← Chapters

တစ်ချက်တည်းနှင့် စာရင်းရှင်းပစ်ခြင်း

Vol. 81-85 Ch. 1202

တစ်ချက်တည်းနှင့် စာရင်းရှင်းပစ်ခြင်း

Vol. 81-85 Ch. 1202

အားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ယဲ့ဖန် ဘာကြောင့် နလန်ရှောင်ကို တိုက်ခိုက်လိုက်မှန်း မသိသောကြောင့် လူတိုင်း သူ့ကို တအံ့တဩနှင့် ကြည့်နေမိသည်။

နလန်ရှောင်၏ လက်အောက်ငယ်သားများက ဤအဖြစ်ကို မြင်သောအခါ ချက်ချင်း ဒေါသထွက်သွားပြီး ယဲ့ဖန်ကို သတ်ရန် ပြေးတတ်ဟန် ပြုလာကြသည်။

“နောက်ဆုတ်ကြစမ်း”

သို့သော် နလန်ရှောင်က ပြန်ဟောက်လိုက်သည်။ သူတို့သာ ယဲ့ဖန်ကို ရန်မူလိုက်ပါက ရလဒ်က သေခြင်းသာ ဖြစ်ကြောင်း သူ သိနေ၏။ ယဲ့ဖန်က သူ့ကို မကျေမနပ် ငုံ့ကြည့်လေသည်။

“သူတို့နှစ်ယောက်က ငါ့ညီအစ်ကိုရဲ့ ပန်းတိုင်ဆိုတာ မသိဘူးလား၊ ဘယ်သူက မင်းကို ဒီလိုလုပ်ခွင့် ပေးထားလဲ”

သူ၏ အပြုအမူက သက်ရှိအားလုံးကို အပေါ်စီးမှ ဆက်ဆံတတ်သော နတ်ဘုရားလိုပင်။ နလန်ရှောင်နှင့် အခြားသူများကို သေးနုပ်သော ပုရွက်ဆိတ်များသဖွယ် သဘောထားကာ သူ စိတ်ရှိသလို ချေဖျက်နိုင်သည်ဟု ယူဆထားပုံရသည်။

ဘေးနားမှ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ ခန္ဓာကိုယ်မှ မြင့်တက်လာသည့် လူသတ်ချင်သော အရှိန်အဝါက တဖြည်းဖြည်း ငြိမ်သက်သွားသည်။

ယဲ့ဖန်သာ မတိုက်ခိုက်လိုက်ပါက ဤနလန်ရှောင်တစ်ယောက် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ စုတ်ဖြဲခြင်း ခံနေရ လောက်သည်။

နလန်ရှောင်က ခေါင်းကိုငုံ့၍ ဝမ်းနည်းသော အမူအရာဖြင့် ပြန်ပြောလိုက်သည်။

“ကျုပ်က ခင်ဗျားအတွက် ဒေါသဖြေပေးချင်မိသွားတာပါ”

ယဲ့ဖန်သည် သူ မြင်ဖူးသမျှထဲတွင် အသန်မာဆုံးနှင့် အံ့ဩစရာ အကောင်းဆုံးလူဖြစ်သည်။ သူ ယဲ့ဖန်ကို အလွန်အမင်း လေးစား အားကျမိသည်။

“ငါသိတယ်၊ အဲ့ဒါကြောင့်လည်း မင်း အသက်ရှင်နေသေးတာ”

ယဲ့ဖန်က သူ့ကို အသာအယာ ပြန်ကြည့်နေသည်။ နလန်ရှောင်၏ စိတ်ရင်းက ကောင်းသော်လည်း အလွန် မဆင်မခြင် လုပ်လွန်းသည်။

သူသည် သတ်ဖြတ်ချင်စိတ်ကို မထိန်းချုပ်နိုင်တော့သည့် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ဘက်ကို လုံးဝ လျစ်လျူရှု ထားသလို ဖြစ်ခဲ့သည်။ ယဲ့ဖန်သာ သူ့ကို သတ်ချင်ခဲ့ပါက အစောပိုင်းကတင် အသေရိုက်သတ်လိုက်၍ ရပေသည်။

ရုတ်တရက် ဘေးနားမှ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ကို နလန်ရှောင်ကို သတိထားမိသွားပြီး သူ၏ လူသတ်ချင်သော အရှိန်အဝါကို ခံစားမိပြီး သူတောင်မှ ခေါင်းမွေးထောင်သွားရသည်။

*လတ်စသက်တော့ ယဲ့ဖန်က ငါ့ကို သတ်ချင်တာ မဟုတ်ဘဲ ကယ်လိုက်တာကိုး*

ယဲ့ဖန်က ဒူးထောက်နေသော လူအုပ်ကို တစ်ချက်ကြည့်လိုက်သည်။

“မင်းတို့တွေ ရွေးချယ်ပြီးပြီဆိုတော့ မင်းတို့ရဲ့ စိတ်ရင်းကရော ဘယ်မှာလဲ”

စွန်းကျန်းရှဲက ဦးဆောင်၍ သွေးစွန်းနေသော အထုပ်တစ်ထုပ်ကို ပစ်ချလာသဖြင့် အထဲမှ ခေါင်းပြတ်တစ်လုံး ထွက်ကျလာ၏။ ထို့အတူ သူက တစ်ပြိုင်တည်း ပြန်ဖြေလိုက်သည်။

“သူက ယဲ့ယွင်ထျန်းရဲ့ ဒုတိယဝမ်းကွဲပါ”

“ယဲ့မိသားစုရဲ့ ကုန်သွယ်ရေး တာဝန်ခံပါ”

“ယဲ့မိသားစု အကြီးဆုံးသားရဲ့ တတိယမြောက် ကိုယ်လုပ်တော်ပါ”

“ယဲ့မိသားစုက တတိယသခင်ကြီးရဲ့ တရားမဝင်သားပါ”

ထိုသူများ၏ လက်ထဲမှနေ၍ ခေါင်းပြတ်များ တစ်လုံးပြီး တစ်လုံး ထွက်လာကြသည်။ ခေါင်းပြတ်တစ်ခုချင်းစီ၏ ပိုင်ရှင်များသည် ယဲ့မိသားစုနှင့် ကြီးမားသော ပတ်သက်မှု ရှိနေသူများသာ ဖြစ်လေသည်။ ရက်အနည်းငယ်အတွင်း သူတို့အားလုံး ရွေးချယ်မှုပြုလုပ်၍ လှုပ်ရှားခဲ့ကြသည်။

လုံယင်ရှို့နှင့် အခြားသူများသည် ဤသည်ကို မြင်တွေ့လိုက်ရသောအခါ မျက်လုံးပြူးကျယ်သွားပြီး နားကြား မှားသည်ဟုပင် ထင်မိသွားသည်။

*ငါတို့ နားကြားမှားတာ ဖြစ်မယ်*

*ဒီလူတွေက ယဲ့မိသားစုကို ဒေါသထွက်အောင် လုပ်ရဲတယ်ပေါ့*

*သူတို့က ကျုံးကျိုး အင်ပါယာရဲ့ အင်အားအကြီးဆုံး မိသားစုတွေထဲက တစ်ခုကို အာခံရဲတယ်လား*

*ဒါ အသေအကြေ လက်စားချေခံရမှာ၊ သူတို့ ယဲ့မိသားစုကို မျက်နှာဖြတ်ရိုက်လိုက်သလိုပဲ၊ ရူးနေကြပြီ*

*ဒီလူတွေ လုံးဝ ရူးနေကြပြီ၊ သူတို့ ကပ်ဘေးနဲ့ ရင်ဆိုင်ရတော့မယ်*

*သူတို့ သေကိုသေရတော့မှာ*

ယဲ့ဖန်တောင်မှ မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ ဤလူများက အချိန်တိုအတွင်း ဆုံးဖြတ်ချက် ချနိုင်ပြီး လှုပ်ရှားပြီးနေလိမ့်မည်ဟု သူ ထင်မထားမိပါ။ သူတို့က ယဲ့ဖန်ထံမှ မျက်နှာသာပေးခြင်းကို အသည်းအသန် လိုချင်နေ ပုံရသည်။

ဤသည်ကို သစ္စာရှိသည်ဟု မခေါ်နိုင်သော်လည်း သူတို့၏ ဆုံးဖြတ်ချက်က ယဲ့ဖန်အား သူတို့အပေါ် တစ်ကြိမ်မျှ အခွင့်အရေး ပေးချင်စိတ် ပေါက်လာရန် လုံလောက်သွားစေသည်။

“ယဲ့မိသားစုရဲ့ အကြီးအကဲ ကျီရှု”

ထိုစဉ် နလန်ရှောင်ကလည်း ခေါင်းပြတ်တစ်လုံး ပစ်ချလာ၏။သူ့စကားကြောင့် ထိတ်လန့်နေသော လူများသည် ပိုမို၍ ထိတ်လန့်သွားပြီး သတိလစ်မတတ် ဖြစ်သွားရသည်။

အကြီးအကဲ ကျီရှုသည် ယဲ့မိသားစု၏ အကြီးအကဲများထဲမှ တစ်ယောက်ဖြစ်ပြီး နဂါးအသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်နေသူ ဖြစ်သလို နာမည်ကျော်ကြား၍ ဒဏ္ဍာရီလာ ချွန်းယန် အဆင့်သို့ တက်လှမ်းနိုင်ရန် တစ်ဆင့်မျှသာ လိုတော့သူ ဖြစ်လေသည်။ ယဲ့မိသားစုတွင်း၌ ရာထူးမြင့်သလို တိုက်ပွဲဝင် ခွန်အားလည်း မြင့်မားသူ ဖြစ်သည်။

ထိုသို့သောလူက နလန်ရှောင်၏ သတ်ခြင်းကို အမှန်တကယ် ခံလိုက်ရသည်တဲ့လား။ သည်လူ ဘယ်လိုများ လုပ်လိုက်ပါလိမ့်။

အကြီးအကဲ ကျီရှုသည် ဘဝတစ်လျှောက်လုံး ရန်သူများ ရာချီရှိသော်လည်း မည်သူကမှ သူ့ကို မသတ်နိုင်ခဲ့ပါ။ နလန်ရှောင်က ဩဇာကြီးသူ တစ်ယောက် ဖြစ်သော်ငြားလည်း အကြီးအကဲ ကျီရှု၏ မျက်လုံးထဲတွင် ပို၍ အင်အား မကြီးနိုင်ပါ။ ထို့ကြောင့်ပင် လူတိုင်း ထိတ်လန့်နေရခြင်း ဖြစ်သည်။

ယဲ့ဖန် မအံ့ဩဘဲ မနေနိုင်တော့ချေ။ ယခုတစ်ခေါက် သူ ရတနာတစ်ခုကို တွေ့လိုက်ရသလို ဖြစ်သွားလေသည်။

*ဒီနလန်ရှောင်က တည်ငြိမ်ပြီး ရက်စက်သလို တော်တော်လေးလည်း အစွမ်းအစ ရှိသားပဲ*

*ချွန်းယန်တစ်ပိုင်းအဆင့်ကို ရောက်နေတဲ့လူကိုတောင် သတ်နိုင်တာဆို‌တော့ အံ့ဩစရာပဲ*

ယခုလက်ရှိတွင် ယဲ့ဖန်သည် ကတိကို တည်ရပေတော့မည်။ ထို့ကြောင့် သူ ခေါင်းအသာညိတ်လိုက်သည်။

“ငါ မင်းတို့ကို အသိအမှတ်ပြုတယ်”

သူ့စကားကို ကြားသော် နလန်ရှောင်နှင့် အခြားသူများသည် ဘုရင်ထံမှ ဆုလာဘ်များ ချီးမြှောက်ခံလိုက်ရသကဲ့သို့ အပျော်လွန်သွားပြီး ဦးညွှတ်ဝပ်တွားလိုက်ကြသည်။

“ကျေးဇူးတင်ပါတယ် ယဲ့ဘုရင်၊ ယဲ့ဘုရင်ကို ကျေးဇူးတင်ပါတယ်”

ယဲ့ဖန်က လက်ဝှေ့ယမ်းပြလိုက်သောအခါ သူတို့အားလုံး ပြန်ထလာကြသည်။ သို့သော် ယခင် ရပ်ခဲ့သည့် နေရာသို့ ပြန်မသွားကြဘဲ ယဲ့ဖန်၏ အနောက်၌သာ ရပ်လာလေသည်။

“အခု မကျေနပ်ခဲ့တာတွေကို ပြန်ချေဖျက်ရမယ်၊ လက်တုံ့ပြန်သင့်တာကို လက်တုံ့ပြန်ရမယ်”

ယဲ့ဖန်က နောက်သို့တစ်လှမ်းဆုတ်ကာ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ကို နေရာပေးလိုက်သည်။ ဤသည်က လုံယင်ရှို့နှင့် အခြားသူများအား အံ့ဩသွားစေသည်။

*ဘာ*

*ယဲ့ဖန်က ဒီအမှိုက်ကောင် လုံရှာ တစ်ယောက်တည်းနဲ့ လုံမိသားတစ်ခုလုံးကို သတ်စေချင်တာလား*

*အဲ့ဒါက လုံရှာကို သေအောင် လုပ်တာပဲ မဟုတ်ဘူးလား*

“ယဲ့ဖန် သူတစ်ယောက်တည်းနဲ့ ငါ့လုံမိသားစု တစ်ခုလုံးကို သတ်နိုင်မယ် ထင်နေလား၊ မင်း ငါတို့ကို အထင်သေးတာပဲ ဟုတ်တယ်မလား”

လုံယင်ရှို့က ဝမ်းခေါင်းသံဖြင့် အော်ပြောလိုက်ပြီးနောက် စိတ်လှုပ်ရှား၍ ခက်ထန်သော အမူအရာမျိုး ဖြစ်နေသည်။

*ဒီလိုဆို လုံရှာ ဘယ်လိုလုပ် အသက်ရှင်နိုင်ဦးမှာလဲ*

သူ့အား အရှက်ရအောင် လုပ်ခဲ့သည့် ဤအမှိုက်ကောင်ကို နှိပ်စက်ကာ သတ်နိုင်တော့မည်ဟု တွေးမိသည်နှင့် သူ စိတ်မထိန်းနိုင်တော့သည်အထိ စိတ်လှုပ်ရှားလာရသည်။

“လာကြ၊ အဲ့အမှိုက်ကောင်ကို အရင်သတ်ကြ၊ ပြီးမှ ယဲ့ဖန်ကို သတ်မယ်၊ ဟားဟား …. ယဲ့ဘုရင်ဆိုတဲ့ကောင်ကို ဒူးထောက်ရလောက်အောင် သူ ဘယ်လောက်တော်လဲ ကြည့်ရသေးတာပေါ့”

လုံယင်ရှို့က ကျယ်လောင်စွာ အော်ပြောလေသည်။ တစ်ခဏအတွင်းမှာပင် သိုင်းပညာရှင်များ၏ အရှိန်အဝါက ဒီရေအလား ထိုးတက်လာ၏။

“အမှိုက်ကောင် ဟုတ်လား”

သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က ရက်စက်သော အပြုံးမျိုး ပြုံးလိုက်သည်။ ထို့နောက် သူသည် ရပ်နေသော နေရာမှ ဖျတ်ခနဲ ပျောက်ကွယ်သွားလေသည်။ သူ ပြန်ပေါ်လာချိန်တွင် လုံယင်ရှို့ရှေ့သို့ ရောက်နေပြီး ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်သကဲ့သို့ အပေါ်စီးမှနေ၍ ကြည့်နေ၏။

“မင်း”

လုံယင်ရှို့ မျက်နှာပြာနှမ်းသွားပြီး သတ်ဖြတ်ခြင်း နတ်ဆိုးသခင်အား မယုံနိုင်ဟန်ဖြင့် ပြန်ကြည့်နေသည်။

*ဒီအမှိုက်ကောင်က ငါ့ရှေ့ကို ချက်ချင်း ပေါ်လာနိုင်တာလား၊ သူ ဘယ်လိုလုပ်လိုက်တာလဲ*

သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က လက်တစ်ဖက်ဖြင့် လုံယင်ရှို့၏ လည်ပင်းကို ညှစ်ကာ လေပေါ် မြှောက်လိုက် သည်။ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ မျက်လုံးများက သွေးကဲ့သို့ ရဲရဲနီနေပြီး သူ့အား စေ့စေ့မကြည့်ရဲသော ခံစားချက်မျိုး ဖြစ်လာစေသည်။

သူ့ထံမှ သတ်ဖြတ်ချင်သည့် အငွေ့အသက်များက မုန်တိုင်းသဖွယ် ထွက်ပေါ်လာသဖြင့် လူတိုင်း တုန်လှုပ်သွား ကြသည်။ ဘေးဘက်မှ စုန့်ကျဲရင်သည်လည်း အံ့ဩနေပြီး လုံရှာအား မယုံသင်္ကာဖြင့် ကြည့်နေလေသည်။

*ဒါ အရင်အမှိုက်ကောင်မှ ဟုတ်သေးရဲ့လား*

*တစ်ခြားသူတွေ ဖိနှိပ်တာခံရတဲ့ ငကြောက်လား*

*သူက ဘာလို့ ရုတ်တရက်ကြီး ကြောက်စရာကောင်းလာတာလဲ*

ထိုအခါတွင်မှ လုံမိသားစုဝင်များ သတိဝင်လာကြသည်။

“လုံရှာ မင်း လုပ်ရဲလား”

လုံမိသားစုဝင်များက အော်ဟစ် ငေါက်ငမ်း၍ လုံရှာထံ ပြေးဝင်လာ၏။ လုံယင်ရှို့သည်လည်း တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသဖြင့် မျက်လုံးတွင် ကြောက်စိတ်များ ထင်ဟပ်လာသည်။

“ငါ့နာမည်က လုံရှာ မဟုတ်သလို အမှိုက်ကောင်လည်း မဟုတ်ဘူး”

သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ မျက်လုံးတွင် လူသတ်ချင်စိတ်များက တရိပ်ရိပ်တိုးပွားလာပြီး နတ်ဆိုးသဖွယ် အော်ဟစ်ကာ လက်ငါးချောင်းလုံးကို အားထည့်၍ ဖျစ်ညှစ်လိုက်သည်။

“ဂျွတ်”

အရာအားလုံး အဆုံးသတ်သွားလေသည်။

All Chapters