← Chapters

အခန်း (၈၀-၈၁)

Vol. 8 Ch. 80-81

အခန်း (၈၀-၈၁)

Vol. 8 Ch. 80-81

အခန်း ၈၀ အလောသုံးဆယ်

ကြယ်များမရှိ၊ လမရှိ... အရာအားလုံးက သေမင်းတမျှ တိတ်ဆိတ်နေသည်။

ချူရန်က မီးရှူးတိုင်များ ကိုင်ဆောင်ထားသည့် မျိုးနွယ်စုဝင်များနှင့်အတူ စီရင်စုအိမ်တော် တံခါးမကြီးကို ဝုန်းခနဲ တွန်းဖွင့်လိုက်သည်။ ထိုစဉ် အစိမ်းရင့်ရောင် အပေါ်ဝတ်ရုံကို ခန့်ညားစွာ ဝတ်ဆင်ထားသည့် ဟော်တူက ခြံဝင်းအတွင်း၌ ရပ်နေကာ သူတို့ကို အေးစက်စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

‘သူက ဒီည သူတို့ရဲ့တိုက်ခိုက်မှုကို ဟိုးအရင်ကတည်းက မျှော်လင့်ထားပုံရတယ်’

သူ့ဘေးတွင် စစ်သည်အနည်းငယ်သာ ရှိနေသော်လည်း သူ၏ တည်ငြိမ်လွန်းသော အမူအရာနှင့် အရှိန်အဝါက မြင်သူတိုင်းကို အံ့အားသင့် ထိတ်လန့်စေခဲ့သည်။

ချူရန်က ရုတ်တရက် ရယ်မောလိုက်သည်။

‘ဒီကလေးက မာနကြီးလွန်းနေတာပဲ.... ဟုတ်တယ်မလား’

"ဟော်တူ... ငါ မင်းကို အစောကြီးကတည်းက ပြောခဲ့ပြီးသား၊ ကျားကို မွေးမြူတာက ဘေးအန္တရာယ်ကို ဖိတ်ခေါ်တာပဲ"

ချူရန်က ပြုံးနေသော်လည်း ထိုအပြုံးက မျက်လုံးထဲအထိ မရောက်နေပေ။ ထို့နောက် သူက တစ်လုံးချင်းစီ ပြတ်သားစွာ ပြောလိုက်သည်။

"ဒါဆို ဒီနေ့ မင်းက သေချင်လို့ သေလမ်းကို ကိုယ်တိုင်ရွေးတာပဲ"

ဟော်တူက နှုတ်ခမ်းကို အနည်းငယ် တွန့်ကွေးလိုက်ပြီးမှ မေးခွန်းပြန်ထုတ်လိုက်သည်။

"တကယ်လား"

သူ၏ မျက်လုံးများ မော့လာချိန်တွင် ထိုမျက်ဝန်များ၌ ရန်လိုမှုနှင့် သရော်လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။ ထို့နောက် သူက ချူရန်ကို ယခင်က မေးခဲ့ဖူးသည့် စကားကိုပင် ထပ်မံ ပြောလိုက်ပြန်သည်။

"ခင်ဗျား တစ်ယောက်တည်းနဲ့လား"

ချူရန်က သူ၏ ညီမငယ်နှင့် အလွန်တူသော ဤကောင်လေး၏ မျက်နှာကို ကြည့်လိုက်မိသည်။ သို့သော် ထိုမျက်နှာတွင် ရှိနေသည့် မောက်မာမှုများမှာတော့ ဟော်ချန်ယွင်နှင့် အလွန်တူလွန်းနေသည်။ ချူရန်က အေးစက်နေသော ဓားလက်ကိုင်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး ခပ်သဲ့သဲ့ ပြုံးနေလေသည်။

...........။........။.........

မြို့ကို ပိတ်ဆို့ခြင်း၊ အိမ်တော်ကို ဝိုင်းရံခြင်း၊ ဓားသမားများနှင့် တိုက်ပွဲဖြစ်ပွားခြင်း...

လဲ့ကျစ်၏ အိပ်မက်ဆိုးများထဲတွင် ထိုမြင်ကွင်းများက ဗရပွေ ပြည့်နှက်နေသည်။ သို့သော် သူမက ထိုပုံရိပ်များကို အပိုင်းပိုင်းအစစသာ မြင်နေရပြီး အတိအကျ ပေါင်းစပ်၍ မရနိုင်သေးပေ။

နောက်ဆုံးတွင် သူမ ထိတ်လန့်တကြားဖြင့် မျက်လုံးများကို ဖွင့်လိုက်သော်လည်း ခန္ဓာကိုယ်တစ်ခုလုံးတွင် ခွန်အား တစ်စက်မျှ မရှိနေသည်ကို သိလိုက်ရသည်။

"သခင်မ... နောက်ဆုံးတော့ နိုးလာပြီ"

လင်းယွဲ့၏ မျက်လုံးများတွင် ဝမ်းသာမျက်ရည်များ ဝဲတက်လာသည်။ သူမက အနွေးပဝါကို အလျင်အမြန် ယူလိုက်ပြီး လဲ့ကျစ်၏ နဖူးကို သုတ်ပေးကာ ရေရွတ်လိုက်သည်။

"နောက်ဆုံးတော့ ချွေးတွေ ထွက်လာပြီ"

လဲ့ကျစ်က သူမ၏ တစ်ကိုယ်လုံးတွင် ချွေးစေးများ ထွက်နေပြီး ဝတ်ထားသော ညဝတ်အင်္ကျီလည်း စိုရွှဲနေသည်ကို ခံစားနေမိသည်။ သို့သော် သူမ ထိုအရာများကို ဂရုမစိုက်နိုင်သေးပေ။ အိပ်မက်ထဲမှ မြင်ကွင်းများက အပြင်တွင် တကယ်ဖြစ်ပျက်နေသကဲ့သို့ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲ ဖြစ်သည်။

သူမ၏ နှလုံးသားက အလိုလိုနေရင်း စိုးရိမ်ပူပန်မှုများဖြင့် တုန်လှုပ်နေသည်။ လဲ့ကျစ်က ရုန်းကန် ထထိုင်လိုက်ပြီး လှမ်းမေးလိုက်သည်။

“ငါ အိပ်နေတာ ဘယ်လောက်တောင် ကြာသွားပြီလဲ”

“သခင်မရဲ့ ဒီတစ်ခါ အဖျားက အရမ်း ပြင်းထန်တယ်၊ ဒီနေ့ဆို ခြောက်ရက်မြောက်နေ့တောင် ရှိနေပါပြီ၊ ကျွန်မတို့လည်း သေမလောက် စိတ်ပူနေကြတာ”

လင်းယွဲ့၏ အသံက တုန်ယင်နေဆဲဖြစ်ပြီး ကြောက်ရွံ့တုန်လှုပ်မှုများ ရောနှောနေသည်။

"ဘာ..."

‘ငါ တကယ်ပဲ အဲဒီလောက်အထိ အကြာကြီး မေ့မျောနေခဲ့တာလား’

လဲ့ကျစ်၏ မျက်ခွံများက လှုပ်ယမ်းသွားပြီး သူမ၏ နှလုံးသားက မငြိမ်မသက်ဖြစ်လာကာ တည်ငြိမ်မှု မရှိတော့ပေ။ သူမက လင်းယွဲ့ကို ကြည့်ကာ ထပ်မေးလိုက်သည်။

"ရှန့်ယန်မြို့... အရှင့်သားက သတင်းပို့ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်သေးလား"

“ဟင့်အင်း”

လင်းယွဲ့က ခေါင်းခါလိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လူတိုင်း၏ စိတ်နှလုံးများက သခင်မ၏ ကျန်းမာရေးအပေါ်တွင်သာ ရှိနေခဲ့ပြီး ရှန့်ယန်မြို့၏ အခြေအနေကို ဂရုမစိုက်နိုင်ခဲ့ကြပေ။ သို့သော် အရှင့်သားက မည်သူတစ်ဦးတစ်ယောက်ကိုမျှ သတင်းပို့ရန် စေလွှတ်ခြင်း မရှိသောကြောင့် အခြေအနေက အေးဆေးနေသည်ဟုသာ သူမတို့ ယူဆခဲ့ကြသည်။

‘ဒါပေမယ့် သခင်မက ဘာလို့ ဒီလောက်တောင် စိတ်ပူနေရတာလဲ’

"မြန်မြန်"

လဲ့ကျစ်က မျက်မှောင်ကြုတ်ကာ အမိန့်ပေးလိုက်သည်။

"ရှန့်ယန်မြို့မှာ ဘာတွေဖြစ်နေလဲဆိုတာ သိဖို့ ရှမင်ကို အခုချက်ချင်း သွားခိုင်းလိုက်၊ မမှောင်ခင် ပြန်လာဖို့ သေချာပြောလိုက်နော်”

လင်းယွဲ့က လဲ့ကျစ် ခေါင်းအုံးကို မှီနိုင်ရန် ကူညီပေးရင်း ချက်ချင်း တုံ့ပြန်လိုက်သည်။

"သခင်မ စိတ်မပူပါနဲ့၊ ဒီအစေခံ ချက်ချင်း သွားစီစဉ်လိုက်ပါ့မယ်"

လင်းယွဲ့ ထွက်သွားပြီးနောက် လဲ့ကျစ်က ထရပ်ကာ ရေချိုးခန်းဆီသို့ လျှောက်သွားလိုက်သည်။ သူမကိုယ်ကို ရေထဲတွင် နှစ်မြှုပ်ပြီး ပြင်းပြင်းထန်ထန် အသက်ရှူသွင်းလိုက်သည်။ သူမ ယခုမှ သူမ၏ အလွဲအချော်များကို ပြန်တွေးကြည့်ရင်း ခေါင်းယမ်းလိုက်မိသည်။

‘ငါ တကယ်ကို မတည်ငြိမ်သေးဘူးပဲ’

‘ဒါက အိပ်မက်တစ်ခုပါပဲ၊ ငါ့ရဲ့ တုံ့ပြန်မှုက လွန်ကဲနေတာပါ၊ ငါ အများကြီး လျှောက်တွေးနေမိတာ ဖြစ်မှာပါ၊ ဟုတ်တယ်... အဲ့လိုပဲ ဖြစ်ရမယ်’

လဲ့ကျစ်က ရေနွေးနွေးလေးဖြင့် ပါးပြင်ကို ပွတ်သပ်ကာ လန်းဆန်းအောင် လုပ်လိုက်သည်။ နောက်ဆုံးတွင် သပ်ရပ်စွာ ဝတ်ဆင်ပြီးနောက် ရေချိုးခန်းထဲမှ နွမ်းလျစွာ ထွက်လာခဲ့ပြီး သူမ၏ အစ်မက အခန်းထဲသို့ ရောက်နေသည်ကို သူမ မြင်လိုက်ရသည်။ လဲ့ကျင်းက လဲ့ကျစ်ကို မြင်သွားပြီး သူမ အအေးပြန်မိမည်စိုးရိမ်ကာ ထူထဲသော စောင်ကြီးဖြင့် မြန်မြန် ရစ်ပတ်ပေးလိုက်သည်။

"မြန်မြန်လာ... ပြန်အိပ်လိုက်ဦးနော်"

လဲ့ကျစ်က ခေါင်းညိတ်ပြပြီး သူမ၏အစ်မကို အားနာနေဟန်လေးဖြင့် တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ် အစ်မ... အစ်မကို စိတ်ပူအောင် လုပ်မိပြီ"

ညီမဖြစ်သူ နေမကောင်းဖြစ်နေသေးသည်ကို မြင်နေရသည့် လဲ့ကျင်းက ညီမငယ်၏ခေါင်းလေးကို အသာအယာပွတ်ရင်း ပြန်ပြောလိုက်သည်။

"ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"

လဲ့ကျစ်က ယခင်ကတည်းက ကျန်းမာရေး သိပ်မကောင်းလှဘဲ ယခု ရက်အတော်ကြာ အဖျားကြီးခဲ့သောကြောင့် ရောဂါအရှင်းမပြတ်မည်ကို လဲ့ကျင်း အလွန်စိုးရိမ်နေသည်။

“ယောင်းမကိစ္စနဲ့ ပတ်သက်ပြီးတော့.... အဲဒီနေ့က ညီမ စိတ်တည်ငြိမ်မှု ပျောက်သွားခဲ့တယ်”

လဲ့ကျစ်က သူမ၏နှုတ်ခမ်းလေးကို ဖွဖွဖိကာ မျက်လုံးကို လှန်ကြည့်ရင်း ထပ်ပြောလိုက်သည်။

“ကျေးဇူးပြုပြီး နောက်မှ ယောင်းမကို လာဖို့ ဖိတ်ပေးပါ၊ သူနဲ့ ကောင်းကောင်း စကားပြောပြီး သူ ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ မေးကြည့်ရအောင်၊ နောက်ပြီး ယုအာ…”

လဲ့ကျစ်၏ အသံက ပိုလေးလံလာကာ တိုးလျသွားသည်။ သူမ၏တူလေး လဲ့ယုကို တွေးမိသည်နှင့် စကားတို့က ဆက်မထွက်နိုင်တော့ပေ။

‘အဲဒီနေ့က သူမရဲ့ ယောင်းမ ပြောခဲ့တာတွေက လက်ခံဖို့ အရမ်းခက်ခဲခဲ့တယ်လေ။ တကယ်လို့ အဲ့စကားတွေ အမှန်သာဆိုရင် သူမရဲ့အစ်ကိုနဲ့ ယောင်းမကြားက ဆက်ဆံရေးက ဘယ်လိုပုံစံမျိုး ဖြစ်နေခဲ့ကြတာလဲ’

လဲ့ကျစ်ကတော့ သားသမီးဆိုသည်မှာ မိဘများကြားရှိ ချစ်ခြင်းမေတ္တာ၏ ပြယုဂ်ဖြစ်သည်ဟု အမြဲခံစားခဲ့ရသည်။

'မိဘတွေမှာ အချစ်မရှိရင် ယုအာက ဘာလဲ၊ သူမရဲ့ယောင်းမ တွေးနေသလို ယုအာက အမှားတစ်ခုနဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုသက်သက်ပဲလား’

“အစ်မ၊ ကျွန်မ စဉ်းစားပြီးပြီ၊ ယောင်းမက ယုအာကို မလိုချင်ဘူးဆိုရင်..."

လဲ့ကျစ်က မျက်လုံးနီနီဖြင့် ဆက်ပြောနေသည်။

"အဲ့လိုဆိုရင်... ယုအာကို ကျွန်မတို့ပဲ အတူတူ ပြုစုစောင့်ရှောက်ပေးကြမယ်"

တစ်ယောက်နှင့်တစ်ယောက် နှစ်ပေါင်းများစွာ ပြောဆိုသိကျွမ်းလာပြီးနောက် သူမက ဖန့်ယင်၏ စကားကို ယုံကြည်ရန် ‌ရွေးချယ်ခဲ့သည်။ ဖန့်ယင်က သူမတို့ကို လှည့်ဖြားရန် တမင်တကာ လိမ်ညာနေမည် မဟုတ်ပေ။ ထို့ကြောင့် သူမကို အတင်းအကြပ် လက်ထပ်ရန် ခိုင်းစေခဲ့သူက သူမတို့၏ အစ်ကိုတော်သာ ဖြစ်နိုင်သည်။

သူမတို့၏ အစ်ကိုတော်နှင့် ယောင်းမတို့ကြားမှ ဆက်ဆံရေးမှာ အစကတည်းက အမှားတစ်ခုသာ ဖြစ်ကြောင်း ထင်ရှားလာခဲ့သည်။

‘ဒီလိုအခြေအနေမျိုးမှာ ဖန့်ယင်ကို ဘယ်လို အပြစ်တင်နိုင်ပါ့မလဲ၊ သူမလည်း ဒီနှစ်တွေအတွင်း သူမ မချစ်တဲ့ ခင်ပွန်းကို ဆန္ဒမပါဘဲ လက်ထပ်ခဲ့ရပြီး အများကြီး စိတ်ဆင်းရဲခဲ့ရမှာပေါ့’

‘ကောင်းကင်ဘုံရဲ့ အလိုတော်က လူသားတွေကို လှည့်စားခဲ့တယ်။ အခုအချိန်မှာ သူမ သူမရဲ့ချစ်သူဟောင်းနဲ့ ပြန်တွေ့ဆုံနိုင်ပြီဆိုတော့ သူမအတွက်တော့ ဒါက ဘုရားက ပေးသနားတဲ့ အခွင့်အရေး ဖြစ်မှာပါ’

‘ဒါပေမယ့် ယုအာကရော.... ယောင်းမက ဘဝအသစ်ကို ပြန်လည်စတင်နိုင်တော့မယ်၊ မကြာခင်မှာ ချစ်ခြင်းမေတ္တာနဲ့ မွေးဖွားလာတဲ့ ကလေးအသစ်တွေလည်း ရှိလာနိုင်တယ်၊ ဒါဆို ယုအာကို မြင်နေရတာက သူမအတွက် ဝမ်းနည်းစရာ အတိတ်ကို ပြန်လည်နှိုးဆွပေးသလို ဖြစ်နေမှာပေါ၊ ဒါဆို ငါကပဲ ယုအာကို တာဝန်ယူ စောင့်ရှောက်သင့်တယ်။ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာ မရခဲ့ရင်တောင် ယုအာမှာ သူ့ကို အသက်ထက်ချစ်တဲ့ ဒေါ်လေးနှစ်ယောက် ရှိနေသေးတာပဲ မဟုတ်ဘူးလား’

“ကောင်းပြီလေ”

လဲ့ကျင်းက ခေါင်းညိတ်သဘောတူလိုက်သည်။ သူမလည်း လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ထိုကိစ္စကို စဉ်းစားနေခဲ့ခြင်းဖြစ်ပြီး လဲ့ကျစ်၏ အတွေးနှင့် ထပ်တူကျနေသည်။ သူမတို့ အစ်ကိုတော်၏ အမှားအတွက် ညီမဖြစ်သူများက ပြန်လည်ဖြည့်ဆည်းပေးရမည်ပင်။

.........။........။.........

ညစာစားချိန်တွင် တစ်မိသားစုလုံး ညစာ အတူစားနိုင်ခဲ့ကြသည်။ လဲ့ကျစ်က ဟွာရှီမြို့သို့ ရောက်ရှိပြီးကတည်းက နေမကောင်းဖြစ်နေခဲ့ပြီး ယနေ့ စားပွဲတွင် ပထမဆုံးအကြိမ် ညစာဝင်စားခြင်း ဖြစ်သည်။

နန်းတော်နှင့် မတူဘဲ ဤခြံဝင်းအတွင်း၌ စည်းကမ်းကြီးလွန်းခြင်း မရှိပေ။ ညီအစ်မနှစ်ယောက်က ကျင့်ရှင်းနှင့် အခြားသူများကိုပါ စားပွဲတွင် ထိုင်စေပြီး ညစာ အတူစားစေခဲ့သည်။ သို့သော် ရှမင် ပြန်မလာသေးသဖြင့် လဲ့ကျစ်၏ စိတ်က မငြိမ်မသက် ဖြစ်နေဆဲပင်။

သူမက ကြွေပန်းကန်လုံးထဲမှ အသီးအရွက်များကို ငွေတူများဖြင့် အဓိပ္ပာယ်မဲ့စွာ မွှေနေမိသည်။

"ကျင့်ရှင်း၊ ညစာစားပြီးရင် ဆေးသောက်ဖို့ မမေ့နဲ့နော်"

အစ်မဖြစ်သူ၏ စကားကြောင့် လဲ့ကျစ် ရုတ်တရက် သတိပြန်ဝင်လာပြီး မေးလိုက်သည်။

"ကျင့်ရှင်းက ဘာဖြစ်လို့လဲ"

"သခင်မ... ကျွန်မ ခေါင်းနည်းနည်း ကိုက်နေတာပါ၊ ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူး"

"ဘာမှ ကြီးကြီးမားမား မဟုတ်ဘူး ဟုတ်လား"

လင်းယွဲ့က နှုတ်ခမ်းစူကာ တိုးတိုးလေး ဝင်ပြောလိုက်သည်။

"ညဘက်ဆို မအိပ်နိုင်လောက်အောင်ကို နာနေတာလေ"

လဲ့ကျစ်က မျက်မှောင်ကြုတ်လိုက်ပြီး ငွေတူများကို ချကာ မတ်တပ်ရပ်လျက် ကျင့်ရှင်းအနားသို့ လျှောက်သွားလိုက်သည်။ သူမက ကျင့်ရှင်း၏နဖူးကို အသာအယာ စမ်းကြည့်ရင်း ထပ်မေးလိုက်သည်။

"ဒါက ဘယ်လောက်ထိ ပြင်းထန်နေတာလဲ၊ သမားတော်နဲ့ ပြပြီးပြီလား၊ သမားတော်က ဘာပြောလဲ"

ကျင့်ရှင်းကလည်း ရောဂါမှ ပြန်လည်ကောင်းမွန်စ လဲ့ကျစ် တစ်ခုခု ထပ်ဖြစ်မည် စိုးရိမ်သဖြင့် အမြန် ပြန်တွဲထူပေးရင်း ပြန်ဖြေလိုက်သည်။

"ဒါက တကယ်ပဲ ဘာမှ မဟုတ်ပါဘူး သခင်မရယ်၊ လင်းယွဲ့ ချဲ့ကားပြောတာကို နားမထောင်ပါနဲ့"

“ကောင်းပြီ၊ ကောင်းပြီ”

လဲ့ကျင်းက ကူကယ်ရာမဲ့နေသည့် အပြုံးဖြင့် ဝင်ပြောလိုက်သည်။

"မင်းတို့ သခင်မရော အစေခံတွေရော အားလုံးက နေကောင်းခါစတွေဆိုတော့ မြန်မြန် ပြန်ထိုင်ကြတော့၊ ခန္ဓာကိုယ်တွေ ပြန်ကျန်းမာလာအောင် များများစားကြစမ်းပါ"

လဲ့ကျစ်က ရှက်ရွံ့စွာဖြင့် ထိုင်ခုံတွင် ပြန်ထိုင်လိုက်သော်လည်း သူမ၏ စိတ်အစုံက ငြိမ်သက်ခြင်းမရှိပေ။ သူမ ငွေတူကို ပြန်ကောက်ကိုင်လိုက်စဉ်မှာပင် ရှမင်က လေးနက်ထိတ်လန့်ဖွယ်ကောင်းသော အမူအရာဖြင့် အခန်းထဲသို့ ကမန်းကတန်း ပြေးဝင်လာသည်။ လဲ့ကျစ်၏ လက်ဖျားများက တုန်ခါသွားပြီး ငွေတူများကလည်း စားပွဲပေါ်သို့ ‘ဂလောက်’ ခနဲ မြည်အောင် ပြုတ်ကျသွားသည်။

"သခင်မ... ရှန့်ယန်မြို့မှာ တစ်ခုခု ဖြစ်သွားပြီ"

ရိုးရှင်းသော ထိုစကားလုံး အနည်းငယ်က လဲ့ကျစ်၏ နှလုံးသားကို အဆုံးမဲ့ ချောက်နက်ထဲသို့ ပစ်ချလိုက်သလို ခံစားရစေသည်။ အပြင်ဘက်မှ တိုက်ခတ်လာသော လေအေးများက သူမ၏အဆုတ်ထဲသို့ စိမ့်ဝင်သွားပြီး သူမကို ပြင်းထန်စွာ ချောင်းဆိုးသွားစေသည်။

"အဟွတ်... အဟွတ်"

လဲ့ကျစ်က စားပွဲကို အားပြုကိုင်ကာ မတ်တပ်ရပ်လိုက်ရင်း ပြန်‌မေးလိုက်သည်။

"ဘာဖြစ်တာလဲ... အခုချက်ချင်း ပြောစမ်း"

ခန်းမအတွင်းရှိ လူတိုင်း၏ မျက်နှာများက ချက်ချင်း ပြောင်းလဲသွားပြီး လဲ့ကျစ် မူးလဲမသွားစေရန် အနားမှ ဝိုင်းအုံကာ ထောက်ပံ့ပေးနေကြသည်။

"သခင်မ... ရှန့်ယန်မြို့ရဲ့ တံခါးတွေကို ပိတ်ထားပြီး မြို့ကို ဝိုင်းထားပါတယ်။ ဒီလက်အောက်ငယ်သား ခိုးဝင်ကြည့်တော့ မြို့ထဲက လူတိုင်းက လက်နက်တွေ ကိုင်ဆောင်ပြီး စီရင်စုအိမ်တော်ကို အပြင်းအထန် ဝိုင်းထားကြတာ မြင်ခဲ့ရပါတယ်"

ရှမင်က အိမ်တော်ထဲထိ အောင်မြင်စွာ မဝင်နိုင်ခဲ့သဖြင့် အပြစ်ရှိသကဲ့သို့ မျက်နှာပျက်နေရင်း ဆက်ပြောလာသည်။

"အရှင့်သားရဲ့ အခြေအနေ ဘယ်လိုရှိလဲဆိုတာ အတိအကျ မသိရပေမယ့် အပြင်ကလူတွေရဲ့ အနေအထားအရ နှစ်ဖက်စလုံးက အနိုင်အရှုံး မကွဲသေးဘဲ ရှေ့မတိုးသာ နောက်မဆုတ်သာ စောင့်ကြည့်နေတဲ့ အခြေအနေမှာ ရှိနေပုံရပါတယ်"

"အဟွတ်... အဟွတ်... ရှမင်... အခုချက်ချင်း အထုပ်အပိုး ပြင်တော့... ငါတို့ ချက်ချင်း ရှန့်ယန်မြို့ကို ပြန်မယ်"

လဲ့ကျစ်၏ မျက်နှာက သွေးမရှိသကဲ့သို့ ဖြူဖျော့နေသော်လည်း သူမ၏ လေသံက ပြတ်သားတင်းမာနေသည်။ သူမ၏ လက်များက အင်္ကျီလက်ထဲတွင် တင်းတင်းဆုပ်ထားလျက် ရှိနေသည်။

'ငါ ပြန်သွားရမယ်... သူ့ကိုကယ်ဖို့ ပြန်သွားရမယ်။’

"ကျစ်ကျစ်... မင်း မသွားရဘူး"

ခန်းမအပြင်ဘက်မှ ရင်းနှီးလှသော အသံတစ်ခု ထွက်ပေါ်လာသဖြင့် လူတိုင်း တုန်လှုပ်ခြောက်ခြားစွာ လှည့်ကြည့်လိုက်ကြသည်။ ဖန့်ယင်က လဲ့ယုကို ပွေ့ချီထားရင်း ခန်းမအပြင်တွင် ရပ်နေကာ လဲ့ကျစ်ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။

ထိုအချိန်မှာပင် ရှမင်ကလည်း ထပ်မံ သတိပေးလာသည်။

“သခင်မ... ကျွန်တော်တို့ သွားလို့ မရဘူး။ အနည်းဆုံးတော့ အခုရှိတဲ့ လူအင်အားနဲ့ ဒီအတိုင်း သွားလို့ မဖြစ်ဘူး"

‘ဘာကို ဆိုလိုတာလဲ’

လဲ့ကျစ်တစ်ယောက် စိတ်ရှုပ်နေပြီး သူတို့ ဘာကို ဆိုလိုချင်နေမှန်း မသိနိုင်တော့ပေ။

“စီရင်စုအိမ်တော် အနီးတစ်ဝိုက်မှာ ကြားခဲ့တာကတော့... ကျင်းတိုင်းပြည်ရဲ့ စစ်သည်တွေက လာမယ့်ရက်ပိုင်းအတွင်း ရှန့်ယန်မြို့ကို ရောက်လာတော့မယ်လို့ ပြောနေကြတယ်။ ကျွန်တော်တို့မှာ ရှိတဲ့ အစောင့်အဖွဲ့က မြို့ထဲက လူအုပ်ကို တားဆီးဖို့ လုံလောက်နိုင်ပေမယ့် ကျင်းတိုင်းပြည်ရဲ့ စစ်တပ်သာ ရောက်လာရင်တော့ ကျွန်တော်တို့ ကျိန်းသေပေါက် ကျရှုံးပါလိမ့်မယ်”

‘ကျင်းတိုင်းပြည်ရဲ့ စစ်သည်တွေ.... သူတို့က ချူရန်နဲ့ ဘယ်လို အဆက်အသွယ်ရှိတာလဲ’

‘ဖြစ်နိုင်တာက... ဒါက ရှန့်ယန်မြို့မှာ ရှိတဲ့ လင်းဝမ်နင်ရဲ့ ထောင်ချောက် ဖြစ်နေမလား’

"ယောင်းမ... ယောင်းမ ဒါတွေကို ကြိုသိနေတာလား"

လဲ့ကျစ်က ခန်းမထဲသို့ ချဉ်းကပ်လာသော ဖန့်ယင်ကို ကြည့်ကာ သံသယအပြည့်ဖြင့် မေးလိုက်သည်။

ဖန့်ယင်ကလည်း အမှန်တရားကို ဖုံးကွယ်မထားဘဲ တည်ငြိမ်စွာ ဝန်ခံလိုက်သည်။

"ဟုတ်တယ်"

နောက်ဆုံးတော့ လဲ့ကျစ်က အရာအားလုံးကို နားလည်သွားခဲ့သည်။

'ဖန့်ယင်က အစ်မကို တွေ့တုန်းက ဘာကြောင့် ပုန်းရှောင်နေခဲ့တာလဲ၊ ဖြစ်နိုင်တာက သူမ ရှန့်ယန်မြို့ကနေ ထွက်လာဖို့ ဆွဲဆောင်ခဲ့တာပေါ့။ ယောင်းမက မိသားစုသံယောဇဉ်ကို ငဲ့ကွက်ပြီး သူမ ဘေးကင်းရာရောက်လာအောင် စီစဥ်ထားခဲ့တာ’

"ကျင်းတိုင်းပြည်နဲ့ ယောင်းမ ဘယ်လို သဘောတူညီချက်တွေ လုပ်ထားတာလဲ"

လဲ့ကျစ်က ရင်ထဲမှ တုန်လှုပ်မှုများကို အတင်းဖိနှိပ်ကာ မေးလိုက်သည်။

"ယုအာ... ယုအာကို အသုံးချဖို့တော့ မဟုတ်ဘူးမလား"

အခြေအနေများ တင်းမာလာသည်ကို မြင်သောအခါ လဲ့ကျင်းက အစေခံများကို မျက်ရိပ်ပြလိုက်သဖြင့် ဖန့်ယင်ကလည်း လဲ့ယုလေး မကြားစေရန် ကလေးကို လင်းယွဲ့လက်ထဲသို့ အပ်လိုက်သည်။ ကျင့်ရှင်းကတော့ "ကျင်းတိုင်းပြည်" ဟူသော စကားကို ကြားလိုက်ရချိန်တွင် မျက်ခုံးများ သိသိသာသာ လှုပ်ယမ်းသွားပြီး နဖူးကို ဖိကာ လဲ့ယုနှင့်အတူ အခန်းထဲမှ ထွက်သွားခဲ့သည်။

ဖန့်ယင်က ခေါင်းခါရင်း ငြင်းဆိုလိုက်သည်။

“မဟုတ်ဘူး...”

ကျင်းလူမျိုးများက သူမကို ရှာတွေ့ခဲ့ပြီး တာ့လီတိုင်းပြည်ကို ပြန်လည်ထူထောင်ပေးမည်ဟူသော ကတိများဖြင့် စည်းရုံးခဲ့ကြသည်။ သူတို့က တာ့လီတိုင်းပြည်၏ တစ်ဦးတည်းသော အမွေခံဖြစ်သည့် လဲ့ယုကို အသုံးချကာ တာ့ချီတိုင်းပြည်ကို တိုက်ခိုက်ရန် စစ်သည်များ၏ စိတ်ဓာတ်ကို မြှင့်တင်လိုကြခြင်း ဖြစ်သည်။ သို့သော် ဖန့်ယင်က မိုက်မဲသူမဟုတ်ပေ။ သူမက လဲ့ကျွင်းကို မချစ်ခဲ့သော်လည်း ယုအာက သူမ၏ ရင်သွေးဖြစ်သဖြင့် ကလေးကို နိုင်ငံရေး အပေါင်ခံပစ္စည်းအဖြစ် အသုံးချခံမည် မဟုတ်ပေ။

သို့သော်လည်း သူမ အခြားတိုင်းပြည်များက တာ့ချီအပေါ် တိုက်ခိုက်ခြင်းကိုတော့ တားဆီးမည် မဟုတ်ပေ။ တာ့လီ၏ ပြည်သူတစ်ဦးအနေဖြင့် တာ့ချီကို မုန်းတီးခြင်းက သဘာဝကျလှသည်။ သူမ သိရှိခဲ့ရသည်မှာ လဲ့ကျစ် ရှန့်ယန်မြို့သို့ ရောက်နေခြင်းဖြစ်ပြီး၊ လဲ့ကျစ် မြို့ထဲမှ ထွက်လာအောင် ဤအကြံအစည်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ကျင်းတိုင်းပြည်မှ လူများက လက်လျော့မည် မဟုတ်ကြောင်း ဖန့်ယင် နားလည်နေပြီး ယုအာကို တတ်နိုင်သမျှ လုံခြုံသောနေရာသို့ အမြန်ဆုံးပို့ပေးရမည် ဖြစ်သည်။ သူ့အဒေါ်နှစ်ယောက်က အသင့်တော်ဆုံး လူများ ဖြစ်သည်။

"ကျစ်ကျစ်၊ မင်းလည်း တာ့ချီကို မုန်းတယ်မဟုတ်လား"

‘တာ့ချီတိုင်းပြည်ရဲ့ ထိုက်ဇီ ကျင်းလူမျိုးတွေရဲ့လက်ထဲမှာ သေဆုံးသွားတာက သူမတို့အတွက် ပျော်ရွှင်စရာဖြစ်ရပ်တစ်ခု မဟုတ်ဘူလား’

"ရှင်...မသိဘူး... ရှင် ဘာမှမသိဘူး"

"မင်း... မင်း ဘာမှမသိဘူး!" လဲ့ကျစ်သည် ဝမ်းနည်းလွန်းသဖြင့် ဖန့်ယင်ကို ဆက်၍ စကားမပြောနိုင်တော့ပေ။

‘နောက်ကျသွားပြီ... သူ့ကို ကယ်ဖို့ နောက်ကျသွားပြီလား’

လဲ့ကျစ်က အစ်မဖြစ်သူ၏ လက်ကို ရုန်းထွက်ကာ အပြင်သို့ ပြေးထွက်လာခဲ့သည်။ အေးစက်သော ညလေများက သူမ၏ နားထဲသို့ တဟူးဟူး ဝင်လာနေသည်။

‘ငါ ဘာဆက်လုပ်ရမှာလဲ၊ သူတို့ရဲ့ စစ်သည် အရေအတွက်ကို သေချာရေတွက်ဖို့ သွားရမှာလား... ဒါဆို ငါ ဘာဆက်လုပ်ရမှာလဲ...’

"ကျစ်ကျစ်"

လဲ့ကျင်းက ညီမဖြစ်သူ၏ လက်ကောက်ဝတ်ကို မြဲမြံစွာ ဆွဲကိုင်လိုက်ပြီး သတိပေးလိုက်သည်။

"စိတ်အေးအေးထားစမ်း"

"အင်း... စိတ်အေးအေးထားမယ်... စိတ်အေးအေးထားမယ်... "

လဲ့ကျစ်၏ ပါးပြင်ပေါ်တွင် မျက်ရည်များ ပြည့်လျှံနေကာ သူမက အတင်း ဖိသုတ်နေရင်း ကူကယ်ရာမဲ့သော အကြည့်ဖြင့် တိုးတိုးလေး ညည်းညူနေသည်။

“အစ်မ... ညီမကို မတားပါနဲ့... ဟုတ်ပြီလား... ညီမ သွားရမှာ... ညီမ သွားမှာ သေချာတယ်"

"ဟုတ်ပါပြီ... အစ်မက မင်းကို မတားပါဘူး"

လဲ့ကျင်း၏ မျက်လုံးများကလည်း နီရဲနေပြီး ညီမဖြစ်သူ၏ မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်သည်။

‘အစ်မက မင်းကို တားမှာ မဟုတ်ပါဘူး။ နောက်ပြီး မင်းကို တားလည်း မတားနိုင်ပါဘူး’

လဲ့ကျစ်က နောက်ဆုံးတွင် စိတ်သက်သာရာရသွားသည်။

‘သူမ အကြောက်ဆုံးက အစ်မဖြစ်သူက ခွင့်မပြုဘဲ တားဆီးနေမှာကိုပါ၊ အဲ့လိုဆိုရင် သူမ တကယ်ကို အကျပ်ရိုက်သွားရလိမ့်မယ်’

လဲ့ကျစ်က သူမ၏ မျက်လုံးများကို အောက်သို့ ငုံ့ချထားကာ စိတ်နှလုံးကို တည်ငြိမ်အောင် ကြိုးစားရင်း ပြန့်ကျဲနေသော ကျိုးကြောင်းဆီလျော်မှုများကို ပြန်လည်စုစည်းနေသည်။

နောက်ဆုံးတွင် အုံ့ဆိုင်းနေသော တိမ်လွှာများကြားမှ လမ်းစတစ်ခုကို သူမ ရှာတွေ့ခဲ့သည်။

"စစ်သည်တွေ ငှားရအောင်"

လဲ့ကျစ်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။

လဲ့ကျင်း အံ့ဩသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

“ဘယ်ကနေ ငှားလို့ရမှာလဲ”

"နယ်စပ်မှာရှိတဲ့ တာ့နင်က လူတွေဆီကနေ"

ထိုစကားကို ကြားလိုက်ရချိန်တွင် လဲ့ကျင်း၏ နှလုံးသားလည်း တဖြည်းဖြည်း တုန်လှုပ်လာရသည်။ ဟွာရှီမြို့က တာ့နင်တိုင်းပြည်၏ တောင်ဘက်နယ်စပ်တွင် တည်ရှိပြီး တစ်ဖက်တွင် တာ့နင်တိုင်းပြည်က ယခင်က တာ့လီတိုင်းပြည်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိခဲ့ဖူးသည်။ သို့တိုင်အောင် ထိုအရာများက အတိတ်၌ ကျန်ရစ်နေခဲ့ပြီ ဖြစ်သည်။

ယခု ပစ္စုပ္ပန်က အတိတ်နှင့် မတူတော့ပေ။

‘တာ့ချီတိုင်းပြည်ရဲ့ ထိုက်ဇီကို ကယ်တင်ရန်အတွက် နင်လူမျိုးတွေက သူတို့ရဲ့ စစ်သည်တွေကို ဘာကြောင့် ငှားပေးရမှာလဲ။’

‘ပြီးတော့ သွားရောက်အကူအညီတောင်းမယ့်သူကလည်း တာ့လီတိုင်းပြည်ရဲ့ မင်းသမီးဟောင်း ဖြစ်နေသေးတယ်’

သို့သော် လဲ့ကျစ်၏ မျက်နှာပေါ်မှ ပြတ်သားသောအမူအရာက လဲ့ကျင်း၏ စိုးရိမ်မှုများကို မျိုသိပ်ထားစေခဲ့သည်။ သူမက သူမ၏ ညီမလေးတွင် နည်းလမ်းတစ်ခုခု ရှိမည်ဟု ယုံကြည်ပေးလိုက်သည်။

“ကောင်းပြီလေ”

လဲ့ကျင်းက ညီမလေး၏ အပေါ်ရုံအင်္ကျီကို တင်းကျပ်သွားအောင် စေ့ပေးလိုက်သည်။

လဲ့ကျစ်က ခဏမျှ မှင်သက်သွားပြီးမှ လဲ့ကျင်းကို အားကိုးတကြီး ပွေ့ဖက်လိုက်သည်။ သူမက ရှိုက်ငိုနေရင်း တိုးတိုးလေး ရေရွတ်နေပြန်သည်။

“ကျေးဇူးတင်ပါတယ် အစ်မ”

.......။.......။......

အခြေအနေက အလွန်အရေးကြီးနေသဖြင့် လဲ့ကျစ်က ရှမင်နှင့် သူမ၏ လူယုံများကိုသာ ခေါ်ဆောင်လာပြီး လင်းယွဲ့နှင့် ကျင့်ရှင်းကို အိမ်တော်၌ ချန်ထားရစ်ခဲ့သည်။ ထိုမျှမက သူတို့ကို ကာကွယ်ရန်အတွက် သူမ၏ စစ်သည်များကိုပါ ချန်ထားခဲ့သည်။

တဟုန်ထိုး မြည်ဟည်းနေသော မြင်းခွာသံများကြားတွင် လဲ့ကျစ်က တောင်ဘက်သို့ ဦးတည်ကာ ခရီးပြင်းနှင်နေခဲ့သည်။ ရထားလုံးက အလွန်နှေးကွေးသဖြင့် သူမ ရထားလုံးပင် မစီးနိုင်တော့ပေ။

အေးစက်သော လေပြင်းများက သူမ၏ နှာခေါင်းနှင့် ပါးစပ်မှတစ်ဆင့် အဆုတ်ထဲအထိ စိမ့်ဝင်သွားကာ လည်ချောင်းထဲတွင် ငါးညှီနံ့ကဲ့သို့ သွေးနံ့များ ထွက်ပေါ်လာသည်ကို ခံစားနေရသည်။

သို့သော် သူမ မရပ်နိုင်သလို ရပ်လို့လည်း မဖြစ်ပေ။ လဲ့ကျစ်က တာ့ကျင်းတိုင်းပြည်မှ စစ်သည်များ၏ အရှိန်နှင့် သူမ၏ အရှိန်ကို နှိုင်းယှဉ်နေပြီး သူမ ခဏမျှ နောက်ကျ၍ မဖြစ်သည်ကိုသာ စိတ်ထဲစွဲနေလေသည်။

လဲ့ကျစ်က နေ့ညမပြတ် ခရီးနှင်ခဲ့ပြီးနောက် နောက်ဆုံးတွင် တာ့နင်တိုင်းပြည်၏ နယ်စပ်အနီးမှ စစ်စခန်းသို့ ရောက်ရှိလာခဲ့သည်။ နုနယ်သော အမျိုးသမီးတစ်ဦးနှင့် လူအနည်းငယ်သာပါသည့် အဖွဲ့က စစ်သူကြီးအား တွေ့ရန် တောင်းဆိုနေသည်ကို ကြားလိုက်ရချိန်တွင် တာဝန်ကျနေသော စစ်သည်ခေါင်းဆောင်က လှောင်ပြောင်သရော်လိုက်သည်။

“မင်းတို့က ဘယ်ကလာတာလဲ၊ စစ်စခန်းထဲကို အမျိုးသမီးတွေ ဝင်ခွင့်မရှိဘူးဆိုတာ မသိဘူးလား”

သူက ရယ်မောရင်း မေးလိုက်သည်။

ဘေးနားရှိ စစ်သည်တစ်ဦးကလည်း သံသယဖြင့် ဝင်ပြောလိုက်သည်။

"တခြားတိုင်းပြည်က သူလျှိုတွေများလား"

"ရဲတင်းလိုက်တာ"

လဲ့ကျစ်က မျက်မှောင်ကြုတ်ကာ တည်ကြည်လေးနက်သော အရှိန်အဝါဖြင့် အော်ငေါက်လိုက်သည်။

“ငါ့မှာ စစ်သူကြီးကို သတင်းပို့ဖို့ အရေးတကြီး စစ်ရေးအစီရင်ခံစာ တစ်ခုရှိတယ်။ စစ်ဘက်ဆိုင်ရာ အရေးကြီးအချက်အလက်တွေကို နှောင့်နှေးအောင် လုပ်မိလို့ ဖြစ်လာမယ့် အကျိုးဆက်ကို မင်းတို့ တာဝန်ယူမှာလား”

လဲ့ကျစ်၏ ထည်ဝါလှသော အမူအရာနှင့် ပြတ်သားသော စကားလုံးများကြောင့် စစ်သည်များက တစ်ဦးကို တစ်ဦး အထိတ်တလန့် ကြည့်လိုက်ကြသည်။ အကယ်၍ စစ်ရေးအစီရင်ခံစာ နှောင့်နှေးအောင် မလုပ်သင့်မှန်း သူတို့ သိနေပြီး ဤအမျိုးသမီး ပြောသည်က အမှန်ဖြစ်နေလျှင် ထိုသတင်းနှောင့်နှေးမှုအတွက် သူတို့ ခေါင်းပြတ်သွားနိုင်ပေသည်။

"ခဏလောက် စောင့်ပါ!"

ခဏအကြာတွင် သတင်းပို့ရန် ထွက်သွားသော စစ်သည်ငယ်လေး ပြန်ရောက်လာပြီး လဲ့ကျစ်တို့ကို တဲအတွင်းသို့ ဝင်ခွင့်ပြုလိုက်သည်။ လဲ့ကျစ်က သက်ပြင်းတစ်ချက်ကို အသာချကာ မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။ ရက်ရှည် ခရီးနှင်ခဲ့ရသဖြင့် သူမ၏ခြေထောက်များ အားနည်းနေပြီ ဖြစ်သော်လည်း လဲကျမသွားအောင် အတင်းအားယူကာ ထိန်းလျှောက်နေရသည်။

........။.......။......

စစ်တဲအတွင်းတွင် ရှိနေသူက လက်ရှိ တာ့နင်မင်းဆက်၏ စတုတ္ထမြောက် မင်းသား လီစွေ့ ဖြစ်သည်။ သူသည် နယ်စပ်တွင် တပ်စွဲထားသော မင်းသားတစ်ဦးဖြစ်သလို စစ်ရေးအောင်မြင်မှုများစွာ ရှိထားသည့် ထင်ရှားသော စစ်သူကြီးတစ်ဦးလည်း ဖြစ်သည်။

လဲ့ကျစ်က တဲအတွင်းသို့ ဝင်လိုက်သည်နှင့် စစ်တပ်ပုံစံအတိုင်း စနစ်တကျ အလေးပြုလိုက်သည်။

"အရှင့်သားကို အလေးပြုပါတယ်"

"လီတိုင်းပြည်ရဲ့ မင်းသမီးလား"

စူးစမ်းလိုသည့် အရိပ်အမြွက်များ ပါဝင်နေသော တိုးညှင်းသည့် ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။

လဲ့ကျစ် မော့ကြည့်လိုက်ချိန်တွင် ပြုံးနေသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ လီစွေ့၏ အသွင်အပြင်က ဟော်တူကဲ့သို့ နူးညံ့မှုမရှိဘဲ စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသူပီပီ ခန့်ညားထည်ဝါပြီး တောင့်တင်းခိုင်မာသည့် ပုံစံရှိသည်။

"ဟုတ်ပါတယ်"

လဲ့ကျစ်က ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။

"မင်းမှာ အရေးတကြီး တင်ပြစရာ စစ်ရေးသတင်းရှိတယ်လို့ ဒီမင်းသား ကြားတယ်"

“ဟုတ်ကဲ့”

လဲ့ကျစ်က အချိန်ဆွဲမနေတော့ဘဲ အဓိကအချက်ကို တည့်တည့်ပြောလိုက်သည်။

"တာ့ကျင်းက တာ့ချီရဲ့ ဧကရီနဲ့ ပူးပေါင်းပြီး ရှန့်ယန်မြို့မှာ ထိုက်ဇီကို လုပ်ကြံဖို့ ရည်ရွယ်နေပါတယ်"

"အိုး"

လီစွေ့က ဂရုမစိုက်ဟန်ဖြင့် ပေါ့ပေါ့ပါးပါး ပြုံးရင်း ပြန်မေးလိုက်သည်။

"အဲဒါက ဒီမင်းသားနဲ့ ဘာဆိုင်လို့လဲ"

ထိုစကားက လဲ့ကျစ်က သူမ၏နှုတ်ခမ်းလေးကို အသာအယာ တွန့်ကွေးလိုက်သည်။

“ဒါက အရှင့်သားနဲ့ တိုက်ရိုက် သက်ဆိုင်နေတာပါ၊ သူတို့ရဲ့ အကြံအစည် အောင်မြင်သွားရင် အနာဂတ်မှာ 'ဟော်ရှ' ထီးနန်းတက်လာမယ်၊ အဲဒီအခါကျရင် တာ့ချီနဲ့ တာ့ကျင်းက ခိုင်မာတဲ့ မဟာမိတ်တွေ ဖြစ်သွားလိမ့်မယ်၊ အရှင့်သားရဲ့ အမြင်အရဆိုရင် အဲဒီလို အင်အားကြီးနှစ်ခု ပေါင်းစည်းသွားပြီးနောက် သူတို့ရဲ့ နောက်ထပ် ပစ်မှတ်က ဘယ်သူဖြစ်လာမလဲ”

လီစွေ့ ထိတ်လန့်သွားပြီး လဲ့ကျစ်၏ မျက်နှာကို အနီးကပ် ပြန်လည် စူးစမ်းလိုက်သည်။

‘စိတ်ဝင်စားစရာပဲ... တကယ်ကို စိတ်ဝင်စားဖို့ ကောင်းလွန်းတယ်’

လဲ့ကျစ်က ခေတ္တမျှ စကားရပ်ထားပြီးမှ တည်တည်ငြိမ်ငြိမ် ဆက်ပြောလိုက်သည်။

"ဟော်ရှက ရက်စက်ပြီး တစ်ကိုယ်ကောင်းဆန်သူတဲ့ပါ၊ သူက သူ ဆယ်နှစ်ကျော်ကြာအောင် ခိုလှုံနေထိုင်ခဲ့တဲ့ တာ့လီကိုတောင် သစ္စာဖောက်ခဲ့တဲ့သူ။ အနာဂတ်မှာ သူသာ ဧကရာဇ်ဖြစ်လာရင် လက်ရှိ တာ့ချီဧကရာဇ်ထက် ပိုပြီး ရက်စက်ကြမ်းကြုတ်လာမှာ သေချာပါတယ်”

"ဒါပေမယ့် ဟော်တူကို ကယ်တင်လိုက်တာက ငါ့အတွက် ဘာအကျိုးအမြတ် ရှိမှာလဲ"

လီစွေ့က စားပွဲကို လက်ချောင်းဖြင့် ခေါက်ရင်း စူးစမ်းဟန်ဖြင့် မေးလာပြန်သည်။

"ဒီနေ့ အရှင့်သားက အကူအညီပေးလို့ ထိုက်ဇီ ချောချောမွေ့မွေ့နဲ့ ထီးနန်းဆက်ခံမယ့်နေ့ ရောက်လာရင် တာ့ချီနဲ့ တာ့နင်က ထာဝရ စည်းလုံးတဲ့ မဟာမိတ်တွေ ဖြစ်သွားမယ်ဆိုတာကို ကျွန်မ အာမခံနိုင်ပါတယ်"

လဲ့ကျစ်၏ စိတ်ပိုင်းဖြတ်ထားမှုကြောင့် တောက်လောင်နေသော မျက်လုံးများကို ကြည့်ကာ လီစွေ့က ခပ်ပြုံးပြုံး ထပ်မေးလိုက်ပြန်သည်။

"တာ့လီရဲ့ မင်းသမီးလေး... မင်းက ဘယ်လို အနေအထားနဲ့ အာမခံချက် ပေးနေတာလဲ"

လဲ့ကျစ်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး တဲအတွင်း ဟိန်းထွက်သွားအောင် ပြောလိုက်သည်။

"ကျွန်မက တာ့ချီရဲ့ ထိုက်ဇီဖေးမို့လို့ပါ..."

တဲကြီးအတွင်း ခဏတာမျှ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ လဲ့ကျစ်၏ နှလုံးသားကလည်း တုန်လှုပ်နေသော်လည်း သူမ၏ အကြည့်ကို လုံးဝ လွှဲမသွားခဲ့ပေ။

"ကောင်းပြီလေ"

နောက်ဆုံးတွင် လီစွေ့က သဘောကျစွာ ရယ်မောရင်း အလျှော့ပေးလိုက်သည်။

"မင်း စစ်သည် ဘယ်နှစ်ယောက် လိုချင်လဲ"

အင်္ကျီလက်ဝအတွင်း တင်းတင်းဆုပ်ထားသော လဲ့ကျစ်၏ လက်သီးများက အနည်းငယ် ပြေလျော့သွားသည်။ သူမ သက်ပြင်းတစ်ချက်ကို အသာချလိုက်ပြီး သူမ၏ ရင်ထဲရှိ အပူလုံးကြီး ချက်ချင်း ကွယ်ပျောက်သွားသလို ခံစားလိုက်ရသည်။

..........။.........။........

မြင်းခွာသံနှင့် လေတိုက်သံတို့က တစ်ပြိုင်နက်တည်း နားထဲတွင် ဆူညံနေသည်။ သူမ၏ ကိုယ်ပေါ်မှ အပေါ်ရုံဝတ်ရုံက အေးစိမ့်သော လေထဲတွင် တလွင့်လွင့် ဝဲပျံနေသော်လည်း လဲ့ကျစ်က ၎င်းကို ပြန်ပြင်ရန် ခွန်အားမရှိတော့ပေ။ လမ်းခရီးတွင် မည်မျှကြာအောင် မနားတမ်း သွားနေခဲ့ရသည်ကိုလည်း သူမ မမှတ်မိတော့။

သူမထံတွင် မျက်လုံးမှိတ်ပြီး အနားယူရန် အချိန်မရှိသလို သူမ စိတ်ထဲတွင်လည်း ဟော်တူ၏ ဘေးကင်းရေးကသာ ကြီးစိုးနေသည်။ လမ်းတစ်လျှောက်လုံးတွင် တိုက်ပွဲဝင်ခဲ့ဖူးသည့် တာ့နင်တိုင်းပြည်၏ သူရဲကောင်းများပင် ဤနုနယ်သော မိန်းကလေး၏ ဇွဲလုံ့လကို မြင်ပြီး အံ့ဩတုန်လှုပ်နေကြသည်။ သူတို့ထင်ထားသော ပျော့ညံ့သည့် မင်းသမီးလေးက ယခု ပေါက်ကွဲထွက်လုနီးပါး ခိုင်မာသော စိတ်ဓာတ်ဖြင့် ဦးဆောင်နေသည်။

စစ်သည်များကလည်း အမျိုးသမီးတစ်ဦးတောင် မနားတမ်း သွားနိုင်လျှင် သူတို့လည်း မညည်းညူသင့်ဟု ယူဆလိုက်ကြပြီး ပို၍ အားတက်သရော အပြင်းနှင်လာခဲ့ကြသည်။

ရှန့်ယန်မြို့တံခါးကို လှမ်းမြင်လိုက်ရချိန်တွင် လဲ့ကျစ်၏ ရင်ထဲ၌ လှိုက်ခနဲ ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် မြို့ပြင်၌ ကျင်းစစ်သည်များ၏ အရိပ်အယောင်ကို မတွေ့ရသေးပေ။

‘နောက်ဆုံးတော့ သူမ အချိန်မီ ရောက်လာခဲ့ပြီ’

မြို့တံခါးနားသို့ ချဉ်းကပ်လာစဉ် သူမက မြင်းပေါ်မှ လေးကို ကောက်ကိုင်လိုက်သည်။ ယခင်က ဟော်တူ သူမ၏လက်ကို အုပ်ကိုင်ကာ လေးပစ်နည်း သင်ပေးခဲ့သော်လည်း ယနေ့တွင်တော့ လဲ့ကျစ်က သူမကိုယ်တိုင် မြှားကို တိကျစွာ တပ်ဆင်လိုက်သည်။

'ရှူး...'

ငွေရောင်မြှားက လေကို ခွဲပြီး ပျံထွက်သွားကာ မြို့တံခါးပေါ်သို့ တိကျစွာ စိုက်ဝင်သွားသည်။ မြို့တံခါးကို စောင့်နေသော မျိုးနွယ်စုဝင်များက ချက်ချင်း သတိကပ်သွားကြပြီး ဝင်လာသော တပ်ဖွဲ့ကို ကြည့်ကာ ထိတ်လန့်သွားကြသည်။

"မြို့တံခါးကို ချက်ချင်း ဖွင့်ပေးစမ်း"

လဲ့ကျစ်က အမိန့်သံဖြင့် အော်ဟစ်လိုက်သည်။

ထို့နောက် မြို့တံခါးကြီးက ဖြည်းညှင်းစွာ ပွင့်လာပြီး ချူရန်က မြင်းနီလေးကို စီးကာ အေးအေးဆေးဆေး ထွက်လာနေသည်။ လဲ့ကျစ်၏ မျက်လုံးများက ချူရန်ကို စိုက်ကြည့်နေသော်လည်း သူမ၏ အသိအာရုံက မြို့ရိုးပေါ်သို့သာ ရောက်နေလေသည်။

လဲ့ကျစ်က တာ့နင်စစ်သည်များနှင့်အတူ ရှေ့တိုးလာချိန်တွင် မြို့ရိုးပေါ်၌ ရပ်နေသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ဟော်တူက မြို့ရိုးပေါ်တွင် ရပ်နေရင်း အဝေးမှ ပြေးဝင်လာသော သူမကို မှင်သက်စွာ စိုက်ကြည့်နေခဲ့သည်။

အဆုံးမရှိ တိတ်ဆိတ်နေသော ကမ္ဘာကြီးထဲတွင် သူ့မျက်လုံးထဲ၌ သူမ တစ်ယောက်သာ ရှိနေလေသည်။

‘သူမ...

သူ့ရဲ့ နုနုနယ်နယ် မင်းသမီးလေးက သူ့ကို ကယ်တင်ဖို့အတွက် အလောသုံးဆယ် ရောက်လာခဲ့ပြီ။’

အခန်း ၈၁ လပြည့်နေ့

လဲ့ကျစ်က ဖောက်ထွင်းမြင်ရလောက်အောင် ကြည်လင်နေသော ကျောက်စိမ်းဖြူဆွဲသီးလေးကို သူမ၏ ခါးတွင် ချည်နှောင်ထားသည်။ ဦးလေးရင် ပေးလိုက်သည့် ဤကျောက်စိမ်းဆွဲသီး၏ အစွမ်းသတ္တိကို သူမ အတိအကျ မသိသော်လည်း အရေးကြုံလျှင် အရာအားလုံးကို အသုံးချရမည်ဟူသော အချက်အရ ၎င်းက ရန်သူကို တုံ့ဆိုင်းသွားစေမည့် အဟန့်အတားတစ်ခု ဖြစ်လာနိုင်သည်ဟု သူမ ယုံကြည်နေသည်။

သူမ မျှော်လင့်ထားသည့်အတိုင်း ချူရန်က သူမခါးမှ ကျောက်စိမ်းဆွဲသီးကို မြင်သွားပြီး သိသိသာသာ အံ့အားသင့်သွားပုံရသည်။ သို့သော် ထိုအမူအရာက ခဏတာမျှသာ ဖြစ်သည်။

"ဟက်..."

ချူရန်က လှောင်ပြုံး ပြုံးလိုက်ရင်း လှမ်းမေးလိုက်သည်။

"ထိုက်ဇီဖေးက ဘာလို့ ဒီလောက်များပြားတဲ့ စစ်တပ်ကို ခေါ်လာရတာလဲ"

"ချူရန်.... ရှင်က မြို့ကို တိတ်တဆိတ် ပိတ်ဆို့ပြီး ထိုက်ဇီကို ဝိုင်းထားရဲတယ်ပေါ့၊ တကယ်ကို အတင့်ရဲလွန်းတာပဲ"

လဲ့ကျစ်၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်ရင်း ချူရန်က လေသံကို လျှော့ချလိုက်သည်။

"အဲတော့ ဘာဖြစ်လဲ၊ ဟော်ချန်ယွင်က ငါတို့ အမျိုးအနွယ်တွေကို အစုလိုက်အပြုံလိုက် သတ်ခဲ့တာလေ၊ ဒီနေ့ ငါ လုပ်နေတာက သူ့ရဲ့ ရက်စက်မှုတွေအတွက် တုံ့ပြန်တာပဲ”

"ဒါက အဓိပ္ပာယ်မရှိတဲ့ မိုက်မဲမှုသက်သက်ပဲ"

လဲ့ကျစ်၏ မျက်လုံးများက တင်းမာအေးစက်နေပြီး သူမ၏ အသံက ပိုကျယ်လောင်လာသည်။

"အဲဒါတွေက ဟော်ချန်ယွင် လုပ်ခဲ့တာလေ၊ လက်စားချေချင်ရင် ဟော်ချန်ယွင်ဆီကို သွားပေါ့၊ သားဖြစ်သူက အဖေ့ရဲ့ ကြွေးမြီတွေကို ဆပ်ရမယ်ဆိုတဲ့ အပေါစားစကားတွေ လာမပြောနဲ့၊ အဲဒါက ရှင့်မှာ လက်စားချေဖို့ အရည်အချင်းမရှိလို့ ပြောနေတဲ့ အကြောင်းပြချက်တစ်ခုပဲ”

ချူရန်တစ်ယောက် စကားပြန်မပြောနိုင်လောက်အောင် ဆွံ့အသွားရသည်။ ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် သူက ရယ်မောလိုက်ရင်း မေးလာပြန်သည်။

"မင်းက ဟော်တူကို ကယ်ချင်လွန်းလို့ ဒီလောက်အများကြီး ပြောနေတာပေါ့၊ ဟုတ်လား... ကောင်းပြီ... ငါ တကယ် သူ့ကို သတ်ချင်ရင်ရော.... မင်းက ဘာလုပ်နိုင်မှာလဲ"

မြို့ရိုးပေါ်မှ ဆင်းလာသော ဟော်တူကလည်း ထိုစကားကို ကြားလိုက်ရသဖြင့် သူ့ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

‘ဒါက ဘယ်လို အပြုအမူလဲ.... ဒီချူရန်ကတော့ တကယ်ကို လွန်နေပြီပဲ...’

"အရှင့်သားထိုက်ဇီသာ တစ်ခုခု ဖြစ်သွားရင်... ရှင်တို့ အားလုံးလည်း သူ့နောက်ကို လိုက်သွားရမယ်၊ ရှင်တို့အားလုံး သူနဲ့အတူ သင်္ဂြိုဟ်ခံရလိမ့်မယ်"

ဖြူဖျော့နေသော မျက်နှာနှင့် နီရဲနေသော မြေခွေးမျက်လုံးလေးများကြောင့် လဲ့ကျစ်က နတ်ဆိုးတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါနေပြီး ကြောက်မက်ဖွယ်ကောင်းနေသည်။ သူမက ရင်သပ်ရှုမောဖွယ် မိန်းမလှလေး ဖြစ်သော်လည်း ယခုအချိန်တွင် သူမ၏ တစ်ကိုယ်လုံး၌ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်လျှံနေသည်။ ၎င်းကို မြင်လိုက်ရသော မျိုးနွယ်စုဝင်များက အလိုလို ထိတ်လန့်သွားကြပြီး အနောက်သို့ ခြေတလှမ်းဆုတ်သွားကြသည်။

သို့သော် ဤခြိမ်းခြောက်မှုက မည်မျှ အခြေအမြစ်မရှိသည်ကို လဲ့ကျစ် ကိုယ်တိုင်သာ အသိဆုံးဖြစ်သည်။ သို့သော် သူမထံတွင် အခြားရွေးချယ်စရာ မရှိတော့ပေ။ ဟန့်တားခြင်းနှင့် ခြိမ်းခြောက်ခြင်းမှလွဲ၍ အခြားနည်းလမ်းကို သူမ မတွေးနိုင်တော့။ ဟော်တူက မြို့ထဲတွင် ရှိနေဆဲဖြစ်ပြီး အကယ်၍ သူမဘက်မှ တိုက်ခိုက်ရန် တွန်းအားပေးလိုက်ပါက ချူရန်ကို ဒေါသထွက်စေပြီး ဟော်တူကို တစ်ခုခုလုပ်လိုက်လျှင်...

သူမ ထိုကိစ္စကို တွေးပင် မတွေးဝံ့ပေ။

လဲ့ကျစ် အမှန်တကယ် စိတ်ဆိုးနေသည်ကို မြင်လိုက်သည့် ချူရန်က သူမအား ရန်စနေခြင်းကို ရပ်တန့်လိုက်သည်။ သူ အပြုံးဖြင့် ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် အဝေးမှ ပြင်းထန်သော မြင်းခွာသံများ ကြားလိုက်ရသည်။

ကျင်းတိုင်းပြည်၏ စစ်သည်တော်များ ရောက်ရှိလာခဲ့ချေပြီ။

လဲ့ကျစ်က သူမ၏ နှလုံးသားတစ်ခုလုံး အောက်ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ တိုက်ပွဲတွင် ကျင်းစစ်သည်များနှင့် ချူရန်တို့ နှစ်ဘက်စလုံးကို အနိုင်ရနိုင်မည့် အခွင့်အလမ်းကို သူမ တွက်ချက်နေချိန်တွင် ချူရန်က သူ့မျိုးနွယ်စုကို ဦးဆောင်ပြီး ကျင်းစစ်သည်များဆီသို့ ဦးတည်ကာ စတင်တိုက်ခိုက်နေသည်ကို အံ့ဩဖွယ် တွေ့လိုက်ရသည်။

လဲ့ကျစ်က မြင်းဇက်ကြိုးကို တင်းတင်းဆွဲကာ နှစ်ဦးနှစ်ဖက် တိုက်ခိုက်နေသည့်နေရာကို မှင်တက်စွာ လှမ်းကြည့်နေသည်။

‘ဘာတွေ ဖြစ်နေတာလဲ.... ကျင်းတိုင်းပြည်က ချူရန်နဲ့ ပူးပေါင်းပြီး ဟော်တူကို ဝန်းရံဖို့ တပ်တွေကို စေလွှတ်လိုက်တာ မဟုတ်ဘူးလား.... အခု ဘာလို့ သူတို့အချင်းချင်း ပြန်တိုက်နေကြတာလဲ’

လဲ့ကျစ်သာမက တာ့နင်တိုင်းပြည်မှ စစ်သည်များပင် အခြေအနေကို နားမလည်နိုင်ဘဲ ရပ်တန့်နေကြသည်။

"ဘာလို့ ရပ်နေကြတာလဲ၊ လာကူညီကြလေ”

ချူရန်၏ ဟိန်းဟောက်သံကို ကြားလိုက်ရမှသာ လဲ့ကျစ်လည်း သတိဝင်လာပြီး မျက်မှောင်ကြုတ်သွားရသည်။

‘ဒါက ချူရန်နဲ့ ကျင်းလူမျိုးတွေရဲ့ တကယ့်အကြံအစည်ဖြစ်နေရင် ဘယ်လို လုပ်ကြမလဲ။ ငါ ဘာမှမစဉ်းစားဘဲ အရူးလို အမိန့်ထုတ်လိုက်ရင် တာ့နင်တိုင်းပြည်ရဲ့ အပြစ်မဲ့စစ်သည်တော်တွေ ထိခိုက်ကုန်လိမ့်မယ်။’

ထိုအချိန်တွင် ကောင်းကင်၌ တိမ်မည်းများ ဖုံးလွှမ်းလာပြီး ရုတ်တရက် လေပြင်းများ တိုက်ခတ်လာကာ ကမ္ဘာတစ်ခုလုံး ဝါကျင့်ကျင့် သဲဖုန်များ ဖုံးလွှမ်းသွားသည်။

“အဟွတ်၊ အဟွတ်…”

လဲ့ကျစ်က သူမ၏ပါးစပ်နှင့် နှာခေါင်းကို အုပ်ရန် လက်တစ်ဖက်ကို မြှောက်လိုက်သော်လည်း ရက်ရှည်ခရီးဒဏ်ကြောင့် သူမ၏ ခန္ဓာကိုယ်က မတည်မငြိမ် ဖြစ်နေပြီ ဖြစ်သည်။ သူမ ဇက်ကြိုးကို လွှတ်လိုက်ချိန်တွင် မျက်လုံးများ ရုတ်တရက် ပြာဝေလာပြီး သူမ၏ ခန္ဓာကိုယ်လည်း မြင်းပေါ်မှ ဘေးတိုက် လျောကျသွားခဲ့သည်။

မျှော်လင့်ထားသည့် နာကျင်မှုများ မရောက်မီမှာပင် တစ်စုံတစ်ယောက်က သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပြီး မြင်းပေါ်သို့ မြဲမြံစွာ ပြန်ထိုင်စေလိုက်သည်ကို လဲ့ကျစ် ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်က ရင်းနှီးလွန်းသော ရင်ခွင်တစ်ခုထဲသို့ ကျဆင်းသွားသောကြောင့် မျက်ရည်များ ဝဲတက်လာသည်။

ဖုန်ထူနေသော မြူခိုးများအလယ်တွင် သူမ မျက်လုံးများကို မှိတ်ထားရင်း ဟော်တူ၏ တည်ငြိမ်လှသော အမိန့်ပေးသံကို ကြားလိုက်ရသည်။

"စစ်သည်တွေအားလုံး... တာ့ကျင်းတိုင်းပြည်က စစ်သည်တွေကို အနောက်ကနေ အရှေ့အထိ ဝိုင်းရံထား... တစ်ယောက်မှ အလွတ်မပေးနဲ့"

“အမိန့်တော်အတိုင်းပါ”

တာ့နင်စစ်သည်များက တညီတညွတ်တည်း ဟိန်းထွက်အောင် အော်လိုက်ကြသည်။

လဲ့ကျစ် စိတ်ရှုပ်သွားရပြန်သည်။

‘တာ့နင်ရဲ့စစ်သည်တွေက ဟော်တူရဲ့အမိန့်ကို ဘာလို့ ဒီလောက် နာခံနေရတာလဲ’

သို့သော် သူမ၏ မျက်လုံးများက အားနည်းစွာ မှေးစင်းနေသဖြင့် ဟော်တူ၏ လက်ထဲတွင် မြင့်မြင့်မြှောက်ထားသော "အနက်ရောင်တံဆိပ်တော်" ကို သူမ မတွေ့လိုက်ရပေ။

သူမ၏ ပါးလွှာအားနည်းနေသော ခန္ဓာကိုယ်ပေါ်သို့ အပေါ်ရုံထူထူတစ်ထည် ရောက်ရှိလာပြီး နောက်မှ နီးကပ်စွာ ပွေ့ဖက်ထားသူက သူမ၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ပေးကာ သူ့အပေါ် မှီထားစေလိုက်သည်။ သူက မြင်းဇက်ကြိုးကို ဆွဲလှည့်ပြီး မြို့ထဲသို့ ပြန်ဝင်လာသောကြောင့် အေးစက်သော လေပြင်းများက လဲ့ကျစ်၏နားရွက်ဖျားမှ ဖြတ်သန်းသွားကြသည်။

သူတို့နှစ်ဦး၏ ကြည်လင်နေသော နှလုံးခုန်သံမှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ မည်သူကမျှ ထိုတိတ်ဆိတ်မှုကို မချိုးဖျက်ဘဲ အတူတကွ ရှိနေခြင်း၏ လုံခြုံမှုကိုသာ ခံစားနေခဲ့ကြသည်။

လဲ့ကျစ်ကလည်း စကားပင် မပြောနိုင်လောက်အောင် ပင်ပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ကို အပေါ်ရုံအင်္ကျီထူထူဖြင့် နွေးထွေးအောင် ထွေးပတ်ပေးထားသော်လည်း ပေါ်ထွက်နေသော ပါးပြင်နှင့် နားရွက်လေးများမှာ လေဒဏ်ကြောင့် အေးစိမ့်ကာ နာကျင်နေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမ မနားတမ်း ခရီးနှင်ခဲ့စဉ် ကြမ်းတမ်းသော သဲလေများက သူမ၏ နုနယ်သော အသားအရေကို ခြစ်မိခဲ့ကြောင်း သူမ ခံစားနိုင်ခဲ့သည်။ စိုးရိမ်စိတ်ဖြင့် အားတင်းထားစဉ်က မသိသာသော်လည်း ယခု ဟော်တူ၏ ရင်ခွင်ထဲသို့ ပြန်ရောက်ပြီး စိတ်အေးသွားချိန်တွင် ထုံကျင်ကိုက်ခဲမှုများက တရှိန်ရှိန် တက်လာတော့သည်။ သူမက မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ညည်းညူလိုက်သည်။

ထိုစဉ် လည်ပင်းနားဆီမှ ပူနွေးစိုစွတ်သော ခံစားမှုတစ်ခုကြောင့် လဲ့ကျစ်က သူမ၏ မျက်လုံးများကို အံ့ဩတုန်လှုပ်စွာ ဖွင့်ကြည့်လိုက်သည်။ လျှာဖျားလေးတစ်ခုက သူမ၏ လည်ပင်းမှ ဒဏ်ရာလေးများကို နူးညံ့စွာ လာထိနေခြင်းပင်။ သူမ သတိပြန်ဝင်လာချိန်တွင် ထိုနှုတ်ခမ်းနှင့် လျှာက သူမ၏နားဖျားလေးဆီသို့ ပြောင်းရွှေ့သွားပြီး သာယာဖွယ်ရာ စုပ်ယူနမ်းရှိုက်နေသည်။

နားရွက်မှ စူးရှရှ နာကျင်မှုများက တဖြည်းဖြည်း ယားယံကာ ရင်ခုန်သံမြန်စေသည့် အထိအတွေ့အဖြစ် ပြောင်းလဲသွားသည်။ သို့သော် လဲ့ကျစ်၏ ခန္ဓာကိုယ်လေး တောင့်တင်းသွားပြီး သူမ၏လက်ချောင်းလေးများဖြင့် သူ့ခါးကို တင်းတင်းဆုပ်ကိုင်ထားရင်း တုန်လှုပ်နေမိသည်။

‘သူ... သူ ဘာတွေ လုပ်နေတာလဲ’

‘မြို့ထဲမှာ လူသိပ်မရှိပေမယ့် နေ့ခင်းကြောင်တောင် မြင်းပေါ်မှာရှိနေတာလေ... ဒီလူက အရှက်မရှိတာ မဟုတ်ဘူးလား’

လဲ့ကျစ်၏ မျက်တောင်လေးများက တဆတ်ဆတ်တုန်နေကာ လက်ကျန်ခွန်အားဖြင့် တိုးတိုးလေး တားမြစ်လိုက်သည်။

"မလုပ်နဲ့... မလုပ်ပါနဲ့..."

"အင်း"

ဟော်တူက တိုးညှင်းသော အသံဖြင့် သဘောတူလိုက်သော်လည်း သူမ၏ အခြားနားရွက်လေးကိုပါ နူးနူးညံ့ညံ့ ထပ်မံနမ်းရှိုက်လိုက်ပြန်သည်။

“…”

မြို့တံခါးမှ စီရင်စုအိမ်တော်သို့ သွားရသည့်လမ်းက လဲ့ကျစ်အတွက် အရှည်လျားဆုံး လမ်းဖြစ်လာခဲ့သည်။ အိမ်တော်သို့ ရောက်သည့်အချိန်တွင် ပင်ပန်းမှုကြောင့် လဲ့ကျစ်၏ မျက်ခွံများ ပိတ်လုနီးပါး ဖြစ်နေချေပြီ။

သူမ မြင်းပေါ်မှ ဆင်းရန် ပြင်နေစဉ်မှာပင် ဟော်တူက အရင်ဆုံး ခုန်ဆင်းသွားပြီး သူမကို ခါးမှပင့်ကာ ပွေ့ချီပြီး အောက်သို့ ချပေးလိုက်သည်။ လဲ့ကျစ်က သူ၏ လက်မောင်းနှစ်ဖက်အတွင်းသို့ အလိုက်သင့် တိုးဝင်သွားသည်။ သူမ၏ စိတ်အာရုံများက တွေဝေနေသော်လည်း သူမ၏လက်များကတော့ မသိစိတ်ဖြင့် သူ့လည်ပင်းကို ဖက်တွယ်ကာ အင်္ကျီစကို တင်းတင်းဆုပ်ကိုင်ထားမိသည်။

သူမတို့နှစ်ဦး၏ ပါးပြင်များက ထိကပ်လုနီးပါး ဖြစ်နေပြီး အသက်ရှူသံများပင် ရောယှက်နေသည်။ သူမအတွက် အလွန်ရင်းနှီးလှသော မင့်ရနံ့သင်းသင်းလေးကို ရှူရှိုက်ရင်း လဲ့ကျစ်က သူ့ရင်ခွင်ကို အားကိုးတကြီး မှီကာ မျက်လုံးမှိတ်ထားလိုက်သည်။

ဟော်တူက လဲ့ကျစ်ကို အိပ်ခန်းထဲသို့ သယ်ဆောင်သွားပြီး ကုတင်ပေါ်သို့ ညင်သာစွာ တင်ပေးလိုက်သည်။ သူမ အလွန် ပင်ပန်းနေသဖြင့် သူ့လက်ထဲမှာပင် အသက်ရှူသံ မှန်မှန်ဖြင့် အိပ်ပျော်သွားခဲ့သည်။ ဟော်တူက ကုတင်ဘေးတွင် ထိုင်ကာ သူမ၏ အိပ်ပျော်နေသော မျက်နှာလေးကို အချိန်အတော်ကြာအောင် တမြတ်တနိုး စိုက်ကြည့်နေသည်။

‘ဆယ်ရက်ကျော်လောက် မတွေ့ရတဲ့အချိန်အတွင်းမှာ သူ့မြေခွေးလေး သိသိသာသာ ပိန်ကျသွားပြီး မျက်နှာကလည်း ဖြူဖျော့နွမ်းလျနေပြီ’

အချိန်အတော်ကြာပြီးနောက် ဟော်တူက ကုတင်ဘေးမှ ထရပ်လိုက်ပြီး ဆေးသေတ္တာ သွားယူလိုက်သည်။ ထို့နောက် သူက အင်္ကျီလက်ဝကို လိပ်တင်ကာ သူမ၏ ပါးပြင်မှ သဲခြစ်ရာလေးများကို ဆေးလိမ်းပေးရန် ပြင်ဆင်လိုက်သည်။

“ဘုတ်”

သကြားလုံးဘူး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည့်အသံကြောင့် ကုတင်ပေါ်မှလူက အိပ်ပျော်နေရာမှ မျက်မှောင်ကြုတ်သွားသည်။ ဟော်တူက ထိုဘူးလေးကို ကောက်ယူပြီး အဖုံးဖွင့်ကြည့်လိုက်ရာ အထဲတွင် နောက်ဆုံးကျန်နေသည့် မင့်သကြားလုံးလေး တစ်လုံးတည်းသာ ရှိတော့သည်ကို တွေ့လိုက်ရသည်။ သူက ထိုသကြားလုံးကို ပါးစပ်ထဲထည့်ကာ လဲ့ကျစ်ကို တိတ်တဆိတ် ကြည့်နေပြန်သည်။

ထိုအချိန်တွင် အိပ်ပျော်နေသော လဲ့ကျစ်က သူမ၏အင်္ကျီလက်ဝကို စမ်းသပ်ရန် မသိစိတ်ဖြင့် လက်ကလေး ဆန့်ထုတ်လိုက်သည်။ အချိန်အတော်ကြာ တစ်ခုခုကို လိုက်စမ်းနေသော်လည်း ဘာမှ ရှာမတွေ့သည့်အခါ သူမ၏မျက်ခုံးလေးများ ပိုတင်းကျပ်လာသည်။ ဟော်တူက သကြားလုံးဘူးလေးကို သူမလက်ထဲသို့ ပြန်ထည့်ပေးလိုက်ရာ သူမ၏မျက်ခုံးလေးများ လျော့ကျသွားပြီး သက်တောင့်သက်သာရှိသော ပုံစံဖြင့် ဆက်အိပ်နေရှာသည်။

သကြားလုံးဘူးလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့် သူမကို ကြည့်နေရင်း ဟော်တူကလည်း သူ့၏နှလုံးသားတစ်ခုလုံး ထိုသကြားလုံးဘူးကဲ့သို့ သူမလက်ထဲတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံထားရပြီဖြစ်ကြောင်း နားလည်သွားခဲ့သည်။ ၎င်းက ပြန်ဆွဲယူ၍ မရနိုင်လောက်အောင် နက်နက်ရှိုင်းရှိုင်း ဖြစ်နေသည်ကိုလည်း သဘောပေါက်လိုက်ရသည်။

‘အခုအချိန်ကစပြီး သူ့နှလုံးသားက သူနဲ့ မသက်ဆိုင်တော့ဘဲ သူမတစ်ယောက်တည်းအတွက်ပဲ ဖြစ်သွားခဲ့ပြီ။’

ဟော်တူက ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်ပြီး လဲ့ကျစ်၏ နှုတ်ခမ်းဖူးဖူးလေးပေါ်သို့ နူးညံ့သောအနမ်းတစ်ခု အမှတ်အသားပြုလိုက်သည်။

လဲ့ကျစ်ကတော့ အိပ်မက်ထဲတွင် အလွန်ချိုမြိန်သောအနံ့ကို ခံစားလိုက်ရသည်။ ထိုအရသာက သူမ အနှစ်သက်ဆုံး အရသာလေး ဖြစ်သည်။ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း သူမ အားအင်ကုန်ခမ်းစွာ ခရီးနှင်ခဲ့စဉ်က ဘာမှမစားနိုင်ခဲ့ဘဲ ဤအေးမြသောအချိုအရသာကိုသာ အားကိုးခဲ့ရသည်။ သို့သော် သကြားလုံးများက စားလေလေ နည်းလာလေလေဖြစ်သောကြောင့် သူမ ရှန့်ယန်မြို့သို့ မရောက်မချင်း နောက်ဆုံးတစ်လုံးကို မစားရဲဘဲ ချန်ထားခဲ့ရသည်။

‘သူမ ကြောက်နေခဲ့တယ်၊ သကြားလုံးလုပ်တဲ့သူ ပျောက်သွားမှာကို သူမ ကြောက်နေခဲ့တယ်။ အဲ့ဒီလို ဖြစ်သွားရင် ဒီအရသာကို ဘယ်လို ရှာတွေ့နိုင်တော့မှာလဲ။’

‘အဲ့ဒါကြောင့် သူမ မစားရဲခဲ့ဘူး။’

သို့သော် မထင်မှတ်ဘဲ အိပ်မက်ထဲတွင် ထိုအရသာကို ထပ်မံမြည်းစမ်းလိုက်ရသဖြင့် လဲ့ကျစ်တစ်ယောက် အိပ်မက်ထဲ၌ပင် အလွန်ပျော်ရွှင်နေခဲ့သည်။ သူမ၏ အိပ်မက်ထဲမှ မင့်အရသာက သိသိသာသာ မအေးဘဲ နွေးထွေးနေသလို ခံစားရသဖြင့် သူမ အံ့သြနေရပြန်သည်။ လဲ့ကျစ်က ထိုအချိုအရသာ၏ အရင်းအမြစ်ကို အမိအရ ဖမ်းဆုပ်ရန် သူမ၏ ချယ်ရီရောင်နှုတ်ခမ်းများကို လျှာဖျားလေးဖြင့် သပ်လိုက်သေးသည်။ ထိုအချိန်တွင် သူမ၏နှုတ်ခမ်းနှင့် သွားများကြားသို့ ချိုမြိန်မွှေးကြိုင်မှုများ စိမ့်ဝင်လာသည်။

.......။..........။........

ဟော်တူ အိပ်ခန်းထဲမှ ပြန်ထွက်လာချိန်တွင် ညဉ့်အတော်နက်နေပြီ ဖြစ်သည်။ သူက အေးဆေးတည်ငြိမ်သော မျက်နှာထားဖြင့် ပင်မခန်းမထဲသို့ ဝင်လာခဲ့ပြီး နူးညံ့သော ထိုင်ခုံပေါ်တွင် အေးအေးဆေးဆေး ထိုင်နေသည့် ချူရန်ကို တွေ့လိုက်ရသည်။

"အားလုံး ရှင်းလင်းသွားပြီလား"

ဟော်တူက မေးလိုက်သည်။

"အဲဒါက ဖြစ်သင့်တဲ့အတိုင်း ဖြစ်သွားတာပါပဲ"

ထို့နောက် ချူရန်က ထပ်ခနဲ့လိုက်သည်။

“တာ့ကျင်းတိုင်းပြည်က အမှိုက်တစ်သိုက်က ကမ္ဘာကြီးကို အုပ်စိုးချင်နေတယ်ပေါ့... အိပ်မက်မက်နေတာပဲ"

ဟော်တူက အေးစက်စွာ ပြန်နှင်လိုက်သည်။

"သိပြီ၊ ခင်ဗျား အရင်ထွက်သွားတော့"

"ဟေး... ငါ မင်းကို စကားပြောနေတာလေ... ကောင်လေး... ဘာလို့ အဲဒီလောက်တောင် ဒေါသကြီးနေတာလဲ"

ချူရန်က သူ့ကို မကျေမနပ် ကြည့်နေပြီး ခဏအကြာတွင် လဲ့ကျစ်အတွက် စိုးရိမ်တကြီး မေးလိုက်သည်။

"သူ နေကောင်းရဲ့လား... အဆင်ပြေရဲ့လား"

"စိုးရိမ်စရာ မရှိပါဘူး"

ဟော်တူက တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သော်လည်း သူ၏မျက်လုံးများကတော့ ပိုနက်ရှိုင်းသွားသည်။

သူတို့နှစ်ဦးက ပုံမှန်မဟုတ်သော ဦးလေးနှင့် တူဖြစ်ရန်သာ ကံပါခဲ့ကြသည်။ ဟော်ချန်ယွင်၏ လုပ်ရပ်များက ဟော်တူနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း ချူရန်အတွက်တော့ ထိုအငြိုးအတေးက စိတ်ထဲမှ ဖယ်ထုတ်မရသော အစိုင်အခဲတစ်ခု ဖြစ်နေဆဲပင်။ ထို့အတူပင် ဟော်တူကလည်း ချူရန်ကို အလိုမရှိပေ။

ထိုအခြေအနေကို တွေးမိရင်း ချူရန်က အားကိုးရာမဲ့ ပြုံးကာ ထွက်ခွာရန် ပြင်လိုက်သည်။ တံခါးဝသို့ ရောက်သွားချိန်တွင် ချူရန်က တစ်ခုခုကို သတိရသွားသလိုမျိုး နောက်ပြန်လှည့်ကြည့်ပြီး ပြောလာပြန်သည်။

"မင်းရဲ့မိန်းမကလည်း အရမ်းဒေါသကြီးတာပဲနော်"

"အဲဒါက ခင်ဗျားကိစ္စ မဟုတ်ဘူး"

ယခုတစ်ကြိမ်တွင် ဟော်တူက အလျင်အမြန် တုံ့ပြန်ခဲ့ပြီး မျက်မှောင်ကြုတ်ထားကာ သူ့မျက်လုံးများက အေးစက်နေသည်။ ချူရန်က ကူကယ်ရာမဲ့ ပခုံးတွန့်ကာ လှည့်ထွက်သွားသည်။

‘မကောင်းတဲ့ စိတ်ဓာတ်တွေကလည်း အတူတူပဲ... တကယ်ကို ပြီးပြည့်စုံတဲ့ စုံတွဲပါပဲ... ရယ်စရာကောင်းလိုက်တာ... ဟား... ဟား...’

.......။........။........

လဲ့ကျစ်က နောက်တစ်နေ့ညအထိ အိပ်မောကျနေခဲ့သည်။ သူမ နိုးလာချိန်တွင် အိပ်ချင်မူးတူး ဖြစ်နေသော မျက်လုံးများကို အားယူဖွင့်လိုက်ပြီး အခန်းတွင်းရှိ နွေးထွေးသော ဖယောင်းတိုင်မီးရောင်ကို အံ့အားသင့်စွာ ငေးကြည့်နေသည်။ ထို့နောက် သူမ၏ အဝတ်အစားများ လဲလှယ်ပြီးသား ဖြစ်နေသည်ကို သတိထားမိလိုက်ပြီး ခန္ဓာကိုယ်မှ စေးကပ်နေသော ချွေးများလည်း ပျောက်ကွယ်သွားကာ သန့်ရှင်းလန်းဆန်းနေသည်ကို တွေ့လိုက်ရသည်။

လဲ့ကျစ်က မျက်လုံးများကို ပွတ်သပ်ရင်း ကုတင်ပေါ်မှ ထရပ်ကာ အခန်းပြင်သို့ ထွက်လာခဲ့သည်။ ထိုစဉ် သာယာငြိမ့်ညောင်းလှသော ပုလွေသံတစ်သံက လေထဲမှ လွင့်ပျံလာသည်။ သူမ နှုတ်ခမ်းလေးကို တွန့်ကာ ပုလွေသံကြားရာ ပန်းခြံအနောက်ဘက်သို့ လိုက်လာခဲ့သည်။

ရင်းနှီးလှသော ပုံရိပ်တစ်ခုက လရောင်အောက်တွင် မတ်တပ်ရပ်နေသည်။ နှင်းများ ထူထပ်သောညတစ်ညတွင် သူမ သူ့ကို ရှာရန် သွားခဲ့စဉ်က သူ ပုလွေတီးမှုတ်နေခဲ့ပုံကို လဲ့ကျစ် ပြန်အမှတ်ရသွားသည်။ သို့သော် ထိုအချိန်က သူမ စိတ်ဓာတ်ကျနေခဲ့ပြီး သူကလည်း အဖြူရောင် ကျောက်စိမ်းဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေခဲ့ရသေးသည်။

ယခု ပြန်တွေးကြည့်လိုက်ချိန်တွင် ထိုအချိန်များက ဘဝတစ်သက်စာလောက် ကြာမြင့်သွားခဲ့ပြီဟု ထင်မှတ်ရသည်။ နောက်ဆုံးတွင် သီချင်းသံ ဆုံးသွားသောကြောင့် လဲ့ကျစ်က သူမ၏ စကတ်စကို အသာမကာ သူ့ထံသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ ဟော်တူက လှည့်ကြည့်လာပြီး နူးညံ့သောအပြုံးဖြင့် သူမကို ကြိုဆိုလိုက်သည်။

"ရှင့်ရဲ့ခြေထောက်က လုံးဝ သက်သာသွားပြီလား"

မူလက သူမ နှလုံးသားထဲတွင် မေးချင်နေသော မေးခွန်းများစွာ ရှိခဲ့သော်လည်း သူ့ရှေ့တွင် မတ်တပ်ရပ်လိုက်သည့်အခါ ထိုမေးခွန်းတစ်ခုသာ ထွက်ပေါ်လာခဲ့သည်။

ဟော်တူက နှာမှုတ်လိုက်ပြီးမှ ပြန်မေးလာသည်။

"မင်း ကောင်းကောင်း အိပ်ပျော်ရဲ့လား"

လဲ့ကျစ်က အနည်းငယ် ရှက်သွားဟန်ဖြင့် မျက်လွှာချကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ကျွန်မ အကြာကြီး အိပ်မိသွားတယ်..."

“မကြာပါဘူး”

ဟော်တူက အပြုံးဖြင့် ပြောနေသော်လည်း သူ၏ မျက်လုံးများကတော့ ပူလောင်နေသည်။

‘ဘာလို့လဲဆိုတော့... ဒီည မင်း အိပ်လို့ရမှာ မဟုတ်တော့ဘူးလေ...’

လဲ့ကျစ်က မော့ကြည့်လိုက်ချိန်တွင် သူ၏စူးရှသော အကြည့်များကို မြင်လိုက်ရသဖြင့် နှလုံးခုန်သံများ မြန်လာရသည်။ သူမက မျက်နှာနီနီလေးဖြင့် အကြောင်းအရာကို ပေါ်ပေါ်တင်တင် ပြောင်းလဲလိုက်သည်။

“ကျွန်မက အရှင့်သားကို ကယ်တင်ဖို့ နေ့ရောညပါ ခရီးထွက်ခဲ့ရတာလေ... အရှင့်သားက ဘာလို့ ကျွန်မကို ကျေးဇူးမတင်တာလဲ"

ထိုစကားကို ကြားလိုက်ရချိန်တွင် ဟော်တူက အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက လက်နှစ်ဖက်ကို အုပ်လိုက်ပြီး လဲ့ကျစ်ကို အလေးအနက် ဦးညွှတ်ကာ ကျေးဇူးတင်စကားပြောလိုက်သည်။

"ကျွန်တော့်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... အရှင်မင်းသမီးလေး"

လဲ့ကျစ်က သူ့ကို စနောက်ချင်ရုံသာဖြစ်သည်။ သို့သော် သူက အမှန်တကယ် အလေးအနက် ကျေးဇူးတင်နေသည်ကို မြင်လိုက်ရသဖြင့် သူမ ထိတ်လန့်သွားပြီး အလန့်တကြား တားဆီလိုက်သည်။

"မဟုတ်ဘူး၊ ကျွန်မက နောက်တာပါ..."

ဟော်တူက ထိုအခြေအနေကို အခွင့်ကောင်းယူကာ သူမ၏လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ လုံးဝန်းနေသော လမင်းကြီးက ကောင်းကင်အလယ်တွင် မြင့်မားစွာ တည်ရှိနေပြီး တောက်ပအေးမြသော အလင်းရောင်ကို ဖြာကျနေစေသည်။

လဲ့ကျစ်က ထိုနေ့က သူမ ထွက်ခွာမသွားမီ ပြောခဲ့သည့် ကတိစကားကို သတိရသွားသည်။

"ကျွန်မက ကတိကို မဖျက်ဘူးနော်"

လဲ့ကျစ်က သူမကိုယ်သူမ ပြန်ပြောနေသလို ရေရွတ်နေပြီး သူမ၏စိတ်ထဲတွင်လည်း ကြည်နူးမှုများ ပြည့်လျှံနေသည်။

‘လပြည့်နေ့ရောက်ရင် ပြန်လာမယ်လို့ သူမ ပြောခဲ့ပြီး အခုလည်း လမင်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူ ကြည့်နေနိုင်ပြီလေ။’

"လဲ့ကျစ်"

"အင်"

လဲ့ကျစ်က သူမ၏နှုတ်ခမ်းလေးကို တွန့်ကွေးပြီး သူ့ကို ပြန်ကြည့်သည်။

"လက ပြည့်နေပြီ မဟုတ်လား"

“အင်းလေ... ပြည့်နေပြီ”

လဲ့ကျစ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

‘ဒါက ဘယ်လို မိုက်မဲတဲ့ မေးခွန်းလဲ။ လမင်းကြီးက ဒီလောက် ဝိုင်းစက်နေတာကို...’

သူမ တွေးတောနေစဉ်မှာပင် သူမ၏ ခန္ဓာကိုယ်က ရုတ်တရက် လေထဲသို့ မြောက်တက်သွားပြီး အလျားလိုက် ပွေ့ဖက်ခြင်း ခံလိုက်ရသည်။ သူမ လန့်ပြီး တိုးညှင်းစွာ အော်ဟစ်လိုက်မိကာ ဟော်တူ၏ လည်ပင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း သူ့ကို အံ့ဩတကြီး ကြည့်နေမိသည်။

ဟော်တူက သူ၏ နှုတ်ခမ်းများကို သူမ၏ နားရွက်နားသို့ ကပ်လိုက်ပြီး "ကောင်းပြီ" ဟု တိုးတိုးလေး ပြောလာခဲ့သည်။

‘ဒါက မင်းကိုယ်တိုင် ဝန်ခံတာနော်...’

‘လမင်းကြီးကတော့ ပြည့်ဝသွားသလို၊ လူသားတွေရဲ့ ဆန္ဒကလည်း သဘာဝအတိုင်း ပြည့်ဝသင့်တာ မဟုတ်ဘူးလား’

လဲ့ကျစ် လုံးဝ အံ့အားသင့်နေပြီး သူမ၏ ကျောပြင်လေး ပျော့ပျောင်းသော ကုတင်နှင့် ထိတွေ့လိုက်သည့် အချိန်မှသာ ဟော်တူ ဆိုလိုသော "ပြည့်ဝခြင်း" ၏ အဓိပ္ပာယ်ကို သူမ နားလည်သွားရသည်။

ဤပြည့်ဝခြင်းက လမင်းကြီး ပြည့်ဝခြင်းကို ဆိုလိုသည်ထက် သူမတို့နှစ်ဦး၏ ဆက်ဆံရေး ပိုမိုနက်ရှိုင်းပြည့်စုံသွားခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

“ဒါပေမယ့်... ရှင်... ရှင်က အဲ့လို.... မဟုတ်ဘူးလား...”

လဲ့ကျစ်က ရှက်ကိုးရှက်ကန်းဖြင့် အားကိုးရာမဲ့ ဟန့်တားရန် ကြိုးစားလိုက်သည်။

သူမ၏ စကားများက အထစ်ထစ်နှင့် လွဲချော်နေသေးသည်။ ထို့နောက်တွင် သူမ စကားမဆက်နိုင်တော့ဘဲ သူမ၏ ခါးစည်းကြိုးကို ဖြည်ရန် အေးစက်ဖြူဖွေးသော လက်ချောင်းများကို ကျွမ်းကျင်စွာ အသုံးပြုနေသည့် ဟော်တူကိုသာ အံဩတကြီး စိုက်ကြည့်နေမိသည်။

စူးရှသော အသက်ရှူသံက သူမ၏ နားရွက်ဖျားကို ပွတ်တိုက်သွားကာ နှုတ်ခမ်းတစ်စုံက သူမနားရွက်ကို ဖိကပ်ရင်း တိုးတိုးလေး ကပ်ပြောလာသည်။.

“ကိုယ်က မလုပ်နိုင်ဘူးလို့ မင်းပြောချင်တာလား... ဒါမှမဟုတ်... ကိုယ့်ကို မစွမ်းဆောင်နိုင်ဘူးလို့ ထင်နေတာလား"

သူက နောက်ဆုံးစကားနှစ်ခွန်းကို ပြင်းပြင်းထန်ထန် ဖိပြောနေသော်လည်း ထိုလေသံထဲတွင် အောင်နိုင်သူတစ်ဦး၏ ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။ ထိုစကားကို ကြားပြီးနောက် လဲ့ကျစ်၏မျက်နှာတစ်ခုလုံး အိန္ဒြေမဆယ်နိုင်အောင် နီမြန်းသွားပြီး သူမ၏မျက်လုံးလေးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်လျှံလာသည်။

သူမကိုယ်ပေါ်ရှိ အဝတ်အစားများက မည်သည့်အချိန်တွင် လျောကျသွားသည်ကိုပင် သူမ မသိလိုက်ဘဲ ပခုံးပေါ်သို့ ပြုတ်ကျနေသည်ကိုသာ သိလိုက်ရသည်။ သူက သူမ၏လက်ကို ဆွဲထားပြီး သူမကို မည်သည့်ကမ္ဘာသစ်သို့ ဦးဆောင်ခေါ်သွားမည်မှန်း သူမ မခန့်မှန်းနိုင်တော့ပေ။

နောက်ဆုံးတွင် လဲ့ကျစ်က သူမ၏ လက်ချောင်းများကို ပြန်ဆွဲထုတ်ရန် ကြိုးစားနေသော်လည်း သူမ၏ နှလုံးခုန်သံကတော့ စည်းချက်မမှီလောက်အောင် ခုန်ကျော်နေခဲ့ပြီ ဖြစ်သည်။ ထို့နောက် ဟော်တူက သူမကို ခဏလောက် လွှတ်ပေးလိုက်ပြီး သူ၏ ဆွဲဆောင်မှုရှိသော မက်မွန်ပွင့်ပုံ မျက်လုံးတစ်စုံဖြင့် သူမကို စိုက်ကြည့်ကာ ထပ်မေးလိုက်သည်။

“အခွင့်အရေး ပေးမယ်နော်... အခု ငြင်းမယ်ဆိုရင်လည်း အချိန်မနှောင်းသေးဘူး”

“ကျွန်မ…”

သို့သော် သူမ ထိုစကားတစ်လုံးကိုပင် ဆုံးအောင် မပြောရသေးမီ သူက သူမ၏ မျက်နှာကို တင်းတင်းဆုပ်ကိုင်ကာ စိတ်အားထက်သန်မှုအပြည့်ဖြင့် နမ်းရှိုက်လိုက်တော့သည်။

‘လူလိမ်ကြီး’

ချည်သားမွေ့ယာက သူမ၏ ရုန်းကန်မှုများကြောင့် ရှုံ့တွသွားပြီး တစ်ကိုယ်လုံး တင်းကျပ်စွာ ဖက်တွယ်ခံထားရသဖြင့် လဲ့ကျစ်တစ်ယောက် မလွှဲမရှောင်သာ သူ၏ ရနံ့များဖြင့် ဝန်းရံခြင်း ခံထားရသည်။ သူမ၏ ခန္ဓာကိုယ်လေး တောင့်တင်းလာပြီး ဘာကိုမှ မတွေးနိုင်တော့ဘဲ အာရုံများ ဝေဝါးလာသည်။ သူတို့၏ အသက်ရှူသံများ ပိုမိုဖရိုဖရဲ ဖြစ်လာချိန်တွင် ဟော်တူ၏ လက်ချောင်းများက သူမ၏ ခန္ဓာကိုယ်အနှံ့သို့ နူးညံ့စွာ ဖြတ်သန်းသွားနေသည်ကို လဲ့ကျစ် ခံစားနေရသည်။

"စိတ်လျှော့ထားနော်..."

ဟော်တူက သူမ၏ နားရွက်နားတွင် ညင်သာစွာ နှစ်သိမ့်ပေးနေသည်။ သူမ၏ အသိစိတ်များ ရှုပ်ထွေးမသွားခင် သူ တိုးတိုးလေး ပြောလိုက်သည့် စကားလုံးများကိုလည်း သူမ ကြားလိုက်ရသေးသည်။

"ပေါင်ပေ့..."

ဖယောင်းတိုင်မီးက မှိန်ဖျော့နေသော်လည်း သူ၏ မျက်လုံးထဲမှ လေးနက်သော ခံစားချက်များကိုတော့ ဖုံးကွယ်မပေးနိုင်ခဲ့ပေ။ လဲ့ကျစ်က သူ၏ အနက်ရောင် မျက်လုံးများထဲ၌ နစ်မြုပ်ကျရှုံးသွားခဲ့ပြီး သူ၏ အလိုဆန္ဒများကို လိုက်လျောရင်းဖြင့်...

.........။........။........

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ဟော်တူ : နောက်ဆုံးတော့ ငါ့ကိုယ်ငါ ဆုံးရှုံးခံလိုက်ပြီ။ Comment နေရာမှာ တောင်းပန်တာလေးတွေ မြင်ရနိုင်မလား။ (အပြုံး)

All Chapters