အခန်း (၇၈-၇၉)
Vol. 8 Ch. 78-79
အခန်း ၇၈ တောင်းဆု
"အဲဒါဆို အရှင့်သားက ဒီမှာ တစ်ယောက်တည်း ကျန်ခဲ့မှာပေါ့"
လဲ့ကျစ်က မျက်လွှာချထားပြီး တစ်ခုခုကို ပြောရန် ပြင်နေသော်လည်း တွန့်ဆုတ်နေမိသည်။ သူမ ဤနေရာတွင် နေမည်ဆိုလျှင်တောင် သူ့ကို အများကြီး မကူညီနိုင်ကြောင်းလည်း သူမစိတ်ထဲမှ ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။ သို့သော်လည်း သူမ၏ နှလုံးသားတွင် ဖော်မပြနိုင်သော စိုးရိမ်ပူပန်မှုနှင့် စိတ်မသက်မသာမှုများ ပြည့်နှက်နေပြန်သည်။
သူမ၏ ရှုပ်ထွေးနေသော အမူအရာကို မြင်လိုက်ရချိန်တွင် ဟော်တူက စကားတစ်ခွန်းမှ မပြောဘဲ သူမကို ငြိမ်သက်စွာ စိုက်ကြည့်နေသည်။ ခဏအကြာတွင် လဲ့ကျစ်က မျက်လုံးများကို ဖြည်းညှင်းစွာ မော့ကြည့်လာပြီး ထပ်ပြောလိုက်ပြန်သည်။
"ကျွန်မရဲ့ယောင်းမနဲ့ ယုအာကို ရှာပြီး သူတို့ကိစ္စ ပြေလည်သွားအောင် ဖြေရှင်းပြီးရင် ချက်ချင်း ပြန်လာခဲ့ပါမယ်"
ခေတ္တနားနေပြီးနောက် လဲ့ကျစ်က ဟော်တူ၏လက်ကို လှမ်းကိုင်ကာ ကတိပေးလိုက်သည်။
"ကျွန်မ တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်"
ဟော်တူက ခေါင်းညိတ်လိုက်သည်။
“ပြီးတော့ ဒါက...”
လဲ့ကျစ်က တစ်ခုခုကို သတိရသွားပုံဖြင့် သူမ၏အင်္ကျီလက်ဝထဲမှ သစ်သားသေတ္တာငယ်လေးကို ထုတ်ယူကာ ဟော်တူကို လှမ်းပေးလိုက်သည်။
“ဦးလေးရင်က ဒါကို ကျွန်မအတွက် ပေးခဲ့တာပါ၊ ကျွန်မတို့ ရှန့်ယန်မြို့ကို ရောက်ရင် အသုံးဝင်မယ်လို့ ပြောခဲ့တယ်”
ဟော်တူက သစ်သားသေတ္တာကို လှမ်းယူပြီး ဖွင့်ကြည့်လိုက်သည်။ အထဲတွင် ကျောက်စိမ်းဆွဲသီးအဖြူ အပိုင်းအစလေးတစ်ခု ရှိနေသည်။ သူက ဘာမှပြန်မပြောဘဲ မတ်တပ်ရပ်ရန် လဲ့ကျစ်ကို ဖြည်းဖြည်းချင်း လှမ်းဆွဲလိုက်သည်။
"ရှင်"
လဲ့ကျစ်က သူမကို အပြင်ဘက်သို့ ဆွဲခေါ်သွားသော သူ့ကို ကြည့်ရင်း အံ့ဩနေမိသည်။ သူ၏ ခြေလှမ်းများက အနည်းငယ် မတည်မငြိမ် ဖြစ်နေပြီး မြန်မြန် လျှောက်လှမ်းနိုင်ခြင်း မရှိသော်လည်း သူမ မြင်နေရသည်က သူ့၏ညာဘက်ခြေထောက်တွင် ခွန်အား အနည်းငယ် တိုးလာပြီ ဖြစ်သည်။
‘အံ့ဩစရာပဲ....’
လဲ့ကျစ်က ဟော်တူကို ကြည့်လိုက်ပြီး မျက်လွှာပြန်ချကာ ပြုံးနေလေသည်။
အုပ်ချုပ်ရေးအမတ်အိမ်တော်၏ အနောက်ဘက်ဥယျာဉ်တွင် အနီရောင်ဇီးသီးပွင့်များပေါ်၌ ဆီးနှင်းများ တင်နေပြီး မွှေးကြိုင်သော ရနံ့များ ပျံ့လွင့်နေသည်။ ဇီးပန်းပင်နံဘေးတွင် လှပသော လွှဲဒါန်းလေးတစ်ခု သေသေချာချာ အလှဆင်ထားသည်။
နှစ်ယောက်သား လွှဲပေါ်တွင် ထိုင်ကာ ညလေညင်းများနှင့်အတူ ဖြည်းညှင်းစွာ လွှဲစီးနေရင်း သူတို့၏ နှလုံးသားများလည်း တဖျပ်ဖျပ် ခုန်လှုပ်နေသည်။ လဲ့ကျစ်က ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ပျောက်ကွယ်တော့မည့် လခြမ်းဖျော့ဖျော့ကို တွေ့လိုက်ကာ ယနေ့က မည်သည့်နေ့ဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်။
‘နှစ်သစ်ကူးရဲ့ ပထမဆုံးနေ့...’
ညကောင်းကင်တွင် တိမ်ထူထပ်နေပြီး ထိုတိမ်များက ကြယ်များကို ဖုံးလွှမ်းထားသောကြောင့် အလင်းရောင်မှိန်မှိန်ကိုသာ မြင်နေရသည်။
လဲ့ကျစ်က အနည်းငယ် မျက်မှောင်ကြုတ်နေပြီး သူမ၏ နှလုံးသားထဲတွင် ဝမ်းနည်းမှုတစ်ခု ပေါ်လာပြန်သည်။
'ဒီနေရာမှာ နှစ်သစ်ကူးပွဲတော်ကို မပြောနဲ့၊ နှစ်သစ်ကူးရဲ့ အငွေ့အသက်တောင် မရှိဘူး။’
‘ဟုတ်တာပေါ့... လူတွေက ဗိုက်ဆာနေကြတာကိုး၊ နှစ်သစ်ကူးကို ဘယ်လိုများ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်ပါ့မလဲ’
လဲ့ကျစ်က သူမ၏ တော်ဝင်မောင်နှမများနှင့်အတူ စည်ကားလှသော တာ့လီ၏မြို့တော်အတွင်း တစ်ညတာ လည်ပတ်ခဲ့သည့် ယမန်နှစ်၏ နှစ်သစ်ကူးအကြိုနေ့ကို ပြန်တွေးနေမိသည်။
မီးရှူးမီးပန်းများနှင့် ရယ်မောသံများကိုပင် သူမ မြင်ယောင်နေမိပြီး လူအများ၏ အပြုံးမျက်နှာများက သူမရှေ့၌ မှုန်ဝါးဝါး ပေါ်လာနေသေးသည်။
"လဲ့ကျစ်"
"ဟမ်"
လဲ့ကျစ်က သတိပြန်ဝင်လာပြီး ဟော်တူကို ကြည့်ရန် ခေါင်းပြန်လှည့်လိုက်သည်။
မြေခွေးမျက်လုံးတစ်စုံက အခိုးအငွေ့များ ဝေနေပြီး နီရဲစိုစွတ်နေသည်။
ဟော်တူက သူမကို ပြုံးပြုံးလေး ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ဆယ့်ခွန်"
လဲ့ကျစ်က မှင်သက်သွားပြီး သူမ၏နှလုံးသားက သူမ၏ရင်ဘတ်ထဲမှ ခုန်ထွက်သွားသလို ခံစားလိုက်ရသည်။
‘သူမ မိန်းမပျိုအရွယ် ရောက်ပြီး တစ်နှစ်အတွင်းမှာ ဆိုးရွားတဲ့ အိပ်မက်ဆိုးတစ်ခု ကြုံတွေ့ရမယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ’
ရုတ်တရက် သူမ၏ ဘယ်လက်ကို ဆုပ်ကိုင်ခံလိုက်ရပြီး သူမ၏ လက်ကောက်ဝတ်တွင် အပိုလက်ကောက်တစ်ခု ရှိလာသည်ကို လဲ့ကျစ် တွေ့လိုက်ရသည်။ သူမ လက်ကို မြှောက်ကာ ညအလင်းရောင်ဖြင့် ထိုလက်ကောက်လေးကို ဂရုတစိုက် ကြည့်လိုက်သည်။ နံ့သာဖြူ ပုတီးစေ့တစ်ခုစီကို မတူညီသော အကိုင်းအခက်များမှ အသားများကို သုံးကာ ထွင်းထုထားပြီး ပုတီးစေ့တစ်လုံးစီတွင် အခေါင်းပေါက်တစ်ခုနှင့် လက်ရာမြောက်သော ပုံသဏ္ဍန်များ ထွင်းထုထားသည်။ နံ့သာဖြူ ပုတီးစေ့နှစ်ခုကို အနီရောင် ပဲလုံးစေ့လေးဖြင့် ပိုင်းခြားထားသည်။
သူမ အနားကပ်ပြီး နံ့သာဖြူနံ့ကို ရှူရှိုက်လိုက်ရာ သင်းပျံ့သော ဆေးမွှေးရနံ့ကိုလည်း ရှူရှိုက်မိလိုက်သည်။
‘ဒါ... သူ့ဆီက နှစ်သစ်ကူးလက်ဆောင်လား၊ သူကိုယ်တိုင် လုပ်ခဲ့တာလား...’
လဲ့ကျစ်က စိတ်မထိန်းနိုင်တော့ဘဲ သူမ၏ အခြားလက်တစ်ဘက်ကို မြှောက်ကာ ပုတီးစေ့လေးများကို သူမ၏ လက်ချောင်းထိပ်များဖြင့် ဂရုတစိုက် ပွတ်သပ်လိုက်သည်။
‘နံ့သာဖြူ ပုတီးစေ့လေးတွေ... ငါ့နာမည်နဲ့ ဆင်တူအောင် ငါ့အသက်နဲ့ အရေအတွက်တူအောင် အကိုင်းအခက်တွေကနေ ထွင်းထုထားတာလေးတွေ... သူ ဘယ်လောက်တောင် ကြိုးစားအားထုတ်ခဲ့ရတာလဲ’
လဲ့ကျစ်၏ နှလုံးသားက အနည်းငယ် တုန်ခါသွားသည်။ သူမ၏ မျက်တောင်လေးများကလည်း တုန်ယင်နေသည်။ သူမက သူ့ကို မော့ကြည့်နေပြီး သူမ၏မျက်လုံးများထဲမှ ခံစားချက်များကို ဖုံးကွယ်ရန်ပင် ခဏလောက် မေ့လျော့နေခဲ့သည်။ နောက်ဆုံးတွင် လဲ့ကျစ်က သူမ၏နှုတ်ခမ်းကို ကိုက်ရင်း ရှက်ကိုးရှက်ကန်း ပြန်ပြောလိုက်သည်။
“ကျွန်မ... လက်ဆောင် ပြင်မထားမိဘူး”
ထိုစကားကို ကြားလိုက်ရချိန်တွင် ဟော်တူက ပြုံးလိုက်ပြီး သူ့လက်ကို မြှောက်ကာ လဲ့ကျစ်၏ခေါင်းလေးကို ပုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြန်ပြောလိုက်သည်။
"အဆင်ပြေပါတယ်"
ရုတ်တရက် လေပြင်းတစ်ချက် တိုက်သွားပြီး ထူထပ်နေသော တိမ်တိုက်များက လွင့်စင်သွားကာ အချိန်အတော်ကြာအောင် ဖုံးကွယ်ထားသည့် ကြယ်ရောင်များ ထွက်ပေါ်လာသည်။
"မြန်မြန် ဆုတောင်း"
လဲ့ကျစ်က ဟော်တူ၏ လက်ကို ဆွဲခါလိုက်ပြီးနောက် တောက်ပနေသော ကြယ်များကို မော့ကြည့်ကာ သူမ၏ရှေ့တွင် လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။ လဲ့ကျစ်တစ်ယောက် မှေးမှိန်သော ဆေးရနံ့ကို ရှူရှိုက်ရင်း တိတ်တဆိတ် ဆုတစ်ခု တောင်းလိုက်မိသည်။
ဟော်တူက ခေါင်းကို သူမဘက်သို့ လှည့်ကာ သူမ၏ လရောင်ကဲ့သို့ မျက်နှာလေးကို သူ၏စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ထိုအခိုက်အတန့်တွင် သူ့နှလုံးသားက ရုတ်တရက် နာကျင်လာပြန်သည်။
‘သူမက ဒီလိုမှောင်မိုက်တဲ့ညမှာ ဝမ်းနည်းပူဆွေးမှုတဲ့ ရှိနေပြီး အနာဂတ်အတွက် ဆုတောင်းနေရမယ့်အစား၊ လှပတဲ့ မီးရှူးမီးပန်းတွေနဲ့ တောက်ပတဲ့ မီးပုံးတွေအောက်မှာ လှပတဲ့ နှစ်သစ်ဆုတောင်းကို ဆုပန်နေသင့်တာ မဟုတ်ဘူးလား?’
အချိန်အတော်ကြာပြီးနောက် လဲ့ကျစ်က မျက်လုံးဖွင့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ ဟော်တူကို လှည့်ကြည့်လိုက်ချိန်တွင် သူ့ထံတွင် တည်ငြိမ်လွန်းသည့် မျက်နှာထားရှိနေသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားရသည်။
"အရှင့်သားက ဆုမတောင်းဘူးလား"
လဲ့ကျစ်က မေးလိုက်သည်။
‘ဆုတောင်းရမှာလား.......
ကောင်းကင်ဘုံက သူ့ကို ကြင်ကြင်နာနာ မဆက်ဆံခဲ့တာကြောင့် သူကလည်း ကောင်းကင်ဘုံကို အယုံအကြည် မရှိဘူးလေ။’
ဟော်တူက ပြန်မဖြေဘဲ မေးခွန်းဖြင့်သာ တုံ့ပြန်လိုက်သည်။
“မင်းကရော ဘာတွေ ဆုတောင်းခဲ့တာလဲ”
"ကျွန်မရဲ့ဆုတောင်းကို ဘာလို့ ပြောပြရမှာလဲ"
လဲ့ကျစ်က သူ့လက်မောင်းကို ဖက်လိုက်ပြီး သူ့ပုခုံးပေါ်သို့ နူးနူးညံ့ညံ့လေး မှီချလိုက်သည်။
"ကျွန်မ ပြောလိုက်ရင် ဆုတောင်းက မပြည့်တော့ဘဲ နေမှာပေါ့"
အမှန်တကယ်တွင် ၎င်းက ဆင်ခြေသက်သက်သာ ဖြစ်ပြီး လဲ့ကျစ်က သူမ၏ ဆုတောင်းကို မပြောပြနိုင်သဖြင့် မပြောချင်ရုံ သက်သက်သာ ဖြစ်သည်။
"မပြောပြရင် ဆုတောင်းပြည့်မှာလား"
ဟော်တူက မယုံကြည်သလို ရယ်မောရင်း မေးလာပြန်သည်။
“မရေရာတဲ့ နတ်ဘုရားတွေကို ယုံကြည်တာထက် ကိုယ့်ကို ပြောပြရင်တောင် ပိုကောင်းဦးမယ်၊ အဲဒါကို မင်းအတွက် ရလာအောင် ကိုယ့်ကို ကူညီခွင့်ပေးလေ၊ အဲဒါဆို ဘယ်လိုလဲ”
“ကျွန်မ...”
‘ကျွန်မ ဟော်ချန်ယွင်ကို သတ်ချင်တယ်၊ ရှင် ကူညီနိုင်မှာလား...’
ယခုအချိန်တွင် လဲ့ကျစ်တစ်ယောက် မဆင်မခြင် ပြောထွက်လုနီးပါး ဖြစ်သွားပြီးမှ သူမ၏ မှုန်ဝါးနေသော စိတ်ကို တည်ငြိမ်အောင် အတင်းပြန်ထိန်းလိုက်ရသည်။
‘ငါ သူ ပြောသမျှကို ယုံကြည်ပါတယ်။ ဟိုးအရင်ကတည်းကနေ ယခုထိ ငါ ပြောသမျှကို သူ အမြဲလုပ်ပေးခဲ့တယ်၊ ငါ မပြောဘဲ လုပ်ပေးခဲ့တာတွေတောင် အများကြီး ရှိနေပြီ’
‘ဒါပေမယ့် ယခု ငါ ပြောပြလို့ မရဘူးလေ၊ သူက ငါ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့ပြီးပြီ။ ငါ ဒီလိုသိက္ခာမဲ့တဲ့ တောင်းဆိုမှုတွေ လုပ်နေပြီး သူ့ကို အားမကိုးချင်တော့ဘူး။ ဟော်ချန်ယွင်ကို ငါကိုယ်တိုင် သတ်ပြီး ကလဲ့စားချေရမယ်၊ အဲ့ဒါကမှ ငါ အမှန်တကယ် လုပ်သင့်တဲ့အရာပဲ။’
‘ဟော်ချန်ယွင်က အပြစ်ရှိလို့ အပြစ်ပေးခံရဖို့ ထိုက်တန်တယ်။ သူက တာ့လီအပေါ် အကြွေးတင်နေတဲ့သူ... ဒါပေမယ့် ဟော်တူကတော့ အပြစ်မရှိဘူး။ တကယ်လို့ သူသာ ဟော်ချန်ယွင်ရဲ့ သားမဟုတ်ရင် ဟော်ချန်ယွင်က ရှန်းနို့မျိုးနွယ်ကို သတ်ခဲ့တဲ့ အချက်အပေါ် မူတည်ပြီး သူလည်း ငါ့လိုမျိုး လက်စားချေနိုင်မှာပဲ’
‘ဒါပေမယ့်... ဒါပေမယ့်... ဟော်တူက ဟော်ချန်ယွင်ရဲ့ သားဖြစ်နေခဲ့တယ်။ ဒီအချက်က ပြောင်းလဲလို့ မရတဲ့ အမှန်တရားပဲ။’
‘သူသာ ဟော်ချန်ယွင်ကို သတ်လိုက်ရင် သူက သူ့ဖခင်ကို ပြန်သတ်တဲ့သား ဖြစ်သွားလိမ့်မယ်။ ဟော်ချန်ယွင်ကို ငရဲထဲသို့ တွန်းချလိုက်တဲ့ အချိန်မှာ သူကိုယ်တိုင်လည်း ထာဝရ အမှောင်ထုထဲကို ကျဆင်းသွားလိမ့်မယ်’
‘ဟင့်အင်း... ဘယ်တော့မှ အဲဒီလို မဖြစ်ရဘူး’
ထိုအကြောင်းကို တွေးကြည့်ရုံနှင့်ပင် လဲ့ကျစ်၏ ရင်ထဲ၌ မောဟိုက်လာပြီး အသက်ရှူပင် ကျပ်လာသည်။ ဤနှစ်ပေါင်းများစွာအတွင်း ဟော်တူ မည်သို့ ရှင်သန်ခဲ့သည်ကို သူမ မသိသလို၊ ဟော်ချန်ယွင်အပေါ် သူ၏ ခံစားချက်က မည်သို့ရှိမည်ကိုလည်း သူမ မသိချေ။ သို့သော် သူ ဆိုးဆိုးရွားရွား နာကျင်ရမည်ကတော့ သေချာနေသည်။
‘သူ... ဘာလုပ်သင့်သလဲ၊ နောက်ပြီး သူမရော... ဘာလုပ်သင့်သလဲ’
လဲ့ကျစ်၏ ခန္ဓာကိုယ်လေး တောင့်တင်းသွားမှုကို ခံစားလိုက်ရသဖြင့် ဟော်တူ ငုံ့ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲမှ ရုန်းကန်မှုနှင့် နာကျင်မှုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
"ဘာမှားလို့လဲ"
“အေးတယ်…”
လဲ့ကျစ်က အသံတိုးတိုးဖြင့် လိမ်ပြောလိုက်သည်။
ဟော်တူက သူမ လိမ်နေမှန်း သိသော်လည်း သူမကို သူ့ရင်ခွင်ထဲသို့ ထပ်ဆွဲသွင်းလိုက်သည်။ သူမ၏ အေးစက်နေသော ပါးပြင်များကို သူ့လည်ပင်း၏ နွေးထွေးမှုတွင် ကပ်ထားစေရင်း ထပ်မေးလိုက်သည်။
"အေးနေသေးလား"
နွေးထွေးမှုက ပူရှိန်းရနံ့သင်းသင်းလေးနှင့်အတူ သူမပါးပြင်မှတစ်ဆင့် တစ်ကိုယ်လုံးဆီသို့ ပျံ့နှံ့သွားပြီး လဲ့ကျစ်၏ မျက်လုံးများမှ မျက်ရည်များ ဝဲတက်လာသည်။ သူမက သူ့ကို တင်းတင်းကြပ်ကြပ် ပြန်လည်ပွေ့ဖက်ကာ သူ့လည်ပင်းကို မျက်နှာအပ်ရင်း တိုးတိုးလေး ရှိုက်ငိုလိုက်သည်။
ဟော်တူက သူမ၏ နူးညံ့သော ခါးလေးကို ပွေ့ဖက်ထားရင်း ပြန်မေးလိုက်သည်။
“ဘာဖြစ်လို့လဲ၊ အေးလို့ ငိုနေတာလား”
“ဟွန့်... ဟွန့်...”
ထိုစကားကို ကြားလိုက်ရချိန်တွင် လဲ့ကျစ်က ရှိုက်သံတိုးတိုးလေး ပြုလုပ်လိုက်သည်။ သူမက သူ့လည်ပင်းကို ပိုပွတ်သပ်မှီတွယ်နေကာ တိုးတိုးလေး တောင်းဆိုလိုက်သည်။
"အရှင့်သားရဲ့ ဆန္ဒတစ်ခုလောက်ကို ဆုတောင်းလို့ ရမလား၊ တစ်ခုပဲတောင်းလေ... နော်"
ဆန္ဒတစ်ခုကို အကောင်အထည်ဖော်ရန်အတွက် 'ယုံကြည်ခြင်း' နှင့် 'မျှော်လင့်ချက်' ဟူသော စကားလုံးများအပေါ် မှီခိုရခြင်းက မည်မျှ လက်တွေ့မကျကြောင်း သူမ သိနေသော်လည်း သူ့မျက်နှာတွင် အသက်ဝိညာဉ်ကင်းမဲ့ပြီး ဗလာဖြစ်နေသည့် အသွင်အပြင်မျိုးကို သူမ ခဏခဏ မြင်နေရပြီး ၎င်းက သူမ မြင်ချင်ဆုံးအရာ မဟုတ်ပေ။
ထို့ကြောင့်လည်း သူမက သူ့တွင် တစ်ခုခု ဆန္ဒရှိလာအောင် ခေါင်းမာမာဖြင့် တွန်းအားပေးနေခြင်း ဖြစ်သည်။ သူလည်း တစ်ခုခုကို ယုံကြည်လာစေရန် သူမ မျှော်လင့်နေခဲ့သည်။ ထိုသို့ဆိုလျှင် သူ နောက်ထပ် အသက်ဝိညာဉ် ကင်းမဲ့နေတော့မည် မဟုတ်ပေ။
ဟော်တူ၏ လည်ပင်းတွင် လဲ့ကျစ်၏ မျက်ရည်များကြောင့် စိုစွတ်အေးစက်နေသည်။ သူက သူမ၏ နောက်ကျောကို အသာအယာ ပွေ့ဖက်လိုက်ပြီး သူမ၏ ဆံနွယ်များကို ညင်သာစွာ နမ်းရှိုက်သည်။ သူ့လက်နှစ်ဖက်ကြားတွင် နာခံစွာ ရှိနေသည့် နူးညံ့သောသူကို ငုံ့ကြည့်ရင်း ဟော်တူ၏စိတ်ထဲမှ အတွေးတချို့ အနည်းငယ် ပြောင်းလဲသွားသည်။
‘ကောင်းကင်ဘုံက သူ့ကို ဘယ်တုန်းကမှ ကြင်ကြင်နာနာ မဆက်ဆံဖူးတာတော့ မဟုတ်ပါဘူးလေ၊ အဲဒီလိုသာဆိုရင် သူမ သူ့ဆီကို ဘယ်လိုလုပ် ရောက်လာနိုင်မှာလဲ။’
"ကောင်းပြီ"
နောက်ဆုံးတွင် ဟော်တူက အလျှော့ပေးလိုက်ပြီး အပြုံးဖြင့် ပြန်ပြောလာသည်။
“ဒါဆို... ကိုယ် ဆုတောင်းမယ်”
ခဏအကြာတွင် လဲ့ကျစ်က သူ့ရင်ခွင်ထဲမှ ခွာလိုက်ပြီး မေးလိုက်ပြန်သည်။
"ရှင် ဆုတောင်းပြီးပြီလား"
ဟော်တူက "အင်း" ဟု အသံပြုကာ သူမကို လွှဲဒါန်းပေါ်မှ ထရန် ထူပေးလိုက်သည်။
သူတို့ မြေပြင်ပေါ်မှ ခြေဖျားထောက်ပြီး လေထဲတွင် အချိန်အတော်ကြာ တွဲလောင်းချထားခဲ့သဖြင့် ခြေထောက်များ အနည်းငယ် ထုံကျင်နေခဲ့သည်။ ရုတ်တရက် မတ်တပ်ထရပ်လိုက်ချိန်တွင် သူတို့၏ခန္ဓာကိုယ်များ မတည်မငြိမ် ယိမ်းယိုင်သွားကြသည်။ ကံကောင်းထောက်မစွာဖြင့် နံဘေးတွင် တိုင်တစ်တိုင် ရှိနေသဖြင့် ဟော်တူက တိုင်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ သူ့ကိုယ်သူ တောင့်ထားပြီး အခြားလက်တစ်ဖက်ဖြင့် လဲ့ကျစ်၏ ခါးကို တင်းတင်းကြပ်ကြပ် ဖက်ကာ ခိုင်မြဲစွာ ရပ်တည်နိုင်စေရန် ကူညီပေးလိုက်သည်။
သူတို့ မျက်လုံးချင်း ဆုံကြည့်မိကြရင်း အနည်းငယ် ရှက်သွေးဖြန်းသွားသော်လည်း နှုတ်ခမ်းများကတော့ မပြုံးဘဲ မနေနိုင်ကြပေ။
ထိုနောက် ဖြည်းညှင်းစွာ ပြန်လျှောက်လာရင်း လဲ့ကျစ်က ကောင်းကင်ကို တစ်ဖန်ပြန်ကြည့်ကာ မပြည့်စုံသောလကို ကြည့်ရင်း အနည်းငယ် မပျော်မရွှင် ဖြစ်နေလေသည်။
"လခြမ်းကို မကြိုက်ဘူးလား"
လဲ့ကျစ်က ခေါင်းညိတ်လိုက်သည်။ လခြမ်းက မပြည့်စုံသောကြောင့် သူမ မကြိုက်သလို သူမတို့ ခွဲခွာခါနီးတိုင်း သူမ၏နှလုံးသားထဲတွင် စိတ်မသက်မသာဖြစ်စေသော ခံစားချက်တချို့ အမြဲရှိနေခဲ့သည်။
"မင်းက ငတုံးလေးလား၊ နောက်ရက်နည်းနည်းဆို လက ပြည့်တော့မှာပဲကို”
"ဟုတ်တယ်နော်"
လဲ့ကျစ်က သူမ၏မျက်လုံးလေးများကို ကွေးလိုက်ပြီး ပြောလာပြန်သည်။
"လပြည့်ရင် ကျွန်မ ပြန်လာမှာ သေချာတယ်၊ ဒါဆို ကျွန်မတို့ လကို အတူတူ ကြည့်ကြမလား”
"အင်း"
"ဒါဆို အရှင့်သား... ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်နော်"
“အင်း”
“မနက်စာလည်း ကောင်းကောင်းစားနော်”
“အင်း”
"အပြင်ထွက်တဲ့အခါ အပေါ်ရုံထူထူဝတ်ရမယ်"
"ကောင်းပြီ"
နှစ်ယောက်သား ပွေ့ပွေ့ပိုက်ပိုက်နှင့် အရှေ့သို့ လျှောက်လှမ်းနေကြပြီး အရိပ်လေးနှစ်ခုက လရောင်ကြောင့် ရှည်လျားနေလေသည်။
.......။.......။........
နောက်တစ်နေ့ နံနက်စောစောတွင် လဲ့ကျစ်က ကျင့်ရှင်း၊ လင်းယွဲ့၊ ရှမင်နှင့် အခြားသူများအပြင် ဟော်တူ တာဝန်ပေးလိုက်သော အစောင့်အဖွဲ့ငယ်တစ်ဖွဲ့ကို ခေါ်ဆောင်ကာ ရှန့်ယန်မြို့မှ ထွက်ခွာပြီး ဟွာရှီမြို့သို့ ဦးတည်ထွက်ခွာသွားသည်။
မြို့နှစ်မြို့က မဝေးလှသောကြောင့် ဝေ့အချိန် (နေ့လည် ၁ နာရီမှ ၃ နာရီအထိ) နောက်ပိုင်းတွင် ရထားလုံးက ဟွာရှီမြို့သို့ ရောက်ရှိလာခဲ့သည်။ လဲ့ကျစ်က စာထဲတွင်ပါသော သူမ၏အစ်မ နေထိုင်နေသည့် ခြံဝင်းကို အမြန် ရှာတွေ့ခဲ့သည်။
လဲ့ကျစ်ကို မြင်လိုက်ရချိန်တွင် လဲ့ကျင်းက အလွန်အံ့အားသင့်သွားပြီး အလောတကြီး မေးမြန်းလာသည်။
"ကျစ်ကျစ်... မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ"
လဲ့ကျစ်က အစ်မဖြစ်သူ၏ ရင်ခွင်ထဲသို့ ဝမ်းသာအားရ ပစ်ဝင်လိုက်ပြီး ချွဲနွဲ့သံလေးဖြင့် ပြန်ပြောလိုက်သည်။
"အစ်မကို လွမ်းလို့ လာခဲ့တာ"
အချိန်အတော်ကြာအောင် ကလေးလေးလို ဆိုးနွဲ့နေပြီးနောက် ညီအစ်မနှစ်ယောက် စကားပြောရန် အခန်းထဲသို့ ဝင်လာခဲ့ကြသည်။ လဲ့ကျစ်က ဇာတ်လမ်းတစ်ခုလုံးကို ရှင်းပြပြီးနောက်တွင်မှ လဲ့ကျင်းလည်း ရုတ်တရက် သဘောပေါက်သွားရသည်။
'ကျစ်ကျစ်က ရှန့်ယန်မြို့ကို ရောက်နေတော့ အခုလို အလျင်အမြန် ရောက်လာနိုင်တာကို ငါ နားလည်သွားပြီ’
"အစ်မ... ယောင်းမနဲ့ ယုအာက ဘယ်မှာလဲ"
လဲ့ကျစ်က မျက်မှောင်ကြုတ်ကာ အံ့သြတကြီး မေးလိုက်ပြန်သည်။
"ယောင်းမက ဘာလို့ ကျွန်မတို့ကို မတွေ့ချင်ရတာလဲ"
လဲ့ကျင်းကလည်း သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။
"ငါ ငါတို့လူတွေကို မြို့ထဲမှာ လိုက်စုံစမ်းခိုင်းတော့ ယောင်းမသွားတတ်တဲ့ နေရာတွေ အများကြီး တွေ့ခဲ့တယ်။ ဒါပေမယ့် ယောင်းမက ငါ့ကိုတွေ့တိုင်း ပုန်းရှောင်သွားတတ်တယ်၊ အဲဒါကြောင့် နောက်ဆုံးတော့ ငါလည်း ရှေ့ထွက်မပြရဲတော့ဘူး... သူ ဟွာရှီမြို့ကနေ ထွက်ပြေးသွားမှာ ကြောက်လို့လေ၊ အဲဒီလိုဆိုရင် သူ့ကို ပြန်ရှာတွေ့ဖို့ ပိုခက်ခဲသွားလိမ့်မယ်"
လဲ့ကျစ်က ခဏလောက် စဉ်းစားနေပြီးမှ ဆုံးဖြတ်ချက်ချလိုက်သည်။
"မနက်ဖြန် ညီမနဲ့ အစ်မ ယောင်းမကို သွားတွေ့ကြမယ်။ ကျွန်မတို့က မိသားစုတွေလေ၊ ယောင်းမမှာ ကျွန်မတို့အပေါ် ဖုံးကွယ်ထားရတဲ့ အကြောင်းရင်း တစ်ခုခုတော့ ရှိနေမယ် ထင်တယ်”
လဲ့ကျင်းက ခေါင်းညိတ်လိုက်သည်။
‘အခုချိန်မှာ သူမတို့လုပ်နိုင်တာက အဲဒါကို စမ်းကြည့်ရုံပဲ ရှိတော့တာပါ။ ယောင်းမက ကျစ်ကျစ်ကို အမြဲချစ်ခဲ့တာကြောင့် ကျစ်ကျစ်ကိုတွေ့ရင်တော့ စကားကောင်းကောင်းပြောဖို့ ဆန္ဒရှိလာဖို့ သူမ မျှော်လင့်နေမိတယ်’
ရက်အတော်ကြာ အပြေးအလွှား ခရီးထွက်ခဲ့ရသဖြင့် လဲ့ကျစ် ကောင်းကောင်းမွန်မွန် အနားယူရန် အခွင့်အရေး မရခဲ့ပေ။ ညစာစားပြီးနောက် သူမက အိပ်ခန်းထဲသို့ ပြန်ဝင်ကာ အိပ်စက်ရန် ပြင်ဆင်လိုက်သည်။ ကျင့်ရှင်းနှင့် လင်းယွဲ့တို့လည်း ပင်ပန်းနေကြပြီဟု တွေးမိသောကြောင့် လဲ့ကျစ်က သူမတို့ကို အနားယူရန် အလျင်အမြန် ပြန်လွှတ်လိုက်ပြီး ဆက်ခစားခွင့် မပြုတော့ပေ။
လဲ့ကျစ်က ကုတင်ပေါ်တွင် ထိုင်ကာ ခရီးဆောင်အိတ်ကို ဖွင့်ပြီး ညဝတ်အင်္ကျီကို ထုတ်ယူကာ ရေချိုးရန် ပြင်လိုက်သည်။ သို့သော် အိတ်ထဲတွင် နောက်ထပ် ပစ္စည်းနှစ်ခု ရှိနေသေးသည်ကို သူမ တွေ့လိုက်ရသည်။
တစ်ခုက သူမနှင့် အလွန်ရင်းနှီးသည့် ဦးလေးရင် ပေးလိုက်သော သစ်သားသေတ္တာ ဖြစ်သည်။ မနေ့က သူမ ဟော်တူကို ပေးခဲ့သော်လည်း သူက သူမ၏အိတ်ထဲသို့ ဘယ်အချိန် ပြန်ထည့်ထားလိုက်သည်ကို မသိနိုင်ပေ။ ဦးလေးရင်ပေးလိုက်သော ကျောက်စိမ်းဆွဲသီး၏ အသုံးဝင်ပုံကို သူမ မသိသော်လည်း ဟော်တူက ရှန့်ယန်မြို့တွင် တစ်ယောက်တည်း ကျန်ခဲ့ရမည်ဖြစ်သောကြောင့် သူမ သူ အကာအကွယ်ဖြစ်စေရန် ပေးခဲ့ခြင်းဖြစ်သည်။
‘သူက တကယ်ပဲ လူမိုက် မဟုတ်ဘူးလား’
နောက်ထပ် ပစ္စည်းတစ်ခုက အဖြူရောင် ကျောက်စိမ်းအိုးလေး တစ်လုံးဖြစ်သည်။ လဲ့ကျစ်က အဖုံးကို ဖွင့်ကြည့်လိုက်တော့ အထဲတွင် သကြားလုံးများကို တွေ့လိုက်ရသည်။ ကြယ်များ၊ ပန်းများ၊ ငါးများနှင့် ယုန်ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ချစ်စရာကောင်းလှသော သကြားလုံးများ ပြည့်နေသည့် ကြွေအိုးလေးပင်။
လဲ့ကျစ်က သကြားလုံးတစ်လုံးကို ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။ ချိုမြိန်သော အရသာက မင့်၏ ပူရှိန်းအေးမြမှုနှင့်အတူ ရောယှက်ကာ သင်းပျံ့သော ရနံ့လေးကို ဖြစ်ပေါ်စေသည်။ ဟော်တူ သူမကို မင့်ဖျော်ရည် သောက်ခိုင်းခဲ့သည့် မြင်ကွင်းကို လဲ့ကျစ် ပြန်သတိရနေမိသည်။ ထိုအချိန်က သူမ ထိုအနံ့ကို မခံနိုင်သဖြင့် ငြင်းဆန်ခဲ့ဖူးသည်။
"အတင်းအကြပ် မလုပ်ပါနဲ့၊ မင်းနဲ့ ငါက တူညီတဲ့ လူတွေ မဟုတ်ဘူး"
‘အဲ့ဒီတုန်းက ဟော်တူက သူမကို ပြောခဲ့တာလေ။
ဒါဆို အခု ဒီမင့်ပူရှိန်းသကြားလုံးတွေကို ဘာအဓိပ္ပါယ်နဲ့ သူမအတွက် လုပ်ပေးလိုက်တာလဲ’
သကြားလုံးက ပါးစပ်ထဲတွင် အရည်ပျော်သွားပြီး ချိုမြိန်မှုများ ကြွင်းကျန်နေကာ ခန္ဓာကိုယ်တစ်ဝိုက်တွင် သင်းပျံ့သော ရနံ့လေး ထွက်ပေါ်နေစေသည်။ ထိုချိုမြိန်သော အရသာကြောင့် လဲ့ကျစ်၏ မျက်လုံးများ နီရဲလာပြန်သည်။
‘သူရဲ့ စိတ်ရင်းအမှန်ကို အခုပဲ မြည်းစမ်းနိုင်သွားပြီ၊ ခန့်မှန်းရတာ လွယ်လွန်းနေတာပဲ’
........။........။..........
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။
#ဟော်တူရဲ့Romance#
လက်ကောက်နဲ့ ကိုယ်တိုင်လုပ်ထားတဲ့ သကြားလုံးလေးတွေ..... အစ်ကိုတော်ဟော်က ဘယ်လိုရိုရမလဲဆိုတာ နားလည်နေပြီ....အရမ်းတော်တယ်...
အန်းရွှယ် : “အဲ့လို အပေါ်ယံတွေကို လိုက်လုပ်မနေနဲ့။ လင်မယား အရာမြောက်အောင် ဘယ်လို လုပ်ရမယ်ဆိုတာတောင် သိလို့လား”
ဟော်တူ : “ ....” (လက်သီးနဲ့ လိုက်ထိုးနေသည်)
အခန်း ၇၉ နုနယ်မှု
"အရှင့်သား... ထိုက်ဇီဖေးက ဟွာရှီမြို့ကို ဘေးကင်းကင်းနဲ့ ရောက်ရှိသွားပါပြီ"
အန်းရွှယ်က လက်အုပ်ချီကာ သတင်းပို့နေသည်။
“ပြီးတော့ ချူရန်နဲ့ သူ့လူတွေကလည်း စားနပ်ရိက္ခာတွေ ရရှိသွားပြီဆိုတော့ သူတို့ အခြေအနေက တဖြည်းဖြည်း ပြန်အဆင်ပြေလာပါပြီ၊ ဒီလက်အောက်ငယ်သား ကြောက်မိတာကတော့ သူတို့ မကြာခင်မှာ...”
"နားလည်ပြီ"
အန်းရွှယ် စကားမဆုံးခင်မှာပင် ဟော်တူက အေးစက်ပြတ်သားစွာ ဟန့်တားလိုက်သည်။ အန်းရွှယ်လည်း အနည်းငယ် ထိတ်လန့်သွားပြီး ဦးညွှတ်ကာ အခန်းထဲမှ တိတ်တဆိတ် ဆုတ်ခွာသွားခဲ့သည်။
လရောင်က မှိန်ဖျော့နေပြီး လဲ့ကျစ် ထွက်ခွာသွားသည်မှာ တစ်ရက်သာ ရှိသေးသော်လည်း ဤအိမ်ကြီးက ပို၍ပင် ဆိတ်သုန်းခြောက်ကပ်သွားပုံရသည်။ ဟော်တူက ဥယျာဉ်ထဲရှိ လွှဲဒါန်းပေါ်တွင် တစ်ယောက်တည်း ထိုင်နေရင်း ဖြည်းညှင်းစွာ လွှဲစီးနေသည်။ သူက လက်ထဲမှ သကြားလုံးဘူးလေးကို ငုံ့ကြည့်ကာ တစ်လုံးကို ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။
‘အရမ်းကို ချိုမြိန်လွန်းလှတယ်’
သူ ယခင်က ချိုမြိန်သော အရာများကို မကြိုက်ခဲ့သော်လည်း ယခုတော့ ထိုအရသာနှင့် တဖြည်းဖြည်း ရင်းနှီးလာခဲ့ပြီ ဖြစ်သည်။
သူနှင့် လဲ့ကျစ်က လုံးဝမတူညီသော လူသားများ ဖြစ်ကြောင်းကို ဟော်တူ အမြဲသိနေခဲ့သည်။ သူမက ချစ်ခြင်းမေတ္တာများကြားတွင် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ သူမက စိတ်ဓာတ်မာကျောပြီး ရဲရင့်သော်လည်း သူမ၏ အတွင်းစိတ်က နွေးထွေးပြီး ကြင်နာတတ်သည်။ သူကတော့ သူမနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်ပြီး ထိုသို့သော နွေးထွေးမှုမျိုး သူ့ဘဝတွင် ဘယ်တုန်းကမှ မရှိခဲ့ဖူးချေ။
‘လုံးဝ မတူညီတဲ့ လူနှစ်ယောက်က ဘယ်လိုများ ယှဉ်တွဲနေနိုင်မှာလဲ’
ချိုမြိန်သော အရသာတစ်ခုက လျှာဖျားမှတစ်ဆင့် တဖြည်းဖြည်း ရစ်ပတ်လာပြီး အေးမြသော အထိအတွေ့တစ်ခု ထွက်ပေါ်လာသည်။ ဟော်တူက ရုတ်တရက် ပြုံးလိုက်ပြန်သည်။
‘မင့်ကို ပျားရည်နဲ့ရောစပ်လိုက်ရင် ထူးခြားကောင်းမွန်တဲ့ အရသာတစ်ခုကို ပြုလုပ်နိုင်မှတော့ မတူညီတဲ့လူတွေက သဟဇာတမဖြစ်ဘူးလို့ ဘယ်သူပြောနိုင်ပါဦးမလဲ’
........။........။.......
နောက်တစ်နေ့တွင်......
နေမင်းကြီးက နွေးထွေးစွာ တောက်ပနေသည်။
ဟွာရှီမြို့က ရှန့်ယန်မြို့၏ ခြောက်ကပ်မှုနှင့် မတူဘဲ နှစ်သစ်၏ အငွေ့အသက်များဖြင့် စည်ကားနေသည်။ လူစည်ကားသော ဈေးအတွင်း၌ လမ်းဘေးဈေးသည်များ၏ အော်ဟစ်သံများ၊ ဝယ်သူများ၏ ရယ်မောသံများနှင့် ပြည့်နှက်နေသည်။ လူတိုင်းက မိသားစုအတွက် အရသာရှိသော ဟင်းလျာများ ချက်ပြုတ်ရန် ပါဝင်ပစ္စည်းများကို ပျော်ရွှင်စွာ ရွေးချယ်ဝယ်ယူနေကြသည်။
ထိုအချိန်တွင် အမျိုးသမီးတစ်ဦးက ခေါင်းငုံ့ထားရင်း ဟင်းရွက်ဆိုင်တစ်ခုဆီသို့ လှမ်းလာကာ ဟင်းရွက်များကို အမြန်ရွေးချယ်နေသည်။
"ယောင်းမ"
လဲ့ကျစ်က လမ်းအဝင်ဝမှ ထိုအမျိုးသမီးထံသို့ အပြေးအလွှား သွားကာ သူမ၏ လက်မောင်းကို ဖက်ထားလိုက်သည်။ အမျိုးသမီးက မျက်လုံးပြူးသွားပြီး ထိတ်လန့်သွားဟန် ရှိသော်လည်း ရောက်လာသူက လဲ့ကျစ်ဖြစ်ကြောင်း မြင်လိုက်ရသောကြောင့် ရွှင်လန်းသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။
သူမ ရှောင်တိမ်းရန် မရည်ရွယ်တော့သည်ကို မြင်လိုက်ရမှ လဲ့ကျင်းကလည်း အနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး တိုးတိုးလေး ခေါ်လိုက်သည်။
"ယောင်းမ"
ထိုအမျိုးသမီးက သက်ပြင်းတစ်ချက်ကို အသာချလိုက်ပြီး ပြောလာခဲ့သည်။
“ငါ့နောက်ကို လိုက်ခဲ့ကြပါ”
ညီအစ်မနှစ်ယောက်က သဘာဝအတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ထိုအမျိုးသမီးနောက်သို့ လူအုပ်စုနှင့်အတူ လိုက်ပါသွားကြသည်။
ခဏအကြာတွင် ရိုးရှင်းသော အမိုးပြားများ မိုးထားသည့် အိမ်လေးတစ်လုံးသို့ ရောက်ရှိသွားကြသည်။ အမျိုးသမီးက သူမတို့ကို အိမ်ထဲဝင်ရန် ဖိတ်ခေါ်လိုက်သည်။
"ပြန်လာပြီလား"
ထိုအခိုက်အတန့်တွင် ရွှင်မြူးပြီး ရင်းနှီးနေသော အမျိုးသားတစ်ဦး၏ အသံကို ကြားလိုက်ရသည်။
လဲ့ကျစ်နှင့် လဲ့ကျင်းတို့ မြင်လိုက်ရသည်က အရပ်မြင့်မြင့် အမျိုးသားတစ်ဦးက လဲ့ယုကို ပွေ့ချီကာ အတွင်းခန်းထဲမှ ထွက်လာခြင်း ဖြစ်သည်။ ထိုလူကလည်း ဧည့်သည်များကို မြင်သွားပြီး အံ့အားသင့်သွားကာ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
သူတို့အားလုံးက ထိုလူနှင့် ရင်းနှီးပြီးသားဖြစ်သည်။ သူက တာ့လီတိုင်းပြည်၏ အသက်အငယ်ဆုံး တော်ဝင်သမားတော် 'ရှယန်' ဖြစ်သည်။
‘သူက ဘာလို့ ဒီမှာ ရှိနေတာလဲ... ပြီးတော့ ယောင်းမနဲ့ ဘာလို့ အတူရှိနေရတာလဲ’
“ဒေါ်လေး…”
ကလေးငယ်၏ ချစ်စဖွယ်အသံလေး ထွက်ပေါ်လာသည်။ တစ်ယောက်နှင့်တစ်ယောက် မတွေ့ရသည်မှာ ကြာပြီဖြစ်သောကြောင့် လဲ့ယုက သူမတို့နှစ်ဦးကို မဝံ့မရဲလေး လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်။
လဲ့ကျင်းက ပထမဆုံး သတိပြန်ဝင်လာသည်။ သူမက အားတင်းပြုံးလိုက်ပြီး ရှေ့သို့ လျှောက်သွားကာ တူလေး၏ခေါင်းကို အသာအယာ ပွတ်သပ်ရင်း မေးလိုက်သည်။
"ယုအာ... နေကောင်းရဲ့လား"
လဲ့ယုက အပြုံးလေးဖြင့် ခေါင်းညိတ်ပြသော်လည်း သူ၏မျက်လုံးလေးများက လဲ့ကျစ်ကို မသိစိတ်ဖြင့် လှမ်းကြည့်နေသည်။
'သူ နည်းနည်း ထူးဆန်းသလို ခံစားနေရတယ်။ ဒေါ်လေးငယ်က သူ့ကို အချစ်ဆုံးမဟုတ်ဘူးလား။ ဒီနေ့တော့ ဒေါ်လေးငယ်က သူ့ကို ပြုံးတောင်မပြုံးပြဘဲ၊ သူ့ကိုလည်း ပွေ့ဖက်ဖို့ မလာဘဲ ဘာလို့ အဝေးတစ်နေရာကနေ ရပ်ကြည့်နေရတာတုန်း။’
"ရှင်... ယုအာကို အရင် ခေါ်သွားလိုက်ပါဦး"
ရှယန်က ခေါင်းညိတ်ပြပြီး လဲ့ယုကို မဝံ့မရဲ ဆုပ်ကိုင်ကာ အတွင်းခန်းထဲသို့ ပြန်ဝင်သွားသည်။
လဲ့ကျစ်၏ မျက်နှာက တဖြည်းဖြည်း ဖြူဖျော့လာသည်။ သူမ၏ တစ်ကိုယ်လုံးကို ရေခဲရေတစ်ပုံးနှင့် အလောင်းခံလိုက်ရသလို အေးစက်တုန်ယင်နေသည်။ သူမက မနီးမဝေးတွင် ရှိနေသော အမျိုးသမီးကို တွေဝေငေးမောစွာ စိုက်ကြည့်နေလေသည်။
ဖန့်ယင်က တာ့လီတိုင်းပြည်၏ အရဲရင့်ဆုံး သူရဲကောင်းဖြစ်သော စစ်သေနာပတိချုပ် 'ကျန်းယွမ်' ၏ သမီး ဖြစ်သည်။ ထို့ပြင် သူမက သူမတို့အစ်ကိုတော်၏ အချစ်ဆုံး အမျိုးသမီးလည်း ဖြစ်ခဲ့သည်။
"ထိုင်ကြပါဦး"
ဖန့်ယင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
လဲ့ကျင်းက တောင့်တင်းနေသော လဲ့ကျစ်ကို ဆွဲကာ ထိုင်ခိုင်းလိုက်ပြီး အသက်ကို ပြင်းပြင်းရှူလျက် မေးမြန်းလိုက်သည်။
“ယောင်းမ… ဒီမှာ ဘာတွေ ဖြစ်နေတာလဲ၊ ရှယန်... ရှယန်က ဘာလို့ ဒီကို ရောက်နေရတာလဲ"
"ရှယန်နဲ့ ငါက အတူရှိနေကြတာ"
ဖန့်ယင်က လေးလေးနက်နက် ပြန်ဖြေနေပြီး သူမ၏ မျက်နှာက တည်ငြိမ်နေကာ အနည်းငယ်မျှ ရှက်ရွံ့နေပုံမပေါ်ချေ။
စားပွဲတွင် ထိုင်နေသော လဲ့ကျစ်က လက်သီးကို တင်းတင်းဆုပ်ထားပြီး ဖန့်ယင်ကို မယုံကြည်နိုင်စွာ ကြည့်နေကာ သူမ၏ မျက်လုံးလေးများ ပြူးကျယ်လာသည်။
‘သူမက သူမရဲ့ယောင်းမကို တစ်သက်လုံး မုဆိုးမအဖြစ် အထီးကျန်စွာ နေသွားစေဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဖူးပါဘူး။
ဒါပေမဲ့... အစ်ကိုတော် ဆုံးပါးသွားတာ ဘယ်လောက်တောင် ကြာသေးလို့လဲ။ သူမယောင်းမရဲ့ ပြောပုံအရဆိုရင် သူမက သူမတို့ရဲ့အစ်ကိုတော်ကို တစ်ခါမှ မချစ်ခဲ့ဖူးတဲ့အတိုင်းပဲ။’
"ကျစ်ကျစ်"
ဖန့်ယင်က မသက်မသာ ပြုံးလိုက်ပြီး ရှင်းပြလာသည်။
“မင်းတို့ရဲ့ အစ်ကိုတော်နဲ့ ငါနဲ့က... အစကတည်းက အမှားလုပ်ခဲ့မိကြတာပါ”
၎င်းက ရိုးရှင်းသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့သည်။
နန်းတော်ပွဲတစ်ခုတွင် ငယ်ရွယ်သောထိုက်ဇီက စစ်သေနာပတိချုပ်ကြီး၏ တစ်ဦးတည်းသောသမီးလေးကို မြင်မြင်ချင်းပင် ချစ်မိသွားခဲ့သည်။ နန်းတော်ပွဲအပြီး မကြာမီတွင် လက်ထပ်ထိမ်းမြားပေးရန် တော်ဝင်အမိန့်တော်တစ်ခု ရောက်လာခဲ့သည်။ သို့သော် စစ်သေနာပတိချုပ်ကြီး၏ တစ်ဦးတည်းသောသမီးလေးတွင် ချစ်သူရှိနေပြီ ဖြစ်ကာ နှစ်ယောက်သား တိတ်တဆိတ် ခံစားချက်ချင်းဖလှယ်ခဲ့ကြသည်။ သူမချစ်သူထံမှ လက်ထပ်ခွင့်လာတောင်းမည့်အချိန်ကို စောင့်ဆိုင်းနေသော်လည်း တော်ဝင်အမိန့်တော်က သူမ၏ လှပသောအိပ်မက်ကို ရိုက်ချိုးသွားခဲ့သည်။
ထိုက်ဇီက နူးညံ့သိမ်မွေ့ကြောင်း သိထားသော စစ်သေနာပတိချုပ်ကြီး၏သမီးလေးက စာတစ်စောင်ရေးပြီး တစ်စုံတစ်ဦးကို အရှေ့နန်းတော်သို့ ပို့ခိုင်းလိုက်သည်။ သို့သော် အချိန်အတော်ကြာအောင် အဖြေပြန်မရခဲ့ဘဲ သူမ တဖြည်းဖြည်း စိတ်ပျက်လာခဲ့ရသည်။
မင်္ဂလာညနေခင်းတွင် ငယ်ရွယ်သောထိုက်ဇီက သူမ၏ဝေါယာဉ်ကန်လန့်ကာကို ပင့်တင်လိုက်ပြီး သူမ မော့ကြည့်လိုက်ချိန်တွင် သူမကို နူးညံ့စွာ ပြုံးပြနေသော မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။ ထိုနောက် သူ၏စကားသံကိုလည်း ကြားလိုက်ရသည်။
"ယင်ယင်၊ ဒါက ဒီမင်းသား တစ်သက်မှာ စက်ဆုပ်ရွံရှာစရာတစ်ခု လုပ်မိတဲ့ တစ်ခါတည်းသော အမှားပါ"
သူက အနွေးထွေးဆုံး လေသံဖြင့် သူ စက်ဆုပ်ဖွယ်ကောင်းကြောင်း ဝန်ခံခဲ့သည်။
‘သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်သင့်တဲ့ စက်ဆုပ်ရွံရှာဖွယ်ကြီးလေ....’
ဖန့်ယင်တစ်ယောက် အံ့သြသွားရသည်။
'သူ သူ အရာအားလုံးကို သိနေခဲ့တယ်...’
ဖန့်ယင်၏ စကားအဆုံးတွင် လဲ့ကျစ်က လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်သည်။
‘မဖြစ်နိုင်ဘူး... အစ်ကိုတော်က အဲ့လိုလူ မဟုတ်ဘူး’
"ရှင် လိမ်နေတာ"
လဲ့ကျစ်က တုန်ယင်နေသောလက်များဖြင့် မတ်တပ်ထရပ်လိုက်ရင်း ရေရွတ်နေသည်။
"အစ်ကိုတော်... သူက ဒီလိုလုပ်မှာ မဟုတ်ဘူး"
အပြင်ဘက်မှ ရုန်းရင်းဆန်ခတ် ဖြစ်နေသံက ကျယ်လောင်လွန်းသောကြောင့် အတွင်းခန်းထဲမှ လဲ့ယုလေးက ခေါင်းလေးကို ငုံ့ထားရာမှ နားမလည်နိုင်ပုံရသော အမူအရာဖြင့် သူတို့ကို ခဏခဏ လှမ်းကြည့်နေသည်။
လဲ့ကျစ်က ဘေးကို တစ်ချက်ကြည့်လိုက်ပြီး ကလေးကို တွေ့လိုက်ရသောကြောင့် ရင်ထဲ၌ ဆို့နင့်သွားသလို ခံစားလိုက်ရသည်။
‘အဲ့ဒါသာ အမှန်ဆိုရင်... ယုအာကရော... ယုအာက ဘာလဲ’
လဲ့ကျစ်၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး မျက်လုံးများ နီရဲလာကာ ထပ်ပြောလိုက်သည်။
“ဟင့်အင်း မဖြစ်ရဘူး…”
‘ငါ ဒီအခန်းထဲမှာ ဆက်မနေနိုင်တော့ဘူး’
လဲ့ကျစ်၏နှလုံးသားက တင်းကျပ်လာပြီး သူမ အသက်ရှူမဝသလို ခံစားလာရသည်။ သူမ ပေါ့ပေါ့ပါးပါး ပြန်လှည့်ကာ အိမ်ပြင်သို့ ပြေးထွက်လာပြီး နောက်ကွယ်မှ အော်သံများကို လျစ်လျူရှုလိုက်သည်။
လဲ့ကျစ်တစ်ယောက် ကြောင်စီစီဖြင့် လမ်းမပေါ်လျှောက်လာရင်း သူမ၏ပတ်ဝန်းကျင်ရှိ ပျော်ရွှင်မှုနှင့် ဆူညံသံများက သူမနှင့် မသက်ဆိုင်တော့ပေ။ လဲ့ကျစ်၏ခြေလှမ်းများက တဖြည်းဖြည်း အားနည်းလာပြီး မကြာမီပင် သူမ သူမခြေထောက်များကို မထိန်းနိုင်တော့ပေ။ နောက်ဆုံးတွင် လဲ့ကျစ်က ဖြည်းဖြည်းချင်း ငုတ်တုတ်ထိုင်ချကာ တိုးတိုးလေး ငိုလိုက်မိသည်။
သူမက မွေးကတည်းက လှပသူဖြစ်ပြီး သူမ ယခုလို လမ်းထောင့်၌ ထိုင်နေသည်က လူအများ၏ အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။ နှစ်သစ်ကူးဖြစ်နေသဖြင့် အားလုံးက ရွှင်မြူးနေကြသည်။ ယခု ချောမောလှပသော မိန်းကလေးက သနားစရာကောင်းအောင် ငိုနေသည်ကို သူတို့ မြင်နေရသည်။
"ဘာဖြစ်တာလဲ၊ နှစ်သစ်မှာ မငိုပါနဲ့"
"မင်းရဲ့ခင်ပွန်းနဲ့ ရန်ဖြစ်ခဲ့တာလား၊ မငိုပါနဲ့... မငိုပါနဲ့... ငယ်ရွယ်တဲ့ စုံတွဲတွေက သင့်မြတ်အောင် နေရမယ်လေ"
"မှန်တယ်၊ အေးနေပြီ အိမ်ကို အမြန်ပြန်လိုက်တော့... မင်းရဲ့ခင်ပွန်းက ဟင်းတွေ အများကြီးချက်ထားပြီး အိမ်မှာ စောင့်နေမှာ သေချာတယ်"
ဘေးပတ်ဝန်းကျင်မှ ကြင်နာတတ်သူများက သူမကို ဝိုင်းဝန်းနှစ်သိမ့်ပေးနေကြသောကြောင့် လဲ့ကျစ်၏ မျက်ရည်များက ရုတ်ခြည်း ဝေ့တက်လာပြန်သည်။ လူအများ၏ အာရုံစိုက်မှုကို ခံနေရသဖြင့် သူမ အလွန်ရှက်ရွံ့သွားမိသည်။
သူမ မော့ကြည့်လိုက်ချိန်တွင် သူမ၏ လက်ကောက်ဝတ်မှ လက်ကောက်လေးက နေရောင်အောက်၌ လင်းလက်နေသည်ကို သူမ မြင်လိုက်ရသည်။ ထိုအချိန်မှသာ သူမ လန့်ဖျပ်သွားမိသည်။
‘ခင်ပွန်း…’
‘လူတွေက ထိခိုက်ခံစားရတဲ့အခါ... ဘေးအန္တရာယ်ကြုံရတဲ့အခါ.... အန္တရာယ်အကင်းဆုံးလို့ ထင်ရတဲ့နေရာကိုပဲ အမြဲပြန်သွားချင်ကြတယ်။ အခုလို ဝမ်းနည်းစရာအကောင်းဆုံးလို့ ခံစားနေရတဲ့အချိန်မှာ သူမစိတ်ထဲမှာ ပေါ်လာတဲ့လူက သူပါပဲ။
ဟော်တူ...
သူမ တကယ်ပဲ သူ့ကို လွမ်းတယ်။
သူ ဒီမှာရှိနေရင် ကောင်းမယ်။ တစ်ယောက်တည်း ငုတ်တုတ်ထိုင်ပြီး ငိုနေရတာထက် သူ့ရင်ခွင်ထဲမှာ ငိုရတာက ပိုကောင်းနိုင်တယ်။’
ထိုသို့ တွေးမိသည်နှင့် လဲ့ကျစ်၏ မျက်လုံးများက ထပ်မံ နီရဲလာပြန်သည်။ ထိုစဉ် လင်းယွဲ့နှင့် ကျင့်ရှင်းတို့ အပြေးအလွှား ရောက်လာကြပြီး သူမကို တွေ့သွားသဖြင့် သက်ပြင်းချလိုက်ကြသည်။
“သခင်မ”
နှစ်ယောက်သား လဲ့ကျစ် မတ်တပ်ရပ်နိုင်ရန် ဝိုင်းကူကြပြီး ချော့မော့နေကြသည်။
"အရင်ပြန်ကြရအောင်နော်"
သူမ၏ အစေခံများ ရောက်လာသည်ကိုမြင်မှသာ စုရုံးနေသော လူအုပ်ကြီးလည်း စိတ်အေးသွားကြပြီး အသီးသီး လူစုခွဲသွားကြသည်။
.........။.........။.......
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနှင့် အမှန်တရားကို လက်မခံနိုင်မှုတို့ကြောင့် ထိုညတွင် လဲ့ကျစ်တစ်ယောက် အဖျားပြန်တက်လာတော့သည်။
သူမ၏ မျက်နှာက ဖြူဖျော့နေပြီး အိပ်မက်ဆိုးများကြားတွင် အတိတ်မှ ပုံရိပ်များစွာ ပြန်ပေါ်လာသည်။ သူမ၏အိပ်မက်ထဲတွင် အစ်ကိုတော်က အသက်ရှင်နေသေးပြီး ယောင်းမဖြစ်သူနှင့်အတူ တော်ဝင်ဥယျာဉ်ထဲတွင် ပန်းများကို ကြည့်ရင်း ပျော်ရွှင်နေကြသည်။ ထိုမြင်ကွင်းက လှပလွန်းသဖြင့် မေ့ပျောက်ရန် ခက်ခဲစေသည်။
လဲ့ကျစ်၏ လည်ချောင်းများ ခြောက်သွေ့နာကျင်နေစဉ် တစ်စုံတစ်ယောက်က သူမကို လက်ဖဝါးဖြင့် ထိန်းမကာ ရေနွေး တိုက်ပေးခဲ့သည်။ ရေနွေးနွေးလေးကြောင့် သူမ အနည်းငယ် သက်တောင့်သက်သာ ဖြစ်သွားရသည်။
လဲ့ကျစ်က သူမ၏ မျက်ခွံများက အလွန်လေးလံနေသဖြင့် မဖွင့်နိုင်ဖြစ်နေသည်ကို ခံစားမိသော်လည်း သူမ၏စိတ်အာရုံများက ရှုပ်ထွေးနေဆဲပင်။ သူမ မည်သည့်နေရာသို့ ရောက်နေမှန်းပင် မသိတော့ပေ။
‘ငါ့ကို ဘယ်သူ ရေတိုက်တာလဲ၊ ဟော်တူပဲ ဖြစ်မှာပါ...’
‘ငါ ငှက်ဖျားဖြစ်တုန်းကလည်း ဟော်တူက ငါ့အနားမှာ အမြဲရှိနေပေးပြီး ရေနဲ့ ဆေးတွေ တိုက်ခဲ့ဖူးတယ်။ ပြီးတော့ သူက ငါ့ကို ပွေ့ဖက်ချော့မြှူပေးခဲ့သေးတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ သူက ဘာကြောင့် ရေတိုက်ပြီးတာနဲ့ ထွက်သွားရတာတုန်း’
‘သူက ဘာလို့ ငါ့ကို မပွေ့ဖက်ပေးတာလဲ’
လ့ကျစ်တစ်ယောက် အိပ်မွေ့ချခံထားရသည့်အလား ငိုက်မျဉ်းနေရင်းမှ ဝမ်းနည်းပူဆွေးစွာဖြင့် တိုးတိုးလေး ညည်းညူနေမိသည်။
“ဟော်တူ... ဟော်တူ…”
လက်ဖက်ရည်ခွက်ကို ချပြီးနောက် လဲ့ကျင်း ကုတင်ဘေးသို့ ပြန်ချဉ်းကပ်လာစဉ် ညီမဖြစ်သူ၏ တိုးတိုးလေး ညည်းညူနေသော အသံကို ကြားလိုက်ရသည်။ သူမ ခဏမျှ မှင်သက်သွားပြီး ရင်ထဲတွင်လည်း ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်သွားရသည်။ လဲ့ကျစ်၏ မျက်နှာပေါ်မှ အဖျားဒဏ်ကြောင့် နီမြန်းနေမှုများ အနည်းငယ် လျော့ပါးသွားသည်ကို တွေ့ရမှ လဲ့ကျင်းက ညီမလေးအတွက် စောင်ကို သေသေချာချာ ပြန်ခြုံပေးလိုက်သည်။
လဲ့ကျင်းလည်း စကားဖြင့် ဖော်ပြရန်ခက်ခဲသော ခံစားချက်များကြောင့် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချကာ အခန်းအပြင်သို့ လှည့်ထွက်လာခဲ့သည်။
"ရှောင်ကျင်း... ကျစ်ကျစ် နေကောင်းရဲ့လား"
လဲ့ကျင်း တံခါးပိတ်လိုက်သည်နှင့် အပြင်ဘက်တွင် စောင့်နေသော ဖူရှန်းက ရှေ့သို့ လှမ်းလာပြီး စိုးရိမ်တကြီး မေးလိုက်သည်။
"အဖျားကတော့ နည်းနည်း သက်သာသွားပါပြီ၊ ဒါပေမဲ့..."
လဲ့ကျင်းက တွေဝေစိတ်ကြောင့် မျက်လွှာချလိုက်မိသည်။
‘ဒီရက်တွေမှာ ကျစ်ကျစ်က သူမရဲ့ခံစားချက်တွေကို အပြင်းအထန် ဖိနှိပ်ထားနိုင်ခဲ့ပေမယ့် သူမ အားနည်းနေတဲ့အချိန်တွေမှာ သူမရဲ့စိတ်ခံစားမှုတွေကို ဖိနှိပ်ဖို့ ခက်ခဲသွားတာ သဘာဝပါပဲ’
‘ငါ့ရဲ့ မိုက်မဲတဲ့ညီမလေးက အဲ့ဒီသူ မရှိဘဲ လုံးဝ မနေနိုင်တော့ဘူး။’
"ယောင်းမကရော ဘယ်မှာလဲ"
"သူ ကျစ်ကျစ်ကို စိတ်ပူနေပေမဲယ့် မျက်နှာချင်းလည်းမဆိုင်ချင်ဘူးလေ၊ အိမ်ရှေ့ခန်းမှာပဲ ခဏထိုင်နေပြီး ပြန်ထွက်သွားတယ်"
လဲ့ကျင်းက ခေါင်းညိတ်လိုက်သော်လည်း သူမ၏မျက်နှာက ဖြူဖျော့နေဆဲပင်။ သူမက ဖူရှန်းကို တွေဝေစွာ ကြည့်ရင်း မေးလိုက်ပြန်သည်။
"အားရှန်း... ဟိုတုန်းက အစ်ကိုနဲ့ ယောင်းမကြားမှာ ထူးဆန်းတာ တစ်ခုခုကို ရှင် မြင်ဖူးလား"
"အင်း... ကိုယ် နည်းနည်းတော့ သတိထားမိခဲ့တယ်"
“တကယ်တော့ ကျွန်မလည်း နည်းနည်း မြင်ခဲ့ဖူးတယ်”
လဲ့ကျင်း၏ မျက်လုံးများက နီရဲလာပြီး အသံက တိမ်ဝင်သွားသည်။
"ဒါပေမယ့် ကျွန်မ မြင်တာက မှားနေတယ်လို့ပဲ အမြဲ တွေးခဲ့မိပြီး အဲဒါတွေကို တမင်တကာ လျစ်လျူရှုခဲ့တာ"
ထိုအချိန်တုန်းက လဲ့ကျင်းနှင့် ဖူရှန်းတို့က ချစ်ခြင်းမေတ္တာအကြောင်း ဘာမှနားမလည်သေးသော လဲ့ကျစ်နှင့် မတူဘဲ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိနေကြသူများ ဖြစ်သည်။ ထို့ကြောင့် အစ်ကိုတော်နှင့် ယောင်းမတို့၏ သိမ်မွေ့သော အမူအရာများကြားတွင် တစ်စုံတစ်ခု လွဲမှားနေကြောင်း သူတို့ ရိပ်မိခဲ့ကြသည်။ သို့သော် သူမက အကောင်းဘက်ကသာ တွေးချင်ခဲ့ပြီး မိမိကိုယ်တိုင် အတွေးလွန်နေသည်ဟုသာ ယူဆခဲ့သည်။
"ဒါတွေက ဘယ်လိုဖြစ်ပြီး ဒီလိုတွေ ဖြစ်ကုန်ရတာလဲ..."
လဲ့ကျင်း၏ မျက်ရည်များက ထိန်းမရဘဲ စီးကျလာသည်။ နေခင်းဘက်တွင် ပြိုလဲသွားသော ညီမဖြစ်သူနှင့် ဘာမှမသိရှာသော တူဖြစ်သူ ယုအာအတွက် စိုးရိမ်နေရသဖြင့် သူမ၏ ခံစားချက်များကို အတင်းဖိနှိပ်ထားခဲ့ရသည်။ သို့သော် ယခုအချိန်တွင်တော့ သူမလည်း သည်းမခံနိုင်တော့ဘဲ အလွန်ဝမ်းနည်းနေမိသည်။
‘အခု သူမ ဘာဆက်လုပ်ရမှန်းလည်း မသိတော့ပါဘူး၊ ယောင်းမနဲ့ အစ်ကိုတော်တို့ကြားမှာ ဒီလိုအတိတ်ဇာတ်လမ်းမျိုး ရှိလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ အမြဲတမ်း နူးညံ့သိမ်မွေ့ပြီး သဘောထားပြည့်ဝခဲ့တဲ့ အစ်ကိုတော်က ဘာကြောင့် ချစ်သူရှိနေတဲ့ အမျိုးသမီးကို အတင်းအဓမ္မ တောင်းဆိုခဲ့တာလဲ၊ အဲ့ဒါက သူမအတွက် အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ် ဖြစ်လာခဲ့ပြီ။ အစ်ကိုတော်ကလည်း ဒီလောကထဲမှာ မရှိတော့ဘူး၊ အဲ့မေးခွန်းအတွက် အဖြေက ထာဝရ ပျောက်ဆုံးသွားခဲ့ပြီ’
သူ့၏ချစ်ရသူ ငိုကြွေးနေသည်ကို မြင်ရသောကြောင့် ဖူရှန်း၏နှလုံးသားလည်း နာကျင်သွားရသည်။ သူက လက်ကိုင်ပုဝါကို ထုတ်ကာ လဲ့ကျင်း၏ ပါးပြင်ပေါ်မှ မျက်ရည်များကို ညင်ညင်သာသာ သုတ်ပေးလိုက်သည်။ ထို့နောက် သူမကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းကာ အနူးညံ့ဆုံး ပွေ့ဖက်ပြီး နှစ်သိမ့်ပေးနေခဲ့သည်။
အခန်းအတွင်းရှိ ကုတင်ပေါ်မှ လဲ့ကျစ်က အိပ်ပျော်နေဆဲ ဖြစ်သော်လည်း သူမ၏ နဖူးတွင် ချွေးစများ ထွက်နေသည်။ အိပ်မက်ထဲတွင် ကြောက်မက်ဖွယ်ရာ တစ်ခုခုကို မြင်တွေ့နေရသည့်အလား သူမ၏ မျက်နှာလေး ရှုံ့တွနေပြီး တစ်ကိုယ်လုံးလည်း တုန်ယင်နေသည်။
သူမ စိုးရိမ်ပူပန်နေသော စိတ်ကြောင့်လည်း ဖြစ်နိုင်သလို၊ အိပ်မက်ထဲတွင် သူမ မြင်တွေ့နေရသည့် မြင်ကွင်းများက တိတ်ဆိတ်ငြိမ်သက်လွန်းနေပြီး ထိုပုံရိပ်များက သူမ၏ အသိအာရုံထဲသို့ အတင်းအဓမ္မ တိုးဝင်လာနေသည်။
ကြယ်အလင်းရောင် ကင်းစင်နေသော ညအမှောင်ထုအတွင်း၌ လူတစ်စုက အမှောင်ကို အခွင့်ကောင်းယူကာ ရှန့်ယန်မြို့ကို ဝိုင်းရံထားကြသည်။ သို့သော် မြို့တံခါးကြီးကို ကြီးမားလှသော သစ်သားတုံးကြီးနှစ်တုံးဖြင့် ပိတ်ဆို့ထားသောကြောင့် အပြင်မှ အလွယ်တကူ တွန်းဖွင့်၍ မရနိုင် ဖြစ်နေလေသည်။
........။.........။.........
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။
LDRS-Long Distance Relationship (အနေဝေးတဲ့ ချစ်သူဆက်ဆံရေးက) အရမ်းကို ခက်ခဲပါတယ်။ QAQ**