ရင်းအတိုင်း အညံ့ခံလာအောင် လုပ်နိုင်ရတာလဲ*
“မင်း … မင်းတို့”
လုံယင်ရှို့နှင့် အခြားသူများသည်လည်း မှင်တက်သွားကြပြီး တွေဝေနေကြသည်။ ကျင်းကျန်းမြို့၏ ဩဇာကြီးသော ပုဂ္ဂိုလ်များက သူတို့ကို ကျောခိုင်းပြီး ယဲ့ဖန်ဘက်၌ ရပ်တည်ကြလိမ့်မည်ဟု တစ်ခါမှ ထင်မထားမိချေ။ ထိုလူများ၏ ရိုသေနှိမ့်ချသော ပုံစံများကိုကြည့်ပြီး သူတို့ မယုံနိုင် ဖြစ်နေ၏။
*သူတို့တွေ ငါတို့ လုံမိသားစုနဲ့ တွေ့ရင်တောင် ဒီလို နှိမ့်ချတဲ့ အမူအရာမျိုး မပြဘူး*
ရုတ်ချည်းဆိုသလိုပင် လုံမိသားစုဝင်များအားလုံး အံကြိတ်လာကြသည်။
*ရှက်ဖို့ကောင်းလိုက်တာ၊ ရှက်စရာပဲ*
*ငါတို့ လုံမိသားစုက ယဲ့ဖန်လောက် မကောင်းဘူးလို့ ပြောချင်တာလား*
*ဒီကောင်တွေက ငါတို့မျက်နှာကို အားနဲ့ ဖြတ်ရိုက်လိုက်တာပဲ*
*ဒီအမှိုက်ကောင်က ဘာမို့လို့ ငါတို့ လုံမိသားစုထက် သာနေရတာလဲ၊ ဒါ လက်မခံနိုင်စရာပဲ*
*ယီးပဲ*
*သောက်ယဲ့ဖန်*
*ဒီလူတွေလည်း သေသင့်တယ်*
လုံယင်ရှို့၏ ရိုင်းစိုင်းခက်ထန်သော အကြည့်က နလန်ရှောင်နှင့် အခြားသူများထံ ကျရောက်လာသည်။ သူသည် သူတို့၏ ပုံစံကို စိတ်ထဲစွဲနေအောင် ကြည့်နေပြီး အားလုံးကို သတ်ပစ်မည်ဟု ဆုံးဖြတ်လိုက်သည်။
*ဒီနေ့ သူတို့လုပ်ရပ်အတွက် သူတို့ တန်ဖိုးကြီးကြီး ပြန်ပေးဆပ်စေရမယ်*
ထိုစဉ် ယဲ့ဖန်က သူ့ရှေ့မှ နလန်ရှောင်ကို ငုံ့ကြည့်လိုက်ပြီး အေးစက်စက် ပြုံးလိုက်သည်။
“ဘုန်း”
တစ်ခဏအတွင်း နလန်ရှောင် လွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ် အရှိန်ဖြင့် ပြန်ပြုတ်ကျကာ သွေးအန်လေ တော့သည်။ ခန်းမတစ်ခုလုံး အပ်ကျသံပင် ကြားရလုသည်အထိ တိတ်ဆိတ်သွားသည်။